ဝူယုထံမှ သတင်းများ
Vol. 49 Ch. 677
နှစ်လ...
ဝူယု ထွက်ခွာသွားသည့် နေ့မှ စ၍ ရေတွက်ရလျှင် နှစ်လတိတိ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ဝူယုလို လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက်က လွယ်ကူသည့် တာဝန်နှစ်ခုကို ပြီးမြောက်ရန် နှစ်လ အချိန်ယူရလိမ့်မည်ဟု ဝေ့ဝူယင် ထင်မှတ် မထားခဲ့ချေ။ ထို့အပြင်... ဝူယုက ဤနေရာကို ကိုယ်တိုင် ပျံသန်း၍ ရောက်ရှိလာလိမ့်မည်ဟုလည်း သူ မျှော်လင့် မထားခဲ့ချေ။
ဝူယုက ခါးသီးစွာ ပြုံးလိုက်၏။
“သခင်လေး ခိုင်းတဲ့ ကိစ္စတွေကို လုပ်ရင်း နည်းနည်း ရှုပ်ထွေး သွားခဲ့တယ်... ကျုပ် ရွှေရောင် အသက်နန်းတော် ခန်းမခွဲတွေရဲ့ ပဋိပက္ခတွေထဲ ပါဝင်ခဲ့ရတယ်လေ”
ဝူယု၏ အသံထဲတွင် မကျေချမ်းသည့် အငွေ့အသက် အချို့ ပါဝင်နေ၏။ သို့သော်လည်း ၎င်းက ဝေ့ဝူယင်ကို ရည်ညွှန်းခြင်း မဟုတ်ပဲ အခြား တစ်ယောက်ကို ရည်ညွှန်းခြင်းသာ ဖြစ်ပေသည်။
“ပဋိပက္ခထဲ ပါဝင်တယ်...”
ဝေ့ဝူယင်မှာ အနည်းငယ် အံ့အားသင့် သွားခဲ့၏။
"အမှန်ပဲ...”
ဝူယုက ခေါင်းတစ်ချက် ညိတ်ရင်း ဆက်လက် ရှင်းပြလိုက်လေသည်။
“ကျုပ် ထာဝရဂြိုဟ်ကို ရောက်တော့ အကြွင်းမဲ့ စည်းစိမ် နယ်မြေကို ဟင်းလင်းပြင် ပေါ်တယ်တွေ သုံးပြီး တန်းသွားခဲ့တယ်... အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေက အရမ်းကို ကျယ်တော့ ကျုပ် ဒီအတိုင်း တိုက်ရိုက် မသွားရဲဘူးလေ... အဲဒီကို ရောက်တော့ သူတို့ရဲ့ ခန်းမခွဲတွေ ကြားမှာ အတွင်းရေး ပဋိပက္ခ တစ်ခု ဖြစ်နေတာ သိလိုက်ရတယ်...”
“ပထမ ခန်းမနဲ့ တတိယ ခန်းမက တစ်ဖက် အဓိက ခန်းမနဲ့ ဒုတိယ ခန်းမက တစ်ဖက်ပေါ့... ပြန်ကြားရ သလောက်ဆို သူတို့က ရပိုင်ခွင့် တစ်ချို့ အတွက် တိုက်ခိုက်နေကြတာတဲ့... ဖြစ်စဥ် တစ်ခုလုံးကိုတော့ မစုစည်းနိုင်ခဲ့ပေမဲ့ ကျုပ်ရောက်တော့ ရွှေရောင် အသက်နန်းတော်ရဲ့ မြေကြီး ရှန့်ထို နှစ်ယောက်က ဦးစီးပြီး ယှဥ်ပြိုင်ပွဲ တစ်ခု ကျင်းပ နေတဲ့ပုံ ရတယ်... အဲဒီ ထဲမှာ လူငယ် ပါရမီရှင်တွေက စပြီး လူကြီးပိုင်း ကျင့်ကြံသူတွေ အထိပါ ပါဝင်တယ်... အဲဒီ ပြိုင်ပွဲမှာ ပါဝင်ဖို့ ပြင်ပ ကျင့်ကြံသူတွေကိုတောင် ဖိတ်ခေါ်နိုင်တယ် ပြောတယ်”
“ကျုပ် ရောက်တော့ လူအိုကြီး မာ့ကျန်းက ပြိုင်ပွဲထဲ ဆွဲသွင်း တော့တာပဲ... သူက ကျုပ်ကို သခင်လေးရဲ့ ကိုယ်စားလှယ် ဆိုပြီးတောင် ကြေညာခဲ့သေးတယ်”
ဝေ့ဝူယင်မှာ စိတ်ဝင်စား သွား၏။
“ခင်ဗျား နိုင်လား...”
ဝူယုက ရယ်မောလိုက်သည်။
“နိုင်လား ဟုတ်လား... သခင်လေးရဲ့ မေခွန်းက ကျုပ်ကို စော်ကား လိုက်တာပဲ... ဟဟ... စိတ်မပူပါနဲ့... သခင်လေးရဲ့ နာမည်ကို အရှက်ရအောင် ကျုပ် မလုပ်ပါဘူး”
ဝေ့ဝူယင်က ဝူယုကို ချီးကျူးဟန်ဖြင့် လက်မထောင်ပြ လိုက်၏။
“ပြီးတော့ ဘာတွေ ဆက်ဖြစ်သေးလဲ...”
“ပြီးတော့လား...”
ဝူယု၏ မျက်လုံးများက အနည်းငယ် အရောင် ပြောင်းလဲကာ အားကျခြင်းများနှင့် ပြည့်နှက် သွား၏။
“ကျုပ်တင် မဟုတ်ဘူး... အဘိုးကြီး မာ့ကျန်းပါ ဝင်တိုက်ခိုက်တာ... အဲဒီလောက် အစွမ်းထက်တဲ့ ကျင့်ကြံသူမျိုးကို ကျုပ် တစ်သက် တစ်ခါမှ မတွေ့ဖူးဘူး... သူက သူ့ပြိုင်ဘက်ကို တစ်ဖက်ကြီးကို စီးပြီး အနိုင်ယူ ပစ်လိုက်တာ... အဲဒီ သေမျိုး တစ်ပိုင်း အရှင် အဆင့် အစား ကျုပ်တောင် အရှက်ရမိတယ်... တိုက်ပွဲကို မျက်မြင် ကိုယ်တွေ့ တွေ့ရလို့ ရှိရင် သခင်လေးလည်း ကျုပ်လို ခံစားချက်မျိုး ရမှာပဲ”
“ခန်းမခွဲလေးခု ကြားက တိုက်ပွဲတွေက အချိန် အတော်လေး ကြာသွားတယ်... လူငယ် ဂျူနီယာတွေရဲ့ ပြိုင်ပွဲမှာ ပထမခန်းမနဲ့ တတိယ ခန်းမက အတော်လေး ထိခိုက်ခဲ့တယ် ဆိုပေမဲ့ လျှို့ဝှက် အာဏာရှင် အဆင့် တိုက်ပွဲမှာတော့ ကျုပ်နဲ့ မာ့ကျန်းက အနိုင်ယူနိုင်ခဲ့တယ်လေ... အဲဒီ အောင်မြင်မှုကြောင့်ပဲ နောက်ဆုံးမှာ ပထမ ခန်းမနဲ့ တတိယ ခန်းမတို့ဘက်က ကယ်တင်ခြင်း စည်းမျဥ်း တစ်ချို့ကို အသက်သွင်းနိုင်ခဲ့တယ်...”
နောက်ဆုံး စာကြောင်းသို့ အရောက်၌ ဝူယု၏ မျက်လုံးများက ထူးဆန်းသော အလင်းတန်းများဖြင့် ပြည့်နှက် သွားကာ ဝေ့ဝူယင်ကို ကြည့်လိုက်သည်။
ဝေ့ဝူယင်မှာ တစ်စုံတစ်ခု မူမမှန် သလို ခံစားလိုက်ရ၏။
“ဘာစည်းမျဥ်းလဲဗျ...”
ဝူယုက ရယ်မောလိုက်၏။
“အဂ္ဂိရတ် တိုက်ပွဲ...”
“အဂ္ဂိရတ် တိုက်ပွဲ...”
ဝေ့ဝူယင်က ခေါင်းတစ်ချက် ညိတ်လိုက်၏။ ဝူယု၏ အမူအရာက အဘယ်ကြောင့် ထူးဆန်းနေမှန်း ဝေ့ဝူယင် နားလည်သွားခဲ့ပြီ ဖြစ်သည်။
ဝူယုက ဆက်လက်၍ ရှင်းပြလိုက်၏။
“ကယ်တင်ခြင်း စည်းမျဥ်းတွေ အရ ခန်းမတွေ ကြားမှာ ရလဒ်က မရှင်းလင်းတဲ့ အခါ သူတို့ရဲ့ သေမျိုး အဂ္ဂိရတ် အာဏာရှင်တွေက အနိုင်ရတဲ့ လူကို ဆုံးဖြတ်ပေးကြရတယ်... မာ့ကျန်းက သခင်လေးရဲ့ နာမည်ကို သုံးလိုက်တော့ အဓိက ခန်းမနဲ့ ဒုတိယ ခန်းမရဲ့ တုန့်ပြန်ပုံက အတော်တော်လေးကို ကိုးယိုးကားယား နိုင်သွားတာ... ဟား ဟား... ရယ်စရာတော့ ကောင်းတယ်... ဟိုမာ့ကျန်းက အတော်တော်လေး အရှက်မရှိတဲ့ လူကြီး”
"...“
ဝေ့ဝူယင်မှာ ဖြူရော်စွာသာ ပြုံးလိုက်မိ၏။ အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေကို မရောက်ခင်မှာပင် သူ၏ နာမည်က ပဋိပက္ခကြား ရောက်နေခဲ့ပြီ ဖြစ်သည်။ တော်တော်လေး အစ မကောင်းသည့် ခရီးပင်။
“ဒါနဲ့ သူတို့က ဘာအတွက် ယှဥ်ပြိုင်နေကြတာလဲဗျ...”
ဝေ့ဝူယင်က စိတ်ဝင်တစားဖြင့် မေးလိုက်၏။ ခန်းမ လေးခု ထိုမျှ အကြီးအကျယ် ယှဥ်ပြိုင်နေကြခြင်းကို ထောက်လျှင် ထိုရပိုင်ခွင့် ဆိုသော အရာက ပေါ့သေးသေး မဟုတ်တာ သေချာသည်။ သို့သော်လည်း... မည်သည့် အရာဖြစ်ကြောင်း သူ အတိအကျ စဥ်းစား မရချေ။
ဝူယုက လျှင်မြန်စွာပင် ပြန်ဖြေလိုက်၏။
“သခင်လေး အံ့အားသင့် သွားမလားပဲ... အဲဒါ ပြိုင်စံရှား ရတနာ တစ်ခုလို့ ကျုပ် ကြားတယ်”
“ပြိုင်စံရှား ရတနာ...”
ဝေ့ဝူယင်၏ မျက်လုံးများက တဖျပ်ဖျပ် တောက်ပသွား၏။ ကြားရသည်ကတော့ အတော်လေး အံ့အားသင့်ဖို့ ကောင်းနေခဲ့ပြီ ဖြစ်သည်။
“အဲဒါက ဘယ်လို ရတနာမျိုးလဲဗျ...”
ဝူယုက ခေါင်းခါလိုက်၏။
“ကျုပ်လည်း မသိဘူး... ကျုပ် သိသမျှက ပြိုင်စံရှား ရတနာ ဆိုတာပဲ... မာ့ကျန်းကို ကပ်ပြီး ကျုပ် မေးကြည့်သေးတယ်... ဒါပေမဲ့ သူက သခင်လေး ရောက်လာမှ ပြောပြမယ် တဲ့... ဒါပေမဲ့ သူ့စကား အသွားအလာကို ကြည့်ရတာ သခင်လေး ကျိန်းသေ ရောက်လာလိမ့်မယ်လို့ မျှော်လင့်ထားတဲ့ပုံ မရဘူး”
“ဟုတ်လား...”
ဝေ့ဝူယင်မှာ အနည်းငယ် စိတ်ရှုပ်ထွေး သွား၏။ မာ့ကျန်းက သူ့နာမည်ကို သုံးသော်လည်း သူ့အပေါ် အလုံးစုံ မှီခိုမထားဟု ဆိုသည်။ ထိုဖြစ်စဥ် ထဲတွင် ကစားပွဲ တစ်ခုခု ပါဝင်နေသည်လော။ အတွေးနက်သွားပုံ ရသည့် ဝေ့ဝူယင်ကို ကြည့်ကာ ဝူယုက ပြုံးလိုက်၏။
“ဒီဖြစ်စဥ်မှာ ကျိန်းသေ လှည့်ကွက် တစ်ချို့ ပါနေလောက်တယ်လို့ ကျုပ်လည်း ထင်တယ်... နောက်ပြီး မာ့ကျန်းက မြင်ရသလောက် သိပ်ရိုးရှင်းတဲ့လူ မဟုတ်ဘူး”
ဝူယုက ဆက်လက်၍ အဂ္ဂိရတ် တိုက်ပွဲနှင့် ပတ်သက်သည့် အချက်အလက်များကို ရှင်းပြလိုက်၏။ အဂ္ဂိရတ် တိုက်ပွဲကို ချက်ချင်း လက်ငင်း ကျင်းပဦးမည် မဟုတ်သေးချေ။ ၎င်းကို နောက်ထပ် သုံးနှစ် နေမှ ကျင်းပမည် ဖြစ်သည်။ ထိုသုံးနှစ် အတွင်း ဝေ့ဝူယင် အနေဖြင့် ဝင်ရောက် ပြိုင်၊ မပြိုင် ဆုံးဖြတ်နိုင်ပေသည်။
“ဒီမှာ သခင်လေး တောင်းထားတဲ့ ရင်းမြစ်တွေ... မာ့ကျန်းက ပိုတောင် ထည့်ပေးလိုက်သေးတယ်”
ဝူယုက ကြယ်တာရာ အဆင့် ရင်းမြစ်များ ထည့်သွင်းထားသည့် သိုလှောင် လက်စွပ်တစ်ကွင်းကို ဝေ့ဝူယင် ထံသို့ လွှဲပေးလိုက်၏။ ဝေ့ဝူယင်က လက်ခံရယူကာ စစ်ဆေးလိုက်သည်။ တစ်ခဏ ကြာပြီးနောက် သူ့ မျက်လုံးများက အနည်းငယ် တောက်ပသွား၏။ ထိုအထဲ၌ ပါဝင်နေသည့် ရင်းမြစ် ပမာဏမှာ ဒြပ်စင် ရတနာသိုက်ထက်ပင် ကျော်လွန် နေပေသည်။ ထိုအထဲ၌ သူ မသိသည့် ပစ္စည်း အချို့ပင် ပါဝင်နေပေသည်။
ထို့နောက် ဝူယုက သူ အဘယ်ကြောင့် ပျံသန်း၍ ရောက်ရှိလာရသည် ဆိုသည့် အကြောင်းရင်းကို ဆက်လက် ရှင်းပြ၏။ အစ ပထမ၌ သူတို့ စီစဥ်ထားသည့် အတိုင်းပင် ဝေ့ဝူယင်ကို လှမ်းဆက်သွယ်ကာ သူ ဖွင့်ပေးသည့် ဟင်းလင်းပြင် ပေါ်တယ်မှ ပြန်လာရန် သူ စဥ်းစားထားခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း ထိုအတောအတွင်းမှာပင် ပင်ကလန်မှာ သူ့ကို သတိထားမိသွားရာ ဝူယု တစ်မျိုး စီစဥ် ရတော့သည်။ သူက မာ့ကျန်း၏ အကူအညီနှင့် အတူ ရွှေရောင် အသက်နန်းတော်၏ ဟင်းလင်းပြင် ပေါ်တယ်များကို သုံးကာ ရတနာ အလင်း ကြယ်တာရာ နယ်မြေကို ပထမဦးဆုံး ပို့ဆောင် စေခဲ့သည်။ ထိုမှတစ်ဆင့် ဤနေရာသို့ တိုက်ရိုက် ပျံသန်းလာခဲ့ခြင်း ဖြစ်သည်။
ဝေ့ဝူယင်၏ အမူအရာက အနည်းငယ် သုန်မှုန်သွား၏။ ပင်းကလန်... ထိုနာမည်ကို သတိထားရမည့် စာရင်း အတွင်း သူ ထည့်သွင်းလိုက်သည်။
ဘယ်လိုပဲ ဖြစ်ဖြစ် ဝူယုမှာ ဤနေရာကို ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ သူ တာရာ လျှို့ဝှက် သတ္တုရိုင်းကို စိတ်ချ လက်ချ ချန်ထားနိုင်ပြီ ဖြစ်သည်။
“ဒါနဲ့ သခင်လေး အဆုံးမဲ့ ကောင်းကင်ကို သွားတော့မှာလား...”
ဝူယုက မေးလိုက်၏။
“ပထမတော့ အဲဒီကို တန်းသွားမလို့ပဲ... ဒါပေမဲ့...”
ဝေ့ဝူယင်က ညာဘက်လက်မောင်းကို ငုံ့ကြည့်လိုက်၏။ လွန်ခဲ့သည့် ခြောက်ရက်ခန့်က ရင်းနှီးနေပြီးသား ဖြစ်သည့် ကမ္မတန်ဖိုး ဖြတ်တောက်မှု တစ်ခုကို သူ ကြုံတွေ့ခဲ့ရပေသည်။
ကမ္မတန်ဖိုး... ၁၅၁၃၈.၁ → ၁၄၂၂၀.၅
ပထမ ကပ်ဘေး လွတ်မြောက်ခြင်း... ၇/၇
ဒုတိယ ကပ်ဘေး အောင်မြင်ခြင်း... ၁/၁
တတိယ ကပ်ဘေး တားဆီးခြင်း... ၄၃ နှစ်