ဖမ်းဆီးခံရခြင်း
Vol. 49 Ch. 683
လောကသခင် ထွက်ခွာသွားပြီးသည့် နောက်မှ အစောင့်များမှာ ဖိအားများမှ လွတ်မြောက်သွားသည့်ပုံ ရကာ သက်ပြင်းများ ချလိုက်ကြ၏။ ထို့နောက် သူတို့က ဝေ့ဝူယင်နှင့် ပိုင်လင်တို့ကို သံခြေကျင်းများဖြင့် ချည်နှောင်၍ ခေါ်ဆောင်သွားကြကာ အေးစက်သည့် အကျဥ်းခန်း တစ်ခုအတွင်း ထည့်သွင်းထားလိုက်ကြသည်။ ကြည့်ရသည်က အစောင့်များမှာ သူနှင့် ပိုင်လင်တို့ကို တစ်တန်းတည်းထား၍ ဆက်ဆံနေပုံ ရသည်။
ဝေ့ဝူယင်နှင့် ပိုင်လင်တို့မှာ မြို့တော်၏ အောက်ခြေရှိ အေးစက်၊ စိုးစွတ်သော အကျဥ်းထောင်ထဲတွင် လဲလျောင်း နေကြ၏။ ထိုနေရာ၌ သူတို့ အပြင်... ဖမ်းဆီးခံထားရသည့် အခြားလူများလည်း ရှိနေသေးပေသည်။ သူတို့ထဲမှ အများစုက အော်ဟစ်ကာ ငြီးတွားနေကြကာအချို့ ကတော့ ဆက်လက် အသက်ရှင်သန်ရန် မျှော်လင့်ချက်များ ကုန်ဆုံးသွားဟန်ဖြင့် တိတ်ဆိတ်၍ ရူးကြောင်ကြောင်ပင် ဖြစ်နေကြ၏။
နာရီအနည်းငယ် ကြာမြင့်ပြီးနောက် ဝေ့ဝူယင်၏ မျက်လုံးများမှာ ပွင့်လာခဲ့၏။ ပက်လက် လှန်လျှက် အနေအထားကပင် သူ၏ ငွေရောင် မျက်လုံးများက အပေါ်ရှိ မျက်နှာကျက်ကို လေ့လာလိုက်သည်။
“သူတို့က ငါတို့ကို ဘာလို့ အတူတူ ထားသွားတာလဲ...”
ပိုင်လင်၏ မျက်လုံးများမှာလည်း ပွင့်ဟလာ၏။ သို့သော်လည်း သူမ နည်းနည်းမျှ မလှုပ်ရှားဝံ့ချေ။ သူမ၏ ခန္ဓာကိုယ်ကြီးက အလွန်ပင် ကြီးမားလှရာ မတော်တဆ လှုပ်ရှားရင်း ထိခိုက်မိပါက အကျဥ်းထောင် တစ်ခုလုံး ပြိုကျသွားလိမ့်မည် ဖြစ်သည်။
“တကယ် စိတ်ပျက်စရာပဲ...”
ပိုင်လင်က နေရထိုင်ရ ကျဥ်းကြပ်ဟန်ဖြင့် ရေရွတ်လိုက်၏။ အထူးသဖြင့် အကျဥ်းခန်းထဲရှိ အကျဥ်းသားများ၏ ငြီးငြူသံများနှင့် ငိုကြွေးသံများက သူမကို စိတ်အနှောက်အယှက် ဖြစ်စေသည်။
ဝေ့ဝူယင်က ညာဘက် လက်ဖဝါးကို ဖြန့်ကာ အလင်းရောင် ခပ်ဖျော့ဖျော့ ထွက်ပေါ်နေသည့် “စစ်” ဆိုသော သင်္ကေတကို ကြည့်လိုက်၏။ ထို့နောက် လက်သီးကို ခပ်တင်းတင်း ဆုပ်လိုက်၏။ အကယ်၍ ဝတုတ်တုတ် လူငယ်၏ မှတ်ဉာဏ်များသာ မှန်ကန်ပါကာ သူ ရှာဖွေတွေ့ရှိထာသည့် အရာမှ အလွန် စိတ်ဝင်စားဖို့ ကောင်းသည့် ကိစ္စတစ်ခု ဖြစ်ပေလိမ့်မည်။
“ငါ အချက်မပြမချင်း မလှုပ်နဲ့... ကြားလား...”
ဝေ့ဝူယင်က ပိုင်လင်ကို စိတ်ဖြင့် ဆက်သွယ်ကာ ပြောလိုက်ရင်း မျက်နှာကျက်ဆီသို့ ပြန်ကြည့်လိုက်၏။
“စိတ်ချ...”
ပိုင်လင်မှာ စိတ်အားထက်သန်စွာပင် ပြန်လည် ပြောလိုက်၏။ သူမက ထိုကဲ့သို့ ဟန်ဆောင်ရသည်ကို ပျော်ရွှင်နေဟန် ရလေသည်။ သူမက ဖြည်းညင်းစွာပင် ရွှေရောင် မျက်လုံးများကို ပိတ်ကာ စောင့်ဆိုင်း နေလိုက်၏။
ဝေ့ဝူယင်က ပိုင်လင် အနားသို့ တိုးကပ်လိုက်ကာ နူးညံ့သော အမွေးအတောင်များ ကြားတွင် လှဲလိုက်၏။ သူမ၏ ခန္ဓာကိုယ်က သားမွေး မွေ့ယာ တစ်ခုလို နွေးထွေးကာ အရသာရှိလှပေသည်။
မျက်လုံးကို ဖြည်းညင်းစွာ မှိတ်လိုက်သော အခိုက်၌ ဝေ့ဝူယင်၏ စိတ်ထဲတွင် မှတ်ဉာဏ်တစ်ခုက ပြန်လည် ပေါ်လာခဲ့၏။ မကြာခင်မှာပင် သူ့နှုတ်ခမ်းထက်၌ အပြုံးတစ်ခုက ဖြည်းညင်းစွာ ပေါ်လာခဲ့လေသည်။
သွေး၊ သေခြင်းတရားနှင့် နာကျင်မှုတို့ အငွေ့အသက်တို့ ပျံ့နှံ့နေသည့် အကျဥ်းထောင် တစ်ခုအတွင်း ရောက်ရှိ နေသည့်တိုင် လူသား တစ်ယောက်နှင့် သားရဲတစ်ကောင်မှာ သက်တောင့်သက်သာပင် အနားယူ နေကြပေသည်။
လွန်ခဲ့သည့် ဆယ်ရက်လုံးလုံး သူတို့ နှစ်ယောက်မှာ အေးစက် မှောင်မိုက်နေသည့် အမှောင်ဟင်းလင်းပြင်ထဲတွင် အဆက်မပြတ် ခရီးနှင်နေခဲ့ရလေရာ နှိုင်းယှဥ်ရပါက ဤအကျဥ်းထောင်က သုခဘုံ သဖွယ် ဖြစ်ပေသည်။
....
ဝမ်... ဝမ်...
ဟင်းလင်းပြင် သင်္ဘော၏ မောင်းနှင်ခြင်း ဝင်္ကပါ လည်ပတ်သံများမှာ အမှောင် ဟင်းလင်းပြင်ထဲတွင် ပြည့်နှက် နေ၏။ လေဟာနယ်ထဲတွင် လေမော်လီကျူးများ မရှိခြင်းကြောင့် အသံ ထုတ်လွှတ်မှု မရှိသော်လည်း... အသံလှိုင်းများက တည်ငြိမ်နေသည့် အမှောင် ဟင်းလင်းပြင်ကို တုန်ခါစေကာ ထိုအသံကို ဖြစ်ပေါ်စေခြင်း ဖြစ်သည်။
အသံထွက်ပေါ်လာသည့် ရင်းမြစ်ကား မီးခိုးရောင် လိုင်းများနှင့် နှင်းဆီခြောက်ရောင် နောက်ခံ ပါရှိသည့် အလယ်အလတ်စား အရွယ် ဟင်းလင်းပြင် သင်္ဘောတစ်စင်းမှပင် ဖြစ်လေသည်။ ၎င်းက ဘေးတစ်ဖက် တစ်ချက်တွင် အမြောက်ကဲ့သို့ လက်နက်များကို သယ်ဆောင်ထားကာ အမှောင် ဟင်းလင်းပြင် တစ်လျှောက် ဖြတ်သန်း ရွက်လွှင့် လာနေခဲ့၏။
သင်္ဘော၏ ဦးစွန်းနှင့် လှေရှေ့ပိုင်း၏ တစ်ဖက် တစ်ချက်တွင် နောက်ထပ် အမြောက်သုံးစင်း ရှိကာ ကုန်းပတ် ပေါ်ရှိ အမြောက်မှာ အခြား အမြောက်များထက် သုံးဆမျှ ပိုမို ကြီးမားသည်။ ၎င်းက အလွန်ပင် ရှည်လျား လှကာ အေးစက်သည့် အငွေ့အသက်များ ဖြာထွက်နေ၏။
သင်္ဘောကို လေထုအလွှာ တစ်ခုက ဝန်းရံ၍ အလင်း ထုတ်လွှင့်မှုကို တားဆီးထားကာ ကုန်းပတ်ပေါ်တွင်တော့ သင်္ဘောသားများ သွားလာ လှုပ်ရှားနေကြ၏။ သူတို့က လည်ပတ်နေသည့် ဝင်္ကပါများကို စစ်ဆေး နေကြကာ လိုအပ်သည့် နေရာတွင် ကြယ်တာရာ ကျောက်တုံးများကို ဖြည့်စွက်နေကြသည်။
သင်္ဘာ၏ ဘေးဘက်စောင်းများတွင်တော့ သင်္ဘောသား ဆယ့်ခြောက်ယောက်မှာ အကွာအဝေး ညီညာစွာ နေရာယူထားကြကာ ဝိညာဥ်အလင်း မျက်နှာပြင်များကို လေ့လာနေကြသည်။ သူတို့က ထိုအလင်း မျက်နှာပြင်များမှ တစ်ဆင့် ပတ်ဝန်းကျင်အား စစ်ဆေးက အချိန်နှင့် တမျှ တိကျသေချာသည့် အချက်အလက်များကို ပေးပို့နေကြ၏။
ထိုသင်္ဘောသား တစ်ယောက်ချင်းစီမှာ အနည်းဆုံး ကြယ်တာရာ အမြုတေ အဆင့်ငါး အလင်းပြန်ခြင်း အဆင့်၌ ရှိနေကြ၏။ သင်္ဘာထက်၌ အစွမ်း အထက်ဆုံး ပုဂ္ဂိုလ်ကတော့ အစိမ်းရင့်ရောင် ဆံပင်များကို ပိုင်ဆိုင်ထားသည့် မုတ်ဆိတ်မွေး ပရပျစ်နှင့် လူကြီး တစ်ဦး ဖြစ်သည်။ သူက ဝိညာဥ်အလင်းများ ထုတ်လွှင့်နေသည့် ထိန်းချုပ်ကွင်းကို ကိုင်ကာ သင်္ဘောအား မောင်းနှင်နေပေသည်။
လူကြီး၏ အော်ရာက မခန့်မှန်း နိုင်လောက်အောင် ပြင်းထန်လှကာ သေမျိုး တာအိုမှ ခွဲထွက်သည့် အငွေ့အသက်များပင် ထွက်ပေါ်နေသည်။ သို့သော်လည်း... သူ့မျက်လုံး ထောင့်စွန်းနှင့် နှုတ်ခမ်းပါးနား တစ်ဝိုက်ရှိ အရေတွန့်များကတော့ သက်တမ်း ကုန်ခါနီးကို ချည်းကပ်နေပြီ ဖြစ်ကြောင်း ဖော်ပြနေသည်။ သူက အဆင့်တက်ခြင်းကို ကျဆုံးထားသည့် လျှို့ဝှက် အာဏာရှင် အဆင့်တစ် တစ်ဖြစ်လည်း လျှို့ဝှက် ကြယ်တာရာ အဆင့်ပင် ဖြစ်လေသည်။
သေမျိုးကြယ်တာရာ အဆင့် ထိပ်သီး ကျင့်ကြံသူ တစ်ဦးကိုပင် မာလိန်မှူး အဖြစ် ခန့်အပ်ထားခြင်းကို ကြည့်ပါက ထိုသင်္ဘော၏ ဇစ်မြစ်က မသေးလှကြောင်း သိသာနိုင်လိမ့်မည် ဖြစ်သည်။ ထိုကျင့်ကြံခြင်း အဆင့်မှာ အဆုံးမဲ့ ကောင်းကင်တွင် ဆိုလျှင် ရွှေအဆင့် အင်အားစု တစ်ခု တည်ထောင်နိုင်သည့် ဖြစ်တည်မှုမျိုး ဖြစ်သည်။
သင်္ဘော၏ အတွင်းပိုင်း၊ အောက်ဆုံး အထပ်တွင်တော့ အကျဥ်းထောင် အဖြစ် သတ်မှတ်ထားသည့် မြေအောက်ခန်း တစ်ခု ရှိ၏။ ထိုအကျဥ်းထောင်ကို ကြယ်တာရာ အဆင့် သတ္တုများဖြင့် တည်ဆေက်ထားကာ လေဝင်ပေါက် အနည်းငယ်သာ ရှိ၏။ ထိုလေဝင်ပေါက်များမှာလည်း တင်းကြပ်စွာပင် ချိပ်ပိတ် ခံထားရကာ ကလေးငယ် တစ်ယောက်၏ လက်ပင် ထွက်ဖို့ ခက်ခဲလိမ့်မည် ဖြစ်သည်။
အကျဥ်းခန်းကို လေးထောင့် သဏ္ဌာန် အချုပ်ခန်းများ အဖြစ် ထပ်မံခွဲခြားထားကာ ထိုအထဲမှ တစ်ခုတွင်တော့ ခြေလက်များကို သံကြိုးများဖြင့် ချည်နှောင်ခံထားရသည့် လူငယ်လေး တစ်ယောက် ရှိ၏။
သူ၏ နံဘေး မလှမ်းမကမ်းတွင်တော့ သတ္တုကွင်း တစ်ခုဖြင့် နှုတ်သီးကို ချည်နှောင်ခံထားရသည့် သားရဲ တစ်ကောင် လဲကျနေ၏။ ၎င်း၏ ရှည်လျားသော ခြေထောက်များနှင့် အတောင်ပံများမှာလည်း သံကြိုးများဖြင့် အထပ်ထပ် ရစ်ပတ် ခံထားရကာ မံမီရုပ်အလောင်း တစ်ခု နီးပါးပင် ထင်မှတ်မှားရ၏။ ရံဖန်ရံခါ၌ သံကြိုးများ၏ အချင်းချင်းထိခတ်သံမှာ သူတို့ နှစ်ယောက်၏ ခပ်တိုးတိုး အသက်ရှူသံများနှင့် လိုက်ဖက်ညီစွာပင် လေထုထဲသို့ ပဲ့တင်ထပ်ကာ ပျံ့လွင့်နေသည်။
ဝေ့ဝူယင်မှာ ထောင့်တစ်နေရာတွင် တည်ငြိမ်စွာပင် ထိုင်နေခဲ့၏။ ဆံပင်များမှာ ရှုပ်ထွေး၍ အဝတ်များက ညစ်ပတ်ပေရေ နေသည့်တိုင် သူ၏ နှုတ်ခမ်းထက်တွင်တော့ ထူးဆန်းသည့် အပြုံးတစ်ခုမှာ မသိမသာပင် ပေါ်လွင်နေ၏။ ပိုင်လင်မှာ မျက်လုံးများကို မှိတ်ကာ ငြိမ်သက်စွာပင် အနားယူနေသည်။ ဖမ်းဆီး ချိပ်ပိတ် ခံထားရသည့်တိုင် သူတို့ နှစ်ယောက်ကတော့ ထိုအရာကို အပန်းဖြေ ခရီး တစ်ခုလို သဘောထား ပျော်ရွှင် နေကြပေသည်။
အမှောင်ဓားခန်းမ၏ ဖမ်းဆီး ခံရပြီးနောက်တွင် ဤဟင်းလင်းပြင် သင်္ဘော ရောက်မလာခင် အချိန် အထိ သူတို့ နှစ်ယောက်မှာ မြေအောက် အကျဥ်းထောင်ထဲတွင် ဆယ်ရက်ခန့် ပိတ်မိနေခဲ့သည်။ ထို့နောက် အစောင့်များက ည၏ အကာအကွယ်နှင့် အတူ သူတို့ အပါအဝင် အကျဥ်းသားများကို ထုတ်ယူကာ သင်္ဘောထက်၌ နေရာချ၍ အခြား တစ်နေရာသို့ ရွှေ့ပြောင်းလာခဲ့ခြင်း ဖြစ်သည်။
ထို့နောက်... ဟင်းလင်းပြင် သင်္ဘောမှာ မတူကွဲပြားသည့် ဂြိုဟ်များတွင် ရပ်တန့်လိုက် ခရီးထွက်လိုက်နှင့် ရက်ပေါင်း နှစ်ဆယ်ကျော်ပင် ကြာမြင့်လာခဲ့ပြီ ဖြစ်သည်။ ဝေ့ဝူယင်တို့ကတော့ အကျဥ်းခန်းများထဲတွင် ဘာမှန်း မသိရသေးသည့် ရည်ရွယ်ချက်များနှင့် ဆက်လက် ပိတ်မိနေဆဲ ဖြစ်ပေသည်။ မေးခွန်းထုတ်ရန် ကြိုးစားသည့် အကျဥ်းသားများမှာလည်း အစောင့်များ၏ ကျောစုတ်သည် အထိ ရိုက်နှက်ခြင်းကို ခံခဲ့ရသည်။
သို့သော်လည်း... စိတ်ဝင်စားစရာ ကောင်းသည့် အချက်တစ်ချက်က အကျဥ်းသား အားလုံးမှာ ယောက်ျားသားများ ဖြစ်နေကြခြင်း ဖြစ်သည်။ ထို့အပြင် ကောင်းကင်ဘုံ နတ်မျက်လုံးများဖြင့် ဝေ့ဝူယင်မှာ အကျဥ်းသားများ အကြား၌ တူညီသည့် အချက်တစ်ချက်ကို တွေ့မြင်ခဲ့သည်။ ၎င်းက သူတို့ အားလုံးမှာ ကျင့်ကြံခြင်း အခြေခံနှင့် ယှဥ်လျှင် အဆများစွာ အားကောင်းသည့် ယန်အော်ရာများကို ပိုင်ဆိုင် ထားကြခြင်း ဖြစ်သည်။
ထို့အပြင်... သူတို့အားလုံးထဲမှ အချို့အဝက်သာလျှင် ကြယ်တာရာ အမြုတေ အဆင့် ကျင့်ကြံသူများ ဖြစ်ကြကာ အများစုမှာ ချီပျစ်ခဲခြင်း အဆင့်မြင့် ကျင့်ကြံသူများ ဖြစ်နေကြဆဲ ဖြစ်သည်။
"အခြားလူတွေနဲ့ တွေ့ဖို့ ကျွန်တော် မစောင့်နိုင်တော့ဘူး...”
ပိုင်လင်က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။ ဝေ့ဝူယင်က ခပ်တိုးတိုး ရယ်မောလိုက်သည်။
“သူတို့လည်း မင်းနဲ့ တွေ့ဖို့ မစောင့်နိုင်လောက်တော့ဘူး”
ပိုင်လင်မှာ ဝေ့ဝူယင် အနန္တ ဧကရာဇ်ဂိုဏ်းသို့ ဝင်ရောက်ပြီး မကြာခင်မှာပင် ကိုးနှစ်တာ ဖီးနစ် အသွင်ပြောင်းလဲခြင်း ဖြစ်စဥ်ကို ဖြတ်သန်း နေခဲ့ခြင်း ဖြစ်သည်။ ကိုးနှစ် ပြည့်မြောက်၍ သူ ပြန်လည် ထွက်ပေါ်လာခဲ့ချိန်၌ သုံးလွှာ ကြယ်တာရာ နယ်မြေမှာ ပျက်စီးကာ အခြားလူများမှာလည်း ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။ ထို့နောက် သူနှင့် ဝေ့ဝူယင်တို့မှာ အမှောင် ဟင်းလင်းပြင်ထဲတွင် နှစ်နှစ်ကျော်ကြာ ဆက်နေခဲ့သေးသည်။ ဤနေရာသို့ ရောက်ရှိချိန် အထိ ဆိုလျှင် စုစုပေါင်း ဆယ့်နှစ်နှစ်လောက် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။