ပင်လယ်မိစ္ဆာမျိုးနွယ်၏ အတွေးများ
Vol. 31 Ch. 433
ထန်တိုက်လင်သည် မည်သူ့ကိုမှ မျှော်လင့်ချက်မပေးခဲ့သောကြောင့် အတွေးသက်သက်သာ ဖြစ်သည်။ အချိန်ကြာလာသည်နှင့်အမျှ သူမက ကောင်းကင်သို့ တက်သွားမည်ဖြစ်ကာ သူတို့က ဖုန်မှုန့်များကြားတွင် ကျန်ရစ်ခဲ့ရပေလိမ့်မည်။ ထို့ကြောင့် မည်သည့် ပင်လယ်မိစ္ဆာမျိုးနွယ်ဝင်မှ ထန်တိုက်လင်ကို မချဥ်းကပ်ရဲချေ။ သူတို့အတွက် အရှင်မကို အဝေးမှကြည့်နေရုံဖြင့်သာ ကျေနပ်နေခဲ့ကြသည်။
ပိုမေ့ ထွက်ပေါ်လာသောအခါ သူတို့က ပို၍မျှော်လင့်ချက်မဲ့သွားကြသည်။ ထန်တိုက်လင်နှင့်ထိုက်တန်သူမှာ ပိုမေ့သာဖြစ်ကြောင်း လက်ခံထားကြသည်။ ပိုမေ့သည် သိမ်မွေ့ယဥ်ကျေးပြီး အသက်ငယ်ငယ်နှင့် အရှေ့ပိုင်းတိုက်ကြီး၏နံပတ်တစ်ဖြစ်လာကာ ဆုံးဖြတ်ချက်ပြတ်သားသည်။ ထို့အပြင် သူက မိုးကြိုးမျိုးနွယ်၏ခေါင်းဆောင်ဖြစ်သောကြောင့် သူတို့နှစ်ယောက်သာ လက်ထပ်လိုက်လျှင် သမာဓိကောင်စီထက် ပို၍သာလွန်သော မျိုးနွယ်နှစ်ခု၏မဟာမိတ် ဖြစ်ပေါ်လာပေလိမ့်မည်။ နောက်ခံဖြစ်စေ ခွန်အားဖြစ်စေ အရာရာတွင် ပိုမေ့အောက် ယဲ့ချန်က နိမ့်ကျသည်။
"အရှင်မက ပိုမေ့လိုအစွမ်းထက်သူကို စိတ်မဝင်စားဘဲ ယဲ့ချန်လိုအားနည်းသူကို မျက်စိကျနေတာလား"
အကြီးအကဲများက စိတ်ထဲတွင် မေးခွန်းထုတ်လိုက်ကြသည်။ သူတို့ကြားရှိ အသက်ငယ်ရွယ်သော အကြီးအကဲများက ယဲ့ချန်ကို မနာလိုဝန်တိုနေကြသည်။ အကယ်၍ သူတို့သာ ထန်တိုက်လင်နှင့်နီးစပ်သော အခြေအနေမျိုး ရောက်နိုင်ပါက သေရလျှင်ပင် ထိုက်တန်ပေသည်။ အကြီးအကဲများက မကျေမနပ်တီးတိုး ဆွေးနွေးနေကြစဥ် အေးစက်စက်နှာခေါင်းရှုံ့သံတစ်ခု ကြားလိုက်ရသည်။
"ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ အရှင်မ"
ပင်လယ်မိစ္ဆာမျိုးနွယ်၏ အကြီးအကဲများက ချက်ချင်းဒူးထောက်လိုက်ကြသည်။ သူတို့စိတ်ထဲရှိ အတွေးများနှင့် တီးတိုးဆွေးနွေးသံများကို ဘုရင်မက ကြားသွားနိုင်သဖြင့် သူတို့က လိပ်ပြာလွင့်မတတ် ကြောက်လန့်နေကြသည်။ အကယ်၍ သူမသာဒေါသထွက်၍ အားလုံးကို သတ်ပစ်လိုက်လျှင်လည်း သူတို့က မခုခံရဲချေ။
"ဘာမှားနေလို့လဲ။ ဘာဖြစ်တာလဲ"
ယဲ့ချန်သည် ထန်တိုက်လင်နှင့် စကားပြောနေရင်း သူမ၏အမူအရာ အနည်းငယ်ပြောင်းလဲသွားသည်ကို သတိထားမိလိုက်သည်။ သူမက ချက်ချင်းခေါင်းယမ်း၍ ပုံမှန်မျက်နှာထားကို ပြောင်းလဲလိုက်၏။ ဤအကြီးအကဲများက သူမနှင့်ယဲ့ချန်အကြောင်းကို နောက်ကွယ်တွင် အတင်းအဖျင်းပြောနေကြသော်လည်း သူမက လုံးဝအဖက်မလုပ်ပေ။ သူမက ယဲ့ချန်ကို အတွင်းနန်းဆောင်သို့ ဝင်ခွင့်ပြုရသော အကြောင်းအရင်းမှာ မိတ်ဆွေကောင်းများဖြစ်ပြီး ပေါင်းသင်းဆက်ဆံရ လွယ်ကူသောကြောင့်ဖြစ်၏။ ယဲ့ချန်ကား သူမနှင့်စကားပြောရာတွင် အကြောက်အလန့်မရှိ ပြောရဲသည့် တစ်ယောက်တည်းသောသူဖြစ်သည်။ သို့သော်လည်း ယဲ့ချန်နှင့်ပတ်သက်သော အချို့ခံစားချက်များကိုမူ သူမကိုယ်တိုင် နားမလည်ပေ။
"မိုးကြိုးမျိုးနွယ်ခေါင်းဆောင်ပိုမေ့က နင့်ကို လက်ထပ်ချင်တယ်ဆို။ နင်က မလိုချင်ဘူးလား။ ကြယ်သလင်းကျောက်ထဲက မြင်ရတဲ့ပုံတွေအရ သူကလည်း ပါရမီရှင်တစ်ယောက်ဖြစ်မှာပါ။ ခွန်အားမှာဆိုရင်လည်း သူက တိုက်ကြီးတစ်ခုလုံးရဲ့ နံပတ်တစ်လေ"
ယဲ့ချန်က သူ၏အမြင်ကို ထုတ်ပြောလိုက်သည်။ ပိုမေ့အပေါ်ထားသော သူ၏ပထမဆုံးအမြင်က သိပ်မဆိုးလှပေ။
သို့သော် သူ၏စကားအဆုံးတွင် ထန်တိုက်လင်က မျက်မှောင်ကြုတ်၍ စိုက်ကြည့်လာခဲ့သည်။ သူမ၏အကြည့်ကြောင့် ယဲ့ချန်က တိတ်ဆိတ်သွားပြီး ခေါင်းကုတ်လိုက်မိသည်။ သူက ထန်တိုက်လင်ကို ရန်စမိသောကြောင့် သူမက ချက်ချင်းအေးစက်သွားခြင်းဖြစ်နိုင်သည်။ ထို့ကြောင့် စကားလမ်းကြောင်းလွှဲရန် စဥ်းစားလိုက်သည်။ ကံကောင်းစွာဖြင့် ထန်တိုက်လင်၏အကြည့်တွင် သတ်ဖြတ်လိုစိတ်မရှိပေ။ သို့မဟုတ်လျှင် သူမ၏ခွန်အားဖြင့် အကြည့်တစ်ချက်နှင့် ယဲ့ချန်ကို ဆယ်ခါပြန်သတ်၍ ရပေသည်။
"သမာဓိကောင်စီရဲ့ ခေါင်းဆောင်သုံးယောက်အကြောင်း ငါ ကြားပြီးပြီ။ နင် အခုပြန်လို့ရပြီ။ ပင်လယ်မိစ္ဆာမျိုးနွယ်က ရှေးအပျက်အစီးနယ်မြေကို တိုက်ခိုက်မယ်ဆိုတာနဲ့ နင့်ကို အသိပေးလိုက်မယ်"
ထန်တိုက်လင်၏လေသံက အေးစက်တင်းမာနေသည်။
"ဒီမိန်းမ ဒေါသထွက်သွားတာတော့ မဟုတ်ဘူးမလား။ မိန်းမတွေက တော်တော်ကို ခန့်မှန်းရခက်ခဲတယ်"
ယဲ့ချန်က သူ၏မည်သည့်စကားမှားသွားကြောင်းကို မတွေးတတ်ချေ။
"ကောင်းပြီ။ ဒါဆိုရင် ငါ သွားတော့မယ်။ နင်လည်း ဂရုစိုက်ဦး"
ကိစ္စများရှင်းလင်းပြီးနောက် ယဲ့ချန်က ထွက်ခွာရန် ပြင်လိုက်သည်။ ထို့နောက် သူက ထန်တိုက်လင်ကိုနှုတ်ဆက်ကာ အတွင်းနန်းဆောင်မှ အပြင်သို့ ပျံသန်းလာခဲ့သည်။
"သူက ဒီအတိုင်းထွက်သွားတာလား အရူးကောင်"
ထန်တိုက်လင်သည် အရိပ်အခြည်မသိသော ယဲ့ချန်၏နောက်ကျောကို ခိုးကြည့်ကာ ဝမ်းနည်းစိတ်ကို ခံစားလိုက်ရသည်။
ယဲ့ချန်သည် အတွင်းနန်းဆောင်အပြင်သို့ ရောက်သောအခါ စောင့်ဆိုင်းနေသည့် ငါးလူသားကျန်းရန်ကို တွေ့လိုက်ရသည်။
"မင်း ပြန်ထွက်လာပြီလား"
ကျန်းရန်က လေးစားယဥ်ကျေးစွာ မေးလိုက်သည်။ သူ၏သဘောထား ချက်ချင်းပျော့ပြောင်းလာသည့် အကြောင်းအရင်းမှာ ယဲ့ချန်နှင့်ထန်တိုက်လင်က မိတ်ဆွေများဖြစ်ကြောင်း သိသွားသောကြောင့်ဖြစ်နိုင်သည်။
"အေး"
ယဲ့ချန်က ခေါင်းညိတ်လိုက်၏။
"ကျေးဇူးပြုပြီး ကျုပ် လိုက်ပို့ပေးပါမယ်"
ကျန်းရန်က ဦးညွှတ်၍ ယဲ့ချန်နှင့်အတူ လိုက်ပါလာခဲ့သည်။ ယဲ့ချန်သည် မဟာအကြီးအကဲများကို သဘောမကျသော်လည်း ပင်လယ်မိစ္ဆာမျိုးနွယ်ကိုတော့ ခင်မင်ရင်းနှီးပေသည်။
"ကျုပ် ခင်ဗျားကို တစ်ခုလောက် မေးလို့ရမလား"
ကျန်းရန်က တုံ့ဆိုင်းသော်လည်း မေးမြန်းလိုက်သည်။
"ဘာကိစ္စလဲ မေးပါ"
ယဲ့ချန်က ကျန်းရန်အပေါ် အမြင်ကောင်းရှိသောကြောင့် ခေါင်းညိတ်ပြလိုက်သည်။
"ခင်ဗျားနဲ့အရှင်မက အတွင်းနန်းဆောင်ထဲမှာ တစ်ခုခုဖြစ်ခဲ့ကြသေးလား"
ကျန်းရန်က တုံ့ဆိုင်းစွာဖြင့် မေးလိုက်သည်။
"ဘာလဲဟ"
ကျန်းရန်၏စကားကြောင့် ပျံသန်းနေသော ယဲ့ချန်က ပြုတ်ကျသွားလုနီးပါးဖြစ်သွားခဲ့သည်။ သူက ကျန်းရန်၏ဦးနှောက်ကြောင့် ဆွံ့အသွားကာ မင်သက်နေခဲ့သည်။ သူနှင့်ထန်တိုက်လင်က အတွင်းနန်းဆောင်တွင် ခဏတာသာအတူရှိခဲ့သော်လည်း ပင်လယ်မိစ္ဆာမျိုးနွယ်က ဤအခြေအနေအထိ တွေးခဲ့ကြသည်။
"ကျုပ် နားလည်ပါပြီ"
ယဲ့ချန်၏အမူအရာကို မြင်သောအခါ ထန်တိုက်လင်နှင့်ပတ်သက်၍ ကံကောင်းသူဟု ကျန်းရန်က အထင်လွဲမှားသွားခဲ့သည်။
"ဟကောင်ရေ မင်းက ဘာတွေနားလည်နေတာလဲဟ"
ကျန်းရန်၏စကားကြောင့် ယဲ့ချန်မှာ ရူးမတတ်ဖြစ်သွားခဲ့သည်။ သူက ကျန်းရန်ကိုပိတ်ရိုက်၍ မေးခွန်းတစ်ခု မေးချင်စိတ်ကို မနည်းထိန်းချုပ်နေရ၏။
"အရှင်မက ပင်လယ်မိစ္ဆာမျိုးနွယ်ရဲ့ နံပတ်တစ်ပါရမီရှင်ဖြစ်ပြီး နှစ်တစ်ထောင်မှ တစ်ယောက်သာ ပေါ်လာနိုင်တယ်။ တကယ်လို့ သူမသာ မင်းရဲ့ကလေးကိုလွယ်ထားရင် မင်းရဲ့ကလေးက ပင်လယ်မိစ္ဆာမျိုးနွယ်မှာ အစွမ်းအထက်ဆုံး ကျင့်ကြံသူဖြစ်လာလိမ့်မယ်"
ကျန်းရန်က လက်တစ်ဖက်ကို ဘယ်ဘက်ရင်ဘတ်တွင်ကပ်၍ ရိုးသားပွင့်လင်းစွာ ဦးညွှတ်လိုက်သည်။
"ပင်လယ်မိစ္ဆာမျိုးနွယ်တွေရဲ့ ခေါင်းက တစ်ခုခုချောင်နေတာလား ဒါမှမဟုတ် အတွေးလွန်နေကြတာလား။ ငါက ထန်တိုက်လင်ရဲ့ အတွင်းနန်းဆောင်ထဲမှာ အချိန်ခဏလေး နေခဲ့တာပါကွာ။ ဘယ်က ကလေးကိစ္စ ပါလာရတာတုန်း"
ယဲ့ချန်သည် ရိုးသားသော်လည်း တုံးအသောကျန်းရန်၏ အပြုအမူကြောင့် အူကြောင်ကြောင်ဖြစ်သွားခဲ့သည်။ သူက ခါးသက်သက်ပြုံးလိုက်မိပြီး ဝတ်ရုံထဲ မစင်စွန့်မိသည့်ပမာ မသက်မသာဖြစ်သွားခဲ့သည်။
"မင်းတို့ အထင်လွဲနေတာပါကွာ"
"အထင်လွဲတာလား။ ဒါပေမယ့် အရှင်မရဲ့အတွင်းနန်းဆောင်ကို ခင်ဗျားကလွဲလို့ ဘယ်သူမှမဝင်ဖူးဘူး။ ဒါကြောင့် ခင်ဗျားနဲ့ အရှင်မက သေချာပေါက်ရင်းနှီးမှာပေါ့"
ကျန်းရန်၏စကားကြောင့် ယဲ့ချန်မှာ ပင်လယ်မိစ္ဆာမျိုးနွယ်ဝင်များ အတွေးလွန်နေရသော အကြောင်းအရင်းကို နားလည်လိုက်သည်။ ထန်တိုက်လင်သည် ပိုမေ့ကို လက်မထပ်ချင်သောကြောင့် မဟာအကြီးအကဲသုံးယောက်ကို အမြဲတစေဆန့်ကျင်ခဲ့သည်။ သူ့ကို အတွင်းနန်းဆောင်သို့ဝင်ခွင့်ပေးခြင်းမှာ မဟာအကြီးအကဲများကို ဆန့်ကျင်လိုသောကြောင့်ဖြစ်နိုင်သည်။ အတွင်းနန်းဆောင်အတွင်း သူတစ်ယောက်တည်းသာ ဝင်ခွင့်ရခဲ့သောအခါ ထန်တိုက်လင်နှင့်သူ့အပေါ် လူတိုင်း အထင်လွဲမှားသွားကြသည်။ အတွင်းနန်းဆောင်က သူမ၏အိပ်ခန်းနှင့် တူညီပေသည်။
"ဒီမိန်းမကတော့ ငါ့ကို ပြဿနာတွေပေးလိုက်ပြီ"
ယဲ့ချန်က ဤအချက်ကို နားလည်သွားသောအခါ စတင်ခေါင်းကိုက်လာသည်။ အကယ်၍ ပိုမေ့သာ ထန်တိုက်လင်၏ အတွင်းနန်းဆောင်အတွင်း ယောကျ်ားတစ်ယောက်ဝင်ခဲ့ကြောင်းသိလျှင် ဒေါသူပုန်ထသွားနိုင်သည်။ အကယ်၍ မိုးကြိုးမျိုးနွယ်နှင့် ပင်လယ်မိစ္ဆာမျိုးနွယ်၏ဆက်ဆံရေးတွင် အက်ကြောင်းထင်သွားလျှင် မဟာအကြီးအကဲများ၏ဒေါသက သူ့အပေါ် ပုံကျလာပေလိမ့်မည်။ မဟာအရှေ့ပိုင်းတိုက်ကြီး၏ နံပတ်တစ်ကျင့်ကြံသူနှင့် ထူးကဲအဆင့် မဟာအကြီးအကဲသုံးယောက်က ပေါ့သေးသေးပြဿနာ မဟုတ်ချေ။
သို့သော် ကိစ္စများက ဖြစ်ပျက်သွားပြီးဖြစ်သောကြောင့် နောင်တရနေလျှင်လည်း အပိုပင်ဖြစ်သည်။ သူနှင့် ထန်တိုက်လင်က ကင်းရှင်းကြောင်း ရှင်းပြလျှင်ပင် ယုံကြည်သူများစွာ ရှိမည်မဟုတ်ပေ။ ဤတစ်ကြိမ်တွင် သူက ထန်တိုက်လင်ကြောင့် ပြဿနာတက်ပြီဖြစ်သည်။ အကယ်၍ ပိုမေ့နှင့် မဟာအကြီးအကဲများက သူ့ကိုပြဿနာလာရှာလျှင် ထန်တိုက်လင်ကို ဒိုင်းအဖြစ်သုံးရန် ယဲ့ချန်က ဆုံးဖြတ်လိုက်သည်။ ယဲ့ချန်မှာ မတော်မတရားအကျင့်ခံလိုက်ရသကဲ့သို့ ခံစားနေရပြီး ယောကျ်ားတစ်ယောက်၏ဂုဏ်သိက္ခာ စော်ကားခံလိုက်ရသည်။ ထို့နောက် သူ၏မျက်နှာထက်တွင် ခပ်ညစ်ညစ်အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ သူက အကြောင်းအရင်းမရှိဘဲ ထောင်ချောက်အဆင်မခံနိုင်ပေ။
"မင်းကို အမှန်အတိုင်းပြောရရင် အရှင်မရဲ့ အေးစက်တဲ့အပြုအမူကြောင့် အရူးလုပ်မခံရစေနဲ့။ တကယ်တော့ သူမက တော်တော်လေး နွေးထွေးသိမ်မွေ့တယ်"
ယဲ့ချန်၏အကြည့်က ရိုးသားဖြူစင်သော အတွေးများသာရှိသည့် ကျန်းရန်ထံ ရောက်သွားခဲ့သည်။ ထို့နောက် သူက ကျေနပ်အားရစွာ ပြန်တွေးနေသည့်ဟန်ဖြင့် နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်သည်။ ယဲ့ချန်၏စကားကြောင့် ကျန်းရန်က အူကြောင်ကြောင်ဖြစ်သွားခဲ့သည်။ သူက အရူးလုပ်ခံနေရကြောင်းကို သဘောမပေါက်ဘဲ အချိန်ကြာမြင့်စွာ လေးလေးနက်နက်တွေးတောလိုက်သည်။ သို့သော် သိမ်မွေ့သော ထန်တိုက်လင်၏ပုံရိပ်ကို တွေးမရချေ။
"မိန်းမတွေက ပိုပြီးအေးစက်စက်လေလေ ယောကျ်ားတွေရဲ့ သိမ်းပိုက်လိုတဲ့ဆန္ဒက ပိုပြီးကြီးမားလေလေ ဖြစ်တယ်ကွ။ မင်း နားလည်လား"
ယဲ့ချန်က ထပ်ပြောလိုက်သည်။ ကျန်းရန်က ယဲ့ချန်ကို ပါးစပ်အဟောင်းသားဖြင့် ပြန်ကြည့်နေခဲ့သည်။
"ငါ့အထင် မင်း နားမလည်လောက်ပါဘူး။ ဒီတစ်ကြိမ်မှာ မင်းရဲ့အရှင်မကြောင့် ငါက ကောင်းချီပေးခံရတာမဟုတ်ဘူး။ ငါကသာ မင်းရဲ့အရှင်မကို ကောင်းချီးပေးလိုက်တာဖြစ်တယ်။ ဒါကိုတော့ မင်း နားလည်တယ်မလား"
ယဲ့ချန်က ကျန်းရန်၏အကြည့်ကို မြင်သောအခါ စိတ်ထဲတွင် ရယ်ချင်ပက်ကျိဖြစ်နေခဲ့သည်။ တုံးအသူများက အရူးလုပ်၍ အကောင်းဆုံးဖြစ်သည်။ ကျန်းရန်သည် နောက်ဆုံးတွင် နားလည်သွားပြီး မျက်လုံးအပြူးသားနှင့် ပါးစပ်အဟောင်းသား ဖြစ်နေခဲ့သည်။ သူ၏အကြည့်က မယုံနိုင်ခြင်းကို ဖော်ပြနေသည်။
"ယောကျ်ားတွေက ပိုပြီးကြီးစိုးမောက်မာသင့်တယ်။ မင်းက မိန်းမတစ်ယောက်ရှေ့မှာ အားနည်းပြနေရင် မိန်းမတစ်ယောက်ကိုတောင် ဆွဲဆောင်နိုင်မှာမဟုတ်ဘူး။ မင်းရဲ့အရှင်မလို သန်မာတဲ့မိန်းမတွေက ကြီးစိုးခံရဖို့ လိုအပ်တယ်။ သူမကို နွေးနွေးထွေးထွေးထောက်ပံ့ပေးဖို့ တစ်ယောက်ယောက် လိုအပ်နေတယ်"
ယဲ့ချန်က မျက်တောင်တစ်ချက်မခတ်ဘဲ ကျန်းရန်ကို အရှက်မဲ့စွာ သင်ကြားပေးနေလေသည်။