ယိုတု၏ သားတော်
Vol. 37 Ch. 508
“ယမမင်းက မင်းကို အပြစ်ပေးချင်တယ်ဟုတ်လား ... မင်း ဘာလုပ်ခဲ့တာလဲ” ဝမ်ယွမ်ခန်းမထဲတွင် ဂိုဏ်းသခင်ဟောင်းအားလုံး မျက်မှောင်ကြုတ်နေကြပြီး ဂိုဏ်းသခင်ကျို့ယန်က မေးလာသည်။ “မင်းလုပ်ခဲ့တဲ့ ပြစ်မှုက ကြီးလား၊ သေးလား.. ကြီးတယ်ဆို ငါတို့ ပုန်ကန်ကြရင် မကောင်းဘူးလား...”
ကျန်ဂိုဏ်းသခင်များလည်း တမုဟုတ်ချင်း စိတ်လှုပ်ရှားလာကြပြီး ဖုန်းတုထဲရှိ လူသေများကို လှုံ့ဆော်၍ ပုန်ကန်ရန် အစီအစဉ်ဆွဲကြသည်။ ကြွေးကြော်သံများကိုပင် စဉ်းစားပြီးသွားပြီဖြစ်၏။
ချင်မူ ကမန်းကတန်း ဝင်ပြောလိုက်ရသည်။ “ပြစ်မှုက မကြီးပါဘူး... သေးပါတယ် ... ပုန်ကန်စရာ မလိုပါဘူးဗျ... နတ်သက်ကြွေတောင်ကြောပေါ်မှာ အထက်ကောင်းကင်ဘုံက နတ်ဘုရားတွေကို တားခဲ့တုန်းက တိုက်ပွဲကျသွားတဲ့ လူတချို့ရဲ့ မူလဝိညာဉ်တွေကို ပြန်ခေါ်ပြီး အသက်သွင်းပေးမိတဲ့ကိစ္စပါ”
ဂိုဏ်းသခင်ဟောင်းအားလုံး တိတ်ဆိတ်သွားကြ၏။ တခဏကြာသော် ဂိုဏ်းသခင်ဟွေ့ကျွင်းက ပေါင်ကို ဖြန်းခနဲ ချကာ ပြောလိုက်သည်။ “ငါတို့ ဘယ်ရောက်နေတာလဲ ... အလံတွေ... ဟုတ်တယ်...... ပုန်ကန်ဖို့ အလံတွေ သုံးရမယ်။ သိုင်းနတ်ဘုရားရဲ့ အလံတွေ သုံးတာ ကောင်းမယ်ထင်တယ်နော်..”
ချင်မူ ပြုံး၍ ပြောလိုက်သည်။ “ပြစ်မှုသေးသေးလေးပါ....”
“ပြစ်မှုသေးသေးလေး ဟုတ်လား.... ဖုန်းတုက လူတွေကို ပြန်ခေါ်သွားတာ ပြစ်မှုသေးသေးလေး ဟုတ်လား..” ဂိုဏ်းသခင်များက မီးဝင်းဝင်းတောက်နေသည့် မျက်လုံးများဖြင့် သူ့ကို လှည့်ကြည့်ကာ သရော်တော်တော် ပြောကြ၏။ “ကူရာမဲ့တံတားပေါ် လူတွေ ဖမ်းခေါ်ခံလိုက်ရတုန်းက ငါတို့တွေတောင် ကြောက်ခဲ့ရတာဟ... ယိုတု ငါတို့ကို လာတိုက်ခိုက်ပြီလို့တောင် ထင်သွားကြတာ။ ဒီကိစ္စက သေချာပေါက် ပြစ်မှုသေးသေးလေး မဟုတ်ဘူး... ယမမင်း မင်းကို ခေါင်းဖြတ်သတ်လိမ့်မယ်”
“ပြစ်မှုသေးရင် ငါတို့ ဒီတိုင်းထားပြီး ယမမင်းလက်ထဲ နင့်ကို ထည့်ပေးလိုက်မှာ... သူက နင့်တင်ပါးကို နာနာလေး နှစ်ချက်လောက် ရိုက်ပြီးရင် လွှတ်ပေးလိမ့်မယ်.. ဒါပေမဲ့ ဒီကိစ္စက ဖုန်းတုတစ်ခုလုံးကို ထိတ်လန့်စေခဲ့တဲ့ ပြစ်မှုကြီး... အခု ပုန်ကန်ဖို့ပဲ ရွေးချယ်စရာရှိတယ်” စစ်ယွမ်ဝေ့က ပြောသည်။
ခန်းမအပြင်မှ နတ်ဘုရားချိရှို့၏ စိတ်မရှည်သော အသံ ထပ်ထွက်လာသည်။ “ဂိုဏ်းသခင်ချင်... မင်း ထွက်မလာရင် ငါ ဝင်လာပြီနော်”
လူငယ်ဂိုဏ်းချုပ်က ရုတ်တရက် ပြောလိုက်၏။ “ဂိုဏ်းသခင်ချင် ... ယမမင်းက မင်းကို ကိုယ်တိုင်အပြစ်ပေးချင်ရင် ဘာလို့ မြို့ထဲမှာ လွတ်လွတ်လပ်လပ် လျှောက်သွားခွင့်ပေးထားတာလဲ... ပြစ်မှုက တကယ်ပြင်းထန်ရင်... အကျဉ်းချထားသင့်တာ မဟုတ်ဘူးလား”
သူ မေးလိုက်သည့်အခါမှ အားလုံး သတိပြုမိသွားကြသည်။ ချင်မူက အပြစ်သားနှင့် မတူပေ။ ဖုန်းတုထဲရှိ မိတ်ဆွေအပေါင်းအသင်းများဆီသို့ပင် သွားလာလည်ပတ်၍ ရိုက်နှက်နိုင်သေးသည်။
“မင်းကို အပြစ်မပေးခင် ယမမင်း ဘယ်သူတွေနဲ့ တွေ့ခဲ့သေးလဲ”
ချင်မူ ခေါင်းညိတ်လိုက်သည်။ “ရှင်းအန်းရယ်၊ မှော်ဆရာနတ်ဘုရားခွေ့ရယ်နဲ့ တွေ့ခဲ့သေးတယ်.... ရှင်းအန်းကိုတော့ သေကံမစေ့သေးလို့ လွှတ်ပေးလိုက်တယ်။ မှော်ဆရာနတ်ဘုရားခွေ့ကိုတော့ ယိုတုအစီအရင်တွေကြောင့် တစ္ဆေဘုရင်တွေနဲ့ ဝိုင်းစစ်ဆေးကြတယ်။ ယမမင်းက မှော်ဆရာနတ်ဘုရားခွေ့ရဲ့ ကောင်းကင်နတ်သိုင်းတွေကို အရင်လေ့လာဦးမယ်ဆိုပြီး ကျွန်တော့်ကို အရင်ထွက်သွားခိုင်းခဲ့တာ”
“အဲဒီတိုင်းဆို မင့်ပြစ်မှုက သေးတယ်” လူငယ်ဂိုဏ်းချုပ်က ပြုံးလိုက်သည်။ “ငါသိသလောက် ရှင်းအန်းရဲ့ ပြစ်မှုတွေက ကြီးပေမယ့် ယမမင်းက သူ့ကို လွှတ်ပေးလိုက်သေးတယ်။ မှော်ဆရာနတ်ဘုရားခွေ့ကလည်း... ယိုတုရဲ့နတ်ဘုရားတစ်ပါးဆိုတော့ ... သူ့ပြစ်မှုတွေက ပိုလိုတောင် ဆိုးရွားဦးမှာ။ သူတို့ကို အရင်အပြစ်ပေးခဲ့တယ်ဆိုတော့ သူတို့ပြစ်မှုတွေက မင့်ပြစ်မှုထက် ပိုကြီးတယ်လို့ ဆိုလိုတယ်။ မင်းပြစ်မှုက သူတို့ပြစ်မှုတွေထက် အများကြီးသေးလိမ့်မယ်။ နတ်ဘုရားချိရှို့နောက် လိုက်သွား ... ယမမင်း မင်းကို ဒုက္ခမပေးပါဘူး”
ဂိုဏ်းသခင်များက ခေါင်းညိတ်၍ ပြောလိုက်သည်။ “လိုက်သွား... ယမမင်း မင်းကို သတ်ချင်ရင် ငါတို့ သူသတ်ကုန်းနဲ့ ပြန်လည်မွေးဖွားရာလမ်းကို သွားသိမ်းလိုက်မယ်”
ချင်မူ စိတ်အေးသွားပြီး ဝမ်ယွမ်ခန်းမမှ ထွက်လိုက်သည်။ နတ်ဘုရားချိရှို့က ကျောက်ခြင်္သေ့ကြီးတစ်ကောင်၏ ခေါင်းပေါ်တွင် ထိုင်လျက် အမွှေးများကို သပ်နေ၏။ ချင်မူ ထွက်လာသည်ကို မြင်လျှင် သူက အမွှေးများကြားထဲမှ နှုတ်သီးပြန်ရုတ်ကာ ပြောလိုက်သည်။ “ငါ့နောက်လိုက်ခဲ့”
ချင်မူက လမ်းလျှောက်နေရင်း မေးလိုက်သည်။ “နောင်တော်ချိရှို့၊ ယမမင်း ကျွန်တော့်ကို ဆင့်ခေါ်နေတာက....”
“စကားမပြောနဲ့ မင်းမှာ လူအနံ့ ရှိသေးတယ်” ချိရှို့က ပြော၏။ “အသက်ရှိသေးတဲ့လူတွေကို ငါ မုန်းတယ်... မင်း အသက်ထွက်သွားရင်တော့ မင်းအသံက ပိုနားဝင်ချိုလာမှာပါ။ ပြီးတော့ ယမမင်းက မင်းကို ဆင့်ခေါ်နေတာမဟုတ်ဘူး... စစ်ဆေးမေးမြန်းချင်နေတာ”
သူတို့ ဘုရင်ချင်ခန်းမသို့ ရောက်လာကြပြီး ချင်မူ ခန်းမ၏အရှေ့သို့ ကြည့်လိုက်သည်။ လုံးထွေးသတ်ပုတ်နေသော အသားလုံးကြီးတစ်လုံး တွေ့လိုက်ရ၍ ရှင်းအန်း တခြားသူများ၏ ခန္ဓာကိုယ်အစိတ်အပိုင်းများကို မစွန့်လွှတ်နိုင်သေးမှန်း သိလိုက်ရ၏။
‘ရှင်းအန်းလို ဉာဏ်ရှိတဲ့ လူတစ်ယောက်တောင် ရရှိထားတဲ့ အကျိုးအမြတ်တွေကို ပစ်ချခဲ့ဖို့ ဝန်လေးနေတယ်... လောဘကြောင့် စုံလုံးကန်းတယ်ဆိုတာ ဒါမျိုးကို ပြောတာနေမှာ’
သူ ခေါင်းယမ်းမိသည်။ ရှင်းအန်းသည် ပြတ်ပြတ်သားသား မဆုံးဖြတ်နိုင်ဘဲ အချိန်ဆွဲနေသော်လည်း အံ့ဩစရာမရှိပေ။ သူ့တစ်ဘဝတစ်လျှောက်လုံး အခြားသူတို့၏ ခန္ဓာကိုယ်အစိတ်အပိုင်းများကို စုဆောင်း၍ သူ့အပိုင်လုပ်ခဲ့သည် မဟုတ်ပါ၏လော။ ထိုအစိတ်အပိုင်းများကို စွန့်ပစ်လိုက်လျှင် သူ့လမ်းစဉ်နှင့် သူ့ဘဝတစ်ခုလုံးကို စွန့်ပစ်လိုက်သကဲ့သို့ ဖြစ်မည်။ အမှန်ပင် လက်ခံရခက်၏။
လူတစ်ယောက်သည် အောင်မြင်မှုကြီးမားပြီး စိတ်မာလေလေ၊ သူ့ကိုယ်သူနှင့် ခံယူချက်ကို ပြောင်းလဲရန် ခက်ခဲလေလေ ဖြစ်၏။ ထိုလူ့အတွက် သူ့အမှားသူ ဝန်ခံရန်လည်း ခက်ခဲသည်။
“မိုးလင်းပြီ”
ရုတ်တရက် ဖုန်းတုမြို့ထဲမှ သတိပေးအော်သံများ ထွက်လာ၍ အသံလာရာသို့ ချင်မူ လှမ်းလိုက်မိသည်။ ခန်းမဆောင်များ၏ အမိုးများထက်တွင် ဧရာမသားရဲကြီးများက မိုးကောင်းကင်သို့ မော့ကြည့်လျက် အော်ဟစ်နေကြောင်း တွေ့လိုက်ရ၏။ “အိမ်အားလုံး၊ မြို့အားလုံး သတိထားကြ.... မိုးလင်းနေပြီ”
ဖုန်းတုမြို့ထဲ၌ ပျံဝဲနေသော ဝိညာဉ်များ အရပ်လေးမျက်နှာသို့ ထွက်သွားကြသည်။ မြေပြင်ပေါ်တွင် အင်အားကြီးမားသော နတ်ဘုရားများနှင့် မိစ္ဆာနတ်ဆိုးများမှာ ဟိုပြေးသည်ပြေးရင်း ပုန်းစရာနေရာ လိုက်ရှာနေကြ၏။
ချင်မူ အတန်ငယ် မှင်သက်သွား၍ မေးလိုက်မိသည်။ “နတ်ဘုရားချိရှို့... မိုးလင်းရင် ဘာဖြစ်မှာလဲ”
နတ်ဘုရားချိရှို့က စိုးရိမ်ကြောင့်ကြဟန်မရှိပေ။ “နေထွက်လာတာပေါ့.... သူတို့မပုန်းကြရင် နေရဲ့ သန့်စင်ယန်မီးလျှံတွေက သူတို့ကို လောင်ကျွမ်းပြာချပစ်လိမ့်မယ်... နေက မင်း ဖုန်းတုအပြင်မှာ မြင်ခဲ့ရတဲ့ နေနဲ့ မတူဘူး”
ချင်မူမှာ စိတ်ရှုပ်ထွေးသွားတော့သည်။ ရုတ်တရက် အမှောင်ထုက လျင်မြန်စွာ ဆုတ်ခွာသွားပြီး မြူခိုးဝေနေသော ဖုန်းတုမှာ လင်းထိန်လာ၏။
ဖုန်းတု၏ နေ့အချိန်ကို ချင်မူ ပထမဆုံး မြင်ဖူးခြင်းဖြစ်သည်။ နတ်ဘုရားများ၊ မိစ္ဆာနတ်ဆိုးများဖြင့် စည်ကားနေခဲ့သည့် လမ်းမများမှာ တမုဟုတ်ချင်း တိတ်ဆိတ်ခြောက်ကပ်သွားသည်။ ဖုန်းတုမြို့သားအားလုံး တံခါးများကို စေ့နေအောင် ပိတ်ထားကြပြီး လျှောက်သွားနေသော ဝိညာဉ်များလည်း အသူရာချောက်ထဲ၌ ဝင်သွားကြချေပြီ။ ခေါင်းမိုးများအထက်ရှိ သားရဲကြီးများလည်း ပုန်းအောင်းနေကြ၍ ဖုန်းတုတစ်ခုလုံး လူသူကင်းမဲ့လျက် တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။
ထို့နောက် အဖြူရောင်အလင်းတန်းများက နီရဲတောက်ပလာပြီး မိုးကုပ်စက်ဝိုင်းမှ မီးဟုန်းဟုန်းတောက်နေသည့် ဧရာမနေလုံးကြီးတစ်လုံး မြောက်တက်လာသည်။ တခဏအတွင်း မီးတောက်မီးလျှံများသည် ပင်လယ်ကြီးတစ်စင်း တဝေါဝေါ စီးဆင်းလာသကဲ့သို့ အရှေ့အရပ်မှ စတင်ဖြာထွက်လာကာ မိုးကောင်းကင်နှင့် မြေပြင်ကို လွှမ်းခြုံသွား၏။ လမ်းကြိုလမ်းကြားမကျန်၊ နန်းဆောင်၊ အိမ်များအားလုံး မီးပင်လယ်ထဲ ရောက်သွားသည်။
အလျှံတညီးညီး တောက်လောင်နေသော အစစ်အမှန်ယန်မီးလျှံတို့က ဖုန်းတုမြို့များကို ဝါးမြိုလိုက်၍ ပူပြင်းလှသည့် မီးအရှိန်ကြောင့် နေရာဟင်းလင်းပြင်ပင် ကွေးညွတ်သွားသကဲ့သို့ ထင်ရပေသည်။
ယန်မီးလျှံများကြားတွင် ချင်မူ ရပ်နေရာမှ ... သူ၏အရိုးစုကိုယ်ပေါ်၌ အသွေးအသားများ၊ အကြောများ တဖြည်းဖြည်း ပေါ်လာသည်ကို မြင်လိုက်ရသည်။ ငုံ့ကြည့်လိုက်သည့်အခါ နံရိုးများအတွင်းရှိ အူ၊ အသည်း၊ ကလီစာများကိုပင် တွေ့ရ၏။
ထိုစဉ် နတ်ဘုရားများ၊ မိစ္ဆာနတ်ဆိုးများ ပုန်းနေသော ခန်းမတစ်ခု၏ ပြတင်းပေါက်ဆီသို့ သူ့အကြည့် ရောက်သွားရာတွင် .... သူတို့၏အသွေးအသားများ တစတစ လွင့်ပါးပျောက်ကွယ်သွားပြီး အရိုးဖြူဖြူများ ပေါ်လာနေသည်ကို မြင်လိုက်ရသည်။
ယန်မီးလျှံတို့က သူ့အတွက် အန္တရာယ်မရှိသော်လည်း ... ဖုန်းတု၏ နတ်ဘုရားမိစ္ဆာနတ်ဆိုးများ၏ ရုပ်ခန္ဓာများအား မီးလောင်တိုက်သွင်း၍ မူလဝိညာဉ်များကိုလည်း လောင်ကျွမ်းပြာချပစ်နိုင်၏။
အရှေ့အရပ်တွင် နေလုံးကြီးက ပူပြင်းသထက် ပူပြင်းလာကာ နီရဲတောက်ပနေတော့သည်။ တုနှိုင်းမဲ့ ပြိုင်ဘက်ကင်းလောက်အောင် ကြီးမားလှသည့် နန်းတော်ခန်းမများအား နေလုံးကြီး၏အပေါ်တွင် ဝိုးတိုးဝါးတား မြင်နေရသည်။ နန်းတော်ခန်းမများအရှေ့၌ ဧရာမဗုံကြီးများ ရှိနေ၏။ တောက်ပခံ့ညားသော နတ်ဘုရားများက ဗုံကြီးများကို ပြင်းပြင်းထန်ထန် တီးရင်း နေမီးလျှံတို့အား ဖုန်းတုဆီသို့ ပို့လွှတ်နေကြသည်။
နေပေါ်တွင် အထွတ်အမြတ်ခန်းမတစ်သောင်း၊ ဗုံတစ်သောင်း၊ အရူးအမူး ဗုံတီးနေသော နတ်ဘုရားတစ်သောင်း ရှိကြသည်။ နေမီးလျှံတို့က တဝုန်းဝုန်း တောက်လောင်၍ ဖုန်းတုကို လွှမ်းခြုံနေတော့၏။
“ဒါက...”
ချင်မူ စိတ်နှလုံးတုန်လှုပ်သွားသည်။ ရုတ်တရက် စူးစူးဝါးဝါး အော်သံကြီး ကြားလိုက်ရ၍ သူ နောက်လှည့်ကြည့်သည့်အခါ ရှင်းအန်း၏အသားလုံးကြီးမှာ နေမီးလျှံတို့ဖြင့် မီးစွဲလောင်နေသည်ကို မြင်လိုက်ရ၏။ မျက်နှာပေါင်းများစွာက ရှုံ့မဲ့ရုန်းကန်ရင်း နာကျင်စွာ အော်ဟစ်နေကြသည်။
ယန်မီးလျှံ၏ လောင်ကျွမ်းပြာချပစ်မှုကြောင့် ခန္ဓာကိုယ်များ တဖြည်းဖြည်း ပျောက်ကွယ်ကုန်၍ ရှင်းအန်း၏ကိုယ်အစစ် ပေါ်လာသည်။ ရှင်းအန်းမှာလည်း မချိမဆန့် ခံစားနေရသည်။ သူက ငေါက်ခနဲ ထကာ ကူရာမဲ့တံတားထဲသို့ ခုန်ဆင်းသွား၏။ မြစ်အောက်ရှိ မြူများ တဖွေးဖွေး လှုပ်လာပြီး မကောင်းဆိုးဝါးများက သူ့ကို စားရန် ရွေ့လျားလာကြသည်။
“ရှင်းအန်း”
ချင်မူ မြစ်ကမ်းဘေးသို့ ကပျာကယာ သွားလိုက်မိသည်။ မြူများက နေမီးလျှံများကို ခုခံရန် သိပ်သည်းပိတ်ပိန်းနေသောကြောင့် ရှင်းအန်၏အရိပ်အယောင် မတွေ့ရတော့ပေ။
“သူ ယိုတုထဲ ကျသွားတာ” နတ်ဘုရားချိရှို့က တောင်ပံတဖတ်ဖတ် ခတ်လိုက်သည်။ မီးလျှံများ သူ့အပေါ် သက်ရောက်မှုမရှိသော်လည်း သူက လောနေ၏။ “မြန်မြန် ယမမင်း မင်းကို စောင့်နေတယ်”
ချင်မူ စိတ်အားတင်း၍ ဘုရင်ချင်၏ခန်းမထဲသို့ ဝင်လိုက်သည်။
ခန်းမထဲတွင် ယမမင်းသည် အနက်ရောင်ခြုံထည်ကြီးအား ခြုံလွှမ်းထားဆဲ ဖြစ်၏။ သူ၏မျက်နှာနှင့် ခန္ဓာကိုယ်၏ အမှောင်ထုထဲ ငုပ်လျှိုးနေသည်။ ချင်မူ ဘေးဘီဝဲယာသို့ ကြည့်လိုက်သည့်အခါ တစ္ဆေဘုရင်များကို မမြင်တွေ့ရပေ။
“ချိုရှို့ သွားလို့ရပြီ” ယမမင်းက ဘုရင်ချင်ခန်းမထဲရှိ ပလ္လင်ထက်၌ ထိုင်နေသဖြင့် သူ့အသံက အပေါ်စီးမှ ထွက်လာသည်။
“မှန်ပါ့” နတ်ဘုရားချိရှို့က ဘုရင်ချင်ခန်းမထဲမှ ထွက်သွားသည်။
ပလ္လင်ထက်တွင် ယမမင်းက စာအုပ်တစ်အုပ်ကို လှန်နေ၍ စာရွက်သံများ ထွက်လာသည်။ သူနှင့် ချင်မူသာ အထဲ၌ ကျန်ခဲ့ပြီး သူ့ကြည့်ရသည်မှာ နေထွက်လာလည်း အရေးမစိုက်ပုံရ၏။
ချင်မူ အနေရခက်နေသော်လည်း မည်သို့မျှမတတ်နိုင်ပေ။ တခဏကြာသော် ယမမင်းက မတ်တပ်ထရပ်လိုက်၍ ဘုရင်ချင်ခန်းမထဲရှိ အလင်းရောင်များ မှိန်ကျသွား၏။ ချင်မူမှာ အမှောင်ထုထဲ ရောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။
“မင်းက ရွှင်ပျော်ပျော်ကျေးရွာကလား... မင်းအဖေ ဘယ်သူလဲ”
ရုတ်တရက်ကြီး ထမေးလိုက်သောကြောင့် ချင်မူ အတန်ငယ် မှင်သက်သွားသည်။ “ကျွန်တော့်အဖေက ချင်ဟန်ကျန်း။ ကျွန်တော့်မွေးရပ်မြေက ရွှင်ပျော်ပျော်ကျေးရွာ ဖြစ်သင့်ပေမယ့် အဲဒီမှာ မွေးတာ မဟုတ်....”
“ချင်ဟန်ကျန်းလား” ယမမင်းက သူ့ကို စိုက်ကြည့်ပြီးနောက် ခပ်တိုးတိုး ပြောနေသည်။ “ဟန်မျိုးဆက်အထိ ရောက်သွားတာလား... ယွီ၊ ဒယ်၊ ချန်း၊ မင်၊ ဟန်၊ ဖုန်း၊ ဟွမ်၊ ကျန်း။ မင်းရဲ့ ဟန်မျိုးဆက်က မျိုးဆက်တစ်ရာ ကျော်လောက်ပြီ...”
သူက ဖတ်နေသော စာအုပ်ကို ကောက်၍ ဟန် စာလုံးကို ရှာလိုက်သည်။ “ဟန်က တစ်ရာ့ခြောက်မြောက် မျိုးဆက်၊ ဖုန်းက တစ်ရာ့ခုနစ်မြောက် မျိုးဆက်... မင်းနာမည်အရင်းက ချင်မူ မဟုတ်ဘူး... ဖုန်း စာလုံး ပါသင့်တယ်”
ချင်မူ ခေါင်းညိတ်လိုက်သော်လည်း နာမည်အရင်းကို မပြောမိပေ။
မှော်ဆရာသခင်နှင့် ဆုံတွေ့ပြီးကတည်းက အခြားသူများ သူ့နာမည်အရင်းသိနေခြင်းက မည်မျှအန္တရာယ်များကြောင်း သဘောပေါက်ခဲ့သည်။ ဖုန်းတုကို အုပ်စိုးသော ယမမင်းဆိုလျှင် ပို၍ပင် အန္တရာယ်များသေး၏။
ယမမင်းတွင် ဘုရင်ချင်၏ခန်းမ ရှိနေပြီး ချင်မိသားစု၏ အိမ်ထောင်စုစာရင်းစာအုပ် ပိုင်ဆိုင်ထားသည်ဆိုစေဦးတော့... ချင်မူ သတိထားရလိမ့်မည်။
“မင်း ငါ့ကို နာမည်အရင်းမပြောတာ မှန်တယ်။ ကမ္ဘာကြီးက တကယ်ကို အန္တရာယ်များတာကိုး” ယမမင်းက ပြော၏။ “ငါ့မျိုးရိုးကလည်း ချင်ပဲ .... ဒါပေမဲ့ မွေးစားခံထားရတာ။ ငါက အရင်တုန်းက အားကိုးစရာလူ မရှိတဲ့ တစ်ကောင်ကြွက်တစ်ယောက်ပဲ... အရှင်မင်းကြီးက ငါ့ကို ချင်မိသားစုရဲ့ အိမ်ထောင်စုစာရင်းထဲ ထည့်ပေးခဲ့လို့သာ ငါ့မျိုးရိုးက ချင်ဖြစ်သွားတာပါ”
ချင်မူ နားလည်သွား၏။ ယမမင်းသည် ချင်မိသားစုမှ မဟုတ်၊ မွေးစားခံခဲ့ရသော ကလေးတစ်ယောက်အနေဖြင့် ချင်မျိုးရိုးကို ယူခဲ့ခြင်း ဖြစ်ချေသည်။
“ရွှင်ပျော်ပျော်ကျေးရွာက ဧည်သည့်ကို မမြင်ရတာ အတော်ကြာပြီ” ယမမင်းက သူ့ဆီသို့ လျှောက်လာသည်။ မီးတောက်မီးလျှံများ လွှမ်းခြုံနေသော ဖုန်းတုကို ကြည့်ရင်း ပြောလိုက်၏။ “အစတုန်းက အရှင်မင်းကြီး ရွှင်ပျော်ပျော်ကျေးရွာကနေ ဒီကို ပြန်လာလိမ့်မယ် ထင်ထားခဲ့ပေမယ့် .... နှစ်နှစ်သောင်းသာ ကြာသွားတယ်။ သူ့ကို မတွေ့ရသေးဘူး... သူ့ရဲ့ တစ်ရာ့ခုနစ်ဆက်မြောက် မျိုးဆက်ပဲ ရောက်လာတယ်တဲ့လေ... မင်း ငါ့ဆီကနေ ဝိညာဉ်တွေ လုဖို့ ယိုတုကောင်းကင်နတ်သိုင်း သုံးလိုက်တုန်းက မင့်ရုပ်သွင်က အရှင်မင်းကြီးနဲ့ တူနေလို့ ငါ မတားခဲ့တာပဲ”
ချင်မူ သံသယများ ရှိနေသေး၍ သွေးတိုးစမ်းကြည့်လိုက်သည်။ “ခိုင်ဧကရာဇ် အသက်ရှင်နေသေးတယ်လို့ ဆိုလိုတာလား”
ယမမင်း၏မျက်နှာသည် အနက်ရောင်ဝတ်ရုံထဲ၌ မြုပ်နေ၏။ အပူပြင်းဆုံး မီးတောက်များပင် ခြုံထည်အောက်ရှိ အမှောင်ထုအား မထိုးဖောက်နိုင်ပေ။ “အရှင်မင်းကြီး အသက်ရှင်နေသေးတယ်။ ရွှင်ပျော်ပျော်ကျေးရွာ ဖွင့်လှစ်ပြီးတဲ့နောက်ပိုင်း သူ အင်အားစုပြီး တန်ပြန်တိုက်ခိုက်ဖို့ ကျန်ခဲ့တဲ့နတ်ဘုရားတွေနဲ့အတူ ဒီကမ္ဘာကနေ ထွက်သွားတယ်... အရှင်မင်းကြီးက အင်အားကြီးမားပြီး အမျှော်အမြင်ရှိတယ် .... ဒါကြောင့် အန္တရာယ်လာနေမှန်း ကြိုသိခဲ့လို့ အချိန်မှီ မထွက်သွားနိုင်ခဲ့တဲ့ နတ်ဘုရားတွေအတွက် ခိုလှုံရာအဖြစ်... ဖုန်းတုကို ဖွင့်လှစ်ခိုင်းခဲ့တာပဲ... ငါတို့ ဦးပြန်မော့နိုင်မယ့်နေ့ကို မျှော်လင့်ရင်းပေါ့လေ.... အခုတော့ စောင့်ခဲ့ရတာ နှစ်နှစ်သောင်း ကြာပြီ.. စောစောက မင်း ရွှင်ပျော်ပျော်ကျေးရွာမှာ မွေးတာမဟုတ်ဘူး ပြောခဲ့တာမလား... ဒါဆို မင်း ဘယ်မှာ မွေးခဲ့တာလဲ”
ချင်မူ အတန်ကြာ တိတ်ဆိတ်နေပြီးနောက် ဖြေလိုက်သည်။ “ယိုတု”