← Chapters

ပြဿနာ

Vol. 49 Ch. 682

ပြဿနာ

Vol. 49 Ch. 682

"ညာတယ်... ဟုတ်လား”

ဝေ့ဝူယင် ပင်လျှင် အနည်းငယ် ကြောင်တောင်တောင် ဖြစ်သွား၏။ သူက ဘာညာလို့နည်း။

“ဟုတ်တယ် ညာတယ်... သခင်လေးပြောတော့ တန်ခိုးရှင် သူရဲကောင်း သတ်မှတ်ချက်ဝင် မဟုတ်ဘူးဆို... ဒါပေမဲ့ သခင်လေးရဲ့ ကျင့်ကြံခြင်း အခြေခံကမှ မနိမ့်တာ... နောက်ပြီး သခင်လေးရဲ့ ရုပ်ရည်နဲ့ဆို ဘယ်လိုလုပ်ပြီး မဝင်ပဲ နေမှာလဲ”

လူငယ်လေးက သူ မတရား ခံလိုက်ရသကဲ့သို့ ဒေါသတကြီးဖြင့် အော်ဟစ် ပြောလိုက်သည်။ သို့သော်လည်း ဝေ့ဝူယင်က ထူးမခြားနားဟန်ဖြင့် ပခုံးကိုသာ တွန့်လိုက်သည်။

“ခုန ငါမေးတာကိုသာ ဖြေပါ.... မင်း ဘာလိမ်ဆင်တွေ လာဆင်နေတာလဲ”

ထိုလူငယ်လေး ဘာလိုချင်သည်ကို ဝေ့ဝူယင် တကယ် နားမလည်ချေ။ သို့သော်လည်း သွေးစုပ်မျှော့ ကပ်ပါးကောင်ကို သတိထားမိပြီး နောက်တွင်တော့ ထိုလူငယ် ပြေးတော့မည် ဆိုတာ သူ သိရှိပြီး ဖြစ်သည်။ သူ့တွင် လုပ်စရာ များစွာ ရှိနေသေးဆဲ ဖြစ်သည်။ သို့သော်လည်း... ဤနေရာသို့ ရောက်ရှိလာပြီး ကတည်းက အရာရာက ထူးဆန်းသလို ခံစားနေရ၏။

အစောင့်များမှ အစ လူငယ် အဆုံး အားလုံးက သူ့ကို အဆင့်ဝင်လား ဟု မေးကြသည်။ မဟုတ်ကြောင်း သိရသည်နှင့် သူတို့ မျက်လုံးထဲတွင် သူ့အရေးပါမှုက လျော့နည်းသွားသည်။ ထိုအရာက မူမမှန်လှချေ။

ဝတုတ်တုတ် လူငယ်လေးက ဝေ့ဝူယင်ကို ကြောင်ကြည့်နေ၏။ သူက တန်ပြန် တိုက်ခိုက်ဖို့ ကြိုးပင် မကြိုးစားချေ။ လွတ်မြောက်အောင် ထွက်ပြေးရန် သူ၏ ယုံကြည်ချက် ကြက်ပျောက်ငှက်ပျောက်ပင် ပျောက်ဆုံး သွားခဲ့ပြီ ဖြစ်သည်။ ထို့အပြင် မြို့တော် ဥပဒေများကြောင့် ဝေ့ဝူယင်က သူ့ကို သတ်လိမ့်မည် မဟုတ် ဟု ယုံကြည်ပေသည်။ သူက ညစ်ပတ် ပေရေနေသည့် မျက်နှာနှင့်ပင် နှုတ်ခမ်းကို စူကာ လက်ပိုက် ရပ်နေခဲ့၏။

သူ့ကို ကြည့်ရင်း ဝေ့ဝူယင်၏ ငွေရောင် မျက်လုံးများက အနည်းငယ် ကျဥ်းမြောင်း သွားခဲ့သည်။

“မင်း မဖြေဘူးလား”

လူငယ်လေးက မသိချင်ယောင်ဆောင် အကြည့်လွှဲကာ အခြား တစ်ဖက်ကို လှည့်လိုက်၏။

“ဒီတိရစ္ဆာန်ကောင်...”

ပိုင်လင်မှာ ထိုဖက်တီး၏ အပြုအမူကို ကြည့်ကာ ဒေါသထွက် နေခဲ့ပြီ ဖြစ်သည်။ ထိုလူသားမှာ သူမနှင့် ဝေ့ဝူယင်တို့ နှစ်ယောက်စလုံးထက် အသက် ပိုကြီးသည့်တိုင် သူ့ဆီတွင် မည်သည့် ရင့်ကျက်မှုကိုမှ ရှာမတွေ့ချေ။

“သခင်... ဒီမှာ အစားစားလို့ ရတယ်လို့ ပြောထားတယ် မလား”

သူမက အတောင်ပံများကို တဖျပ်ဖျပ် ခပ်ရင်း မေးလိုက်၏။ သူမ၏ ရွှေရောင် မျက်လုံးများက ဆာလောင်မှုများဖြင့် ပြည့်နှက်နေကာ လူငယ်ကို နှုတ်သီးဖြင့် ဆိတ်ပေါက်၍ မြိုချရန် အသင့် ဖြစ်နေခဲ့ပြီ ဖြစ်သည်။

“ခဏလောက် အချိန်ပေးဦး...”

ဝေ့ဝူယင်က ဟန့်တားလိုက်၏။ ထို့နောက် သူက အသက်ရှစ်ဆယ် အရွယ် လူငယ်၏ ပခုံးကို ကိုင်ကာ သူ့ဘက်သို့ ဆွဲလှည့်လိုက်သည်။ သူ၏ မျက်လုံးများမှာ ခုနစ်သွယ်သော အလင်းရောင်များဖြင့် ပြည့်နှက် လာခဲ့၏။ လူငယ်မှာ ပထမ၌ လိပ်ပြာလွင့် မတတ် လန့်ဖျန့်သွားသော်လည်း စက္ကန့်ဝက်မျှ အတွင်းမှာပင် သူ့ မျက်လုံးများက အဖြူသား အဖြစ် ပြောင်းလဲကာ ငြိမ်ကျသွားသည်။ ဝေ့ဝူယင် သူ့ မှတ်ဉာဏ်များ အတွင်း ဝင်ရောက်ကာ အစမှ ဆုံး ကြည့်လိုက်တော့၏။

တစ်ခဏ ကြာပြီးနောက် ဝေ့ဝူယင်က ခေါင်းတစ်ချက် ညိတ်လိုက်၏။ ထို့နောက် သူက လက်ကို ဖြည်းညင်းစွာ ပြန်ဖယ်လိုက်သည်။ လူငယ်၏ မျက်လုံးများက တဖြည်းဖြည်း ပြန်လည် ကြည်လင်လာကာ မူလ အသိစိတ်များကို ပြန်လည် ရရှိလာဟန် ရ၏။

ဝေ့ဝူယင်က ပင့်သက်တစ်ချက် ရှိုက်ရင်း ထိုနေရာမှ ထွက်ခွာရန် ပြင်လိုက်သည်။ သို့သ်ောလည်း ထိုအခိုက်မှာပင်...

ဘုန်း...

ပေါက်ကွဲသံ တစ်ခုကို ကြားလိုက်ရ၏။ ဝေ့ဝူယင် နောက်ကို လှည့်ကြည့်လိုက်တော့ လမ်းမ၏ ကျောက်သား ကြမ်းပြင်တွင်ပင် အပေါက်ကြီး တစ်ခု ဖြစ်ပေါ်နေသည်ကို တွေ့လိုက်ရ၏။ သွေးစ သွေးနများ၊ အသားနှင့် အရိုးများကတော့ ပြန့်ကြဲနေသည်။

ပိုင်လင်က အတောင်ပံများကို တဖျပ်ဖျပ် ခပ်လိုက်ရင်း လည်တိုင်ရှည်ကြီးဖြင့် ဝေ့ဝူယင်ကို ကြည့်လိုက်၏။

“ကျုပ် သတ်ပစ်လိုက်ပြီ”

"..."

"..."

"..."

ဘေးနားရှိ လူများမှာ ထိုမြင်ကွင်းကို ကြည့်ကာ အေးခဲ သွားကြ၏။ ထိုငှက်က ငယ်ရွယ်ပုံ ပေါ်သည့် ဖက်တီး လူငယ်ကို သတ်လိုက်သည်လား။ ဖြစ်စဥ်ကို သဘောပေါက်သည်နှင့် သူတို့၏ အသိစိတ်များက ထိတ်လန့် ချောက်ချားခြင်းများနှင့် ပြည့်နှက် လာခဲ့တော့သည်။

ဝေ့ဝူယင်က ဖြူရော်စွာ ပြုံးရင်း ခေါင်းကို ခါယမ်းလိုက်၏။ ထိုအရာက အနည်းငယ် တိုက်ရိုက်ဆန်သည့်တိုင် ပိုင်လင်၏ လုပ်ရပ်က မမှားဟု သူ ခံစားရသည်။ ထိုကျင့်ကြံသူမှာ လူကောင်း တစ်ယောက် မဟုတ်ချေ။ သူ့ မှတ်ဉာဏ်များထဲ၌ အလွန် ရက်စက်သည့် လုပ်ရပ်များစွာကို သူ တွေ့ရှိခဲ့ရသည်။ အချို့ လုပ်ရပ်များ ဆိုလျှင် သူ့ကိုပင် အံ့အားသင့်စေ၏။

သူက အားနည်းသည့် မိန်းကလေးများ အပေါ်တွင် အမြတ်ထုတ်ကာ အိုးမင်းမစွမ်း ရှိသူများကိုပင် ဓားပြတိုက်ခဲ့သူ ဖြစ်သည်။ သူ့လုပ်ရပ်ကြောင့် သေခဲ့ရသည့် အပြစ်မဲ့ လူများပင် မနည်းမနောပင်။ လူငယ်မှာ အသက် ရှစ်ဆယ်သာ ရှင်သန်ရသေးသည့်တိုင် ထိုအတွင်း တက်ကြွစွာ လှုပ်ရှားခဲ့သူ ဖြစ်သည်။

“လူသတ်သမားတွေ... လူသတ်သမားတွေ...”

မကြာခင်မှာပင် လမ်းမထက်၌ ထိတ်လန့် ကြောက်ရွံ့နေသည့် အော်ဟစ်သံများ ထွက်ပေါ်လာ၏။ သူတို့က လျှင်မြန်စွာပင် နောက်သို့ချဲသွားကြကာ ဝေ့ဝူယင်တို့နှင့် အကွာအဝေး တစ်ခု ခြားနားလိုက်ကြသည်။ အသက်ရှိုက်စာ အနည်းငယ် အတွင်းမှာပင် အခင်း ဖြစ်ပွားရာမှ ပတ်လည် ပေငါးဆယ်ခန့် ဧရိယာမှာ လုံးဝ ဗလာဟင်းလင်း ဖြစ်သွားခဲ့ပြီ ဖြစ်သည်။

"လူသတ်သမားတွေ...”

ပိုင်လင်က အေးစက်နေသည့် ရွှေရောင် မျက်လုံးများဖြင့် ကြောက်ရွံ့ ထိတ်လန့်စွာ လေ့လာနေသည့် လူများကို ဝှေ့ကြည့်လိုက်သည်။ ထို့နောက် သူမက အထင်သေးဟန်နှင့် နှာခေါင်းတစ်ချက် ရှုံ့လိုက်သည်။ ကျင့်ကြံသူတွေ လုပ်ပြီး ထိုမျှ အသည်းငယ်ရသလော။

ဝေ့ဝူယင်မှာ ပိုင်လင်ကို ကြည့်ကာ ဘာပြောရမှန်းပင် မသိတော့ချေ။ ထိုကြိုးကြာက နေရာအသစ်ကို ပြဿနာဖြင့် စဖွင့်ချင်နေသည်လော။

သူ တိတ်တဆိတ်ပင် အဝေးကို လှမ်းကြည့်လိုက်၏။ အော်ဟစ်သံများကြောင့် မြို့တော်၏ အစောင့်များမှာ သူတို့ထံသို့ ပျံသန်း လာနေကြပြီ ဖြစ်သည်။ သူတို့ စက္ကန့်အနည်းငယ် အတွင်းမှာပင် ရောက်ရှိလာကြပေတော့မည်။

“ပိုင်လင်.. ငါတို့ အဖမ်းခံလိုက်ကြမယ်... မခုခံနဲ့နော်... မင်းရဲ့ ခွန်အားကို ထုတ်မပြမိစေနဲ့”

ဝေ့ဝူယင်က ပိုင်လင်၏ ခန္ဓာကိုယ်ကို အနည်းငယ် ပုတ်လိုက်ရင်း စိတ်ဖြင့် ဆက်သွယ်ကာ ပြောလိုက်သည်။ ချက်ချင်းပင် ပိုင်လင်က စိတ်လှုပ်ရှားစွာဖြင့် ဝေ့ဝူယင်ကို လှည့်ကြည့်လိုက်၏။

“ကျွန်တော်တို့ ကြီးကျယ်တဲ့ ကိစ္စ တစ်ခုခု လုပ်ကြမလို့လား”

သူမ၏ ရွှေရောင် မျက်လုံးများက စိတ်အား ထက်သန်မှုများနှင့် ပြည့်နှက်နေသည်။ ဝေ့ဝူယင်က အလိုက်သင့်ပင် ခေါင်းညိတ် လိုက်၏။

“ဟုတ်တယ်... ငါ စိတ်ဝင်စားဖို့ ကောင်းတာ တစ်ခု တွေ့ထားတယ်... ငါတို့ တိုက်ပွဲတစ်ခု တိုက်ရနိုင်တယ်”

“တိုက်ပွဲ...”

ပိုင်လင်၏ မျက်လုံးများမှာ ပို၍ပင် တောက်ပသွား၏။ သို့သော်လည်း... သူမ တစ်စုံတစ်ရာ ထပ်မံ၍ မမေးနိုင်ခင်မှာပင် အစောင့်များမှာ ထိုနေရာသို့ ရောက်ရှိလာကြကာ ဝိညာဥ်ဖိအားများဖြင့် သူတို့ကို လွှမ်းခြုံ လိုက်ကြပြီ ဖြစ်လေတော့သည်။

“ဂီး... အီး... အီး...”

နာကျင်သည့် အော်ဟစ်သံ တစ်ခုနှင့် အတူ ပိုင်လင်၏ ခန္ဓာကိုယ်မှာ တုန်ရီသွား၏။ သူမ၏ ရှည်လျားသော ခြေထောက်များက ဟန်ချက်ကို မထိန်းနိုင်တော့ဟန်ဖြင့် စတင် တုန်ရီလာသည်။ သူမ၏ မျက်လုံးများက နာကျင်မှုများဖြင့် ပြည့်နှက်နေကာ အချိန်မရွေး လဲပြိုကျသွားတော့မည့်ပုံ ရ၏။

“...“

ဝေ့ဝူယင်မှာ ပါးစပ် အဟောင်းသား ဖြစ်သွား၏။ ထိုငှက်၏ သရုပ်ဆောင် စွမ်းရည်က ဖက်တီးလူငယ်ထက်ပင် ပိုမို၍ သာလွန် နေပေသေးသည်။ ဝေ့ဝူယင် မရယ်မိအောင် မနည်း ထိန်းထားရ၏။

စိတ်ထဲ၌ မည်မျှပင် ရွှင်မြူးနေစေကာမူ... ပိုင်လင်နည်းတူ ဝေ့ဝူယင်၏ မျက်လုံးများထဲရှိ ဝိညာဥ်အလင်းမှာ သိသိသာသာပင် မှေးမှိန်သွား၏။ သူ၏ မြေဆွဲအား အဆင့် ကျင့်ကြံခြင်း အခြေခံက ထွက်ပေါ်လာကာ ဒူးများမှာ တုန်ရီ၍ ပိုင်လင်၏ နံဘေးတွင် ဒူးထောက် ပြုတ်ကျသွားသည်။

ဂိတ်တံခါး၌ တွေ့ခဲ့ရသည့် နှစ်ယောက် အပါအဝင် အစောင့်များက သူတို့ကို ဝန်းရံ လိုက်ကြသည်။ ဝေ့ဝူယင်ကို မြင်တွေ့ဖူးသည့် နှစ်ယောက်ကတော့ တစ်ယောက်ကို တစ်ယောက် ထူးဆန်းသည့် အကြည့်များဖြင့် ကြည့်လိုက်ကြ၏။

အစောင့်အချို့က အနားသို့ ရောက်လာကာ ဖမ်းဆီးဖို့ ပြင်လိုက်သည်။ ဝေ့ဝူယင်က အရှုံးမပေးလိုဟန်ဖြင့် အံကို တင်းတင်းကြိတ်ကာ ဖိအားများ ကြားမှပင် ရုန်းထွက် တိုက်ခိုက်ဖို့ ကြိုးစားလိုက်၏။ သူ၏ လက်သီးချက်များက တိုးဝင်လာသည့် အစောင့်များကို နောက်သို့ လွင့်ပျံ သွားစေခဲ့သည်။ အချို့ဆိုလျှင် ဒဏ်ရာများပင် ရသွားကြစည်။

သို့သော်လည်း... ထိုတိုက်ခိုက်မှုများတွင် သူ ခွန်အားကို အပုံတစ်သန်းပုံ တစ်ပုံခန့်သာ အသုံးပြုထားကာ ထိရောက်မှုကို တင်းကြပ်စွာ တားမြစ်ထားသည်။ သို့တိုင်အောင် သူ၏ ခန္ဓာကိုယ်က မြန်ဆန်စွာပင် ရှေ့သို့ တိုးသွားကာ အခြား အစောင့် နှစ်ယောက်နား အထိ ရောက်ရှိသွားသည်။ သူ၏ လက်သီးချက် နှစ်ချက်က ဇယ်ဆက်ဆိုသလို ရွေ့လျားသွားသည်။

ဘုန်း... ဘုန်း...

အစောင့် နှစ်ယောက်၏ ဦးခေါင်းများမှာ ပေါက်ကွဲသွား၏။ တစ်ချိန်တည်း၌ သူ၏ ခြေထောက်များကလည်း ဘယ်လိုမှ ဆက်မရပ်နိုင်တော့ဟန်နှင့် မြေပြင်ပေါ် လဲပြိုသွားသည်။ ထိုအခိုက်တွင်ပင် ပိုမို ပြင်းထန်သည့် ဖိအား တစ်ခုက လောကထံ ပျံ့နှံ့လာကာ သူနှင့် ပိုင်လင်တို့ကို ကန့်သတ် ပစ်လိုက်တော့၏။

“လောကနယ်မြေ...”

လောကသခင် တစ်ယောက်ကား ရောက်ရှိလာခဲ့ချေပြီ ဖြစ်လေသည်။ သူက အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားသည့် အသက်လတ် ကျင့်ကြံသူ တစ်ယောက် ဖြစ်ကာ ဝိညာဥ်အလင်းရောင် တောက်ပနေသည့် မျက်လုံးများဖြင့် ဝေ့ဝူယင်တို့ကို ဝှေ့ကြည့်လိုက်၏။

ထို့နောက် သူက လက်တစ်ဖက်ကို ဝှေ့ယမ်းကာ ဝေ့ဝူယင်တို့ကို သတိမေ့ သွားအောင် ပြုလုပ်လိုက်သည်။ သူ၏ လှုပ်ရှားမှုက လွယ်ကူ ချောမွေ့လှကာ မည်သည့် ထစ်ငေါ့မှုမှ ရှိမနေချေ။

လောကသခင်က ပြန်လည် မထွက်ခွာခင် ဝေ့ဝူယင်၏ လက်ချက်ဖြင့် အသက်ထွက်သွားသည့် အစောင့် နှစ်ယောက်ကို တစ်ချက် ကြည့်လိုက်၏။

“ကံမကောင်းတဲ့ ကောင်လေးတွေ...”

အေးစက်စက် အသံဖြင့် တီးတိုး ရေရွတ်လိုက်ပြီးနောက် သူက ငွေရောင် အလင်း တစ်ခု အသွင်ဖြင့် ပျောက်ကွယ်သွားတော့၏။ သူက ထိုကိစ္စအား ကိုင်တွယ်ရန် လက်အောက်ငယ်သားများထံ ပျင်းရိစွာဖြင့် လွှဲအပ်ခဲ့ပြီ ဖြစ်သည်။

မည်သို့ပင် ဆိုစေ... ဤသည်က သာမန် မြေဆွဲအား လွတ်မြောက်ခြင်း အဆင့် တစ်ယောက်နှင့် သားရဲ တစ်ကောင်သာ ဖြစ်သည်။ သူတို့က လောကသခင် တစ်ယောက်၏ မျက်လုံးထဲတွင် သေးနုပ်လွန်းလှပေသည်။

All Chapters