လေ့တုံးဟိုင်ရဲ့ အဆင့်တက်မှု
Vol. 43 Ch. 578
ဟူး……ဟူး……ဟူး……
ဝေါ…ဝေါ……
တဟူးဟူး တိုက်ခတ်နေတဲ့ အနက်ရောင် လေဝဲတစ်ခု အရှေ့မှာတော့ လူငယ်လေးယောက် ရှိနေကြပါတယ်။အဲသည်လူငယ် လေးယောက်ကတော့ လီဖူချန်းတို့ လေးယောက်ပါပဲ။
" ညီလေးလီ …… ဖြစ်ပါ့မလား "
" ဖြစ်ပါတယ် …… အစ်ကိုလေ့ရာ။ ဒါက ထွက်ပေါက် သေချာပါတယ် "
" ညီလေးလီက သေချာနေမှတော့ ဝင်ကြတာပေါ့ "
စကားသံတွေ အဆုံးမှာတော့ လူငယ်လေးယောက်ဟာ အနက်ရောင် လေဝဲကြီးထဲကို မတုံ့မဆိုင်းဘဲ ဝင်သွားခဲ့ကြပါပြီ။
ဝှီး……ဝှီး…ဝှီး……
ဟူး…ဟူး……
အရာအားလုံး ချာချာလည်နေတဲ့ ကမ္ဘာကြီး တစ်ခုကို ကျော်ဖြတ်ပြီးတဲ့ အခါမှာတော့ သူတို့လေးယောက်ဟာ လေနီကြမ်းတွေ တဟူးဟူး ထနေတဲ့ နေရာတစ်ခုကို ရောက်ရှိလာခဲ့ကြပါတယ်။
သည်နေရာမှာက အလွန်အမင်း မှောင်မည်းနေပြီး ကိုယ့်လက်ကိုတောင် သဲသဲကွဲကွဲ မမြင်ရပါဘူး။ ပြီးတော့ တိုက်ခတ်နေတဲ့ လေနီကြမ်းတွေ ထဲမှာလည်း မကောင်းတဲ့ အငွေ့အသက်တွေ ပါဝင်နေပါသေးတယ်။
" အာ့……သတိထားကြဟေ့။ သည်လေပြင်းတွေက ရိုးရိုးသာမန် မဟုတ်ဘူး "
သည်နေရာမှာ တိုက်ခတ်နေတဲ့ လေနီကြမ်းတွေက မရေမတွက်နိုင်တဲ့ ဓားသွားတွေလိုပါပဲ။ သည်တိုက်ခတ်နေတဲ့ လေပြင်းတွေကြောင့် ယွန်လုံကလွဲပြီး ကျန်တဲ့သူတွေရဲ့ ခန္ဓာကိုယ်ပေါ်မှာ ပြတ်ရှရာတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။ လီဖူချန်းတောင်မှ ခြွင်းချက် မရှိခဲ့ပါဘူး။
သူတို့လေးယောက် ထဲမှာမှ လေ့တုံးဟိုင် နဲ့ ကုချူးယီတို့က အခြေအနေ အဆိုးဆုံးလို့ ဆိုရပါမယ်။ သူတို့နှစ်ယောက်စလုံးက လေနီကြမ်းကို သတိလက်လွှတ် နေလိုက်မိတဲ့အတွက် အရိုးတောင်ပေါ်တဲ့ ပြတ်ရှရာ တချို့ကို ရလိုက်ကြပါတယ်။
" ချီအတွင်းအားဆန္ဒတွေ ထုတ်သုံးကြဟေ့ "
ယွန်လုံကလွဲပြီး ကျန်တဲ့ သုံးယောက်ဟာ တခြား ရွေးချယ်စရာလမ်း မရှိတော့ပါဘူး။ အဲသည်အတွက် သူတို့သုံးယောက်ဟာ သူတို့ရဲ့ ချီအတွင်းအား ဆန္ဒတွေကို ထုတ်သုံးပြီး ကာကွယ်လိုက်ကြရပါတယ်။
" သေစမ်း ။ ကျွန်တော်တို့ အရိပ်အသူရာချောက်ရဲ့ ပိုနက်ရှိုင်းတဲ့ အလွှာတစ်ခုကို ရောက်လာတာပဲ။ ဟူး…… "
လီဖူချန်းက သက်ပြင်းရှည်ကြီး တစ်ချက်ကို ချလိုက်ပြီး ခပ်တိုးတိုး ညည်းတွားလိုက်ပါတယ်။ သူ့ရဲ့ မျက်နှာကလည်း သိပ်မကောင်းတော့ပါဘူး။ သူက သည်အလွှာထဲကို ဝင်ဖို့အတွက် အားလုံးကို လှုံ့ဆော်ခဲ့တာ မဟုတ်ပါလား။
အရိပ်အသူရာချောက်ရဲ့ အပေါ်ပိုင်း အလွှာတွေက မူလပင်လယ်နယ်ပယ် ဘုရင်တွေကို ကန့်သတ်ထားတယ် ဆိုပေမယ့် ပတ်ဝန်းကျင် အခြေအနေက သည်လောက် မဆိုးပါဘူး။ဒါပေမဲ့ အရိပ်အသူရာချောက်ရဲ့ အောက်ပိုင်း အလွှာတွေကတော့ တိုက်ပွဲဝိညာဉ်နယ်ပယ် ဆရာသခင်တွေအတွက် တကယ့်ငရဲပါပဲ။
တခြားကြုံတွေ့ရမယ့် အရာတွေကို အသာထားပါဦး။ အခု တိုက်ခတ်နေတဲ့ လေနီကြမ်းတွေကတောင် တိုက်ပွဲဝိညာဉ်နယ်ပယ် ဆရာသခင်တွေကို ချီအတွင်းအား တော်တော်လေး ကုန်ခမ်းစေပါတယ်။တိုက်ပွဲဝိညာဉ်နယ်ပယ် ဆရာသခင်တွေအတွက်ကတော့ သည်အလွှာမှာ အချိန်ကြာကြာ နေဖို့ဆိုတာဟာ ဘယ်လိုမှကို မဖြစ်နိုင်တဲ့ အရာပါပဲ။
" ငါတို့ကတော့ တကယ်ကို ကံဆိုးတာပဲဟေ့။ အခုဆက်ပြီးတော့ ဘာလုပ်ကြမလဲ "
လေ့တုံးဟိုင်က လီဖူချန်းကို လှည့်ကြည့်နေရုံကလွဲပြီး ဘာမှ မတတ်နိုင်တော့ပါဘူး။
" ညီလေးလီ …… ကြံစမ်းပါဦး "
ယွန်လုံ နဲ့ ကုချူးယီတို့ကလည်း လီဖူချန်းကိုပဲ စိုက်ကြည့်နေကြပါတယ်။
လီဖူချန်းဟာ သူတို့ကိုယ်တိုင်တောင် သတိမထားလိုက်မိဘဲနဲ့ သူတို့ရဲ့ ခေါင်းဆောင် ဖြစ်မှန်းမသိ ဖြစ်နေခဲ့ပါပြီ။
လီဖူချန်းက ခေတ္တခဏ စဉ်းစားခန်း ဝင်လိုက်ပြီး အတန်ကြာမှ လေ့တုံးဟိုင်ကို မေးလိုက်ပါတယ်။
" အစ်ကိုလေ့……တကယ်လို့ အစ်ကို့အနေနဲ့ အခု အဆင့်တက်ရမယ်ဆိုရင် အောင်မြင်ဖို့ ဘယ်လောက် ရာခိုင်နှုန်း ရှိလဲ "
လေ့တုံးဟိုင်က တွေဝေနေခြင်း မရှိဘဲ
" ၇၀ ရာခိုင်နှုန်းနဲ့ ၈၀ ရာခိုင်နှုန်းကြားပဲ။ အစ်ကိုက အဆင့်မြင့် ဝိညာဉ်ကျောက်တုံးကို တစ်ခါမှ အသုံးမပြုဖူးသေးတော့ တိတိကျကျ မပြောနိုင်ဘူး။ တကယ့်လက်တွေ့မှာ အဲသည်ရာခိုင်နှုန်းက ပိုပြီး များလာနိုင်သလို ပိုပြီးတော့လည်း နည်းသွားနိုင်တယ် "
လီဖူချန်းက ခေါင်းညိတ်လိုက်ပြီး
" သည်နေရာက အတော်လေး လုံခြုံ စိတ်ချရသေးတယ်။ ကျွန်တော်တို့ အားလုံး သည်နေရာမှာ ခဏ စတည်းချပြီး အရင် ကျင့်ကြံကြရအောင်။ ပြီးမှ ဘာဆက်လုပ်မလဲ ထပ်စဉ်းစားကြတာပေါ့ "
" ရတယ်လေ။ ညီလေးလီ ပြောတဲ့အတိုင်းပဲ အရင် ကျင့်ကြံကြတာပေါ့ "
လေ့တုံးဟိုင်က လီဖူချန်းရဲ့ အကြံဉာဏ်ကို မငြင်းပါဘူူး။
သူက တကယ်လည်း သူ့ရဲ့ အစွမ်းဟာ အတော် အားနည်းနေတယ်လို့ ခံစားနေရပါတယ်။ အရိပ်အသူရာချောက်ရဲ့ အောက်ပိုင်းအလွှာတွေကို အသာထားပါဦး။ သူက အရိပ်အသူရာချောက်ရဲ့ အထက်ပိုင်း အလွှာတွေမှာတောင်မှ သူ့ကိုယ်သူ မကာကွယ်နိုင်ပါဘူး။
တကယ်လို့သာ သူ့အနေနဲ့ မူလပင်လယ် နယ်ပယ်ကို ချိုးဖောက်ဝင်ရောက် သွားနိုင်ရင်တော့ အရာရာဟာ ပြောင်းလဲသွားပါလိမ့်မယ်။ သူက သူ့ရဲ့ အသက်အတွက် အာမ"မ"ခံနိုင်ရင်တောင်မှ ပြန်ပြီး တိုက်ခိုက်နိုင်တဲ့ အစွမ်းမျိုးတော့ ရလာမှာ အသေအချာပါပဲ။
သည်လိုနဲ့ပဲ သူတို့လေးယောက်ဟာ ဆိတ်ငြိမ်ပြီး ဘေးကင်းတဲ့ နေရာတွေကို ကိုယ်စီကိုယ်ငှ ရှာဖွေလိုက်ကြပြီး ကျင့်ကြံမှုကို စတင်ပါတော့တယ်။
" အင်း……အရင်ဆုံး ငါ့ရဲ့ ကျင့်ကြံမှုကို တိုက်ပွဲဝိညာဉ်နယ်ပယ် အဆင့်၆ကို ရောက်အောင် လုပ်မှပဲ "
တိုက်ပွဲဝိညာဉ် နယ်ပယ် အဆင့်၅ကို ရောက်ခဲ့တာ ရက်အတော်လေး ကြာသွားပြီ ဖြစ်တဲ့အတွက် လီဖူချန်းရဲ့ ကျင့်ကြံမှုဟာ အခြေကျနေခဲ့ပါပြီ။ အခုအချိန်က သူ့အနေနဲ့ စိတ်ဝိညာဉ် အခြေတည် ဆေးရည်ကို အသုံးပြုပြီး အဆင့်တက်ဖို့ အသင့်လျော်ဆုံး အချိန်ပါပဲ။
သက်တံနီ နတ်ဘုရားမီးတောက် ကျင့်စဉ်ကို ကိုးခေါက်တိတိ အစကနေအဆုံးအထိ လေ့ကျင့်ပြီးတဲ့ နောက်မှာတော့ လီဖူချန်းဟာ စိတ်ဝိညာဉ် အခြေတည် ဆေးရည်ကို တစ်ပုလင်းလုံး မော့သောက် ပစ်လိုက်ပါတော့တယ်။
ဝုန်း……
တကယ်လို့သာ လီဖူချန်းရဲ့ ခန္ဓာကိုယ်ထဲက ချီအတွင်းအားတွေက မီးပုံကြီး တစ်ခုဆိုရင် စိတ်ဝိညာဉ် အခြေတည် ဆေးရည်က အဲသည် မီးပုံပေါ်ကို ပက်ဖြန်းလိုက်တဲ့ လောင်စာဆီပါပဲ။
တိုက်ပွဲဝိညာဉ်နယ်ပယ် အဆင့်၅ အလယ်အလတ် အဆင့်…… နောက်ပိုင်း အဆင့် …… အထွတ်အထိပ် အဆင့်……
လီဖူချန်းရဲ့ ကျင့်ကြံမှုဟာ တစ်နာရီ အတွင်းမှာပဲ တစ်စထက်တစ်စ မြှင့်တက်လာပြီး တိုက်ပွဲဝိညာဉ်နယ်ပယ် အဆင့်၅ ကနဦး အစောပိုင်း အဆင့်ကနေ အထွတ်အထိပ် အဆင့်ကို ရောက်သွားခဲ့ပါပြီ။
ဒါပေမဲ့ စိတ်ဝိညာဉ် အခြေတည် ဆေးရည်ရဲ့ အစွမ်းကတော့ တစ်ဝက်လောက်သာ အသုံးပြုရပါသေးတယ်။အဲသည်အတွက် ကျန်နေသေးတဲ့ ဆေးရည်အစွမ်း တစ်ဝက်က လီဖူချန်းကို တိုက်ပွဲဝိညာဉ်နယ်ပယ် အဆင့်၆အထိ ရောက်ဖို့ ထောက်ပံ့ပေးနိုင်မှာ အသေအချာပါပဲ။
" အရမ်း နှေးသေးတယ် "
ဒါပေမဲ့လည်း လီဖူချန်းကတော့ သူ့ရဲ့ လက်ရှိ အခြေအနေကို သဘောကျပုံ မရပါဘူး။ သူက အဆင့်မြင့် ဝိညာဉ်ကျောက်တုံး တစ်တုံးကို ထုတ်ယူပြီး အထဲက ဝိညာဉ်ချီတွေကို စတင် စုပ်ယူပါတော့တယ်။
အဆင့်မြင့် ဝိညာဉ်ကျောက်တုံးရဲ့ စွမ်းပကားကတော့ တကယ့်ကို သြချလောက်စရာပါပဲ။ ဝိညာဉ်ကျောက်တုံးထဲမှာ ရှိနေတဲ့ မဟာတာအို ချီအငွေ့အသက်တွေက သူ့ရဲ့ ခန္ဓာကိုယ်ထဲကို ဝင်သွားတာနဲ့ တစ်ပြိုင်နက် လီဖူချန်းဟာ တိုက်ပွဲဝိညာဉ်နယ်ပယ် အဆင့်၆ကို အတားအဆီးမရှိ တက်ရောက်သွားပါတော့တယ်။ အဲသည်လောက်နဲ့တင် အဆင့်မြင့် ဝိညာဉ်ကျောက်တုံးရဲ့ အစွမ်းက ကုန်ခမ်းမသွားသေးပါဘူး။ လီဖူချန်း တစ်ယောက် အဆင့်မြင့် ဝိညာဉ်ကျောက်တုံးကို အသုံးပြုပြီး အချိန်အနည်းငယ် အတွင်းမှာပဲ သူ့ရဲ့ ကျင့်ကြံမှုဟာ တိုက်ပွဲဝိညာဉ်နယ်ပယ် အဆင့်၆ အလယ်အလတ် အဆင့်ကို ရောက်ရှိသွားခဲ့ကာ နှစ်နာရီ အကြာမှာတော့ သူ့ရဲ့ ကျင့်ကြံမှုဟာ တိုက်ပွဲဝိညာဉ်နယ်ပယ် အဆင့်၆ အထွတ်အထိပ်ကို ရောက်ရှိသွားခဲ့ပါတယ်။
ခရက်……
လီဖူချန်းတစ်ယောက် တိုက်ပွဲဝိညာဉ်နယ်ပယ် အဆင့်၆ အထွတ်အထိပ်ကို ရောက်ပြီးတာနဲ့ တစ်ပြိုင်နက် အဆင့်မြင့် ဝိညာဉ်ကျောက်တုံးကလည်း ကွဲကြေသွားခဲ့ပါပြီ။ အဲဒါက ဝိညာဉ်ကျောက်တုံးထဲမှာ ရှိသမျှ ဝိညာဉ်ချီတွေ အကုန်လုံးဟာ စုပ်ယူခံလိုက်ရပြီဆိုတဲ့ အဓိပါ္ပယ်ပါပဲ။
" ဟား…. အဆင့်မြင့် ဝိညာဉ်ကျောက်တုံးက တကယ် အစွမ်းထက်တာပဲ "
လီဖူချန်းက ဝမ်းသာအားရ ရေရွတ်လိုက်ပါတယ်။
တကယ်လို့သာ သူ့အနေနဲ့ အဆင့်မြင့် ဝိညာဉ်ကျောက်တုံးကို အသုံး မပြုခဲ့ဘူးဆိုရင် စိတ်ဝိညာဉ် အခြေတည် ဆေးရည်က သူ့ကို တိုက်ပွဲဝိညာဉ်နယ်ပယ် အဆင့်၆ အလယ်အလတ်အဆင့်ကိုပဲ ရောက်ရှိနိုင်စေပါလိမ့်မယ်။ အဲသည်ထက်တော့ ပိုစရာ အကြောင်း မရှိပါဘူး။
အဆင့်မြင့် ဝိညာဉ်ကျောက်တုံးတွေမှာ ပါရှိတဲ့ ဝိညာဉ်ချီ ပမာဏက အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံးတွေထက် အဆပေါင်းများစွာ ပိုများတဲ့အပြင် သန့်စင်မှု အပိုင်းမှာလည်း အနည်းဆုံး ငါးဆ ကွာပါတယ်။
အဲဒါကြောင့်လည်း လီဖူချန်းရဲ့ ကျင်ကြံမှု အဆင့်က တိုက်ပွဲဝိညာဉ်နယ်ပယ် အဆင့်၆ အထွတ်အထိပ်အထိ ရောက်ရှိသွားခဲ့တာပါ။
အဲသည်နောက်မှာတော့ လီဖူချန်းက မျက်လုံးဖွင့်လိုက်ပြီး လေ့တုံးဟိုင်နဲ့ တခြားသူတွေရဲ့ အခြေအနေကို စနည်းနာကြည့် လိုက်ပါတယ်။
သူတို့သုံးယောက်ကတော့ လီဖူချန်းထက် ပိုများတဲ့ အဆင့်မြင့် ဝိညာဉ်ကျောက်တုံးတွေကို အသုံးပြုပြီး ခဲ့ပါပြီ။ အထူးသဖြင့် မူလပင်လယ် နယ်ပယ်ကို ချိုးဖောက်ဝင်ရောက်ဖို့ ကြိုးစားနေတဲ့ လေ့တုံးဟိုင်ပါပဲ။ သူက အတော်လေးကို များပြားတဲ့ အဆင့်မြင့် ဝိညာဉ်ကျောက်တုံး အရေအတွက်ကို အသုံးပြုထားခဲ့တာပါ။ ပြီးတော့ သူ့ရဲ့ အနီးအနား ပတ်ဝန်းကျင်မှာလည်း ကောင်းကင်နဲ့မြေကြီးရဲ့ စွမ်းအင် အငွေ့အသက် တချို့ ပြန့်ကျဲနေပါသေးတယ်။
" သူက အဆင့်တက်တော့မှာလား "
လီဖူချန်းက လေ့တုံးဟိုင်ကို နောက်ထပ်တစ်ကြိမ် ဂရုတစိုက် လေ့လာလိုက်ပါတယ်။
မူလပင်လယ်နယ်ပယ် ကျင့်ကြံသူတွေကို ဘုရင်တွေလို့ ခေါ်တာက အလကား မဟုတ်ပါဘူး။
လူတစ်ယောက်ရဲ့ ကျင့်ကြံမှုဟာ မူလပင်လယ်နယ်ပယ်ကို ရောက်သွားတဲ့ အခါမှာဆိုရင် ကျင့်ကြံခြင်းသာမက စိတ်တန်ခိုးပိုင်းဆိုင်ရာ အခြေအနေတွေကလည်း အများကြီး တိုးတက် ပြောင်းလဲသွားပါတယ်။
ရှင်းရှင်းပြောရမယ် ဆိုရင်တော့ မူလပင်လယ် နယ်ပယ်ကို ချိုးဖောက်ဝင်ရောက် သွားနိုင်တဲ့ ကျင့်ကြံသူတွေဟာ ကောင်းကင်နဲ့မြေကြီးရဲ့ စွမ်းအား တစ်စိတ်တစ်ပိုင်းကို အာရုံခံစား သိမြင်နိုင်ပြီး ခိုင်းစေနိုင်တဲ့ စိတ်တန်ခိုး ရသွားသလိုပါပဲ။
အဲဒါကြောင့်ပဲ သူတို့တွေဟာ သဘာဝ စွမ်းအင်တွေကို အသုံးပြုပြီး တစ်ဖက်လူကို ဖိနှိပ်နိုင်ကြတာပါ။
အဆင့်မြင့် ဝိညာဉ်ကျောက်တုံးတွေ တစ်တုံးပြီးတစ်တုံး စုပ်ယူခံလိုက်ရတာနဲ့ အမျှ လေ့တုံးဟိုင်ရဲ့ အနားမှာ ရစ်သိုင်းနေတဲ့ ကောင်းကင်နဲ့မြေကြီးရဲ့ စွမ်းအားတွေဟာ ပိုပြီး သိပ်သည်းလာခဲ့ပါပြီ။ ကြည့်ရတာတော့ လေ့တုံးဟိုင်က အဲသည်စွမ်းအင်တွေကို သူ့စိတ်တိုင်းကျ ခိုင်းစေနိုင်လာတဲ့ ပုံပါပဲ။
အဲသည်အချိန်မှာပဲ ယွန်လုံ နဲ့ ကုချူးယီတို့ဟာ ကျင့်ကြံနေရာကနေ နိုးထလာကြပါတယ်။ သူတို့ကလည်း ပတ်ဝန်းကျင် အခြေအနေ ပြောင်းလဲနေတာကို သတိထားမိတဲ့ ပုံပါပဲ။
အဲသည်နောက်မှာတော့ သူတို့နှစ်ယောက်ဟာ လီဖူချန်းနဲ့အတူ လေ့တုံးဟိုင်ရဲ့ အခြေအနေကို စောင့်ကြည့်နေကြပါတော့တယ်။သူတို့သုံးယောက်စလုံးက မူလပင်လယ်နယ်ပယ် ဘုရင်တစ်ပါး မွေးဖွားလာတာကို တစ်ခါမှ မမြင်ခဲ့ဖူးပါဘူး။ဒါက သူတို့အတွက် ပထမဦးဆုံးအကြိမ် မူလပင်လယ်နယ်ပယ် ဘုရင်တစ်ပါး မွေးဖွားလာတာကို မြင်ဖူးခြင်းလို့ပဲ ဆိုရပါမယ်။
အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ဆယ့်ရှစ်တုံး တိတိကို စုပ်ယူ့ပြီးတဲ့ နောက်မှာတော့ လေ့တုံးဟိုင်ရဲ့ အနားပတ်ဝန်းကျင်မှာ ရှိတဲ့ ချီစွမ်းအင်တွေဟာ ကန့်သတ်ချက်ကို ရောက်သွားတဲ့ ပုံပါပဲ။ လီဖူချန်းက အရိပ်အသူရာ ချောက်ထဲမှာ ရှိနေတဲ့ ပရမ်းပတာ ဥပဒေသတွေတောင်မှ လေ့တုံးဟိုင်ကြောင့် အနည်းငယ် အားပျော့သွားတာကို ခံစားလိုက်မိပါတယ်။
တစ်ဆက်တည်းမှာပဲ လီဖူချန်းက သည်ချီစွမ်းအင် အရှိန်အဝါတွေဟာ ကျင့်ကြံခြင်း နဲ့ ဥပဒေသတွေကို နားလည်သဘောပေါက်နိုင်တဲ့ စိတ်တန်ခိုး အကူအညီတို့ရဲ့ ပေါင်းစပ်မှုကြောင့် ပေါ်ပေါက်လာတာ ဖြစ်ရမယ်လို့ တွေးမိလိုက်ပါသေးတယ်။ အဲဒါကြောင့်ပဲ လေ့တုံးဟိုင်ဟာ သည်အရိပ်အသူရာ ချောက်ထဲက ပရမ်းပတာ ဥပဒေသတွေကို အနည်းငယ် အားလျော့သွားစေနိုင်ခဲ့တာပါ။
ဂျိန်း……
မိုးတိမ်တိုက်တွေဟာ သူတို့ရဲ့ ဦးခေါင်းထက်မှာ စုစည်း ဖြစ်တည်လာခဲ့ပြီး နောက်မှာတော့ မိုးကြိုးတစ်စင်းဟာ ရုတ်တရက် ဆိုသလို လေ့တုံးဟိုင်ဆီကို ဦးတည် ဆင်းသက်လာခဲ့ပါပြီ။
တိုက်ပွဲဝိညာဉ် နယ်ပယ် ဆရာသခင်တစ်ပါးဟာ မူလပင်လယ်နယ်ပယ်ကို အဆင့်တက်တဲ့ အခါမှာဆိုရင် သူလေ့ကျင့်နားလည် သဘောပေါက်ထားတဲ့ ဥပဒေတွေကို လိုက်ပြီး သက်ဆိုင်ရာ ကပ်ဘေးဒုက္ခတွေကို တောင့်ခံကြရလေ့ ရှိတာ သဘာဝပါပဲ။
လေ့တုံးဟိုင်ကတော့ မိုးကြိုးတာအို ဥပဒေသတွေကို နားလည်သဘောပေါက်ထားတဲ့အတွက် မိုးကြိုးတာအို ကပ်ဘေးကို တောင့်ခံပြီး ဖြတ်သန်းရမှာ ဖြစ်ပါတယ်။
မိုးကြိုးရေ အချက်အနည်းငယ် ပစ်ခတ်ပြီးတဲ့နောက်မှာတော့ ကောင်းကင်ပေါ်မှာ ရှိနေတဲ့ တိမ်တိုက်တွေဟာ ကတော့ပုံသဏ္ဌာန် ပြောင်းသွားခဲ့ပါပြီ။
ဒုန်း……
အဲသည်နောက်မှာတော့ ကြီးမားလှတဲ့ မိုးကြိုးတူကြီး တစ်စင်းဟာ ကတော့ပုံသဏ္ဌာန် တိမ်တိုက်ထဲကနေ တိုးထွက်လာပြီး လေ့တုံးဟိုင်ကို ထုရိုက်ပစ်လိုက် ပါတော့တယ်။
လေ့တုံးဟိုင်က မိုးကြိုးတာအို ဥပဒေသတွေကိုတင် နားလည်သဘောပေါက်ထားတာ မဟုတ်ပါဘူး။ သူက တူတာအို ဥပဒေသတွေကိုလည်း နားလည်သဘောပေါက် ထားပါသေးတယ်။
တူတာအို ဥပဒေသတွေက သဘာဝ ဥပဒေသတွေထဲက တစ်ခု မဟုတ်ပေမယ့်လည်း မဟာတာအိုတွေထဲက တစ်ခုတော့ ဖြစ်နေဆဲပါပဲ။
သည်ကပ်ဘေးအတွင်းမှာတော့ မဟာတာအိုဟာ တူတာအို ဥပဒေသတွေနဲ့ ရောနှောပေါင်းစပ်ပြီး လေ့တုံးဟိုင်ကို ဆက်တိုက် ထုရိုက်နေမှာ ဖြစ်ပါတယ်။
ဝေါ့……
လေ့တုံးဟိုင်ကတော့ သွေးတွေတောင် အန်ထုတ်နေရပါပြီ။ ဒါပေမဲ့လည်း သူက ကြီးမားလှတဲ့ တူတစ်လက်ကို ကိုင်ဆောင်ကာ မိုးကြိုးတူကြီးရဲ့ ထုရိုက်မှုကို တောင့်ခံနေဆဲပါပဲ။ သူက လက်လျော့ အရှုံးပေးမယ့် ပုံမှာတော့ လုံးဝ မရှိပါဘူး။
ဒုန်း……ဒုန်း……ဒုန်း……ဒုန်း……
သည်တိုက်ပွဲမှာ အကျိုးအမြတ် အရဆုံး လူတွေကို ပြပါဆိုရင်တော့ လီဖူချန်း၊ယွန်လုံ နဲ့ ကုချူးတို့ကိုသာ ပြရမှာပါပဲ။ ကောင်းကင် နဲ့ မြေကြီးကို ဆန့်ကျင်တဲ့ တိုက်ပွဲဟာ သူတို့သုံးယောက်ရဲ့ မျက်မှောက်ရှေ့မှာတင် ဖြစ်နေတဲ့အတွက် အဲဒါက သူတို့ကို သိုင်းတာအို လမ်းကြောင်းနဲ့ ပက်သက်ပြီး ပိုနားလည် သိမြင်သွားစေခဲ့ပါတယ်။
နောက်ဆုံးမှာတော့ မိုးကြိုးတူကြီးဟာ လေ့တုံးဟိုင်ရဲ့ မလျော့သော ဇွဲ၊လုံ့လကြောင့် ကြေမွသွားခဲ့ပြီး သန့်စင်သော ချီစွမ်းအင်တစ်ခုအဖြစ် အသွင်ပြောင်းကာ သူ့ရဲ့ ခန္ဓာကိုယ်ထဲကို ဝင်ရောက် ပျောက်ကွယ် သွားခဲ့ပါပြီ။ တစ်ဆက်တည်းမှာပဲ လေ့တုံးဟိုင်ဟာလည်း အဆင့်တက်ဖို့ အရိပ်အယောင်တွေ ပြလာပါတော့တယ်။
ရေကန်တစ်ကန်ဟာ ပင်လယ်တစ်စင်း အသွင် ပြောင်းသွားသလိုပါပဲ။ လေ့တုံးဟိုင်ရဲ့ ချီအရှိန်အဝါကလည်း အဆက်မပြတ် ပြောင်းလဲကာ ကြီးမြတ်တဲ့ ဘုရင်တစ်ပါးရဲ့ အရှိန်အဝါမျိုး ဖြစ်လာခဲ့ပါပြီ။
ပတ်ဝန်းကျင် မိုင်ဒါဇင် အနည်းငယ်ကိုလည်း မိုးကြိုးတာအို ချီစွမ်းအင်တွေက လွှမ်းခြုံသွားခဲ့ပြီး အဲဒါက လီဖူချန်းနဲ့ တခြားလူတွေကို ပြင်းထန်တဲ့ ဖိအား တစ်ခုအဖြစ် ဖိနှိပ်လာခဲ့ပါတယ်။
" ပြင်းလိုက်တဲ့ ဖိအား "
ယွန်လုံရဲ့ မျက်နှာက သိပ်ပြီး မကောင်းလှတော့ပါဘူး။ သူက သည်ဖိအားကို အတော်လေး အားစိုက်ပြီး တောင့်ခံနေရတာ အသိသာကြီးပါပဲ။
ကုချူးယီကလည်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကြီး ဖိအားကို တောင့်ခံနေရပါတယ်။
လီဖူချန်းရဲ့ အခြေအနေကလည်း သူတို့နှစ်ယောက်နဲ့ ထူးမခြားနားပါပဲ။
အဲသည်အချိန်မှာပဲ လေ့တုံးဟိုင်ရဲ့ ဝမ်းသာအားရ ရယ်မောသံဟာ သူတို့သုံးယောက်ရဲ့ နားထဲကို ဝင်ရောက်လာပါတော့တယ်။
" ဟား…ဟား…ဟား…ဟား…… နောက်ဆုံးတော့ ငါက မူလပင်လယ် နယ်ပယ်ကို ချိုးဖောက်ဝင်ရောက် နိုင်ခဲ့ပြီကွ။ ငါက ငါ့ရဲ့ ကံကြမ္မာကိုတောင် ကိုယ့်ဘာသာကိုယ် ခြယ်လှယ်နိုင်လောက်တယ်ဟေ့ "
လေ့တုံးဟိုင်ရဲ့ ရယ်မောသံ ထွက်ပေါ်လာတာနဲ့ တစ်ပြိုင်နက် လီဖူချန်းတို့ သုံးယောက်အပေါ်ကို ဖိနှိပ်နေတဲ့ ဖိအားကြီးကလည်း ပျောက်ကွယ်သွားခဲ့ပါပြီ။
လေ့တုံးဟိုင်က မူလပင်လယ် ဘုရင်တွေဟာ ကိုယ့်ရဲ့ ကံကြမ္မာကို ကိုယ်ကိုယ်တိုင် ခြယ်လှယ်နိုင်စွမ်း ရှိတဲ့ အစွမ်း မရှိဘူး ဆိုတာကို သိထားပြီးသားပါပဲ။ ဒါပေမဲ့လည်း ရုတ်တရက် အဆင့်တက်ပြီး တိုးပွားလာတဲ့ တန်ခိုး အစွမ်းတွေက သူ့ကို ထင်ယောင်ထင်မှား ဖြစ်စေပါတယ်။ ဒါကြောင့်ပဲ သူက သူ့ရဲ့ စိတ်ခံစားချက်တွေကို မထိန်းနိုင်ဘဲ ဖွင့်ဟလိုက်မိတာပါ။
ယွန်လုံက ဂုဏ်ယူတဲ့ လေသံနဲ့ လှမ်းပြောလိုက်ပါတယ်။
" လေ့တုံးဟိုင် …… မင်းအတွက် ဂုဏ်ယူတယ်ဟေ့။ မင်းက သက်တံနီဂိုဏ်းရဲ့ လူငယ်မျိုးဆက်တွေထဲမှာ ပထမဦးဆုံး မူလပင်လယ်နယ်ပယ်ကို ခြေချနိုင်တဲ့လူ ဖြစ်သွားခဲ့ပြီ။ မင်းရဲ့ အနာဂတ်ကတော့ အဆုံးအစမဲ့ပဲ "
ယွန်လုံက ဂုဏ်ပြုစကားသာ ပြောလိုက်ရတာပါ။ စိတ်ထဲမှာတော့ သူဟာ လေ့တုံးဟိုင်ကို အတော်လေး မခံချိ၊ မခံသာ ဖြစ်နေခဲ့ပါပြီ။ သက်တံနီဂိုဏ်းရဲ့ တိုက်ရိုက်တပည့် သုံးယောက် ဆိုတာက အမြဲလိုလို ပြိုင်ဘက်တွေ ဖြစ်နေခဲ့တာ မဟုတ်ပါလား။ ဖြစ်နိုင်မယ် ဆိုရင် သူက သည်နေရာမှာပဲ ချက်ချင်း အဆင့်တက်လိုက်ချင်ပါသေးတယ်။
" အစ်ကိုလေ့ …… အစ်ကို့ရဲ့ အခုလက်ရှိ တန်ခိုးအစွမ်းကို နည်းနည်းလောက် မစမ်းသပ်ချင်ဘူးလား "
လီဖူချန်းကတော့ လေ့တုံးဟိုင်ရဲ့ လက်ရှိ တန်ခိုးအစွမ်းကိုပဲ စိတ်ဝင်စားမိ နေပါတယ်။
လေ့တုံးဟိုင်က အခုမှ မူလပင်လယ်နယ်ပယ် အဆင့်၁ကို ချိုးဖောက်ဝင်ရောက် ထားတဲ့လူ ဆိုပေမယ့် သူ့ကို သာမန်ကျင့်ကြံသူတွေလို မှတ်ယူလို့ မရပါဘူး။ သူက တိုက်ပွဲဝိညာဉ် နယ်ပယ်မှာ ကတည်းက အစွမ်းထက်တဲ့ မဟာ ဆရာသခင်တစ်ပါး ဖြစ်ခဲ့တာပါ။
အဲသည်အတွက် လေ့တုံးဟိုင်ရဲ့ လက်ရှိ တန်ခိုးအစွမ်းဟာ သာမန် မူလပင်လယ်နယ်ပယ် အဆင့်၁ ပညာရှင်တွေထက် သာလွန်မှာ အသေအချာပါပဲ။
သာမန် မူလပင်လယ်နယ်ပယ် အဆင့်၁ ပညာရှင်တွေကို အသာထားပါဦး။ လီဖူချန်းက လေ့တုံးဟိုင်ရဲ့ ချီအတွင်းအား ပမာဏဟာ သူအရင်က ကြုံခဲ့ဖူးတဲ့ မြေကမ္ဘာမီးလျှံ ဘုရင်ထက်တောင်မှ ပိုများလိမ့်မယ်လို့ ခံစားနေမိပါတယ်။
ဒါပေမဲ့ ဘယ်လောက် ပမာဏအထိ ပိုများမလဲ ဆိုတာကိုတော့ သူမခန့်မှန်းနိုင်ပါဘူး။
အဲသည်အချိန်မှာပဲ ကုချူးယီက လေ့တုံးဟိုင်ရဲ့ လက်ရှိ တန်ခိုးအစွမ်းကို စမ်းသပ်ဖို့အတွက် အကြံတစ်ခု ပေးလာခဲ့ပါတယ်။
" အစ်ကိုလေ့ …… ဟိုးဘက်မှာ အထွတ်အထိပ်အဆင့် ဖုတ်အလောင်းကောင် တစ်ကောင် လာနေတယ်လေ။ အစ်ကို့ရဲ့ အစွမ်းကို သူနဲ့တိုက်ပြီး စမ်းကြည့်လိုက်ပါလား"
လေ့တုံးဟိုင်ရဲ့ အဆင့်တက်မှုက ပတ်ဝန်းကျင် အနေအထားကို သိသိသာသာကြီး ပြောင်းလဲစေခဲ့အတွက် အဲဒါက ဖုတ်အလောင်းကောင် တော်တော်များများကို ဆွဲဆောင်မိခဲ့ပါတယ်။ အဲသည်ဖုတ်အလောင်းတွေကို ဦးဆောင်လာတာကတော့ အထွတ်အထိပ်အဆင့် ဖုတ်အလောင်းကောင် တစ်ကောင်ပါပဲ။
" အင်း "
လေ့တုံးဟိုင်က ကုချူးယီရဲ့ အကြံဉာဏ်ကို မငြင်းပါဘူူး။သူကလည်း သူ့ရဲ့ လက်ရှိ တန်ခိုးအစွမ်းကို သိချင်နေတာ မဟုတ်ပါလား။
ဟူး……
အဲသည်နောက်မှာတော့ လေ့တုံးဟိုင်ဟာ မိုးကြိုးတစ်စင်း အသွင်ပြောင်းပြီး အထွတ်အထိပ် အဆင့် ဖုတ်အလောင်းကောင်ဆီကို ထွက်သွားခဲ့ပါပြီ။
" မြန်လိုက်တဲ့ အမြန်နှုန်း "
လီဖူချန်း မျက်လုံးအပြူးသားနဲ့ ရေရွတ်လိုက်မိပါတယ်။ လေ့တုံးဟိုင်ရဲ့ လက်ရှိ အမြန်နှုန်းက သူ့ထက် မြန်ရုံသာမက ဖုတ်အလောင်းကောင် ဘုရင်တွေထက်တောင် မြန်နေတယ်လို့ ဆိုရပါမယ်။အဲသည် အမြန်နှုန်းက ခေါင်းနှစ်လုံး ဖုတ်အလောင်းကောင် ဘုရင်ရဲ့ အမြန်နှုန်းနဲ့ တူညီလု နီးပါးပါပဲ။
" သေစမ်း "
လေ့တုံးဟိုင်က သူ့ရဲ့ ကြီးမားလှတဲ့ တူကြီးကို ထုတ်ယူပြီး အထွတ်အထိပ်အဆင့် ဖုတ်အလောင်းကို ထုချပစ်လိုက်ပါတယ်။ သူ့ရဲ့ လက်မောင်းတစ်လျှောက် နဲ့ တူတစ်ခုလုံး ပေါ်မှာတော့ မိုးကြိုး၊လျှပ်စီးတွေက စီးဆင်းနေခဲ့ပါပြီ။
ဒုန်း……
" ဆင်ကျီစားရာ ဆိတ်မခံသာ " ဆိုသလိုပါပဲ။
အထွတ်အထိပ် အဆင့် ဖုတ်အလောင်းကောင်ဟာ လေ့တုံးဟိုင်ရဲ့ တူရိုက်ချက်ကို လုံးဝ တောင့်မခံနိုင်ခဲ့ပါဘူး။ မိုးကြိုးတစ်စင်းလို အရှိန်အဟုန် ပြင်းထန်စွာနဲ့ ထုရိုက်ချလိုက်တဲ့ လေ့တုံးဟိုင်ရဲ့ တူရိုက်ချက်ဟာ အထွတ်အထိပ် အဆင့် ဖုတ်အလောင်းကို တစ်စစီ ပေါက်ကွဲ ထွက်သွားစေရုံမက မီးအကျွမ်းသားလည်း ဖြစ်သွားစေပါတယ်။
***