အဆင့် သတ်မှတ်ချက်
Vol. 49 Ch. 681
ပိုင်လင်က လည်ပင်းရှည်ကြီးဖြင့် ဝေ့ဝူယင်ကို လည်ပြန်ကြည့်လိုက်၏။ ထို့နောက် သူမက “ကျွန်တော် မပြောဘူးလား” ဆိုသည့် ပုံစံဖြင့် အတောင်ပံများကို တဖျပ်ဖျပ် ခပ်ရင်း ရွှင်မြူးစွာဖြင့် ရယ်မောလိုက်သည်။
ဝေ့ဝူယင်က ဖြူရော်စွာ ပြုံးလိုက်သော်လည်း အစောင့်များ သူ့ကို သိစရာ အကြောင်း မရှိ ဟု ယုံကြည်နေဆဲ ဖြစ်သည်။ အကယ်၍ သိခဲ့လျှင်ပင် သူ့အတွက် ပြဿနာ မရှိချေ။ သို့သော်လည်း မကြာခင်မှာပင် သူနှင့် ပိုင်လင်တို့၏ အတွေးများက မည်မျှ သိမ်ဖျင်းကြောင်း နားလည်လာခဲ့သည်။
“မင်းက အတော်ချောတာပဲ... ဘယ်အဆင့်မှာလဲ”
အစောင့်တစ်ယောက်က စိတ်လှုပ်ရှားစွာဖြင့် ဝေ့ဝူယင် အနားသို့ ချည်းကပ်လာကာ တလက်လက် တောက်ပနေသည့် မျက်ဝန်းများဖြင့် မေးလိုက်၏။
ဝေ့ဝူယင်မှာ အနည်းငယ် ကြောင်တောင်တောင် ဖြစ်သွားခဲ့သည်။ အဆင့်... ဘာကို မေးသနည်း။ ဝေ့ဝူယင်က နောက်၌ ရပ်နေသည့် အစောင့်ကို လှမ်းကြည့်လိုက်၏။ ထိုအစောင့်မှာ အနက်ရောင် ကျောက်စိမ်း တစ်ခုကို ဝိညာဥ်အာရုံဖြင့် စစ်ဆေးနေဟန် ရကာ တစ်ခါတစ်ရံ သူ့ကို မျက်မှောင်ကြုတ်ကာ လှမ်း၍ ကြည့်သည်။ သူက ရှင်းလင်းစွာပင် အနက်ရောင် ကျောက်စိမ်းထဲမှ တစ်စုံတစ်ရာကို စစ်ဆေးကာ ဝေ့ဝူယင်နှင့် တိုက်ကြည့်ရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။
အကယ်၍ ချဥ်းကပ်လာသည့် အစောင့်၏ ထူးဆန်းသော မျက်လုံးများနှင့် မေးခွန်းတို့ ကြောင့်သာ မဟုတ်ပါက ဝေ့ဝူယင်မှာ သူ့ကို ဝရမ်းထုတ် ခံထားရသည့် ရာဇဝတ်ကောင်များနှင့် တိုက်ဆိုင် စစ်ဆေးနေသည်ဟုပင် ထင်မိလိမ့်မည် ဖြစ်သည်။
“အဆင့်ဆိုတာ ဘာကို ပြောတာလဲ...”
ဝေ့ဝူယင်က ပိုင်လင်၏ ကျောထက်မှ ခုန်ချလိုက်၏။ အနားသို့ ကပ်လာသည်နှင့် အစောင့် နှစ်ယောက်၏ ရင်ခုန်သံများက ပိုမို၍ ကျယ်လောင်လာနေသည်ကို သူ ခံစားလိုက်ရသည်။ သူတို့က အလွန်အမင်း စိတ်ပူပင်မှာ အံ့သြနေကြပုံ ပေါ်၏။
အစောင့်မှာ အံ့သြသွား၏။ သူ၏ မျက်လုံးများထဲ၌ စူးစူးဝါးဝါး အလင်းတန်း တစ်ခု ပေါ်လာသည်။
“မင်းက အဆင့်ဝင် တစ်ယောက် မဟုတ်ဘူးလား”
ဝေ့ဝူယင်က ခေါင်းခါကာ ထပ်မေးလိုက်၏။
“ဘာအဆင့်လဲ...”
“...”
အစောင့်နှစ်ယောက်မှာ အကြည့်ချင်း ဖလှယ်လိုက်ကြ၏။ တစ်ယောက်က မျက်မှောင်ကြုတ်ကာ အနက်ရောင် ကျောက်စိမ်းကို နောက်တစ်ဖန် ပြန်လည် စစ်ဆေးလိုက်သည်။ ထို့နောက် သူက ခေါင်းခါ လိုက်သည်။
“သူက အဆင့်ထဲမှာ မပါဘူး”
ဝေ့ဝူယင်မှာ စိတ်ငြီးငြူးလာသလို ခံစားလိုက်ရ၏။ သို့သော်လည်း သူက စိတ်ရှည်စွာပင် နောက်တစ်ကြိမ် ထပ်မေးလိုက်သည်။
“ခင်ဗျားတို့ ပြောနေတဲ့ အဆင့်ဆိုတာက ဘာကို ပြောတာလဲဗျ”
အစောင့်များက သူ့ကို စိတ်မဝင်စားကြတော့ချေ။ အဆင့်ထဲ မဝင်ကြောင်း ကြားသိရပြီနောက်တွင်... ဝေ့ဝူယင် ရုပ်ရည်က (အံ့အားသင့်စရာ ကောင်းနေဆဲ ဖြစ်သည့်တိုင်) ဂုဏ်သရေနှင့် ကြီးမြတ်မှု များစွာ ယုတ်လျော့ သွားသယောင်ပင်။ ထိုသိသာ ထင်ရှားသည့် အပြောင်းအလဲက ဝေ့ဝူယင်ကို ဆွံ့အသွားစေ၏။
အစောင့်က တစ်ယောက်က လက်ကို ခါယမ်းလိုက်၏။
“ဝင်ခက ကြယ်တာရာ ကျောက်တုံး တစ်တုံးကျတယ်”
သူ၏ အသံက ပုံမှန် အစောင့် တစ်ယောက် လေသံသို့ ပြန်လည် ပြောင်းလဲသွားသည်။ ဝေ့ဝူယင်မှာ မျက်မှောင်ကြုတ် လိုက်၏။ သို့သော်လည်း သူက တုန့်ဆိုင်းခြင်း မပြုပဲ ကြယ်တာရာ ကျောက်တုံး တစ်တုံးကို ထုတ်ယူ၍ ပစ်ပေးလိုက်သည်။
ထို့နောက်... သူက ပိုင်လင်ကို ခေါ်ဆောင်ကာ ဂိတ်တံခါးကို ဖြတ်သန်းရန် ဟန်ပြင်လိုက်၏။ သို့သော်လည်း အစောင့်က သူ့ကို လက်ကာ၍ ဟန့်တားလိုက်သည်။
“ဒီဖက်တီးငှက်လည်း ဝင်မယ် ဆိုရင် ဝင်ခ ပေးရမယ်... စုစုပေါင်း သုံးတုံး”
အစောင့်က ပိုင်လင်ကို လက်ညိုးထိုးပြကာ ဆိုလိုက်၏။ ပိုင်လင်မှာ ဆတ်ဆတ်ခါ နာသွားဟန်နှင့် အစောင့်ကို ဒေါသတကြီး ကြည့်လိုက်သည်။ နင့်မေလင်ကို ဖက်တီး... သူမမှာ ထိုအစောင့်ကို နှုတ်သီးဖြင့် ဆိတ်ကာ ချက်ချင်းပင် သတ်လိုက်ချင်သည့်တိုင် ဝေ့ဝူယင်က သူမကို ဟန့်တားထား၏။
ဝေ့ဝူယင်က ခပ်မြန်မြန်ပင် နောက်ထပ် ကြယ်တာရာ ကျောက်တုံး နှစ်ခုကို ထုတ်ပေးလိုက်သည်။ မကြာခင်မှာပင် သူတို့ နှစ်ယောက်မှာ မည်သည့် ပြဿနာ သို့မဟုတ်... အသေးစိတ် အထောက်အထား စစ်ဆေးမှုများနှင့် ကြုံတွေ့ရခြင်း မရှိပဲ မြို့တော်အတွင်းသို့ ဝင်ရောက်လာနိုင်ခဲ့သည်။ မြို့တော်ထဲ၌ ပိုင်လင်မှာ ဝေ့ဝူယင်နှင့် အတူ ဘေးချင်းယှဥ် လျှောက်နေကာ သူမ၏ ကြီးမားသော ခန္ဓာကိုယ်က နေရာ အတော်များများကို ရယူထားသည်။ မြို့သူမြို့သား အချို့ကတော့ သူမကို ကြည့်ကာ လန့်ဖျပ်နေကြသည်။
“သခင်လေး... သခင်လေး...”
မြို့တော်၏ အံ့မခန်း ဗိသုကာ လက်ရာများကို စစ်ဆေး နေချိန်မှာပင် ဝေ့ဝူယင်မှာ နောက်မှ အသံ တစ်ခုကို ကြားလိုက်ရ၏။ သို့သော်လည်း ထိုအသံက သူ့ကို ဦးတည်နေသည်ဟု ဝေ့ဝူယင် မတွေးမိချေ။ မည်သို့ပင် ဆိုစေ... သူက ဤနေရာကို ယခုမှ ရောက်သည် မဟုတ်ပါလား။ သို့သော်လည်း...
“သခင်လေး... သခင်လေး...”
အဆက်မပြတ် အော်ဟစ်သံများနှင့် အတူ ခပ်ဝဝ လူငယ်လေး တစ်ယောက်မှာ နောက်မှ ပြေးလိုက်လာကာ ပိုင်လင် အရှေ့၌ ပိတ်ကာ ရပ်လိုက်၏။ သူက သာမန် လူတန်းများ ဝတ်ဆင်လေ့ ရှိသည့် ဝတ်စုံတစ်ခုကို ဆင်မြန်းထားကာ မာရသွန်ပြေးပွဲ တစ်ခုနွှဲခဲ့ရသည့် အလား တစ်ကိုယ်လုံး ချွေးများဖြင့် ရွှဲနစ်နေသည်။ သူ၏ အညိုရောင် ဆံပင်များမှာ ချွေးများကြောင့် ပျော့ခွေကျနေကာ ဝင်သက် ထွက်သက်တိုင်း၌ မျက်နှာထက်ရှိ အဆီဖုလေးများမှာ တုန်ရီနေ၏။
ဝေ့ဝူယင်က ခြေလှမ်းများကို ရပ်တန့်လိုက်ရင်း ဖက်တီး လူငယ်လေးကို လေ့လာလိုက်သည်။ အသက် အော်ရာ အရဆိုလျှင် လူငယ်လေးမှာ သူ့ထက် ပို၍ ကြီးလိမ့်မည် ဖြစ်ကာ အကြမ်းဖျဥ်း အသက် ရှစ်ဆယ်ခန့် ရှိပေလိမ့်မည်။ သို့သော်လည်း သူ၏ ပုံပန်း သဏ္ဌာန်က အသက် ၁၃၊ ၁၄ နှစ်ခန့်ကာ ရှိလေရာ ထိုအသက်ဖြင့် ကြယ်တာရာ အမြုတေ အဆင့်ကို ရောက်ရှိခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
ကျင့်ကြံခြင်း လောကတွင် အခြေခံ ပိုမို မြင့်မားလာသည်နှင့် အမျှ သက်တမ်းမှာလည်း ပိုမို တိုးလာကာ ခန္ဓာကိုယ် အပေါ် သိသာ ထင်ရှားသည့် သက်ရောက်မှုများ ဖြစ်ပေါ်စေတတ်သည်။
ရှစ်ဆယ် ဆိုသည့် အသက်မှာ ကျင့်ကြံခြင်း လောကတွင်တော့ အလွန် ငယ်ရွယ်သေးသည့် အသက်သာ ဖြစ်သည်။ ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ၏ အသက် သတ်မှတ်ချက် ပင်လျှင် ငါးရာအောက် ဖြစ်လေရာ သူတို့က ထိုအောက်ကို လူငယ် ကျင့်ကြံသူ အဖြစ် သတ်မှတ်ထားကြောင်း သိသာလှသည်။
အသက် ငါးရာ အရွယ် ကြယ်တာရာ အမြုတေ အဆင့် ကျင့်ကြံသူ တစ်ယောက်ကို သေမျိုးတို့၏ ပျမ်းမျှ သက်တမ်းနှင့် နှိုင်းယှဥ်ရလျှင် အလွန်ဆုံးမှ နှစ်ဆယ်သာ ဖြစ်ပေလိမ့်မည်။
“သခင်လေး... ဟောဟဲ ဟောဟဲ”
လူငယ်မှာ နောက်မှ ပြေးလိုက်ရသဖြင့် အလွန် မောပန်းနေဟန် ရကာ ဟောဟဲတိုက်နေသည်။ ဝေ့ဝူယင်က သူ့ကို ကြည့်ကာ ပြုံးလိုက်၏။ ထိုကလေးမှာ ကြယ်တာရာ အမြုတေ အဆင့်ကိုပင် ရောက်ရှိနေပြီ ဖြစ်သည်။ အနည်းငယ် ပြေးရခြင်းဖြင့် မည်ကဲ့သို့ မောပန်း ပါမည်နည်း။ ထိုအရာက ချစ်စဖွယ် အပြုအမူ တစ်ခု ဖြစ်သည့်တိုင် ဝေ့ဝူယင်ကတော့ မူမမှန်ကြောင်း သိရှိပြီး ဖြစ်သည်။ သူက လိမ်လည်ရန် ကြိုးပမ်း နေခြင်းလော။
“ဘာအရေးပေါ် ကိစ္စ မလို့လဲဗျ...”
ဝေ့ဝူယင်က ပြုံးလျက်ပင် မေးလိုက်၏။ လူငယ်လေးက ခေါင်းကို ခါကာ နဖူးထက်ရှိ ချွေးများကို သုတ်လိုက်၏။
“သခင်လေး ဂိတ်တံခါးမှာ ဖြစ်သွားတာကို ကျွန်တော် မြင်လိုက်တယ်ဗျ... သခင်လေးက တကယ်ပဲ တန်ခိုးရှင် သူရဲကောင်း အဆင့်ဝင် တစ်ယောက် မဟုတ်ဘူးလား”
“တန်ဖိုးရှင် သူရဲကောင်း အဆင့်...”
ဝေ့ဝူယင်၏ မျက်လုံးများက စိတ်ဝင်စားမှုများဖြင့် ပြည့်နှက် သွား၏။
“အဲဒါက ထူးခြားလို့လားဗျ”
လူငယ်လေးက တဆတ်ဆတ် ခေါင်းညိတ်လိုက်၏။
“ဒါပေါ့... ခင်ဗျားက အတော်ချောတယ်... ဒါမှမဟုတ် အားနည်းလို့ များလား”
ထို့နောက် သူက ဝေ့ဝူယင်ကို စုံချည်ဆန်ချည် ကြည့်လိုက်သည်။ ဝေ့ဝူယင်က မျက်ခုံးကို အနည်းငယ် ပင့်တင် လိုက်၏။
“အချို့ လူတွေ အတွက်တော့ ကျုပ်က အားနည်းတာပေါ့... အချို့အတွက်တော့ ကျုပ်က အတော်လေး သန်မာတယ်... ဒါနဲ့ ခင်ဗျား ပြောတဲ့ တန်ခိုးရှင် သူရဲကောင်း အဆင့် ဆိုတာ ဘာလဲ”
“...”
လူငယ်လေးမှာ ဝေ့ဝူယင်၏ ဗဟုသုတ နည်းပါးမှု အပေါ် အနည်းငယ် စိတ်ပျက်သွားဟန် ရ၏။ သို့သော်လည်း သူက စိတ်ရှည်လက်ရှည်ပင် ရှင်းပြလိုက်သည်။
“တန်ခိုးရှင် သူရဲကောင်း အဆင့် ဆိုတာက ရွှေရောင် ဂိတ်တံခါး နန်းတော်က တည်ဆောက်ပေးတဲ့ သတ်မှတ်ချက် တစ်ခုပေါ့ဗျာ... အတိုချုပ် ပြောရမယ် ဆိုရင် အမျိုးသား ကျင့်ကြံသူတွေရဲ့ ရုပ်ရည်၊ ပါရမီ၊ ကျင့်ကြံခြင်း အခြေခံနဲ့ နောက်ခံ စတဲ့ စံချိန်စံနှုန်းတွေ အတိုင်း စီထားတဲ့ ဇယားပေါ့”
ဝေ့ဝူယင်မှာ နောက်ဆုံး၌ နားလည်သွား၏။ ထိုအရာက တန်ခိုးရှင် နတ်မိမယ် သတ်မှတ်ချက်လိုပင် ဖြစ်ရပေလိမ့်မည်။ သို့သော်လည်း... သူ မရှင်းလင်းသည့် အရာတစ်ချို့ ကျန်ရှိနေသေးဆဲ ဖြစ်သည်။
“ရွှေရောင် ဂိတ်တံခါး နန်းတော်က ဒီနေရာက လူတွေကိုရော သတ်မှတ်ပေးတာလား... သူတို့က အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေမှာ အခြေစိုက်တာ မဟုတ်ဘူးလား”
ဝတုတ်တုတ် လူငယ်လေးက ဂုဏ်ယူ ဝင့်ကြွားသည့် ပုံစံဖြင့် ရယ်မောလိုက်၏။
“တန်ခိုးရှင် သူရဲကောင်း သတ်မှတ်ချက်က မဟာစက်ဝန်း ကြယ်ကွင်းပြင် တစ်ခုလုံးကို ဖြန့်ကျက်ထားတာလေ... ကျုပ်တို့ ကြယ်တာရာ နယ်မြေတောင်မှ နေရာ အများကြီးကို သိမ်းပိုက်ထားတာ”
“ရွှေရောင်ဂိတ်တံခါး နန်းတော်က ကြယ်တာရာ နယ်မြေတစ်ခုထက် ပိုပြီး ကျယ်ပြန့်တာလား...”
ဝေ့ဝူယင် မထိန်းချုပ်နိင်ပဲ စိတ်ထဲမှ တွေးလိုက်မိ၏။ ရွှေရောင် အသက်နန်းတော်တွင်ရော ထိုကဲ့သို့ သက်ရောက်နိုင်စွမ်း ရှိမည်လား သူ စဥ်းစားလိုက်မိသည်။ သူတို့၏ နောက်ဆုံး ရွှေလေလံပွဲကို ကြယ်ကိုးပွင့် ရှန့်ထိုမှ အောင်မြင်သွားခဲ့ခြင်းကို ထောက်ချင့် ရပါက ထိုကဲ့သို့ ဖြစ်နိုင်ချေ ရှိသည်။
“မင်း ဘာတွေ လိမ်ဆင်တွေ လာဆင်နေတာလဲ”
ဝေ့ဝူယင်က တိုက်ရိုက်ပင် မေးလိုက်ရင်း ညာဘက် လက်ကောက်ဝတ်ကို ထိလိုက်၏။ ထို့နောက် သူက မမြင်နိုင်သည့် သွေးစုပ်မျှော့နှင့် တူသည့် ကပ်ပါး သတ္တဝါ တစ်ကောင်ကို ထုတ်ယူကာ လွှင့်ပစ်လိုက်သည်။ ထိုတိရစ္ဆာန်မှာ ယခုလေးတင် ဖိနပ်များကြားမှ ခြေထောက်ဆီ တွယ်တက်လာကာ လက်ကောက်ဝတ်ထိ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
မျှော့က အဝေးသို့ လွင့်စဥ်သွားကာ အနည်းငယ် အရောင် တောက်ပလာပြီးနောက် မူလက ကဲ့သို့ပင် ပြန်လည် ပျောက်ကွယ် သွားခဲ့၏။
လူငယ်လေး၏ အမူအရာက ပြောင်းလဲသွားသည်။
“ဟိုမှာ ဘာကြီးလဲ...”
သူက ဝေ့ဝူယင် နောက်သို့ လက်ညိုးထိုးရင်း အော်ဟစ်လိုက်၏။ သူ၏ အမူအရာက အလွန် ကြောက်မက်ဖွယ် ကောင်းသည့် မွန်းစတားကို မြင်လိုက်ရသည့် အလား အလွန်အမင်း ကြောက်လန့်မှုများဖြင့် ပြည့်နှက်နေသည်။ သူက ခြေလက်များပင် တုန်ရီနေကာ လဲပြိုကျတော့မည့်ပုံပင် ရ၏။
ဝေ့ဝူယင်က တည်ငြိမ်စွာပင် ပြုံးလိုက်၏။ ထိုကလေး၏ သရုပ်ဆောင် စွမ်းရည်က တကယ်ပဲ ကောင်းလှပါသည်။ သို့သော်လည်း... ဗျူဟာကတော့ အတော်လေး ညံ့ဖျင်းလှသည်။
သူ၏ သရုပ်ဆောင်မှုက အလုပ်မဖြစ်ကြောင်း တွေ့မြင်သွားသော အခိုက်၌ လူငယ်လေး၏ အမူအရာက ပြောင်းလဲသွား၏။ သူက အရှုံးကို ဝန်ခံကာ ကံကြမ္မာကို လက်ခံလိုက်ဟန်နှင့် ပခုံးကို နှိမ့်လိုက်လိုက်သည်။
“သခင်လေး သိလား... အဲဒါက...”
ဘုန်း...
စကားမဆုံးခင်မှာပင် လူငယ်လေးက လေထုကို တွန်းကန်လိုက်ကာ အလွန် မြင့်မားသည့် လှုပ်ရှားမှု နည်းစနစ် တစ်ခုဖြင့် လူအုပ်ကြားထဲ တိုးဝင်ပြေးလေတော့၏။ သူ၏ လှုပ်ရှားမှုက အလွန်ပင် မြန်ဆန်လှကာ ထူးဆန်းသော နည်းစနစ် တစ်ခုဖြင့် ကိုယ်ပွားများစွာကိုပင် ခွဲပစ်လိုက်သေးသည်။ ထိုကိုယ်ပွားများမှာ မတူညီသည့် နေရာများကို ခွဲကာ ထွက်ပြေးသွားကြ၏။
ဝေ့ဝူယင်က အနည်းငယ် ပြုံးလိုက်၏။ ပိုင်လင်မှာလည်း ရွှင်မြူးဟန်နှင့် အမြီးကုပ်အောင် ပြေးသွားသည့် လူငယ်ကို လိုက်ကြည့်နေသည်။ ထို့နောက် သူတို့ နှစ်ယောက်က တစ်ယောက်ကို တစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ကြ၏။ ဝေ့ဝူယင်က နောက်မှ ပြေးလိုက်ခြင်း မပြုချေ။ ထို့အစား သူက လက်တစ်ဖက်ကိုသာ ဝှေ့ယမ်းလိုက်၏။
“အား...”
အော်ဟစ်သံ တစ်ခုနှင့် အတူ သူ့အရှေ့ရှိ ဟင်းလင်းပြင်က တုန်ရီသွား၏။ ထို့နောက် ဝတုတ်တုတ် ပုံလူငယ်လေး ပြန်လည် ပေါ်လာကာ သူ့မျက်နှာမှာ မြေပြင်နှင့် မိတ်ဆက်သွားသည်။ လူငယ်လေးက ဖုန်များဖြင့် ညစ်ပတ် ပေရေနေသည့် သူ့မျက်နှာကို မော့လိုက်ရင်း ဝေ့ဝူယင်ကို ကြည့်လိုက်၏။ ထို့နောက် သူက ဆိုင်းမဆင့် ဗုံမဆင့်ပင် စွပ်စွဲလေတော့သည်။
“သခင်လေး ညာတယ်... သခင်လေး ညာတယ်...”