← Chapters

အထွတ်အထိပ်အဆင့် ဝိညာဉ်ကျောက်တုံး

Vol. 43 Ch. 577

အထွတ်အထိပ်အဆင့် ဝိညာဉ်ကျောက်တုံး

Vol. 43 Ch. 577

လေ့တုံးဟိုင်တို့ ပြောခဲ့တဲ့ အတိုင်းပါပဲ။ တောင်ကြားလမ်းထဲမှာက ဖုတ်အလောင်းကောင်တွေနဲ့ ပြည့်နှက်နေပြီး ကောင်းကင်ပေါ်ကနေ ကြည့်နေတဲ့ လီဖူချန်းရဲ့ အမြင်မှာတောင်မှ အနက်ရောင် အစုအဖွဲ့ကြီးကိုပဲ မြင်နေရပါတယ်။

ပြီးတော့ အဲသည်အုပ်စုကြီးရဲ့ အလယ်မှာလည်း ဖုတ်အလောင်းကောင် ဘုရင်တစ်ကောင် ရှိနေပါသေးတယ်။

သည်ဖုတ်အလောင်းကောင် ဘုရင်ကတော့ အရင်တစ်ခါ လီဖူချန်း ကြုံတွေ့ခဲ့ရတဲ့ ဖုတ်အလောင်းကောင် ဘုရင်နဲ့ လုံးဝ မတူညီပါဘူး။ အဲသည်ဖုတ်အလောင်းကောင် ဘုရင်မှာက ခေါင်းနှစ်လုံး ပါရှိနေတဲ့အပြင် အကြေးခွံတွေပါတဲ့ တောင်ပံတစ်စုံလည်း ပါရှိနေပါသေးတယ်။

ဟူး……

လီဖူချန်းကို မြင်တွေ့လိုက်တဲ့ အခိုက်အတန့်မှာတော့ ဖုတ်အလောင်းကောင် ဘုရင်ဟာ တောင်ပံကို တစ်ချက် ခါလိုက်ပြီး ကောင်းကင်ပေါ် ပျံသန်းလာခဲ့ပါပြီ။

' လခွီး…… သည်ကောင်ကြီးရဲ့ အမြန်နှုန်းက အရင် ငါတွေ့ခဲ့တဲ့ အကောင်ကြီးထက် ၅၀ ရာခိုင်နှုန်းနီးပါး ပိုမြန်နေပါလား '

လီဖူချန်းက စိတ်ထဲကနေ အံ့အားသင့်စွာနဲ့ တွေးလိုက်မိပါတယ်။

လီဖူချန်း မသိတာကတော့ ခေါင်းနှစ်လုံး ဖုတ်ကောင်တွေဟာ အလောင်းနှစ်လောင်း ပေါင်းစပ်ပြီးမှ ဖြစ်လာပြီး အဆင့်တူ ဖုတ်အလောင်းကောင်တွေထဲမှာ ပြိုင်ဘက်ကင်းတယ် ဆိုတာပါပဲ။ အဲသည်အတွက် သည်ဖုတ်အလောင်းကောင် ဘုရင်အနေနဲ့ တခြား ဖုတ်အလောင်းကောင် ဘုရင်တွေထက် ပိုမြန်နေတာက ဘာမှ မထူးဆန်းလှပါဘူး။

သည်ခေါင်းနှစ်လုံး ဖုတ်ကောင်ဘုရင် တစ်ကောင်နဲ့ ရင်ဆိုင်ရရင်တော့ မူလပင်လယ်နယ်ပယ် အလယ်အလတ်ပိုင်းက ဘုရင်တစ်ပါးတောင်မှ စားသာမှာ မဟုတ်ပါဘူး။ သူ့အနေနဲ့ အသက်ဘေးကလွတ်အောင် ကိုယ်လွတ်ရုန်း ထွက်ပြေးရမှာ ကျိန်းသေပါပဲ။

" မျက်လုံးတစ်ထောင် အတွေးစိတ်ကူး၊ စိတ်ကူးလိပ်ပြာ "

လီဖူချန်းက သူ့ရဲ့ ပုံရိပ်ယောင် လှည့်စားမှု အတတ်ပညာကို ချက်ချင်း ထုတ်သုံးလိုက်ပြီး ပုံရိပ်ယောင် ချီတွေနဲ့ ခေါင်းနှစ်လုံး ဖုတ်အလောင်းကောင် ဘုရင်ကို လွှမ်းခြုံစေလိုက်ပါတယ်။

ပုံရိပ်ယောင်ချီတွေ လွှမ်းခြုံခံလိုက်ရတဲ့  ခေါင်းနှစ်လုံး ဖုတ်အလောင်းကောင် ဘုရင်ကတော့ အရက်မူးနေတဲ့ လူတစ်ယောက်လိုပါပဲ။ သူ့ရဲ့ ပျံသန်းမှုနှုန်းက လျော့ကျသွားရုံတင် မကဘဲ သူ့ရဲ့ ပျံသန်းမှု လမ်းကြောင်းကလည်း တောင်ပံတစ်ဖက် ကျိုးသွားတဲ့ စွန်တစ်ကောင်လို ဦးတည်ရာမရှိ ဖြစ်သွားခဲ့ပါပြီ။  ခေါင်းနှစ်လုံး ဖုတ်အလောင်းကောင် ဘုရင်ဟာ လေထဲကနေ အချိန်မရွေး ပြုတ်ကျတော့မယ့် ပုံလည်း ပေါ်နေပါသေးတယ်။

" ဟင်…… သည်ကောင်ကြီးရဲ့ ပုံရိပ်ယောင် လှည့်စားမှု အတတ်ပညာကို တောင့်ခံနိုင်စွမ်းက သာမန် ဖုတ်အလောင်းကောင် ဘုရင်တွေထက်တောင် ပိုဆိုးနေပါလား "

လီဖူချန်းရဲ့ မျက်နှာထက်မှာတော့ ခန့်မှန်းရခက်တဲ့ အပြုံးတစ်ခု ပေါ်လာခဲ့ပါပြီ။

" ကြည့်ရတာ သည်ခေါင်းနှစ်လုံး ဖုတ်အလောင်းကောင် ဘုရင်က သာမန် ဖုတ်အလောင်းကောင် ဘုရင်တွေထက် ပိုပြီး စိတ်ဝိညာဉ် နဲ့ အသိဉာဏ် ဖွံ့ဖြိုးနေတဲ့ပုံပဲ။ ဒါကြောင့် သည်ကောင်ကြီးက ငါ့ရဲ့ ပုံရိပ်ယောင် လှည့်စားမှု အတတ်ပညာအောက်မှာ အလွယ်လေး ကျဆင်းသွားတာ "

လီဖူချန်းက အကြောင်းအရာ တစ်ခုကို တွေးလိုက်မိပါတယ်။ အဲဒါက ဖြစ်နိုင်ချေ အရှိဆုံးပါပဲ။

ခေါင်းနှစ်လုံး ဖုတ်အလောင်းကောင် ဘုရင်က ပုံရိပ်ယောင် လှည့်စားမှု အတတ်ပညာကို မလွန်ဆန်နိုင်မှတော့ လီဖူချန်းဟာ ဘာကိုမှ ကြောက်စရာ အကြောင်း မရှိတော့ပါဘူူး။ သူက လေမိုးကြိုး တောင်ပံကို ခတ်လိုက်ပြီး တောင်ကြားလမ်းရဲ့ အဆုံးမှာရှိတဲ့ ဂူပေါက်တစ်ခုထဲကို အေးအေးဆေးဆေးပဲ ဝင်သွားလိုက်ပါတယ်။

သူခံစားမိနေတဲ့ မဟာတာအို အငွေ့အသက်က သည်ဂူပေါက်ထဲကနေ တိုးထွက်နေတာ မဟုတ်ပါလား။

သည်ဂူထဲမှာကလည်း ဖုတ်အလောင်းကောင်တွေ အများကြီးပါပဲ။ ဒါပေမဲ့လည်း လီဖူချန်းအတွက်ကတော့ သည်ဖုတ်အလောင်းကောင်တွေက ကစားစရာတွေထက် မပိုပါဘူး။

" အညှာအတာမဲ့ မျောလွင့်မီးလျှံ "

ဂူထဲကို ရောက်တာနဲ့ တစ်ပြိုင်နက် လီဖူချန်းရဲ့ လက်ထဲက ဓားဟာ သူ့ရဲ့ အလုပ်ကို လုပ်ဆောင်ပါတော့တယ်။

ရွှမ်း…… ရွှမ်း……ရွှမ်း……

အနီရောင် ပိုးကြိုးမျှင် တစ်ခုဟာ လေထုထဲမှာ ဖြစ်တည်လာပြီး အဆင့်နိမ့် ဖုတ်အလောင်းကောင် အများအပြားကို အပိုင်းပိုင်း ဖြစ်အောင် ပိုင်းဖြတ်ပစ်လိုက်ပါပြီ။

ဘန်း……ဘန်း……ဘန်း……ဘန်း……

လိုဏ်ဂူတစ်ခုလုံးဟာလည်း အနီရောင် အလင်းတန်းတွေ၊ ပေါက်ကွဲသံတွေနဲ့ ဆူညံလို့ပါပဲ။ လီဖူချန်းရဲ့ အညှာအတာမဲ့ မျောလွင့်မီးလျှံဟာ အလယ်အလတ်အဆင့် ဖုတ်အလောင်းကောင်တွေကိုတောင်မှ သက်ညှာမပေးခဲ့ပါဘူး။ သူ့ရဲ့ ဓားချက် မိသွားတဲ့ အလယ်အလတ်အဆင့် ဖုတ်အလောင်းကောင်တိုင်းဟာ တစ်စစီ ပေါက်ကွဲထွက်ကုန်ပါတယ်။

သည်လိုနဲ့ပဲ လီဖူချန်းဟာ ဂူပေါက်ရဲ့ အနက်ရှိုင်းဆုံး အပိုင်းထဲကို ရောက်လာခဲ့ပါပြီ။

ဂါး…ဂရား……

ရုတ်တရက် ဆိုသလို အထွတ်အထိပ်အဆင့် ဖုတ်အလောင်းကောင် တစ်ကောင်ဟာ လီဖူချန်းအပေါ်ကို ခုန်အုပ်လာခဲ့ပါတယ်။

အဆင့်မြင့် ဖုတ်အလောင်းတွေဟာ မဟာ ဆရာသခင်တွေရဲ့ အစွမ်းမျိုး ရှိပြီး အထွတ်အထိပ်အဆင့် ဖုတ်အလောင်းကောင်တွေကတော့ အုပ်စိုးသူ ဆရာသခင် အစွမ်းမျိုး ရှိသူတွေပါ ။ အဲသည်အတွက် သည်အထွတ်အထိပ် အဆင့် ဖုတ်အလောင်းကောင်ဟာ လီဖူချန်းရဲ့ ပြိုင်ဘက်အဆင့်မှာ မရှိပါဘူး။ဒါပေမဲ့လည်း  လီဖူချန်းအနေနဲ့ သည်ဖုတ်အလောင်းကောင်ကို အနိုင်ယူဖို့အတွက် အတော်လေး အားစိုက်ထုတ်ရပါဦးမယ်။

ထန်……ထန်……ထန်……

ထင်……ထင်……

့ကြက်သွေးရောင် ပိုကြိုးမျှင်နဲ့ ဆင်တူတဲ့ ဓားချီတစ်ခုကတော့ အထွတ်အထိပ် အဆင့် ဖုတ်အလောင်းကောင် ခန္ဓာကိုယ်ထက်မှာ ခေါက်တုံ့ခေါက်ပြန် လူးလာဆန်ခတ် နေပါပြီ။ ဒါပေမဲ့လည်း အဲသည်ဓားချီက ဖုတ်အလောင်းကောင်ကိုတော့ ဒဏ်ရာ အကြီးအကျယ် ရအောင် စွမ်းဆောင်ဖို့ လိုအပ်နေဆဲပါပဲ ။ အဲဒါက သံမဏိပြား တစ်ချပ်ကို ဓားတစ်ချောင်းနဲ့ ခြစ်နေသလိုပဲလို့ ဆိုရပါမယ်။ မီးပွင့်တွေနဲ့ခြစ်ရာ အနည်းငယ် ပေါ်လာရုံကလွဲပြီး ဘာမှ ထူးမှာ မဟုတ်ပါဘူး။

" သည်အတိုင်း ဆိုရင်တော့ မဖြစ်သေးဘူး။ ငါသူ့ကို အနိုင်ယူမယ့်အစား လျစ်လျူရှုထားတာမှ ပိုကောင်းဦးမယ် "

အတွေးတစ်ချက် ပေါ်လာပြီးတဲ့ နောက်မှာတော့ လီဖူချန်းဟာ အထွတ်အထိပ် အဆင့် ဖုတ်အလောင်းကောင်ကို ဥပေက္ခာပြုပြီး ခုန်ကျော်သွားလိုက် ပါတော့တယ်။

" ဟား……ဟား…… ငါခံစားမိနေတဲ့ မဟာချီအငွေ့အသက်တွေက သည်က လာနေတာပဲ "

သည်လိုနဲ့ပဲ လီဖူချန်းဟာ ကျောက်စက်ပန်းဆွဲတွေ ရှိနေရာ နေရာတစ်ခုကို ရောက်လာခဲ့ပါပြီ။

သူ့ရဲ့ အရှေ့မှာတော့ ဂူအမိုး ပေါ်ကနေ ထိုးကျနေတဲ့ ကျောက်စက်ပန်းဆွဲကြီး တစ်ခု ရှိနေပြီး အဲသည်ကျောက်စက်ပန်းဆွဲ အထဲမှာက အဆင့်မြင့် ဝိညာဉ်ကျောက်တုံးတွေ မြုပ်ဝင်နေပါတယ်။

သည်ကျောက်ဆွဲပန်းဆွဲကြီးက ဖြစ်ပေါ်နေတာ နှစ်ပေါင်း ဘယ်လောက်တောင် ကြာမြင့်နေမှန်း မသိပါဘူး။ သည်ကျောက်စက်ပန်းဆွဲကြီးရဲ့ အပေါ်ယံ မျက်နှာပြင်ပေါ်မှာ ရှိနေတဲ့ အဆင့်မြင့် ဝိညာဉ်ကျောက်တုံးတွေရဲ့ အရေအတွက်ကတောင်မှ တစ်ထောင်နီးပါး ရှိနေပါတယ်။ အထဲမှာဆိုရင် အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ဘယ်လောက်တောင် ရှိနေမလဲ ဆိုတာ မခန့်မှန်းဝံ့စရာပါပဲ။

လီဖူချန်းက အထဲမှာ ရှိတဲ့ အဆင့်မြင့် ဝိညာဉ်ကျောက်တုံး အရေအတွက်ကို သိချင်တဲ့အတွက် သူ့ရဲ့ လိပ်ပြာအသိစိတ် အာရုံနဲ့ ကျောက်စက်ပန်းဆွဲကြီးရဲ့ အထဲကို ကြည့်ဖို့ လုပ်ခဲ့ပေမယ့်လည်း မအောင်မြင်ခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ မဟာတာအို ချီအငွေ့အသက်က သူ့ရဲ့ လိပ်ပြာ အသိစိတ်အာရုံကို ကာဆီးထားလို့ပါပဲ။

ဒါပေမဲ့လည်း လီဖူချန်းက လွယ်လွယ်နဲ့ လက်လျော့တတ်တဲ့ လူမျိုးထဲမှာ မပါပါဘူး။ သူက  ကျောက်စက်ပန်းဆွဲကြီးရဲ့ အထဲကို လိပ်ပြာ အသိစိတ်အာရုံနဲ့ မကြည့်နိုင်ရင်တောင်မှ နောက်ထပ် တစ်မျိုးနဲ့ ကြည့်နိုင်ပါသေးတယ်။

အဲဒါကတော့ သူ့ရဲ့ စိတ်တန်ခိုးဝိညာဉ်ပါပဲ။

" အိုး…… များလိုက်တဲ့ အဆင့်မြင့် ဝိညာဉ်ကျောက်တုံးတွေပါလား"

ကျောက်စက်ပန်းဆွဲကြီးရဲ့ အထဲကို စိတ်တန်ခိုး ဝိညာဉ်နဲ့ ကြည့်ပြီးတဲ့ နောက်မှာတော့ လီဖူချန်းရဲ့ အပြုံးဟာ နားရွက်ကို တက်ချိတ်သွားခဲ့ပါပြီ။

ရှေးလူကြီးတွေ ပြောလေ့ရှိတဲ့ " မှိုရတဲ့ မျက်နှာမျိုး " ဆိုတာက လီဖူချန်းရဲ့ သည်မျက်နှာကို ပြောတာပဲ ဖြစ်ရပါမယ်။

ကျောက်စက်ပန်းဆွဲကြီးရဲ့ အထဲမှာ ရှိနေတဲ့ အဆင့်မြင့် ဝိညာဉ်ကျောက်တုံး အရေအတွက်က အနည်းဆုံး သုံးထောင်ပါပဲ။ အဲသည်ထက် ပိုပြီး လျော့နည်းစရာ အကြောင်းကတော့ ရှိကို မရှိတာပါ။သည်နေရာကနေ  သိပ်သည်းတဲ့ မဟာတာအို အငွေ့အသက်တွေကို ထုတ်လွှတ်နေတာနဲ့ ပက်သက်ပြီးတော့လည်း ဘာမှ အံ့သြစရာ  မရှိပါဘူး။

" ဟင်…… မဟုတ်သေးပါဘူး။ အဲဒါက အထွတ်အထိပ်အဆင့် ဝိညာဉ်ကျောက်တုံး မဟုတ်ဘူးလား "

ရုတ်တရက် ဆိုသလို လီဖူချန်းရဲ့ အာရုံက တခြား အဆင့်မြင့် ဝိညာဉ်ကျောက်တုံးတွေနဲ့ မတူညီဘဲ ကွဲထွက်နေတဲ့ ဝိညာဉ်ကျောက်တုံး တစ်တုံးဆီကို ကျရောက်သွားခဲ့ပါတယ်။

အဲဒါက ဝိညာဉ်ကျောက်တုံး ဆိုပေမယ့်လည်း လီဖူချန်း မြင်ခဲ့ဖူးတဲ့ ဝိညာဉ်ကျောက်တုံးတွေနဲ့ လုံးဝ မတူညီပါဘူး။ အဲသည်ကျောက်တုံးကနေ ဖြာထွက်နေတဲ့ အလင်းရောင်တွေဟာ တခြား အဆင့်မြင့် ဝိညာဉ်ကျောက်တုံးတွေထက်ကို တောက်ပနေပြီး နားလည်ရခက်တဲ့ ဝိညာဉ်ချီ တစ်ခုကိုလည်း ထုတ်လွှတ်နေပါတယ်။

ပြီးတော့ အဲသည် ဝိညာဉ်ကျောက်တုံးဟာ အရာရာကို စုပ်ယူတတ်လေ့ ရှိတဲ့ တွင်းနက်ကြီး တစ်ခုလိုပါပဲ။ အဲသည်ကျောက်တုံးက  အနားမှာရှိတဲ့ အရာမှန်သမျှကို စုပ်ယူနေပြီး သိပ်သည်းလှတဲ့ မဟာချီအငွေ့အသက်ထုကြီးကို ပြန်လည် အန်ထုတ်ပေးနေ ပါသေးတယ်။

" လာခဲ့စမ်း "

လီဖူချန်းရဲ့ မျက်လုံးတွေကတော့ တဖိတ်ဖိတ် တောက်နေခဲ့ပြီလို့ ဆိုရပါမယ်။ သူက ကျောက်စက်ပန်းဆွဲကြီး တစ်ခုလုံးကို လက်ဝါးစောင်းနဲ့ ခုတ်ချလိုက်ပြီး သူ့ရဲ့ လက်ကောက် ဝတ်မှာ ရှိနေတဲ့ လက်ပတ်ထဲ သိမ်းဆည်းပစ်လိုက်ပါတယ်။ သူက အဆင့်မြင့် ဝိညာဉ်ကျောက်တုံး တစ်တုံးကိုမှ ချန်ထားခဲ့ဖို့ စိတ်ကူး မရှိပါဘူး။

" ကဲ…… ပြန်ဖို့ အချိန်ကျပြီ "

အဲသည်နောက်မှာတော့ လီဖူချန်းဟာ လာရာလမ်းအတိုင်း ပြန်ဆုတ်သွားပါတော့တယ်။ ဒါပေမဲ့လည်း သူ့ရဲ့ အပြန်လမ်းဟာ ဖြောင့်ဖြူးချောမွေ့ နေခြင်းတော့ မရှိပါဘူး။

ဂါး……ဂရား……

အထွတ်အထိပ်အဆင့် ဖုတ်အလောင်းကောင် နှစ်ကောင်ဟာ ဂူရဲ့ တစ်ဝက်လောက်ကနေ လီဖူချန်းကို ဆီးကြို တိုက်ခိုက်ပါတော့တယ်။

" ကောင်းကင်စက်ကွင်း ဓားအကာအကွယ် "

လီဖူချန်းက  သည်ဖုတ်အလောင်းကောင်တွေကို အချိန်ကုန်ခံပြီး တိုက်ခိုက်မနေတော့ပါဘူး။ သူက သူ့ရဲ့ ခန္ဓာကိုယ်ပေါ်မှာ ဓားအကာအကွယ် တစ်ခု ဖန်တီးလိုက်ပြီး ဖုတ်အလောင်းကောင် နှစ်ကောင်ကြားကနေ ပြေးထွက်သွားခိုက်ပါတယ်။

ဖုန်း…… ဖုန်း……

ကျယ်လောင်တဲ့ အသံကြီး နှစ်ခု ထွက်ပေါ်လာအပြီးမှာတော့ အထွတ်အထိပ်အဆင့် ဖုတ်အလောင်းကောင် နှစ်ကောင်ဟာ ဂူနံရံနဲ့ မိတ်ဆက်သွားခဲ့ပါပြီ။

သည်လိုနဲ့ သိပ်မကြာခင်မှာပဲ လီဖူချန်းဟာ ဂူထဲကနေ ထွက်သွားနိုင်ခဲ့ပြီး ကောင်းကင်ပေါ်ကို ပျံတက်သွားပါတော့တယ်။

ဟူး……ဟူး……ဟူး……

သည်တစ်ခေါက် လီဖူချန်းကို စောင့်ကြိုနေသူကတော့ ခေါင်းနှစ်လုံး ဖုတ်အလောင်းကောင် ဘုရင်ပါပဲ။

" မျက်လုံးတစ်ထောင် အတွေးစိတ်ကူး။ စိတ်ကူးလိပ်ပြာ "

ဒါပေမဲ့လည်း ပုံရိပ်ယောင် လှည့်စားမှု အတတ်ပညာက သူ့အပေါ်မှာ သက်ရောက်မှု ရှိနေမှတော့ ခေါင်းနှစ်လုံး ဖုတ်အလောင်းကောင် ဘုရင်ဟာ လီဖူချန်းအတွက် ဆော့ကစားစရာ အရုပ်တစ်ခုထက် မပိုတော့ပါဘူး။

" ဟား…ဟား…ဟား…ဟား……"

လီဖူချန်းကတော့ မြေပြင်ပေါ်ကို အရုပ်ကြိုးပြတ် ပြုတ်ကျသွားတဲ့ ခေါင်းနှစ်လုံး ဖုတ်အလောင်းကောင် ဘုရင်ကို ကြည့်ပြီး တဟားဟား ရယ်မောကာ တောင်ကြားလမ်းထဲကနေ ထွက်သွားခဲ့ပါပြီ။

" ညီလေးလီ "

" မောင်လေးလီ "

မိုင်ပေါင်းဒါဇင် ဝေးနေတာတောင်မှပဲ လေ့တုံးဟိုင်တို့ သုံးယောက်ဟာ လီဖူချန်း ပျံသန်းလာတာကို မြင်နိုင်ကြပါတယ်။

" မြန်မြန်ပြေးကြ "

လီဖူချန်းကတော့ သူတို့ကို မြင်တာတောင်မှ သူ့ရဲ့ ပျံသန်းနှုန်းကို မလျော့ချပါဘူး။ သူက ပါးစပ်ကနေ ပြေးဖို့ ပြောနေသလို လက်နဲ့လည်း အမူအယာ လုပ်ပြနေပါတယ်။

နောက်ထပ် တစ်နာရီ ကြာပြီးတဲ့ အချိန်မှာတော့ သူတို့လေးယောက်ဟာ တောင်ကြားလမ်းနဲ့ အတော်ဝေးတဲ့ နေရာတစ်ခုကို ရောက်လာခဲ့ကြပါပြီ။

" အင်း……အခုလောက်ဆို စိတ်ချရပြီ "

သည်နေရာကို ရောက်တဲ့အခါမှာတော့ လီဖူချန်းက လေ့တုံးဟိုင်တို့ကို ဆက်မပြေးတော့ဖို့ အချက်ပြလိုက်ပါတယ်။

ဒါက ဝေစုခွဲဖို့ အချိန်ကောင်းပါပဲ။

လီဖူချန်း ကောင်းကင်ကနေ မြေပြင်ပေါ်ကို ဆင်းသက်လိုက်ပြီး အဆင့်မြင့် ဝိညာဉ်ကျောက်တုံး သုံးရာကို တစ်စုစီ ညီညီမျှမျှ ခွဲဝေလိုက်ပါတယ်။

" အစ်ကိုတို့ ……အဲသည်တောင်ကြားလမ်းထဲမှာက အကျိုးအမြတ် တော်တော်လေး ရှိတယ်။ ဒါက ကျွန်တော် အစောက ကတိပေးခဲ့တဲ့ ဝေပုံကျ အစုပဲ "

လေ့တုံးဟိုင်တို့ သုံးယောက်က လီဖူချန်းတစ်ယောက် တောင်ကြားလမ်းထဲမှာ အကျိုးအမြတ် ဘယ်လောက် ရခဲ့သလဲ ဆိုတာကို မသိပါဘူး။ အဲသည်အတွက် လီဖူချန်းက အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ခြောက်ဆယ်ထုတ်ပြီး တစ်ယောက်ကို အဆင့်မြင့် ဝိညာဉ်ကျောက်တုံး နှစ်ဆယ်စီ ခွဲဝေပေးလိုက်ရင်လည်း သူတို့က စောဒက တက်နေမှာ မဟုတ်ပါဘူး။ အဆင့်မြင့် ဝိညာဉ်ကျောက်တုံး နှစ်ဆယ် ဆိုတာက  ဘာမှ မရဘဲ လက်ချည်းသက်သက် ပြန်သွားရတာထက်တော့ အများကြီး သာနေသေးတာ မဟုတ်ပါလား။ ပြီးတော့ သူတို့သုံးယောက်ဟာ ဘာမှ မလုပ်ဘဲ လမ်းပြ ပေးရုံသာ ပြပေးခဲ့တာပါ။

ဒါပေမဲ့လည်း လီဖူချန်းက အဲသည်လို လုပ်ဖို့ စိတ်ကူး မရှိပါဘူး။ သူ့အနေနဲ့ အထွတ်အထိပ် အဆင့် ဝိညာဉ်ကျောက်တုံးကို ထည့်မတွက်ဘဲ ဘေးဖယ်ထားလိုက်ရင်တောင်မှ သူရခဲ့တဲ့ အဆင့်မြင့် ဝိညာဉ်ကျောက်တုံး အရေအတွက်ဟာ လေးထောင်ကျော် ရှိနေဦးမှာ ဖြစ်ပါတယ်။ အဲသည်အတွက် အဆင့်မြင့် ဝိညာဉ်ကျောက်တုံး သုံးရာ ဆိုတာက သူ့အတွက်  ဘာမှ မဖြစ်လောက်တဲ့ ပမာဏပါပဲ။

ပြီးတော့ အထွတ်အထိပ်အဆင့် ဝိညာဉ်ကျောက်တုံးကိုလည်း ထည့်တွက် ရပါဦးမယ်။

ကောလာဟလတွေအရ ဆိုရင်တော့ ဧကရာဇ် ကောင်းကင် ကုန်းမြေတိုက်ကြီးရဲ့ ထိပ်တန်း လေလံပွဲ တစ်ခုမှာ လူတစ်ယောက်ဟာ အထွတ်အထိပ် အဆင့် ဝိညာဉ်ကျောက်တုံး တစ်တုံးကို လေလံတင်ခဲ့ဖူးပါတယ်တဲ့။

လေလံပွဲမှာတော့ လဝန်းနီ ဧကရာဇ်ဟာ အဲသည် အထွတ်အထိပ်အဆင့် ဝိညာဉ်ကျောက်တုံးကို အဆင့်မြင့် ဝိညာဉ်ကျောက်တုံး လေးသန်းနဲ့ ဝယ်သွားခဲ့ပါတယ်။

အဆင့်မြင့် ဝိညာဉ်ကျောက်တုံး လေးသန်း ……

သည်အရာတွေကိုသာ ရင်းမြစ်ပစ္စည်းတွေနဲ့ အလဲအထပ် ပြုလုပ်လိုက်မယ်ဆိုရင် ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ်ကို ချိုးဖောက်ဝင်ရောက်နိုင်တဲ့ အလားအလာရှိ လူငယ် ပါရမီရှင် ဘယ်လောက်များ မွေးထုတ်ပေးနိုင်မလဲ ဆိုတာကို စဉ်းစားသာ ကြည့်ကြပါတော့။

ဒါပေမဲ့လည်း အဲဒါက ကောလဟလသာ ဖြစ်တဲ့အတွက် တကယ်လား၊ ယုံတမ်းစကားလား ဆိုတာကိုတော့ လီဖူချန်း ကိုယ်တိုင်လည်း မဝေခွဲနိုင်ပါဘူး။

" ညီလေးလီ …… ဒါက အရမ်းများတယ်။ အစ်ကိုတို့ ဘယ်လိုလုပ်ပြီး လက်ခံနိုင်ပါ့မလဲ "

လေ့တုံးဟိုင်က အစောပိုင်းကတည်းကနေ အဆင့်မြင့် ဝိညာဉ်ကျောက်တုံး နှစ်ဆယ်ကို လက်ဆောင်အဖြစ် ရရှိခဲ့ပြီးပါပြီ။ အဲသည်အတွက် သူက နောက်ထပ် အဆင့်မြင့် ဝိညာဉ်ကျောက်တုံး တစ်ရာကို လက်ခံဖို့အတွက် တွန့်ဆုတ်နေမိပါတယ်။

အမှန်အတိုင်း မကွယ်မဝှက်ဘဲ ပြောရမယ် ဆိုရင်တော့ သူက လီဖူချန်းဟာ သူတို့ကို အလွန်ဆုံး ဝေစုခွဲပေးမှ တစ်ယောက်ကို အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ဆယ်တုံး ဒါမှမဟုတ် နှစ်ဆယ်တုံးလောက်ပဲ ခွဲပေးလိမ့်မယ်လို့ ခန့်မှန်းထားခဲ့တာပါ။ လီဖူချန်းက သည်လောက် ပမာဏအထိ ခွဲဝေပေးလိမ့်မယ် ဆိုတာကို သူလုံးဝ မထင်မှတ် ထားခဲ့ပါဘူး။ ဒါက တကယ့်ကို မယုံကြည်နိုင်စရာ ပမာဏပါပဲ။

ပြီးတော့လည်း သူတို့ သုံးယောက်ဟာ လီဖူချန်းကို လမ်းပြ ခေါ်ဆောင် လာတာကလွဲပြီး ဘာမှ မယ်မယ်ရရ မလုပ်ခဲ့ပါဘူး။ လီဖူချန်းက တောင်ကြားလမ်းထဲကနေ အကျိုးအမြတ် မြိုးမြိုးမြတ်မြတ် ရလာတယ် ဆိုရင်တောင်မှ သူတို့ကို နည်းနည်းပါးပါးသာ ခွဲဝေပေးသင့်ပါတယ်။

ယွန်လုံ နဲ့ ကုချူးယီတို့ကလည်း အံ့သားသင့်စွာနဲ့ လီဖူချန်းကို အကြောင်သား ငေးကြည့်နေမိကြပါတယ်။ သူတို့က လီဖူချန်း တောင်ကြားလမ်းထဲကနေ အကျိုးအမြတ် ဘယ်လောက် ရလာသလဲ ဆိုတာကို လုံးဝ စိတ်မဝင်စားပါဘူူး။ သူတို့က လီဖူချန်း အနေနဲ့ သူတို့ိကို ဝေစု ဘယ်လောက် ခွဲဝေပေးမလဲ ဆိုတာကိုပဲ စိတ်ဝင်စားကြတာပါ။

လေ့တုံးဟိုင်ကို ဥပမာယူပြီး ပြောရမယ် ဆိုရင်တော့ သူတို့ ရသင့်တဲ့ ဝေစုဟာ အနည်းဆုံး အဆင့်မြင့် ဝိညာဉ်ကျောက်တုံး နှစ်ဆယ် ဖြစ်နေရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ လီဖူချန်းက လေ့တုံးဟိုင်ကိုတောင် အဆင့်မြင့် ဝိညာဉ်ကျောက်တုံး နှစ်ဆယ် သည်အတိုင်း လက်ဆောင် ပေးခဲ့သေးတာ မဟုတ်ပါလား။ အဲဒါက လီဖူချန်းဟာ   ရက်ရောတဲ့ လူဆိုတာကို ဖော်ပြနေတာလည်း ဖြစ်ပါတယ်။

ဒါပေမဲ့  လီဖူချန်းရဲ့ တကယ့် ရက်ရောမှုကို မျက်ဝါးထင်ထင် ကြုံတွေ့လိုက်ရတဲ့ အခါမှာတော့ သူတို့တွေဟာ ဆွံ့အသွားခဲ့ပါပြီ။အဆင့်မြင့် ဝိညာဉ်ကျောက်တုံး သုံးရာ ဆိုတာက မူလပင်လယ် နယ်ပယ် ဘုရင် အများစုတောင်မှ မပိုင်ဆိုင်နိုင်တဲ့ ပမာဏ တစ်ခုပါပဲ ။ အဲဒါကို အခုတော့ လီဖူချန်းက သူတို့ကို ရက်ရက်ရောရောကြီး ထုတ်ပေးနေပါတယ်။

" ကျေးဇူးပဲ……ညီလေး "

အတန်ကြာ တွေဝေနေပြီးတဲ့ နောက်မှာတော့ ယွန်လုံက သူ့ရဲ့ ဝေစုကို လက်ခံသွားခဲ့ပါပြီ။ သူက လီဖူချန်းကိုကြည့်ပြီး လေးလေးနက်နက် ကျေးဇူးတင်စကား ဆိုလိုက်ပါသေးတယ်။

အရင်တုန်းကတော့ ယွန်လုံဟာ သူ့အနေနဲ့ မူလပင်လယ် နယ်ပယ်ကို ချိုးဖောက်ဝင်ရောက်ဖို့အတွက် အနည်းဆုံး သုံးနှစ်လောက် လိုလိမ့်မယ်လို့ ခန့်မှန်းထားခဲ့တာပါ။ ဒါပေမဲ့ အခုတော့ သူ့ဆီမှာ အဆင့်မြင့် ဝိညာဉ်ကျောက်တုံး တစ်ရာ ရှိသွားခဲ့ပါပြီ။ အဲဒါတွေနဲ့ ဆိုရင်တော့  သူဟာ မူလပင်လယ်နယ်ပယ်ကို ချိုးဖောက်ဝင်ရောက်ဖို့အတွက် အလွန်ဆုံး ကြာမှ နှစ်ဝက်ပါပဲ။ အဲသည်ထက်တော့ ပိုကြာစရာ အကြောင်း မရှိပါဘူး။

လီဖူချန်းက ပြုံးလိုက်ပြီး

" အစ်ကိုတို့ သုံးယောက်သာ လမ်းမပြပေးခဲ့ရင် ကျွန်တော့်အနေနဲ့ အဆင့်မြင့် ဝိညာဉ်ကျောက်တုံး အများကြီး ရခဲ့မှာ မဟုတ်ဘူး။ ဒါကြောင့် ကျွန်တော်ခွဲပေးတဲ့ ဝေစုက အစ်ကိုတို့နဲ့ ထိုက်တန်ပါတယ် "

အမှန်အတိုင်း ပြောရမယ် ဆိုရင်တော့ လီဖူချန်းက လေ့တုံးဟိုင်တို့ သုံးယောက်ကို တစ်ယောက် အဆင့်မြင့် ဝိညာဉ်ကျောက်တုံး နှစ်ရာ၊ သုံးရာလောက်တောင် ဝေစု ခွဲပေးလိုက်ချင်ပါသေးတယ်။

ဒါပေမဲ့လည်း သူ့အနေနဲ့ အဲသည်လို ခွဲပေးလိုက်ဖို့ မဖြစ်ပါဘူး။ တကယ်လို့သာ သူ့အနေနဲ့ လေ့တုံးဟိုင်တို့ သုံးယောက်ကို အဲသည်လောက် ဝေစု အများကြီး ခွဲဝေပေးလိုက်မယ်ဆိုရင် အဲဒါက သူတို့ကို စိတ်ရိုင်း ဝင်သွားစေပါလိမ့်မယ်။ အဲသည်အတွက် တစ်ယောက်ကို   အဆင့်မြင့် ဝိညာဉ်ကျောက်တုံး တစ်ရာ ခွဲပေးတာက အကောင်းဆုံး ပမာဏပါပဲ။ အဲဒါက အရမ်းကြီးလည်း မနည်းသလို၊ အရမ်းကြီးလည်း မများလှပါဘူူး။

အဲသည်နောက်မှာတော့ သူတို့လေးယောက်ဟာ အရိပ်အသူရာ ချောက်ထဲကနေ ပြန်ထွက်ဖို့အတွက် လမ်းကြောင်းအသစ် ရှာကြပါတော့တယ်။

သူတို့လေးယောက်စလုံးဟာ သူတို့ဝင်လာတဲ့ လမ်းကြောင်းကို မမှတ်မိကြတော့တဲ့အတွက် လမ်းကြောင်းအသစ် ရှာတာကလွဲပြီး တခြား ရွေးစရာလမ်း မရှိပါဘူူး။

လေ့တုံးဟိုင်တို့ သုံးယောက်အတွက် ကံကောင်းတာကတော့ သူတို့နဲ့အတူ လီဖူချန်း ပါလာတာပါပဲ။ လီဖူချန်းရဲ့ တစ်မူထူးခြား ကောင်းမွန်လွန်းလှတဲ့ လိပ်ပြာ အသိစိတ်အာရုံက သူတို့ကို အန္တရာယ်ကနေ ရှောင်ကွင်းပြီး သွားလာစေနိုင်ခဲ့ပါတယ်။ တကယ်လို့ လီဖူချန်းသာ သူတို့နဲ့အတူ ပါမလာလို့ကတော့ လေ့တုံးဟိုင်တို့ သုံးယောက်ဟာ သည်အရိပ်အသူရာ ချောက်ထဲကနေ အသက်ရှင်လျက် ပြန်ထွက်နိုင်ပါ့မလား ဆိုတာတောင် မသေချာပါဘူး။

သည်လိုနဲ့ပဲ နောက်ထပ် ရက်ပေါင်းများစွာ ကြာပြီးတဲ့ နောက်မှာတော့ သူတို့လေးယောက်ဟာ လျိုမြောင်တစ်ခုထဲက နေပြီး အရိပ်အသူရာချောက် အပြင်ကို ထွက်တဲ့ ထွက်ပေါက်တစ်ခုကို တွေ့သွားခဲ့ကြပါပြီ။

***

All Chapters