← Chapters

မျှော်လင့်မထားသော ဧည့်သည်

Vol. 31 Ch. 436

မျှော်လင့်မထားသော ဧည့်သည်

Vol. 31 Ch. 436

လရောင်အောက်တွင် အမွေးပွလေးသည် အမြှီးကိုးချောင်းကို ညှင်သာစွာယမ်း၍ ယဲ့ချန်၏ပခုံးပေါ်သို့ ဆင်းသက်လိုက်သည်။ ပုံရိပ်ယောင်ပုလဲကလည်း ချက်ချင်းလိုက်ပါလာ၍ အလင်းရောက်တစ်ခုက ယဲ့ချန်နှင့်သူမကို ချက်ချင်းလွှမ်းခြုံသွားခဲ့သည်။ သူက သူမ၏ကျောပြင်ကို ညှင်သာစွာပွတ်သပ်လိုက်သောအခါ မိန်းမပျိုတစ်ယောက်၏ နူးညံ့အိစက်သော အသားအရေကို ထိတွေ့လိုက်ရသဖြင့် အိပ်မက်ပမာ ခံစားနေရသည်။ သူမက လူအသွင်ပြောင်းမထားဘဲ မြေခွေးအသွင်နှင့် ယဲ့ချန်၏ပခုံးပေါ်တွင်ဝပ်ကာ လည်ပင်းကို ခေါင်းလေးဖြင့် ချစ်မြတ်နိုးစွာ ပွတ်သပ်လိုက်သည်။ ယဲ့ချန်ကိုမော့ကြည့်နေသော သူမ၏မျက်ဝန်းများတွင် ပျော်ရွှင်မှုကြောင့် ပြုံးရိပ်သန်းနေသည်။ သူမက ယဲ့ချန်နှင့်အတူရှိနေရခြင်းကို နှစ်သက်သည်။ ပုံရိပ်ယောင်ပုလဲအတွင်း ကျင့်ကြံနေချိန်၌ ယဲ့ချန်ကို တွေ့မြင်လိုသောစိတ်ကို နေ့တိုင်းခံစားရသဖြင့် အားကြိုးမာန်တက် ကျင့်ကြံခဲ့ခြင်းဖြစ်သည်။

အမွေးပွလေး၏ ခန္ဓာကိုယ်ပတ်လည်တွင် အဖြူရောင်အလင်းတစ်ခု လှည့်ပတ်နေသည်။ ယဲ့ချန်သည် သူမ၏အရှိန်အဝါမှတဆင့် အံ့လောက်ဖွယ်ပြောင်းလဲမှုများကို အာရုံခံနိုင်ခဲ့သည်။ သူကိုယ်တိုင်ပင် အမွေးပွလေး၏ ခွန်အားအစစ်အမှန်ကို မခန့်မှန်းနိုင်ပေ။ သူမ၏ခွန်အားက သူ့အောက် နိမ့်ကျခြင်းမရှိကြောင်းကိုမူ ရှင်းလင်းစွာ သိခဲ့ရသည်။

ပုံရိပ်ယောင်ပုလဲအတွင်း အမွေးပွလေး၏ကျင့်ကြံနှုန်းက အလွန်မြန်ဆန်နေပြီး အမြှီးကိုးချောင်းအပြင် ဆယ်ချောင်းမြောက်အမြှီး စတင်ထွက်ပေါ်လာသော လက္ခဏာများ ဖြစ်ပေါ်နေသည်။ မြေခွေးမျိုးနွယ်တွင် အရွယ်မရောက်ခင်ဖြစ်ပေါ်လာသော အမြှီးအရေအတွက်က ပါရမီကို ကိုယ်စားပြုသည်။ အများအားဖြင့် အမြှီးခုနစ်ချောင်းပိုင်ရှင်များက အဆင့်မြင့်ပြီး အစွမ်းအထက်ဆုံးမှာ အမြှီးဆယ်ချောင်းပိုင်ရှင် ဖြစ်သည်။

ယဲ့ချန်သည် တောင်အောက်ကို ငုံ့ကြည့်လိုက်သောအခါ ဒူးထောက်နေသော မြေခွေးများကို တွေ့ခဲ့ရသည်။ လက်ရှိတွင် အမွေးပွလေးက အမည်ခံခေါင်းဆောင်မဟုတ်ဘဲ အစစ်အမှန်ခေါင်းဆောင်ဖြစ်လာသောကြောင့် ယဲ့ချန်က တစ်ချက်ပြုံးလိုက်သည်။ အမွေးပွလေး၏ကျင့်ကြံဆင့်ကို မသိရသော်လည်း သူ့အောက် နိမ့်စရာအကြောင်း မရှိပေ။ ယဲ့ချန်နှင့်အမွေးပွလေးက အချင်းချင်းကျီစယ်နေပြီး အချိန်ကြာမြင့်စွာစောင့်ဆိုင်းပြီးမှ ပြန်ဆုံရခြင်းကို တန်ဖိုးထားနေကြသည်။ ကောင်းကင်ရှိလရောင်နှင့် တသုန်သုန်တိုက်ခတ်နေသော လေညှင်းကြောင့် ယဲ့ချန်၏စိတ်နှလုံးက တည်ငြိမ်လာခဲ့သည်။ သူ၏အရှိန်အဝါနှင့် အမွေးပွလေး၏အရှိန်အဝါက ပေါင်းစပ်သွားပြီး အဆင့်တက်မည့်လက္ခဏာများ စတင်လာသည်။ ကိုယ်တွင်းရှိ ကောင်းကင်ချီများ လှိုင်းထန်လာကာ ဝိညာဥ်စစ်သည်တော်ကလည်း တုန်ခါနေ၍ ကျင့်ကြံဆင့်အတားအဆီးကို ချက်ချင်းချိုးဖျက်လိုက်သည်။

ဝိညာဥ်အသိစိတ်နှင့် ကောင်းကင်ချီများက ရုပ်ခန္ဓာကိုသန့်စင်ပေးနေပြီး ခွန်အားက ချက်ချင်းမြင့်တက်လာသည်။ ရုပ်ခန္ဓာသန်မာလာသောအခါ ဝိညာဥ်နှင့်ကောင်းကင်ချီကလည်း ပိုမိုအစွမ်းထက်သော အဆင့်တစ်ခုသို့ ရောက်ရှိလာ၏။ ထန်တိုက်လင်ပေးလိုက်သော ကြယ်အမြုတေကလည်း တောက်ပလာကာ ကူညီရန်အတွက် အာကာသချီများ တစ်လှိုင်းပြီးတစ်လှိုင်း ထုတ်ဖော်ပေးနေခဲ့သည်။ ရုပ်ခန္ဓာ၊ ကောင်းကင်ချီနှင့် ဝိညာဥ်က အချင်းချင်းအားဖြည့်ပေးနေကြပြီး နောက်ဆုံးတွင် ကျင့်ကြံဆင့်အတားအဆီးက ဘုန်းခနဲ ပေါက်ကွဲသွားသည်။ သူ့ကိုဗဟိုပြု၍ အစွမ်းထက်အရှိန်အဝါတစ်ခုက ဘက်ပေါင်းစုံသို့ ပြန့်ထွက်လာခဲ့သည်။ လောကတစ်ခွင်ရှိ ကောင်းကင်ချီများက ယဲ့ချန်၏ခေါင်းအထက်တွင် ဧရာမဝဲကြီးတစ်ခုပမာ စုဝေးလာသည်။ ၎င်းတို့က သူ၏ကိုယ်တွင်းသို့ အကြမ်းပတမ်း စီးဝင်သွားကြသည်။ သူက ၎င်းတို့ကို စုပ်ယူလိုက်သောအခါ ခန္ဓာကိုယ်ရှိဆဲလ်တစ်ခုချင်းစီမှာ သန့်စင်ခံလိုက်ရသဖြင့် အသစ်မွေးဖွားလာသည့်ပမာ ခံစားလိုက်ရ၏။ များပြားလှသော ကောင်းကင်ချီပမာဏက ချက်ချင်းစုပ်ယူခံလိုက်ရသောကြောင့် ပတ်ဝန်းကျင်တွင် ဗလာဖြစ်သွားသည်။ နောက်ဆုံးတွင် သူက အဆုံးမဲ့အဆင့်နှစ်သို့ တက်ရောက်နိုင်ခဲ့လေသည်။

"ငါ အဆင့်တက်နိုင်ခဲ့ပြီ"

ယဲ့ချန်က အလွန်ပျော်ရွှင်သွားခဲ့သည်။ သူ၏ခွန်အားတိုးတက်လာခြင်းက အနာဂတ်တွင် ကြယ်ခန်းမနှင့် ချစ်ရသူများ၏အသက်ကို ကာကွယ်ပေးနိုင်မည်ဖြစ်သည်။ ပြိုင်ဘက်ကင်းဝိဇ္ဇာအဆင့်တွင် အဆင့်တစ်ခုချင်းစီက ကောင်းကင်ကဲ့သို့ တက်ရောက်ရန်ခက်ခဲကာ ကောင်းကင်အလွှာပေါင်းသုံးဆယ် ပိတ်ဆို့နေသကဲ့သို့ဖြစ်သည်။ သို့သော် ယဲ့ချန်က အဆုံးမဲ့အဆင့်သို့ တက်ရောက်ပြီး မကြာခင်မှာပင် အဆင့်ငယ်တစ်ခု ထပ်တက်နိုင်ခဲ့သည်။ အစွမ်းထက်အင်အားစုများသာ ဤအကြောင်းကိုသိလျှင် သူ့ကို ချက်ချင်းအာရုံစိုက်လာနိုင်သည်။ မဟာအရှေ့ပိုင်းတိုက်ကြီးတွင် ကျင့်ကြံသူပေါင်းများစွာရှိသော်လည်း ယဲ့ချန်၏ကျင့်ကြံနှုန်းကို ယှဥ်နိုင်သူမှာ ပိုမေ့နှင့်တန်တိုက်လင်ကဲ့သို့ အလွန်နည်းပါးသူများသာ ရှိသည်။ သားရဲများက အလွန်ရှည်လျားသော သက်တမ်းကို ပိုင်ဆိုင်ထားသော်လည်း အများစုက နတ်ဘုရင်အဆင့်တွင် နှစ်ပေါင်းထောင်ချီ ပိတ်ဆို့နေတတ်ကြသည်။

အဆုံးမဲ့အဆင့်သို့ တက်ရောက်ပြီးနောက် ကျင့်ကြံဆင့်မြင့်တက်ရန်က အဆပေါင်းများစွာ ပို၍ခက်ခဲလာသည်။ များပြားလှသော ကျင့်ကြံသူများက အဆင့်ငယ်တစ်ခုတွင် နှစ်ပေါင်းမရေမတွက်နိုင်အောင် တစ်ဆို့နေတတ်ကြသည်။

အမွေးပွလေးသည် ယဲ့ချန်၏ပခုံးပေါ်တွင် တိတ်ဆိတ်စွာ ရှိနေခဲ့သည်။ သူမ၏ နူးညံ့သောအမြှီးလေးများက ယဲ့ချန်၏လည်ပင်းကို ညှင်သာစွာ ပွတ်သပ်နေခဲ့သည်။ သူက အမွေးပွလေး၏ခေါင်းကို တစ်ချက်ပုတ်လိုက်သည်။ သူ၏နှလုံးသားအတွင်း လစ်ဟာနေသော ကွက်လပ်က ပျောက်ကွယ်သွားပြီဖြစ်သည်။ ထို့ကြောင့် သူ၏စိတ်က အလွန်ငြိမ်းချမ်း၍ တည်ငြိမ်နေသည်။ မြေခွေးမျိုးနွယ်မှ မြေခွေးများတွင် အမြှီးအရေအတွက် တိုးလာသောကြောင့် သူက အနည်းငယ်အံ့သြနေခဲ့သည်။ ပုံရိပ်ယောင်ပုလဲက မြေခွေးများအပေါ် ဤမျှအကျိုးရှိစေမည်ဟု မျှော်လင့်မထားခဲ့ပေ။

ယဲ့ချန်ကို ဝိညာဥ်အသိစိတ်ဖြင့် စကားတစ်ခွန်းပြော၍ အမွေးပွလေးက ခုန်ထွက်သွားခဲ့သည်။ သူမက လမ်းတစ်ဝက်တွင် သမင်လည်ပြန်ကြည့်၍ ပြုံးပြလိုက်သောအခါ ယဲ့ချန်က ပြန်၍ပြုံးပြလိုက်သည်။ သူမက အစ်ကိုနှင့်မိဘများကို ပြန်တွေ့ရသောကြောင့် အလွန်ပျော်ရွှင်ဝမ်းမြောက်နေသည်။ မြေခွေးမျိုးနွယ်သည် တိုက်ခိုက်ရေးစွမ်းအားမကြီးမားသော်လည်း ရန်သူကို ပုံရိပ်ယောင်ဖြင့်ဖမ်းစားခြင်းကဲ့သို့ စွမ်းရည်များတွင် ထူးချွန်သည်။ သူတို့၏ခွန်အား တိုးတက်လာသောအခါ ကြယ်ခန်းမအတွက် အထောက်အကူဖြစ်လာပေလိမ့်မည်။ သူ့အတွက် အသက်စွန့်ခဲ့သော အမွေးပွလေး၏ပုံရိပ်ကို ပြန်တွေးမိလိုက်သော ယဲ့ချန်၏စိတ်ထဲရှိဆုံးဖြတ်ချက်က ပို၍ပြတ်သားလာခဲ့သည်။ သူ၏အနီးရှိချစ်ရသူများကို အန္တရာယ်များမကျရောက်စေရဟု ကိုယ့်ကိုကိုယ် ကတိပြုလိုက်သည်။

တိုက်ကြီးလေးခုလုံးက ဝိညာဥ်သားရဲကပ်ဘေးကို ရင်ဆိုင်နေရသဖြင့် ၎င်း၏ဇစ်မြစ်က ဝိညာဥ်မျှော်စင် မဖြစ်နိုင်ပေ။ ထို့ကြောင့် ကပ်ဘေး၏မူလဇစ်မြစ်ကိုရှာဖွေရန် အလွန်ခက်ခဲပြီး လမ်းစပျောက်နေခဲ့သည်။ အကယ်၍ ဝိညာဥ်သားရဲများ ပို၍အစွမ်းထက်လာလျှင် တိုက်ကြီးလေးခုလုံးပျက်စီးသွားကာ ကြယ်ခန်းမလည်း ခြွင်းချက်မဟုတ်ပေ။ အရှေ့ပိုင်းတိုက်ကြီးတွင်ရှိနေသော သွေးဆာချပ်ဝတ်သားရဲအရေအတွက်ကို ယဲ့ချန်က မသိချေ။ ၎င်းတို့သာ အသိုက်အတွင်းမှထွက်လာလျှင် ပိုမိုကြီးမားသောကပ်ဘေးကို ယူဆောင်လာပေလိမ့်မည်။ ထို့ကြောင့် အရေးအကြီးဆုံးမှာ သူ၏ခွန်အားကို မြှင့်တင်ရန်ဖြစ်သည်။ ထျန်းယွမ်ငွေပြားများ၊ ထျန်းယွမ်ဓားကျိုးများ၊ ကောင်းကင်မူလတိုက်ကြီး၊ ကျောက်စိမ်းနန်းတော်စသော လျှို့ဝှက်ချက်များက စိတ်ထဲတွင် အစီအရီထွက်ပေါ်လာကြသည်။ ကျောက်စိမ်းနန်းတော်တွင် ဝိညာဥ်သားရဲများနှင့်ပတ်သက်၍ သဲလွန်စရှိနိုင်ကြောင်း သူက ရုတ်တရက်တွေးမိလိုက်သည်။

"ငါတို့သွားဖို့ နေရာတစ်ခုရှိတယ်။ အားလုံး အဆင်သင့်ပြင်ထားကြ"

ယဲ့ချန်သည် သူ၏အသံကို ရွေးချယ်ထားသော ကျင့်ကြံသူများထံ ပို့လွှတ်လိုက်သည်။ သူနှင့်နန်ရှင်းတစ်က အဆုံးမဲ့ကျင့်ကြံသူများ ဖြစ်ကြသည်။ အမွေးပွလေးသည်လည်း သူတို့အောက် မနိမ့်ကျပေ။ ထို့အပြင် ရှောင်ရိနှင့်အားဖန်ငါးယောက်က နတ်အဆင့်များဖြစ်သောကြောင့် ခေါ်သွားရန် ဆုံးဖြတ်လိုက်သည်။ မိုးကြိုးချပ်ဝတ်နှင့် ဓားသုံးလက်အစီအရင်ကိုရရှိထားသော ယဲ့မုန်နှင့် ကျင့်ကြံသူဆယ့်သုံးယောက်ကိုလည်း ရွေးချယ်လိုက်၏။ ယဲ့ချန်သည် ကျောက်စိမ်းနန်းတော်ကို လူအင်အားဖြင့်ရှာဖွေရန် တွေးနေခြင်းဖြစ်သည်။ သူ၏ညွှန်ကြားချက်အရ ရွေးချယ်ခံရသော ကျင့်ကြံသူတိုင်းက ချက်ချင်းထွက်ခွာနိုင်ရန် အဆင်သင့်ပြင်လိုက်ကြသည်။

"ကျုပ်မရှိတဲ့အချိန်မှာ ကြယ်ခန်းမကို အစ်ကိုထုံဆီ အပ်ထားခဲ့မယ်"

ယဲ့ချန်က ထုံတန်ကို ပြောလိုက်ခြင်းဖြစ်သည်။

"ငါ အသက်ရှူနေသရွေ့ ကြယ်ခန်းမ မထိခိုက်စေရဘူး။ မစိုးရိမ်ပါနဲ့ ညီလေးယဲ့"

လင်းယွန်တောင်တန်းရှိ ဂူတစ်လုံးအတွင်း ကျင့်ကြံနေသော ထုံတန်က ခေါင်းညိတ်လိုက်သည်။

"ကျုပ် သုံးနှစ်အတွင်း ပြန်လာခဲ့မယ်။ တစ်ခုခုဖြစ်လာရင် ခြင်္သေ့ဘုရင်က တာဝန်ယူလိမ့်မယ်"

"နားလည်ပါပြီ ခန်းမသခင်"

ယဲ့ချန်က လက်အောက်ငယ်သားများကို မှာကြားနေစဥ် ထူးခြားသော အရှိန်အဝါတစ်ခုကို အာရုံရလိုက်သည်။ သူက ချက်ချင်းမျက်နှာပျက်သွားကာ တဟုန်ထိုးလျှပ်စီးကျင့်စဥ်ဖြင့် ယဲ့တောင်ကြားထံ ပြေးထွက်သွားခဲ့၏။

ယဲ့တောင်ကြားအတွင်း၌ ကျောက်စိမ်းမြို့တော်လေလံပွဲမှ သူဝယ်ယူလာသော ဝိညာဥ်သစ်ပင်ကို စိုက်ပျိုးထားသည်။ အချိန်ကြာမြင့်ပြီးနောက် ၎င်းက အလွန်မြင့်မားလာပြီး အကိုင်းအခက်အရွက်များ ဝေဆာနေသည်။ ကျောက်စိမ်းပမာ တဖိတ်ဖိတ်တောက်နေသော သစ်ရွက်များကြားတွင် လက်သီးဆုပ်အရွယ် သစ်သီးများ ရှိနေခဲ့သည်။ ၎င်းတို့က စတင်ဖြစ်ပေါ်လာစဥ်ကဲ့သို့ အစိမ်းရောင်မဟုတ်တော့ဘဲ အနီ၊ လိမ္မော်၊ အဝါ၊ အပြာစသဖြင့် အရောင်များ ကွဲပြားနေသည်။ သစ်ပင်တစ်ခုလုံးက ရောင်စုံတောက်ပနေပြီး ကြည်လင်တောက်ပနေသော ရတနာသစ်ပင်ကြီးကဲ့သို့ ထင်မှတ်နေသည်။ တောင်ကြားတစ်ခုလုံးက ၎င်း၏ရနံ့ကြောင့် လတ်ဆတ်သင်းပျံ့သော လေထုကို ပိုင်ဆိုင်ထားသည်။

လက်ရှိတွင် ဝိညာဥ်သစ်ပင်အောက်၌ ပုံရိပ်တစ်ခု မတ်တပ်ရပ်နေခဲ့သည်။ ယဲ့ချန်သည် အနီရောင်ဝတ်ရုံဝတ်ထားသော ရင်းနှီးသည့်ပုံရိပ်ကို မြင်သောအခါ ခေါင်းကိုက်သွားခဲ့သည်။

"ဒီမိန်းမက ကြယ်ခန်းမကို ဘာလို့ရောက်လာတာလဲ"

ယဲ့ချန်ရောက်လာသည်ကို အာရုံခံမိသောအခါ သူမက လှည့်၍ပြုံးပြလိုက်သည်။ အလွန်လှပသော သူမက မက်မွန်သီးသဏ္ဍာန် မျက်ဝန်းများနှင့် အနီရောင်ညှို့အားပြင်းပြင်း နှုတ်ခမ်းတစ်စုံကို ပိုင်ဆိုင်ထားသည်။ မည်သူမှ သူမ၏အပြုံးကို အကြည့်လွှဲနိုင်မည်မဟုတ်ပေ။ အနီရောင်ဝတ်ရုံ၏ရင်ဘတ်တွင် အနည်းငယ်ဟထားသောကြောင့် မမြင်အပ်သည့်နေရာက အနည်းငယ်ထွက်ပေါ်နေသည်။ သေးကျဥ်သော ခါးနှင့် ပျော့ပြောင်းသော ခန္ဓာကိုယ်က အရိုးမှရှိပါလေစဟု ထင်မှတ်မှားနိုင်သည်။ ခန္ဓာကိုယ်နှင့်ကပ်ရပ်နေသော ဝတ်ရုံက လှုပ်ရှားလိုက်တိုင်း ကောက်ကြောင်းအလှကို ပေါ်လွင်စေသည်။ ရှည်လျားကာ သေးသွယ်သော ခြေတံအစုံက ညှို့ဓာတ်တစ်ခုကို ထုတ်ဖော်ထားသည်။ ယဲ့ချန်ကို ညှို့အားပြင်းစွာပြုံးပြနေသော ပုံရိပ်မှာ မိုးကြိုးမျိုးနွယ်မှ ပိုလင်းဖြစ်ပေသည်။

"မောင်လေးက အစ်မကြီးကို လာရှာရအောင် လုပ်တယ်ပေါ့"

သူမ၏နှုတ်ခမ်းနှစ်လွှာ ပွင့်ဟလာ၍ ဆွဲဆောင်အားပြင်းသော စကားသံတစ်ခု ထွက်ပေါ်လာသည်။ ဤအသံက ယောကျ်ားတိုင်း၏ စိတ်နှလုံးကို ဆွဲယူသိမ်းပိုက်နိုင်စွမ်းရှိသည်။

ပိုလင်းက ဆွဲဆောင်အားပြင်းသော်လည်း ယဲ့ချန်က ဂရုမစိုက်နိုင်ပေ။ အကယ်၍ သူမတစ်ယောက်တည်းဆိုလျှင် ကြောက်စရာမလိုသော်လည်း နောက်ခံအဖြစ် မိုးကြိုးမျိုးနွယ်ရှိနေခဲ့သည်။ ကြယ်ခန်းမသည် လက်ရှိခွန်အားဖြင့် မိုးကြိုးမျိုးနွယ်၏ရန်သူဖြစ်လာလျှင် ကျောက်တောင်ကို ကြက်ဥနှင့်ပေါက်သည့်ပမာ ဖြစ်သည်။ မိုးကြိုးမျိုးနွယ်မှ ပိုလင်းရောက်လာသော အကြောင်းအရင်းကို သူက ခေါင်းပေါက်မတတ် စဥ်းစားနေမိသည်။

"မောင်လေးရဲ့သစ်ပင်က တော်တော်ထူးခြားတယ်နော်။ ဒီသစ်ပင်မှာ ကောင်းကင်မူလချီတွေရှိနေတယ်။ သာမန်လူတွေက ဒါကိုမသိနိုင်ပေမယ့် ဒီနေရာမှာကျင့်ကြံတာက အကျိုးအများကြီးရှိတယ်မလား။ ဒီအသီးတွေက ဘယ်အချိန်မှည့်လာမယ်ဆိုတာကို ငါလည်း မသိဘူး။ ဒါပေမယ့် သေချာပေါက် အဖိုးတန်ဝိညာဥ်ဆေး ဖြစ်လာလိမ့်မယ်"

ပိုလင်းသည် ယဲ့ချန်၏ အေးစက်စက်မျက်နှာထားကို သတိထားမိသော်လည်း ဒေါသမထွက်ခဲ့ပေ။ သူမ၏လက်ချောင်းသွယ်သွယ်လေးများက ဝိညာဥ်သစ်ပင်၏ပင်စည်ကို ညှင်သာစွာ ပွတ်သပ်လိုက်သည်။ သူမ၏အတွေးများကို မည်သူမှခန့်မှန်းနိုင်ခြင်းမရှိဘဲ သက်ပြင်းတစ်ချက် ချလိုက်လေသည်။

All Chapters