← Chapters

အမှောင်ဟင်းလင်းပြင်မှ အန္တရာယ်များ

Vol. 49 Ch. 678

အမှောင်ဟင်းလင်းပြင်မှ အန္တရာယ်များ

Vol. 49 Ch. 678

တာရာ လျှို့ဝှက် သတ္တုရိုင်းများဖြင့် ဖွဲ့စည်းထားသည့် စက်ဝိုင်း ပုံသဏ္ဌာန် ဂြိုဟ်သိမ်ဂြိုဟ်မွှားထက်တွင် ဝူယုမှာ ကြာပန်းသဏ္ဌာန် တင်ပျဥ်ချိတ်ကာ ထိုင်နေခဲ့၏။ လက်ရှိ သူ၏ တာဝန်က ထိုအဖိုးတန် ရတနာများ အတွက် ကာကွယ်စောင့်ရှောက်သူ တစ်ယောက် အဖြစ် လုပ်ဆောင်ပေးဖို့ ဖြစ်သည်။

ပထမ၌... ဝူယုမှာ ထိုတာဝန်ကို ယူရန် အနည်းငယ် စိတ်လေး နေခဲ့သေးသည်။ သူက ထိုသတ္တုရိုင်းများ အကြောင်းကို ရွှေရောင် အသက်နန်းတော်အား တိုက်ရိုက် အကြောင်းကြားကာ ကိုင်တွယ် ခိုင်းသင့်ကြောင်းကိုပင် ဝေ့ဝူယင်အား အကြံပေးခဲ့သေးသည်။

သို့သော်လည်း... အဆုံးမဲ့ ကောင်းကင်ကို ပြန်ရောက်ပြီးနောက်တွင် သူ ထိုတာရာ လျှို့ဝှက် သတ္တုရိုင်းများ၏ တန်ဖိုးကို အနည်းငယ် လေ့လာကြည့်ခဲ့သည်။ ထို့နောက် တွေ့ရှိခဲ့ရသည့် အချက်တစ်ချို့က သူ့ အတွေးများကို ပြောင်းလဲ သွားစေခဲ့လေသည်။

ထိုအထဲ၌ အရေးအကြီးဆုံး အချက်က တာရာ လျှို့ဝှက် သတ္တုရိုင်း၏ အဆင့်ကို စတင် တူးဖော်ချိန်တွင် ဆုံးဖြတ်ရန် ခက်ခဲခြင်းပင် ဖြစ်သည်။ လျှို့ဝှက် အဆင့် အဂ္ဂိရတ် ထုတ်ကုန်များလိုပင် လျှို့ဝှက် ရင်းမြစ်များကိုလည်း လျှို့ဝှက်မြေကြီး အဆင့်၊ လျှို့ဝှက်လောက အဆင့်၊ လျှို့ဝှက်ကောင်းကင် အဆင့်နှင့် လျှို့ဝှက်ဝိညာဥ် အဆင့်တို့ ဟူ၍ ထားသည်။ ထို့အပြင် အဆင့် တစ်ခုချင်းစီတွင် အဆင့်နိမ့်၊ အဆင့်မြင့်နှင့် အထွတ်အထိပ် အဆင့်တို့ ဟူ၍ ထပ်မံ ပိုင်းခြားထားသေးသည်။

လျှို့ဝှက် အဆင့် ရင်းမြစ်များထဲတွင် တွေ့ရ အများဆုံးမှာ အဆင့်နိမ့် လျှို့ဝှက်မြေကြီး အဆင့်များ ဖြစ်သည်။ ၎င်းတို့မှာ မကြာခဏ ဆိုသလို... ပြင်ပ ဝင်္ကပါများ၊ နည်းလမ်းများ၏ အကူအညီဖြင့် ကြီးထွား ဖြစ်ပေါ် လာနိုင်စွမ်း ရှိသည်။

ဥပမာ ပေးရလျှင်... မဟာမြင်း လောကနယ်မြေ အတွင်း၌ မာ့မျိုးနွယ်များ ဖန်တီးထားသည့် ရေပြင်မှာ ထိုကဲ့သို့ ရတနာ အမျိုးအစားပင် ဖြစ်သည်

လျှို့ဝှက် အဆင့် ရင်းမြစ်များမှာ အဆင့် ပိုမြင့်လေလေ အထဲ၌ ပါဝင်သည့် လျှို့ဝှက် အမတေနှင့် လျှို့ဝှက် ရည်ရွယ်ချက်တို့၏ အရည်အသွေး ပိုမြင့်လေ ဖြစ်သည်။ ဝူယုမှာ စိတ်ဝင်တစားဖြင့် ရွှေရောင် အသက်နန်းတော်တွင် အမျိုးအစား ခွဲခြားသည့် နည်းလမ်းများကို လေ့လာခဲ့သေးသည်။ ထိုအခါ... လေလံပွဲတွင် အင်ပါယာ မျိုးနွယ် ကမ်းလှမ်းခဲ့သည့် ကျွေ့ကျားဂြိုဟ်မှာ အဆင့်နိမ့် လျှို့ဝှက်မြေကြီး အဆင့် တာရာ လျှို့ဝှက် သတ္တုရိုင်း မိုင်းတွင်း တစ်ခုသာ ဖြစ်ကြောင်း သိရှိခဲ့ရသည်။ သို့တိုင်အောင် ၎င်း၏ တန်ဖိုးက လျှို့ဝှက် ကျောက်တုံး တစ်ထောင်ကျော် ထိုက်တန်နေသေးဆဲ ဖြစ်သည်။

ဤတာရာ လျှို့ဝှက် သတ္တုရိုင်း မိုင်းတွင်းကတော့ လုံးဝ ခြားနားသည့် အရာ တစ်ခု ဖြစ်သည်။ ခွန်ရီမင်တို့ သုံးယောက်မှာ ၎င်း၏ တန်ဖိုးကို အလွန်ပင် အထင်သေးကာ ခန့်မှန်း ခဲ့ကြခြင်း ဖြစ်သည်။ ကြည့်ရသည်က သူတို့မှာ ဂြိုဟ်တစ်ခုလုံးကို အဆင့်နိမ့် လျှို့ဝှက်မြေကြီးအဆင့်ဖြင့်သာ တွက်ချက်ခဲ့ကြပုံ ပေါ်ပေသည်။

ဘယ်လိုပဲ ဖြစ်ဖြစ်... အဆင့်နိမ့် လျှို့ဝှက်မြေကြီး အဆင့်ဖြင့် တွက်ချက်လျှင်ပင် မိုင်းတွင်း၏ တန်ဖိုးက အမြုတေပါ အပါအဝင် လျှို့ဝှက်ကျောက်တုံး နှစ်သောင်းနှစ်ထောင်ခန့် တန်ကြေးရှိနေဆဲ ဖြစ်သည်။ ၎င်းက မဟာစက်ဝန်း ကြယ်ကွင်းပြင်တွင် တတိယမြောက် တန်ဖိုး အရှိဆုံး မိုင်းတွင်း ဖြစ်ရန် လုံလောက်သည့် ပမာဏ ဖြစ်သည်။ ဒုတိယမြောက် မိုင်းတွင်းနှင့်ပင် တန်ဖိုးချင်း သိပ်ကွာခြားလိမ့်မည် မဟုတ်ချေ။

သို့သော်လည်း.. ဤလေလွင့် ကောင်းကင်၏ သတ္တုရိုင်းများက အဆင့်နိမ့် လျှို့ဝှက်မြေကြီး အဆင့် မဟုတ်ချေ။ အထွတ်အထိပ် အဆင့်... လျှို့ဝှက်မြေကြီး အထွတ်အထိပ် အဆင့် ဖြစ်သည်။

ရွှေရောင် အသက်နန်းတော် ပင်လျှင် ထိုမျှ တန်ဖိုးကြီးသည့် သတ္တုရိုင်းများကို အမျိုးမျိုးသော အင်အားစုများ လက်မှ ကာကွယ်နိုင်ဖို့ ခက်ခဲလှပေသည်။ အကယ်၍ ထိုသတင်းသာ ပျံ့နှံ့သွားပါက သွေးချောင်းစီးသည့် တိုက်ပွဲ တစ်ခု ဖြစ်လာမှာ သေချာသည်။ ထို့ကြောင့်ပင် လောလောဆယ်၌ ၎င်းကို အားလုံးနှင့် ကင်းရာတွင် လျှို့ဝှက်တစ်ခု အနေဖြင့် ထားတာ ပိုကောင်း ပေလိမ့်မည်။

ခွန်ရီမင်တို့ တစ်သိုက် မိုင်းတွင်းကို မတူးဖော်ခင် ဝေ့ဝူယင် ရှာဖွေတွေ့ရှိခဲ့တာ ကံကောင်းဟု ဝူယု တွေးလိုက်မိသည်။ လေလွင့်ကောင်းကင်၏ မူလ နေရာမှာ ကြယ်တာရာ နယ်မြေ နှစ်ခုကြား နတ္ထိ ဟင်းလင်းပြင်တွင် ရှိနေသည့်တိုင် ရှာဖွေ တွေ့ရှိရန် မခက်ခဲသည့် တည်နေရာမျိုး ဖြစ်သည်။ ထို့ကြောင့်ပင် အနှေးနှင့် အမြန် အခြားလူများ ရှာဖွေ တွေ့ရှိသွားကာ သတင်းမှာ ပျံ့နှံ့ သွားပေလိမ့်မည်။ ထိုအခါ ကြယ်တာရာ နယ်မြေများ အကြား စစ်ပွဲကြီး ဖြစ်လာမည်မှာ မလွဲမသွေပင်။

ဝူယုက အောက်ရှိ မြေပြင်ကို လက်ဖြင့် ပွတ်သပ်ရင်း တဒိတ်ဒိတ် ခုန်နေသည့် နှလုံးသားကို တည်ငြိမ်အောင် ကြိုးပမ်းလိုက်သည်။ အကယ်၍ ရွှေရောင် အသက်နန်းတော်၏ တိုင်းတာမှု နည်းလမ်းများသာ မှန်ကန်ပါက ခန့်မှန်းချေ အားဖြင့်ပင် ထိုဂြိုဟ်သိမ်ဂြိုဟ်မွှားလေး၏ တန်ဖိုးမှာ လျှို့ဝှက်ကျောက်တုံး ရှစ်သိန်း အထိ ရောက်ရှိ သွားလိမ့်မည် ဖြစ်သည်။

လျှို့ဝှက်ကျောက်တုံး ရှစ်သိန်း...

ရိုးရှင်း လွယ်ကူအောင် ပြောရလျှင် ၎င်း၏ တန်ဖိုးက မဟာစက်ဝန်း ကြယ်ကွင်းပြင် အတွင်းရှိ ကြယ်တာရာ သုံးခုစာနှင့် ညီမျှပေလိမ့်မည်။ ဝေ့ဝူယင် ထိုအရာကို လျှို့ဝှက်ချက် တစ်ခု အနေဖြင့် ထားရန် ဆုံးဖြတ်ခဲ့ခြင်းက တကယ် မှန်ကန်လှပေသည်။

“သူ ဒီဟာကို ဘယ်လို ရှာတွေ့တယ် မသိဘူး...”

ဝူယုက မယုံကြည်နိုင်စွာဖြင့် ကိုယ့်ကိုယ်ကို ပြန်လည် မေးခွန်းထုတ်လိုက်မိ၏။ ထိုလူငယ်၏ ခြေလှမ်းများက အမြဲတမ်း ခန့်မှန်းနိုင်စွမ်းထက် ကျော်လွန်ကာ ကြောက်မက်ဖွယ် ကောင်းလှသည်။ ဤတာရာ လျှို့ဝှက် မိုင်းတွင်းအား ရှာဖွေ တွေ့ရှိခဲ့မှု တစ်ခုတည်းကပင်လျှင် သူ၏ နှစ်ပေါင်း ရှစ်ထောင် အောင်မြင်မှုများထက် သာလွန်လှပေသည်။

ထိုကဲ့သို့ လူတစ်ယောက် နောက်ကို လိုက်ခဲ့ခြင်းကား နောင်တရ စရာ မရှိတော့ချေ။

...

ဝေ့ဝူယင်နှင့် ပိုင်လင်တို့ကတော့ တာရာ လျှို့ဝှက် မိုင်းတွင်း၏ အစစ်အမှန် တန်ဖိုးကို မသိစွာပင် ဝူယုနှင့် မိုင်သိန်းပေါင်းများစွာ အကွာရှိ အမှောင် ဟင်းလင်းပြင်ထဲ၌ ပျံသန်းနေခဲ့၏။ ဝေ့ဝူယင်မှာ ပိုင်လင်၏ ကျောထက်၌ စီးနေခဲ့ကာ မျက်လုံးများကို တိတ်ဆိတ်နေခဲ့၏။ သူတို့ နှစ်ယောက်စလုံးမှာ တိတ်ဆိတ်နေကာ အော်ရာများမှာလည်း သေဆုံးနေသည့် အလား မထင်မရှားပင် ဖြစ်လေသည်။

ပိုင်လင်မှာလည်း သူမ၏ မျက်လုံးများကို ပိတ်ထားခဲ့၏။ လတ်တလောကမှ အဆင့် ချိုးဖျက် ထားသည့်တိုင် အော်ရာ အပေါ် သူမ၏ ထိန်းချုပ်နိုင်စွမ်းကတော့ အံ့မခန်းပင် ဖြစ်သည်။

ဟူး... ဟူး...

သူတို့နှင့် မလှမ်းမကမ်းရှိ ဟင်းလင်းပြင် ဧရိယာ တစ်ခုမှာ မသိမသာ ဆကတိုက် တုန်ရီသွား၏။ ၎င်းတို့က ကြည်လင်သည့် ရေကန်ထဲတွင် ငါးများ ဖြတ်ကူးသွားသည့်နောက် ထွက်ပေါ်လာသည့် လှိုင်းကလေးများလိုပင် ဖြစ်သည်။

လှိုင်းများက ဝေ့ဝူယင်နှင့် ပိုင်လင်တို့ထံ ရောက်ရှိလာကာ ထိတွေ့သွား၏။ သို့သော်လည်း သူတို့၏ အော်ရာ၊ နှလုံးခုန်သံနှင့် အတွေးများက လုံးဝ တိတ်ဆိတ်နေကာ ဟာလာဟင်းလင်းပြင် တစ်ခုလိုပင် ငြိမ်သက်နေသည်။

မကြာခင်မှာပင် လှိုင်းများမှာ တဖြည်းဖြည်း ပျောက်ကွယ်သွား၏။ ဝေ့ဝူယင်နှင့် ပိုင်လင်တို့မှာ ဆက်လက် တိတ်ဆိတ်နေဆဲ ဖြစ်သည်။ မိနစ်ပေါင်း များစွာ ကြာပြီးသည့်နောက်တွင် ပိုင်လင်က စတင်ကာ လှုပ်ရှားရန် ပြင်လိုက်၏။

“...”

သို့သော်လည်း ဝေ့ဝူယင်က လက်များဖြင့် ပိုင်လင်၏ ကျောကုန်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ကာ သတိပေးလိုက်၏။ ပိုင်လင်က လှုပ်ရှားမှုကို ရပ်တန့်လိုက်ကာ ပြန်ငြိမ်ကျသွားသည်။

ဟင်းလင်းပြင်လှိုင်းများမှာ နောက်တစ်ကြိမ် ပြန်လည် ရောက်ရှိလာကာ ပထမ တစ်ကြိမ်ကထက်ပင် ပိုမို နီးကပ်လာ၏။ အာကာသ လှိုင်းများ၏ အောက်တွင် ဝေ့ဝူယင်မှာ သူ၏ ဆဋ္ဌဂံ အကြေးခွံများကို တူဖြင့် ထုသလို ခံစားနေရကာ ပိုင်လင်၏ အမွေးအတောင် အချို့မှာလည်း ခန္ဓာကိုယ်မှ ကျွတ်၍ပင် လွင့်စဥ် သွားကြသည်။ သို့သော်လည်း.. သူတို့ နှစ်ယောက်မှာ အသက်ကင်းမဲ့စွာဖြင့် ဆက်လက် တိတ်ဆိတ် နေကြဆဲ ဖြစ်ပေသည်။

ဒုတိယ အကြိမ် အာကာသလှိုင်းများ နိုးထလာမှုက မပျောက်ကွယ်ခင် အချိန် အထိ မိနစ် အနည်းငယ်ပင် ကြာမြင့် ခဲ့၏။ ယခုတစ်ကြိမ်တွင်တော့ သူတို့ နှစ်ယောက်စလုံးမှာ နတ္ထိ ဟင်းလင်းပြင်ထဲတွင် ရုပ်တုကြီးများကို ရည်ရွယ်ချက် မရှိ ဆက်လက် ငြိမ်သက် နေခဲ့ကြသည်။ ထိုပုံစံဖြင့် သူတို့မှာ သုံးရက်တိုင်တိုင် ကြာမြင့်ခဲ့ကြ၏။

လေးရက်မြောက် နေ့မှ ဝေ့ဝူယင်မှာ မျက်လုံးများကို ပြန်လည် ဖွင့်လာခဲ့က ကောင်းကင်ဘုံ နတ်မျက်လုံးများဖြင့် နတ္ထိ ဟင်းလင်းပြင်ကို လေ့လာလိုက်သည်။ မိနစ်ပေါင်းများစွာ ကြာမြင့်ပြီး နောက်မှ သူက အော်ရာကို ပြန်လည် ဖော်ထုတ်လိုက်၏။ ထိုအခိုက်၌ သူ၏ နှလုံးသားက မြင်းအကောင်း တစ်ထောင်အားဖြင့် တုန်ခါနေကာ သူ့ခန္ဓာကိုယ် တစ်ခုလုံးမှာလည်း ချွေးစေးများဖြင့် စိုရွှဲနေသည်။

နောက်ဆုံး၌ ပိုင်လင်က စိတ်ကို ဒုန်းဒုန်းချလိုက်ဟန်ဖြင့် သက်ပြင်းတစ်ချက် ချလိုက်၏။

“အဲဒါက ဘယ်လိုဟာကြီးလဲ...”

သူမက ကြောက်ရွံ့ ထိတ်လန့်နေသည့် လေသံဖြင့် ဝေ့ဝူယင်ကို မေးလိုက်၏။

“...”

ဝေ့ဝူယင်မှာလည်း တုန်လှုပ်နေဆဲ ဖြစ်သည်။ အမှောင် ဟင်းလင်းပြင်မှာ အန္တရာယ်များသည့်နေရာ တစ်ခု ဖြစ်ကြောင်း အစကတည်းက သိရှိပြီး ဖြစ်သည့်တိုင် ကောင်းကင်တာအို၏ သတိပေးချက် တစ်စုံတစ်ရာပင် မရခြင်း သေခြင်းတရားနှင့် ထိုမျှ နီးကပ်လာလိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့တာကတော့ အမှန်ပင် ဖြစ်သည်။

ထိုကပ်ဘေးက သူ ပိုင်ဆိုင်ထားသည့် ကမ္မတန်ဖိုး ပမာဏထက် ကျော်လွန်နေ၍လော။

ကောင်းကင်တာအိုတွင်လည်း ကန့်သတ်ချက်များ ရှိလေရာ ၎င်းကို အပြည့်အဝ ယုံကြည်၍ မရကြောင်း ဝေ့ဝူယင် သိရှိထားသည်။ အနက်ရောင် အရိုးစု၏ စကားအရဆိုလျှင် လောကီ ပြန်လည် မွေးဖွားသူမှာ သူ ရင်ဆိုင်နေရသည့် ကပ်ဘေးကို ကျော်လွန်ရန် ကမ္မတန်ဖိုး လုံလောက်ခြင်းမရှိ၍ သေဆုံးကာ စမှတ်တွင် ပြန်လည် ဝင်စားခဲ့ခြင်း ဖြစ်သည်။

ကပ်ဘေး တစ်ခုနှင့် ရင်ဆိုင်နေရချိန်တွင် ကမ္မတန်ဖိုး လုံလောက်ခြင်း မရှိပါက ရလဒ်ကား တစ်ခုတည်းသာ ရှိသည်။ ၎င်းက သေခြင်းတရားပင်။

ဝေ့ဝူယင်မှာ ကျင့်ကြံခြင်း အခြေခံတွင် အတော်လေး နိမ့်ပါးသေးသည်။ စကြဝဠာကြီး၏ လျှို့ဝှက် ဆန်းကြယ်မှုများကို ရှာဖွေရန် မဆိုထားနှင့်... နတ္ထိ ဟင်းလင်းပြင်ကိုပင် စူးစမ်းရန်ပင် သူ၏ ခွန်အားက လုံလောက်ခြင်း မရှိချေ။ မည်သို့ပင် ဆိုစေ... သူက သေမျိုး တစ်ယောက်သာ ဖြစ်သည်။ နေကြယ်၏ သဘာဝ အကာအကွယ်မရှိပဲ အမှောင် ဟင်းလင်းပြင်၏ အန္တရာယ်များထဲတွင် ကြာမြင့်စွာ အသက်ရှင်နိုင်လိမ့်မည် မဟုတ်ချေ။

အကယ်၍ ခရာတို၏ သတိပေးမှုကြောင့်သာ မဟုတ်ပါက သူနှင့် ပိုင်လင်တို့ နှစ်ယောက်စလုံးမှာ အနိစ္စ သဘောဖြင့် ကိစ္စချော သွားလောက်ပြီ ဖြစ်သည်။ ဝေ့ဝူယင်မှာ ထိုတည်ရှိမှုကြီးကို ရှင်းလင်းစွာ မမြင်နိုင်သည့်တိုင် ၎င်းက အာကာသ အလွှာများ ကြားတွင် ခရီးသွားလာနေသည့် မိုင်ရာပေါင်းများစွာ ရှည်လျားသော မြွေကဲ့သို့ သတ္တဝါကြီး ဖြစ်ကြောင်း ခန့်မှန်းနိုင်ပေသည်။

အာကာသ အလွှာများ အကြား ခိုဝင်ခြင်းက လျှို့ဝှက် အာဏာရှင် အဆင့် အချို့ပင် နားမလည်နိုင်ကြသေးသည့် အယူအဆ တစ်ခု ဖြစ်ပေသည်။ ထိုအရာက ကြယ်တာရာ ဝါးမျိုသူ ကဲ့သို့ တည်ရှိမှုကြီး ဖြစ်နိုင်သလို ပိုမို ကြောက်မက်ဖွယ် ကောင်းသည့် တစ်စုံတစ်ရာလည်း ဖြစ်နိုင်ပေသည်။

ဝေ့ဝူယင်က အတွေးအာရုံကို အဆုံးသတ်ကာ ပိုင်လင်ကို ပြန်လည် ဆက်သွယ်လိုက်၏။

“ဘာကြီးလဲ ဆိုတာ ငါလည်း သေချာ မသိဘူး... ဒါပေမဲ့ နောက်တစ်ခါ ငါတို့ ကံထပ်မစမ်းကြတာ ကောင်းလိမ့်မယ်”

သေမျိုးတစ်ယောက် အနေဖြင့် ခရီးသွားခြင်းက ဘယ်လောက်တောင် အန္တရာယ်များကြောင်း နောက်ဆုံး၌ ဝေ့ဝူယင် သဘောပေါက်ခဲ့ပြီ ဖြစ်သည်။ သူ ဟင်းလင်းပြင် မုဆိုးများကို စိတ်ထဲမှ ကြိတ်ကာ ချီးကျူး လိုက်မိ၏။ သူတို့က ထိုကဲ့သို့ သတ္တဝါကြီးများကို မည်သို့ ရှောင်လွှဲကြကြောင်း စဥ်းစား မရသည့်တိုင် နည်းလမ်း တစ်ချို့တော့ရှိမှာ သေချာပေသည်။

နောက်ဆုံး အနေဖြင့် ဝေ့ဝူယင်က သက်ပြင်းတစ်ချက် ချလိုက်ရင်း ဟင်လင်းပြင် ပေါ်တယ် တစ်ခုကိ စတင် အသက်သွင်း လိုက်တော့၏။

All Chapters