သားရိုင်းဘုရင်
Vol. 43 Ch. 580
အဲသည်နောက်မှာတော့ လီဖူချန်းဟာ သူ့ရဲ့ လိပ်ပြာ အသိစိတ်အာရုံကို ဖြန့်ကြက်ပြီး ပတ်ဝန်းကျင် တစ်ခုလုံးကို ဂရုတစိုက် ရှာဖွေလိုက်ပါတယ်။
လီဖူချန်းရဲ့ လိပ်ပြာ အသိစိတ်အာရုံက ထိပ်တန်း မူလပင်လယ်နယ်ပယ် ဘုရင်တစ်ပါး ဒါမှမဟုတ် အဲသည်ထက်ကို ကျော်လွန်နေခဲ့ပြီလို့ ဆိုရပါမယ်။
အဲသည်အတွက် လိပ်ပြာ အသိစိတ် အာရုံကို ဖြန့်ကြက် မထားချိန်မှာ သူ့ရဲ့ အာရုံခံစားမှုဟာ လေ့တုံးဟိုင်ကို မယှဉ်နိုင်ပေမယ့် လိပ်ပြာ အသိစိတ် အာရုံ ဖြန့်ကြက်ထားချိန်မှာတော့ လေ့တုံးဟိုင်ဟာ သူ့ကို ယှဉ်နိုင်ဖို့ ဘာအကြောင်းမှ မရှိပါဘူး။
လိပ်ပြာ အသိစိတ်အာရုံကို ဖြန့်ကြက်ထားတဲ့ လီဖူချန်းဟာ ခဏတွင်းချင်းမှာပဲ လေဟာနယ် ဟင်းလင်းပြင်ထဲကနေ တိုးထွက်နေတဲ့ စွမ်းအင်လှိုင်း တစ်ခုကို အာရုံခံမိလိုက်ပါတယ်။ အဲသည် စွမ်းအင်လှိုင်းက အတော်လေးကို ဖျော့တော့နေတဲ့အတွက် ဂရုတစိုက် မရှာဖွေမိရင် သူ့ကို လုံးဝ သတိထားမိမှာ မဟုတ်ပါဘူး။
"သတိထားကြဦး။ သည်နေရာမှာ နောက်ထပ် အရိပ် ဖုတ်အလောင်းကောင် တစ်ကောင် ရှိနေသေးတယ် "
နောက်ထပ် သေသေချာချာ ရှာဖွေကြည့်မိလိုက်တဲ့ အခါမှာတော့ စွမ်းအင်လှိုင်း ထွက်ပေါ်နေတဲ့ နေရာဟာ နှစ်နေရာ ဖြစ်နေတာကို လီဖူချန်း တစ်ယောက် သိရှိသွားခဲ့ပါတယ်။ ဒါကြောင့်လည်း သူက နောက်ထပ် အရိပ် ဖုတ်အလောင်းကောင် တစ်ကောင် ရှိနေသေးတယ်လို့ အော်ပြောလိုက်တာပါ။
" နှစ်ကောင်တောင်လား "
လေ့တုံးဟိုင်ရဲ့ မျက်နှာကတော့ အတော်လေး ပျက်နေခဲ့ပါပြီ။ သူကလည်း သူ့ရဲ့ လိပ်ပြာ အသိစိတ်အာရုံကို ဖြန့်ကြက်ထားခဲ့ပေမယ့် အရိပ် ဖုတ်အလောင်းကောင် တစ်ကောင်ရဲ့ တည်ရှိမှုကိုတောင် အာရုံ မခံနိုင်ခဲ့ပါဘူး။
သူ့အနေနဲ့ အရင်တစ်ခေါက်က အရိပ် ဖုတ်အလောင်းကောင်ရဲ့ တည်ရှိနေမှုကို အာရုံခံမိလိုက်တာဟာ အဲသည် ဖုတ်အလောင်းကောင်က ကုချူးယီကို တိုက်ခိုက်ဖို့ ကြိုးစားလိုက်လို့ပါပဲ။
ရွှမ်း……ရွှမ်း……
လီဖူချန်းရဲ့ လှုပ်ရှားမှုတွေကတော့ လျှပ်ပြက်သလိုပဲ လျင်မြန်လွန်းလှပါတယ်။ သူက အရိပ် ဖုတ်အလောင်းကောင်တွေရဲ့ တည်ရှိနေမှုကို အာရုံခံမိပြီးပြီးချင်းမှာပဲ ဓားချက်နှစ်ချက် ထုတ်နှင့်ပြီးနေ ခဲ့ပါပြီ။
ကြည့်ရတာတော့ အရိပ် ဖုတ်အလောင်းကောင်တွေရဲ့ ခံနိုင်ရည်က အတော်လေး အားနည်းပုံပါပဲ။ သူတို့က လီဖူချန်းရဲ့ ဓားချက် မိသွားတာနဲ့ တစ်ပြိုင်နက် ချက်ချင်းဆိုသလို နှစ်ပိုင်း ပြတ်ထွက်သွားပါတယ်။ သူတို့ဟာ လီဖူချန်းအတွက် သွေးပူလေ့ကျင့်ခန်း ဆင်းရသလောက်တောင် မပင်ပန်းစေခဲ့ပါဘူး။
" ဟင်…… သူတို့ သေသွားပြီလား "
လေ့တုံးဟိုင်တို့ သုံးယောက်က လီဖူချန်းကို အကြောင်သား ငေးကြည့်ပြီး မေးလိုက်ပါတယ်။
သူတို့ကတော့ အရိပ် ဖုတ်အလောင်းကောင်တွေကို သေသွားတဲ့ အချိန်မှသာ မျက်လုံးနဲ့ မြင်တွေ့နိုင်ခဲ့ကြတာပါ။
လီဖူချန်းက ခေါင်းညိတ်လိုက်ပြီး ပြန်ဖြေလိုက်ပါတယ်။
" သည်နှစ်ကောင်က သိပ်အဆင့် မမြင့်သေးဘူး။ ကျွန်တော့် အထင်အရ ဆိုရင်တော့ သည်နှစ်ကောင်က အဆင့်မြင့် အရိပ် ဖုတ်အလောင်းကောင်တွေပဲ "
လီဖူချန်းရဲ့ စကားအဆုံးမှာတော့ လေ့တုံးဟိုင်တို့ သုံးယောက်ဟာ အကူအညီမဲ့တဲ့ မျက်လုံးတွေနဲ့ တစ်ယောက်ကိုတစ်ယောက် ကြည့်မိလိုက်ကြပါပြီ။
သူတို့ သုံးယောက်ဟာ အဆင့်မြင့် အရိပ် ဖုတ်အလောင်းကောင်တွေကိုတောင် တွေ့အောင် မရှာနိုင်သေးပါဘူး။ အထွတ်အထိပ် အဆင့် အရိပ် ဖုတ်အလောင်းကောင်တွေ နဲ့ အရိပ် ဖုတ်အလောင်းကောင် ဘုရင်တွေကို ရှာတွေ့ဖို့ ဆိုရင်တော့ ပြောတောင် ပြောမနေပါနဲ့တော့။
အထူးသဖြင့် လေ့တုံးဟိုင်ပါပဲ။ သူက သူ့ကိုယ်သူ မူလပင်လယ်နယ်ပယ် ဘုရင်ကော ဟုတ်ရဲ့လားလို့တောင် သံသယ ဝင်နေမိပါပြီ။
အဲသည်အချိန်မှာပဲ လီဖူချန်းက အားလုံးကို ရှင်းပြလာခဲ့ပါတယ်။
" သည်အရိပ် ဖုတ်အလောင်းကောင်တွေက အေးစက်ပြီး မှောင်မိုက်တဲ့ နေရာတွေမှာပဲ နေကြတာ။ပြီးတော့ သူတို့ဆီမှာ ခိုင်မာတဲ့ ခန္ဓာကိုယ် ဖွဲ့စည်းပုံ မရှိဘူး။ သူတို့ကို ရင်ဆိုင်ဖို့ဆိုရင် လုံလောက်အောင် အားကောင်းတဲ့ သိုင်းဆန္ဒ တစ်ခုတော့ လိုတယ် "
လေ့တုံးဟိုင်က မူလပင်လယ်နယ်ပယ် အဆင့်၁ ဘုရင်တစ်ပါး ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ သူ့ရဲ့ ဥပဒေသတွေ နဲ့ သိုင်းဆန္ဒတွေအပေါ် နားလည်သဘောပေါက်မှုက လီဖူချန်းနဲ့ ယှဉ်လို့ မရသေးပါဘူး။
" သြော်…… ဒါကြောင့်ကိုး "
လေ့တုံးဟိုင်က ခေါင်းတညိတ်ညိတ်နဲ့ လီဖူချန်း ရှင်းပြတာကို နားထောင်နေပါတယ်။ လီဖူချန်းရဲ့ ရှင်းပြမှုက အတော်လေးကို ကျိုးကြောင်းဆီလျော်မှု ရှိတယ်လို့ ဆိုရပါမယ်။
ဒါကြောင့်လည်း အစောပိုင်းက သူ့ရဲ့ တိုက်ခိုက်မှုကို ခံလိုက်ရတဲ့ အရိပ် ဖုတ်အလောင်းကောင်ဟာ ဘာမှ မဖြစ်ဘဲ ကုချူးယီကို ဆက်လက် ပူးကပ်နေခဲ့တာပါ။
ပြီးတော့ အဲသည် အရိပ် ဖုတ်အလောင်းကောင်က ကုချူးယီရဲ့ တောက်ပခြင်း စွမ်းအားနဲ့ တွေ့မှသာ ထွက်ပြေးသွားခဲ့တာ မဟုတ်ပါလား။
အဲသည်နောက်မှာတော့ လီဖူချန်းဟာ အခြေအနေ အရပ်ရပ်ကို သုံးသပ်ပြီး အရိပ် ဖုတ်အလောင်းကောင် သတ်ဖြတ်ရေး ဗျူဟာတစ်ခုကို ရေးဆွဲလိုက်ပါတယ်။
" အစ်မကု……အစ်မရဲ့ နတ်ဘုရားစွမ်းရည်ဖြစ်တဲ့ တောက်ပခြင်း စွမ်းအားက အရိပ် ဖုတ်အလောင်းကောင်တွေကို ဖိနှိပ်ထားနိုင်လောက်တယ်။ အဲသည်တော့ အရိပ် ဖုတ်အလောင်းကောင်တွေကို တွေ့တာနဲ့ ကျွန်တော်က အချက်ပြလိုက်မယ်။ ကျွန်တော် အချက်ပြပြီ ဆိုတာနဲ့ အစ်မက ချက်ချင်း အစ်မရဲ့ စွမ်းအားတွေကို ထုတ်လိုက် "
" ဟုတ်ပြီ .…… မောင်လေးလီ "
ကုချူးယီက ခေါင်းညိတ်ပြလိုက်ပါတယ်။
သည်လိုနဲ့ပဲ သူတို့လေးယောက်ဟာ ခရီးထပ်ဆက် ခဲ့ကြပါပြီ။ လီဖူချန်းကတော့ သူ့ရဲ့ လိပ်ပြာ အသိစိတ်အာရုံကို တစ်မိုင်ပတ်လည် ဖြန့်ကြက်ထားခဲ့ပါတယ်။
သည်အကျယ်အဝန်းက သူ့အတွက် သက်တောင့်သက်သာ အရှိဆုံး အကျယ်အဝန်း ဆိုရင်လည်း မမှားပါဘူး။
" အစ်မကု "
သူရဲ့ လိပ်ပြာ အသိစိတ်အာရုံ ဖြန့်ကြက်မှု စက်ကွင်းထဲမှာ ထူးဆန်းတဲ့ စွမ်းအင်လှိုင်းတချို့ ဖြစ်ပေါ်လာတာကို ခံစားလိုက်ရတာနဲ့ တစ်ပြိုင်နက် လီဖူချန်းက မျက်စတစ်ချက် ပစ်ပြလိုက်ပါတယ်။
ကုချူးယီကလည်း တုံ့ဆိုင်နေခြင်း လုံးဝ မရှိပါဘူး။သူမရဲ့ နတ်ဘုရား စွမ်းရည်ကို ထုတ်ပြီးသားပါပဲ။
ချွင်……
တောက်ပလွန်းလှတဲ့ အလင်းတန်း တစ်ခုဟာ ပတ်ဝန်းကျင် တစ်ခုလုံးကို နေ့ခင်းအလား ထိန်လင်း သွားစေခဲ့ပါပြီ။ သည်အလင်းရောင်ရဲ့ အောက်မှာတော့ မှိန်ဖျော့ဖျော့ အရိပ်တချို့ဟာ ဘွားခနဲ ပေါ်လာခဲ့ပါတယ်။ သူတို့အတွက်က ပုန်းခိုစရာနေရာ မရှိတော့ပါဘူး။တစ်ချိန်တည်းမှာပဲ အဲသည်အရိပ်တွေဟာ ကုချူးယီရဲ့ တောက်ပခြင်း နတ်ဘုရားစွမ်းရည်အောက်မှာ အငွေ့ပျံပြီး ပျောက်ကွယ်သွားပါတော့တယ်။
လီဖူချန်း ပြောခဲ့သလိုပါပဲ။ ကုချူးယီရဲ့ နတ်ဘုရား စွမ်းရည်ဖြစ်တဲ့ တောက်ပခြင်း စွမ်းအားဟာ အရိပ် ဖုတ်အလောင်းကောင်တွေ အပေါ် ဖိနှိပ်နိုင်ခဲ့ပြီး သူတို့ကိုတောင် သတ်ပစ်လိုက်နိုင်ပါတယ်။
သည်အပိုင်းမှာတော့ လီဖူချန်းတောင်မှ ကုချူးယီကို ယှဉ်နိုင်မှာ မဟုတ်ပါဘူး။
ပထမဆုံး အရိပ် ဖုတ်အလောင်းကောင် အနေနဲ့ ကုချူးယီကို ပူးကပ်နိုင်ခဲ့တယ် ဆိုတာက ကုချူးယီဟာ သူမကိုယ်သူမ ချီအကာအကွယ်နဲ့ပဲ ကာကွယ်ထားခဲ့လို့ ဖြစ်ပါတယ်။ သူမရဲ့ ချီအကာအကွယ်မှာက သိုင်းဆန္ဒ ပါဝင်တယ် ဆိုပေမယ့်လည်း သူမ ကျင့်ကြံထားတဲ့ ကျင့်စဉ်က တောက်ပခြင်းကို အခြေခံတဲ့ ကျင့်စဉ် မဟုတ်ပါဘူး။အဲဒါက ယန်ဓာတ်ကို အခြေခံတဲ့ ကျင့်စဉ်တစ်ခုပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း အရိပ် ဖုတ်အလောင်းကောင်က သူမကို ပူးကပ်ပြီး တိုက်ခိုက်နိုင်ခဲ့တာပါ။
အဲဒါက ပထမတန်းစား အရိုးတည်ဆောက်ပုံကို ပိုင်ဆိုင်ထားတဲ့ သူတွေရဲ့ အားနည်းချက် ဆိုရင်လည်း မမှားပါဘူူး။
သည်ကမ္ဘာပေါ်မှာက ပထမတန်းစား အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေရဲ့ အရိုးတည်ဆောက်ပုံနဲ့ ကိုက်ညီတဲ့ ကျင့်စဉ်ကို ရှာတွေ့ဖို့ရာက ခက်ခဲလွန်းလှပါတယ်။
ဥပမာအားဖြင့် တောက်ပခြင်း ကျင့်စဉ်၊ အမှောင်ထု ကျင့်စဉ်၊ ဓားတာအို ကျင့်စဉ်၊ ဓားမော့တာအို ကျင့်စဉ်တို့လိုပေါ့။
အဲသည်အတွက် ပထမတန်းစား အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေဟာ သူတို့နဲ့ ကိုက်ညီတဲ့ ကျင့်စဉ်တွေကို ရဖို့အတွက် သူတို့ကိုယ်တိုင် တီထွင်ဖန်တီးရုံကလွဲပြီး တခြားနည်းလမ်း မရှိပါဘူး။ အဲသည်လို တီထွင်ဖန်တီးဖို့ ဆိုတာကလည်း သူတို့အနေနဲ့ မူလပင်လဟ်နယ်ပယ်ရဲ့ အဆင့်မြင့်ပိုင်း ဒါမှမဟုတ် ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ်ကို ရောက်နေရပါဦးမယ်။
ဒါပေမဲ့လည်း အင်မတန် ကံကောင်းတဲ့ ပထမတန်းစား အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေလည်း ရှိပါသေးတယ်။ သူတို့ကတော့လသူတို့ရဲ့ ဘိုးဘေးတွေ ချန်ထားခဲ့တဲ့ သီးသန့် ကျင့်စဉ်တွေကနေပြီး သူတို့နဲ့ ကိုက်ညီတဲ့ ကျင့်စဉ်ကို ရှာဖွေကျင့်ကြံနိုင်ကြသူတွေပါပဲ။
လီဖူချန်းရဲ့ လိပ်ပြာ အသိစိတ်အာရုံ နဲ့ ကုချူးယီရဲ့ တောက်ပခြင်း စွမ်းအားကြောင့် သူတို့လေးယောက်ရဲ့ ခရီးဟာ အတော်လေး ချောမွေ့သွားခဲ့ပါပြီ။ အရိပ် ဖုတ်အလောင်းကောင်တွေက ဘယ်လောက်ပဲ များနေပါစေ။ ကုချူးယီရဲ့ တောက်ပခြင်း စွမ်းအား အောက်မှာတော့ သူတို့တွေက အားနည်းတဲ့ တည်ရှိမှုတွေပါပဲ။ သူတို့တွေက မီးပုံထဲကို ဝင်တိုးတဲ့ ပိုးဖလံတွေနဲ့ ဘာမှ မခြားနားလှပါဘူး။
" သတိထားကြ။ သည်တစ်ခေါက် လာနေတာက အရိပ် ဖုတ်အလောင်းကောင် ဘုရင် ဖြစ်လောက်တယ် "
လီဖူချန်းက သူ့ရဲ့ လိပ်ပြာ အသိစိတ် အာရုံကနေပြီး နှလုံးခုန်နှုန်းကိုတောင် မြန်သွားစေတဲ့ စွမ်းအင်လှိုင်းတစ်ခုကို ခံစားမိလိုက်တဲ့အတွက် အားလုံးကို သတိပေးလိုက်ပါတယ်။
ချွမ်……
မျက်စိကျိန်းလောက်အောင် တောက်ပတဲ့ အလင်းရောင် တစ်ခုက ထွက်ပေါ်လာခဲ့ပါပြီ။ ကုချူးယီက လီဖူချန်းရဲ့ သတိပေးသံ ဆုံးတာနဲ့ တစ်ပြိုင်နက် သူမရဲ့ တောက်ပခြင်း စွမ်းအားကို ထုတ်လွှတ်လိုက်တာ ဖြစ်ပါတယ်။
ရှုး……ရှုး……ရှုး……
ဒါပေမဲ့ သည်တစ်ခါမှာတော့ အလင်းတန်းက အရိပ် ဖုတ်အလောင်းကောင် ဘုရင်ရဲ့ ခန္ဓာကိုယ်ကို မဖော်ပြနိုင်ခဲ့ပါဘူး။ အဲသည်အစား လေဟာနယ် ဟင်းလင်းပြင်ထဲကနေ ထူးဆန်းတဲ့ အသံတွေ ထွက်ပေါ်လာခဲ့ပါတယ်။
ပြီးတဲ့နောက်မှာတော့ ကြီးမားလှတဲ့ အရိပ်ကြီး တစ်ခုဟာ လီဖူချန်းတို့ အုပ်စုကို ပိုက်ကွန်ကြီးသဖွယ် ဖုံးအုပ်သွားခဲ့ပါပြီ။ လုံးဝ သံသယ ဝင်နေစရာ မလိုပါဘူး။ အဲဒါက အရိပ် ဖုတ်အလောင်းကောင် ဘုရင်ပါပဲ။
" ဟိတ် "
ကုချူးယီက မာန်တစ်ချက် သွင်းလိုက်ပြီး အရင်က အလင်းတန်းတွေထက် ပိုတောက်ပတဲ့ အလင်းတစ်ခုကို ထုတ်လွှတ်လိုက်ပါတယ်။
ခွီး……
သည်အလင်းတန်းနဲ့ အတွေ့မှာတော့ အရိပ် ဖုတ်အလောင်းကောင် ဘုရင်ဟာ တဖြည်းဖြည်းချင်း ရုပ်လုံး ပေါ်လာခဲ့ပါပြီ။သူက ပါးစပ်ကနေလည်း ထူးဆန်းတဲ့ အသံတစ်မျိုး ပြုလုပ်ပြီး မာန်ဖီနေပါသေးတယ်။
ကုချူးယီရဲ့ တောက်ပခြင်း နတ်ဘုရား စွမ်းရည်က တောက်ပခြင်း တာအို ဥပဒေသကနေ မြစ်ဖျားခံလာတာ ဖြစ်တဲ့အတွက် အလွန်အမင်း ကြောက်စရာ ကောင်းလောက်အောင် သန့်စင်တယ်လို့ ဆိုရပါမယ်။
အဲသည်အတွက် အရိပ် ဖုတ်အလောင်းကောင် ဘုရင်တောင်မှ သူမရဲ့ တောက်ပခြင်း စွမ်းအားကို တောင့်မခံနိုင်ပါဘူး။
" လောင်ကျွမ်းခြင်းဓား "
အဲသည်အချိန်မှာပဲ လီဖူချန်းက သူ့ရဲ့ ဓားကို ဆွဲထုတ်လိုက်ပြီး မရေမတွက်နိုင်တဲ့ ကြက်သွေးရောင် ပူဖောင်းတွေကို ဖြစ်တည်စေလိုက်ပါတယ်။ အဲသည် ပူဖောင်းတွေထဲမှာတော့ ကောင်းကင်အဆင့် မီးလျှံ ဓားဆန္ဒတွေ အပြည့်ပါပဲ။
ဘန်း……ဘန်း……ဘန်း……ဘန်း……
ပူဖောင်းတွေ ပေါက်ကွဲထွက်သွားတဲ့ အချိန်မှာတော့ အရိပ်ဖုတ်အလောင်းကောင် ဘုရင်ဟာ တစ်စစီ ပဲ့ကြွေကာ ပျက်စီးသွားခဲ့ပါပြီ။
ဒါက သူတို့လေးယောက်အနေနဲ့ အရိပ်အသူရာ ချောက်ထဲမှာ ဘုရင် အဆင့်အတန်း ရှိတဲ့ တည်ရှိမှုကို ပထမဦးဆုံးအကြိမ် သတ်ဖြတ်ဖူးခြင်းပါပဲ။
တကယ်လို့သာ သည်နေရာမှာ ရူးသွပ်နေတဲ့ ဖုတ်အလောင်းကောင် ဘုရင် ဖြစ်နေလို့ကတော့ သူတို့အနေနဲ့ လက်ပန်းကျပြီး သေရင် သေသွားပါမယ်။ အဲသည် ဖုတ်အလောင်းကောင် ဘုရင်ကတော့ သေမှာ မဟုတ်ပါဘူး။
( note - ဖုတ်အလောင်းကောင်တွေ ရှုပ်ကုန်မှာ စိုးလို့ ပထမပိုင်းက လီဖူချန်းတို့ တွေ့ခဲ့တဲ့ ဖုတ်ကောင် အမျိုးအစားကို ရူးသွပ်နေတဲ့ ဖုတ်အလောင်းကောင်တွေလို့ သုံးနှုန်းသွားပါမယ်။ )
သည်လိုနဲ့ပဲ လီဖူချန်း နဲ့ ကုချူးယီတို့ရဲ့ ပူးပေါင်းလုပ်ဆောင်မှုက အဆင့်နိမ့် အရိပ် ဖုတ်အလောင်းကောင် ဘုရင်ကို သတ်ဖြတ်နိုင်ခဲ့ပါတယ်။
အချက်အလက်နဲ့ တိတိကျကျ ပြောရမယ် ဆိုရင်တော့ သူတို့ဟာ အလယ်အလတ် အဆင့် အရိပ် ဖုတ်အလောင်းကောင် ဘုရင်တွေကိုတောင် ကြောက်နေစရာလိုမှာ မဟုတ်ပါဘူး။
ကုချူးယီရဲ့ တောက်ပခြင်း နတ်ဘုရားစွမ်းရည် နဲ့ လီဖူချန်းရဲ့ ကောင်းကင်အဆင့် မီးလျှံ ဓားဆန္ဒက အလယ်အလတ် အဆင့် အရိပ် ဖုတ်အလောင်းကောင် ဘုရင်ကိုတောင် ဒဏ်ရာ ရစေနိုင်မှာ အသေအချာပါပဲ။
အဆင့်မြင့် အရိပ် ဖုတ်အလောင်းကောင် ဘုရင်တွေကတော့ သည်လိုနေရာမျိုးမှာ ပေါ်လာနိုင်စရာ အကြောင်း မရှိတဲ့အတွက် သူတို့အနေနဲ့ သိပ်ပြီး စိုးရိမ်နေစရာ မလိုပါဘူူး။
ဒါပေမဲ့လည်း သူတို့အနေနဲ့ကတော့ သတိကြီးကြီး ထားပြီး ခရီးကို ဆက်နေရပါဦးမယ်။ အခုအချိန်မှာ သူတို့အတွက် လိုအပ်နေတာက သည်နေရာ တတ်နိုင်သမျှ မြန်မြန်စောပြီး ထွက်သွားနိုင်ဖို့ပါပဲ။
" မကောင်းတော့ဘူး။ လိပ်ပြာ အသိစိတ်အာရုံ တစ်ခုက ငါတို့ကို ထောက်လှမ်းနေတယ် "
တစ်နေ့မှာတော့ လီဖူချန်းက သူတို့ကို ထောက်လှမ်းနေတဲ့ လိပ်ပြာ အသိစိတ်အာရုံ တစ်ခုကို အာရုံခံမိလိုက်တဲ့အတွက် အားလုံးကို သတိပေးလိုက်ပါတယ်။ သူရဲ့ မျက်နှာကတော့ သိပ်ပြီး မကောင်းလှပါဘူူး။
" လိပ်ပြာ အသိစိတ် အာရုံလား။ ကြည့်ရတာ အဲဒါက သည်နေရာမှာ ကံလာစမ်းတဲ့ မူလပင်လယ် နယ်ပယ် ဘုရင်တစ်ပါး နေမယ် "
လေ့တုံးဟိုင် နဲ့ တခြားသူတွေကလည်း မျက်နှာ ပျက်နေကြပါပြီ။
မူလပင်လယ် နယ်ပယ် ဘုရင်တွေ ဆိုတာက ရူးသွပ်နေတဲ့ ဖုတ်အလောင်းကောင် ဘုရင်တွေလို မဟုတ်သလို အရိပ် ဖုတ်အလောင်းကောင် ဘုရင်တွေလိုလည်း မဟုတ်ပါဘူး။
ရူးသွပ်နေတဲ့ ဖုတ်အလောင်းငောာင် ဘုရင်တွေက ပုံရိပ်ယောင် လှည့်စားမှု အတတ်ပညာရဲ့ သက်ရောက်မှုကို ခံကြရပြီး အရိပ် ဖုတ်အလောင်းကောင် ဘုရင်တွေကတော့ တောက်ပခြင်း စွမ်းအားကို ခံကြရပါတယ်။ဒါကြောင့်ပဲ သူတို့တွေဟာ သည်နေရာအထိ ဘာမှမဖြစ်ဘဲ ရောက်လာနိုင်ခဲ့ကြတာပါ။
ဒါပေမဲ့လည်း မူလပင်လယ်နယ်ပယ် ဘုရင်တစ်ပါးနဲ့ တွေ့ရင်တော့ သူတို့ရဲ့ အားသာချက်တွေဟာ အားသာချက် ဖြစ်တော့မှာ မဟုတ်ပါဘူး။
သူ့ရဲ့ လိပ်ပြာ အသိစိတ်အာရုံကို တစ်မိုင်ပတ်လည်ကနေ မိုင်ဒါဇင်ပေါင်း ချီတဲ့အထိ ချဲ့လိုက်တဲ့ အခါမှာတော့ လီဖူချန်းဟာ သူအာရုံခံမိနေတဲ့ လိပ်ပြာ အသိစိတ် အာရုံရဲ့ ပိုင်ရှင်ကို ရှာဖွေတွေ့ရှိ သွားခဲ့ပါပြီ။
အဲသည်ပိုင်ရှင်ကတော့ ဆံပင်တွေ ဖွာလန်ကြဲနေပြီး လူရိုင်း တစ်ယေက်နဲ့ ဆင်တူတဲ့ လူပါပဲ။ သူ့ရဲ့ ချီအရှိန်အဝါတွေအရ ဆိုရင်တော့ အဲသည်သူဟာ မူလပင်လယ်နယ်ပယ် အဆင့်၆လောက် ရှိပါတယ်။
" ဟား……ဟား……ဟား…… ငါ့ရဲ့ ကံက တော်တော်လေး ကောင်းနေတာပဲ။ ဟေ့ကောင်တွေ …… မင်းတို့ရဲ့ သိုလှောင်အိတ်တွေကို ငါ့ကို ပေးစမ်း။ အဲဒါဆိုရင် ငါက မင်းတို့ရဲ့ အသက်ကို ချမ်းသာပေးလိုက်မယ် "
ကျယ်လောင်လှသော အသံဝါကြီးနဲ့အတူ သားရိုင်းဘုရင်ဟာ သူတို့ရဲ့ အရှေ့ကို ရောက်လာခဲ့ပါပြီ။
" ဆရာကြီး…… ကျွန်တော်တို့က အရိပ်အသူရာ ချောက်ထဲကို လမ်းမှားပြီး ရောက်လာခဲ့တာပါ။ အဲသည်အတွက် ကျွန်တော်တို့က အဆင့်မြင့် ဝိညာဉ်ကျောက်တုံး တစ်တုံးတောင် မရသေးပါဘူး "
လေ့တုံးဟိုင်က သူတို့အနေနဲ့ သူတို့ရဲ့ သိုလှောင်အိတ်တွေကို အပ်လိုက်ရင်တောင်မှ တစ်ဖက်လူက သူတို့ကို အသက်ချမ်းသာပေးမယ်လို့ မယုံကြည်ပါဘူး။ တစ်ဖက်လူက သိုလှောင်အိတ်တွေကို ရယူပြီးတာနဲ့ တစ်ပြိုင်နက် သူတို့ကို နုတ်ပိတ် သတ်ဖြတ်မှာ အသိသာကြီးပါပဲ။
" သည်နေရာကို ရောက်တဲ့အထိ မသေအောင် နေနိုင်တယ် ဆိုမှတော့ မင်းတို့မှာ စွမ်းရည် နည်းနည်းပါးပါး ရှိနေမှာပဲ။ အဲဒါကိုတော့ မင်းတို့တွေ ဘယ်လိုမှ ငြင်းမရဘူး။ ကဲ…… အပိုတွေ ပြောမနေနဲ့။ မင်းတို့ဆီမှာ အဆင့်မြင့် ဝိညာဉ်ကျောက်တုံးတွေ ရှိရှိ၊ မရှိရှိ မင်းတို့ရဲ့ သိုလှောင်အိတ်တွေကို ငါ့ကိုပေးကြ "
စကားပြောနေရင်းနဲ့ သားရိုင်းဘုရင်က ရမ္မက်ဇော ထန်နေတဲ့ မျက်လုံးတွေနဲ့ ကုချူးယီကို တစ်ချက် ကြည့်လိုက်ပါသေးတယ်။ ပြီးမှ
" ပြီးတော့ ဟိုကောင်မလေး။ နင် …… ငါနဲ့ နေခဲ့ရမယ် "
" အစ်ကိုလေ့ …… ခဏနေကျရင် ကျွန်တော်က လိပ်ပြာ အသိစိတ်အာရုံ တိုက်ခိုက်မှုကို လုပ်လိုက်မယ်။ အဲသည်အချိန်ကျရင် အစ်ကိုက အချိန်မဆွဲဘဲ ချက်ချင်းတိုက်လိုက် "
လီဖူချန်းက သည်လို ခေါင်းပုံဖြတ် ဗိုလ်ကျတာမျိုးကို လုံးဝ သည်းမခံနိုင်ပါဘူး။ အဲသည်အတွက် သူက လေ့တုံးဟိုင်ကို လိပ်ပြာ အသိစိတ် အာရုံနဲ့ ဆက်သွယ်ပြီး တိုက်ခိုက်ဖို့ အဖော်ညှိလိုက်ပါတယ်။
" အေး "
လေ့တုံးဟိုင်က တိုက်ခိုက်ဖို့ကို လုံးဝ ကြောက်ရွံ့နေခြင်း မရှိပါဘူး။ သူက သူ့ရဲ့ ချီအတွင်းအားတွေကိုတောင် လျှို့ဝှက်စွာ လည်ပတ် ထားနှင့် ပြီးပါပြီ။
***