← Chapters

အရိပ် ဖုတ်အလောင်းကောင်

Vol. 43 Ch. 579

အရိပ် ဖုတ်အလောင်းကောင်

Vol. 43 Ch. 579

အထွတ်အထိပ် အဆင့် ဖုတ်အလောင်းကောင် တစ်ကောင်ကို တူရိုက်ချက် တစ်ချက် ………

မြောက်ပိုင်း ထိပ်တန်းဗိုလ်ချုပ် ငါးပါးထဲမှာ အပါအဝင်ဖြစ်တဲ့ ချူးဝူ နဲ့ အကြိုကောင်းကင်အဆင့် မှော်ဝင်ရတနာ ပစ္စည်းတွေကို ပိုင်ဆိုင်ထားတဲ့ နယ်စားသားတော် လင်းရှုတောင်မှ အထွတ်အထိပ် အဆင့် ဖုတ်အလောင်းကောင်တွေကို သည်လိုမျိုး မလုပ်နိုင်ပါဘူး။ သူတို့က ဒဏ်ရာ ရအောင်တောင် မနည်း လုပ်နေရတာ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း  လေ့တုံးဟိုင်ကတော့ တူရိုက်ချက် တစ်ချက်တည်းနဲ့ အထွတ်အထိပ် အဆင့် ဖုတ်အလောင်းကောင် တစ်ကောင်ကို သတ်ဖြတ်ပစ်လိုက်ပါပြီ။

ဒါက ကြယ်သုံးပွင့် အဆင့် ဗိုလ်ချုပ်တွေဖြစ်တဲ့ မဟာအကျော်အမော် ဆရာသခင်တွေသာ တတ်နိုင်တဲ့ အရာမျိုးဆိုတာ လုံးဝ သံသယ ဝင်နေစရာ မလိုပါဘူး။

တကယ်လို့သာ အခုအချိန်မှာ တစ်စုံတစ်ယောက်က  လေ့တုံးဟိုင်ဟာ မဟာ အကျော်အမော် ဆရာသခင် အဆင့်မျိုး ဒါမှမဟုတ် ကြယ်၃ပွင့် ဗိုလ်ချုပ်အဆင့်မျိုး မရှိဘူးလို့ ပြောလာခဲ့မယ်ဆိုရင် လီဖူချန်းက အဲသည်လူကို လှောင်ပြောင်ဟားတိုက်မိမှာ အသေအချာပါပဲ။

ပြီးတော့ လက်ရှိ လေ့တုံးဟိုင်ဟာ မဟာ အကျော်အမော် ဆရာသခင်တွေ ဒါမှမဟုတ် ကြယ်၃ပွင့် ဗိုလ်ချုပ်တွေထဲမှာတောင်မှ အင်မတန် အစွမ်းထက်တဲ့ တည်ရှိမှုတစ်ခုတောင် ဖြစ်နိုင်လောက်ပါတယ်။

" မတူညီတဲ့ အရိုးတည်ဆောက်ပုံ အဆင့်အတန်းတွေက မူလပင်လယ်နယ်ပယ်ကို ရောက်တဲ့အခါ ပိုကြီးမားတဲ့ ကွာဟချက်တွေကို ဖြစ်စေတာလား "

ဒါကတော့ လီဖူချန်း စိတ်ထဲမှာ ပထမဆုံး သတိပြုမိတဲ့ အချက်ပါပဲ။

ကောင်းကင်ဧကရာဇ် ကုန်းမြေတိုက်ကြီးကို အသာ ထားပါဦး။ ရောင်စဉ်ခုနစ်ဖြာ ကုန်းမြေတိုက်ကြီးမှာတောင်မှ ကြယ်၆ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေဟာ မူလပင်လယ် နယ်ပယ်ကို ချိုးဖောက်ဝင်ရောက်ဖို့အတွက် အခွင့်အလမ်း ရှိပါတယ်။

ဒါပေမဲ့လည်း ကြယ်၆ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေ အနေနဲ့   ရောင်စဉ်ခုနစ်ဖြာ ကုန်းမြေတိုက်ကြီးမှာ မူလပင်လယ် နယ်ပယ်ကို ချိုးဖောက်ဝင်ရောက်ဖို့အတွက် အခွင့်အလမ်းက တစ်သောင်းပုံ တစ်ပုံအထိ  ရှိပြီး ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်ကြီးမှာက တစ်ထောင်ပုံ တစ်ပုံသာ ရှိတယ် ဆိုတာကိုတော့ မေ့လို့ မရပါဘူး။

ပြီးတော့ အဲသည်  ကြယ်၆ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေထဲမှာတောင်မှ သာမန်  ကြယ်၆ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေဟာ အားအနည်းဆုံးပါပဲ။  ကြယ်၆ပွင့် အထူး အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေ နဲ့  ကြယ်၆ပွင့် ပထမတန်းစား အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေကမှ သူတို့ထက်စာရင် ပိုအားကောင်းပါဦးမယ်။

' တကယ်လို့ အစ်ကိုလေ့သာ ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်ကြီးမှာ မွေးဖွားခဲ့မယ်ဆိုရင် သူ့ရဲ့ လက်ရှိ အစွမ်းက အခုထက်တောင် ပိုပြီး အစွမ်းထက်နေလောက်မှာပဲ '

လီဖူချန်းက လေ့တုံးဟိုင်ကို ကြည့်နေရင်းနဲ့  စိတ်ထဲကနေ တွေးမိလိုက်ပါသေးတယ်။

ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်ကြီးဟာ အလယ်အလတ်တန်းစား ကုန်းမြေတိုက်ကြီးတွေထဲမှာတောင်မှ လက်ရွေးစင် ကုန်းမြေတိုက်တစ်ခု  ဖြစ်တဲ့အတွက် ဥပဒေသ စွမ်းအားတွေကို နားလည်သဘောပေါက်အောင် ကျင့်ကြံရာမှာ သိပ်ပြီး အခက်အခဲ မရှိပါဘူး။

ဒါကြောင့်လည်း ကြယ်၇ပွင့် အထူး အရိုးတည်ဆောက်ပုံတွေကို ပိုင်ဆိုင်ထားကြတဲ့ ကျင့်ကြံသူ တော်တော်များများဟာ တိုက်ပွဲဝိညာဉ် နယ်ပယ်မှာ မဟာ ဆရာသခင် အစွမ်းမျိုး ပိုင်ဆိုင်ထားကြတာပါ။

အဲသည်လို အရာမျိုးက ရောင်စဉ်ခုနစ်ဖြာ ကုန်းမြေတိုက်ကြီးမှာတော့ ဖြစ်ပေါ်ဖို့ အတော်လေး ခဲယဉ်းတယ်လို့ ဆိုရပါမယ်။

အချုပ်အားဖြင့် ဆိုရင်တော့ ကျင့်ကြံခြင်း နယ်ပယ် တူတဲ့ ကျင့်ကြံသူတွေထဲမှာတောင်မှ ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်ကြီးမှာ ကျင့်ကြံတဲ့ သူတွေက  ရောင်စဉ်ခုနစ်ဖြာ ကုန်းမြေတိုက်ကြီးမှာ ကျင့်ကြံတဲ့ သူတွေထက် ပိုအစွမ်း ထက်တယ်လို့ သတ်မှတ်ရမှာပါပဲ။

အဲသည် ခြားနားမှုကို ကျဉ်းမြောင်းစေချင်တယ် ဆိုရင်တော့ လုပ်စရာက တစ်ခုပဲ ရှိပါတယ်။ အဲဒါကတော့  ရောင်စဉ်ခုနစ်ဖြာ ကုန်းမြေတိုက်ကြီးက ကျင့်ကြံသူတွေဟာ ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်ကြီးမှာ တတ်နိုင်သလောက် အချိန်ကြာကြာ နေဖို့ပါပဲ။

ဒုန်း…ဒုန်း…ဒုန်း……

အထွတ်အထိပ် အဆင့် ဖုတ်အလောင်းကောင်ကို တစ်ချက်တည်းနဲ့ သတ်ပစ်နိုင်ပြီးတဲ့ နောက်မှာတော့ လေ့တုံးဟိုင်ဟာ သူ့ကိုယ်သူ အတော်လေး ယုံကြည်မှု ရှိသွားခဲ့ပါပြီ။ အဲသည်အတွက် သူက သူ့ရဲ့ တူကြီးကို ဝင့်ကာဝင့်ကာနဲ့ ဝှေ့ယမ်းပြီး ဖုတ်အလောင်းကောင်  အုပ်ကြီးထဲကို ဝင်သွားပါတော့တယ်။

ဝုန်း……ဝုန်း……ဝုန်း……

သူ့ရဲ့ တူနဲ့ ထိပ်တိုက် တွေ့မိတဲ့ ဖုတ်အလောင်းကောင် မှန်သမျှဟာ ရစရာကို မရှိပါဘူူး။

အချိန်အနည်းငယ် အကြာမှာတော့ ဖုတ်အလောင်းကောင် အုပ်ကြီးဟာ ကုန်သလောက် နီးပါး ဖြစ်သွားပြီး တစ်ကောင်စ၊ နှစ်ကောင်စလောက်သာ ကျန်ပါတော့တယ်။

" ဟား……ဟား……ဟား……ဟား…… "

အဲသည်လောက် အကောင်ရေလောက်ကိုတော့ လေ့တုံးဟိုင်က စိတ်ထဲမှာ မထားတော့ပါဘူး။ အဲသည်အတွက် သူဟာ လီဖူချန်းတို့ ရှိရာဆီကို ပြန်လာခဲ့ပါတော့တယ်။

အခုလေ့တုံးဟိုင်က တိုက်ပွဲဝိညာဉ် နယ်ပယ်ကို ရောက်ရှိသွားပြီ ဖြစ်တဲ့အတွက် သည်နေရာမှာ သူတို့ရဲ့ အသက်ရှင်သန်နိုင်ဖို့ ယုံကြည်ချက်ဟာ အနည်းငယ် မြင့်သွားခဲ့ပြီလို့ ဆိုရပါမယ်။

ဒါပေမဲ့လည်း အဲဒါက သူတို့အနေနဲ့ သည်အလွှာမှာ စိတ်တိုင်းကျ လှုပ်ရှားပြီး ထွက်ပေါက် ရှာဖို့ အထိတော့ မလုံလောက်သေးပါဘူး။

လေ့တုံးဟိုင်က ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ။ သူရဲ့ ကျင့်ကြံမှုက မူလပင်လယ်နယ်ပယ် အဆင့်၁ ဖြစ်နေဆဲပါပဲ။ သူက အထွတ်အထိပ် အဆင့် ဖုတ်အလောင်းကောင်တွေကို သတ်ဖြတ်နိုင်ပြီ ဆိုပေမယ့် ဖုတ်အလောင်းကောင် ဘုရင်တွေနဲ့ တွေ့ရင်တော့ ဘာမှ တတ်နိုင်မှာ မဟုတ်ပါဘူး။

ပြီးတော့ ဖုတ်အလောင်းကောင် ဘုရင်တွေကိုက အဆင့်နိမ့် ၊ အလယ်အလတ် အဆင့်၊ အဆင့်မြင့်၊ အထွတ်အထိပ်အဆင့် ဆိုပြီး အတန်းအစား လေးမျိုး ထပ်မံ ခွဲထားပါသေးတယ်။

ဖုတ်အလောင်းကောင် ဘုရင်တွေရဲ့ အထက်မှာ ရှိတဲ့ ဖုတ်အလောင်းကောင် ဧကရာဇ်တွေကလည်း မေ့ထားလို့ မရတဲ့ အထဲမှာ ပါတာပါပဲ။

ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ်က ဧကရာဇ်တွေတောင်မှ ဖုတ်အလောင်းကောင် ဧကရာဇ်တွေကို စိုးရွံ့တဲ့အတွက် အရိပ်အသူရာ ချောက်ရဲ့ အနက်ရှိုင်းဆုံး အလွှာတွေထဲကို စိတ်ရှိသလို မသွားရဲကြပါဘူး။

အဲသည်နောက်မှာတော့ လီဖူချန်းတို့ လေးယောက်စလုံးဟာ ကျင့်ကြံမှု အပေါ်မှာ ပြန်ပြီး အာရုံ စိုက်လိုက်ကြပါတယ်။ သူတို့အားလုံးက သူတို့အနေနဲ့ သည်ထက်ပိုပြီး အစွမ်းထက်မှသာ သည်နေရာမှာ ရှင်သန်နိုင်လိမ့်မယ် ဆိုတာကို ရိပ်မိပြီးသားပါပဲ။

' အင်း…… ငါ့မှာ အခု ရှိနေတဲ့ အဆင့်မြင့် ဝိညာဉ်ကျောက်တုံးတွေနဲ့ ဆိုရင် အချိန်တို အတွင်းမှာ အဆင့် နောက်တစ်ဆင့် တက်ဖို့က ဘာပြသနာမှ မရှိဘူး။ ပြီးတော့ ငါ့ဆီမှာ အထွတ်အထိပ် အဆင့် ဝိညာဉ်ကျောက်တုံး တစ်တုံးလည်း ရှိနေသေးတယ် '

လီဖူချန်းက သူ့ရဲ့ လက်ရှိ တန်ခိုးအစွမ်းဟာ ချူးဝူနဲ့ ဘယ်လောက်မှ  မကွာတော့ဘူးလို့ ယုံကြည်ပါတယ်။ ဒါပေမဲ့လည်း  အဲဒါက အရိပ်အသူရာချောက်ရဲ့ သည်အလွှာမှာ အသက်ရှင်သန်နိုင်ဖို့အတွက်တော့ လိုအပ်နေဆဲပါပဲ။

အဲသည်နောက်မှာတော့ လီဖူချန်းက နောက်ထပ် အဆင့်မြင့် ဝိညာဉ်ကျောက်တုံး တစ်တုံးကို ထုတ်ယူလိုက်ပြီး ဝိညာဉ်ချီတွေ နဲ့ မဟာတာအို ချီအငွေ့အသက်တွေကို စုပ်ယူပါတော့တယ်။

" ဟင်……သည်မကောင်းတဲ့ အငွေ့အသက်တွေက "

ူလေ့တုံးဟိုင်က သူ့ရဲ့ အဆင့်တက်မှုဟာ အရိပ်အသူရာချောက်ကို တပ်လှန့်မှု တစ်ခု ဖြစ်သွားစေခဲ့တယ် ဆိုတာကို သတိပြုမိလိုက်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ သူတို့ ရှိရာဘက်ဆီကို ဦးတည်ပြီး လာနေတဲ့ ဖုတ်အလောင်းကောင်တွေဟာ များသထက် များလာလို့ပါပဲ။ အစောပိုင်းက အထွတ်အထိပ်အဆင့် ဖုတ်အလောင်းကောင် အနည်းငယ်သာ ပါရှိတဲ့ ဖုတ်အလောင်းကောင် အစုအဖွဲ့ငယ်လေး တစ်ခုဟာဆိုရင် အခု အထွတ်အထိပ်အဆင့် ဖုတ်အလောင်းကောင် အများကြီး ပါရှိတဲ့ ဖုတ်အလောင်းကောင် အစုအဖွဲ့ကြီး တစ်ခုတောင် ဖြစ်သွားခဲ့ပြီ မဟုတ်ပါလား။

" ဟား……ဟား……ဟား…… လာစမ်း။ မင်းတို့ ဘယ်လောက် လာနိုင်မလဲ ဆိုတာကို ငါကြည့်ဦးမယ် "

လေ့တုံးဟိုင်က  ဖုတ်အလောင်းကောင် အုပ်စုကြီးဆီကို ကျယ်လောင်စွာ ရယ်မောပြီး ပြေးဝင်သွားခဲ့ ပြန်ပါပြီ။ သူ့အတွက်ကတော့  အထွတ်အထိပ် အဆင့် ဖုတ်အလောင်းတွေ ဆိုတာက သူ့ရဲ့ တန်ခိုး အစွမ်းကို စမ်းသပ်ရမယ့် စမ်းသပ်ခံတွေပါပဲ။

ဒုန်း…ဒုန်း…ဒုန်း……

ဘုန်း……ဘုန်း……

ဘန်း……

နောက်ထပ် အချိန်အနည်းငယ် အကြာမှာတော့ ဖုတ်အလောင်းကောင် အစုအဖွဲ့ကြီးဟာ လေ့တုံးဟိုင်ရဲ့ လက်ချက်ကြောင့် အစအန ပျောက်သွားခဲ့ပါပြီ။

" သေစမ်း"

ဘန်း……

အထွတ်အထိပ် အဆင့် ဖုတ်ကောင် နောက်ဆုံးတစ်ကောင်ကို တူနဲ့ ထုရိုက်အပြီးမှာတော့ လေ့တုံးဟိုင်ဟာ အန္တရာယ် အနံ့ကို ရလိုက်တဲ့အတွက် ခေါင်းကို ရုတ်တရက် မော့ကြည့်လိုက်မိပါတယ်။

ဟူး……ဟူး……ဟူး……

ူသူ့ရဲ့ အာရံုံခံစားမှုက လုံးဝ ကွက်တိပါပဲ။ လေ့တုံးဟိုင်တစ်ယောက်  ခေါင်းကို မော့လိုက်တာနဲ့ တစ်ပြိုင်နက် အရိပ်မည်း တစ်ခုဟာ သူ့ရဲ့   မြင်ကွင်းထဲကို ပြေးဝင်လာခဲ့ပါတယ်။ ပြီးတော့ အဲသည်အရိပ်မည်းရဲ့ ပျံသန်းမှုနှုန်းဟာ မိုးကြိုးတစ်စင်းနဲ့ မခြားနားလှပါဘူး။

" လခွီးပဲဟေ့။ အဲဒါက ဖုတ်အလောင်းကောင် ဘုရင်ကြီးဟ "

လေ့တုံးဟိုင်က အနည်းငယ် စိုးရွံ့ သွားမိ ပေမယ့်လည်း နောက်ဆုတ်သွားဖို့တော့ လုံးဝ စိတ်ကူး မရှိပါဘူး။ သူက ဖုတ်အလောင်းကောင် ဘုရင်ကို ပြန်ပြီး ဆီးကြို တိုက်ခိုက်ဖို့တောင် ပြင်နေလိုက်ပါသေးတယ်။

ဝုန်း……

ဘန်း…ဘန်း…ဘန်း……

မူလပင်လယ် နယ်ပယ် အဆင့်၁ ဘုရင်တစ်ပါး နဲ့ ဖုတ်အလောင်းကောင် ဘုရင်ရဲ့ တိုက်ပွဲကတော့ စတင်လာခဲ့ပါပြီ။

အနီးကပ် တိုက်ခိုက်တဲ့ စွမ်းရည်မှာတော့ ဖုတ်အလောင်းကောင် ဘုရင်က လေ့တုံးဟိုင်ထက် အားနည်းတာ အမှန်ပါပဲ။ သူက တိုက်ခိုက်နည်း ပုံစံ အချို့ထက် ပိုပြီး အသုံး မပြုနိုင်ပါဘူး။ တကယ်လို့သာ သူ့ရဲ့ ခန္ဓာကိုယ်က ခံနိုင်ရည်အား အလွန်အမင်း ကောင်းမနေခဲ့ဘူး ဆိုရင်ဖြင့် ဖုတ်အလောင်းကောင် ဘုရင်ဟာ အစောကြီးကတည်းက လေ့တုံးဟိုင်ရဲ့ လက်ချက်နဲ့ တစ်စစီ ဖြစ်နေလောက်ပါပြီ။

ဒါပေမဲ့လည်း အခုတော့ ဖုတ်အလောင်းကောင် ဘုရင်ရဲ့ ခန္ဓာကိုယ်က အင်မတန် မာကျောပြီး ကြံ့ခိုင်နေတဲ့အတွက် လေ့တုံးဟိုင်ဟာ အစွမ်းကုန် ကြိုးစားပြီး တိုက်ခိုက်တာတောင်မှ ဖုတ်အလောင်းကောင် ဘုရင်ကို ဒဏ်ရာရအောင် မလုပ်နိုင်ခဲ့ပါဘူး။ အများဆုံး သူတတ်နိုင်တာဆိုလို့ ဖုတ်အလောင်းကောင် ဘုရင်ကို လွင့်ထွက်အောင် လုပ်နိုင်တာပဲ ရှိပါတယ်။

တကယ်လို့သာ သည်နေရာကို နောက်ထပ် ဖုတ်အလောင်းကောင် ဘုရင်တစ်ကောင် ရောက်လာလို့ကတော့ သူဟာ ငါးပါးမှောက်တော့မှာ အသေအချာပါပဲ။

လေ့တုံးဟိုင်က အဲသည်အကြောင်းကို တွေးနေစဉ်မှာပဲ နောက်ထပ် အနက်ရောင် မိုးကြိုးတစ်စင်းဟာ  သူတို့ရှိရာဆီကို ဟိုးအဝေးကနေ ပျံသန်းရောက်ရှိ လာခဲ့ပြန်ပါပြီ။

' သေလိုက်စမ်းပါလားကွာ။ တကယ့် သောက်ပြသနာပဲဟေ့ '

လေ့တုံးဟိုင် အနေနဲ့ကတော့ တခြား ရွေးချယ်စရာလမ်း မရှိပါဘူး။အဲသည်အတွက် သူဟာ အံကို တင်းတင်း စေ့လိုက်ပြီး နောက်ထပ် အသစ်ရောက်လာတဲ့ ဖုတ်အလောင်းကောင် ဘုရင်ကိုပါ တိုက်ခိုက်ရပါတော့တယ်။

ဒုန်း……ဒုန်း……ဒုန်း……

ထင်……ထင်……

ဘန်း……

ဖုတ်အလောင်းကောင် ဘုရင် နှစ်ကောင်ကို တစ်ယောက်တည်းနဲ့ တိုက်ခိုက်ရတာဟာ လေ့တုံးဟိုင်အတွက် အတော်လေး ပင်ပန်းတဲ့ အရာပါပဲ။

အထူးသဖြင့် ဖုတ်အလောင်းကောင် ဘုရင် နှစ်ကောင်က သူတို့ကိုယ်သူတို့ ဒဏ်ရာရမှာကို နောက်ဆံမတင်းဘဲ တိုက်ခိုက်နိုင်ပေမယ့် လေ့တုံးဟိုင်ကတော့ အဲသည်လို မတိုက်ခိုက်နိုင်ပါဘူး။ သူက ဖုတ်အလောင်းကောင် ဘုရင်နှစ်ကောင်ရဲ့ တိုက်ခိုက်မှု တစ်ချက်လေး ထိခံလိုက်ရတာနဲ့ ဇာတ်လမ်းက နိဋ္ဌိတံသွားမှာ ဖြစ်ပါတယ်။

တိုက်ပွဲဝိညာဉ်နယ်ပယ် အဆင့်၆ရဲ့ နောက်ဆုံး ကန့်သတ်ချက် အတားအဆီး……

တိုက်ပွဲဝိညာဉ်နယ်ပယ် အဆင့်၇ အစကနဦးပိုင်း………

အဆင့်မြင့် ဝိညာဉ်ကျောက်တုံး နှစ်တုံးကို အသုံးပြုပြီးသွားတဲ့ နောက်မှာတော့ လီဖူချန်းဟာ တိုက်ပွဲဝိညာဉ်နယ်ပယ် အဆင့်၇ကို ခြေချသွားနိုင်ခဲ့ပါပြီ။

" ဟင်……အစ်ကိုလေ့ အခြေအနေ မကောင်းပါလား"

လီဖူချန်းတစ်ယောက် မျက်လုံး ဖွင့်ဖွင့်ချင်းမှာ မြင်လိုက်ရတာကတော့ လေ့တုံးဟိုင် နဲ့ ဖုတ်အလောင်းကောင် ဘုရင် နှစ်ကောင်တို့ရဲ့ အကျိတ်အနယ် တိုက်ပွဲကြီးပါပဲ။

" မဖြစ်ဘူး။ ငါကူညီမှ ရမယ် "

ဆုံးဖြတ်ပြီးတာနဲ့ တစ်ပြိုင်နက် လီဖူချန်းက သူ့ရဲ့ မျက်လုံးကနေ  ပုံရိပ်ယောင် ချီအရှိန်အဝါတွေကို ထုတ်လွှတ်လိုက်ပါတော့တယ်။

အဲသည်နောက်မှာတော့ ဖုတ်အလောင်းကောင် ဘုရင် နှစ်ကောင်ဟာ ရုတ်တရက် ဆိုသလို လှုပ်ရှားမှုတွေ နှေးကွေးသွားပြီး သူတို့ရဲ့ ပျမ်းမျှ အစွမ်းခွန်အားတွေဟာလည်း သိသိသာသာကြီး လျော့ကျသွားခဲ့ပါပြီ။

ဘုန်း……ဘုန်း……

လေ့တုံးဟိုင်က အခွင့်အရေးကို လုံးဝ လက်လွှတ်မခံပါဘူး။ သူက တူရိုက်ချက် နှစ်ချက်ကို ဆက်တိုက်ဆိုသလို ထုတ်လိုက်ပြီး ဖုတ်အလောင်းကောင် ဘုရင် နှစ်ကောင်ကို အဝေး တစ်နေရာ ရောက်အောင် ရိုက်ထုတ်ပစ်လိုက်ပါတယ်။

" ညီလေးလီ …… မင်းကျင့်ကြံတာ ပြီးသွားပြီလား "

အမောခဏ ဖြေလိုက်ပြီးတဲ့ နောက်မှာတော့ လေ့တုံးဟိုင်ဟာ လီဖူချန်းကို အေးအေးသက်သာ လှမ်းမေးလိုက်ပါတယ်။

"အစ်ကိုလေ့……  ကြည့်ရတာ ကျွန်တော်တို့ ကျင့်ကြံဖို့အတွက် နေရာ ပြောင်းရတော့မယ် ထင်တယ် "

လီဖူချန်းက သူတို့ရှိရာဆီကို သွေးရူးသွေးတန်း ပြေးလာနေတဲ့ အဆုံးအစမဲ့ ဖုတ်အလောင်းကောင်တွေကို ကြည့်ပြီး ပြန်ပြောလိုက်ပါတယ်။

လေ့တုံးဟိုင်က ခေါင်းညိတ်လိုက်ပြီး

" ကြည့်ရတာ ငါ့ရဲ့ အဆင့်တက်မှုက သည်နေရာမှာ ရှိနေတဲ့ ဖုတ်အလောင်းကောင်တွေ အကုန်လုံးကို ဆင့်ခေါ်လိုက်သလို ဖြစ်သွားတယ်နဲ့ တူပါရဲ့ "

" ဟုတ်လောက်မယ် … အစ်ကိုလေ့ "

လီဖူချန်းက လေ့တုံးဟိုင်ရဲ့ ထင်မြင်ချက်ကို မငြင်းပါဘူူး။

မူလပင်လယ် နယ်ပယ် ဘုရင်တွေရဲ့ ကိုယ်ထဲမှာ စီးဆင်းနေတဲ့ ချီအတွင်းအားတွေဟာ အလွန်အမင်း အားကောင်းလွန်းလှတဲ့အတွက် သူတို့အနေနဲ့ အရိပ်အသူရာ ချောက်ထဲမှာ ရှိနေတဲ့ အချိန်မှာဆိုရင် အဲဒါက သူတို့ကို မီးရှူး၊မီးတိုင်ကြီး တစ်ခုလို ဖြစ်စေပါတယ်။ ဒါကြောင့်ပဲ ဖုတ်အလောင်းကောင်တွေဟာ သူတို့ဆီကို အသောမသတ်နိုင်အောင် လာနေကြတာပါ။

" အစ်ကိုလေ့ …… အစ်ကိုယွန်လုံ နဲ့ အစ်မကုချူးယီတို့က ကျင့်ကြံတာ မပြီးသေးဘူး။ ကျွန်တော်တို့ သူတို့အတွက်  နည်းနည်းလောက် အချိန် ဆွဲထားကြရအောင် "

အစတုန်းကတော့ လီဖူချန်းဟာ ကျင့်ကြံနေတဲ့ ယွန်လုံ နဲ့ ကုချူးယီတို့ကို နိုးပြီး တခြား လုံခြုံစိတ်ချရတဲ့ နေရာတစ်ခုကို ပြောင်းမလို့ပါပဲ။

ဒါပေမဲ့လည်း ရုတ်တရက် ပေါ်လာတဲ့ အတွေးတစ်ခုက သူ့ကို အစီအစဉ် ပြောင်းလိုက်စေပါတယ်။

ယွန်လုံ နဲ့ ကုချူးယီတို့က အခုလို အချိန်အနည်းငယ် အတွင်းမှာ မူလပင်လယ် နယ်ပယ်ကို ချိုးဖောက်ဝင်ရောက်ဖို့ မဖြစ်နိုင်ဘူး ဆိုပေမယ့် ဖြစ်နိုင်ချေ အနည်းငယ်တော့ ရှိနေဆဲပါပဲ။ အဲသည်အတွက်  လီဖူချန်းက သူတို့အပေါ်မှာ လက်မလျော့ချင်သေးပါဘူး။

" ရတယ် ညီလေးလီ။ ကိစ္စ မရှိဘူး "

ဟူး……

စကားဆုံးတဲ့ နောက်မှာတော့ လေ့တုံးဟိုင်ဟာ သူတို့ဆီကို လာနေတဲ့ ဖုတ်အလောင်းကောင် အုပ်ကြီးဆီကို ပြေးဝင်သွားခဲ့ပါပြီ။ လီဖူချန်းကတော့ အနောက်ကနေပြီး လေ့တုံးဟိုင်ကို အကူအညီ ပေးနေပါတယ်။

ဘန်း……ဘန်း……ဘန်း……

လီဖူချန်းရဲ့ အထောက်အပံ့ကို ရထားတဲ့ လေ့တုံးဟိုင်ဟာ ဖုတ်အလောင်းကောင် ဘုရင်တွေကို လုံးလုံးကို ဂရု မစိုက်တော့ပါဘူူး။ သူက သူ့ရဲ့ တူကြီးကို တရစပ် ဝှေ့ယမ်းနေရင်းနဲ့ ဖုတ်အလောင်းကောင် ဘုရင်တွေကို တစ်ကောင်ပြီးတစ်ကောင် ရိုက်ထုတ်ပစ်နေပါတယ်။

ဒါပေမဲ့လည်း ဖုတ်အလောင်းကောင် ဘုရင် အရေအတွက် တဖြည်းဖြည်း များလာတာနဲ့အမျှ သူဟာ ဖိအားကို စတင် ခံစားလာရပါပြီ။ အလားတူပါပဲ။ လီဖူချန်းဟာလည်း အတော်လေး များတဲ့ ဖိအားကို ခံစားရလာပါတယ်။

မျက်လုံးတစ်ထောင် အတွေးစိတ်ကူးကို အသုံးပြုမယ်ဆိုရင် လိပ်ပြာ အသိစိတ် အာရုံ နဲ့ စိတ်တန်ခိုးစွမ်းအားက မရှိမဖြစ်ပါပဲ။

သူ့ရဲ့ လိပ်ပြာ အသိစိတိအာရုံက အင်မတန် အစွမ်းထက်တယ် ဆိုပေမယ့်လည်း သူ့ရဲ့ စိတ်တန်ခိုး စွမ်းအားက ဘာမှ မဟုတ်သေးပါဘူး။ အဲသည်အတွက် သူ့အနေနဲ့ အနားမယူဘဲ မျက်လုံးတစ်ထောင် အတွေးစိတ်ကူး ပညာရပ်ကို အသုံးပြုနေရတာက သူ့အတွက် လေးလံတဲ့ ဝန်ထုပ်၊ဝန်ပိုးကြီး တစ်ခု ဖြစ်လာခဲ့ပါတယ်။

ဂါး……

သူတို့နဲ့ အလွန်ဝေးကွာတဲ့ အရပ်တစ်ခုကနေ အညှာအတာ ကင်းမဲ့ပြီး ရက်စက်ကြမ်းကြုတ်ဟန်တူတဲ့ အော်သံကြီးတစ်ခုဟာ ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့ပါတယ် ။ အဲသည်အော်သံကြီးက ဘယ်လောက်အထိ သက်ရောက်မှု အားကောင်းသလဲဆိုတော့ လီဖူချန်းရဲ့ ချီအတွင်းအား နဲ့ သွေးလည်ပတ်မှုကိုတောင် ကသောင်းကနင်း ဖြစ်သွားစေတဲ့ အထိပါပဲ။

" အလယ်အလတ်အဆင့် ဖုတ်အလောင်းကောင်ဘုရင် "

လီဖူချန်းက ကွက်ခနဲ မျက်နှာ ပျက်သွားခဲ့ပါပြီ။

အလယ်အလတ်အဆင့် ဖုတ်အလောင်းကောင် ဘုရင်က ခေါင်းနှစ်လုံး ဖုတ်အလောင်းကောင် ဘုရင်ထက်ကို ပိုပြီး မြန်တာကိုတော့ လုံးဝ သံသယ ဝင်နေစရာ မလိုပါဘူး ။ ဘာဖြစ်လို့လဲဆိုတော့ မျက်စိတစ်မှိတ် အတွင်းမှာပဲ အဲသည်ကောင်ကြီးဟာ သူတို့ရဲ့ ရှေ့ကို ရောက်လာလို့ပါပဲ။

" မျက်လုံးတစ်ထောင် အတွေးစိတ်ကူး။ စိတ်ကူးလိပ်ပြာ "

လီဖူချန်းက မျက်လုံးတစ်ထောင် အတွေးစိတ်ကူး ပညာရပ်ထဲက အကောင်းဆုံးဖြစ်တဲ့ စိတ်ကူးလိပ်ပြာကို သုံးပြီး ဖုတ်အလောင်းကောင် ဘုရင်ကို ညှို့ယူဖို့ ကြိုးစားလိုက်ပါတယ်။

ဒါပေမဲ့လည်း အလယ်အလတ်အဆင့်  ဖုတ်အလောင်းကောင် ဘုရင်က ခေါင်းတစ်ချက် ခါယမ်းသွားတာကလွဲပြီး ဘာမှ ထွေထွေထူးထူး မဖြစ်သွားခဲ့ပါဘူး။

ကြည့်ရတာတော့  သူ့အပေါ်မှာ ပုံရိပ်ယောင် ပညာရပ်ရဲ့ သက်ရောက်မှုက အဆင့်နိမ့် ဖုတ်အလောင်းကောင် ဘုရင်တွေနဲ့ သိပ်မခြားနားတဲ့ ပုံပါပဲ။

ဝုန်း……

အဲသည်နောက်မှာတော့ အလယ်အလတ်အဆင့်  ဖုတ်အလောင်းကောင် ဘုရင်က သူ့ရဲ့ ညာဘက်လက်ကို မြှောက်ပြီး လေ့တုံးဟိုင်ရဲ့တူရိုက်ချက်ကို ခုခံလိုက်ပါတယ်။ အဲဒါက သူ့ကို နောက်အနည်းငယ်သာ ဆုတ်လိုက်ရစေပေမယ့် လေ့တုံးဟိုင်ရဲ့ လက်မောင်းတွေကတော့ ထုံကျဉ်နေခဲ့ပါပြီ။

" အဆင့်နိမ့် ဖုတ်အလောင်းကောင် ဘုရင်တွေရဲ့ စိတ်ဝိညာဉ် အသိဉာဏ်က မဖွံ့ဖြိုးသေးဘူး။ ဒါကြောင့် ပုံရိပ်ယောင် လှည့်စားမှု အတတ်ပညာရဲ့ သက်ရောက်မှုက သူတို့ကို သိပ်ပြီး မလွှမ်းမိုးနိုင်တာ။ခေါင်းနှစ်လုံး  ဖုတ်အလောင်းကောင် ဘုရင်ရဲ့ စိတ်ဝိညာဉ် နဲ့ အသိဉာဏ်ကတော့ ဖွံ့ဖြိုးစ ပြုနေပြီ။ ဒါကြောင့် သူက ပုံရိပ်ယောင် လှည့်စားမှု အတတ်ပညာအောက်မှာ အလွယ်တကူ ကျရောက်သွားတာ။ အလယ်အလတ်အဆင့်  ဖုတ်အလောင်းကောင် ဘုရင်က အဆင့်အတန်းမှာ သာပေမယ့် စိတ်ဝိညာဉ် အသိဉာဏ်က ခေါင်းနှစ်လုံး ဖုတ်အလောင်းကောင် ဘုရင်တွေကို မီဖို့ အများကြီး လိုသေးတယ်။ ဒါကြောင့် ငါ့ရဲ့ စိတ်ကူးလိပ်ပြာက သူ့အပေါ်မှာ ထိထိရောက်ရောက် သက်ရောက်နိုင်စွမ်း မရှိတာပဲ "

လီဖူချန်းက နောက်ဆုံးမှာတော့ ဖုတ်အလောင်းကောင်တွေရဲ့ အေ့ကာင်းကို နည်းနည်းပါးပါး တီးမိခေါက်မိ ရှိသွားခဲ့ပါပြီ။

သဘောတရားအရ  ဆိုရင်တော့ စိတ်ဝိညာဉ် အသိဉာဏ် ပိုမြင့်တဲ့ ဖုတ်အလောင်းကောင်တွေဟာ ပုံရိပ်ယောင် လှည့်စားမှု အတတ်ပညာအောက်မှာ ကျရှုံးဖို့ ပိုလွယ်ပါတယ်။ပြီးတော့ အဆင့်အတန်း ပိုမြင့်တဲ့ ဖုတ်အလောင်းကောင်တွေဟာ စိတ်ဝိညာဉ် အသိဉာဏ် အပိုင်းမှာ တခြား ဖုတ်အလောင်းကောင်တွေထက် ပိုပြီး ဖွံ့ဖြိုးနေရပါမယ်။

ဒါပေမဲ့လည်း အရိပ်အသူရာချောက်က ထင်သလောက် မရိုးရှင်းပါဘူး။ သည်နေရာမှာက ဥပဒေသတွေ ဖောက်လွဲဖောက်ပြန် ဖြစ်နေတဲ့အတွက် ဖုတ်အလောင်းကောင်တွေရဲ့ စိတ်ဝိညာဉ် ဖွံ့ဖြိုးမှုက အဆင့်အတန်းပေါ် မမူတည်တော့ဘဲ ဖြစ်ချင်သလို ဖြစ်နေပုံပါပဲ။

အဲသည်အတွက် လီဖူချန်းက သူ့ရဲ့ ပုံရိပ်ယောင် လှည့်စားမှု အတတ်ပညာဟာ အဆင့်မြင့် ဖုတ်အလောင်းကောင် ဘုရင်တွေ အပေါ်မှာတောင်မှ သိပ်ပြီး သက်ရောက်မှုရှိမှာ မဟုတ်လောက်ဘူးလို့ တွေးမိလိုက်ပါတယ်။

" အစ်ကိုလေ့…… ကျွန်တော်တို့ သည်နေရာကနေ အမြန်ဆုံး ထွက်ခွာမှ ရတော့မယ် "

အတွေး ဆုံးသွားတာနဲ့  တစ်ပြိုင်နက် လီဖူချန်းက လေ့တုံးဟိုင်ကို လှမ်းပြီး အော်ပြောလိုက်ပါတယ်။

" အစ်ကိုလည်း အဲဒါပြောမလို့ပဲ ……ညီလေးလီ "

လေ့တုံးဟိုင်ကလည်း မငြင်းပါဘူး။ သူက အလျင်အမြန်ပဲ ယွန်လုံ နဲ့ ကူချူးယီတို့ကို နိုးလိုက်ပါတယ်။

ယွန်လုံ နဲ့ ကုချူးယီတို့က ပါးနပ်တဲ့ လူတွေ ဖြစ်တဲ့အတွက် လီဖူချန်းတို့အနေနဲ့ ဘာမှ ထွေထွေထူးထူး ရှင်းပြနေစရာတောင် မလိုခဲ့ပါဘူူ။ သူတို့နှစ်ယောက်က အနီးအနား ပတ်ဝန်းကျင်မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို မြင်လိုက်တာနဲ့ တစ်ပြိုင်နက် ဆုတ်ခွာရတော့မယ် ဆိုတာကို တန်းပြီး သဘောပေါက်သွားကြပါတယ်။

ဒါပေမဲ့လည်း သူတို့ရဲ့ ဆုတ်ခွာမှုဟာ အဆင်ပြေ ချောမွေ့ခြင်းတော့ မရှိခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အလယ်အလတ်အဆင့် ဖုတ်အလောင်းကောင် ဘုရင်က သူတို့လေးယောက်ရဲ့ နောက်ကို တရကြမ်း လိုက်လံပြီး တိုက်ခိုက်နေလို့ပါပဲ။

ဒါပေမဲ့လည်း လီဖူချန်း ရှိနေတာက သူတို့ကို ထွက်ပြေးတဲ့ နေရာမှာ တစ်ပန်း သာစေခဲ့ပါတယ်။ သူ့ရဲ့ ပုံရိပ်ယောင် လှည့်စားမှု အတတ်ပညာက အလယ်အလတ်အဆင့် ဖုတ်အလောင်းကောင် ဘုရင်အပေါ်မှာ ထိထိရောက်ရောက် သက်ရောက်မှု မရှိဘူး ဆိုပေမယ့် အနည်းနဲ့အများတော့ သက်ရောက်နိုင်နေဆဲပါပဲ။ အဲသည်အတွက်ကြောင့်ပဲ သူတို့ဟာ အလယ်အလတ်အဆင့် ဖုတ်အလောင်းကောင် ဘုရင်နဲ့ သူတို့ကြားက အကွာအဝေးကို တဖြည်းဖြည်း ချဲ့ကားလာနိုင်ခဲ့ကြပါတယ်။

သည်လိုနဲ့ပဲ သူတို့ဟာ သူတို့မူလ စခန်းချထားတဲ့ နေရာနဲ့ အတော်လေး ဝေးတဲ့ နေရာတစ်ခုကို ရောက်ရှိလာခဲ့ကြပါပြီ။

" ဟေ့…… ငါတို့နောက် လိုက်လာတဲ့ ဖုတ်အလောင်းကောင်တွေ တဖြည်းဖြည်း နည်းသွားတာကို နင်တို့ သတိထားမိလား "

ကုချူးယီက ရုတ်တရက် အားလုံးကို မေးလိုက်ပါတယ်။

ကုချူးယီ ပြောတာက အမှန်ပါပဲ။ သူတို့နောက်ကို လိုက်လာတဲ့ ဖုတ်အလောင်းကောင် အုပ်ကြီးဟာ ဘယ်အချိန်ကတည်းကနေ စပြီး လျော့နည်းသွားတယ် မသိပါဘူး။ အခု သူတို့နောက်ကို လိုက်နေတဲ့ ဖုတ်အလောင်းကောင် အုပ်ကြီးဟာ အနည်းငယ်သာ ကျန်ရှိပါတော့တယ်။

နောက်ထပ် နေ့တစ်ဝက် အကြာမှာတော့ လီဖူချန်းတို့ လေးယောက်နောက်ကို လိုက်နေတဲ့ ဖုတ်အလောင်းကောင်တွေဟာ တစ်ကောင်မှကို မရှိတော့ပါဘူူး။ တစ်ချိန်တည်းမှာပဲ ပတ်ဝန်းကျင် အခြေအနေဟာ စတင် အေးစိမ့်လာခဲ့ပါပြီ။

လီဖူချန်းက အားလုံးကို သတိပေးလိုက်ပါတယ်။

" အားလုံး သတိထားကြဦး။ အရိပ်အသူရာချောက်ရဲ့ အောက်ပိုင်းအလွှာတွေမှာက  ရိုးရိုး ဖုတ်အလောင်းကောင်တွေသာမက အရိပ် ဖူတ်အလောင်းကောင်တွေလည်း ရှိနေတတ်တယ်။ ကျွန်တော်ကတော့ အရိပ်ဖုတ်အလောင်းကောင်တွေ ရှိတဲ့ နေရာကို ရောက်နေပြီလားလို့ ထင်မိတယ်"

ကောလာဟလ တစ်ခုအရ ဆိုရင်တော့ သည်အရိပ်အသူရာချောက်ကို ဖြစ်ပေါ်စေခဲ့တဲ့ သူတော်စင် နှစ်ပါးထဲက တစ်ပါးဟာ အရိပ်တာအို အပိုင်းမှာ အင်မတန် ထူးချွန်ပြီး နောက်တစ်ပါးကတော့ ရူးသွပ်ခြင်း တာအိုမှာ အင်မတန် ထူးချွန်ပါတယ်တဲ့။

ဒါကြောင့်ပဲ သည်အရိပ် အသူရာ ချောက်ထဲမှာ ရူးသွပ်နေတဲ့ ဖုတ်အလောင်းကောင်တွေ နဲ့ အရိပ် ဖုတ်အလောင်းကောင်တွေ ဖြစ်ပေါ်လာတာ ဖြစ်ရပါမယ်။

" ညီမလေးကု…… သတိထား "

လေ့တုံးဟိုင်က ရုတ်တရက် အော်ဟစ်လိုက်ပြီး ကုချူးယီရဲ့ အနောက်ကို တူနဲ့ ထုချလိုက်ပါတယ်။ ကြည့်ရတာတော့ သူက တစ်စုံတစ်ခုကို မြင်လိုက်ရတဲ့ ပုံပါပဲ။

ဒါပေမဲ့လည်း သူ့ရဲ့ သတိပေးမှုက အတော်လေး နောက်ကျသွားခဲ့ပြီလို့ ဆိုရပါမယ်။

လေ့တုံးဟိုင်ရဲ့ သတိပေးမှု မဆုံးခင်မှာပဲ ဘယ်အချိန်ကတည်းကနေ ဘယ်လို ရောက်နေမှန်း မသိတဲ့ အရိပ်တစ်ခုဟာ ကုချူးယီရဲ့ အရိပ်ထဲကနေ ထွက်လာပြီး သူမကို တိုက်ခိုက်ပြီးနှင့် နေပါပြီ။

ဝုန်း……

အခုလို အတိုက်ခိုက် ခံရမယ်လို့ လုံးဝ မမျှော်လင့်ထားတဲ့ ကုချူးယီကတော့ လွင့်ထွက်သွားပါတော့တယ်။

ဒါပေမဲ့လည်း ကုချူးယီရဲ့ အနောက်မှာတော့ အရိပ်တစ်ခု ရှိနေဆဲပါပဲ။

ကုချူးယီကလည်း သူမရဲ့ အခြေအနေကို သဘောမပေါက်ဘဲ မရှိပါဘူး။  သူမက အဲသည်အရိပ်ကို နှင်ထုတ်ဖို့အတွက် သူမရဲ့ တောက်ပခြင်း  စွမ်းအားတွေကို ထုတ်သုံးလိုက်ပါတော့တယ်။ အဲသည်အခါကျမှာပဲ သူမရဲ့ နောက်ကျောမှာ ရှိနေတဲ့ အရိပ်ဟာ ပျောက်ကွယ်သွားခဲ့ပါတယ်။

ဝေါ့……

ကုချူးယီက သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရပါပြီ။ သူမရဲ့ နောက်ကျောကတော့ အလွန်အမင်း အေးစက်နေပြီး သူမရဲ့ သွေးကြောတွေကလည်း အေးခဲလုမတတ်ပါပဲ။

တကယ်လို့သာ လေ့တုံးဟိုင်က အရိပ်ကို သတိမထားမိခဲ့ဘူး ဆိုရင်တော့ သူမဟာ အခုထက်တောင် အခြေအနေ ဆိုးသွားလောက်ပါတယ်။

" အဲဒါက အရိပ် ဖုတ်အလောင်းကောင်လား "

လီဖူချန်းက မျက်မှောင်ကြုတ်လိုက်မိပါတယ်။သူ့ရဲ့ အာရုံခံစားမှုနဲ့တောင်မှ သူဟာ အရိပ် ဖုတ်အလောင်းကောင် ရှိနေတာကို မခံစားခဲ့မိပါဘူး။ ဒါပေမဲ့လည်း အဲဒါက သူ့အနေနဲ့ သူ့ရဲ့ လိပ်ပြာ အသိစိတ်အာရုံကို ဖြန့်ကျက်မထားလို့လည်း ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။

***

All Chapters