အခြား ကြယ်တာရာ နယ်မြေများ
Vol. 49 Ch. 679
မဟာစက်ဝန်း ကြယ်ကွင်းပြင်မှာ အလွန်ပင် အပြောကျယ်လှသည့် နယ်မြေကြီး တစ်ခု ဖြစ်ကာ မူလကဆိုလျှင် ကြယ်တာရာ နယ်မြေပေါင်း သိန်းနှင့်ချီ၍ ပါဝင်ခဲ့သည်။ သို့သော်လည်း မှီတင်း နေထိုင်သူများ၏ ခွန်အား၊ ကျင့်ကြံခြင်းနှင့် နည်းပညာတို့ တိုးတက်လာပြီး နောက်တွင် ကြယ်တာရာ နယ်မြေများ၏ အရေအတွက်က တဖြည်းဖြည်း လျော့ကျလာခဲ့လေသည်။
လွန်ခဲ့သည့် နှစ်ပေါင်း သိန်းချီ ကာလ အတွင်း၌ အချို့ နေကြယ်များမှာ အာဏာရှင် အဆင့် တိုက်ပွဲများ အောက်တွင် အဆုံးသတ်သို့ ရောက်ရှိခဲ့တာ အချို့မှာလည်း စွမ်းအင်နှင့် အလင်း ရင်းမြစ် အတွက် လျှို့ဝှက်နယ်မြေများ၊ လောကနယ်မြေများဆီသို့ ယူဆောင် ခံခဲ့ရသည်။ တစ်ချိန်တည်း၌ ကျင့်ကြံသူများက အချို့ နေကြယ်များကို အတင်းအကြပ် ယူဆောင်ကာ မဟာနေကြယ် ပေါင်းစပ်ခြင်း ဖြစ်စဥ် အတွက် အသုံးပြုခဲ့ကြသည်။ အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေရှိ နေကြယ်ကြီးနှင့် ၎င်း၏ အလင်းရောင်ပြန် ခါးပတ်ကွင်းတို့က အကောင်းဆုံး ဥပမာ ဖြစ်သည်။
ဤသို့ဖြင့် တဖြည်းဖြည်း လျော့ကျလာခဲ့ရာ လက်ရှိခေတ် ကာလတွင် မဟာစက်ဝန်း ကြယ်ကွင်းပြင်ကြီး၌ ကြယ်တာရာ နယ်မြေပေါင်း နှစ်ဆယ့် သုံးခုသာ ကျန်ရှိပေတော့သည်။ သို့သော်လည်း တစ်ခုချင်းစီမှာ မခန့်မှန်း နိုင်လောက်အောင် ကြီးမားလှကာ အချို့ဆိုလျှင် ကြယ်တာရာ နယ်မြေ ရာပေါင်းများစွာနှင့် နှိုင်းယှဥ်နိုင်သည့် အရွယ်အစားထိ ရှိပေသည်။
ထိုကြယ်တာရာ နယ်မြေ နှစ်ဆယ့် သုံးခုထဲတွင် တိုက်တန် အဆင့် အဝါရောင် နေကြယ် ကိုးစင်းကို ပိုင်ဆိုင်ထားသည့် ကြယ်တာရာ နယ်မြေကြီး တစ်ခုလည်း အပါအဝင်ပင် ဖြစ်သည်။
တိုက်တန်အဆင့်... ထိုအရာက အဘယ်နည်း။ မဟာစက်ဝန်း ကြယ်ကွင်းပြင်တွင် နေကြယ်များကို အရွယ်အစားအလိုက် အမျိုးအစား ငါးခု ခွဲခြားထားကာ ၎င်းတို့မှာ သာမန်၊ တိုက်တန်၊ ကျိရန်၊ ဧရာမနှင့် အကြွင်းမဲ့ အဆင့်တို့ပင် ဖြစ်သည်။
သာမန် နေကြယ်များမှာ တရားဝင် အသိအမှတ်ပြု နေကြယ်များထဲတွင် အသေးဆုံး ဖြစ်ကာ ၎င်း၏ ဆယ်ဆ အရွယ်အစားကိုတော့ တိုက်တန်ဟု ခေါ်သည်။ တိုက်တန်၏ ဆယ်ဆကို ကျိရန် အဖြစ် သတ်မှတ်ကာ ဧရာမ အဆင့် နေကြယ်များကတော့ ကျိရန် အဆင့်၏ အဆတစ်ရာ ဖြစ်သည်။ အကြွင်းမဲ့ နေကြယ်များကတော့ ဧရာမ အဆင့်ထက်ပင် အဆ တစ်ထောင်ခန့် ပိုမို ကြီးမားသည်။
မဟာစက်ဝန်း ကြယ်ကွင်းပြင် အတွင်းရှိ နေကြယ် အများစုမှာ သာမန် အဆင့်များပင် ဖြစ်သည်။ ထာဝရ ကြယ်တာရာ နယ်မြေဟု လူသိများသည့် ယခင် သုံးလွှာ ကြယ်တာရာ နယ်မြေ၏ နေကြယ် သုံးစင်းမှာလည်း သာမန် အဆင့်များပင် ဖြစ်သည်။
အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေ၏ နေကြယ်ကြီးမှာ မဟာစက်ဝန်း ကြယ်ကွင်းပြင်တွင် အကြီးမားဆုံး ဖြစ်ကာ ၎င်းက ဧရာမ အဆင့်၌ ရှိနေခဲ့ပေသည်။
ထိုနေကြယ်ကြီးနှင့် နှိုင်းယှဥ်ပါက ဤတိုက်တန်အဆင့် နေကြယ် ကိုးစင်းမှာ သေးငယ်သည့်တိုင် ပတ်လည်တွင် အဖြူရောင် ကွင်းများကို ပိုင်ဆိုင်ထားကြသည်။ ၎င်းတို့မှာ လျှို့ဝှက် အလင်းရောင်ပြန် ခါးပတ်ကွင်းများကို ပိုင်ဆိုင်ထားသည့် နေကြယ်များပင် ဖြစ်ကြကာ ဆန်းကြယ်၍ ပြီးပြည့်စုံသည့် ပတ်လမ်းတို့ဖြင့် တစ်ခုကို တစ်ခု လှည့်ပတ်နေကြ၏။ နေကြယ် ကိုးစင်း အထိ ရှိသည့်တိုင် ညတာမှာ ကြယ်တာရာ နယ်မြေကြီးရှိ ဂြိုဟ်များ၊ လများနှင့် ကုန်းမြေတိုက်ကြီးဆီသို့ ကျရောက်လာနေဆဲ ဖြစ်ပေသည်။
ထိုအရာကား မဟာစက်ဝန်း ကြယ်ကွင်းပြင်တွင် ဒုတိယမြာက် အကြီးမားဆုံး ကြယ်တာရာ နယ်မြေ အဖြစ် လူသိများကြသည့် ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြပင် ဖြစ်လေသည်။ ၎င်းကို ကြယ်ကိုးပွင့် ရှန့်ထိုခန်းမက အုပ်ချုပ်ကာ အယ်နီယာ အဂ္ဂိရတ် ရှန့်ထို မှီတင်း နေထိုင်ရာ ဌာနီလည်း ဖြစ်စည်။
ယနေ့တွင်တော့ လူတစ်ယောက်နှင့် သားရဲတစ်ကောင်မှာ ဖြည်းညင်းစွာပင် ပျံသန်းကာ ထိုကြယ်တာရာ နယ်မြေကြီး၏ နယ်စပ်ဆီ ချဥ်းနင်း ရောက်ရှိလာခဲ့ပြီ ဖြစ်လေသည်။
“အရမ်း လှတာပဲ...”
သာယာ ကြည်လင်သည့် မိန်းကလေးသံ တစ်ခုမှာ ကြိုးကြာနှင့် တူသည့် သားရဲထံမှ ထွက်ပေါ်လာ၏။
“ဟုတ်တယ်... အတော်လေး လှတယ်...”
လူငယ်ကလည်း သဘောတူညီဟန်နှင့် ခေါင်းညိတ်လိုက်ည်။
သူတို့ နှစ်ယောက်ကား ဝေ့ဝူယင်နှင့် ပိုင်လင်တို့ပင် ဖြစ်လေသည်။ ပထမ၌ ဝေ့ဝူယင်တို့မှာ ဟင်းလင်းပြင် ပေါ်တယ်ဖြင့် ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေ အတွင်း တိုက်ရိုက် ဝင်ရောက်ရန် ကြိုးစားခဲ့ကြခြင်း ဖြစ်သည်။
သို့သော်လည်း မျှော်လင့်မထားစွာပင် နယ်စပ်သို့ ရောက်သည်နှင့် ထူးဆန်းသော အင်အား တစ်ခုရုတ်တရက် ပေါ်လာကာ သူတို့၏ လမ်းကြာင်းကို ဖြတ်တောက်ပစ်လိုက်သည်။ ထိုအရာက ဝေ့ဝူယင် အတွက်တော့ ပထမဆုံး အကြိမ် အဖြစ် နယ်နိမိတ်တွင် တားဆီးခံရသည့် အတွေ့အကြုံပင် ဖြစ်သည်။ အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြတွင်ပင် ထိုကဲ့သို့ အတားအဆီးမျိုး မရှိချေ။
ဟင်းလင်းပြင် ပေါ်တယ် အသုံးပြုချင်းကို တားဆီးထားလေရာ ပျံသန်း ဝင်ရောက်ရခြင်းကသာလျှင် သူနှင့် ပိုင်လင်တို့ အတွက် တစ်ခုတည်းသော ရွေးချယ်စရာ ဖြစ်သွားခဲ့ပြီ ဖြစ်သည်။
သူတို့ နှစ်ယောက်မှာ ကြယ်တာရာ နယ်မြကို လေ့လာခြင်း ဖြည်းညင်းစွာပင် ပျံသန်းလာခဲ့ကြ၏။ ဝေ့ဝူယင်မှာ အတော်လေး စိတ်လှုပ်ရှားနေခဲ့သည်။ သူ ဘယ်တုန်းကမှ အခြား ကြယ်တာရာ နယ်မြေများကို မရောက်ဖူးချေ။ သူကျင်လည် ခဲ့ဖူးသည့် ယဥ်ကျေးမှု အသိုက်အဝန်း ဟူ၍ နှစ်ခုသာ ရှိကာ ထာဝရ ကြယ်တာရာ နယ်မြေနှင့် အစွန်းလေးဖက် ကုန်းမြေတိုက်ကြီးတို့ပင် ဖြစ်သည်။ ယခုတွင်တော့ နေရာသစ် တစ်ခုသို့ ခြေချနိုင်ခြင်းနှင့် အတူ စူးစမ်းရှာဖွေလိုသည့် ဆန္ဒက သူ့နှလုံးသား အတွင်း တမြည့်မြည့် လောင်ကြွမ်း နေခဲ့ပြီ ဖြစ်လေသည်။ ထိုကဲ့သို့ ခံစားနေရသည်က သူ တစ်ယောက်တည်း မဟုတ်ပါချေ။
“ဒီနေရာမှာ အခြား သားရဲတွေ ရှိမလား သိချင်လိုက်တာ... တွေ့ရင် နည်းနည်းလောက် စားကြရအောင်... ကျွန်တော် မစားရတာ အတော့်ကို ကြာနေပြီ”
ပိုင်လင်က ဝေ့ဝူယင်ကို စိတ်နှင့် ဆက်သွယ်ကာ ပြောလိုက်၏။ သူမ၏ အတွေးများက အခြား ခေါင်းစဥ် တစ်ခုပေါ်၌ ရှိနေသည့်တိုင် သခင်ဖြစ်သူထက် လျော့နည်းခြင်း မရှိသည့် ဆန္ဒ ပြင်းပြမှုများ ပါဝင်နေသည်။
ဝေ့ဝူယင်က ထင်မြင်ယူဆချက် များစွာနှင့် အတူ အင်္ကျီလက်အိုးကို မကာ ညာဘက်လက်အောင်းရှိ အရေပြားတွင် စွဲထင်နေသည့် အပြစ်သား တက်တူးကို ကြည့်လိုက်၏။
ကမ္မတန်ဖိုး... ၁၄၂၂၀.၅
ပထမ ကပ်ဘေး လွတ်မြောက်ခြင်း... ၇/၇
ဒုတိယ ကပ်ဘေး အောင်မြင်ခြင်း... ၁/၁
တတိယ ကပ်ဘေး တားဆီးခြင်း... ၄၃ နှစ်
နောက်ဆုံးအကြိမ် ဖြတ်တောက်မှု မဖြစ်ပေါ်ခင်တုန်းက သူ့ကမ္မတန်ဖိုးမှာ ၁၅၁၃၈.၁ ဖြစ်သည်။ ၎င်းက ၉၁၇.၆ အထိပင် ရှိကာ ဘဝတစ်ခုလုံးကိုပင် ပြောင်းလဲပစ်နိုင်သည့် ကံကြမ္မာမျိုး ဖြစ်သည်။ ဖြတ်တောက်မှု ခံရစဥ်၌ ဝေ့ဝူယင်ပင်လျှင် အလွန် တုန်လှုပ်ခဲ့သည်။
လွန်ခဲ့သည့် ဆယ်စုနှစ် တစ်ခုကျော်၊ အနန္တ ဧကရာဇ်ဂိုဏ်း နေ့ရက်များမှာတုန်းက သူ ကြုံတွေ့ခဲ့ရသည့် ကမ္မ တန်ဖိုး ဖြတ်တောက်မှု ခံရမှုမှာ မနှိုင်းယှဥ်သာလောက်အောင် နည်းပါးလွန်းလှသည်။ ထိုနှစ်များ အတွင်း သူ ရရှိခဲ့သည့် အောင်မြင်မှုများတွင် ကောင်းကင်တာအို၏ ပါဝင်ပတ်သက်မှုများ ရှိသည့်တိုင် အရေးပါ အရာရောက်သည့် ချီးမြှင့်မှုများ မရှိသလောက် ဖြစ်သည်။
ကြည့်ရသည်က ကောင်းကင်တာအိုမှာ ကျဆင်းနေသည့် ကြယ်တာရာ နယ်မြေများတွင် ကောင်းချီးခံများ အပေါ် သူ၏ ချီးမြှင့်မှုကို များစွာ ကန့်သတ်ထားပုံ ပေါ်သည်။
သို့သော်လည်း ပိုမို သာယာ ဝပြောသည့် နယ်မြေတစ်ခုကို ဝင်ရောက်ရန် သူ စိတ်ကူးလိုက်သည်နှင့် တစ်ပြိုင်နက် ကောင်းကင်တာအိုမှာ လျစ်လျူ ခံရမည်ကို စိုးရိမ်သည့် အလား ချက်ချင်းပင် လှုပ်ရှားလာသည်။
၎င်းက သူ၏ ဟင်းလင်းပြင် ပေါ်တယ် လမ်းကြောင်းကိုပင် ပြောင်းလဲပစ်ကာ တာရာ လျှို့ဝှက် သတ္တုရိုင်း အပိုင်းအစ တစ်ခုထံ ဦးတည်စေခဲ့သည်။
ဝေ့ဝူယင်အတွက်တော့ ထိုအရာက ကောင်းကင်တာအို၏ ဟာကွက်ကို ညွှန်ပြနေသည့် လက္ခဏာ တစ်ရပ် ဖြစ်သည်။ ရှင်းလင်းစွာပင် ကောင်းကင်တာအိုမှာ ကောင်းချီးခံများ၏ တိုးတက်မှုတွင် သူ၏ ပါဝင် ပတ်သက်မှုကို မြှင့်တင်ရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။
“သူက တစ်ခုခု အတွက် ပြင်ဆင်နေတာလား... အဲဒါက ဘာလဲ...”
ဝေ့ဝူယင် ကိုယ်တိုင်လည်း သေချာ မသိချေ။ သူ အသက်ကို ခပ်ဖြည်းဖြည်း ရှူသွင်းလိုက်ရင်း မီးခိုးရောင် အကြေးခွံများ ဖုံးလွှမ်းနေသည့် လက်ကို မလိုက်၏။ ဖက်ဖဝါးကို လှန်လိုက်သော အခိုက်၌ ထိုနေရာတွင် ထူးဆန်းသော ရောင်စုံ သင်္ကေတများနှင့် ဖွဲ့စည်းထားသည့် “စစ်” ဆိုသော စကားလုံး တစ်ခုကို တွေ့လိုက်ရသည်။
သင်္ကေတများမှာ သက်ဝင် လှုပ်ရှားနေကာ အစာရှာနေသည့် ငါးကလေးများနှယ် ကူးခပ်နေ၏။ ဝေ့ဝူယင်မှာ ထိုသင်္ကေတကို ကြည့်ရင်း စိတ်၊ ရုပ်နှင့် ဝိညာဥ်တို့ကို လှုံ့ဆော်ပေးနိုင်သည့် စစ်ပွဲ အော်ရာ တစ်ခုကို ခံစားလိုက်ရသည်။ သူ၏ မျက်လုံးများမှာ ရေပြင်ညီမျဥ်း အလိုက် ကျဥ်းမြောင်းသွားကာ ဆေဘာ ရည်ရွယ်ချက်များဖြင့် တောက်လောင် လာခဲ့တော့၏။
....
ဝူယု ပြန်မလာခင် ခြောက်ရက် အလို၊ လွန်ခဲ့သော ဆယ်ရက်ခန့်၌...
ဝေ့ဝူယင်မှာ တိတ်တဆိတ်ပင် ကျင့်ကြံကာ အဂ္ဂိရတ် ပညာရပ်နှင့် ပတ်သက်သည့် သူ၏ အတွေးအမြင်များ၊ မှတ်စုများကို ချရေးနေခဲ့သည်။ ဝေ့ဝူယင်တွင် မည်သည့် အရာကို မဆို အားလပ်သည်နှင့် ချရေးတတ်သည့် အကျင့်တစ်ခု ရှိကာ ထိုအလေ့အထကို နေသွေးနီနီဂိုဏ်း နေ့ရက်များ ကတည်းက ယနေ့ထိ ထက်တိုင် ထိန်းသိမ်းထားဆဲ ဖြစ်သည်။
ထာဝရ ကြယ်တာရာ နယ်မြေရှိ အဂ္ဂိရတ် ဧကရာဇ်များ ချန်ရစ်ထားခဲ့သည့် လစ်ဟာမှုများ၊ ရင်းမြစ်များ အကြားရှိ အပြန်အလှန် ဆက်သွယ်မှုများနှင့် နယ်နိမိတ်လွန် ဖြစ်နိုင်ချေများ အကြောင်း သူ သီအိုရီ အသစ်များ ထုတ်နေချိန်မှာပင် ရင်းနှီးပြီးသား ဖြစ်သည့် ကမ္မ တန်ဖိုး ဖြတ်တောက်မှုကို သူ ရရှိခဲ့သည်။
ထို့နောက် စက္ကန့်ပိုင်း အတွင်းမှာပင် ဟင်းလင်းပြင် စွမ်းအင်များကို လှုံ့ဆော်ပေးနိုင်သည့် ပေါက်ကွဲမှုလှိုင်းများ သက်ရောက်လာသည်ကို သူ ခံစားလိုက်ရသည်။ ၎င်းတို့က သူ့ကိုသာ မက အိပ်ပျော်နေသည့် ပိုင်လင်ကိုပါ လန့်ဖျပ် နိုးလာစေခဲ့သည်။
ဆက်တိုက်ဆိုသလိုပင် အမှောင် ဟင်းလင်းပြင်ကို ဖြတ်သန်း၍ ဥက္ကာပျံ တစ်ခုနှယ် ပျံသန်း လာနေခဲ့သည့် အရာဝတ္ထု တစ်ခုကို သူတို့ တွေ့လိုက်ရသည်။ ကောင်းကင်တာအိုက ထိုဥက္ကာပျံအား စုံစမ်းရန် သူ့ကို လွှမ်းမိုး တိုက်တွန်းခဲ့သည့် အပြင် ဝေ့ဝူယင် ကိုယ်တိုင်မှာလည်း စိတ်ဝင်စားနေရာ ချက်ချင်းပင် လှုပ်ရှားခဲ့သည်။
အတိုချုပ် ပြောရလျှင်... သူ ဥက္ကာပျံ အနားကို ရောက်ရှိပြီးနောက် တစ်စုံတစ်ရာ မစစ်ဆေးရသေးခင်မှာပင် ၎င်းက နေကြယ်တစ်စင်းထက်ပင် ပိုမို ပြင်းထန်သည့် အလင်းတန်းများဖြင့် တောက်ပလာခဲ့သည်။ ထို့နောက် အလွန် ပြင်းထန်သည့် အဟုန်ဖြင့် ပေါက်ကွဲကာ ပတ်ဝန်းကျင် လေဟာနယ် တစ်ခုလုံးကို သိမ်းကြုံး ဝါးမြိုလေတော့သည်။
ထိုအခိုက်၌ ဝေ့ဝူယင်မှာ လက်များကို ရှေ့သို့ ဆန့်ထုတ်ကာ ကြယ်တာရာ အကာအကွယ်ကို ထုတ်ဖော်ရုံမှ တစ်ပါး ဘာမှ လုပ်နိုင်စွမ်း မရှိခဲ့ချေ။ သို့သော်လည်း အချိန်အနည်းငယ် အတွင်းမှာပင် အကာအကွယ်မှာ ပျက်စီးကာ လှိုင်းများက သူ့ကို ရိုက်ခတ်သွားသည်။ ပိုင်လင်က ချက်ချင်းပင် အနားသို့ ရောက်ရှိလာကာ နိဗာန မီးတောက်များဖြင့် ကာကွယ်ရန် ကြိုးစားပေးခဲ့သည့်တိုင် ဝေ့ဝူယင်ကတော့ သတိလစ် မေ့မြောကာ အိပ်မက် နယ်ပယ် တစ်ခုထဲ ကျရောက်သွားခဲ့ပြီ ဖြစ်သည်။