ကြယ်အမြုတေ
Vol. 31 Ch. 431
"လူငယ်လေး အတွင်းနန်းဆောင်က ပင်လယ်မိစ္ဆာမျိုးနွယ်အတွက် အရေးကြီးတဲ့နေရာဖြစ်တယ်။ အပြင်လူတွေ ဝင်ခွင့်မရှိဘူး"
မဟာအကြီးအကဲတစ်ယောက်က ယဲ့ချန်ကို အေးစက်စက် တားမြစ်လိုက်သည်။ ယဲ့ချန်သည် သူ၏ပတ်ဝန်းကျင်ရှိ ရေချီများက အေးခဲလာပြီး လှုပ်ရှားနိုင်ခြင်းမရှိသည်ကို ခံစားလိုက်ရသည်။ မမြင်ရသော နံရံတစ်ခုက သူ့ကိုတားဆီးထားသကဲ့သို့ တစ်လက်မပင် ရှေ့မတက်နိုင်တော့ပေ။
"ပင်လယ်မိစ္ဆာမျိုးနွယ်က မိတ်ဆွေကို ဒီလိုဆက်ဆံတာလား"
ယဲ့ချန်က အေးစက်စက်တုံ့ပြန်လိုက်သည်။
"ကျေးဇူးပြုပြီး နားလည်ပေးပါ။ အရှင်မကလွဲရင် ဘယ်သူမှ အတွင်းနန်းဆောင်ကို မဝင်ရဘူး"
"မင်းရဲ့အရှင်မက သဘောတူထားတယ် မဟုတ်ဘူးလား။ မင်းက သူမထက် ပိုပြီးအာဏာရှိနေတယ်လို့ တွေးနေတာလား"
ယဲ့ချန်က အဝေးရှိပင်လယ်အနက်ပိုင်းသို့ စူးစိုက်ကြည့်နေခဲ့သည်။ ဤမဟာအကြီးအကဲများက စိုးမိုးခြယ်လှယ်လွန်းနေသည်။
"ယဲ့ချန် ဒီအဘိုးကြီးတွေကို ဂရုစိုက်မနေနဲ့။ ဒီကောင်တွေက မင်းကိုမနာလိုဖြစ်ပြီး စိတ်ဓာတ်ယုတ်ညံ့ကြတယ်။ သူတို့က မုတ်ဆိတ်တွေ ဒူးလောက်ရှည်နေပေမယ့် ထန်တိုက်လင်အခန်းထဲကို မရောက်ဖူးကြဘူး။ စကားပြောနေရတာ အချိန်ကုန်တယ်။ ဒီအတိုင်း ဝင်သွားလိုက်စမ်းပါကွာ"
ခြင်္သေ့ကြီးက ယဲ့ချန်ကို တိုက်တွန်းလိုက်ခြင်းဖြစ်သည်။
"ဆရာပြောတာ တစ်ခုတော့မှန်တယ်။ ဒီကောင်တွေနဲ့ စကားပြောနေစရာမလိုဘူး။ အထဲကိုဝင်မယ်"
ယဲ့ချန်က ခြင်္သေ့ကြီး၏စကားကြောင့် ခေါင်းယမ်းလိုက်သော်လည်း အချက်တစ်ခုကို စိတ်ချင်းတူပေသည်။ မဟာအကြီးအကဲသုံးယောက်နှင့် ထန်တိုက်လင်ကြားတွင် တစ်ခုခုမှားနေသည်ဟု သူက ခံစားနေရ၏။ ပင်လယ်မိစ္ဆာမျိုးနွယ်၏ ကောင်းကျိုးအတွက် ဖြစ်စေကာမူ ထန်တိုက်လင်ကိုစတေးရန် မလိုအပ်ပေ။ ထိုသုံးယောက်တွင် အကြံကိုယ်စီ ရှိနေနိုင်သည်။ ထို့အပြင် သူက ထိုသုံးယောက်၏အပြုအမူကြောင့် မကျေမနပ်ဖြစ်နေခဲ့သည်။
"ကျေးဇူးပြုပြီး အတင်းအကျပ်မလုပ်ပါနဲ့ ခန်းမသခင်။ မဟာအကြီးအကဲတွေက မင်းကို လုံးဝသဘောတူမှာမဟုတ်ဘူး။ ငါ မင်းကို ဧည့်ခန်းဆောင်ဆီ လိုက်ပို့ပေးမယ်"
ငါးလူသားက ယဲ့ချန်အပေါ် အမြင်ကောင်းရှိသောကြောင့် မဟာအကြီးအကဲများနှင့် ပြဿနာတက်မည်ကို စိုးရိမ်ပေးနေခဲ့သည်။
ထိုအချိန်တွင် ထန်တိုက်လင်သည်လည်း သူတို့၏သဘောထားကြောင့် အနည်းငယ်တင်းမာနေခဲ့သည်။ သူမက အေးစက်စက်ငေါက်ငမ်းရန် ပြင်လိုက်စဥ် ယဲ့ချန်၏ရုပ်သွင်ကို ဝိညာဥ်အသိစိတ်မှတဆင့် မြင်လိုက်ရ၏။ သူမ၏ရှေ့တွင်ရပ်နေသော လူငယ်လေးကြောင့် စိတ်ထဲတွင် ပုံရိပ်များစွာ ပြန်လည်ထွက်ပေါ်လာခဲ့သည်။ တောင်ပေါ်ရွာကလေးတွင် ပထမဆုံးအကြိမ်တွေ့ဖူးစဥ်က ခေါင်းမာသော ယဲ့ချန်မှာ သူမကြောင့် အိပ်ရာထဲလဲသည်အထိ ဆိုးရွားစွာ ရိုက်နှက်ခံခဲ့ရသည်။ ကန့်သတ်ဒေသအတွင်းရှိ ရှေးဟောင်းအုတ်ဂူအတွင်းမှ မြင်ကွင်းကိုလည်း ပြန်လည်မြင်ယောင်နေမိသည်။ ထို့ကြောင့် ထန်တိုက်လင်၏ရေခဲနှလုံးသားက စတင်အရည်ပျော်ကျသွားပြီး ကြာပန်းတစ်ပွင့် လှပစွာပွင့်အာလာသကဲ့သို့ နှုတ်ခမ်းလေးများတွင် အပြုံးတစ်ခု ဖူးပွင့်လာသည်။
"အချိန်တိုတိုလေးအတွင်းမှာ နင်က ဒီလောက်အထိ တိုးတက်လာတယ်။ အခုမှ တစ်နှစ်သာရှိသေးတယ်။ နောက်လေးနှစ်အတွင်း နင် ဘယ်လောက်အထိ အစွမ်းထက်လာနိုင်မှာလဲ"
ထန်တိုက်လင်က စိတ်ထဲမှ ရေရွတ်လိုက်မိသည်။
"စိတ်နဲ့ဝိညာဥ် တစ်သားတည်းဖြစ်စေ"
ယဲ့ချန်၏ဝိညာဥ်နှင့် ရုပ်ခန္ဓာက ပေါင်းစပ်သွားပြီး ကြွက်သားများ၏ခွန်အားက ဆယ်ဆကျော် မြင့်တက်လာသည်။ သူကိုဖမ်းချုပ်ထားသော ရေချီများ ပြိုကွဲသွားသည်။ သူက အော်ဟစ်ကြုံးဝါး၍ ညာလက်တွင် အင်အားများစုစည်းပြီး ထိုးချလိုက်သောအခါ ရေပြင်တွင် ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပေါ်လာသည်။
"ဘုန်း"
သူ့ကိုတားမြစ်ထားသော နံရံက ယဲ့ချန်၏လက်သီးကြောင့် ချက်ချင်းပျက်စီးသွားခဲ့သည်။ သူ၏လက်ရှိခွန်အားဖြင့် အဆုံးမဲ့အဆင့်ခြောက်ကျင့်ကြံသူကို တိုက်ခိုက်နိုင်သည်။ သူက ထူးကဲအဆင့်ကျင့်ကြံသူကို မရင်ဆိုင်နိုင်သော်လည်း ကံကောင်းစွာဖြင့် မဟာအကြီးအကဲသုံးယောက်မှာ အဝေးတွင်ရှိနေသောကြောင့် ခွန်အားကို အကုန်အစင်အသုံးမချနိုင်ချေ။ သာမန်အကြီးအကဲများက ယဲ့ချန်၏လုပ်ရပ်ကြောင့် မင်သက်သွားကြသည်။ ယဲ့ချန်က ကြီးစိုးမောက်မာစွာဖြင့် ပင်လယ်မိစ္ဆာမျိုးနွယ် မဟာအကြီးအကဲသုံးယောက်ကို စိန်ခေါ်ရဲမည်ဟု မျှော်လင့်မထားခဲ့ပေ။ သို့သော်လည်း သူတို့က အသံတစ်ချက်ပင် မထွက်ခဲ့ချေ။ ယဲ့ချန်၏နောက်တွင် ထန်တိုက်လင်ရှိနေသဖြင့် မြောက်ပင်လယ်ဘုရင်မနှင့် ဘိုးဘေးကုန်းမြေကို စောင့်ကြပ်ရသော မဟာအကြီးအကဲသုံးယောက်၏ အားပြိုင်မှုဖြစ်သောကြောင့် သူတို့က ဘေးထွက်ရပ်နေရုံသာ တတ်နိုင်သည်။ ငါးလူသားသည်လည်း ယဲ့ချန်၏လုပ်ရပ်ကြောင့် ထိတ်လန့်သွားသော်လည်း သူ၏လုပ်ရပ်ကို မတားမြစ်ခဲ့ပေ။ သူကလည်း ဘေးထွက်ရပ်ပြီး ယဲ့ချန်၏ခွန်အားက အလွန်ကြီးကြောင်း စိတ်ထဲမှ ကောက်ချက်ချလိုက်၏။
"မောက်မာတယ်။ မြောက်ပင်လယ်ကို မင်းက ဘယ်နေရာလို့ ထင်နေတာလဲ။ ကျန်းရန် သူ့ကို တိုက်ခိုက်စမ်း"
မဟာအကြီးအကဲတစ်ယောက်က ဒေါသထွက်သွားပြီး ငါးလူသားကို အမိန့်ပေးလိုက်သည်။
"သူက အရှင်မရဲ့ မိတ်ဆွေတစ်ယောက်ပါ"
ယဲ့ချန်၏ဘေးတွင်ရပ်နေသော ငါးလူသားက ဒူးတစ်ဖက်ထောက်ချလိုက်သော်လည်း အမိန့်ကို မနာခံခဲ့ပေ။ မြောက်ပင်လယ်တွင် အစစ်အမှန်အုပ်စိုးသူတစ်ယောက်တည်းသာရှိကြောင်း သူက ကောင်းစွာနားလည်ထားသည်။
"မဟာအကြီးအကဲ ယဲ့ချန်က ငါ ဖိတ်ခေါ်ထားတဲ့ ဧည့်သည်ဖြစ်တယ်"
ထန်တိုက်လင်၏အသံက ဒေါသတကြီးထွက်ပေါ်လာသည်။ အချိန်တိုင်းအေးစက်ပြီး ခံစားချက်ကင်းမဲ့နေသော ထန်တိုက်လင် ဒေါသထွက်နေသဖြင့် အကြီးအကဲအားလုံး အံ့သြသွားကြသည်။ လူတိုင်းက ယဲ့ချန်ကိုကြည့်နေသော အကြည့်များ အနည်းငယ်ပြောင်းလဲသွားခဲ့၏။ သို့သော် မဟာအကြီးအကဲများနှင့် ဘုရင်မ၏အားပြိုင်မှုကြားတွင် သူတို့က ဝင်မရှုပ်ရဲသောကြောင့် စကားတစ်ခွန်းမှ မပြောခဲ့ကြပေ။ ထိုအချိန်တွင် ယဲ့ချန်သည် ရှေ့တက်၍ အတွင်းနန်းဆောင်ထံ ဦးတည်နေခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ ထန်တိုက်လင်သည် ထူးကဲအဆင့်ခြောက်ကျင့်ကြံသူဖြစ်ပြီး မဟာအကြီးအကဲများကို ခွန်အားအရာတွင် ဖိနှိပ်ထားနိုင်သည်။ သူတို့က ဘိုးဘေးကုန်းမြေကို စောင့်ရှောက်ရသောကြောင့် အဆင့်အတန်းမြင့်မားသော်လည်း ထန်တိုက်လင်၏ခွန်အားကို မယှဥ်နိုင်ပေ။ ထို့ကြောင့် အတွင်းနန်းဆောင်အတွင်း ယဲ့ချန်ဝင်ရောက်သွားသည်ကို ကြည့်နေရုံသာ တတ်နိုင်ခဲ့သည်။
အဝေးတစ်နေရာရှိ ပင်လယ်ရေအောက်တွင် သက်တန့်ရောင်အစီအရင်ဖြင့် ကာကွယ်ထားသော သန္တာကျောက်တန်းတစ်ခုတွင် ပုံရိပ်သုံးခု တင်ပျဥ်ခွေထိုင်နေကြသည်။
"အရှင်မက ပိုပိုပြီးရဲတင်လားတယ်"
တစ်ယောက်က ဒေါသတကြီးရေရွတ်လိုက်သည်။
"ငါတို့သုံးယောက်လုံးပေါင်းရင်တောင် သူမကို မယှဥ်နိုင်ဘူးမလား။ ပင်လယ်မိစ္ဆာမျိုးနွယ်မှာ ဒီလိုပါရမီရှင်မျိုးရှိနေတာ တကယ်တော့ ဝမ်းသာစရာကောင်းပါတယ်"
မဟာအကြီးအကဲတစ်ယောက်က ခေါင်းယမ်း၍ သဘောကျစွာ ရယ်မောလိုက်သည်။
"ဒါပေမယ့် အတွင်းနန်းဆောင်ကို အပြင်လူတစ်ယောက် ဝင်ခွင့်ပေးခဲ့တယ်။ ငါတို့တားမြစ်နေတာကိုတောင်မှ ခေါင်းမာလွန်းတယ်"
"ဒါက ကိစ္စသေးသေးလေးပါကွာ။ ဘာကြောင့် စိတ်ထဲထားနေမှာလဲ။ မင်း သူ့ရဲ့ခွန်အားကို စမ်းသပ်ခဲ့တယ်မလား။ ဘယ်လိုသဘောရလဲ"
"ဒီကလေးက အသက်ငယ်ပေမယ့် ကျင့်ကြံဆင့်က အစွမ်းထက်နေပြီ။ ကောင်းကင်သိုင်းချီနဲ့ ဝိညာဥ်အသိစိတ်ကိုလည်း ပိုင်ဆိုင်ထားတယ်။ သူက အဆုံးမဲ့အဆင့်တစ်ဖြစ်ပေမယ့် အဆင့်ခြောက်ကို တိုက်ခိုက်နိုင်စွမ်းရှိတယ်။ သူ့ပါရမီက ငါတို့အရှင်မနဲ့ပိုမေ့အောက် လုံးဝမနိမ့်ကျဘူး"
မဟာအကြီးအကဲက ယဲ့ချန်၏မောက်မာမှုကြောင့် ဒေါသထွက်နေသော်လည်း ပါရမီကို အမှန်အတိုင်း အကဲဖြတ်ပေးခဲ့သည်။
"ဒါဆိုရင် သူတို့ကို နှစ်နည်းနည်းလောက် အချိန်ပေးလိုက်ရအောင်။ အရှင်မရဲ့အမြင်က မဆိုးလောက်ပါဘူး"
မဟာအကြီးအကဲသုံးယောက်လုံးက အတွေ့အကြုံများပြားသူများ ဖြစ်ကြသည်။ တစ်ယောက်က ဒေါသထွက်လွယ်သော စိတ်ထားရှိ၍ ထန်တိုက်လင်အပေါ် အနည်းငယ်မကျေမနပ်ဖြစ်နေသည်။ သို့သော်လည်း သူတို့အားလုံးက ထန်တိုက်လင်ကဲ့သို့ ပင်လယ်မိစ္ဆာမျိုးနွယ်ကို ကာကွယ်မည်ဟူသော ပန်းတိုင်တစ်ခုသာ ရှိလေသည်။ တစ်ခုတည်းသော ကွဲပြားသည့်အရာမှာ သူတို့က မိုးကြိုးမျိုးနွယ်နှင့် မဟာမိတ်ပြုလိုပြီး ထန်တိုက်လင်က ဤအချက်ကို ဆန့်ကျင်နေခြင်းသာဖြစ်သည်။
ယဲ့ချန်သည် အတွင်းနန်းဆောင်အတွင်းရောက်သောအခါ အပြင်ဘက်မှ ကျင့်ကြံသူများ၏အမြင်အာရုံကို ကာကွယ်ရန် အစီအရင်တစ်ခုအား ထန်တိုက်လင်က ခင်းကျင်းလိုက်ပြီဖြစ်သည်။ အတွင်းနန်းဆောင်ကို ကြည်လင်သော သလင်းကျောက်များနှင့် ပြုလုပ်ထားပြီး ရတနာအလင်းရောင်အောက်တွင် သန္တာကျောက်တန်းများ၊ ရေမှော်ပင်များက တလက်လက်တောက်ပ၍ ကြီးကျယ်ခမ်းနားနေသည်။ သူက ရှေ့သို့ဆက်လျှောက်လာရင်း ပုလဲများစီခြယ်ထားသည့် လိုက်ကာဖြင့်ကာရံထားသော တံခါးတစ်ချပ်ထံ ရောက်ရှိလာခဲ့သည်။ ရေချီလှိုင်းများက ဖဲပြားများကဲ့သို့ ဟိုမှသည်ရွေ့လျားနေကြသည်။ နန်းဆောင်တစ်ခုလုံးတွင် ထွက်ပေါ်နေသော မွှေးရနံ့က သင်းပျံ့လွန်းသောကြောင့် အနံ့ရသူအပေါင်းကို လတ်ဆတ်လန်းဆန်းသွားစေနိုင်ကာ နတ်ဘုံနတ်နန်းတစ်ခုပမာဖြစ်သည်။
ယဲ့ချန်သည် ပုလဲလိုက်ကာကိုတွန်းဖယ်၍ အတွင်းသို့ ဝင်ရောက်လိုက်သည်။ ထန်တိုက်လင်က ကျက်သရေရှိစွာ ဝတ်စားဆင်ယင်ထားပြီး စာဖြင့် ရေးသားဖော်ပြနိုင်စွမ်းမရှိလောက်အောင် လှပနေသည်။
"နင် ရောက်လာပြီလား"
ထန်တိုက်လင်၏အကြည့်က ယဲ့ချန်ထံ ကျရောက်လာသည်။ သူမ၏စကားသံက ပုံမှန်အတိုင်း အေးစက်နေခြင်းမျိုးမရှိပေ။ သူမ၏အသံက စမ်းချောင်းတစ်ခုပမာ သူ၏နှလုံးသားအတွင်း စီးဝင်လာခဲ့သည်။ သူမက အေးစက်နေခြင်းမရှိသောကြောင့် ပိုမိုသိမ်မွေ့၍ ညှင်သာနေသောအခါ အသက်ရှူရပ်လောက်အောင် လှပနေသည်။ သူမက မဟာအရှေ့ပိုင်းတိုက်ကြီး၏ အလှနတ်မိမယ်သုံးယောက်အတွင်းမှ တစ်ယောက်ဖြစ်ကာ ပိုမေ့နှစ်သက်သည်မှာလည်း မထူးဆန်းပေ။
ထန်တိုက်လင်သည် ယဲ့ချန်မှာ နန်းဆောင်အတွင်းရောက်ချိန်မှစ၍ စကားတစ်ခွန်းမှမပြောဘဲ သူမကို စိုက်ကြည့်နေသည်ကို သတိထားမိသည်။ သူမက ယဲ့ချန်ကို ပြန်ကြည့်လိုက်ပြီး နှလုံးသားတွင် ခံစားချက်တစ်ခု ပေါက်ဖွားလာသည်။
"ပင်လယ်မိစ္ဆာမျိုးနွယ်က တစ်ခုခုတွေ့ထားတယ်လို့ ငါ ကြားတယ်။ ဘာများလဲ သိလို့ရမလား"
ယဲ့ချန်က သူ၏အကြည့်ကို ပြန်ရုတ်လိုက်ပြီးနောက် လာရင်းကိစ္စကို မေးမြန်းလိုက်သည်။
"နင်လည်း ကြယ်သလင်းကျောက်တစ်ခု ရထားတာလား"
ထန်တိုက်လင်က အနည်းငယ်အံ့သြသွားခဲ့သည်။ ယဲ့ချန်က သူမကိုစကားပြောနေသော်လည်း အတွင်းနန်းဆောင်တစ်ခုလုံးကို အကဲခတ်ကြည့်ရှုနေသည်။ တစ်စုံတစ်ယောက်က သူမရှေ့တွင် ပေါ့ပါးစွာရှိနေသည်ကို ပထမဆုံးအကြိမ် ကြုံဖူးခြင်းဖြစ်သော်လည်း ထန်တိုက်လင်က စိတ်မဆိုးသည့်အပြင် သဘောတကျဖြစ်နေရသော အကြောင်းအရင်းကို ကိုယ်တိုင်ပင် နားမလည်နိုင်ချေ။
"ဟုတ်တယ်။ သွေးဆာချပ်ဝတ်ာသားရဲအကြောင်း သတင်းပေးခဲ့တာ ငါပဲ"
ယဲ့ချန်က အမှန်အတိုင်းဖြေလိုက်သည်။
"အဲ့တာ နင်လား။ ဒါဆိုရင် အဲ့ဒီဝိညာဥ်သားရဲကို သွားသတ်ဖို့ ငါ့ဆီ လာတွေ့တာလား"
ထန်တိုက်လင်က သွေးဆာချပ်ဝတ်သားရဲအကြောင်း သတင်းပို့ခဲ့သူ၏ပုံရိပ်ကို ပြန်တွေးကြည့်လိုက်သည်။ ထိုလူနှင့်ယဲ့ချန်က လုံးဝကွဲပြားနေသောကြောင့် ယဲ့ချန်ထံတွင် ရုပ်သွင်နှင့်အရှိန်အဝါကို ပြောင်းလဲပေးနိုင်သော ကျင့်စဥ်တစ်ခု ပိုင်ဆိုင်ထားခြင်းဖြစ်နိုင်သည်။
"မဟုတ်ဘူး။ သမာဓိကောင်စီရဲ့ ခေါင်းဆောင်သုံးယောက်ကို သတိထားဖို့ လာသတိပေးတာပါ။ သူတို့က မိစ္ဆာကျင့်စဥ်တွေကို ကျင့်ကြံပြီး ကြီးမြတ်သူအဆင့်ကို ရောက်ကြတော့မယ်"
"နင် ဒီအကြောင်းကို သိထားတာလား"
ထန်တိုက်လင်က သူ၏စကားအပေါ် အံ့သြခြင်းမရှိသောကြောင့် ယဲ့ချန်က နောက်တစ်ကြိမ် ထပ်မေးလိုက်သည်။
"ဒီလိုပြောလို့ရပါတယ်။ နင့်ကို ငါတစ်ခုလောက် အရင်ဆုံးပြချင်တယ်"
ထန်တိုက်လင်က တည်ငြိမ်စွာပြောလိုက်ပြီး လက်တစ်ဖက်ကိုယမ်းလိုက်သောအခါ မရေမတွက်နိုင်သည့်ပုံရိပ်များ ထွက်ပေါ်လာခဲ့သည်။ မျက်စိရှေ့တွင် ပုံရိပ်များနှင့် အဖြစ်အပျက်များ အစီအရီထွက်ပေါ်လာခဲ့သည်။
"ဒါက ဘာလဲ"
ယဲ့ချန်သည် ပုံရိပ်တစ်ခုကို ညွှန်ပြ၍ မေးလိုက်ခြင်းဖြစ်သည်။ ၎င်းက အနက်ရောင်တောက်ပနေသော ဧရာမအနက်ရောင် သလင်းကျောက်ကြီးတစ်လုံး ဖြစ်သည်။
"အစကတော့ ငါလည်း ဒါကို ဘာမှန်းမသိဘူး။ ရှေးမှတ်တမ်းတွေထဲကို စစ်ဆေးလိုက်တော့ ဒါက ကြယ်အမြုတေဆိုတာကို သိလိုက်ရတယ်။ ကြယ်အမြုတေတစ်ခုက အာကာသကျောက်သောင်းချီနဲ့ တန်ဖိုးချင်းတတူညီတယ်။ ဒါက ကျင့်ကြံသူတစ်ယောက်ကို ကြီးမြတ်သူအဆင့်ရောက်အောင် ကူညီပေးနိုင်တယ်"
ထန်တိုက်လင်က အသေးစိတ်ရှင်းပြလိုက်၏။
"ဒီလိုအရာမျိုး တကယ်ရှိနေတာလား။ ဒါက ဘယ်နေရာက ထွက်ပေါ်လာတာလဲ"
ကောင်းကင်ကို အန်တုနိုင်သော ရတနာအကြောင်း သိလိုက်ရသဖြင့် ယဲ့ချန်က အလွန်အမင်း အံ့သြသွားလေသည်။