← Chapters

မြောက်ပင်လယ်သို့ ခရီးတစ်ခေါက်

Vol. 31 Ch. 430

မြောက်ပင်လယ်သို့ ခရီးတစ်ခေါက်

Vol. 31 Ch. 430

"ငါက ကြယ်ခန်းမသခင်ဖြစ်တယ်။ မင်းတို့ ငါ့ကို ခန်းမသခင်လို့ ခေါ်နိုင်တယ်။ မင်းတို့က ကြယ်ခန်းမနဲ့ပူးပေါင်းချင်ရင် တောင်ဘက်ကို တည့်တည့်ဆက်သွားကြ။ သိပ်မကြာခင် တစ်ယောက်ယောက်က မင်းတို့ကို လာကြိုလိမ့်မယ်"

ယဲ့ချန်သည် နတ်ဘုရင်သုံးယောက်ကိုငုံ့ကြည့်၍ ပြောလိုက်သည်။ သူက ကြယ်ခန်းမသို့ ဝိညာဥ်အသိစိတ်ဖြင့် ဆက်သွယ်ကာ သတင်းပို့ပြီးဖြစ်သည်။

"ကျွန်တော်မျိုးတို့ ပူးပေါင်းချင်ပါတယ်"

နတ်ဘုရင်သုံးယောက်သည် လက်အောက်ငယ်သားများနှင့်အတူ ခရီးထွက်ခဲ့ရသော အကြောင်းအရင်းမှာ ကပ်ဘေးကာလတွင် အားကိုးရန် အင်အားစုတစ်ခု ရှာဖွေလိုသောကြောင့်ဖြစ်သည်။ သူတို့၏ခွန်အားဖြင့် နေ့တိုင်းပိုမိုများပြားလာသော ဝိညာဥ်သားရဲများကိုခုခံရန် မဖြစ်နိုင်ချေ။

လက်ရှိတွင် ဝိညာဥ်သားရဲများက ယဲ့ချန်ကြောင့် သုတ်သင်ခံလိုက်ရပြီး ပြန်လည်စုစည်းရန် အချိန်တစ်ခု လိုအပ်ပေလိမ့်မည်။ ကြယ်ခန်းမသည် နတ်ဘုရင်သုံးယောက်ကို ကံအားလျော်စွာ သိမ်းသွင်းနိုင်ခဲ့သောကြောင့် ယဲ့ချန်က ကျေနပ်ပျော်ရွှင်နေသည်။

"မင်းတို့ ကြယ်ခန်းမဆီသွားတဲ့လမ်းမှာ စောင့်ကြပ်ပေးဖို့ အင်မော်တယ်အမှောင်ဖီးနစ်နဲ့ ကောင်းကင်ချီလင်ကြံ့ လိုက်လာလိမ့်မယ်။ ငါကတော့ မြောက်ပင်လယ်ကို သွားပြီ"

ယဲ့ချန်က ပြောပြောဆိုဆိုနှင့် ပင်လယ်ထံ ဦးတည်ပျံသန်းလိုက်သည်။

"နှုတ်ဆက်ပါတယ် ခန်းမသခင်"

နတ်ဘုရင်သုံးယောက်သည် အလွန်ရိုသေလေးစားစွာဖြင့် အော်ဟစ်လိုက်ကြသည်။ သူတို့အတွက် ခိုနားရန်နောက်ခံတစ်ခု ရလိုက်ခြင်းက မဟာကံကောင်းမှုကြီးဖြစ်သည်။ ထို့အပြင် ယဲ့ချန် အစွမ်းထက်ကြောင်းကိုလည်း မျက်မြင်တွေ့ရှိထားပြီးဖြစ်သည်။

ယဲ့ချန်သည် မျက်တောင်တစ်ခတ်အတွင်း မြောက်ပင်လယ်သို့ ရောက်ရှိလာခဲ့သည်။ မြင်မြင်သမျှနေရာတိုင်းတွင် အဆုံးအစမဲ့သော ပင်လယ်ကြီးနှင့် ရေလှိုင်းများက ကြီးစိုးနေသည်။ မိုးကုပ်စက်ဝိုင်းတွင် ရေပြင်နှင့်ကောင်းကင်က ဆက်စပ်နေပုံပင်ပေါ်သည်။ ကောင်းကင်တွင်ပျံသန်းနေသော ငှက်များရှိသကဲ့သို့ မိုးပျံဝိညာဥ်သားရဲများကလည်း ရံဖန်ရံခါ ထွက်ပေါ်လာတတ်သည်။ မြောက်ပင်လယ်အတွင်းသို့လည်း များစွာသော ဝိညာဥ်သားရဲများက ကျူးကျော်ဝင်ရောက်လာကြသည်။

ယဲ့ချန်သည် ထန်တိုက်လင်၏တည်နေရာကို မသိချေ။ သူက မူလအသွင်သို့ ပြောင်းထားသောကြောင့် ထူးကဲအဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်သော ထန်တိုက်လင်၏ဝိညာဥ်အသိစိတ်က တွေ့ရှိသွားနိုင်ချေရှိ၏။ သို့သော် သူမက အချိန်အတန်ကြာသည်အထိ ထွက်ပေါ်မလာသောကြောင့် အလုပ်ရှုပ်နေခြင်းဖြစ်နိုင်သည်။ ထို့ကြောင့် သူက ဝိညာဥ်အသိစိတ်ကိုထုတ်ဖော်၍ ရေအောက်ကို စစ်ဆေးလိုက်သည်။ ပင်လယ်ရေအောက်တွင်လည်း မငြိမ်းချမ်းကြောင်း သိလိုက်ရသည်။ အချင်းကီလိုမီတာနှစ်ထောင်ကျော်အတွင်း ရေသားရဲများနှင့် တစ်ကိုယ်လုံး ဆူးချွန်များပြည့်နှက်နေကာ သွေးဆာသော ဧရာမအနက်ရောင်ငါးကြီးများ တိုက်ခိုက်နေကြသည်။ ၎င်းတို့၏မျက်လုံးများက ရဲရဲနီနေပြီး ဝိညာဥ်သားရဲများဖြစ်ကြသည်။ ဝိညာဥ်သားရဲများက ရေအောက်သို့ရောက်သောအခါ ငါးအဖြစ် ဆင့်ကဲပြောင်းလဲနိုင်သောကြောင့် ယဲ့ချန်ပင် အံ့သြသွားခဲ့လေသည်။

ကုန်းမြေနှင့်ယှဥ်လျှင် ပင်လယ်တွင်း၌ အခြေအနေ ပိုမိုကောင်းမွန်ပြီး ရေသားရဲများက စစ်ပွဲတွင် အသာစီးရယူထားနိုင်ကြသည်။

"မြောက်ပင်လယ်ကို ဘယ်သူက စစ်ဆေးနေတာလဲ"

ကျယ်လောင်သော အော်သံတစ်ခုထွက်ပေါ်လာကာ ကီလိုမီတာထောင်ချီသော အဝေးတစ်နေရာမှ ပုံရိပ်တစ်ခု ထွက်ပေါ်လာ၏။ ယဲ့ချန်က ထိုပုံရိပ်ကို ဝိညာဥ်အသိစိတ်ဖြင့် စစ်ဆေးလိုက်သောအခါ အရပ်နှစ်မီတာမြင့်ပြီး တစ်ကိုယ်လုံး ကြွက်သားအပြိုင်းပြိုင်းထနေသည့် လူသန်ကြီးတစ်ယောက်ဖြစ်ကြောင်း သိလိုက်ရသည်။ သူ၏လက်ထဲတွင် မှိန်းတစ်လက်ကိုင်ဆောင်ထားပြီး ထိုမှိန်းက ထန်တိုက်လင်၏သုံးခွလှံနှင့် အပေါ်ယံအသွင်သဏ္ဍာန်ချင်း ဆင်တူနေသည်။ သူက လူသားများနှင့်တူညီသော်လည်း ပါးစောင်နှစ်ဖက်တွင် ပါးဟပ်များရှိ၍ ခြေချောင်းလက်ချောင်းများတွင် အရေပြားများက ဆက်စပ်နေသည်။ ထိုလူက အဆုံးမဲ့အဆင့်ငါး သို့မဟုတ် အဆင့်ခြောက် ကျင့်ကြံသူတစ်ယောက်ဖြစ်လေသည်။

ယဲ့ချန်သည် ငါးလူသားကို အကဲခတ်နေသကဲ့သို့ ထိုလူကလည်း ယဲ့ချန်ကို ပြန်လည်အကဲခတ်နေသည်။ ယဲ့ချန်က ဆယ်ကျော်သက်တစ်ယောက်ဖြစ်သော်လည်း သူ၏ကျင့်ကြံဆင့်ကို ငါးလူသားက မခန့်မှန်းနိုင်ခဲ့ပေ။ သူက ယဲ့ချန်မှာ ရန်သူလားမိတ်ဆွေလား မခွဲခြားနိုင်သောကြောင့် လေးနက်စွာ စောင့်ကြည့်နေသည်။

"ငါက ကြယ်ခန်းမသခင် ယဲ့ချန်ပါ။ မြောက်ပင်လယ်ဘုရင်မကို တွေ့ချင်ပါတယ်"

ယဲ့ချန်၏အသံက အဝေးသို့ လွင့်ပျံသွားခဲ့၏။

"ကြယ်ခန်းမသခင်လား။ ကျေးဇူးပြုပြီး ကျုပ်နဲ့လိုက်လာပေးပါ"

ငါးလူသားက ဤနာမည်ကိုကြားသောအခါ မျက်နှာထားတင်းတင်းက အနည်းငယ်လျော့ကျသွားခဲ့သည်။ ပင်လယ်မိစ္ဆာမျိုးနွယ်၏ အကြီးအကဲတစ်ယောက်ဖြစ်သော သူက ကုန်းမြေ၏သတင်းများကို သိရှိထားသည်။ အသစ်ပေါ်ပေါက်လာသော ကြယ်ခန်းမသည် ပင်လယ်မိစ္ဆာမျိုးနွယ်အတွက် မိတ်ဆွေအင်အားစုတစ်ခုဖြစ်ကြောင်း ထန်တိုက်လင်က ညွှန်ကြားထားသည်။ ထို့ကြောင့် သူက ယဲ့ချန်ကို ယဥ်ကျေးစွာ ဖိတ်ခေါ်လိုက်သည်။ ငါးလူသားက အဝေးသို့ပျံသန်းလိုက်သောအခါ ယဲ့ချန်ကလည်း လျင်မြန်စွာ လိုက်ပါသွားခဲ့သည်။ ငါးလူသားသည် အလွန်အမင်းမြန်ဆန်ပြီး ပင်လယ်အပေါ်မှဖြတ်သန်းသွားသောအခါ ရေလှိုင်းကြီးတစ်ခု ဖြစ်တည်လာသည်။ သို့သော် သူ၏အရှိန်ကို ယဲ့ချန်က အေးအေးဆေးဆေး ကပ်လိုက်လာနိုင်သည်ကိုမြင်သောအခါ ဤလူငယ်လေးက မရိုးရှင်းကြောင်း သဘောပေါက်သွားခဲ့သည်။

"မင်း ရေအောက်ကို လိုက်လာနိုင်လား"

ငါးလူသားက နောက်သို့လှည့်ကြည့်၍ မေးလိုက်သည်။ သူ၏သဘောထားက ယဲ့ချန်ကို မြင်တွေ့စဥ်ကထက် ပို၍ပျော့ပြောင်းနေသည်။

"ရပါတယ်"

ပင်လယ်ရေအောက်တွင် သွားလာလှုပ်ရှားရန် မလွယ်ကူသောကြောင့် တိုက်ပွဲဝင်ခွန်အား၏ တစ်ဆယ်ရာခိုင်နှုန်းကိုသာ ထုတ်ဖော်နိုင်သည်။ ကံကောင်းစွာဖြင့် ယဲ့ချန်ထံတွင် အဆုံးမရှိသော ကောင်းကင်ချီများ ထောက်ပံ့ပေးနိုင်သည့် ဓားပျံရှိနေသည်။ သူ၏ခန္ဓာကိုယ်အား ကာကွယ်ပေးနိုင်သော ကောင်းကင်သိုင်းချီလည်း ပိုင်ဆိုင်ထားသဖြင့် ပင်လယ်က သူ့အတွက် ပြဿနာမဟုတ်ပေ။ ထို့ကြောင့် ယဲ့ချန်က ခေါင်းညိတ်ပြလိုက်သည်။

ငါးလူသားက လေပေါ်သို့တစ်ချက်ခုန်၍ ပင်လယ်ရေအောက်သို့ ငုပ်လျှိုးလိုက်သည်။ သူက ငါးတစ်ကောင်ပမာ ရေနက်ပိုင်းသို့ ကျင်လည်စွာကူးခတ်သွားခဲ့သည်။ ယဲ့ချန်သည် ကောင်းကင်သိုင်းချီကိုလည်ပတ်လိုက်သောအခါ ခန္ဓာကိုယ်ထက်တွင် အလင်းလွှာတစ်ခုဖြစ်ပေါ်လာ၍ ဒိုင်းတစ်ခုသဖွယ် ကာကွယ်ပေးလိုက်၏။ ထို့နောက် သူက ပင်လယ်ရေအောက်သို့ ငုပ်ဆင်းသွားခဲ့သည်။ ရေအောက်တွင် ငါးလူသားက လျင်မြန်စွာကူးခတ်နေသော်လည်း ယဲ့ချန်၏အရှိန် ကျဆင်းသွားခဲ့သည်။ ထို့ကြောင့် အချိန်တစ်ခုအကြာတွင် ရေအောက်၌ ပိုမိုမြန်ဆန်နေသော ငါးလူသားက ယဲ့ချန်ကို ရပ်စောင့်ပေးနေရသည်။

ပင်လယ်ရေနက်ပိုင်းတွင် ဝိညာဥ်သားရဲများမရှိဘဲ ရေအောက်အပင်ငယ်များသာတည်ရှိပြီး နေအလင်းရောင်ရသကဲ့သို့ လင်းချင်းနေသည်။ ယဲ့ချန်က ဝိညာဥ်အသိစိတ်ဖြင့် စစ်ဆေးလိုက်သောအခါ သန္တာကျောက်တန်းများကြားတွင် နန်းတော်ကြီးများကို တွေ့လိုက်ရသည်။ အပြာရောင်ရေပြင်၏ ရောင်ပြန်ဟပ်မှုကြောင့် နန်းတော်ကြီးများက အိပ်မက်ပမာ လှပခမ်းနားနေသည်။ နန်းတော်များက အမြင်တွင် နီးကပ်သယောင်ထင်မှတ်ရသော်လည်း ရောက်ရှိနိုင်ရန် ဝေးကွာပေသည်။ ပင်လယ်ရေနက်ပိုင်းသို့ ရောက်လေလေ ယဲ့ချန်ခံစားရသော ဖိအားက တိုးလေလေဖြစ်သည်။

ပင်လယ်မိစ္ဆာမျိုးနွယ်သည် ပင်လယ်တွင် ရင်ဆိုင်ရအခက်အခဲဆုံးဖြစ်သည်ဟု ပြောစမှတ်ပြုကြသည်။ သမာဓိကောင်စီနှင့် အစွမ်းထက်အင်အားစုကြီးများသည်ပင် ဤမျိုးနွယ်နှင့် ပင်လယ်ရေအောက်တွင် မတိုက်ခိုက်ရဲပေ။ ပင်လယ်အောက်တွင် မျိုးနွယ်ကြီးသုံးခု၏ခွန်အားက များစွာလျော့ကျသွားသော်လည်း ပင်လယ်မိစ္ဆာမျိုးနွယ်က ရေအောက်တွင် တိုက်ခိုက်ရာ၌ ကျွမ်းဝင်ကျင်လည်ကြသည်။

ရှေ့တည့်တည့်တွင် ကျောက်စိမ်းဖြင့်ပြုလုပ်ထားသော နန်းတော်ရာက အချင်းကီလိုမီတာတစ်ထောင်ကျော်သည်အထိ ကျယ်ဝန်းပေသည်။ နန်းတော်ဝင်းအတွင်း၌ ဥယျာဥ်များ၊ ကျောက်တုံးရုပ်တုများ၊ နန်းဆောင်များနှင့် ရေနေသစ်ပင်များ တည်ရှိနေသောကြောင့် လွန်စွာလှပနေခဲ့သည်။ ဤနေရာကား မြောက်ပင်လယ်ဘုရင်မ၏ နန်းတော်ဖြစ်ပေသည်။

"အကြီးအကဲများကို သတင်းပို့ပါတယ်။ ကြယ်ခန်းမသခင်က အရှင်မနဲ့ တွေ့ခွင့်လာတောင်းပါတယ်"

ငါးလူသား၏အသံက ရေအောက်တွင် လွင့်ပျံသွားခဲ့သည်။ သူ၏စကားအဆုံးတွင် ယဲ့ချန်ကို ဝိညာဥ်အသိစိတ်လေးငါးခုက လာရောက်စစ်ဆေးလိုက်ကြ၏။ သူတို့အားလုံးက အဆုံးမဲ့အဆင့်ခုနစ်နှင့် ရှစ် ကျင့်ကြံသူများဖြစ်ကြသောကြောင့် ပင်လယ်မိစ္ဆာမျိုးနွယ်ကို အထင်သေး၍မရကြောင်း သိသာစေသည်။

"အရှင်မက ထူးကဲအဆင့်ခုနစ်ကိုရောက်ဖို့ တံခါးပိတ်ကျင့်စဥ်ဝင်နေပါတယ်။ ကျေးဇူးပြုပြီး ကြယ်ခန်းမသခင်က ခဏလောက် စောင့်ဆိုင်းပေးပါ"

စကားသံတစ်ခုက ရေထုကိုဖြတ်သန်း၍ ထွက်ပေါ်လာသည်။ ၎င်း၏ထွက်ပေါ်လာရာကို မှန်းဆရန် မဖြစ်နိုင်ချေ။

"ထူးကဲအဆင့်ခုနစ်ကို ချိုးဖျက်နေတာလား။ ထန်တိုက်လင်က ထူးကဲအဆင့်ခြောက်ကို ရောက်နေပြီပေါ့။ တော်တော်အစွမ်းထက်တာပဲ။ သူမက ထူးကဲအဆင့်ကိုရောက်တာတောင် ဘယ်လောက်မှမကြာသေးဘူး။ ဒီအမြန်နှုန်းက တော်တော်ကြောက်စရာကောင်းတယ်"

ယဲ့ချန်သည်ပင် ထန်တိုက်လင်၏ပါရမီကြောင့် စိတ်ထဲမှ အံ့သြတကြီးရေရွတ်လိုက်မိသည်။ သူမသည် အဆုံးမဲ့အဆင့်တွင် တစ်ဆို့နေခဲ့သော်လည်း အဆင့်တက်ပြီးနောက် ကျင့်ကြံဆင့်က ခုန်ပေါက်တိုးတက်လာခဲ့သည်။ ထို့ကြောင့် သူမက သမာဓိကောင်စီ၏ ခေါင်းဆောင်သုံးယောက်ကို ယှဥ်ပြိုင်နိုင်စွမ်းရှိလာနိုင်သည်။ မြောက်ပင်လယ်သို့ ယဲ့ချန်လာရောက်ရသော အကြောင်းအရင်းမှာ သမာဓိကောင်စီခေါင်းဆောင်သုံးယောက်က ကြီးမြတ်သူအဆင့်သို့ ရောက်နေနိုင်ကြောင်း သတိပေးလိုသောကြောင့်ဖြစ်သည်။ သူက ကောင်းကင်သိုင်းချီကို လည်ပတ်ထားသောကြောင့် ပင်လယ်အနက်ပိုင်းတွင် ဖိအားကို မခံစားရချေ။ ပင်လယ်မိစ္ဆာမျိုးနွယ်၏ အကြီးအကဲများက သူ့ကို ဆက်တိုက်အကဲခတ်နေသည်ဟုသာ ခံစားနေရသည်။ အချိန်ခဏအကြာတွင် အဝေးရှိနန်းတော်မှ အေးစက်စက်စကားသံတစ်ခု ထွက်ပေါ်လာသည်။

"သူ့ကို အတွင်းနန်းဆောင်ဆီ ဝင်ခွင့်ပေးလိုက်"

ဤကား ထန်တိုက်လင်၏ စကားသံဖြစ်သည်။

"အရှင်မ ဒါက စည်းကမ်းတွေနဲ့မညီပါဘူး။ အတွင်းနန်းဆောင်က ကန့်သတ်နယ်မြေဖြစ်ပြီး အရှင်မကလွဲရင် ဘယ်သူမှဝင်ခွင့်မရှိပါဘူး"

အကြီးအကဲတစ်ယောက်က ကန့်ကွက်လိုက်ခြင်းဖြစ်သည်။

"ဟုတ်ပါတယ် အရှင်မ။ အပြင်လူ မပြောနဲ့ ပင်လယ်မိစ္ဆာမျိုးနွယ်ဝင်တွေတောင် အတွင်းနန်းဆောင်ကို မဝင်ရပါဘူး"

အကြီးအကဲများက ဝင်ရောက်ထောက်ခံလိုက်ကြသည်။

"ငါ့စကားက စည်းမျဥ်းဖြစ်တယ်"

ထန်တိုက်လင်က တည်ငြိမ်သောလေသံဖြင့် အမိန့်ပေးလိုက်သည်။ ပင်လယ်မိစ္ဆာမျိုးနွယ်၏ အကြီးအကဲများ ကထန်တိုက်လင်၏စကားကို မပယ်ရှားဝံ့သောကြောင့် တိတ်ဆိတ်သွားကြသည်။

"ငါ့ကို သမာဓိကောင်စီ ချုံခိုတိုက်ခိုက်တုန်းက ယဲ့ချန်ဟာ ငါ့အသက်ကို ကယ်ခဲ့တယ်။ အခုကစလို့ သူဟာ ပင်လယ်မိစ္ဆာမျိုးနွယ်ရဲ့ ဘိုးဘေးနယ်မြေကလွဲရင် မြောက်လယ်တစ်ခုလုံး အတားအဆီးမရှိ ဝင်ထွက်သွားလာစေ"

ထန်တိုက်လင်က အမိန့်ချမှတ်လိုက်သည်။

"အမိန့်တော်မြတ်အတိုင်းပါ"

အကြီးအကဲများက စိတ်ရှုပ်သွားကြသော်လည်း အမိန့်ကို လက်ခံလိုက်ကြသည်။ ယဲ့ချန်နှင့် ထန်တိုက်လင်၏ခွန်အားက မိုးနှင့်မြေပမာ ကွာခြားသောကြောင့် ယဲ့ချန်က သူမအသက်ကို ကယ်တင်ခဲ့သည်ဟူသော အချက်ကို နားမလည်နိုင်ကြပေ။ သို့သော်လည်း ထန်တိုက်လင်ကို ပြန်လှန်မေးခွန်းထုတ်ဝံ့သော သတ္တိလည်း မရှိချေ။ ယဲ့ချန်သည် မြောက်ပင်လယ်နန်းတော်၏ အတွင်းနန်းဆောင်သို့ ဝင်ရောက်ခွင့်ရသော တစ်ဦးတည်းသောသူဖြစ်သည့်အပြင် ယောကျ်ားတစ်ယောက်လည်း ဖြစ်နေခဲ့သည်။

ထိုအချိန်တွင် မိုင်ပေါင်းထောင်ချီအကွာမှ စကားသံအချို့ လွင့်ပျံလာခဲ့သည်။

"အရှင်မ ဒီကိစ္စက မသင့်တော်မှာကို စိုးရိမ်ပါတယ်။ ဒီသတင်းကို ပိုမေ့သာကြားသွားရင် မကျေမနပ်ဖြစ်သွားနိုင်တယ်"

"ပင်လယ်မိစ္ဆာမျိုးနွယ်က ဝိညာဥ်သားရဲနဲ့ သမာဓိကောင်စီကို တိုက်ခိုက်ချင်ရင် မိုးကြိုးမျိုးနွယ်နဲ့ မဟာမိတ်ဖြစ်ရပါမယ်"

"ငါလည်း ကျန်တဲ့မဟာအကြီးအကဲနှစ်ယောက်နဲ့ အမြင်ချင်းတူညီတယ်"

"ဘိုးဘေးနယ်မြေကို စောင့်ရှောက်နေတဲ့ မဟာအကြီးအကဲတွေ ပေါ်လာပြီ"

အကြီးအကဲအုပ်စုတစ်ခုလုံး တိတ်ဆိတ်သွားကာ သူတို့၏စကားများကို ဂရုတစိုက်နားထောင်လိုက်ကြ၏။

ဤအသံများကြောင့် ယဲ့ချန်ပင် မျက်ခုံးပင့်လိုက်မိသည်။ အသံပိုင်ရှင်များက ပင်လယ်မိစ္ဆာမျိုးနွယ်၏ မဟာအကြီးအကဲများဖြစ်ကာ ထူးကဲအဆင့်ကျင့်ကြံသူများ ဖြစ်နိုင်သည်။ ထို့ကြောင့် ပင်လယ်မိစ္ဆာမျိုးနွယ်က အလွန်အစွမ်းထက်ကြောင်း သိနိုင်သည်။

"ပိုမေ့ မကျေမနပ်ဖြစ်တာက ငါနဲ့ဘာဆိုင်လဲ။ ငါ ထန်တိုက်လင်ဘာလုပ်လုပ် သူ့မျက်နှာ ကြည့်နေရမှာလား"

ထိုအချိန်၌ ထန်တိုက်လင် ၏စကားသံ ပြန်လည်ထွက်ပေါ်လာခဲ့သည်။ သူမ၏စကားသံက အေးစက်တင်းမာနေသည်။

ယဲ့ချန်သည် ထန်တိုက်လင်နှင့် မဟာအကြီးအကဲများ၏ စကားအသွားအလာကြောင့် လက်ရှိအခြေအနေကို နားလည်လိုက်သည်။ အကြီးအကဲသုံးယောက်က မိုးကြိုးမျိုးနွယ်နှင့် မဟာမိတ်ဖွဲ့လိုသောကြောင့် ပိုမေ့နှင့်ထန်တိုက်လင်ကို လက်ဆက်ပေးလိုနေသည်။ သို့သော်လည်း ထန်တိုက်လင်က ဆန္ဒမရှိချေ။ သူမ၏အကျင့်စရိုက်အရ သူမ၏ဘဝကို အခြားသူများဝင်ရောက်ခြယ်လှယ်ခြင်းကို လုံးဝလက်ခံမည် မဟုတ်ချေ။

All Chapters