အကြီးအကျယ် ကြောက်လန့်သွားခြင်း
Vol. 37 Ch. 509
ယမမင်းပင် အံ့အားသင့်သွားပြီး ချင်မူ့ကို လှည့်ကြည့်လိုက်မိသည်။ သူ၏မဟူရာခြုံထည်မှာ လေတိုက်ခတ်သွားသကဲ့သို့ ပျံဝဲလွင့်ပျံ့သွား၏။ “ယိုတုတဲ့လား... မင်းက ရွှင်ပျော်ပျော်ကျေးရွာမှာ မွေးတာမဟုတ်ဘဲ ယိုတုမှာ မွေးတာတဲ့လား”
ချင်မူမှာ မဟူရာခြုံထည်အောက်ရှိ မျက်နှာကို မမြင်ရသေး၍ ခေါင်းသာ ညိတ်လိုက်မိသည်။ “ကျွန်တော့်မိဘတွေက ရွှင်ပျော်ပျော်ကျေးရွာကနေ မဟာမြို့ပျက်ဆီ သွားခဲ့ပေမယ့် လမ်းမှာ တိုက်ခိုက်ခံခဲ့ရတယ်။ အထိအခိုက်၊ အကျအဆုံး များပြားခဲ့ပေမယ့် ကံကောင်းပြီး အသက်ရှင်နေသေးတဲ့လူတွေက ယိုတုထဲ ထွက်ပြေးလွတ်မြောက်သွားကြပါတယ်။ အဲဒီမှာ ကျွန်တော် မွေးလာတာပါ”
ဤအကြောင်းကို တစ္ဆေတောင်ကြားရှိ သင်္ဘောကြီးထံမှ သူ သိခဲ့ရခြင်းဖြစ်သည်။ ထိုအချိန်တုန်းက သူ့မှာ သူ့အမေ၏ဝမ်းထဲတွင်သာ ရှိသေးသည်။ သင်္ဘောမှာ နတ်ဘုရားတို့၏ တိုက်ခိုက်မှုကြောင့် တစ္ဆေတောင်ကြားထဲသို့ ပြုတ်ကျလာခဲ့ပြီး ကမ္ဘာနှစ်ခုကြားတွင် ရပ်တန့်သွားခဲ့ခြင်းဖြစ်၏။
သူ့အမေက ကမ္ဘာခြားမကောင်းဆိုးဝါးများကို ရှောင်တိမ်းရန် အသက်ရှင်ကျန်ခဲ့သူများနှင့်အတူ ယိုတုထဲသို့ ထွက်ပြေးသွားခဲ့ကြသည်။ ချင်မူမှာ ယိုတုထဲတွင် မွေးဖွားခဲ့သော်လည်း မွေးဖွားပြီးနောက် မာန်ဟုန်မြစ်အတိုင်း မျောလာပြီး မဟာမြို့ပျက်ရှိ ဒုက္ခဘိုးဘွားကျေးရွာသို့ မည်သို့ရောက်လာခဲ့မှန်း မသိပေ။
အဘွားစစ်က မွေးကင်းစကလေးတစ်ယောက်၏ ငိုသံကြားရာမှ သူ့ကို တွေ့သွားပြီး ဒုက္ခိတဘိုးဘွားကျေးရွာသို့ ခေါ်သွားခဲ့ခြင်းဖြစ်သည်။
ယိုတုထဲတွင် မွေးဖွားခဲ့သည်ကတော့ သေချာ၏။
“မင်းက ယိုတုမှာ မွေးခဲ့တာပေါ့...” ယမမင်း၏လေသံတွင် စိတ်ပျက်မှုတို့ ပါဝင်နေသည်။ “ပျံလွှားငှက်အိုကြီး ငါတို့ကို ဦးဆောင်ပြီး စစ်ကြီးဆင်နွှဲရင်း အပြီးမသတ်သေးတဲ့ ကိစ္စကို အပြီးသတ်ပေးဖို့ ပြန်ရောက်လာတယ် ထင်ခဲ့တာ... ပျံလွှားငှက်သစ်တစ်ကောင် ဖြစ်နေမယ် မထင်ထားခဲ့ဘူး... ဒါပေမဲ့ ပျံလွှားငှက်အသစ်တောင် မဟုတ်ဘဲ... ကြက်ပေါက်လေးတစ်ကောင် ဖြစ်နေတယ်တဲ့... ဟီးဟီး .... ခိုင်ဧကရာဇ် ... ခင်ဗျားက ရွှင်ပျော်ပျော်ကျေးရွာမှာ ရွှင်ပျော်ပျော်နေပြီး ဒီကမ္ဘာမှာ ခင်ဗျားပြန်လာမှာ စောင့်နေသေးတဲ့ လူတွေ ရှိနေတာ မေ့သွားပြီပေါ့...”
သူ့အသံက အတန်ငယ် ဒေါသထွက်နေ၏။ “ရွှင်ပျော်ပျော်ကျေးရွာဆိုတာ... ပျော်ပျော်နေရမယ့် ရွာလေးမဟုတ်ဘူး... အေးအေးဆေးဆေး နေရမယ့် ရွာလေးမဟုတ်ဘူး... ခင်ဗျား ဦးပြန်မော့ရမယ့် နေရာ... ဇာတ်မြုပ်နေရမယ့် နေရာမဟုတ်ဘူး... မဟာမြို့ပျက်မှာ ခင်ဗျား ပြန်လာမှာကို တိတ်တဆိတ် စောင့်နေကြတဲ့ နတ်ဘုရားတွေ၊ မိစ္ဆာနတ်ဆိုးတွေ မရေမတွက်နိုင်အောင် ရှိသေးတယ်.... သူတို့က ခင်ဗျား အလံထူပြီး တိုက်ခိုက်မှာကို စောင့်နေကြတာ”
သူ၏ခြုံထည်က တဖတ်ဖတ် ပျံ့လွင့်နေသည်။ သူ့စိတ်နှလုံး လှုပ်ရှားသွားသည့်အချိန်၊ တိုက်ခိုက်လိုစိတ် ပြင်းထန်နေသည့်အချိန်မှ ... သူ၏ခြုံထည်မှာ ပြင်းပြင်းထန်ထန် ပျံ့လွင့်တတ်၏။
ရုတ်တရက် သူ့အရှိန်အဝါ အားနည်းသွားပြီး သူ့မှာ အတန်ငယ် စိတ်ဓာတ်ကျသွားသည်။ “ခေတ်တစ်ခေတ်ကို ထူထောင်ခဲ့တဲ့ ဧကရာဇ်တစ်ပါးက ... အရှုံးကို လက်ခံပြီး တိတ်ဆိတ်နေမယ်ဆိုတာ ကျုပ် မယုံချင်ဘူး.... ဒါပေမယ့် ကျုပ် ခင်ဗျားကို စောင့်နေခဲ့တာ နှစ်နှစ်သောင်း တိုင်ခဲ့ပြီ... မဟာမြို့ပျက်ထဲက ကျောက်ရုပ်တုတွေ နဲ့ ဖုန်းတုထဲက သရဲတစ္ဆေတွေလည်း နှစ်နှစ်သောင်းတိုင်တိုင် စောင့်ခဲ့ပြီးပြီ။ ခင်ဗျား ဘာလို့ ပြန်မလာသေးတာလဲ...”
ချင်မူမှာ သူ့ကို တိတ်ဆိတ်စွာ ကြည့်ရင်း မည်သို့ပြောရမည်မှန်း မသိပေ။
ယမမင်းသည် ရွှင်ပျော်ပျော်ကျေးရွာမှ ဧည်သည့်တစ်ယောက်ကို စောင့်စားနေခဲ့ပြီး ခိုင်ဧကရာဇ်၏သတင်းကိုလည်း နှစ်နှစ်သောင်းတိုင်တိုင် မျှော်လင့်နေခဲ့၏။
သို့တိုင်တောင် သူ တွေ့ရသည်မှာ ... ခိုင်ဧကရာဇ်၏သွေး စီးဆင်းနေသော်လည်း ယိုတုတွင် မွေးဖွားလာခဲ့သော ချင်မူသာ ဖြစ်သည်။
ချင်မူက သူ စောင့်နေသော လူမဟုတ်ပေ။ ချင်ဟန်ကျန်းသာ ဖြစ်ခဲ့လျှင် အနည်းဆုံးတော့ သူ့ကို အားပေးနိုင်ပြီး ရွှင်ပျော်ပျော်ကျေးရွာ၏သတင်းကို ယူလာနိုင်သေး၏။
သို့သော် ယိုတုကမ္ဘာတွင် မွေးခဲ့သည့် ချင်မူမှာ ရွှင်ပျော်ပျော်ကျေးရွာအကြောင်း နားကန်းတစ်လုံးမျှ သိမနေပေ။
ခိုင်ဧကရာဇ်၏မျိုးဆက်လေးတစ်ယောက်က နှစ်နှစ်သောင်းတိုင်တိုင် မျှော်လင့်စောင့်စားနေသော သစ္စာရှိ စစ်သည်တော်တို့၏ စိတ်အမောကို ပြေစေနိုင်မည်မဟုတ်ပေ။
အတန်ကြာသော် ယမမင်း၏ အသက်ရှူသံများ ပုံမှန်ပြန်ဖြစ်သွား၏။ မဟူရာခြုံထည်အောက်ရှိ မျက်လုံးများက ချင်မူ့ဆီသို့ ရောက်လာပြီး သူက ပြောလိုက်သည်။ “ယိုတုက ဖုန်းတုနဲ့ အတူတူပဲ... နှစ်ခုလုံးက သေဆုံးသူတွေရဲ့ ကမ္ဘာတွေ... သေဆုံးသူတွေရဲ့ ကမ္ဘာမှာ လူသားတွေ မွေးဖွားဖူးတဲ့အကြောင်း ငါ တစ်ခါမှ မကြားဖူးဘူး။ မင်းမှာ တစ်ခုခုကပ်ငြိနေမလား ကြည့်ရသေးတာပေါ့...”
ချင်မူ သူဆိုလိုသည်ကို နားမလည်သဖြင့် ကြောင်ကြောင်ငေးငေး ကြည့်နေမိသည်။
ရုတ်တရက် ယမမင်းက သူ့ကို ပတ်၍ လျှောက်နေပြီး လေးနက်စွာ ပြော၏။ “ယိုတုမှာ မကောင်းဆိုးဝါးတွေ မွေးဖွားလာနိုင်တယ်... အဲဒီ မကောင်းဆိုးဝါးတွေက ဝိညာဉ်တွေနဲ့ ယိုတုရဲ့ မိစ္ဆာသဘာဝ ပေါင်းစည်းသွားပြီး ဖြစ်တည်လာတာ... ကူရာမဲ့တံတားအောက်က ယိုတုမကောင်းဆိုးဝါးတွေကို မင်း မြင်ဖူးမှာပါ။ ဒါမဲ့ ယိုတုမှာ မွေးလာတဲ့ မင်းက ... ပူဆွေးသောကတွေနဲ့ မိစ္ဆာတွေကနေ ဖြစ်တည်လာတဲ့ မကောင်းဆိုးဝါးတွေနဲ့တော့ မတူဘူး။ မင်းက အမိဝမ်းထဲကနေ မွေးဖွားလာတာ.... ဒါပေမဲ့ ယိုတုရဲ့ မိစ္ဆာသဘာဝလည်း မင်းဆီမှာ ကပ်ငြိနေလောက်တယ်”
“ယိုတုရဲ့ မိစ္ဆာသဘာဝ ကပ်ငြိနေတယ်ဟုတ်လား” ချင်မူ သွေးတိုးစမ်းကြည့်လိုက်သည်။ “ယမမင်း ဆိုလိုတာက...”
သူ့မှာ အတန်ငယ် အံ့အားသင့်မိ၏။ တစ်ခါတုန်းက မိစ္ဆာနတ်ဘုရားတစ်ပါးက သူ့ကို သူ့လို မိစ္ဆာတစ်ကောင်ဟု ပြောခဲ့ဖူးသည်။ ထိုလူ လိမ်ခဲ့ခြင်းမဟုတ်ဘဲ ... သူ့တွင် အမှန်တကယ် မိစ္ဆာသဘာဝရှိနေသည်လော....
မွေးလာကတည်းက ရှိနေခဲ့သည်လား....
ယမမင်းက ဆက်မပြောဘဲ မဟူရာခြုံထည်၏ ခေါင်းဆောင်းကို ချွတ်လိုက်ကာ သူ့မျက်နှာကို ပြသလိုက်သည်။
ချင်မူ သူ့မျက်နှာအား မမြင်နိုင်ခင် ယမမင်း၏မျက်လုံးနှစ်လုံးက ဝဲဂယက်နှစ်ခုသဖွယ် လည်လာပြီး ချင်မူ့စိတ်အလျဉ်ကို အထဲသို့ စုပ်ယူလိုက်၏။
“မကြောက်နဲ့ ... မင်းရဲ့ ဝိညာဉ်က သာမန်လူ့ပြည်မှာ မွေးလာတဲ့ လူတွေနဲ့ ကွဲနေလား ကြည့်နေရုံသက်သက်ပဲ”
ချင်မူမှာ မျက်လုံးကြီးနှစ်လုံး၏အလယ်၌ ရပ်လျက် တစ်ကမ္ဘာလုံး ချာလပတ် လည်နေသကဲ့သို့ ခံစားရသည်။ မျက်လုံးကြီးနှစ်လုံးသည် သွေးကဲ့သို့ နီရဲနေပြီး ကြောက်စရာကောင်းလောက်အောင် ကြီးမားနေ၏။ သူငယ်အိမ်နှစ်ခုက ချာလပတ်လည်နေသော သူ့ကို ဘယ်နှင့်ညာမှ ကြည့်နေသည်။
ချင်မူ အမှောင်ချောက်ထဲသို့ ကျနေသကဲ့သို့ ရင်ထဲ တလှပ်လှပ် ဖြစ်နေသည်။
ယမမင်းစကားပြောလိုက်သည့်အခါ အသံမှာ ကောင်းကင်ဘုံကိုးခုထက်ပင် ဝေးကွာနေသကဲ့သို့ ထင်ရ၏။ “ယိုတုမှာ လူသားတစ်ခါမှ မွေးမလာဖူးတော့ မွေးလာရင် ဘာဖြစ်တတ်လဲ ငါ မသိဘူး... ဒါပေမဲ့ မင်း မွေးလာတဲ့အချိန် ကြောက်စရာကောင်းတဲ့အရာတစ်ခု ဖြစ်ပျက်ခဲ့တာကိုတော့ သိတယ်
“ယိုတုထဲ လျှောက်သွားနေတဲ့ ဝိညာဉ်တွေနဲ့ မိစ္ဆာသဘာဝက မင်းကိုယ်ထဲ တွယ်ကပ်ဖို့ ကြိုးစားခဲ့ကြလိမ့်မယ်။ မင်းအမေအနေနဲ့ ခန္ဓာမဲ့ဝိညာဉ်တွေကို ခုခံနိုင်ခဲ့လောက်ပေမယ့် မိစ္ဆာသဘာဝကိုတော့ မောင်းထုတ်နိုင်ခဲ့မှာ မဟုတ်ဘူး... ယိုတု မင်းကို ဘာလုပ်ခဲ့လဲ ငါ သိချင်တယ်...”
ချင်မူ စိတ်ကို ထိန်းလိုက်သည့်အချိန်တွင် သူ့လည်ပင်းပေါ်ရှိ ကျောက်စိမ်းလည်ဆွဲက မြောက်တက်လာသည်။ အလင်းများ တဝှမ်ဝှမ် မြည်လျက် ဖြာထွက်လာပြီး ယမမင်း၏ သွေးမျက်လုံးများအား တွန်းထုတ်နေ၏။
သွေးမျက်လုံးကြီးနှစ်လုံး ပိုမိုကြီးမားလာသည်နှင့်အမျှ ကျောက်စိမ်းလည်ဆွဲ၏ အလင်းရောင်လည်း ပိုမိုတောက်ပလာသည်။ သို့ရာတွင် နောက်ဆုံး၌ ယမမင်း၏ သွေးမျက်လုံးကြီးနှစ်လုံးက ကျောက်စိမ်းလည်ဆွဲ၏ အလင်းရောင်ကို ဖိနှိပ်နိုင်သွား၏။
ချင်မူ ရုန်းကန်ချင်သော်လည်း အင်အားတစ်စက်မှ မရှိတော့ပေ။ အိမ်မက်ဆိုးသဖွယ် ကြောက်မက်ဖွယ်ရာကောင်းသော သွေးမျက်လုံးကြီးနှစ်လုံး သူ့ကို အကဲခတ်ရင်း ဖိနှိပ်နေသည်ကိုသာ ခွင့်ပြုလိုက်ရတော့သည်။
သူ၏ရုပ်ခန္ဓာမှာ ဝိညာဉ်နှင့် ကွဲကွာသွားသကဲ့သို့ မွန်းကြပ်လာပြီး အသက်ရှူမရတော့ပေ။ သူ့ဝိညာဉ်က ရုပ်ခန္ဓာမှာ ဖြည်းဖြည်းချင်း လွင့်မျောထွက်လာသည်။
ထိုအခိုက်အတန့်တွင် ချင်မူ ချာချာလည်နေခြင်း ရပ်သွားပြီး သူ့ပတ်ဝန်းကျင်မှ တီးတိုးပြောဆိုသံများ ထွက်လာ၏။ အမှောင်ထုထဲတွင် မိစ္ဆာများစွာ ပုန်းအောင်းနေပြီး တိုးတိုးပြောနေသကဲ့သို့ ထင်ရသည်။
တီးတိုးပြောဆိုသံက တစထက်တစ နီးကပ်လာပြီး ကျယ်သထက် ကျယ်လာသည်။ ဆူညံသထက် ဆူညံလာသည်။ မရေမတွက်နိုင်သော အသံများက မတူညီသည့် ဘာသာစကားများဖြင့် တတွတ်တွတ် ပြောဆိုနေကြသဖြင့် ချင်မူ ခေါင်းကိုက်လာသည်။ ဆူညံလွန်း၍ သူ့အတွေးများနှင့် အသိစိတ်အလျဉ်မှာ ကယောက်ကယက် ဖြစ်လာ၏။
နောက်ဆုံးတွင် အသံအားလုံး ထပ်သွားပြီး တစ်သံတည်း ဖြစ်သွား၏။
ယိုတု၏ မိစ္ဆာဘာသာစကား
“ပိတ်ထားစမ်း” ချင်မူ ဒေါသတကြီး အော်ဟစ်လိုက်သော်လည်း သူ့ပါးစပ်မှ ထွက်သွားသည်မှာ လူစကားမဟုတ်... ယိုတု၏ မိစ္ဆာဘာသာစကား ဖြစ်သည်။
ရုတ်တရက် ကြောက်မက်ဖွယ်ရာ စွမ်းအင်များ သူ့ကိုယ်ထဲမှ တရှိန်ထိုး ထွက်ပေါ်လာ၍ သူ၏ရုပ်ခန္ဓာက လှုပ်ရှားနိုင်သွားသည်။ သူက သွေးမျက်လုံးကြီးနှစ်လုံးကြား၌ တစ်ယောက်တည်း ရပ်နေဆဲဖြစ်၏။ သူ့နောက်၌ အဆုံးမဲ့အမှောင်ထု ရှိသော်လည်း အမှောင်ထုထဲ၌ အကွဲကြောင်းတစ်ကြောင်း ကွဲနေသည်။
အကွဲကြောင်းက ပွင့်လာပြီး တီးတိုးပြောဆိုသံများ ပြန်လည်ထွက်ပေါ်လာသည်။ အကွဲကြောင်းသည် ကြီးသထက် ကြီးမားလာကာ အလင်းတန်းများ ဖြာထွက်လာ၏။ သူ့အနောက်၌ ဧရာမမျက်လုံးကြီးတစ်လုံး ဖွဲ့တည်သွားပြီး ဘယ်ညာ လည်နေသည်။
ထိုမျက်လုံး၏ သူငယ်အိမ်မှာ တစ်ခုတည်းမဟုတ်၊ သုံးခုပေါင်းနေခြင်းဖြစ်သည်။ သူငယ်အိမ်သုံးခုကလည်း လည်နေသည်။
မဟူရာလိပ်ပြာတစ်ကောင် တောင်ပံ ဖြန့်လိုက်သကဲ့သို့ မိစ္ဆာအလင်းရောင်က မျက်လုံးဆီမှ ဖြာထွက်သွားသည်။ ထိုမြင်ကွင်းမှာ လှပသော်လည်း အလွန်ဆန်းပြားနေ၏။
“ပိတ်ထားစမ်း” ချင်မူက သူ့ခေါင်းကို ကိုင်ရင်း ဒေါသတကြီး အော်ဟစ်သည်။ “မဆူစမ်းနဲ့”
ဝုန်း
ပတ်ပတ်လည် ဟင်းလင်းပြင်တစ်ခုလုံး ပြင်းပြင်းထန်ထန် တုန်ခါလာသည်။
ယမမင်းမှာ အော်သံ၏စွမ်းအားကြောင့် ထိတ်လန့်သွား၍ ချင်မူ့နောက်ရှိ ထူးဆန်းသောမျက်လုံးကြီးကို ငေးကြည့်နေမိသည်။ သူ ခပ်တိုးတိုး ရေရွတ်လိုက်၏။ “မင်းက ယိုတုမှာ မွေးဖွားပြီး ယိုတုရဲ့ မိစ္ဆာသဘာဝ ကပ်ငြိတာ တကယ် ခံလိုက်ရတာပဲ။ ဒါပေမဲ့ မင်းကိုယ်ထဲက မိစ္ဆာသဘာဝကို ကျောက်စိမ်းလည်ဆွဲက ဖိနှိပ်ပေးထားတာ။ ငါ ကျောက်စိမ်းလည်ဆွဲကို ဖိနှိပ်လိုက်တော့ မင်းရဲ့ မိစ္ဆာသဘာဝကို လွှတ်ပေးလိုက်သလို ဖြစ်သွားတယ်...”
“မဆူစမ်းနဲ့”
ချင်မူ့ပါးစပ်မှ ယိုတုမိစ္ဆာဘာသာစကားက ရှောရှောရှူရှူ ထွက်လာနေသည်။ သူ့အသံ ဟိန်းထွက်လာသည့်အခါ ပတ်ဝန်းကျင် ဟင်းလင်းပြင်တစ်ခုလုံး တမုဟုတ်ချင်း ပြိုကွဲသွား၏။ ယမမင်း၏ သွေးမျက်လုံး ဖွဲ့တည်ထားသော အချိန်နှင့်နေရာဟင်းလင်းပြင်မှာ ပျက်စီးသွားချေပြီ။
ယမမင်း၏အနောက်၌ အကွဲကြောင်းတစ်ကြောင်း ပေါ်လာပြီး မျက်လုံးနောက်တစ်လုံး ပွင့်လာပေတော့မည်။
ယမမင်း ခေါင်းမွှေးများ ထောင်သွား၏။ နိုးထလာတော့မည့် ကြောက်စရာ သားရဲကြီးတစ်ကောင်၏အရှေ့၌ ရပ်နေရသကဲ့သို့ သူ ခံစားလိုက်ရသည်။
“ကြောက်စရာကောင်းလိုက်တဲ့ မိစ္ဆာသဘာဝ .... ငါ မင်းကို လွှတ်ပေးလို့ မဖြစ်ဘူး”
သူက ရဲဝင့်စွာ လှုပ်ရှားလိုက်ပြီး သွေးမျက်လုံးနှစ်လုံး လျင်မြန်စွာ ဆုတ်ခွာသွားသည်။ မဟူရာခြုံထည်သည် လှိုင်းရေကြော၌ စီးမျောနေသကဲ့သို့ တလွင့်လွင့် လှုပ်ခါလာပြီး ဘုရင်ချင်ခန်းမတစ်ခုလုံးအား လွှမ်းခြုံသွား၏။ သူက ခွန်အားအလုံးစုံထုတ်၍ ချင်မူ့ကိုယ်ထဲရှိ မိစ္ဆာသဘာဝအား ဖိနှိပ်လိုက်သည်။
ဘုရင်ချင်ခန်းမထဲမှ မိစ္ဆာသဘာဝပြည့်နေသော အသံက ယိုတုဌာန်နေဌာန်ထားဖြင့် ထွက်လာသည်။ “တစ္ဆေလေးတစ်ကောင်က ငါ့ကို ဖိနှိပ်ရဲတယ်လား”
ဘုန်း
ဘုရင်ချင်ခန်းမတစ်ခုလုံး ပြင်းပြင်းထန်ထန် တုန်ခါလာပြီး အထဲရှိ တိုင်လုံးကြီးများ ဘယ်ညာယိမ်းခါကုန်ကြသည်။ ခန်းမ၏အမိုးမှာလည်း နှစ်ခြမ်းကွဲသွားပြီး ခန်းမမှာ အချိန်မရွေး ပြိုကျတော့မည့်အလား လှုပ်ယမ်းနေတော့၏။
သို့သော် များစွာမကြာလိုက်ဘဲ ပြန်ငြိမ်သက်သွားသည်။
ချင်မူ မျက်လုံးဖွင့်၍ ကြောင်ငေးငေး ကြည့်လိုက်မိသည်။ သူ့အရှေ့တွင် ချွန်ထက်သော လက်သည်းများဖြင့် ပိုင်းဖြတ်ခံထားရသကဲ့သို့ ကျိုးပဲ့နေသည့် တိုင်လုံးကြီးများ ရှိနေ၏။ နံရံအပေါက်များမှတစ်ဆင့် နေမီးလျှံများက ဘုရင်ချင်ခန်းမထဲသို့ စိမ့်ဝင်ပျံ့နှံ့လာခဲ့ကာ သစ်သားများ မီးစွဲလောင်နေချေသည်။
ဧရာမတိုက်ပွဲကြီး ဖြစ်ပျက်သွားခဲ့သကဲ့သို့ အမိုးဆီမှလည်း တကျွိကျွိမြည်သံများ ကြားနေပြီး ကျောက်ခဲများ၊ ဖုန်များ တစ်ချက်တစ်ချက် ကျလာတတ်သည်။
“ဘာဖြစ်သွားတာလဲ” ချင်မူ မှင်သက်နေ၏။
“ဘာဖြစ်သွားတာလဲ မသိဘူးလား” ယမမင်း၏အသံက အမှောင်ထဲမှ ထွက်လာသည်။
ချင်မူ ကပျာကယာ လှမ်းကြည့်လိုက်သည့်အခါ တိုင်လုံးကြီးတစ်လုံးထဲ ဝင်နေသော ယမမင်းကို တွေ့လိုက်ရသည်။ သူ့မှာ ကြောက်မက်ဖွယ်ရာအားလှိုင်းကြီးကြောင့် တိုင်လုံးထဲ ရိုက်ထည့်ခံလိုက်ရသည့်အလား ထင်ရ၏။
ချင်မူ ကြက်သေသေသွားသော်လည်း ကမန်းကတန်း ပြေးသွားပြီး ကူညီပေးရန် ပြင်လိုက်သည်။ သို့သော် ယမမင်းက လက်ခါကာ သူ့ဘာသာသူ ထွက်လာသည်။ “ဘာဖြစ်သွားလဲ မင်း တကယ် မသိဘူးလား”
ချင်မူ ခေါင်းယမ်းလိုက်မိသည်။ သူ တကယ် မသိပေ။ ယမမင်းကြီး၏ မျက်လုံးကြီးနှစ်လုံး သူ့ကို ကြည့်နေခဲ့သည်ကိုသာ မှတ်မိ၏။
“မသိတာလည်း ကောင်းတယ်။ ရွှင်ပျော်ပျော်ကျေးရွာက ကျောက်စိမ်းလည်ဆွဲကို ကိုယ်နဲ့မကွာ ဆောင်ထား... မပျောက်စေနဲ့။ ဘာပဲဖြစ်ဖြစ် မပျောက်စေနဲ့ ကြားလား” ယမမင်းမှာ ယိုင်ယိုင်ယွဲ့ယွဲ့ သက်ပြင်းမှုတ်ထုတ်ပြီးနောက် တည်ငြိမ်စွာ ပြောလိုက်သည်။ “ဒီကျောက်စိမ်းလည်ဆွဲက မင်းအတွက် အရေးအကြီးဆုံးပဲ... ပျောက်သွားရင် ကြောက်စရာကောင်းတဲ့အရာတွေ ဖြစ်လာလိမ့်မယ်”
ချင်မူ ကျောက်စိမ်းလည်ဆွဲကို အင်္ကျီအောက် ပြန်ထည့်ပြီးနောက် မေးလိုက်သည်။ “သူများတွေကိုရော ပြလို့ရလား”
ယမမင်း ပြင်းပြင်းထန်ထန် တုန်လှုပ်သွားပြီး အလေးအနက် ပြောလိုက်၏။ “မပြတာ အကောင်းဆုံးပဲ”
ချင်မူက ပြုံးလိုက်သည်။ “အရင်တုန်းက ကျောက်စိမ်းလည်ဆွဲတွေကို သူများတွေဆီ ခဏခဏ ပြခဲ့ဖူးတယ်”
ယမမင်း ယိုင်ယိုင်ယွဲ့ယွဲ့ သက်ပြင်းမှုတ်ထုတ်လိုက်မိပြန်သည်။ “ကံကောင်းလို့ပေါ့... အသက်ရှင်နေသေးတာကိုပဲ သူတို့ ကျေးဇူးတင်သင့်တယ်...အခု မင်း သွားလို့ရပြီ။ ချိရှို့ ... သူ့ကို လိုက်ပို့ပေးလိုက်”
နတ်ဘုရားချိရှို့က ခေါင်းပြူထွက်လာပြီး စပ်စပ်စုစု ကြည့်နေသည်။ ဘုရင်ချင်ခန်းမ၏ သနားစဖွယ် အခြေအနေကို မြင်လျှင် ဇက်ပုသွားပြီး ပြောလိုက်၏။ “ဂိုဏ်းသခင်ချင်၊ လိုက်ခဲ့”
ချင်မူ ဘုရင်ချင်ခန်းမအပြင်သို့ ခပ်သုတ်သုတ် ထွက်၍ နတ်ဘုရားချိရှို့အား တိုးတိုးလေး မေးကြည့်လိုက်သည်။ “စောစောက ဘာဖြစ်သွားတာလဲ”
“မသိဘူး” နတ်ဘုရားချိရှို့က ခေါင်းခါကာ ပြောသည်။ “ကြောက်စရာသတ္တဝါကြီးတစ်ကောင် ဘုရင်ချင်ခန်းမကို တိုက်ခိုက်လိုက်တဲ့ပုံပဲ။ စကားမပြောနဲ့ လူအနံ့နံတယ်”
“ပြီးတော့” ယမမင်း၏အသံက နောက်မှ ထွက်လာသည်။ “မင်း မဟာမြို့ပျက်ရဲ့ အမှောင်ထုထဲမှာ လျှောက်သွားလို့ရတယ်... အမှောင်ထုက မင်းကို ဘာမှမလုပ်နိုင်ဘူး။ အခွင့်အရေးရှိရင် ယိုတုကိုလည်း မင်း သွားကြည့်သင့်တယ်”
ချင်မူ အတန်ငယ် မှင်သက်သွားသည်။ သူက ပြန်လှည့်အော်လိုက်၏။ “ကျွန်တော် မဟာမြို့ပျက်ရဲ့ အမှောင်ထုထဲကို ဝင်လို့ရတာလား”
ယမမင်း ပြန်မဖြေနိုင်ခင် သူတို့အနောက်မှ ဝုန်းခနဲမြည်သံကြီး ထွက်လာသည်။ ဘုရင်ချင်ခန်းမမှာ ... ဖုန်းတု၏ အရှင်သခင် ယမမင်းအပေါ်တည့်တည့်သို့ ပြိုကျသွားချေပြီ။