ပြန်လည်ဆုံတွေ့ခြင်း
Vol. 31 Ch. 435
ယဲ့ချန်သည် ခန်းမသခင်နေရာတွင်ထိုင်၍ အောက်ကို ငုံ့ကြည့်လိုက်သည်။ ခန်းမအတွင်း လက်ထောက်ခန်းမခေါင်းဆောင်များနှင့် ကျင့်ကြံသူများက ရိုသေလေးစားစွာဖြင့် တန်းစီမတ်တပ်ရပ်နေကြသည်။ ခေါင်းဆောင်များက ယဲ့ကျန်ထန်း၊ ထုံတန်၊ မင်ဝူ၊ နင်ချင်းယွင် ၊ရှဲ့တောက်၊ ရှဲ့ကျန်း၊ နေမီးတောက်ငှက်နှင့် ရွှမ်းယီတို့ဖြစ်သည်။ သူတို့၏နောက်တွင် ကြယ်ခန်းမသို့ အသစ်ဝင်ရောက်လာသော လင်းယုန်နက်နှင့် နောက်လိုက်နောက်ပါများ ရပ်နေကြသည်။ များပြားလှသော ကျင့်ကြံသူအရေအတွက်ကြောင့် ကောင်းကင်ကြယ်ခန်းမအတွင်း ပြွတ်သိပ်နေသည်။
ထိုကျင့်ကြံသူများအပြင် နတ်အဆင့်ကျင့်ကြံသူ ခုနစ်ယောက်လည်း ရှိနေသည်။ ယဲ့ချန်သည် ရွှမ်းယီတို့ကိုပို့ဆောင်ရန် ငှားရမ်းခဲ့သော အဆုံးမဲ့ကျင့်ကြံသူသုံးယောက်နှင့် နတ်အဆင့်ကျင့်ကြံသူ ၂၇ယောက်ကြားတွင် အများစုကထွက်ခွာသွားပြီး ခုနစ်ယောက်သာ ကျန်ရစ်ခဲ့သည်။ သူတို့က ဝိညာဥ်သားရဲကပ်ဘေး ဖြစ်ပေါ်မလာခင်အထိ အလယ်အင်ပါယာ၏ တောတောင်များအတွင်း နေထိုင်ခဲ့ကြသည်။ သမာဓိကောင်စီနှင့် ရန်စများရှိသောကြောင့် ဖိနှိပ်ခံထားရသဖြင့် အပြင်ကမ္ဘာသို့ ထွက်ပေါ်လာမခဲ့ကြပေ။ ဝိညာဥ်သားရဲကပ်ဘေးကြောင့် သူတို့ကထွက်ပေါ်လာပြီး အလယ်အင်ပါယာ၏ တော်ဝင်မြို့တော်တွင် အလုပ်ကိုယ်စီလုပ်ကိုင်ခဲ့ရသည်။ သူတို့က နောက်ခံမရှိသောကြောင့် ကျင့်ကြံရေးအရင်းအမြစ်များအတွက် ယဲ့ချန်၏ငှားရမ်းခြင်းကို လက်ခံခဲ့သည်။ ယဲ့ချန်က သူတို့အတွက် ပမာဏကြီးစွာ အသုံးပြုခဲ့သည့်အပြင် ထုံတန်က အရင်းအမြစ်များပေးအပ်မည်ဟု ကတိပေးထားသောကြောင့် ကြယ်ခန်းမနှင့်ပူးပေါင်းရန် သဘောတူခဲ့ကြသည်။ ကျန်ကျင့်ကြံသူများမှာမူ အစွမ်းထက်အင်အားစုကြီးများ၏ စည်းရုံးခြင်းခံထားရသောကြောင့် လက်မခံခဲ့ပေ။ ကြယ်ခန်းမသည် လျင်မြန်စွာတိုးတက်လာသော်လည်း တည်ထောင်ကာစဖြစ်၍ သက်တမ်းရင့်သော အင်အားစုကြီးများနှင့် အခြေခံချင်း ကွာခြားပေသည်။ ကြယ်ခန်းမတွင် အဆုံးမဲ့ကျင့်ကြံသူသုံးယောက်သာရှိပြီး ထူးကဲအဆင့်ကျင့်ကြံသူများနှင့် ကြီးမားစွာကွာဟနေသည်။ သို့သော်လည်း ယဲ့ချန်သည် ကြယ်ခန်းမ၏အနာဂတ်ကို အလွန်ယုံကြည်စိတ်ချလေသည်။
လက်အောက်ငယ်သားများကိုကြည့်၍ ယဲ့ချန်က ဂုဏ်ယူနေခဲ့သည်။ လအနည်းငယ်အတွင်း ကြယ်ခန်းမတွင် အဆုံးမဲ့ကျင့်ကြံသူသုံးယောက်နှင့် နတ်အဆင့်ကျင့်ကြံသူနှစ်ဆယ်ကျော် ပိုင်ဆိုင်လာခဲ့သည်။ လေ့ကျင့်ပြီးလျှင် နတ်အဆင့်ကျင့်ကြံသူနှစ်ဆယ်က တစ်ဆယ်တိုက်ပွဲအစီအရင်ကို ထုတ်ဖော်နိုင်လာနိုင်မည်ဖြစ်သောကြောင့် ရလဒ်ကို သူက ကျေနပ်နေသည်။
ယဲ့ချန်သည် ခရမ်းရောင်နတ်ဆိုးချပ်ဝတ် လေးစုံနှင့် မိုးကြိုးချပ်ဝတ် အစုံသုံးဆယ်ကို ယဲ့ကျန့်ထန်း၊ ယဲ့မုန်၊ ယဲ့ရွှမ်နှင့် ပါရမီရှိသော တပည့်များထံ ဖြန့်ဝေပေးခဲ့၏။ နတ်အဆင့်ကျင့်ကြံသူများ၏ ရုပ်ခန္ဓာများက အလွန်သန်မာသောကြောင့် ဤချပ်ဝတ်များက အားနည်းသော ကျင့်ကြံသူများအတွက် ပို၍အသုံးဝင်ပေလိမ့်မည်။ ထို့အပြင် သူက လက်နက်ကောင်စီမှရလာသော ဓားသုံးလက်အစီအရင်များကိုလည်း ဖြန့်ဝေပေးလိုက်သည်။ အစွမ်းထက်ချပ်ဝတ်များနှင့် ဓားသုံးလက်အစီအရင်ကို တွဲဖက်အသုံးချလိုက်လျှင် ဆန်းကျယ်အဆင့်ကျင့်ကြံသူများသည် သာမန်နတ်အဆင့်ကျင့်ကြံသူများကို ယှဥ်ပြိုင်နိုင်မည်ဖြစ်သည်။ ဤအချက်က နတ်အဆင့်ကျင့်ကြံသူများစွာ ပိုင်ဆိုင်ထားသည်နှင့် တူညီလေသည်။ ထို့အပြင် ယဲ့ချန်သည် ထောင်ချီဓားအစီအရင်များကို လင်းယွန်တောင်တန်းရှိ တောင်ထိပ်နှစ်ဆယ်ပေါ်တွင် ခင်းကျင်းထားခဲ့သည်။
လင်းယွန်တောင်တန်းသို့ ကြည့်လိုက်လျှင် အချင်းချင်းဆက်သွယ်ထားသော မြို့ငယ်များကို တွေ့နိုင်သည်။ ၎င်းတို့က ခံတပ်တစ်ခုပမာတူညီပြီး အထက်ကောင်းကင်တွင် မရေမတွက်နိုင်သော ဓားပျံများတည်ရှိနေသည်။ နေရောင်အောက်တွင် ဓားသွားများက တလက်လက်တောက်ပနေပြီး ဧရာမနဂါးကြီးများကဲ့သို့ ပျံသန်းနေကြသည်။ ရန်သူများရောက်ရှိလာလျှင် ၎င်းတို့က ရန်သူ၏သွေးကို သောက်သုံးကြပေလိမ့်မည်။ အကယ်၍ သာမန်လူတစ်ယောက်သာ ဤမြင်ကွင်းကိုမြင်လျှင် လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားနိုင်သည်။ ကြယ်ခန်းမ၏ခံစစ်က အံ့မခန်းပင်ဖြစ်သည်။
ညအချိန်တွင် ကောင်းကင်က တိမ်များကင်းစင်၍ ကြည်လင်နေသည်။ ငွေရောင်လဝန်းကြီးက တောက်ပနေကာ အနက်ရောင်ကောင်းကင်ကို ကြယ်အလင်းရောင်များက စီခြယ်ထားသည်။ ယဲ့ချန်သည် လင်းယွန်တောင်ထိပ်တွင် တင်ပျဥ်ခွေထိုင်၍ ဝိညာဥ်စွမ်းအင်ကို ထုတ်လွှတ်လိုက်သည်။ တောင်တန်းတစ်ခုလုံးတွင် သူ၏ဝိညာဥ်အသိစိတ်များ ပြည့်နှက်နေခဲ့သည်။ သူက ကြယ်ခန်းမတပည့်များ၏ဝိညာဥ်များနှင့် ပူးပေါင်းကာ ကျင့်ကြံလျှင် ဝိညာဥ်စစ်သည်တော်၏ ကျင့်ကြံနှုန်းတိုးမြင့်လာသည်ကို တွေ့ရှိထားပြီးဖြစ်သည်။ သူက ကျင့်ကြံခြင်းကို ရာနှုန်းပြည့်အာရုံစိုက်ထားသောကြောင့် နှလုံးသားက ကောင်းကင်ရှိလမင်းပမာ ကြည်လင်နေသည်။
လက်အောက်ငယ်သားများ၏ ဝိညာဥ်များက ယဲ့ချန်၏ဝိညာဥ်နှင့် ပူးပေါင်းသွားသောအခါ ရုပ်ခန္ဓာများတွင် အံ့လောက်ဖွယ်ပြောင်းလဲမှုများ ဖြစ်ပေါ်လာသည်။ သူတို့၏ဝိညာဥ်များ တိုးတက်လာ၍ ဝိညာဥ်အသိစိတ်များ စတင်ဖြစ်ပေါ်လာ၏။ အကျိုးကျေးဇူးအများဆုံးရသည်မှာ နတ်အဆင့် ကျင့်ကြံသူများဖြစ်ကြသည်။ သူတို့၏ဝိညာဥ်များက လုံလောက်အောင် သန်မာပြီးဖြစ်သောကြောင့် ယဲ့ချန်၏ဝိညာဥ်စွမ်းအင်ကို စုပ်ယူလိုကသောအခါ အဆင့်ဆင့်ပြောင်းလဲလာကြသည်။ ဤကား နှစ်ဖက်ညီမျှသော အကြောင်းအရာတစ်ခုဖြစ်ကာ နှစ်ဦးနှစ်ဖက်လုံး အကျိုးရှိသောကြောင့် ဆန်းကျယ်သည့် အခြေအနေတစ်ခုဖြစ်သည်။
ယဲ့ချန်၏ခန္ဓာကိုယ်အတွင်း ကြယ်ကိုးလုံး လည်ပတ်နေသည်။ သူ၏ဒန်တန်အတွင်းမှ နယ်မြေက ကြီးမားကျယ်ပြန့်လာကာ ၎င်းတို့က ပိုမိုသန်မာလာကြသည်။ ၎င်းတို့က စကြဝဠာအတွင်းရှိ ဂြိုလ်များကဲ့သို့ ပတ်လမ်းကိုယ်စီနှင့် ကြီးကျယ်ခမ်းနားနေကြသည်။ ယဲ့ချန်၏ခန္ဓာကိုယ်က လောကကြီး၏သဘာဝတရားနှင့် ပေါင်းစပ်သွားကာ ဝိညာဥ်သည်လည်း ဆက်တိုက်သန်မာလာ၍ ကျင့်ကြံဆင့်အတားအဆီးကို ထိတွေ့လာခဲ့သည်။
ယဲ့ချန်သည် ဉာဏ်အလင်းပွင့်သော အခြေအနေသို့ ရောက်နေချိန်၌ ရင်ဘတ်ရှိ ပုံရိပ်ယောင်ပုလဲက ရုတ်တရက်တောက်ပလာသည်။ ၎င်းက အဖြူရောင်အလင်းကို ထုတ်ဖော်၍ သူ၏ဦးခေါင်းထက်သို့ ပျံတက်လာခဲ့သည်။ ၎င်းက ကောင်းကင်ရှိလနှင့် အပြိုင်ထွန်းလင်းနေပြီး လောကကြီးကို ထွန်းလင်းသွားစေသည်။ ထို့နောက် အမွေးပွလေးက လကိုမျက်နှာမူ၍ ထွက်ပေါ်လာကာ လရောင်ကို ဝါးမျိုလိုက်သည်။ သူမ၏ခန္ဓာကိုယ်က လုံးဝဖြူစင်နေပြီး ညစ်ညမ်းမှု လုံးဝမရှိချေ။ လရောင်အောက်တွင် သူမ၏ နူးညံ့သော သားမွေးများက တလက်လက်တောက်ပနေပြီး အမြှီးကိုးချောင်းက လေထဲတွင် ယမ်းခါနေသည်။ သူမ၏နားရွက်ချွန်ချွန်လေးများက ထောင်မတ်သွားလိုက် ကုပ်သွားလိုက်ဖြင့် အလွန်အမင်းချစ်စဖွယ်ကောင်းနေသည်။ သူမ၏မျက်ဝန်းတစ်စုံက အနက်ရောင်ပုလဲနှစ်လုံးကဲ့သို့ တဖိတ်ဖိတ်တောက်ပနေခဲ့သည်။
အမွေးပွလေးသည် ကောင်းကင်ကိုမျက်နှာမူ၍ လရောင်ကို ရှူသွင်းလိုက်၏။ သန့်စင်သော အဖြူရောင်ချီများက သူမ၏နှာခေါင်းအတွင်း ဝင်ထွက်လျက်ရှိသည်။ သူမ၏ခန္ဓာကိုယ်လေးက ဖောက်ထွင်းမြင်ရလောက်အောင် တောက်ပ၍ ကြည်လင်နေသောကြောင့် ဤလောကကြီးအတွင်းမှ အချိန်တိုင်း ပျောက်ကွယ်သွားနိုင်သည့် အခြေအနေမျိုး ဖြစ်တည်နေခဲ့သည်။
ယဲ့မျိုးနွယ်တောင်ကြားနှင့် ကြယ်ခန်းမလက်အောက်ရှိ မြို့များအတွင်းမှ ကျင့်ကြံသူများက ဤအလင်းရောင်ကြောင့် မော့ကြည့်လိုက်မိကြသည်။
"အစ်မကြီးပါလား။ နောက်ဆုံးတော့ ပြန်လာပြီပေါ့"
ကောင်းကင်ကိုမော့ကြည့်နေသော ရှောင်ရိက ပျော်ရွှင်စွာ အော်ဟစ်လိုက်သည်။ သူက အမွေးပွလေးနှင့် အတူကုန်ဆုံးခဲ့ရသော အချိန်များအကြောင်း ပြန်တွေးမိလိုက်သောအခါ မျက်ရည်ဝဲလာခဲ့သည်။
"နင်အာ"
ကြယ်ခန်းမသို့ ပူးပေါင်းခဲ့သော ချင်ယုနှင့် အမွေးပွလေး၏မိဘနှစ်ပါးက မျက်ရည်များ စီးကျလာသည်။ နောက်ဆုံးတွင် သူတို့က အမွေးပွလေးကို အသက်ရှင်လျက် မြင်တွေ့ရပြီဖြစ်သည်။
"ဒါက မြေခွေးမျိုးနွယ်ရဲ့ မြင့်မြတ်ရတနာ ပုံရိပ်ယောင်ပုလဲပါလား"
ခြင်္သေ့နန်းတော်လက်အောက်ရှိ မြေခွေးမျိုးနွယ်မှ အကြီးအကဲများက ရေရွတ်လိုက်ကြသည်။ သူတို့အားလုံးက ပျော်ရွှင်လွန်းသဖြင့် တုန်ယင်နေကြသည်။ နှစ်ပေါင်းများစွာပျောက်ဆုံးနေခဲ့သော ပုံရိပ်ယောင်ပုလဲ ပြန်လည်ထွက်ပေါ်လာသောကြောင့် မြေခွေးမျိုးနွယ်၏အနာဂတ်က ရောင်နီသန်းလာပြီဖြစ်သည်။ ခြင်္သေ့နန်းတော်တွင် မြေခွေးမျိုးနွယ်ခွဲပေါင်း ၁၃ ခုရှိကာ အရေအတွက်အားဖြင့် တစ်သိန်းကျော်ရှိပြီး လင်းယွန်မြေခွေးမျိုးနွယ်လည်း ပါဝင်သည်။ လက်ရှိတွင် ကျန်ရစ်ခဲ့သော မြေခွေးများက အထူးချွန်ဆုံးဖြစ်ပြီး အားနည်းသူများမှာ ဝိညာဥ်သားရဲကပ်ဘေးတွင် သေဆုံးသွားခဲ့ကြသည်။ မြေခွေးအားလုံးက ယဲ့ချန်နှင့်အမွေးပွလေးရှိနေသော တောင်ခြေသို့ ဝမ်းမြောက်စွာ စုဝေးလာနေကြသည်။ သူတို့က ပါးစပ်များဟ၍ ပုံရိပ်ယောင်ပုလဲမှ ထွက်ပေါ်လာသော စွမ်းအားကို စုပ်ယူလိုက်သည်။ ဤစွမ်းအင်က မြေခွေးမျိုးနွယ်အတွက် အဖိုးမဖြတ်နိုင်သော ရတနာဖြစ်သည်။
ပုံရိပ်ယောင်ပုလဲ၏ စွမ်းအင်အောက်တွင် မြေခွေးများက အသွင်ပြောင်း၍ တိုးတက်လာကြပြီး ကိုယ်တွင်းရှိ ရှေးဦးသွေးဆက်က နိုးထလာခဲ့သည်။ အလွန်အမင်းတိုတောင်းသော အချိန်အတွင်း မြေခွေးများက အမြှီးများ စတင်ဖြစ်ပေါ်လာကြသည်။ ယေဘူယျအားဖြင့် မြေခွေးအများစုမှာ အမြှီးခြောက်ချောင်းသာ ဖြစ်တည်နိုင်ကြသည်။ ခုနစ်ချောင်းမြောက်အမြှီးဖြစ်ပေါ်နိုင်ရန် အလွန်ရှားပါးသော ပါရမီရှင်များသာ စွမ်းဆောင်နိုင်သည်။ လက်ရှိတွင် ကွင်းပြင်အတွင်း၌ အမြှီးခုနစ်ချောင်းနှင့် ရှစ်ချောင်း ပိုင်ရှင်အချို့ ထွက်ပေါ်လာ၍ ခြောက်ချောင်းပိုင်ရှင်များက အဆုံးမရှိပေ။ အားအနည်းဆုံးသော ကျင့်ကြံသူများပင် အမြှီးများ စတင်ထွက်ပေါ်လာကြသည်။ လင်းယွန်တောင်ခြေရှိ မြေပြင်ကွက်လပ်တွင် အဖြူရောင်မြေခွေးအမြှီးများက ဖြည်းညှင်းစွာ လှုပ်ယမ်းနေသည်။
ထိုအချိန်တွင် ပုံရိပ်ယောင်ပုလဲအတွင်းမှ သာယာပျော့ပြောင်းသော ဂီတသံနှင့်တူညီသည့် စကားသံတစ်ခု ထွက်ပေါ်လာသည်။
"ဘိုးဘေးတွေက မြေခွေးမျိုးနွယ် ပြန်လည်ထူထောင်ဖို့ ငါ့ကို ညွှန်ကြားလိုက်တယ်"
အမွေးပွလေးက ပုံရိပ်ယောင်ပုလဲအောက်တွင် တည်ကြည်စွာ ရပ်နေခဲ့သည်။ သူမက အိပ်မက်ဆန်ဆန်လှပနေပြီး မြေခွေးများကို ငုံ့ကြည့်ကာ ပြောလိုက်ခြင်းဖြစ်သည်။
"ပုံရိပ်ယောင်ပုလဲပိုင်ရှင်ဟာ မြေခွေးမျိုးနွယ်ရဲ့ ခေါင်းဆောင်ဖြစ်တယ်။ ခေါင်းဆောင်ရဲ့အမိန့်တိုင်းကို နာခံပါမယ်"
အမွေးပွလေး၏ စကားသံအဆုံးတွင် မြေခွေးများက ကျယ်လောင်စွာ အော်ဟစ်အားပေး၍ ဒူးထောက်လိုက်ကြသည်။ အချိန်ကြာမြင့်စွာကုန်ဆုံးပြီးနောက် မြေခွေးမျိုးနွယ်တွင် ခေါင်းဆောင်တစ်ယောက် ရှိလာပြီဖြစ်သည်။ ထိုအချိန်တွင် ယဲ့ချန်နှင့်အမွေးပွလေးက ဝိညာဥ်ချင်း ဆက်နွယ်နေကြသည်။ ယဲ့ချန်မှာ အမွေးပွလေးကို ပြန်တွေ့ရသောအခါ ယောကျ်ားတန်မဲ့ မျက်ရည်ဝဲလာသောကြောင့် မြင်ကွင်းများ ဝေဝါးနေသည်။
"အမွေးပွလေး မင်းကိုပြန်တွေ့ရတာ ကောင်းလိုက်တာ"
ယဲ့ချန်က ခပ်တိုးတိုး ရေရွတ်လိုက်ခြင်းဖြစ်သည်။ အမွေးပွလေးမှာ အသက်အန္တရာယ်မရှိတော့ကြောင်း သိသောအခါ သူ၏စိုးရိမ်စိတ်များ လွင့်ပါးပျောက်ကွယ်သွားခဲ့သည်။ အမွေးပွလေးသည် ကန့်သတ်ဒေသမှရရှိခဲ့သော ဒဏ်ရာများကို ကုသရန်နှင့် ကျင့်ကြံရန် ပုံရိပ်ယောင်ပုလဲအတွင်း နေထိုင်ခဲ့ရသည်။ ပြင်ပရှိအန္တရာယ်များကို ရင်ဆိုင်နိုင်စွမ်းရှိမည်ဟု သူမ၏ဘိုးဘေးများက သဘောတူသောအခါတွင်မှ အပြင်ထွက်ခွင့်ရခြင်းဖြစ်သည်။
အမွေးပွလေးသည်လည်း ယဲ့ချန်ကို မျက်ရည်များဖြင့် ပြန်ကြည့်နေခဲ့သည်။ ၎င်းတို့က ပုလဲလုံးလေးများပမာ သူမ၏ပါးပြင်ပေါ်သို့ ကျဆင်းလာသည်။ လရောင်အောက်တွင် သလင်းကျောက်လေးများပမာ တောက်ပနေသည်။ အမွေးပွလေးက စကားတစ်ခွန်းမှမပြောသော်လည်း ယဲ့ချန်က နားလည်လိုက်သည်။ ဤကား သူတို့နှစ်ယောက်ကြားရှိ စိတ်အချင်းချင်း ဆက်စပ်နေသော ရင်းနှီးမှုဖြစ်လေသည်။
"နောက်တစ်ကြိမ် ပြန်ဆုံရတာ တကယ်ပျော်တယ်”