ကောင်းကင်မူလဂြိုလ်
Vol. 31 Ch. 432
"ဒါက ကောင်းကင်ကနေ နေပင်လယ်ရဲ့အလယ်ကို ကျဆင်းလာခဲ့ပြီး အေးခဲသွားတယ်။ ကြီးမြတ်သူအဆင့် ကျင့်ကြံသူတွေတောင် ဒီအနားကိုကပ်သွားရင် ချက်ချင်း အေးခဲခံလိုက်ရလိမ့်မယ်"
ထန်တိုက်လင်၏ ကြည်လင်သော မျက်လုံးများတွင် ဖော်ပြမရနိုင်သော ခံစားချက်တစ်မျိုး ထင်ဟပ်နေသည်။
"ဘယ်သူမှ အနားမကပ်နိုင်ဘူးဆိုရင် အသုံးပြုလို့မရဘူးမလား"
ယဲ့ချန်သည် နေပင်လယ်၏အလယ်ဗဟို ဆိုသောနေရာကို ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်သည်။ ထို့ကြောင့် ဤကမ္ဘာပေါ်တွင် သူရှာဖွေဖော်ထုတ်ရမည့် နေရာများစွာရှိနေကြောင်း နားလည်လိုက်သည်။ ထန်တိုက်လင်သည် ညာလက်ဝါးကို ဖြန့်ပြလိုက်သောအခါ ကျောက်စိမ်းရောင်လက်ဖဝါးအတွင်း၌ အနက်ရောင်တောက်ပနေသော ပုလဲငယ်သုံးလုံးကို တွေ့လိုက်ရသည်။ ၎င်းတို့က သေးငယ်သော ရေခဲစလေးများနှင့် တူညီနေသည်။
"မင်း ရလိုက်တာလား"
ယဲ့ချန်က အလွန်အံ့သြသွားခဲ့သည်။ ထန်တိုက်လင်၏လက်ဝါးအတွင်း ပုလဲများထံမှ အလွန်ကြွယ်ဝသော အာကာသချီများကို ခံစားနေရသည်။ ၎င်းက သူမပြောပြထားသော ကြယ်အမြုတေ၏ အစိတ်အပိုင်းများဖြစ်နိုင်သည်။
"ကြယ်အမြုတေ ကျဆင်းလာတဲ့အချိန်မှာ အစိတ်အပိုင်းငယ်လေးတွေ အများကြီးကွဲထွက်လာခဲ့တယ်။ ငါက သုံးခုရယူနိုင်ခဲ့ပြီး သမာဓိကောင်စီခေါင်းဆောင်သုံးယောက်လည်း ရယူနိုင်လိုက်တယ်။ ကျန်တဲ့အင်အားစုတွေအကြောင်းကိုတော့ ငါ မသိဘူး။ ကြယ်အမြုတေရဲ့ ဒီအစိတ်အပိုင်းတွေက အစွမ်းထက်ကျင့်ကြံသူတွေ မွေးဖွားပေးနိုင်တယ်"
ထန်တိုက်လင်၏မျက်နှာက အလွန်လေးနက်နေသည်။ သူမက အချိန်တိုအတွင်း ထူးကဲအဆင့်ခြောက်သို့တက်နိုင်ခဲ့သည်မှာ အံ့သြစရာမဟုတ်တော့ပေ။
"ကြယ်အမြုတေအပြင် နင် ဘာတွေတွေ့ထားသေးလဲ"
ယဲ့ချန်က မေးလိုက်ခြင်းဖြစ်သည်။ နေပင်လယ်တွင် အစွမ်းထက်ရတနာတစ်ခုရှိကြောင်း သူသိလိုက်သော်လည်း ၎င်း၏တည်နေရာကို မသိချေ။
ထန်တိုက်လင်က ပြန်မဖြေဘဲ ညာလက်ကိုယမ်း၍ ကြယ်အမြုတေငယ်တစ်ခုကို ယဲ့ချန်ထံ ပစ်ပေးလိုက်သည်။ ၎င်းက လေထုကို ကြယ်ပျံတစ်လုံးပမာ အနက်ရောင်အလင်းတန်းအသွင်ဖြင့် ပျံသန်းလာခဲ့၏။ ယဲ့ချန်က ၎င်းကိုဖမ်းယူ၍ ထန်တိုက်လင်ကို နားမလည်နိုင်ဟန်ဖြင့် စိုက်ကြည့်လိုက်သည်။
"ဒါက နင့်အတွက်"
ထန်တိုက်လင်သည် အရေးမပါသောကိစ္စတစ်ခုကို ပြုလုပ်လိုက်ဟန်ဖြင့် တည်ငြိမ်စွာ ဖြေလိုက်သည်။
"နင့်မျိုးနွယ်ဝင်တွေကို မပေးတော့ဘူးလား"
ယဲ့ချန်က အနည်းငယ်အံ့အားသင့်သွား၏။
"ငါ့မျိုးနွယ်ဝင်တွေအများစုက အားနည်းကြတယ်။ သူတို့အတွက် အသုံးပြုလိုက်ရင် အမှိုက်ဖြစ်သွားလိမ့်မယ်။ နင်က ကြီးမြတ်သူအဆင့်ကိုရောက်ရင် ငါနဲ့ရင်ဘောင်တန်းပြီး ဝိညာဥ်သားရဲတွေနဲ့ သမာဓိကောင်စီကို ရင်ဆိုင်နိုင်စွမ်းရှိလာလိမ့်မယ်"
ထန်တိုက်လင်သည် ဤကိစ္စကို တွေးထားဟန်ဖြင့် ဖြေလိုက်သည်။ သူမ၏အကျင့်စရိုက်က အပြင်ပန်းတွင် အေးစက်သော်လည်း အတွင်းပိုင်း၌ အလွန်နွေးထွေးသူဖြစ်သည်။ ဤအကြောင်းကိုသိထားသဖြင့် ယဲ့ချန်က တစ်ချက်ပြုံး၍ လက်ခံလိုက်သည်။ သူ့အတွက် အမှန်တကယ်လိုအပ်နေသော ကြယ်အမြုတေငယ်ကို ဂရုတစိုက်သိမ်းဆည်းလိုက်သည်။
ထန်တိုက်လင်က သူမ၏လက်ကို ယမ်းလိုက်သောအခါ အတွင်းနန်းဆောင်တွင် ထင်ဟပ်နေသော ပုံရိပ်များ နောက်တစ်ကြိမ် ပြောင်းလဲသွားခဲ့သည်။ ၎င်းက အဆုံးမရှိသော ပင်လယ်ပြင်တစ်ခုဖြစ်ကာ ဝိညာဥ်သားရဲများပြ ည့်နှက်နေခဲ့သည်။
"ငါတို့နေထိုင်တဲ့ကမ္ဘာကြီးကို ကောင်းကင်မူလဂြိုလ်လို့ ခေါ်တယ်။ ဒဏ္ဍာရီအရဆိုရင် ဖြစ်တည်ကာစမှာ ကုန်းမြေက တစ်ခုတည်းသာရှိတယ်။ အချိန်ကြာမြင့်လာတဲ့အခါ ဒီကုန်းမြေက အပိုင်းငါးပိုင်း ကွဲထွက်သွားတယ်။ လက်ရှိ နင်နေထိုင်နေတာက အရှေ့ပိုင်းတိုက်ကြီးလို့ ခေါ်တယ်။ ကောင်းကင်မူလဂြိုလ်ပေါ်မှာ တိုက်ကြီးငါးခုနဲ့ ပင်လယ်ကိုးစင်း ဖြစ်ပေါ်လာတယ်။ ငါတို့မျိုးနွယ်ခွဲက ပင်လယ်မိစ္ဆာမျိုးနွယ်ပေါင်း သုံးဆယ့်ခုနစ်မှာအပါအဝင်ဖြစ်ပြီး ပင်လယ်ကိုးစင်းကို ကျူးကျော်လာတဲ့ ဝိညာဥ်သားရဲတွေကို ခုခံနေကြတယ်။ မြောက်ပင်လယ်မျိုးနွယ်ခွဲက အားနည်းတယ်။ ငါတို့ကို ပင်လယ်မိစ္ဆာမျိုးနွယ်လို့ ယေဘူယျခေါ်ကြပေမယ့် နာမည်အပြည့်အစုံက ရေခဲပြာပင်လယ်မိစ္ဆာမျိုးနွယ်ဖြစ်တယ်"
ထန်တိုက်လင်၏ ညှင်သာသောအသံလေးက ယဲ့ချန်ကို အသေးစိတ်ရှင်းပြလိုက်သည်။ သူမ၏စကားတွင် ပုံရိပ်များ ဆက်တိုက်ပြောင်းလဲနေပြီး ကောင်းကင်မူလဂြိုလ်၏ သမိုင်းဖြစ်စဥ်များကို ပြသနေသည်။
ယဲ့ချန်က မော့ကြည့်လိုက်သောအခါ ပုံသဏ္ဍာန်အတိအကျမရှိသော ကုန်းမြေကြီးတစ်ခုက ပင်လယ်ကို ကိုးပိုင်း ပိုင်းခြားလိုက်သည်။ မြောက်ပင်လယ်က အလွန်သေးငယ်ပြီး အကြီးမားဆုံးပင်လယ်သည် ၎င်းထက် အဆပေါင်းရာချီ ပို၍ကျယ်ဝန်းသည်။ သူက ကောင်းကင်မူလဂြိုလ်အကြောင်း ပထမဆုံးကြားဖူးခြင်းဖြစ်ကာ အရှေ့ပိုင်းတိုက်ကြီးက ဂြိုလ်တစ်ခုလုံးနှင့်ယှဥ်လျှင် အလွန်သေးငယ်ကြောင်း နားလိုက်သည်။ ဤကမ္ဘာကြီးက သူထင်ထားသည်ထက် အဆများစွာပို၍ ကျယ်ဝန်းနေခဲ့သည်။
"တိုက်ကြီးငါးခုကို အရှေ့ပိုင်းတိုက်ကြီးလို့ခေါ်တဲ့ တုန်းချွမ်တိုက်ကြီး၊ မြောက်ပိုင်းတောင်တန်းတိုက်ကြီး၊ အနောက်ပိုင်းယန်တိုက်ကြီး၊ တောင်ဘက်စွန့်ပစ်တိုက်ကြီးနဲ့ အလယ်ကအကြီးဆုံးကို ရှေးဟောင်းကောင်းကင်တိုက်ကြီးလို့ ခေါ်ကြတယ်"
ထန်တိုက်လင်၏ လက်ချောင်းသွယ်သွယ်လေးများက အကြီးမားဆုံးကုန်းမြေအပိုင်းအစကို ထောက်ပြလိုက်သည်။
"ရှေးဟောင်းကောင်းကင်တိုက်ကြီး"
"တိုက်ကြီးလေးခုက ကျင့်ကြံသူတွေက အချင်းချင်းဆက်သွယ်နိုင်ကြပေမယ့် လွန်ခဲ့တဲ့နှစ်သောင်းချီတည်းက ရှေးဟောင်းကောင်းကင်တိုက်ကြီးကို ဘယ်သူမှမသွားနိုင်ကြဘူး။ မှတ်တမ်းတွေထဲမှာသာ ကြားဖူးပြီး သွားရောက်ရှာဖွေတဲ့ လူတိုင်း ပြန်မလာကြဘူး။ ရှေးဟောင်းကောင်းကင်တိုက်ကြီးတစ်ခုလုံးကို ကြီးမားတဲ့အစီအရင်တစ်ခုနဲ့ ကာကွယ်ထားပြီး ကမ္ဘာကြီးပေါ်ကနေ ဖျောက်ထားတယ်"
ထန်တိုက်လင်က လေးနက်စွာ ပြောလိုက်ခြင်းဖြစ်သည်။ သူမ၏ရှင်းပြချက်ကြောင့် ယဲ့ချန် မျက်လုံးပြူးသွားခဲ့သည်။ တိုက်ကြီးတစ်ခုလုံးကို ဖုံးကွယ်ထားနိုင်သည့် အစီအရင်က အလွန်တရာကြီးမားပေလိမ့်မည်။ အရှေ့ပိုင်းတိုက်ကြီးသည်ပင် အလွန်ကျယ်ဝန်းပြီး အရပ်လေးမျက်နှာတွင် ကီလိုမီတာပေါင်းသိန်းချီ ကျယ်ပြန့်၏။ ၎င်းက ရှေးဟောင်းကောင်းကင်တိုက်ကြီးနှင့်ယှဥ်လျှင် အနည်းဆုံး ဆယ်ဆခန့် ပို၍သေးငယ်လေသည်။ ဤမျှကြီးမားကျယ်ပြန့်သော တိုက်ကြီးတစ်ခုလုံးကို ဖုံးကွယ်ထားနိုင်သော အစီအရင်ကို ခင်းကျင်းခဲ့သူမှာ မည်မျှအစွမ်းထက်ကြောင်းကို ယဲ့ချန်လည်း မတွေးတတ်ချေ။
"နောက်ထပ်ဒဏ္ဍာရီတစ်ခု ရှိသေးတယ်။ ကြီးမြတ်သူအဆင့်ကို ကျော်ဖြတ်ပြီး ရွှမ်အဆင့်ကိုတက်နိုင်ရင် ကောင်းကင်မူလတိုက်ကြီးရဲ့ တမန်တော်တွေက ဆက်သွယ်လာလိမ့်မယ်"
ထန်တိုက်လင်က နောက်ထပ်အံ့လောက်စရာ လျှို့ဝှက်ချက်တစ်ခုကို ထုတ်ပြောလိုက်ပြန်သည်။
"ဒီလိုဒဏ္ဍာရီ တကယ်ရှိတာလား"
ကောင်းကင်မူလတိုက်ကြီးက မည်သို့သောနေရာဖြစ်ကြောင်းကို ယဲ့ချန် တွေးနေမိသည်။
"ဒါကိုတော့ ငါလည်း အတိအကျမပြောနိုင်ဘူး။ ရွှမ်အဆင့်ကိုတက်နိုင်တဲ့ ကျင့်ကြံသူမရှိတာဟာ နှစ်ပေါင်းများစွာကြာပြီ။ သူတို့က ရှေးဟောင်းမှတ်တမ်းတွေထဲမှာသာ တည်ရှိတော့တယ်။ ကျန်တဲ့ပင်လယ်မိစ္ဆာမျိုးနွယ်ခွဲတွေဆီကနေ သတင်းတစ်ခု ရထားတယ်။ သိပ်မကြာခင်က ကောင်းကင်မူလတိုက်ကြီးရဲ့ ကာကွယ်ရေးအစီအရင်ဟာ လျော့ရဲလာတယ်။ ငါတို့အပြင် ကျန်တဲ့တိုက်ကြီးသုံးခုမှာလည်း ဝိညာဥ်သားရဲကပ်ဘေးကို ရင်ဆိုင်နေရတယ်။ ကြည့်ရတာ ဒီကပ်ဘေးရဲ့ဇစ်မြစ်က ဝိညာဥ်မျှော်စင် မဖြစ်နိုင်ဘူး""
ထန်တိုက်လင်က ခေါင်းယမ်း၍ သက်ပြင်းတစ်ချက်ချလိုက်သည်။ သို့သော် သူမ၏အမူအရာက ခဏအတွင်း ချက်ချင်းတည်ငြိမ်သွားခဲ့သည်။
"ဘာ ကျန်တိုက်ကြီးတွေကလည်း ဝိညာဥ်သားရဲကပ်ဘေးကို ရင်ဆိုင်နေရတာလား"
ယဲ့ချန်က မျက်မှောင်ကြုတ်လိုက်၏။ ဤကပ်ဘေးက သူထင်ထားသည်ထက် ပို၍ကြောက်စရာကောင်းနေပြီး ကောင်းကင်မူလဂြိုလ်တစ်ခုလုံး မလွတ်မြောက်နိုင်ခဲ့ပေ။
"ငါ့အထင်ပြောရရင် ဒီကိစ္စရဲ့လက်သည်က ထျန်းယွမ်ရှေးဟောင်းမြို့တော်ဖြစ်လိမ့်မယ်။ ဒါကြောင့် ထျန်းယွမ်ငွေပြားတွေနဲ့ ရတနာတွေ ထွက်ပေါ်လာတာဖြစ်တယ်။ ဒါပေမယ့် သူတို့ရဲ့ရည်ရွယ်ချက်ကို ငါ မသိဘူး"
ထန်တိုက်လင်၏စကားကို ကြားသောအခါ ယဲ့ချန်လည်း သဘောတူလိုက်သည်။ ထျန်းယွမ်ရှေးဟောင်းမြို့တော်က သူတို့နားလည်နိုင်စွမ်းရှိသည်ထက် များစွာပို၍ ဆန်းကျယ်နေခဲ့သည်။
"ရှေးဟောင်းမှတ်တမ်းတွေမှာ ဖော်ပြထားတာကတော့ ထျန်းယွမ်ရှေးဟောင်းမြို့တော်ကို ရောက်သွားတဲ့ ဘိုးဘေးတွေက လူကောင်းသူကောင်းတွေဖြစ်တယ်။ ဒါကြောင့် ဒီကိစ္စက တော်တော်လေးထူးဆန်းနေတယ်။ ငါတို့ခွန်အားက လက်ရှိမှာ ဒါကို မဖြေရှင်းနိုင်ဘူး။ လောလောဆယ် မြောက်ပင်လယ်မှာ ငါတို့ ဒါကိုတွေ့ထားတယ်"
ထန်တိုက်လင်သည် မျက်မှောင်ကြုတ်၍ ရေရွတ်လိုက်သည်။ သူမ၏ညာလက်ကို ယမ်းလိုက်သောအခါ ပုံရိပ်များ ပြောင်းလဲသွားပြန်သည်။
"အလယ်အင်ပါယာနဲ့နီးကပ်တဲ့ မြောက်ပင်လယ်အောက်ခြေမှာ အပျက်အစီးနယ်မြေတစ်ခုကို တွေ့ထားတယ်။ ဒါက အချင်းမိုင်ရာချီကျယ်ဝန်းပေမယ့် ဝိညာဥ်သားရဲတွေ စုဝေးနေကြတယ်။ အများစုက မဟာသာလွန်အဆင့်ဖြစ်ကြတယ်"
"မဟာသာလွန်အဆင့် ဝိညာဥ်သားရဲတွေ ပေါ်လာပြီလား"
ယဲ့ချန်၏စိတ်ထဲတွင် ထိတ်ခနဲ ဖြစ်သွားခဲ့သည်။ သူက ကောင်းကင်ထက်ရှိပုံရိပ်ကို သေချာစွာ စစ်ဆေးလိုက်သည်။ ပျက်စီးနေသော နန်းဆောင်များကို အစိမ်းရောင်ရေညှိများ ကပ်တွယ်နေသည်။ သို့သော် ထိုနယ်မြေအတွင်း ဝိညာဥ်သားရဲများမှလွဲ၍ အခြားသက်ရှိများ မရှိချေ။ အပျက်အစီးများထံမှ သက်တန့်ရောင်အလင်းများ ဆက်တိုက်ထွက်ပေါ်နေကာ နယ်မြေအစပ်ရှိ သဲသောင်တွင် ပျက်စီးနေသော စစ်သည်တော်ချပ်ဝတ်များစွာ တည်ရှိနေသည်။
"ဒီနယ်မြေရဲ့သက်တမ်းကို နင် ပြောနိုင်လား"
ယဲ့ချန်က ပုံရိပ်ကိုစစ်ဆေးနေရင်း မေးလိုက်ခြင်းဖြစ်သည်။
"ဒီနယ်မြေ ထွက်ပေါ်လာတာနဲ့တပြိုင်နက် ဝိညာဥ်သားရဲတွေ ရောက်လာကြတယ်။ လက်ရှိမှာ သူတို့ကို တိုက်ခိုက်ဖို့မလွယ်လို့ အဝေးကပဲ စောင့်ကြည့်နေရတယ်။ ဒါကြောင့် သက်တမ်းအတိအကျကို တွက်ချက်ဖို့ မဖြစ်နိုင်ဘူး။ ဒါပေမယ့် အခြေအနေကိုစစ်ဆေးဖို့ ငါက ကျင့်ကြံသူတွေ စေလွှတ်ထားပါတယ်။ ဒီနယ်မြေအကြောင်း အတိအကျသိရတာနဲ့တပြိုင်နက် ပင်လယ်မိစ္ဆာမျိုးနွယ်ရဲ့စစ်တပ်နဲ့ တိုက်ခိုက်မယ်"
ထန်တိုက်လင်၏စကားသံက တည်ကြည်လေးနက်နေသည်။ သူမ၏စကားကြောင့် ယဲ့ချန် ရင်ထိတ်သွားခဲ့သည်။ ထို့ကြောင့် ပင်လယ်မိစ္ဆာမျိုးနွယ်က သွေးဆာချပ်ဝတ်သားရဲအပေါ် အာရုံမစိုက်နိုင်ခြင်းဖြစ်သည်။ သူတို့၏အာရုံက မြောက်ပင်လယ်အတွင်း ရုတ်တရက်ထွက်ပေါ်လာသော ရှေးဟောင်းနယ်မြေထံ စူးစိုက်ထားကြသည်။ ထို့အပြင် အစွမ်းထက်သော မဟာသာလွန်အဆင့် ဝိညာဥ်သားရဲများလည်းရှိသောကြောင့် သူတို့က အစိုးရိမ်ကြီးနေခြင်းမှာ ပုံမှန်သာဖြစ်သည်။
"တကယ်လို့ နင် တိုက်ခိုက်တော့မယ်ဆိုရင် ကြယ်ခန်းမကို သတင်းပေးဦး။ ငါ ကူညီမယ်"
"ကောင်းပြီ"
ထန်တိုက်လင်က ခေါင်းညိတ်သည်။ သူမက အခြားလူများအပေါ် အကူအညီတောင်းခဲပြီး ပြဿနာတိုင်းကို ကိုယ်တိုင်ဖြေရှင်းတတ်သော်လည်း ယဲ့ချန်၏စကားကို မငြင်းဆန်ခဲ့ပေ။
ယဲ့ချန်နှင့် ထန်တိုက်လင်ရှိနေသော အတွင်းနန်းဆောင်တွင် မည်သည့်အစေခံမှ မရှိချေ။ အရာအားလုံးကို ထန်တိုက်လင်ကိုယ်တိုင် ဆင်ယင်ထားခြင်းဖြစ်ကာ ပရိဘောဂများကိုစီစဥ်ထားခြင်းက နေရာကျလှသည်။ ၎င်းတို့၏အလှအပများက ထန်တိုက်လင်သည် ထင်ထားသလောက် မအေးစက်ကြောင်း သက်သေပြနေသည်။
"သူမက အကြောင်းရှိလို့ အစေခံတွေ မထားတာဖြစ်မှာပါ။ ဒါပေမယ့် ဒီလောက်ကျယ်ဝန်းတဲ့ အတွင်းနန်းဆောင်မှာ တစ်ယောက်တည်းနေတာက အထီးမကျန်လွန်းဘူးလား"
ယဲ့ချန်က စိတ်ထဲမှ ရေရွတ်လိုက်၏။ နန်းဆောင်၏အပြင်ဘက်ရှိ အကြီးအကဲများအားလုံးက အတွင်းနန်းဆောင်ကို စောင့်ကြည့်နေကြသည်။ သူတို့၏ခွန်အားအရ ထန်တိုက်လင်၏အစီအရင်ကို ထွင်းဖောက်မမြင်နိုင်ချေ။ ယဲ့ချန်က အတွင်းပိုင်း၌ အချိန်ကြာမြင့်စွာရှိနေပြီး ပြန်ထွက်မလာသေးပေ။
"အရှင်မက ဒီကလေးနဲ့ တစ်ခုခုလုပ်နေတာလား"
အကြီးအကဲများအနက်မှ တစ်ယောက်က မုတ်ဆိတ်ရှည်ကြီးကိုပွတ်သပ်၍ လေးနက်စွာ ပြောလိုက်သည်။
"အရှင်မက ဘယ်ယောကျ်ားကိုမှ ပစားမပေးဖူးဘူး။ သူက ငါတို့မျိုးနွယ်ဝင် ဒါမှမဟုတ် နံပတ်တစ်ကျင့်ကြံသူဆိုရင် ပြဿနာမရှိပါဘူး။ ဒါပေမယ့် ဒီကလေးကို ဘာကြောင့် အရှင်မက ကောင်းကောင်းမွန်မွန်ဆက်ဆံနေတာလဲ"
"ဖြစ်နိုင်တာ အရှင်မနဲ့ သူက....."
အကြီးအကဲအချို့၏စိတ်ထဲတွင် မကောင်းသော အတွေးပုံရိပ်များ ဖြစ်ပေါ်လာကြသည်။
ထန်တိုက်လင်သည် နတ်မိမယ်တစ်ပါးပမာ လှပပြီး ပင်လယ်မိစ္ဆာမျိုးနွယ်၏ အဆင့်အတန်းမြင့်သူတစ်ယောက်ဖြစ်ကာ အေးစက်စက်အကျင့်စရိုက်ကြောင့် မည်သူမှ မချဥ်းကပ်ရဲပေ။ သို့သော်လည်း အမှန်တရားတွင် ပင်လယ်မိစ္ဆာမျိုးနွယ်ရှိ ယောက်ျားတိုင်းက သူမကို စိတ်ထဲ၌ချစ်မြတ်နိုးကြပြီး တော်ကောက်ခံရရန် စိတ်ကူးယဥ်နေကြလေသည်။