← Chapters

စစ်

Vol. 49 Ch. 680

စစ်

Vol. 49 Ch. 680

အိပ်မက်က ကြက်သွေးရောင် ကမ္ဘာတစ်ခုတွင် ဖြစ်သည်။ ဝေ့ဝူယင်မှာ သတ္တုချင်း ထိခတ်သံများကို အဆုံးမဲ့စွာ ကြားနေရကာ နာကျင်မှု၊ ရူးသွပ်မှု၊ စိတ်လှုပ်ရှားမှုနှင့် သေခြင်းတရားတို့၏ အသံများက ထိုလောက၌ ပဲ့တင်ထပ်လျှက် ပျံ့လွင့်နေသည်။ ၎င်းတို့က အဆုံးအစ ကင်းမဲ့လှ၏။

နောက်ကို ငုံ့ကြည့်လိုက်တော့ သံချပ်ကာ ဝတ်စုံများ ဝတ်ဆင်ထားသည့် မျက်နှာမဲ့ စစ်သားများ၏ စစ်ပြေပြင် တစ်ခုကို တွေ့လိုက်ရသည်။ သူတို့ကြားတွင် ရန်သူနှင့် မဟာမိတ် ခွဲခြားမှု ရှိပုံ မရချေ။ ဝေ့ဝူယင် သူတို့၏ အသက်၊ မျိုးနွယ်၊ ကျားမနှင့် ကျင့်ကြံခြင်း အဆင့်တို့ကိုလည်း ခွဲခြားနိုင်စွမ်း မရှိချေ။ မြင်မြင်ရသမျှက သတ်လျှင်သတ်၊ မသတ်လျှင် သေ ဟူသော သေးလွှမ်း စစ်မြေပြင် တစ်ခုသာ ဖြစ်သည်။

ဝေ့ဝူယင်မှာ စစ်မြေပြင် အပေါ်က ဖြတ်သန်း ပျံသန်းရင်း အပြောင်းအလဲ များစွာကို တွေ့မြင်နေရ၏။ ရန်သူများအား ဘယ်ညာ လက်နှစ်ဖက်လုံးဖြင့် တရစပ် သတ်ဖြတ်နေသည့် စစ်သား တစ်ယောက်မှာ အမှတ်မထင် ရောက်ရှိလာသည့် မြှားတစ်စင်း၏ အောက်တွင် ဦးခေါင်းခွံ ထိုးဖောက် ခံရကာ သေဆုံး သွားသည်။ စစ်မြေပြင်၏ တစ်နေရာတွင်တော့ လက်ရည်ညီစွာ တိုက်ခိုက်နေသည့် စစ်သား နှစ်ယောက် ရှိသည်။ သူတို့ နှစ်ယောက်မှာ ပတ်လည်ရှိ ရန်သူများကို ခုတ်ပိုင်းရင်း တစ်ယောက်ကို တစ်ယောက် သတ်ဖြတ်ဖို့ ကြိုးစားနေသည်။ အဆုံးသတ်တွင်တော့ လဲကျနေသည့် စစ်သား တစ်ယောက်မှာ သူတို့ နှစ်ယောက်ထဲမှ တစ်ယောက်၏ ခြေကျင်းဝတ်ကို ဓားဖြင့် လှီးဖြတ်လိုက်သည်။ ထိုစစ်သားမှာ ချက်ချင်းပင် ခန္ဓာကိုယ် ဟန်ချက် ပျက်သွားကာ ဘေးသို့ ယိမ်းယိုင်သွား၏။ ထိုအရာပင် ရန်သူအား အခွင့်အရေး ပေးလိုက် သကဲ့သို့ ဖြစ်ကာ သူ့ ဦးခေါင်းမှာ လေပေါ် ဝဲပျံ သွားတော့သည်။

သူ့အား သတ်ဖြတ်လိုက်သည့် စစ်သားမှာလည်း မကြာခင်မှာပင် လည်ပင်းထဲသို့ တိုးဝင်လာသည့် ဓားတစ်စင်းနှင့် ရင်ဆိုင်လိုက်ရသည်။ နီရဲသော သွေးများက လည်ပင်းရိုးမှ တမံကျိုးကျသလို စီးထွက်လာကာ သူ၏ အသက်မှာလည်း မကြာခင် အဆုံးသတ် သွားသည်။

ဝေ့ဝူယင်မှာ ထိုကဲ့သို့ အဖြစ်အပျက်များကို ရည်ရွယ်ချက် မရှိ လိုက်ကြည့် နေမိသည်။ သူက အပေါ်သို့ မော့ကြည့်လိုက်ရာ သဘာဝ မကျစွာ နီရဲနေသည့် ကောင်းကင်ကို တွေ့လိုက်ရ၏။ တဖြည်းဖြည်း မြောလွင့်နေသည့် သွေးရောင် တိမ်များမှာ အောက်ရှိ စစ်မြေပြင်ကို ရောင်ပြန်မှန် တစ်ချပ်နှယ် ထင်ဟပ်ထား၏။

မကြာခင်မှာပင် ဝေ့ဝူယင်၏ အမြင်အာရုံမှာ ဆယ့်သုံးမီတာခန့် မြင့်မည့် အနက်ရောင် ကျောက်သားတိုင် တစ်ခု တစ်ခုထံ ရောက်ရှိသွားသည်။ ၎င်း၏ မျက်နှာပြင် တစ်ခုလုံးကို ငွေရောင် စကားလုံးများက ရေးခြယ်ထား၏။ ကျောက်တိုင်ကြီးမှာ စစ်ပြေပြင်၏ အလယ်၌ တည်ရှိနေသည့်တိုင် သန့်စင် ကြည်လင်နေကာ သွေးတစ်စက်မျှပင် စွန်းထင်ခြင်း မရှိချေ။

ကျောက်တိုင်ကို မြင်ပြီးနောက် လောကမှာ အင်အားကြီး ငလျင် တစ်ခုနှင့် ကြုံရသည့် အလား တုန်လှုပ်လာ၏။ ဝေ့ဝူယင်၏ စိတ်က ကြမ်းတမ်း ခက်ထန်စွာ တုန်ရီသွားကာ သတိလစ် နေရာမှ လန့်နိုးလာခဲ့သည်။ ပိုင်လင် ထုတ်လွှတ်ထားသည့် နိဗာန မီးတောက်များ၏ အလယ်တွင် ဝေ့ဝူယင်မှာ အသက်ကို ပြင်းပြစွာ ရှူရင်း ခံစားချက်များကို ထိန်းချုပ်ရန် ကြိုးပမ်းနေရ၏။ ထို့နောက် ညာဘက်လက်မှ စူးရှသလို ခံစားလိုက်ရရာ သူ လက်ကို မြှောက်၍ ကြည့်လိုက်သည်။ ဤတွင်... လက်ဖဝါးထက်၌ ရှိနေသည့် “စစ်” ဆိုသော စကားလုံးကို သူ ရှာဖွေ တွေ့ရှိခဲ့ခြင်း ဖြစ်ပေတာ့သည်။

...

ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေ၏ အစွန်အဖျား တစ်နေရာ၌... ဝေ့ဝူယင်မှာ တည်ငြိမ်စွာဖြင့် လက်ဝါးထက်ရှိ “စစ်” ဆိုသည့် သင်္ကေတကိုသာ စူးစိုက် ကြည့်နေခဲ့သည်။ လွန်ခဲ့သည့် ဆယ်ရက်က ၎င်းကို လက်ခံ ရရှိခြင်းနှင့် အတူ လက်ရှိ တည်နေရာနှင့် ပစ်မှတ်တို့ကို ဖော်ပြနေသည့် ကြယ်တာရာ မြေပုံ တစ်ခုလည်း သူ မှတ်ဉာဏ်များထဲ၌ တွေ့ရှိခဲ့ရသည်။

ထိုမြေပုံကပင် သူ့ကို ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေဆီ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာစေခဲ့ခြင်း ဖြစ်သည်။ သင်္ကေတမှာ မည်သည့် အရာကို ဦးတည် ရည်ညွှန်းနေခြင်း မသိရသေးသည့်တိုင်... ဘယ်လိုပဲ ဖြစ်ဖြစ် ကောင်းကင်တာအိုက သူ့ကို ဤနေရာသို့ သွားရောက်စေလိုရာ အခွင့်အရေး တစ်ခုတော့ ကျိန်းသေ ရှိပေလိမ့်မည်။

“ကျွန်တော်တို့ ဒီမှာ တိုက်ခိုက်ရမှာလား သခင်...”

ပိုင်လင်က စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်၏။ အဝေးတွင် တိတ်တဆိတ် ထွန်းလင်းနေသည့် နေကြယ် ကိုးပွင့်၏ လှပသော ရှုမျှော်ခင်းကို ကြည့်ရင်း သူမ၏ ရွှေရောင် မျက်လုံးများက တိုက်ခိုက်လိုသည့် ဆန္ဒ တစ်ခုဖြင့် ပြည့်လျှံနေသည်။ လွန်ခဲ့သည့် ဆယ်စုနှစ်ပေါင်းများစွာက ဝေ့ဝူယင်နှင့် အတူ ထင်ရာစိုင်းခဲ့သည့် အချိန်များကို သူမ မှတ်မိနေသေးဆဲ ဖြစ်သည်။

“ထင်တာပဲ...”

ဝေ့ဝူယင်က ပြုံးလိုက်၏။ သို့သော်လည်း သူ့ငွေရောင် မျက်လုံးများထဲတွင်တော့ ဆေဘာ အလင်းရောင်များက လျှို့ဝှက်စွာ တောက်ပနေသည်။ အိပ်မက် အရဆိုလျှင်... ဤအခွင့်အလမ်းက ပန်းခင်းလမ်း မဟုတ်တာတော့ သေချာသည်။ ထိုအရာကို အပြည့်အဝ ဆုပ်ကိုင်လိုလျှင် အရာရာ အတွက် ကြိုတင် ပြင်ဆင်ထားရလိမ့်မည် ဖြစ်ပေသည်။

“ချီတက်လိုက်ကြစို့...”

ဝေ့ဝူယင်၏ အမိန့်ပေးသံနှင့် အတူ ပိုင်လင်မှာ အတောင်ပံများကို ခပ်ကာ တဟုန်ထိုး ပျံသန်း လိုက်လေတော့၏။

...

အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေနှင့် ခြားနားစွာပင် ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေမှာ အင်အားစု တစ်ခုတည်း၏ အုပ်ချုပ်မှု အောက်၌ ရှိနေသည့် နယ်မြေကြီးပင် ဖြစ်သည်။

အုပ်စိုးသူ ကြယ်ကိုးပွင့် ရှန့်ထို ခန်းမမှာ ကြယ်တာရာ နယ်မြေ အတွင်းရှိ လူမှုအဖွဲ့အစည်းနှင့် အဆင့်အတန်း အားလုံးကို သာတူညီမျှ သက်ရောက်မှု ရှိစေရန် အတွက် အစီအမံများ သေချာ ချမှတ်ထားကာ အထက်မှ အောက်ခြေအထိ ရွေးချယ်ထားသည့် လူတန်းစားများက ခွဲခြား အုပ်ချုပ်ရသည်။

အကြမ်းအားဖြင့် ကြယ်တာရာ နယ်မြေ တစ်ခုလုံးကို ဝိညာဥ်မြှင့်တင်ခြင်း နယ်မြေ၊ ဝိညာဥ်ကျဆင်းခြင်း နယ်မြေ၊ ဝိညာဥ် ဖန်တီးခြင်း နယ်မြေ၊ ဝိညာဥ် ပေါက်ကွဲခြင်း နယ်မြေ၊ ဝိညာဥ် ဖျက်ဆီးခြင်း နယ်မြေ၊ ဝိညာဥ်ဉာဏ်အလင်း နယ်မြေ၊ ဝိညာဥ်ထစ်ချုန်း နယ်မြေ၊ ဝိညာဥ်သိုင်း ဝိညာဥ် နယ်မြေနှင့် ဝိညာဥ်ရှန့်ထို နယ်မြေတို့ ဟူ၍ အဓိက နယ်မြေကြီး ကိုးခု ခွဲခြားထားသည်။ အားလုံးအနက် ဝိညာဥ်ရှန့်ထို နယ်မြေမှာ အသန်မာဆုံးနှင့် အင်အား အကြီးဆုံး ဖြစ်ပေသည်။

နယ်မြေတစ်ခုချင်းစီကို ၎င်းတို့၏ သက်ဆိုင်ရာ မြေကြီးရှန့်ထိုများက စီမံကာ ရှန့်ထိုခန်းမ ကိုးခုက အုပ်ချုပ်သည်။ မြေကြီး ရှန့်ထိုများမှာ သူတို့၏ နယ်မြေတွင် အကြွင်းမဲ့ အာဏာရှိကာ စိတ်ကြိုက် စည်းမျဥ်းမျာ ချမှတ်နိုင်သည် ဆိုသော်လည်း နယ်မြေကိုးခုလုံး၏ ဖွဲ့စည်းပုံက ပြောင်းလဲမှု မရှိသလောက် ဖြစ်သည်။

ရှန့်ထိုခန်းမ တစ်ခုချင်းစီကို ထပ်မံ၍ ခန်းမခွဲ ရှစ်ခု အဖြစ် ခွဲခြားထားကာ ကျင့်ကြံခြင်း အဆင့်၊ ဉာဏ်ရည်၊ တိုက်ခိုက်ရေး စွမ်းအား၊ ပါရမီ စသည့် စံချိန်စံနှုန်းများနှင့် ရွေးချယ်ထားသည့် ခန်းမများက အုပ်ချုပ်ရသည်။

ခန်းမခွဲ ကိုးခုကို မြင့်ရာမှ နိမ့်ရာသို့ စီရလျှင် ရှန့်ထိုခန်းမ၊ အရှင်သခင်ခန်းမ၊ ဝိညာဥ်ခန်းမ၊ လျှို့ဝှက်ခန်းမ၊ ကြယ်တာရာခန်းမ၊ အချိန်ခန်းမ၊ လောကခန်းမ၊ သေမျိုးခန်းမ၊ မူလခန်းမတို့ ဟူ၍ပင် ဖြစ်သည်။ နာမည် ပေးမှု အတိုင်းပင် ၎င်းတို့၏ အင်အားနှင့် သက်ရောက်မှုများ ရိုးရှင်းကာ ကွဲပြားလှသည်။

ထိုခန်းမခွဲများက ကြယ်ကိုးပွင့် ရှန့်ထို ခန်းမ လက်အောက်တွင် အမှုထမ်း နေသူများ အတွက် လှေကားထစ် သဖွယ် ဖြစ်ကာ အစွမ်းအစရှိလျှင် ရှိသလောက် အခွင့်အလမ်းများ ရရှိနိုင်ပေသည်။ ထို့ကြောင့်ပင် ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေကို အခြား ကြယ်တာရာ နယ်မြေများက တစ်သွေးတစ်သံ တစ်မိန့် အုပ်စိုးသူ မရှိသည့် ပေါင်းစည်းကောင်စီ တစ်ခု ဟုပင် ရည်ညွှန်းကြသည်။

…

ဝိညာဥ်မြှင့်တင်ခြင်း နယ်မြေ...

ဝိညာဥ်မြှင့်တင်ခြင်း နယ်မြေတွင် ဂြိုဟ်ကိုးလုံး တိတိ ပါဝင်ကာ တစ်ခုချင်းစီကို ဝိညာဥ်ခန်းမ တစ်ခုစီက တင်းကြပ်စွာ အုပ်စိုးသည်။ ထိုဂြိုဟ်ကြီးခုထဲတွင် အလင်းပြာဟု ခေါ်သည့် ဂြိုဟ်တစ်ခုလည်း အပါအဝင် ဖြစ်၏။ ဂြိုဟ်၏ လေထုအလွှာတွင် ပါဝင်သည့် စက်စီဂျန် ဓာတ်ငွေ့များမှာ မျက်နှာပြင်နှင့် ကောင်းကင်ကို သက်ရောက်၍ အပြာရောင် အလင်းများ တောက်ပစေသောကြောင့် ထိုနာမည် တွင်လာခြင်း ဖြစ်သည်။

အလင်းပြာဂြိုဟ်အား အုပ်ချုပ်နေသည့် ဝိညာဥ်ခန်းမကို “ဝိညာဥ်လမ်းလျှောက်သူ ခန်းမ” ဟု ခေါ်၏။ ထိုခန်းမမှာ ဝိညာဥ်မြှင့်တင်ခြင်း နယ်မြေ တစ်ခုလုံးကို အုပ်စိုးသည့် အမတေငလျင်၏ လက်အောက်ရှိ ဝိညာဥ်ခန်းမ ကိုးခု အနက် တစ်ခု ဖြစ်သည်။

ထိုဂြိုဟ်ထက်၌ အလွန် စည်ကား သိုက်မြိုက်ကာ လူဦးရေ ထူထပ်သည့် မြို့တော် တစ်ခု ရှိ၏။ မရေမတွက်နိုင်သည့် ကျင့်ကြံသူများမှာ ထိုမြို့တော်ကို ဝင်ထွက် သွားလာ နေကြကာ ဗဟိုနေရာတွင်တော့ မီတာလေးရာ အထိ အမြင့်ရှိသည့် မျှော်စင်တစ်ခု ရှိ၏။ ၎င်း၏ ထိပ်တွင်တော့ တောက်ပသည့် စားလုံးများကို ရေးထွင်းထားကာ ၎င်းတို့က “အမှောင်ဓားခန်းမ” ဟု အဓိပ္ပာယ် ရလေသည်။

အမှောင်ဓား ခန်းမမှာ ကြယ်တာရာ အဆင့် ခန်းမ တစ်ခုသာ ဖြစ်ကာ ၎င်း အုပ်စိုးနေသည့် မြို့တော်မှာလည်း ကောင်းကင်အမည်းစက် ခန်းမ၏ လက်အောက်ရှိ မြို့ကြီးကိုးမြို့ထဲမှ တစ်မြို့သာ ဖြစ်သည်။ ကောင်းကင်အမည်းစက် ခန်းမကတော့ ဝိညာဥ် လမ်းလျှောက်သူ ခန်းမ၏ တိုက်ရိုက် အုပ်ချုပ်မှု လက်အောက်ရှိ လျှို့ဝှက်အဆင့် ခန်းမကိုးခုထဲမှ တစ်ခု ဖြစ်သည်။

ရှင်းလင်းအောင် ဆိုရလျှင် အလင်းပြာဂြိုဟ်၏ အရှင်သခင်၊ ဝိညာဥ်လမ်းလျှောက်သူ ခန်းမလက်အောက်တွင် စီရင်စုနယ်များကို အုပ်ချုပ်ရသည့် လျှို့ဝှက်အဆင့် ခန်းမ ကိုးခု ရှိသည်။ ထိုလျှို့ဝှက် ခန်းမ တစ်ခုချင်းစီ၏ အောက်တွင်လည်း မြို့တော်များကို အုပ်စိုးရသည့် ကြယ်တာရာ ခန်းမ ကိုးခု ထပ်၍ ရှိပြန်သည်။ အမှောင်ဓား ခန်းမမှာ ထိုကဲ့သို့ ကြယ်တာရာ အဆင့် ခန်းမ ကိုးခုထဲမှ တစ်ခုသာ ဖြစ်သည်။

မြို့တော်၏ တောင်ဘက် ဂိတ်တံခါးဝင်ပေါက်နားတွင် လူငယ် တစ်ယောက်နှင့် သားရဲတစ်ကောင် ရှိ၏။ လူငယ်မှာ အနက်ရောင် ကိုယ်ကြပ် သိုင်းဝတ်စုံတစ်ခုကို ဝတ်ဆင်ထားကာ သားရဲ၏ နောက်ကြောတွင် ငြိမ်သက်စွာ ထိုင်နေခဲ့သည်။ သားရဲ၏ လှပသော အသွင်သဏ္ဌာန်မှာ အနီးအနားရှိ ကျင့်ကြံသူများ၏ မရေမတွက်နိုင်သော အကြည့်များကို ဆွဲဆောင်နေခဲ့၏။ ခြေတံရှည်ကြီးများဖြင့် တစ်လှမ်းချင်း လျှောက်နေသည့် သူမကို ကြည့်ရင်း သူတို့၏ မျက်လုံးများက တောက်ပလာကြကာ အံ့သြသံများပင် ထွက်ပေါ်လာသည်။

“သခင်က ကိုယ့်ကိုယ်ကို မဖုံးကွယ်တော့ဘူးလား...”

ပိုင်လင်က မေးလိုက်၏။

“ဘာလို့တုန်း ငါက ဘာလို့ လုပ်ရမှာလဲ...”

ပိုင်လင်က ဘေးနားရှိ ဝိုင်းကြည့်နေသည့် လူများကို တစ်ချက် ဝှေ့ကြည့်ရင်း လေသံကို အနည်းငယ် နှိမ့်ချလိုက်သည်။

“သခင်ကို မှတ်မိသွားရင် ဘယ်လိုလုပ်မလဲ...”

“ဟဟ...”

ဝေ့ဝူယင်က အနည်းငယ် ရယ်မောလိုက်၏။

“ငါ့ရဲ့ ရုပ်ရည်ကို မြင်ဖူးတဲ့လူက သိပ်မရှိပါဘူး... တကယ်လို့ သိသွားရင်ရော ဘာဖြစ်လဲ... ငါ့မှာ မင်းရှိနေတာပဲ... တကယ်ဆို မင်းက ပိုပြီး စိတ်ပူသင့်တာ... အရမ်းကို အဆင့်မြင့်တဲ့ ကျင့်ကြံသူကြီး တစ်ယောက်ယောက်က မင်းကို တွေ့ပြီး လှောင်အိမ်ထဲထည့် အလှမွေးဖို့ ဖမ်းသွားရင် ဘယ်လိုလုပ်မလဲ”

ပိုင်လင်မှာ အနည်းငယ် လန့်ဖျပ်သွားကာ ရှေ့နောက် ဝဲယာကို ကြည့်လိုက်၏။ ဝေ့ဝူယင်က သူ၏ အမူအရာကို ကြည့်ရာ ရယ်မောလိုက်သည်။ ကြည့်ရသည်က ပိုင်လင်မှာ အတိတ်တွင် အဖမ်းခံခဲ့ရသည့် အိပ်မက်ဆိုးကို မမေ့နိုင်သေးပုံပင်။

ရောက်တတ်ရောက်ရာ ပြောဆိုရင်း မကြာခင်မှာပင် ဝေ့ဝူယင်တို့ နှစ်ယောက်မှာ ဂိတ်တံခါးနားသို့ ရောက်ရှိ လာခဲ့ကြ၏။ ထိုနေရာ၌ အနက်ရောင်ဓား သင်္ကေတပါ သံချပ်ကာ ဝတ်စုံ ဝတ်ဆင်ထားသည့် အစောင့် နှစ်ယောက် ရှိနေခဲ့သည်။

အစောင့်များမှာ အလင်းပြန်ခြင်း အဆင့်၌ ရှိနေကြကာ ခိုင်မာသည့် ကျင့်ကြံခြင်း အော်ရာများကို ပိုင်ဆိုင်ထားကြသည်။ သူတို့က ဂိတ်တံခါးနားသို့ ချဥ်းကပ်လာနေသည့် ဝေ့ဝူယင်တို့ မြင်သော အခိုက်၌ အံ့သြ မှင်သက်ဟန်နှင့် ပါးစပ် အဟောင်းသား ဖြစ်သွားကြ၏။

ပိုင်လင်က သူ၏ အော်ရာကို တိုးမြှင့်လိုက်ရင်း ခေါင်းကို မော့လိုက်သည်။ သူမ၏ ပုံစံက “ငါ့ကို ကြည့်ကြစမ်း... မင်းတို့ ငါ့အလှမှာ နစ်မြောနေပြီမလား” ဟု ကြွားဝင့်နေသယောင်ပင်။

သို့သော်လည်း မကြာခင်မှာပင် သူမ၏ အမူအရာက အနည်းငယ် ပြောင်းလဲသွား၏။ နေဦး... မင်းတို့က ဘယ်သူ့ကို ကြည့်နေတာလဲ...။

သားရဲလေး တစ်ကောင် အတွက် ရှက်ဖွယ်လိလိပင် အစောင့် နှစ်ယောက်၏ မျက်လုံးများက လက်ရာမြောက်ကာ လှပသည့် သူမ၏ အသွင်သဏ္ဌာန်ကို သတိပြုမိဟန်ပင် မရချေ။ သူတို့၏ အကြည့်များ၏ သူမ ကြောနောက်ထက်တွင် စီးလာနေသည့် ဝေ့ဝူယင်ကိုသာ ကြည့်ကာ အေးခဲနေ၏။

“မင်း... မင်းက...”

အစောင့်တစ်ယောက်ကို ဝေ့ဝူယင်ကို လက်ညိုးထိုးရင်း မယုံကြည်နိုင်စွာဖြင့် ရေရွတ်လိုက်၏။ ဝေ့ဝူယင်၏ အမူအရာက မှောင်မည်းသွားသည်။ မြို့တစ်မြို့သို့ စဝင်ဝင်ချင်းပင် သူ ဖော်ထုတ်ခံလိုက်ရပြီလော။

All Chapters