ပင်လယ်မိစ္ဆာဘိုးဘေးများ၏ သဘောထား
Vol. 31 Ch. 434
ယဲ့ချန်သည် ငါးလူသားကျန်းရန်ကို အရူးလုပ်နိုင်လိုက်သောအခါ လျှို့ဝှက်စွာ ပျော်ရွှင်သွားခဲ့သည်။ ထန်တိုက်လင်က သူ့ကို အသိပေးခြင်းမရှိဘဲ မြေစာပင်အဖြစ် အသုံးချခံရခြင်းကို တန်ပြန်လိုက်ခြင်းဖြစ်သည်။ ထန်တိုက်လင်၏ ဘေးတွင်ရှိနေရခြင်းမှာ ဖိအားအလွန်များသောကြောင့် ဤသို့ပြုလုပ်လိုက်သောအခါတွင်မှ သူက အနည်းငယ်ကျေနပ်သွားခဲ့သည်။
ကျန်းရန်သည် အချိန်ကြာမြင့်စွာစဥ်းစားပြီးနောက် ယဲ့ချန်၏ဆိုလိုရင်းကို သဘောပေါက်သွားခဲ့သည်။ သူက လက်သီးနှင့်လက်ဝါးကို ဖြတ်ခနဲရိုက်၍ ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ ပင်လယ်မိစ္ဆာမျိုးနွယ်၏ မည်သည့်ယောကျ်ားကိုမှ ထန်တိုက်လင်စိတ်မဝင်စားသည်မှာ အဆန်းမဟုတ်တော့ပေ။ သူတို့အားလုံးက လုံလောက်အောင် ကြီးစိုးမောက်မာခြင်း မရှိသောကြောင့်ဖြစ်သည်။ ကျန်းရန်သည် ယဲ့ချန်အပေါ်လေးစားသော အနေအထားမှ ကိုးကွယ်ဆည်းကပ်သည့် အနေအထားအထိ ရောက်သွားခဲ့သည်။
"ယောကျ်ားတစ်ယောက်က မိန်းမတွေကို ကြင်နာရမယ်ဆိုတာ မှန်တယ်။ ဒါပေမယ့် သူမက မနာခံဘူးဆိုရင် တင်ပါးကို ခပ်ဆတ်ဆတ်ကလေး ရိုက်ပေးရမယ်ကွ"
ယဲ့ချန်က မေးကို လက်ဖြင့်ပွတ်သပ်၍ လေးနက်စွာပြောလိုက်သည်။ သူ၏အမူအရာက အတိတ်တွင် ထန်တိုက်လင်ကို ဤသို့ပြုလုပ်ခဲ့သည့်အဖြစ်အား ပြန်လည်စဥ်းစားနေပုံပေါ်သည်။
ယဲ့ချန်၏စကားကြောင့် ကျန်းရန်၏မျက်နှာက ဝင်းလက်သွားကာ ခေါင်းညိတ်ပြလိုက်သည်။ သူ၏ရှေ့ရှိယောကျ်ားက မြောက်ပင်လယ်ဘုရင်မ၏တင်ပါးကို ရိုက်ဝံ့သူဖြစ်သောကြောင့် သူ၏လေးစားမှုက အဆမတန်ကြီးထွားလာသည်။ ယဲ့ချန်သည် ကျန်းရန်၏အမူအရာကို မြင်သောအခါ ပင်လယ်မိစ္ဆာမျိုးနွယ်ဝင်များက အမှန်တကယ်ရိုးစင်း၍ တုံးအကြောင်း လက်ခံလိုက်သည်။ ကျန်းရန်က သူ၏ပေါက်ကရစကားကို အမှန်တကယ်ယုံကြည်နေသည်။ ထိုအချိန်တွင် သူ၏အတွေးထဲ၌ ထန်တိုက်လင်၏တင်ပါးကိုသာ ရိုက်ခွင့်ရလျှင် မည်သို့သော ခံစားချက်မျိုးရနိုင်မည်ကို ယဲ့ချန်က စဥ်းစားလိုက်မိသည်။
"နင် ပေါက်ကရတွေဆက်ပြောနေရင် ငါကိုယ်တိုင် လာသတ်မှာနော်"
အချိန်တွင် အေးစက်စက်စကားသံတစ်ခုက ယဲ့ချန်၏နားအတွင်း မြည်ဟီးသွားခဲ့သည်။ သူမက ဒေါသထွက်နေသဖြင့် မူလကဲ့သို့ အေးစက်တည်ကြည်ခြင်းမရှိဘဲ စိတ်ဆိုးနေသော မိန်းမငယ်တစ်ယောက်နှင့် တူညီနေသည်။ သူက ပင်လယ်အနက်ပိုင်းကိုတလှည့် ကျန်းရန်ကိုတလှည့် ကြည့်လိုက်သည်။ ကျန်းရန်က ထန်တိုက်လင်၏စကားကို ကြားပုံမပေါ်သောကြောင့် သူက ခပ်ယဲ့ယဲ့ပြုံးလိုက်၏။ ထန်တိုက်လင်က သူ့ကိုမသတ်ကြောင်း ယုံကြည်ထားသော်လည်း မိန်းမတစ်ယောက်၏ဒေါသကို ဆက်လက်ရန်စရန် မသင့်ချေ။ အချို့သော အကြောင်းအရင်းကြောင့် သူက ထန်တိုက်လင်စိတ်ဆိုးနေသော အမူအရာကို နှစ်သက်နေမိသည်။
"ငါ သိပ်မကြာခင် ပြန်လာဦးမယ်။ အခုတော့ နှုတ်ဆက်တယ်"
ယဲ့ချန်က တစ်ချက်ပြုံး၍ ကျန်းရန်ကိုနှုတ်ဆက်ကာ ထွက်ခွာသွားခဲ့သည်။ ကျန်းရန်သည် သူ၏ကျောပြင်ကို ရိုသေလေးစားစွာ ငေးကြည့်နေခဲ့သည်။ နောက်တစ်ကြိမ်ပြန်တွေ့လျှင် ပင်လယ်မိစ္ဆာမျိုးနွယ်ဝင် မိန်းမပျိုများ၏နှလုံးသားကို သိမ်းပိုက်ရန် ယဲ့ချန်ထံ သင်ယူမည်ဟု ဆုံးဖြတ်လိုက်သည်။ ပင်လယ်မိစ္ဆာမျိုးနွယ်သည် အချစ်ရေးကို အလွန်တန်ဖိုးထားပြီး သစ္စာရှိသောကြောင့် တစ်ဘဝလုံးတွင် လက်တွဲဖော်တစ်ယောက်သာ ထားရှိသည်။ ထို့ကြောင့် မိန်းမပျိုများက လက်တွဲဖော်ရွေးချယ်ရာတွင် အလွန်သတိထားကာ လေးနက်သောကြောင့် ကျန်းရန်က အစွမ်းထက်သူဖြစ်သော်လည်း လှပသော မိန်းမပျိုတစ်ယောက်နှင့် လက်တွဲခွင့်မရခဲ့ချေ။
ယဲ့ချန်၏ပုံရိပ်က အဝေးတွင် လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။ ထန်တိုက်လင်က သူမ၏ဝိညာဥ်အသိစိတ်ကို ရုတ်သိမ်းလိုက်သည်။ သူမ၏အဆင့်အတန်းနှင့် အကျင့်စရိုက်အရ ကျန်းရန်ကဲ့သို့ငယ်သားတစ်ယောက်ကို ရှင်းပြမည်မဟုတ်ချေ။ သို့သော် ယဲ့ချန်က သူမအပေါ်အမြတ်ထုတ်ကာ ပေါက်ကရများပြောသွားသည့်တိုင်အောင် နှလုံးသားထဲတွင် မမုန်းနိုင်သောကြောင့် အံကြိတ်လိုက်မိသည်။ သူမ၏အတွင်းနန်းဆောင်က အတိတ်ကဲ့သို့ အထီးကျန်၍ ဗလာဖြစ်ခြင်းမရှိတော့ပေ။
ထန်တိုက်လင်သည် ပုလဲလိုက်ကာရှေ့တွင် ရပ်နေပြီး ယဲ့ချန်၏စကားများကို ပြန်တွေးမိသွားသောအခါ လှပစွာပြုံးလိုက်မိသည်။ ဤအပြုံးအောက်တွင် လှပသော ပုလဲလိုက်ကာ၏အလှတရားပင် မှိန်ဖျော့သွားခဲ့သည်။ အကယ်၍ သူမ၏မျိုးနွယ်ဝင်များသာ ဤအပြုံးကိုမြင်လျှင် မေးများ ကြမ်းပြင်သို့ရောက်သည်အထိ ပါးစပ်အဟောင်းသား ဖြစ်သွားပေလိမ့်မည်။ အမြဲတမ်းအေးစက်ကာ တည်ငြိမ်သော မြောက်ပင်လယ်ဘုရင်မက မိန်းမပျိုလေးတစ်ယောက်ကဲ့သို့ ပြုံးနေသောကြောင့်ဖြစ်သည်။
ထိုအချိန်၌ မိုင်ပေါင်းထောင်ချီအကွာမှ ဝိညာဥ်အသိစိတ်သုံးခုက သူမထံ ဆက်သွယ်လာခဲ့သည်။ ၎င်းတို့က ဘိုးဘေးနယ်မြေ၏အစောင့်အကြပ် မဟာအကြီးအကဲသုံးယောက်ဖြစ်သောကြောင့် ထန်တိုက်လင်က မျက်မှောင်ကြုတ်လိုက်သည်။ သူမက မြောက်ပင်လယ်၏ ဘုရင်မဖြစ်သော်လည်း သူတို့သုံးယောက်အောက် အဆင့်အတန်းနိမ့်ကျသည်။ မျိုးနွယ်ဘိုးဘေးများ၏ ဝိညာဥ်များက ဘိုးဘေးနယ်မြေတွင် တည်ရှိနေပြီး ထန်တိုက်လင်၏ခမည်းတော်ပင် သေဆုံးသွားချိန်၌ ဝိညာဥ်က ပြန်လည်ရောက်ရှိလာခဲ့သည်။ ထို့ကြောင့် မဟာအကြီးအကဲသုံးယောက်သည် ပင်လယ်မိစ္ဆာမျိုးနွယ်တွင် အရေးကြီးသောနေရာကို ပိုင်ဆိုင်ထားကြသည်။ သူမက သူတို့ကို အချို့ကိစ္စများတွင် ဆန့်ကျင်နိုင်သော်လည်း တိုက်ရိုက်တွန်းလှန်၍ မရချေ။
"အကြီးအကဲတို့ ဘာကြောင့် ဆက်သွယ်လာတယ်ဆိုတာကို ငါ သိပါရစေ"
ထန်တိုက်လင်၏ ဝိညာဥ်အသိစိတ်သည် အတွင်းနန်းဆောင်အပြင်သို့ ထွက်လာခဲ့သည်။ သူမက လှပသောအပြုံးကို ပြန်လည်ရုတ်သိမ်းထားကာ ပုံမှန်အတိုင်း အေးစက်တည်ငြိမ်နေသည်။
"အရှင်မ ကျုပ်တို့က ဘိုးဘေးတွေနဲ့ဆွေးနွေးခဲ့ပါတယ်။ သူတို့က ပင်လယ်မိစ္ဆာမျိုးနွယ်နဲ့ မိုးကြိုးမျိုးနွယ်က မဟာမိတ်လုပ်ဖို့မလိုဘူးလို့ ဆုံးဖြတ်ပေးလိုက်ကြတယ်။ အရှင်မက ပင်လယ်မိစ္ဆာမျိုးနွယ်မှာ နှစ်ပေါင်းထောင်ချီအတွင်း ပါရမီအရှိဆုံးဖြစ်လို့ ဘိုးဘေးတွေရဲ့အမွေအနှစ်ကို ဆက်ခံရပါလိမ့်မယ်။ ဒါကြောင့် မိုးကြိုးမျိုးနွယ်နဲ့ ချည်နှောင်ခံစရာ မလိုအပ်တော့ပါဘူး"
မဟာအကြီးအကဲတစ်ယောက်၏ စကားသံက ညှင်သာစွာ ထွက်ပေါ်လာခဲ့သည်။ သူ၏စကားကြောင့် ထန်တိုက်လင်၏ အေးစက်သောအကြည့်နှင့် အရှိန်အဝါက အနည်းငယ်ပြေလျော့သွားသည်။ သူမက မဟာအကြီးအကဲသုံးယောက်နှင့် ပြဿနာကို ဖြေရှင်းနိုင်တော့မည် ဖြစ်သောကြောင့် ကျေနပ်သွားခဲ့သည်။
"ဒါပေမယ့် ဘိုးဘေးတွေက အရှင်မသဘောတူရမယ့် အခြေအနေတစ်ခုကို ပြောပြလိုက်ပါတယ်"
မဟာအကြီးအကဲက စကားလမ်းကြောင်း ပြောင်းလိုက်သည်။ သူ၏အသံက ညှင်သာသော်လည်း ဆုံးဖြတ်ချက်ပြတ်သားစွာ ချထားပုံပေါ်သည်။
"ကျေးဇူးပြုပြီး ပြောပါ"
ထန်တိုက်လင်က မော်ပင်မကြည့်ဘဲ ပြန်မေးလိုက်သည်။
"ဝိညာဥ်သားရဲကပ်ဘေး ဖြစ်ပေါ်လာပြီ။ ဒီပြဿနာက လောလောဆယ်မကြီးမားပေမယ့် ငါတို့မျိုးနွယ်ကို ခြိမ်းခြောက်လာနိုင်တယ်။ ဘိုးဘေးတွေက အန္တရာယ်ကို ကြိုတင်ခန့်မှန်းထားနိုင်တယ်။ တကယ်လို့ အန္တရာယ်ကျရောက်လာရင် အရှင်မက မျိုးနွယ်အတွက် သေချာပေါက်အသက်စွန့်တိုက်ခိုက်လိမ့်မယ်။ ဒါပေမယ့် ငါတို့မျိုးနွယ်ရဲ့ အကောင်းဆုံးသွေးမျိုးဆက်ကို အလဟဿအဖြစ်ခံလို့မရဘူး"
မဟာအကြီးအကဲက စိုးရိမ်စွာ ပြောလိုက်သည်။ ထန်တိုက်လင်က မျက်မှောင်ကြုတ်လိုက်သော်လည်း ထပ်ပြောလာမည့်စကားကို စောင့်ဆိုင်းနေခဲ့သည်။
"ပိုမေ့မှာ အလွန်အစွမ်းထက်တဲ့ မိုးကြိုးသားရဲသွေးဆက်ကို ပိုင်ဆိုင်ထားတယ်။ ဒါကြောင့် သူက အလွန်သင့်တော်တဲ့ လက်တွဲဖော်ဖြစ်တယ်"
မဟာအကြီးအကဲသည် ထန်တိုက်လင်၏အမူအရာကြောင့် ခဏတာနှုတ်ဆိတ်သွားပြီး မည်သို့ပြောရမည်ကို စဥ်းစားလိုက်သည်။ ထို့နောက် သူက စကားစဆက်လိုက်၏။ စကားလမ်းကြောင်းက မူလခေါင်းစဥ်သို့ ပြန်ရောက်လာသောကြောင့် ထန်တိုက်လင်မှာ မကျေမနပ်ဖြစ်သွားခဲ့သည်။
"ဒီအကြောင်းဆိုရင် ဆက်မပြောပါနဲ့တော့။ ဒါက ဘယ်လိုမှမဖြစ်နိုင်ဘူး။ ဘိုးဘေးတွေရဲ့သဘောထားဆိုရင်တောင် လက်မခံနိုင်တဲ့အတွက် ကျွန်မကို ခွင့်လွှတ်ပေးပါ"
သူမက မဟာအကြီးအကဲ၏စကားကို ဖြတ်ပြောကာ တားမြစ်လိုက်သည်။
"အရှင်မ ကျုပ်ပြီးအောင် ပြောပါရစေဦး။ ပိုမေ့ရဲ့သွေးဆက်က သိပ်မဆိုးပေမယ့် ပိုပြီးအစွမ်းထက်တဲ့ သွေးဆက်တစ်ခုကို ကျုပ်တို့ ရှာတွေ့ထားတယ်။ ဒါကြောင့် အရှင်မအတွက် ကြယ်ခန်းမသခင်ကို လက်တွဲဖော်အဖြစ် ရွေးချယ်နိုင်ပါတယ်"
မဟာအကြီးအကဲက တစ်ချက်ပြုံး ၍ ညှင်သာစွာပြောလိုက်သည်။ ထန်တိုက်လင်က ဤစကားကြောင့် နှလုံးသားထဲတွင် တင်းကျပ်သွားခဲ့သည်။ သူမက ပိုမေ့ကို ငြင်းပယ်နေကျကဲ့သို့ ချက်ချင်းကန့်ကွက်ရမည့်အစား တိတ်ဆိတ်သွားခဲ့သည်။
"ဒါက အခွင့်အရေးပဲ"
ဘိုးဘေးနယ်မြေရှိ မဟာအကြီးအကဲသုံးယောက်က တစ်ယောက်ကိုတစ်ယောက်စိုက်ကြည့်၍ ကျေနပ်စွာပြုံးလိုက်သည်။ ထန်တိုက်လင်သည် ရေခဲပြာမျိုးနွယ်ခွဲတွင် အသန်မာဆုံးနှင့်အသန့်စင်ဆုံးသော သွေးဆက်ကို ပိုင်ဆိုင်ထားသည်။ ဤမျိုးနွယ်တွင် ထူးခြားချက်တစ်ခုရှိပြီး မွေးဖွားလာသော ကလေးများက အသန့်စင်ဆုံးသွေးဆက်ကို ပိုင်ဆိုင်ထားသည့်အပြင် အခြားမျိုးနွယ်များမှ အစွမ်းထက်သွေးဆက်များကို စုပ်ယူကာ သန်မာလာနိုင်ကြသည်။ ထန်တိုက်လင်၏မိခင်သည် လူသားမျိုးနွယ်၏ ထိပ်တန်းမျိုးနွယ်ကြီးများမှဖြစ်ကာ သူမကို မွေးဖွားခဲ့သည်။ သူမက ဖခင်ဘက်မှ ရေခဲပြာမျိုးနွယ်၏ သန့်စင်သောသွေးဆက်အပြင် မိခင်ဘက်မှ ကောင်းကျိုးမှန်သမျှကိုလည်း ရယူနိုင်ခဲ့သည်။ ထို့ကြောင့် သူမ၏ပါရမီက အလွန်မြင့်နေခြင်းဖြစ်ကာ ကျန်ရေခဲပြာမျိုးနွယ်ဝင်များထက် ပို၍အစွမ်းထက်ပေသည်။ ၎င်းက လူသားမျိုးနွယ်၏ ထိပ်တန်းပါရမီရှင်များထက် ပို၍မြင့်မားသည်။
"တကယ်လို့ အရှင်မသာ ကလေးတစ်ယောက်မွေးဖွားပေးပြီး မျိုးဆက်ကိုထိန်းသိမ်းနိုင်ခဲ့ရင် ဘိုးဘေးဝိညာဥ်တွေ ကျေနပ်ကြပါလိမ့်မယ်။ ဝိညာဥ်သားရဲကပ်ဘေး ရောက်လာရင်လည်း ကလေးကို ဘိုးဘေးနယ်မြေမှာ ဘေးမသီရန်မခအောင် စောင့်ရှောက်ပေးဖို့ အာမခံပါတယ်"
"ကျွန်မကို စဥ်းစားချိန်ပေးပါ"
ထန်တိုက်လင်၏မျက်နှာထက်တွင် တုံ့ဆိုင်းနေဟန် အထင်းသားထွက်ပေါ်လာသည်။ သူမက အံကြိတ်ပြီး အချိန်အတန်ကြာစဥ်းစားနေရာမှ အဖြေပေးလိုက်သည်။ သူမက ယဲ့ချန်အပေါ် ဆိုးရွားသောအမြင်မရှိသော်လည်း ဘိုးဘေးများ၏သဘောထားကို ချက်ချင်းလက်ခံနိုင်စွမ်းမရှိပေ။ ပင်လယ်မိစ္ဆာမျိုးနွယ်တွင် မျိုးဆက် ဆက်လက်တည်တံ့ရန်က အရေးအပါဆုံးကိစ္စဖြစ်သည်။ ထန်တိုက်လင်သည် ရေခဲပြာသွေးဆက်ကို ပိုင်ဆိုင်ထားသော်လည်း လှပသိမ်မွေ့သော မိခင်၏စိတ်ထားက သူမ၏အတွင်းစိတ်ကို လွှမ်းမိုးထားသည်။ သူမ၏မျက်နှာက အေးစက်တည်ငြိမ်နေသော်လည်း နှလုံးသားထဲတွင် ခံစားချက်များ လှိုင်းထန်နေပြီဖြစ်သည်။
ယဲ့ချန်သည် မြောက်ပင်လယ်မှ ထွက်ခွာလာပြီးနောက် ကြယ်ခန်းမတည်ရှိသော လင်းယွန်တောင်တန်းထံ ဦးတည်ခဲ့သည်။ လမ်းတလျှောက်တွင် သူ၏အတွေးများက ရှုပ်ထွေးလာခဲ့သည်။ ဤကမ္ဘာကြီးတွင် တိုက်ကြီးလေးခုက ဆက်နွယ်နေသော်လည်း အလယ်ရှိ ကောင်းကင်မူလတိုက်ကြီးကို အစီအရင်တစ်ခုက နှစ်ပေါင်းထောင်ချီကြာအောင် ဖုံးကွယ်ထားခဲ့သည်။ ထိုသို့ပြုလုပ်ခဲ့သော အကြောင်းအရင်းနှင့် စွမ်းဆောင်နိုင်သူက မည်သူဖြစ်ကြောင်းကို သူ မသိပေ။ ခရမ်းမီးတောက်ကြယ်ခြင်္သေ့ပင် အဖြေမပေးနိုင်သောကြောင့် အနာဂတ်တွင် သူကိုယ်တိုင် ဤလျှို့ဝှက်ချက်ကို ရှာဖွေဖော်ထုတ်ရမည်ဖြစ်သည်။
ကြယ်ခန်းမသို့ ယဲ့ချန်က လျင်မြန်စွာပြန်ရောက်လာခဲ့ပြီး ခန်းမသခင် လုံခြုံစွာပြန်ရောက်လာသောကြောင့် ငယ်သားများ ပျော်ရွှင်နေကြသည်။ ဝိညာဥ်သားရဲကပ်ဘေးကြောင့် အန္တရာယ်များလှသော ဤလောကကြီးတွင် ယဲ့ချန်က သူတို့၏နောက်ခံ ကျောရိုးမကြီးဖြစ်သည်။
ကြယ်ခန်းမ၏ ကောင်းကင်ကြယ်ခန်းမအတွင်း ဖြစ်သည်။ ၎င်းက အကြီးမားဆုံးခန်းမကြီးဖြစ်ပြီး အလွန်ကြီးကျယ်ခမ်းနားကာ လူသုံးယောက်ဖက်စာခန့်ရှိသော တိုင်လုံးကြီးများဖြင့် ထောက်ကန်ထားသည်။ နံရံများနှင့် မျက်နှာကျက်ပေါ်တွင် လှပကာရှုပ်ထွေးသော ပုံရိပ်များကို ထွင်းထုထားသည်။ အနီးကပ်ကြည့်ရှုလိုက်လျှင် ထိုပုံရိပ်များမှာ ကြယ်ခန်းမကိုတည်ဆောက်ခဲ့သော မြင်ကွင်းများ ဖြစ်ကြသည်။ တည်ထောင်သူ ယဲ့ချန်၏ပုံရိပ်ကိုလည်း သိသိသာသာခမ်းနားလှပစေရန် ထွင်းထုထားခဲ့သည်။ ကြီးမားသော ကျောက်စိမ်းလှေကားကြီးများ၏ ဘေးတစ်ဖက်တစ်ချက်တွင် လူဦးခေါင်းအရွယ်ရှိ ပုလဲကြီးများ အလှဆင်ထားသည်။ လှေကားထစ်များ၏ ထိပ်ဆုံးတွင် အဖိုးတန်ပလ္လင်တစ်ခုရှိပြီး အပေါ်တွင် ယဲ့ချန်က ထိုင်နေသည်။
ကောင်းကင်ကြယ်ခန်းမ တည်ဆောက်ပြီးချိန်တွင် လာရောက်စစ်ဆေးသောအခါ ယဲ့ချန်ပင် မျက်ခုံးပင့်လိုက်မိသည်။ ၎င်းက အလွန်ကြီးမား၍ ခမ်းမားလွန်းနေသည်။ သို့သော် မင်ဝူ၊ နင်ချင်းယွင်စသော နောက်လိုက်များက ကြယ်ခန်းမ၏ဂုဏ်ကျက်သရေကို ဖော်ဆောင်နိုင်ရန်အတွက်ဟု အကြောင်းပြချက်ပေးလာသဖြင့် ယဲ့ချန်လည်း မငြင်းဆန်နိုင်ဘဲ လက်ခံလိုက်ရလေသည်။