ယိုတု၏ လုလီ
Vol. 37 Ch. 511
ရှင်းအန်း မျက်လုံးဖွင့်၍ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ သူ့ခန္ဓာကိုယ်မှ အပိုထွက်နေသော ခန္ဓာကိုယ်အစိတ်အပိုင်းမျိုးစုံ ရှိနေသေး၏။ ထိုမျှမက ရေဘဝဲလို မကောင်းဆိုးဝါးတစ်ကောင်က သူ့ကျောတွင် ကပ်နေပြီး သန်မာလှသော လက်များဖြင့် သူ့ကို တင်းတင်းရစ်ပတ်ထားသည်။
ထိုမကောင်းဆိုးဝါး သူ့ကို ရစ်ပတ်ထား၍ပင် သူ သတိလစ်မေ့မျောသွားခြင်း ဖြစ်သည်။
“စကားပြောနေတာ ဘယ်သူလဲ” သူ အားနည်းဖျော့တော့စွာ မေးလိုက်မိသည်။
“သက်ရှိကမ္ဘာက စိတ်ဝင်စားစရာ လူတစ်ယောက်ပါလား... ရှင်းအန်း၊ မင်း ဒီလိုအခြေအနေအထိ ရောက်ပြီးမှ သက်ရှိကမ္ဘာဆီ ပြန်ချင်တုန်းပဲလား”
အသံပိုင်ရှင်က သူ့ကို လှည့်ပတ်နေသည်။ အသံက တစ်ချက်တစ်ချက် ဘယ်မှ ထွက်လာပြီး တစ်ချက်တစ်ချက် ညာမှ ကြားရသည်။ တစ်ချက်တစ်ချက် အပေါ် ရောက်နေတတ်ပြီး တစ်ချက်တစ်ချက် အောက်ရောက်နေတတ်သည်။ အမှောင်ထုထဲ၌ ကူးခတ်နေသော ငါးတစ်ကောင်ပမာ ထင်ရ၏။
“မင်းက နှစ်ငါးရာမှာ တစ်ခါပေါ်တဲ့ ပါရမီရှင်တစ်ဦးဖြစ်ပေမယ့် အခုလို အခြေအနေမျိုး ရောက်သွားတယ်တဲ့လား... ငါ တကယ် နှမြောလွန်းလို့ သက်ပြင်းချမိပါတယ်။ ဒီလိုပုံစံနဲ့ သက်ရှိကမ္ဘာက လူတွေကို မင်းဘယ်လို ရင်ဆိုင်မလဲ”
မကောင်းဆိုးဝါးက ရှင်းအန်းကိုယ်ပေါ်ရှိ ခြေလက်များကို ချုပ်ထားသဖြင့် ရှင်းအန်း အသက်ရှူချောင်သွားသည်။ ယခင်က သူ့မှာ ဘဝတစ်လျှောက်လုံး ခံစားခဲ့ရဖူးသည်ထက် ပိုမိုပြင်းထန်သော နှိပ်စက်ရိုက်ပုတ်မှုများကို ခံနေခဲ့ရ၏။ တစ်ခါမျှ ထိုမျှအခြေအနေဆိုးပြီး ကူကယ်ရာ မမဲ့ခဲ့ဖူးပေ။
သို့တိုင်အောင် ယခုတွင် ယိုတုသို့ ရောက်နေသဖြင့် သူ စိတ်အေးအေးလည်း မထားနိုင်ပေ။
မြစ်ထဲသို့ ခုန်ချပြီးနောက်မှ သူ ရောက်သွားမည့်နေရာမှာ သေဆုံးသူတို့ နစ်မြုပ်သွားသည့် နေရာဖြစ်မှန်း သိလိုက်ခြင်းဖြစ်၏။ ရှင်းအန်း မျှော်လင့်ချက်မရှိခဲ့ပေ။ ယိုတုသည် မြေအောက်ဘုံအရှင်သခင် အုပ်စိုးသော ကမ္ဘာဖြစ်သည်သာမက ယိုတုထဲ ဝင်ပြီးနောက် အသက်ရှင်လျက် ပြန်ထွက်လာသူဟူ၍ သူ တစ်ခါမှ မကြားခဲ့ဖူးပေ။
ဖုန်းတုထဲသို့ တိုးဝင်ခဲ့ပြီးနောက် ယိုတုသို့လည်း တိုးဝင်မိခဲ့ချေပြီ။ ကောင်းကင်ဘုံက အဘယ်အကြောင်းရင်းများကြောင့် သူ့ကို မျက်နှာသာမပေးခဲ့သနည်း။
“မင်းက ဘာလဲ။ ဘာမလို့ ငါ့ကို လှောင်နေတာလဲ”
ရှင်းအန် ယိုင်ယိုင်နဲ့နဲ့ သက်ပြင်းမှုတ်ထုတ်လိုက်မိသည်။ မကောင်းဆိုးဝါးလက်ထဲမှ ရုန်းထွက်ချင်ပါသော်လည်း သူ့တွင် အားတစ်စက်မှ မရှိပေ။ ရုန်းထွက်လိုက်လျှင်လည်း ကျန်ခန္ဓာကိုယ်အစိတ်အပိုင်းများက သူ့ကို ရိုက်ပုတ်ဆဲဆိုလိမ့်မည်။ ခန္ဓာကိုယ်အစိတ်အပိုင်းများ၏ ရန်မှ လွတ်မြောက်သွားလျှင်လည်း သူ့သက်တမ်းက သိပ်မကျန်တော့၍ ယိုတုတွင် သေရလိမ့်မည်။
“ငါ့နာမည်က လုလီ” အသံက ရွေ့လျားမနေတော့ဘဲ ပြောလာသည်။ “ဘယ် ရွှမ်မင်၊ ညာ ဟန်လဲ့၊ ရှေ့ လုလီ၊ နောက် ကျွယ်ဟွမ်”
ရှင်အန်း အသက်ကို ရှိုက်၍ ရှူလိုက်၏။ “လုလီဟုတ်လား... မင်း ငါ့ကို သက်ရှိကမ္ဘာဆီ ပြန်ချင်သေးလား မေးခဲ့တယ်နော်... အေး ငါ သက်ရှိကမ္ဘာဆီ ပြန်ချင်သေးတယ်”
“ငါ ပြောလိုက်တဲ့ ကဗျာ အဓိပ္ပါယ်ကို မင်းမသိဘူးလား” အသံမှာ စိတ်ပျက်သွားပြီး သက်ပြင်းချလိုက်သည်။ “ရွှမ်မင်၊ ဟန်လဲ့၊ လုလီနဲ့ ကျွယ်ဟွမ်တို့ကိုတောင် မသိဘူးဆိုတော့ သက်ရှိကမ္ဘာရဲ့ ထိပ်တန်းသိုင်းပညာရှင်ကြီးက ဗဟုသုတနည်းလွန်းလိုက်တာ... အဲဒီလောက်ထိ အသိဉာဏ်နိမ့်ကျကုန်ကြပြီလား... ထားပါတော့ ငါ မင်းကို မလှောင်တော့ပါဘူး... ငါက မင်းကို သက်ရှိကမ္ဘာဆီ ပြန်ပို့ပေးနိုင်သလို၊ မင်းရဲ့ ရုပ်ခန္ဓာပြဿနာကိုလည်း ဖြေရှင်းပေးနိုင်တယ်။ မင့်မရဏမှတ်တမ်းကိုတောင် ဖျောက်ပေးပြီး သက်တမ်းစေ့ရင် မသေအောင်လည်း လုပ်ပေးနိုင်သေးတယ်”
ရှင်းအန်း၏အမူအရာ ပျော့ပျောင်းသွားပြီး သူက မေးလိုက်သည်။ “ငါ ဘာလုပ်ပေးရမှာလဲ”
“ဒါကြောင့် ဉာဏ်ကောင်းတဲ့လူတွေက ပြောရဆိုရကောင်းတာ” လုလီက ပြောသည်။ “လွန်ခဲ့တဲ့ဆယ်နှစ်က ယိုတုမှာ မွေးဖွားလာပြီး ယိုတုရဲ့ ချီကို စုပ်ယူခဲ့တဲ့ ကလေးတစ်ယောက် ရှိတယ်။ သူ အခု ယိုတုအပြင် ရောက်နေတယ်။ မင်း သူ့ကို ပြန်ခေါ်လာပေးရမယ်... ငါ့ရုပ်ခန္ဓာက သန်မာအားကောင်းလွန်းတော့ ယိုတုနဲ့ သက်ရှိကမ္ဘာကြားက စည်းကို ဖြတ်သွားလို့မရဘူး။ ဒါကြောင့် မင်းက ငါ ခိုင်းတာ လုပ်ပေးရမှာ”
“အဲဒီကလေးကို ငါ ဘယ်လိုရှာရမှာလဲ” ရှင်းအန်းက မေးလိုက်သည်။
“ရိုးရိုးလေးပဲ။ သူ့မှာ ကျောက်စိမ်းလည်ဆွဲ ရှိတယ်။ လည်ဆွဲပေါ်က သင်္ကေတအမှတ်အသားက ဘာနဲ့မှမတူဘူး။ ချင်ဆိုတဲ့ စာလုံး ရေးထားသေးတယ်... မင်းမြင်တာနဲ့ သိမှာပါ” လုလီက ရှင်းပြ၏။ “သူက အခုဆို ဆယ့်ခုနစ်နှစ် ဆယ့်ရှစ်နှစ်လောက် ရှိလောက်ပြီ... နှစ်ခြောက်ဆယ်စက်ဝန်းရဲ့ ပထမနှစ်၊ ၁၂ လပိုင်း ၈ရက်နေ့မှာ မွေးတာ.... သူ့ကျောက်စိမ်းလည်ဆွဲရဲ့ ပုံစံကို ငါ ဆွဲထားတယ်”
ပန်းချီကားတစ်ခု ပျံသန်းလာပြီး ရှင်းအန်းကို ချုပ်ထားသော မကောင်းဆိုးဝါးကြီး၏ လက်တံများလည်း အမှောင်ထုထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်။
တစ်ချိန်တည်းမှာပင် ရှင်းအန်း၏ကိုယ်ပေါ်ရှိ ခန္ဓာကိုယ်အစိတ်အပိုင်းများမှာ စတင်ပုပ်သိုးလာပြီး ခေါင်းများ၊ လက်များ၊ ခြေထောက်များနှင့် ခန္ဓာကိုယ်များ ပြတ်ကျကုန်၏။ ရှင်းအန်း သူ၏မူလခန္ဓာကိုယ်ကို ပြန်လည်ခံစားလိုက်ရသဖြင့် ရင်ထဲတွင် ပြင်းပြင်းထန်ထန် တုန်လှုပ်သွားသည်။ ပန်းချီကားအား သူ ကပျာကယာ လှမ်းဆွဲလိုက်မိ၏။
ထိုအခါ လုလီ၏အသံက သူ့နားဘေးမှ ထွက်လာသည်။ “ဒီကလေးကို တွေ့အောင်ရှာ။ သတ်ပစ်ချင် သတ်ပစ်၊ ဖမ်းချင်ရင် ဖမ်းလာ။ ဒါပေမဲ့ သူ့ဝိညာဉ်ကိုတော့ မပြိုကွဲစေနဲ့... ငါ သူ့ဝိညာဉ်ကို အကောင်းပကတိတိုင်း လိုချင်တယ်။ ဆံမျှင်လေးတစ်မျှင် မရှိရင်တောင်မှ မင်း အသေဆိုးနဲ့ သေစေရမယ်”
အသံ စကားပြောပြီးသည့်အခါ ရှင်းအန်း၏ကိုယ်ပေါ်တွင် ခန္ဓာကိုယ်အစိတ်အပိုင်းများ ပြန်လည်ပေါက်လာ၏။
လုလီ၏ ရယ်သံများ ပျံ့လွင့်နေစဉ် ရှင်းအန်း၏ခန္ဓာကိုယ်မှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။ သူ ဇောချွေးများ ပြန်လာလေသည်။
“ငါ မင်းကို မှန်တစ်ချပ်ပေးမယ်။ အဲဒီကလေးကို ရှာတွေ့ရင် ဟုတ်လား၊ မဟုတ်လား မှန်နဲ့ အတည်ပြုလို့ရတယ်” အမှောင်ထုထဲမှ မှန်တစ်ချပ် ထွက်လာပြီး ရှင်းအန်းလက်ထဲသို့ ဆင်းသက်လာသည်။ လုလီက ဟက်ခနဲ ရယ်လျက် ပြောလိုက်၏။ “ဒီမှန်က သူ့သရုပ်မှန်ကို ပြပေးနိုင်ပေမယ့် သူနဲ့ မျက်နှာချင်းဆိုင်တဲ့အခါ မှန်နဲ့ မချိန်မိစေနဲ့ နားလည်လား”
“သူနဲ့ မျက်နှာချင်းဆိုင်တဲ့အခါ မှန်နဲ့ ချိန်လို့မရဘူးဟုတ်လား” ရှင်းအန်းမှာ လွင့်မျောနေသော မှန်ကို ကြောင်တောင်တောင် ငေးကြည့်နေမိသည်။ ထိုသတ္တဝါ၏ ဆိုလိုရင်းကို သူ နားမလည်ပေ။
“ဟုတ်တယ်... မှန်နဲ့ အတည်ပြုတဲ့အချိန် သူ့ကို ကျောပေးထားရမယ်” လုလီ၏အသံက ရုတ်တရက် လေးနက်လာသည်။ “မှတ်ထား သူနဲ့ မျက်နှာချင်းဆိုင်ရင် ဒီမှန်နဲ့ သူ့ဆီ ချိန်လို့ မရဘူး။ မင်း သူ့ကို ကျောပေးထားရမယ်”
“သိပါပြီ ခဏခဏ ပြောစရာမလိုပါဘူး။ ဘာမဟုတ်တဲ့ ကိစ္စလေးကိုများ...”
“ဒါက ဘာမဟုတ်တဲ့ ကိစ္စမဟုတ်ဘူး” လုလီက သရော်တော်တော် ပြော၏။ “မင်း သူ့ကို မျက်နှာချင်းဆိုင်ပြီး မှန်နဲ့ ချိန်လိုက်မိရင် ပြဿနာအကြီးကြီး တက်လိမ့်မယ်။ ငါ မင်းအသက်ကို နှစ်သုံးဆယ် ဆွဲဆန့်ပေးထားတယ်... မင်း ငါ့အတွက် ဒီအလုပ်လုပ်ပေးဖို့ နှစ်သုံးဆယ် အချိန်ရမယ်။ အခု သွားလို့ရပြီ...”
“ခဏလေး” ရှင်းအန်းက ပြုံး၍ အေးအေးလူလူ ပြောလိုက်သည်။ “ငါတို့ တစ်ခါမှ မတွေ့ဖူးပေမယ့် ဒီမှန်က လူတစ်ယောက်ရဲ့ပုံရိပ်ကို ပြသပေးနိုင်ရင် မင်းကိုလည်း ပြသပေးနိုင်မယ်မဟုတ်လား” သူက မှန်ကို တစ်ဖက်လှည့်၍ မျက်နှာပြင်အား သူ့အနောက်သို့ မျက်နှာမူလိုက်သည်။
“မင်း....”
ရှင်းအန်း မှန်ကို ကြည့်လိုက်သည့်အခါ ပြစ်မျိုးမှဲ့မထင် ချောမောသော အလှလေးတစ်ယောက်အား မြင်လိုက်ရ၏။ လုလီ၏အသံက ယောက်ျားအသံ ဖြစ်ခဲ့သော်လည်း မှန်က အမျိုးသမီးတစ်ယောက်ကို ပြသနေချေသည်။
အမျိုးသမီးက လက်ဖျောက်တီးလိုက်ပြီး ရှင်းအန်းမှာ လေပွေကြီးထဲ ရောက်သွားသကဲ့သို့ ချာလပတ်လည်သွားသည်။ သူ ပြန်နိုးလာသည့်အချိန်တွင် သစ်ပင်အိုကြီးတစ်ပင်အောက်ရှိ ကျောက်တုံးကြီးပေါ်၌ ညလုံးပေါက် အိပ်ပျော်နေသကဲ့သို့ လဲနေကြောင်း သတိထားမိလိုက်သည်။
ပတ်ဝန်းကျင်တွင် ငှက်တေးသီသံများ ပျံ့လွင့်၍ ပန်းရနံများ သင်းကြိုင်နေပြီး စမ်းချောင်းများနှင့် ရေတံခွန်လည်း ရှိနေသည်။ မျောက်များက သစ်ကိုင်းများကို ခိုလွှဲရင်း ငှက်ပျောသီးခူးနေကြ၏။ ထို့နောက် အခွံနွှာ စားရင်း သူ့ကို သတိထားကြည့်နေကြသည်။
ရှင်းအန်းမှာ ကြောင်ငေးငေး ကြည့်နေမိသည်။ အဘယ်သို့ပြု၍ ဟာမြို့ပျက်၏ ကျောက်ကမ်းပါးသို့ ပြန်မရောက်သွားသနည်း....။ သူ့အရှေ့၌ ပင်လယ်တစ်စင်း ရှိနေသည်။
“ဒါ ဘယ်နေရာပါလိမ့်” သူ စိတ်ရှုပ်ထွေးစွာ မေးလိုက်မိသည်။
“ဒါ တောင်ပင်လယ်ပဲ” မျောက်က ငှက်ပျောသီးအခွံကို လှမ်းပစ်လိုက်၍ သူ့ခေါင်းအား လာထိသည်။
“တောင်ပင်လယ်တဲ့လား”
ရှင်းအန်း အူတူတူဖြင့် ထရပ်သည်။ သူ ရောက်နေသည်မှာ မဟာမြို့ပျက်၏ တောင်ဘက်အကျဆုံးနေရာဖြစ်၏။ ဖုန်းတုထဲသို့ ဝင်သွားခဲ့သည့်နေရာမှ မိုင်သုံးလေးသောင်း ကွာဝေးသည်။
“မင်းက မဟာမြို့ပျက်ရဲ့ ဆန်းကြယ်သားရဲဆိုပေမယ့် စကားပြောတတ်တယ်လား။ ကြည့်ရတာ အသိဉာဏ်နိုးထလာတာ ဖြစ်မယ်”
ရှင်းအန်းက ငှက်ပျောသီးခွံကို ကောက်၍ တောက်ထုတ်လိုက်သည်။ “ငါ့အတွက် နေရာပြောပြပေးခဲ့တာကို ထောက်ထားပြီး မင်းကို မသတ်တော့ပါဘူး။ ဒါပေမဲ့ နည်းနည်းတော့ ညှင်းပန်းပေးရမှာပေါ့”
မျောက်က ထခုန်သည်။ ၎င်း မြေပေါ် ဆင်းလိုက်သည့်အခါ ငှက်ပျောခွံတစ်ခု ခြေထောက်အောက်၌ ပေါ်လာ၍ ချော်လဲသွား၏။ မျောက် ဒေါသထွက်သွားသည်။ သို့သော် ကလဲ့စားချေရန် ပြန်ထလိုက်သည့်အချိန်တွင် ရှင်းအန်း၏ အရိပ်အယောင်ပင် မတွေ့ရတော့ပေ။
“သနားစရာကောင်” မျောက်က ဒေါပွပွဖြင့် သစ်ပင်တစ်ပင်ပေါ် ခုန်တက်လိုက်သော်လည်း အံ့အားသင့်ဖွယ်ကောင်းစွာနှင့် ဖမ်းမိလိုက်သည်မှာ ငှက်ပျောခွံတစ်ခု ဖြစ်နေသည်။ ထို့ကြောင့် သစ်ပင်ပေါ်မှ မျောက်ကျ,ကျသွား၏။
ငှက်ပျောခွံမှာ မျောက်အား ကပ်နေသည်။ မျောက် ခုန်လျှင် ငှက်ပျောခွံက သူ့ခြေထောက်များ ၊ လက်များဆီသို့ အလိုအလျောက် ပျံသန်းလာ၍ ချော်လဲလိုက်၊ ပြုတ်ကျလိုက် ဖြစ်နေတော့သည်။
ရှင်းအန်းက ထွက်လာရင်း သူ့ဘာသာသူ ရေရွတ်နေ၏။ “လုလီက အင်အားကြီးပေမယ့် သက်ရှိကမ္ဘာကို ဝင်မလာနိုင်ဘူး။ ငါ ရှင်းအန်းက သူအသုံးချတာ ခံရမှာလား... ငါ့ကို နှစ်သုံးဆယ်သက်တမ်း ပေးပြီး ထိန်းချုပ်ချင်တယ်တဲ့ ... လွယ်မယ်မထင်နဲ့။ နတ်ဆေးသမားတော်ချင်က ကောင်းကင်တံတားပြုပြင်နည်း ဖြန့်ဝေပေးထားတယ် ပြောတယ်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာကို သွားရမယ်.. ငါ့အရည်အချင်းနဲ့ဆို တစ်နှစ်၊ နှစ်နှစ်အတွင်း နတ်ဘုရားဖြစ်လာပြီး လုလီလက်ထဲကနေ ရုန်းထွက်နိုင်လိမ့်မယ်”
ရုတ်တရက် လုလီ၏အသံက သူ့နားဘေးမှ ထွက်လာသည်။ “ကောင်လေး.... ငါ နင့်သက်တမ်းထဲက ဆယ့်ငါးနှစ် နှုတ်မယ်”
ရှင်းအန်း ရင်ထဲတွင် ပြင်းပြင်းထန်ထန် ထိတ်လန့်သွားပြီး ဘေးဘီဝဲယာသို့ ကပျာကယာ ကြည့်လိုက်သည်။ သို့သော် လုလီ၏အရိပ်အယောင်ကိုပင် မတွေ့ရပေ။
‘ဒါက သက်ရှိကမ္ဘာလေ... သူ လာလို့မရဘူး။ သွေးလေချောက်ချားတာပဲ နေမှာပါ’
ဤသို့တွေးနေစဉ်မှာပဲ သူ တစ်စုံတစ်ခုကို သတိရလိုက်၍ သေခြင်းရှင်ခြင်းကောင်းကင်ရတနာအား ကပျာကယာ ဖွင့်လိုက်သည်။ သေခြင်းရှင်ခြင်းကောင်းကင်ရတနာသည် ယိုတုနှင့် ချိတ်ဆက်နေ၏။ ထိုနေရာရှိ အမှောင်ထုထဲမှ မျက်လုံးတစ်စုံက သူ့ကို စိုက်ကြည့်နေလေသည်။
ရှင်းအန်း သွေးများအေးစက်သွားသည်။ သူ မည်သို့မှ မရုန်းထွက်နိုင်တော့ပေ။ နတ်ဘုရားဖြစ်လာလျှင်တောင်မှ ထိုအမျိုးသမီး၏လက်ထဲမှ လွတ်မြောက်ရန် ခဲယဉ်းချေပြီ။
‘ယိုတုမှာ မွေးလာတဲ့ ဒီလူက ဘယ်သူပါလိမ့်’
ရှင်းအန်း မျက်မှောင်ကြုတ်နေ၏။ ဆယ့်ခုနစ်နှစ်အရွယ် လူငယ်များစွာ ရှိနေချေရာ ... မည်သည့်နေရာတွင် ဤလူ့ကို သွားရှာရမည်နည်း။
.....
“ဖက်တီးနဂါး မြန်မြန်သွား။ မှောင်တော့မယ်” ချင်မူ လောနေသည်။ “ညမရောက်ခင် ငါတို့ မြို့ပျက်ဖြစ်ဖြစ် ရွာဖြစ်ဖြစ် ရှာဖို့ လိုတယ်”
အမှောင်ထုက အနောက်အရပ်မှ ကျူးကျော်ပျံ့နှံ့လာနေသဖြင့် ချင်မူက နဂါးချီလင်နှင့် သေတ္တာကြီးကို ခေါ်ကာ မဟာမြို့ပျက်၏ ဆန်းကြယ်သားရဲများ ပြည့်နေသော မြို့ပျက်တစ်ခုထဲ ဝင်လိုက်ပြီး အားလုံးနှင့် သင့်မြတ်စွာ နေလိုက်ကြ၏။
သေတ္တာကြီးက မြေကြီးအောက်မှ ကျိုးနေသော ကျောက်ပြားတစ်ပြားကို မရမက တူးထုတ်ပြီး ဗိုက်ထဲ ထည့်ရန် ပြင်နေသော်လည်း ကျောက်ပြားမှာ ကြီးလွန်း၍ မဆန့်ပေ။
ချင်မူ ကျောက်ပြားပေါ်ရှိ မြေမှုန်များကို သုတ်ကာ ဖတ်ကြည့်လိုက်သည် ….
စစ်ရထားမယ်တော် ခုနစ်စင်ကြယ်အလင်းအမှောင် ကောင်းကင်ဘုံ။
‘ဒါက ခိုင်ဧကရာဇ်ခေတ်ရဲ့ ကောင်းကင်နတ်ဘုံ... ခုနစ်စင်ကြယ် စစ်ရထားမယ်တော် စံမြန်းတဲ့ နန်းဆောင်လား။ ဒီစစ်ရထားမယ်တော်က အင်အားကြီးမားတဲ့ နတ်ဘုရားမတစ်ပါး ဖြစ်ခဲ့ပေမယ့် ဒီလိုနေရာတောင် ပျက်စီးသွားတာ နှမြောစရာ သိပ်ကောင်းတယ်...’
သူက ထရပ်ပြီး စစ်ရထားမယ်တော်နန်းဆောင်၏ ဝင်ပေါက်ဆီသို့ သွားကာ အပြင်ရှိ အမှောင်ထုကို ကြည့်လိုက်သည်။
အမှောင်ထုမှာ နန်းဆောင်ဝင်ပေါက်ရှိ အလင်းတန်းများဖြင့် ပိတ်ပင်ခံထားရသဖြင့် အလင်းနှင့်အမှောင်အကြား တိတိရိရိ ပိုင်းခြားနေသည်။
ချင်မူ အတန်ကြာ တွန့်ဆုတ်နေပြီးနောက် လက်မကို ဆန့်ထုတ်လိုက်သည်။ သူ့လက်သည်းက အမှောင်ထုနှင့် တဖြည်းဖြည်း နီးကပ်သွား၏။
“ဂိုဏ်းသခင် မသေပါနဲ့...”
နဂါးချီလက်က လှမ်းခုန်ပြီး သူ့ခြေထောက်ကို ကိုက်ခဲကာ ပြန်ဆွဲခေါ်သည်။ ဖုန်များ တထောင်းထောင်း ထသွားပြီး ချင်မူက နဂါးချီလင်ကို ရိုက်နှက်ကာ ပြန်ထလာသည်။
ဂရား
မြို့ပျက်ထဲ ဆူဆူညံညံ ဖြစ်လာ၏။ ဆန်းကြယ်သားရဲကြီးများနှင့် နယ်မြေအပိုင်စား သားရဲကြီးများ ဒေါသထွက်ကုန်ကြ၍ မာန်ဖီဟိန်းဟောက်ကာ ချင်မူ့ဆီ ချဉ်းကပ်လာကြသည်။
ချင်မူ နဖူးမှချွေးစို့လာပြီး တဖြည်းဖြည်း နောက်ဆုတ်မိသွား၏။ သူက ချဉ်းကပ်လာနေသော ဆန်းကြယ်သားရဲကြီးများကို ကြည့်ကာ ရှင်းပြရန် ကြိုးစားသည်။ “အားလုံး နားထောင်ပါဦး.. ကျွန်တော် မဟာမြို့ပျက်ရဲ့ စည်းမျဉ်းတွေကို တမင်ချိုးဖောက်တာ မဟုတ်ပါဘူး။ နဂါးချီလင်ကြောင့် ဒီလိုဖြစ်ကုန်တာပါ...”
သူ တံခါးဆီ သွား၍ ကျောက်တိုင်ကြီးတစ်တိုင်အား မှီရပ်လိုက်သည်။ သားရဲတချို့က ရင်ဘတ်များကို တဘုန်းဘုန်း ထုနေကြပြီး တချို့က မာန်ဖီနေကြသည်။ တချို့က လက်သည်းများ သွေးနေကြပြီး တချို့က ကောင်းကင်နတ်သိုင်းများ ပြင်ဆင်ကာ မဟာမြို့ပျက်၏စည်းမျဉ်း ချိုးဖောက်သူအား သတ်ပစ်ရန် အဆင့်သင့်ဖြစ်နေ၏။
ချင်မူ အံတင်းတင်းကြိတ်ပြီး ချာခနဲ လှည့်၍ အမှောင်ထုထဲ ခေါင်းဝင်လိုက်သည်။
ဆန်းကြယ်သားရဲအများစု မှင်သက်သွားကြ၏။ နဂါးချီလင်မှာ အော်ကြီးဟစ်ကျယ် ငိုပြီး ချင်မူ့ခါးဝတ်ကို ကိုက်ကာ အတင်းပြန်ဆွဲသည်။ တချို့ဆန်းကြယ်သားရဲများမှာ မျက်နှာကို ကာထားကြပြီး မကြည့်ရဲကြပေ။ အသားမရှိသော အရိုးစုတစ်စု ထွက်လာမည်မှန်း သူတို့ သိကြ၏။ အရိုးစုမဖြစ်လျှင်လည်း လည်ပင်းတစ်ခုလုံး ပြတ်တောက်လျက် သွေးတို့ ရဲပလောင်း ခတ်နေလောက်သည်။
“ဖက်တီးနဂါး သွား သွား” ချင်မူ ဆောင့်ကန့်လိုက်၍ ဆန်းကြယ်သားရဲအားလုံး အမွှေးများထောင်မတ်ကုန်ကြ၏။
“အ....အ...အ....လောင်း....” နယ်မြေအပိုင်စား ဆန်းကြယ်သားရဲကြီးတစ်ကောင်မှာ အထစ်ထစ်ငေါ့ငေါ့ ဖြစ်နေပြီးနောက် အော်ဟစ်လိုက်သည်။ “အလောင်းကြီး လှုပ်နေတယ်”
ထိုအချိန်တွင် ချင်မူက အမှောင်ထုထဲ ရွှစ်ခနဲ ဝင်သွားသည်။ ဆန်းကြယ်သားရဲများ သက်ပြင်းမချနိုင်ခင် ခေါင်းတစ်ခေါင်းက အမှောင်ထုထဲမှ ပြန်ပြူထွက်လာ၏။
ဘုန်း
ဆန်းကြယ်သားရဲတစ်ကောင် ကြောက်လွန်း၍ သတိလစ်လဲကျသွားတော့သည်။