ရောက်ရှိခြင်း
Vol. 49 Ch. 684
“ခုချိန် စုမေ့ ဘာတွေ လုပ်နေမယ် မသိဘူး...”
ပိုင်လင်က လွမ်းဆွတ်စွာဖြင့် တွေးလိုက်မိ၏။ ဝေ့ဝူယင် ပြီးလျှင် လောက၌ သူ ဒုတိယမြောက် သံယောဇဥ် အရှိရဆုံးလူက စုမေ့ပင် ဖြစ်သည်။ သူနှင့် ထိုမိန်းကလေးမှာ ဝေ့ဝူယင်ကို တစ်နေ့တည်းတွင် ဆုံတွေ့ခဲ့ခြင်း ဖြစ်သည်။
သူမ အကောင်ပေါက်ငယ် ဘဝတည်းက စုမေ့က သူမကို ကြင်နာစွာ ဆက်ဆံခဲ့သည်။ သူမ ရင့်ကျက်သည် အထိ စောင့်ရှောက်ပေးခဲ့သည်။ နေသွေးနီနီဂိုဏ်းမှ ထွက်ခွာပြီးနောက် ဝေ့ဝူယင်၊ စုမေ့တို့နှင့် အတူ သူမတို့ သုံးယောက်သား လောကအနှံ့ ခြေဆန့်ခဲ့သည့် နေ့ရက်များကို သူမ မှတ်မိနေဆဲ ဖြစ်သည်။
ဟူး... ဟူး...
ပိုင်လင် တစ်ယောက် အတွေးထဲ နစ်မြုနေစဥ်မှာပင် ဟင်းလင်းပြင် သင်္ဘော၏ ဝင်္ကပါများက လည်ပတ်မှု ကျဆင်းလာကာ အရှိန် လျော့ကျသွား၏။ ဝေ့ဝူယင် ကောင်းကင်ဘုံ နတ်မျက်လုံးများကို ဖြန့်ကျက်၍ အပြင်ရှိ မြင်ကွင်းကို လှမ်းကြည့်လိုက်သည်။ သူ မြင်လိုက်ရသည်က ဟာလာဟင်းလင်းပြင်သာ ဖြစ်ပေသည်။ သို့သော်လည်း သင်္ဘောမှာ လုံးဝ ရပ်တန့်သွားသည် အထိ အရှိန်ကို တဖြည်းဖြည်း လျှော့ချပစ်လိုက်လေသည်။
ဝေ့ဝူယင်က သံသယ ဖြစ်သွားကာ အဂ္ဂိရတ် ကြယ်တာရာ မျက်လုံးကို အသက်သွင်းလိုက်၏။ မျက်လုံးများကို စုံမှိတ်ကာ ပြန်လည် ဖွင့်လိုက်သော အခိုက်၌ မူလ ငွေရောင် တောက်ပမှုတို့က အနည်းငယ် မှေးမှိန်သွားကာ မတူညီသည့် ရောင်စဥ်များနှင့် ကြယ်ရှစ်လုံးစီ ထွန်းတောက် လာ၏။ ထိုအထဲမှ ကြယ်ခုနစ်လုံးမှာ ထုတ်ယူခြင်း၊ ကြီးထွားခြင်း၊ ချုပ်ကိုင်ခြင်း၊ သန့်စင်ခြင်း၊ ဖန်တီးခြင်း၊ အသွင်ပြောင်းခြင်းနှင့် ပေါင်းစပ်ခြင်း ဆိုသည့် အဂ္ဂိရတ်၏ ကဏ္ဍ ခုနစ်ခုကို ရည်ညွှန်းနေပေသည်။
သို့သော်လည်း... ယခင်ကနှင့် ကွာခြားသွားသည်က ထိုကြယ်ခုနစ်လုံးမှာ ပျံကျ အနေအထားများဖြင့် မဟုတ်တော့ပဲ အခြား ကြယ်တစ်လုံးကို ဝန်းရံကာ တည်ရှိနေကြခြင်း ဖြစ်သည်။ ထိုကြယ်အသစ်၏ အရောင်က အလွန်ပင် ဆန်းသစ်လှကာ သေမျိုးတို့၏ စကားလုံးများဖြင့် ဖော်ပြရန် ခက်ခဲလှပေသည်။ လက်ရှိ ဝေ့ဝူယင် ပင်လျှင် ထိုအရာကို မဆန်းစစ်တတ်ချေ။
သာလွန်ခြင်း အရည်အသွေး ရှိသည့် ထာဝရ ခြေချခြင်း ဆေးလုံးကို ဖော်စပ် အောင်မြင်ပြီးနောက်တွင် ဝေ့ဝူယင် ထိုကြယ်ကို လက်ခံ ရရှိခဲ့ခြင်း ဖြစ်သည်။ ကိုယ်ပိုင် လေ့လာဆန်းစစ်မှုများ အရ ထိုဆဋ္ဌမမြောက် ကြယ်တာရာမှာ အဂ္ဂိရတ် ရည်ရွယ်ချက် အဆင့် တိုးမြင့်သွားခြင်း၏ လက္ခဏာ တစ်ရပ် ဖြစ်လိမ့်မည်ဟု ဝေ့ဝူယင် ခန့်မှန်းမိသည်။
အကယ်၍ သေမျိုး အဂ္ဂိရတ် ကြယ်တာရာကို ရည်ရွယ်ချက် မျိုးစေ့ တစ်ခု အဖြစ် သတ်မှတ်လျှင် ထိုသာလွန်ခြင်း အဆင့် အဂ္ဂိရတ် ကြယ်တာရာက အစစ်အမှန် ရွယ်ချက် တစ်ခု ဖြစ်ပေလိမ့်မည်။ ထိုသီအိုရီအတိုင်း ဆက်သွားမည် ဆိုလျှင် တတိယမြောက် အသွင်ပြောင်းခြင်း ဖြစ်သည့် လောကနှလုံးသား ရည်ရွယ်ချက်လို ပုံစံ တစ်မျိုးလည်း ရှိပေလိမ့်မည်။
သို့သော်လည်း... အဂ္ဂိရတ် တာအိုမှာ သာမန် ကျင့်ကြံခြင်း လမ်းစဥ် တိုးတက်မှုများနှင့် မတူညီကြောင်း သူ သိရှိပြီး ဖြစ်သည်။ ဘယ်လိုပဲ ဖြစ်ဖြစ်... ထိုအရာက သူ ရှာဖွေရမည့် နောက်ထပ် ပဟေဠိ တစ်ခု ဖြစ်ပေသည်။
အဋ္ဌမမြောက် အဂ္ဂိရတ် ကြယ်တာရာကို ရရှိပြီးနောက်တွင် အဂ္ဂိရတ် ဝိညာဥ် အကြွင်းအကျန်များ အပေါ် သူ၏ မြင်နိုင်စွမ်းမှာ ဆယ်ဆ အထိ တိုးလာခဲ့သည်။ ၎င်း၏ အခြား အသုံးဝင်မှုများကိုတော့ သူ မရှာဖွေ နိုင်သေးသော်လည်း သေချာပေါက် ရှိလိမ့်မည်ဟုတော့ ယုံကြည်မိပေသည်။ မည်သို့ပင် ဆိုစေ... လောကရှန့်ထို ကျင့်ကြံခြင်း အဆင့်ကို ရောက်ရှိခဲ့ဖူးသည့် ဝမ်ယုထျန်းက ပင်လျှင် သေမျိုး အဂ္ဂိရတ် အာဏာရှင်များကို ကြောက်မက်ဖွယ်ရာ တည်ရှိမှုများ အဖြစ် ညွှန်းဆိုခဲ့သည် မဟုတ်ပါလား။
သင်္ဘော၏ နံရံများကို ဖြတ်သန်းပြီးနောက်တွင် ဝေ့ဝူယင်မှာ မရေမတွက်နိုင်သည့် အဂ္ဂိရတ် ဝိညာဥ် အကြွင်းအကျန်များကို တွေ့မြင်လိုက်ရသည်။ ကြည့်ရသည်က ထိုနေရာ၌ အဆောက်အအုံ တစ်ခု ရှိနေပုံ ရကာ ၎င်းကို ကောင်းကင်ဘုံ နတ်မျက်လုံးများပင် ဖြတ်သန်းနိုင်စွမ်း မရှိသည့် လျှို့ဝှက်အဆင့် အစီအရင်များဖြင့် ဖုံးကွယ်ထားပုံ ရသည်။
ဝေ့ဝူယင်၏ မျက်လုံးများမှာ တောက်ပသွား၏။
“ငါတို့ ရောက်ပြီ...”
ပိုင်လင်၏ မျက်လုံးများမှာ ပွင့်ဟလာ၏။ ရွှေသွေးရောင် အလင်းတန်းက ဖျပ်ခနဲ တောက်ပသွားသည်။
“အချိန်ကျပြီလား...”
ပိုင်လင်၏ ခန္ဓာကိုယ်က စိတ်လှုပ်ရှားမှုဖြင့် အနည်းငယ် လှုပ်ခါလာ၏။ အကျိုးဆက် အနေဖြင့် သူမ၏ ခန္ဓာကိုယ်ကို ရစ်ပတ်ထားသည့် သံကြိုးများမှာ တင်းမာလာကာ ပြတ်ထွက်လုနီးပါး တကျီကျီ အသံများ မြည်လာခဲ့သည်။
ဝေ့ဝူယင်က ဖျော့တော့စွာ ပြုံးလိုက်၏။
“မကျသေးဘူး...”
စိတ်ပျက်လက်ပျက် အလင်းတန်း တစ်ချို့မှာ ပိုင်လင်၏ မျက်လုံးများ အတွင်း ပေါ်လာခဲ့၏။ သူမက သက်ပြင်း တစ်ချက် ရှိုက်ကာ ပြန်ငြိမ်ကျသွားသည်။ စိတ်ရှည်ရမည်။ စိတ်ရှည်ရမည်။ ကိစ္စကြီး ပြုလုပ်ရန် အတွက် သူမ စိတ်ရှည်မှ ဖြစ်ပေလိမ့်မည်။
ဖျပ်... ဖျပ်... ဖျပ်...
မကြာခင်မှာပင် ကြမ်းပြင်ထက်၌ ခြေသံများ ထွက်ပေါ်လာ၏။ ထိုခြေသံက ဝေ့ဝူယင်တို့ လှောင်အိမ် အပြင်ဘက်တွင် ရပ်သွားခဲ့သည်။
“သူက မင်းကို ချစ်မှာပါ”
ရက်စက် ကြမ်းကြုတ်ကာ လှောင်ပြောင်မှုများ ပြည့်နှက်နေသည့် အသံတစ်ခု ထွက်ပေါ်လာ၏။ ဝေ့ဝူယင်၏ ငွေရောင် မျက်လုံးများက ပုံမှန် ပြန်ဖြစ်သွားကာ မော့ကြည့်လိုက်သည်။ ညစ်ပတ်ပေရေနေသည့် အဝတ်အစားများနှင့် ရှုပ်ပွေနေသည့် ဆံပင်များ ကြားမှပင် သူ၏ ရုပ်ရည်က မိန်းကလေးများ အတွက် အသက်ရှူ မှားလောက်အောင် ချောမောနေဆဲ ဖြစ်ပေသည်။
ထိုအခိုက်တွင်ပင် ရက်စက် ကြမ်းကြုတ်သည့်အသံက နောက်တစ်ကြိမ် ထပ်မံ ထွက်ပေါ်လာ၏။
“အိုး... သူက မင်းကို ချစ်မှာ သေချာတယ်”
...
“သွားစမ်း... မြန်မြန်...”
ဒေါသတကြီး အသံတစ်ခု ထွက်ပေါ်လာ ဖြည်းညင်းစွာ လမ်းလျှောက်နေသည့် ဝေ့ဝူယင်ကို လက်တစ်ဖက်က ဆောင့်တွန်းလိုက်၏။
ဝေ့ဝူယင်၏ ခန္ဓာကိုယ်က ယိမ်းတိမ်းယိုင်တိုင်ဖြင့် ရှေ့သို့ ခပ်မြန်မြန် ရွေ့သွားသည်။ ထိုအခိုက်၌ သူ၏ လက်နှစ်ဖက်နှင့် ခြေထောက် နှစ်ဖက်လုံးမှာ အနက်ရောင် ကွင်းများ၏ ချုပ်နှောင်မှု အောက်၌ ရှိနေခဲ့၏။ အကယ်၍ ဝိညာဥ်အာရုံဖြင့် စစ်ဆေးမည် ဆိုပါက ထိုကွင်းများထဲတွင် တားမြစ်ခြင်း အစီအရင် တစ်ခု ပါရှိနေသည်ကို တွေ့မြင်ရလိမ့်မည် ဖြစ်ကာ မကြာခဏ ဆိုသလို ၎င်းတို့၏ အထက်ရှိ သင်္ကေတများက မှိန်ဖျော့ဖျော့ လင်းလက်နေ၏။
အကယ်၍ ဝေ့ဝူယင် နေရာတွင် သာမန် မြေဆွဲအား လွတ်မြောက်ခြင်း အဆင့် တစ်ယောက်သာ ဆိုပါက ထိုတားမြစ်ခြင်း အစီအရင်များ၏ သက်ရောက်မှု အောက်တွင် ကျင့်ကြံခြင်း အခြေခံ တစ်ခုလုံး ကစဥ့်ကလျား ဖြစ်ကာ စိတ်ဝိညာဥ်များပင် ကျဆုံးသွားလိမ့်မည် ဖြစ်သည်။
လမ်းတစ်လျှောက်လုံး၌ နောက်၌ ရန်လိုပုံ ပေါ်သည့် အစောင့်မှာ ဝေ့ဝူယင်၏ ပခုံးများကို အဆက်မပြတ် တွန်းထိုးနေကာ ရှေ့သို့ မြန်မြန် ရွေ့လျားအောင် ပြုလုပ်နေ၏။ တစ်ချိန်တည်း၌ အခြား အစောင့် နှစ်ယောက်က ဝေ့ဝူယင်ကို တစ်ဖက် တစ်ချက်မှ ဝန်းရံထားသည်။ သူတို့နှစ်ယောက်မှာ မျက်နှာများထဲတွင် မီးခိုးရောင် တစ်ပိုင်းကာ မျက်နှာဖုံးများကို တပ်ဆင်ထားကြ၏။
ထိုမျက်နှာဖုံးများ၏ အထက် နဖူး အစပ်နား နေရာလောက်တွင်တော့ ဂိုဏ်းတစ်ဂိုဏ်းကို ကိုယ်စားပြုဟန် ရသည့် သင်္ကေတ တစ်ခု ရှိနေခဲ့၏။ ၎င်းက လက်ကောက်ဝတ်ပါ လက်တစ်ခု၏ ပုံရိပ်ပင် ဖြစ်ကာ ၎င်း၏ လက်ချောင်းများက အလည်ဗဟိုရှိ သွေးရောင် အစက်ကို ဆုပ်ကိုင်ထားဟန် ရသည်။ ရှည်သွယ်သည့် ပုံသဏ္ဌာန်နှင့် လက်သည်းများကို တိတိပပ ညှပ်ထားခြင်းကို ထောက်ချင့်ရပါက ထိုလက် ပိုင်ရှင်က မိန်းမ ဖြစ်နိုင်သည်ဟု ဝေ့ဝူယင် ထူးဆန်းစွာ တွေးလိုက်မိသည်။
ဝေ့ဝူယင်၏ နောက်ရှိ အစောင့်ကတော့ မျက်နှာဖုံး တပ်မထားချေ။ သူက အရပ် ပုကာ အသက်လတ် အရွယ် လူကြီး ဖြစ်သည်။ သူ၏ အနက်ရောင် မုတ်ဆိတ်မွေးများက ကြံ့ခိုင် သန်စွမ်းလှကာ ရင်ဘတ်နားထိ တွဲလောင်းကျနေ၏။ သူ၏ လည်ပင်းထက်တွင်တော့ ထူးဆန်းသည့် စကားလုံးပုံ သင်္ကေတ တစ်မျိုးအား တွဲချည်ထားသည့် ဆွဲကြိုးတစ်ခုကို ဝတ်ဆင်ထားသည်။
သူတို့ လေးယောက်မှာ ဟင်းလင်းပြင် သင်္ဘော၏ ခန်းမများကို ဖြတ်သန်းကာာ ရွေ့လျားနေ၏။ ဝေ့ဝူယင်က မျက်နှာဖုံးများကို ကြည့်ရင်း ဖက်တီးလူငယ်၏ မှတ်ဉာဏ်များကို ပြန်လည် စဥ်းစားလိုက်သည်။ တစ်ချိန်တည်း၌ သူက ခြေလှမ်း မှန်မှန်ဖြင့် ဆက်လက် လျှောက်နေဆဲ ဖြစ်သည်။ လောလောဆယ်၌ သင်္ဘောမှာ နန်းတော် သို့မဟုတ် ရဲတိုက် ကဲ့သို့ အဆောက်အအုံ တစ်ခုနားတွင် ဆိုက်ကပ်ထားခြင်း ဖြစ်သည်။
ဟင်းလင်းပြင် သင်္ဘောထဲမှ လမ်းလျှောက် ထွက်လာပြီး မကြာခင်မှာပင် ကြီးမားသော ဆိပ်ကမ်းကြီး တစ်ခုက သူတို့ကို ဆီးကြိုနေခဲ့၏။ ထိုနေရာ၌ သူတို့ စီးလာခဲ့သည့် သင်္ဘောနှင့် ဒီဇိုင်းချင်း တူညီသည့် အခြား ဟင်းလင်းပြင် သင်္ဘောများလည်း ရှိနေခဲ့ပေသည်။ ထိုသင်္ဘောများ၏ တည်ဆောက်ပုံများက အလွန်ပင် အဆင့်မြင့် လှရာ တည်ဆောက်ရန် အတွက် အလွန် မြင့်မားသည့် ကုန်ကျစရိတ်များ လိုမည်မှာ ကျိန်းသေပင် ဖြစ်သည်။
ဝေ့ဝူယင် ပထမဆုံး မြင်လိုက်ရသည်က ဆိပ်ကမ်းနှင့် အဆောက်အဦ၏ နေရာ အနှံ့အပြား၌ လမ်းလျှောက်ကာ တာဝန် ထမ်းဆောင်နေကြသည့် ယောက်ျားနှင့် မိန်းမများပင် ဖြစ်သည်။
“အားယိုး... ဒီသားရဲက အတော်လေးတဲ့ကောင်...”
မကြာခင်မှာပင် အော်ဟစ်သံများနှင့် အတူ အခြား အစောင့် တစ်အုပ်မှာ ပိုင်လင်ကို လှည်းတစ်ခုပေါ် တင်ကာ တွန်း၍ ထွက်လာကြ၏။ မတော်တမှုကြောင့် ပျက်စီးလုနီးပါး ဖြစ်နေသည့် သံကြိုးများ နေရာတွင် သူတို့ အခြား အချုပ်အနှောင်များဖြင့် အစားထိုးပြီး ဖြစ်သည်။
လှည်း၏ ပတ်လည်တွင်တော့ ဝါးလုံးကဲ့သို့ လျှပ်စီးတန်းများ ထုတ်လွှတ်နေသည့် လက်နက်များကို ကိုင်ဆောင်ထားသည့် အစောင့် ခုနစ်ယောက် လိုက်ပါလာသည်။ သူတို့ အားလုံးမှာ သာမန် မြေဆွဲအား လွတ်မြောက်ခြင်း အဆင့်များသာ ဖြစ်ကြကာ ပိုင်လင်၏ ခန္ဓာကိုယ်ကို လှည်းပေါ် တင်ဖို့ ပင်လျှင် မနည်း ပူးပေါင်း လုပ်ဆောင်နေရသည်။
ပိုင်လင်က “ဘယ်လိုလဲ” ဆိုသည့် ပုံစံဖြင့် ဝေ့ဝူယင်ကို လှမ်းကြည့်လိုက်၏။ ဝေ့ဝူယင်က စိတ်ထဲမှ ပြုံးလိုက်စဥ်တွင်ပင် စိတ်မရှည်သည့် အစောင့်က နောက်တစ်ကြိမ် ထပ်တွန်းလိုက်ပြန်သည်။
“ခွေးကောင်... မင်းမှာ နားမရှိဘူးလား... သွားစမ်း”
ဝေ့ဝူယင်၏ ခန္ဓာကိုယ်က ရှေ့သို့ ယိမ်းထိုးသွားပြန်သည်။ အရပ်ပုပုနှင့် လူက စတင် ခြေမလှမ်းခင် လှည်းဘေးရှိ အစောင့် ခုနစ်ယောက်ဘက်သို့ လှည့်ကာ အမိန့်ပေးလိုက်၏။
“အဲဒီ သားရဲက ရွှေရောင်ဖီးနစ် သစ်သီးကိုစားထားတယ်... သားရဲ ချုပ်နှောင်ခြင်း ခန်းမကို ခေါ်သွားပြီး သူ့ဆီက အမတေ သွေးစက်ကို ထုတ်ယူထားလိုက်”
“ဟုတ်ကဲ့ပါ ဆရာ...”
အစောင့်များက သံပြိုင်ပင် အော်ဟစ်လိုက်ကြ၏။ ထို့နောက် သူတို့က လှည်းမှ ကြိုးများကို ဆွဲယူကာ လေးပင်စွာဖြင့် စတင် ရွေ့လျား လိုက်ကြတော့သည်။