အဖြေ၊ ပိုင်လင်
Vol. 49 Ch. 675
မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် ဝေ့ဝူယင်၏ အမြင်အာရုံ၌ တာရာ လျှို့ဝှက် သတ္တုရိုင်း အပိုင်းအစမှာ မဖော်ပြနိုင်သည့် အရောင်များ ပါဝင်နေသည့် ကျောက်တုံးတစ်ခု အသွင်သို့ ပြောင်းလဲ သွားခဲ့ပြီ ဖြစ်သည်။ ဝေ့ဝူယင်မှာ ဘဝ တစ်လျှောက်လုံးတွင် ထိုကဲ့သို့ အရောင်မျိုးကို တစ်ခါမှပင် မမြင်ဖူးချေ။ ၎င်းတို့က သေမျိုးတို့၏ မြင်နိုင်စွမ်း အကန့်အသတ်ကို ကျော်လွန်နေကာ အခြားအဆင့် တစ်ခု၌ ရှင်းလင်းစွာ ရပ်တည်နေပေသည်။
ကျောက်တံး အပိုင်းအစ အတွင်းတွင်တော့ မရေမတွက်နိုင်သည့် သင်္ကေတများမှာ စီးဆင်း ဖြတ်သန်းနေ၏။ ဝေ့ဝူယင်မှာ ထိုသင်္ကေတများကို မြင်ဖူးသလိုလို ခံစားလိုက်ရသည်။ သို့သော်လည်း သေချာ စူးစိုက် ကြည့်လိုက်တော့ ၎င်းတို့ကို ဖမ်းဆုပ်ရန် မဖြစ်နိုင်ကြောင်း တွေ့မြင်လိုက်ရသည်။ ၎င်းတို့၏ အရှိန်နှုန်းက အဂ္ဂိရတ် ကြယ်တာရာ မျက်လုံးများဖြင့် လိုက်မှီရန် ခက်ခဲလှပေသည်။
ဝေ့ဝယင်က အဂ္ဂိရတ် ကြယ်တာရာများနှင့် အတူ ကောင်းကင်ဘုံ နတ်မျက်လုံးကို အသုံးပြုဖို့ ကြိုးစား ကြည့်လိုက်၏။ သို့သော်လည်း... ထူးဆန်းစွာပင် ၎င်းတို့က ပေါင်းစပ် အလုပ်လုပ်ခြင်း မရှိပဲ အမြင်အာရုံ တစ်ခုက အမြဲတမ်း ရှေ့သို့ ရောက်ရှိနေသည်။ ထိုအရာက ဘယ်လိုမှ အဆင်မပြေလေရာ ဝေ့ဝူယင်မှာ ထိုသင်္ကေတများကို ဖမ်းဆုပ်ရန် ထပ်မံ မကြိုးစားတော့ဖို့ ဆုံးဖြတ်လိုက်၏။
ထူးဆန်းသော အရောင်များဖြင့် တလက်လက် တောက်ပနေသည့် တာရာ လျှို့ဝှက် သတ္တုရိုင်းကို ကြည့်ရင်း သေမျိုးဝိညာဥ် အဂ္ဂိရတ် ကြယ်တာရာများ၏ အကျိုးသက်ရောက်မှုကို သူ တွေးလိုက်မိသည်။ အဆင့်ကိုး ဆေးလုံး တစ်ခုဖြစ်သည့် ထာဝရ ခြေချခြင်း ဆေးလုံးကို အောင်အောင်မြင်မြင် ဖော်စပ်နိုင်ခဲ့ပြီး နောက်တွင် သူ ထိုကြယ်တာရာများကို လက်ခံ ရရှိခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း... တစ်ချိန်လုံး၌ ၎င်းတို့က သူ့အတွက် အသုံးမဝင်သလောက်ပင် ဖြစ်သည်။ ထူးဆန်းသည့် ဝိညာဥ် အကြွင်းအကျန်များကို တွေ့မြင်နိုင်ခြင်းမှ တစ်ပါး အခြား မည်သည့် စွမ်းရည်ကိုမှ သူ ရှာမတွေ့ချေ။ အဂ္ဂိရတ် ထုတ်ကုန်များ ဖော်စပ်ချိန်တွင်ပင် ၎င်းတို့က အသုံးမဝင်ချေ။
ကောင်းကင်တာအိုက သေမျိုး အဂ္ဂိရတ် အာဏာရှင်များကို အဘယ်ကြောင့် ထိုကဲ့သို့ အသုံးမဝင်သည့် စွမ်းရည်မျိုး ပေးအပ်ထားသလဲပင် သူ စဥ်းစားမရခဲ့ချေ။
သို့သော်လည်း ယခုတွင်တော့ ၎င်း၏ အသုံးဝင်ပုံ နောက်တစ်မျိုးကို သူ တွေ့ရှိခဲ့ရပြီ ဖြစ်သည်။ ၎င်းကို အကျိုးရှိရှိ အသုံးပြုနိုင်သည့် နောက်ထပ် နည်းလမ်းများလည်း ကျိန်းသေပင် ရှိနေလိမ့်မည် ထင်သည်။ အဆုံးမဲ့ ကောင်းကင်တွင် ၎င်းနှင့် ပတ်သက်သည့် အချက်အလက်များကို ရှာဖွေ ဖော်ထုတ်နိုင်လိမ့်မည်ဟု သူ မျှော်လင့် မိပေသည်။ မည်သို့ပင် ဆိုစေ... ဝမ်ယုထျန်း ပင်လျှင် သေမျိုး အဂ္ဂိရတ် အာဏာရှင်များက အလွန် ကြောက်ဖို့ ကောင်းသည်ဟု ပြောခဲ့ဖူးသည် မဟုတ်ပါလား။ ၎င်းက ထိုထူးဆန်းသော ရည်ရွယ်ချက်နှင့် ပတ်သက်နေလိမ့်မည်ဟု ဝေ့ဝူယင် ခံစားရသည်။
အဂ္ဂိရတ် ကြယ်တာရာများ၏ ပြိုင်စံရှား စွမ်းအင်ကို စတင် သတိထားမိပြီးနောက်တွင် သာလွန်ခြင်း အဆင့် အရည်အသွေးရှိသည့် အဂ္ဂိရတ် ထုတ်ကုန်များ ထုတ်လုပ်ရန် ပဟေဠိ အပိုင်းအစတစ်ခုကို ဆုပ်ကိုင်မိပြီ ဖြစ်ကြောင်း ဝေ့ဝူယင် သဘောပေါက်ခဲ့သည်။
“ထာဝရ နတ်မိမယ်လေးနဲ့ အဂ္ဂိရတ် တိုက်ပွဲမှာ သာလွန်ခြင်း အဆင့် ရှိတဲ့ လောကအလင်း ဆေးရည်ကို ငါ မရည်ရွယ်ပဲနဲ့ ဖော်စပ်ခဲ့မိတယ်... အဲဒီနေ့ ဆေးဖော်စပ်နေတဲ့ အတောအတွင်းမှာ ငါ့ရဲ့ မူလ မိုးကုပ်စက်ဝိုင် အဆင့်က ပေါင်းစပ်ခဲ့ပြီးတော့ အမည်မသိ ဒြပ်စင်တစ်မျိုးကို တုန့်ပြန်ခဲ့မိတယ် လို့ ထင်တယ်... အဲဒါကြောင့်ပဲ ဆေးလုံးရဲ့ အရည်အသွေးက တိုးမြင့်သွားခဲ့တာပဲ... ဒါပေမဲ့ စစ်ဆေးမှုနဲ့ စမ်းသပ်မှုတွေ မရေမတွက်နိုင်အောင် ပြုလုပ်ပြီးတဲ့ နောက်မှာ ငါ ယူဆချက် အချို့ကို ထုတ်ဖော်နိုင်ခဲ့တယ်”
“ပထမ တစ်ချက်... အဲဒီ ဖြစ်စဥ်ဟာ အကြိမ်တစ်သန်းမှာ တစ်ကြိမ် မတော်တဆ ဖြစ်ပေါ်လာတတ်တဲ့ ဖြစ်စဥ်တော့ မဟုတ်ဘူး... ကောင်းကင် အုပ်စိုးသူ အဆင့်တည်းက သန်းဆယ်နဲ့ချီတဲ့ အဂ္ဂိရတ် ထုတ်ကုန်တွေကို ငါ ဖော်စပ်ခဲ့ပြီးပြီ... ဒါပေမဲ့ ဘယ်ထုတ်ကုန်ကမှ သာလွန်ခြင်း အဆင့် အရည်အသွေးကို မရောက်ရှိခဲ့ကြဘူး... ဒါကြောင့် သာလွန်ခြင်း အဆင့် အရည်အသွေးကို ဖြစ်ပေါ်စေဖို့ ကျိန်းသေ အကြောင်းရင်း ရှိရမယ်”
“ဒုတိယ တစ်ချက်... သာလွန်ခြင်း အဆင့် အရေအသေးက လျှို့ဝှက် ရည်ရွယ်ချက်နဲ့ ပတ်သက် နေနိုင်တယ်... ဒါမှမဟုတ် အဲဒီ အဆင့် အရည်အသွေးရှိတဲ့ မန်နာနဲ့ ချည်နှောင်ထားတာတောင် ဖြစ်နိုင်တယ်... ဒါပေမဲ့ ငါက သေမျိုး အဆင့်အတွင်းမှာပဲ ရှိသေးတာကြောင့် အဲဒါကို မဖမ်းဆုပ်နိုင်ခဲ့တာ... ဒါပေမဲ့ အခုတော့...”
ဝေ့ဝူယင်က ဘယ်ဘက် လက်ထဲတွင် ဆုပ်ကိုင်ထားသည့် သတ္တုရိုင်းကို ငုံ့ကြည့်လိုက်၏။ သတ္တုရိုင်းမှာ သူ့မျက်လုံးများထဲ၌ ကွဲပြား ခြားနားစွာ ပေါ်လွင်နေသည့်တိုင် လက်ကတော့ သာမန် ကျောက်ခဲ အပိုင်းအစ တစ်ခုလိုပင် ခံစားနေရဆဲ ဖြစ်သည်။
“နောက်ဆုံး တစ်ချက်... မူလ မိုးကုပ်စက်ဝိုင်း အဆင့်က အရေးကြီးတယ်... ငါ့ရဲ့ မန်နာမှာ ထူးခြားတဲ့ အရည်အသွေး တစ်ခုကို ပိုင်ဆိုင်ထားပြီးတော့ အဲဒီ အရည်အသွေးက လျှို့ဝှက် ရည်ရွယ်ချက် ဒါမှမဟုတ် လျှို့ဝှက် အဆင့် မန်နာကို ဆေးဖော်စပ်ခြင်း ဖြစ်စဥ်ထဲကို ဆွဲဆောင်ပေးနိုင်စွမ်း ရှိတယ်”
ယခုတွင်တော့ သူ့တွင် လျှို့ဝှက် အဆင့်၌ ရှိသည့် တာရာ သတ္တုရိုင်းနှင့် မူလ အရည်တို့ ရှိနေခဲ့ပြီ ဖြစ်သည်။ ၎င်းတို့ နှစ်ခုစလုံးမှာ မတူညီသည့် အခြေအနေများနှင့် မွေးဖွားလာကာ ကွဲပြားသည့် ရည်ရွယ်ချက်များကို ပိုင်ဆိုင်ထားသည်။ တာရာ လျှို့ဝှက် သတ္တုရိုင်းမှာ လျှို့ဝှက် ရည်ရွယ်ချက်နှင့် လျှို့ဝှက် အမတေ နှစ်ခုစလုံးကို သိုလှောင်ထားကာ လျှို့ဝှက် အဆင့် အဆောင်များ၊ လက်နက်များ ပြုလုပ်ရာ၌ အဓိက အသုံးပြုကြသည်။
လျှို့ဝှက် မူလအရည်ကိုတော့ ကျင့်ကြံသူများ လျှို့ဝှက် ရည်ရွယ်ချက်ကို နားလည်အောင် ကြိုးပမ်းရာတွင် အသုံးပြုသည့် အပြင်... လျှို့ဝှက် အာဏာရှင် အဆင့် တတိယ ကပ်ဘေးကို ကျော်လွှားရာတွင်လည်း အသက်ကယ် ရတနာ တစ်ခု အဖြစ် အသုံးပြုကြသည်။
ထိုနှစ်ခုစလုံးမှာ စိတ်ဝင်စားလောက် စရာ အရည်အသွေးများ၊ အကျိုးသက်ရောက်မှုများကို ပိုင်ဆိုင်ထားပေသည်။ အထူးသဖြင့် လျှို့ဝှက် မူလ အရည်ပင်။ တိကျသေချာသည့် အချက်အလက်များ မရှိသည့်တိုင် လျှို့ဝှက်မူလ အရည်မှာ လျှို့ဝှက်အဆင့် မန်နာကို အရည် အဖြစ် ပြောင်းလဲထားသည့် ပုံစံ တစ်မျိုးဟု သူ ခံစားရသည်။
မန်နာများမှာ မကြာခဏ ဆိုသလို အရည်အဖြစ် ပြောင်းလဲနိုင်စွမ်း ရှိသည်။ ကျင့်ကြံခြင်း လောကတွင် မန်နာအရည် ဖြစ်ပေါ်စေနိုင်သည့် နည်းလမ်းများစွာ ရှိကာ သဘာဝနှင့် လူဖန်တီးသည့် နည်းလမ်းများလည်း ပါဝင်ပေသည်။ ဝေ့ဝူယင် ကိုယ်တိုင်ပင်လျှင် အာရုဏ်ဦး နေမီးတောက် ဆေးလုံးကို ဖော်စပ်ရန် အတွက် ဝိညာဥ်မန်နာကို အရည်အဖြစ် သန့်စင်ကာ အသုံးပြုခဲ့သေးသည်။
ထိုရှာဖွေ တွေ့ရှိမှုက ဝေ့ဝူယင် အတွက် သီအိုရီ အကြမ်းထည် တစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။ ထိုသီအိုရီသာ အလုပ်ဖြစ်ပါက သာလွန်ခြင်း အဆင့် ဆေးရည်များ ဖော်စပ်ရန် သူ၏ အစီအစဥ်က ကျိန်းသေပင် အသက်ဝင်လာလိမ့်မည် ဖြစ်သည်။ ထို့အပြင်... လျှို့ဝှက် အာဏာရှင် အဆင့် မတိုင်ခင် လျှို့ဝှက် အဆင့် ထုတ်ကုန်များကိုပင် ဖော်စပ်လာနိုင်ပေသည်။
သို့သော်လည်း လက်ရှိ၌ လျှို့ဝှက် အဆင့် ထုတ်ကုန်များ ဖော်စပ်ရန် သူ့တွင် ရည်ရွယ်ချက် မရှိသေးချေ။ လူတစ်ယောက်မှာ မပျံသန်းခင် လမ်းလျှောက်တတ်ဖို့ အလျင် သင်ယူသင့်သည်။
ဝေ့ဝူယင်က ကြယ်တာရာ ဝိညာဥ် လေးခုနှင့် ချိတ်ဆက်ကာ မူလ မိုးကုပ်စက်ဝိုင်း အဆင့် မန်နာ ထိန်းချုပ်မှု စွမ်းရည်ကို ထုတ်ဖော်လိုက်သည်။ ထို့နောက် တာရာ လျှို့ဝှက် သတ္တုရိုင်းနှင့် လျှို့ဝှက် အရည်စက်တို့ထံသို့ ပို့လွှတ် လိုက်၏။ ပတ်ဝန်းကျင်ရှိ ပျက်စီးခြင်း မန်နာများမှာ ပြင်းထန်စွာ တုန်ရီနေလာသည့်တိုင် ဝေ့ဝူယင်မှာ တည်ငြိမ်နေဆဲ ဖြစ်သည်။
“လာစမ်း...”
ဝေ့ဝူယင် ဖိအားများကို ပိုမို တိုးမြှင့်လိုက်ရင်း လျှို့ဝှက်အဆင့် ရင်းမြစ်နှစ်ခုထံမှ တုန့်ပြန်မှု ထွက်ပေါ်လာအောင် ကြိုးပမ်းလိုက်၏။ ပထမဆုံး စတင် တုန့်ပြန်လာသည်က မြင့်မားသော အရှိန်ဖြင့် ရွေ့လျားနေသည့် သတ္တုရိုင်း အတွင်းရှိ သင်္ကေတများပင် ဖြစ်လေသည်။ ၎င်းတို့မှာ မူလကထက် ပိုမို၍ပင် လျှင်မြန်စွာ ရွေ့လျားလာကြကာ အဂ္ဂိရတ် ကြယ်တာရာ မျက်လုံးများဖြင့်ပင် ဖမ်းဆုပ်နိုင်စွမ်း မရှိတော့ချေ။
“စိတ်ဝင်စား စရာပဲ...”
ဝေ့ဝူယင်မှာ တစ်နာရီ ခန့်ကြာအောင် အမျိုမျိုး စမ်းသပ် နေခဲ့၏။ သူက ၎င်းတို့ကို ဖျက်ဆီးပစ်ဖို့ပင် ကြိုးပမ်း ခဲ့သေးသည်။ သို့သော်လည်း... သူ၏ အပြင်းထန်ဆုံး ခွန်အား ပင်လျှင် ၎င်းတို့၏ အပုံတစ်သန်းပုံ တစ်ပုံကိုမျှ မဖျက်ဆီးနိုင်ကြောင်း ရှာဖွေ တွေ့ရှိခဲ့သည်။ ထို့ကြောင့်ပင် တာရာ လျှို့ဝှက် သတ္တုကို တူးဖော်ဖို့ ခက်ခဲခြင်း ဖြစ်ပေလိမ့်မည်။
ဝေ့ဝူယင် ၎င်းတို့ကို မူလ ဒြပ်စင် မီးဖြင့် တိုက်ကြည့်ရန် ကြိုးပမ်းသည်။ အဂ္ဂိရတ် အင်အားဖြင့် သန့်စင်ပစ်ရန် ကြိုးပမ်းသည်။ ယုတ်စွအဆုံး ပိုင်လင်လိုပင် စားကြည့်ရန် ကြိုးပမ်းခဲ့သေးသည်။ သို့သော်လည်း သူ့သွားများမှာ ၎င်းတို့ကို ကိုက်ဖျက်နိုင်စွမ်း မရှိသလို အစာအိမ်မှာလည်း ချေဖျက်နိုင်စွမ်း မရှိခဲ့ချေ။ အစစ်အမှန် နဂါး သွေးမျိုးဆက် တစ်ယောက် ဖြစ်သည့်တိုင် ဝမ်းဗိုက်နှင့် ရင်းမြစ်များကို သန့်စင်ခြင်းမှာ သူ ပိုင်ဆိုင်ထားသည့် စွမ်းရည် မဟုတ်သေးချေ။
တစ်ချိန်တည်း၌... လျှို့ဝှက် မူလ အရည်စက်များထဲတွင်လည်း အလွန် သေးငယ်သည့် သင်္ကေတများ မြောလွင့်နေသည်ကို အဂ္ဂိရတ် ကြယ်တာရာ မျက်လုံးများဖြင့် ဝေ့ဝူယင် မြင်တွေ့ရသည်။ ၎င်းတို့က တာရာ သတ္တုရိုင်း အတွင်းရှိ သင်္ကေတများကို လျှင်မြန်စွာ ရွေ့လျားနေခြင်း မရှိသည့်တိုင် တိမ်တိုက် ကဲ့သို့ လှိုင်းများက ၎င်းတို့ကို ရစ်ပတ်ကာ ဖုံးအုပ်ထားသည်။
ကြည့်ရသည်က သူ၏ သေမျိုး အကန့်အသတ်မှာ လျှို့ဝှက် အဆင့် ရင်းမြစ်များကို ဖမ်းဆုပ်နိုင်ခြင်း မရှိအောင် ထိန်းချုပ်ထားပုံ ရသည်။
ဝေ့ဝူယင် စဥ်းစားရ ခက်သွားခဲ့၏။ သာလွန်ခြင်း အရည်အသွေး ရှိသည့် ထုတ်ကုန် တစ်ခု အတွက် အဓိက လိုအပ်ချက်မှာ လျှို့ဝှက်အဆင့် ရင်းမြစ် တစ်ခု ဖြစ်ကြောင်းကတော့ သေချာပေသည်။ သို့သော်လည်း... သူ့တွင် ထိုအဆင့် ရင်းမြစ်များနှင့် ဆက်သွယ်နိုင်သည့် စွမ်းရည် မရှိသလို အသုံးပြုနိင်သည့် စွမ်းရည်လည်း မရှိချေ။ သို့သော်လည်း... သူ၏ မူလ မိုးကုပ်စက်ဝိုင်း အဆင့် စွမ်းရည်ကတော့ လျှို့ဝှက် အဆင့် မန်နာများကို ဆွဲဆောင်နိုင်စွမ်း ရှိပေသည်။
ဝေ့ဝူယင် စမ်းသပ်မှုများကို ရပ်တန့်ကာ တရားထိုင်ဖို့ ဆုံးဖြတ်လိုက်၏။ ၎င်းနှင့် ပတ်သက်၍ အဖြေ တစ်ခုခုတော့ ရှိရပေမည်။
စက္ကန့်၊ မိနစ်များမှာ တရွေ့ရွေ့ ဖြတ်ကျော်သွား၏။ ဝေ့ဝူယင်မှာ လှုပ်ရှားခြင်း မရှိသလို မျက်တောင် ခပ်ခြင်းပင် မရှိချေ။ ထိုအခိုက်၌ သူက အလွန် လေးနက်သည့် အတွေးအာရုံအတွင်း ကျရောက်နေဟန် ရလေသည်။
နောက်ဆုံး ကိုးရက် ကြာပြီးနောက်မှ သူ၏ မျက်လုံးများက ဖြည်းညင်းစွာ ပြန်လည် ပွင့်လာခဲ့သည်။ သူ၏ အမူအရာက သုန်မှုန်မှုများနှင့် ပြည့်နှက်နေကာ လျှို့ဝှက် မူလ အရည်စက်ကို စိုက်ကြည့် နေခဲ့၏။ ထို့နောက် ဖြည်းညင်းစွာပင် တာရာ လျှို့ဝှက် သတ္တုရိုင်းထံသို့ ရွှေ့ပြောင်းသွားသည်။ ထို့နောက်...
ဘုန်း...
အလင်းတန်း တစ်ခုမှာ သူ့စိတ်အတွင်း ရုတ်တရက် ပေါက်ကွဲသွားသည်။ ဝေ့ဝူယင် ဖြည်းညင်းစွာပင် လျှို့ဝှက် မူလ အရည်ပုလင်းကို ဝတ်ရုံထဲ ပြန်ထည့်သိမ်း လိုက်၏။ ထို့နောက်... ပျော်ရွှင်မှု ပြည့်နှက်နေသည့် မျက်လုံးများဖြင့် တာရာ လျှို့ဝှက် သတ္တုရိုင်းကိုသာ စိုက်ကြည့်လိုက်သည်။
“အဓိက သော့ချက်ကို တွေ့ပြီလို့ ငါထင်တယ်.... အထွတ်အထိပ် အရည်အသွေး အတွက် အဓိက သော့ချက်”
“ဘာလဲ... အဲဒါက ဘာလဲ...”
အိုရီက ချက်ချင်းပင် တုန့်ပြန်လာကာ စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်၏။
“...”
ဧဒင်မှာ ဝေ့ဝူယင်၏ စိတ်နှင့် ချိတ်ဆက်နေရာ ဉာဏ်အလင်းကို ချက်ချင်း ရှာဖွေ စူးစမ်းရန် ကြိုးပမ်းလိုက်သည်။
“...”
ခရာတိုနှင့် ဘုရင်တို့ကတော့ တိတ်ဆိတ်နေ၏။ သို့သော်လည်း ကျယ်လောင်စွာ မြည်ဟီးနေသည့် နှလုံးခုန်သံများကိုတော့ ကွယ်ဝှက်၍ မရနိုင်ချေ။
“အဲဒါက...”
ဝေ့ဝူယင်က အသာအယာ ပြုံးကာ အဖြေပြန်ပေးရန် ပြင်လိုက်၏။ ထိုအခိုက်တွင်ပင် အောက်ရှိ မြေပြင်မှာ ငလျင် လှုပ်ခတ်သည့် အလား တုန်ရီသွားကာ ထူးဆန်းသော တုန်ခါမှုလှိုင်း တစ်ခုမှာ အမှောင် ဟင်းလင်းပြင် အတွင်း ပျံ့နှံ့လာ၏။ ၎င်းက အလွန်ပင် ပြင်းထန်လွန်းလှကာ တောင်တန်း တစ်ခုနှင့် သမုဒ္ဒရာ တစ်စင်း တိုက်မိသည့် အခါ ဖြစ်ပေါ်လာသည့် လှိုင်းများလိုပင် ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။
“ဂီး...”
ဝေ့ဝူယင်က လှိုင်းများ ထွက်ပေါ်လာသည့် နေရာကို လှမ်းကြည့်လိုက်၏။ ထို့နောက် ဖြည်းညင်းစွာပင် သူ့နှုတ်ခမ်းထက်၌ အပြုံးတစ်ခုက နေရာယူလာသည်။
“ပိုင်လင်ပဲ...”