အမှန်အတိုင်းပြော
Vol. 73 Ch. 1003
ဝမ်ပေါင်လဲ့မှာ ထို နွားထီးအိုကြီးအား မြင်လိုက်ရသည်နှင့် ခြေလှမ်းများ ရပ်တန့်သွားရပြီး တံတွေးများ မျိုချမိကာ မျက်လုံးများ ပြူးသွားရတော့သည်။ ထို နွားထီးအိုကြီးဆီမှ ထွက်ပေါ်နေသည့် အငွေ့အသက်များမှာ အံ့ဩတုန်လှုပ်ဖွယ်ရာ ကောင်းလွန်းနေသည်မဟုတ်ပါလော။
တာအိုနန်းတော်၏ ခေါင်းဆောင်ကြီးပင်လျှင် ထိုမျှလောက် အစွမ်းထက်နေခြင်းမရှိပေ။ အကယ်၍ နှိုင်းယှဉ်ကြည့်လိုက်မည်ဆိုပါက ကြယ်သုသာန် ဧကရာဇ်ကြီးနှင့် ထို ခေါင်းဆောင်ကြီးတို့၏ ကြားတွင် ခြားနားချက် ကြီးကြီးမားမား ရှိမနေကို သိလိုက်ရမည်ဖြစ်သည်။
သို့သော် ကြယ်သုသာန်ဧကရာဇ်ကြီးမှာ ဝမ်ပေါင်လဲ့၏ ရှေ့၌ ယခုလောက် အားကောင်းသော အငွေ့အသက်များကို ထုတ်ပြခဲ့ဖူးခြင်းမရှိပေ။ ထို့ကြောင့်လည်း ဝမ်ပေါင်လဲ့မှာ သူတို့ နှစ်ယောက်အား နှိုင်းယှဉ်နိုင်စွမ်းမရှိဘဲ ဖြစ်နေရ၏။ သို့သော် သူ၏ရှေ့တွင် ရှိနေသည့် နွားထီးအိုကြီးမှာမူ မတူပေ။ ၎င်းမှာ သားရဲတစ်ကောင်ပုံစံအဖြစ် ရှိနေသည့်ပုံ ပေါ်ပါသော်လည်း ၎င်း၏ ခန္ဓာကိုယ်ပေါ်ရှိ မီးလျှံများနှင့် ကမ္ဗည်းစာလုံး အမှတ်အသားများကြောင့် ဝမ်ပေါင်လဲ့မှာ ၎င်း၏ ပတ်ပတ်လည်၌ မရေမတွက်နိုင်လောက်အောင် များပြားသည့် သဘာဝစည်းမျဉ်းဥပဒေသများ လည်ပတ်နေသကဲ့သို့ ဖြစ်နေသည်ကို မြင်နေရသည်။
ထိုမျှလောက်သာ ဆိုပါက ရေးကြီးခွင်ကျင် မဟုတ်ပါသော်လည်း ဝမ်ပေါင်လဲ့မှာ ထိုနေရာ၌ ပေါ်ပေါက်လာပြီး ထို နွားထီးအိုကြီးအား လှမ်းကြည့်မိလိုက်သည်နှင့် ထို နွားထီးအိုကြီးမှာလည်း ခေါင်းငုံ့လာပြီး ဝမ်ပေါင်လဲ့အား ၎င်း၏ မျက်လုံးနီကြီးများဖြင့် ပြန်၍ စိုက်ကြည့်နေလိုက်၏။
သူတို့ အကြည့်ချင်းစုံသွားကြသောအခါ ဝမ်ပေါင်လဲ့မှာ ခေါင်းထဲ၌ မိုးခြိမ်းသံများ ပဲ့တင်ထပ်သွားသည့်အလား ခံစားလိုက်ရသည်။ ထို့အပြင် သူ၏ မျက်လုံးများမှာလည်း နာကျင်ကိုက်ခဲသွားရသလို နှလုံးသားတစ်ခုလုံးမှာလည်း အပြင်းအထန် တုန်ရီသွားရ၏။
" မဟုတ်သေးပါဘူးဟ။ ဒီ နွားထီးအိုကြီးက ငါ့ကို မကျေမနပ် ဖြစ်နေတာများလား။ အဲလိုမှ မဟုတ်ရင် ဘာလို့ သူက အခုလို စွမ်းအားမျိုးတွေကို ထုတ်ပြနေရတာလဲ " ဝမ်ပေါင်လဲ့မှာ ခေါင်းထဲ၌ ထိုအတွေးများ ပေါ်ပေါက်လာသည်နှင့် ရိုသေလေးစားမှု အပြည့်ရှိသော အမူအရာဖြင့် ချက်ချင်းပင် ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ အရိုအသေပေးလိုက်တော့သည်။
" ကျွန်တော်မျိုး ဝမ်ပေါင်လဲ့ လူကြီးမင်းကို ဂါရဝပြုပါတယ်။ လူကြီးမင်းလို တမူထူးခြားပြီး အစွမ်းထက်တဲ့ ကျင့်ကြံသူကြီးတစ်ယောက်ကိုယ်တိုင် အဝေးကြီးကနေ ကျွန်တော့်ကို လာခေါ်တဲ့အတွက် ကျွန်တော် ပိုပြီးတော့ကို ကျေးဇူးတင်မိပါတယ် "
သူ ထိုသို့ဆိုလိုက်သောအခါ နွားထီးအိုကြီး၏ အကြည့်များမှာ ပြောင်းလဲသွား၏။ ထို့နောက် ၎င်းမှာ ဝမ်ပေါင်လဲ့အား သေသေချာချာ အကဲခတ်လိုက်ပြီး စကားပြောလိုက်သည်။
" ဆယ့်ခြောက်ယောက်မြောက် သခင်လေး။ အဲဒီလောက် ရိုကျိုးနေစရာ မလိုပါဘူး။ ငါက ခေါင်းဆောင်ကြီးရဲ့ အမိန့်အတိုင်း လုပ်နေတာပါ။ လာ... ငါ့ရဲ့ ကျောကုန်းပေါ်တက်။ မင်းကို မီးတောက်ကြယ်စင်စုဆီ ခေါ်သွားပေးမယ် "
နွားထီးအိုကြီးမှာ ထိုသို့ဆိုလိုက်ပြီးနောက် နှာမှုတ်ကာ လေပြင်းနှစ်ချက်အား ထုတ်လွှတ်လိုက်၏။ ၎င်းတို့ကြောင့် ထို နွားထီးအိုကြီး၏ ရှေ့တွင်ရှိနေသည့် မီးတောက်များမှာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားသဖြင့် လမ်းတစ်လမ်း ပေါ်ပေါက်လာသည်။
ဝမ်ပေါင်လဲ့မှာ စိတ်ထဲတွင် ချီတုံချတုံ ဖြစ်နေသည့်တိုင်အောင် ညာဘက်သီးပေါ် ဘယ်လက်ဝါးတင်ကာ အရိုအသေ ပေးနေခဲ့စဉ်တုန်းက အကောင်းအဆိုး၊ အကျိုးအပြစ်များကို ချင့်ချိန်သုံးသပ်ပြီးသွားပြီဖြစ်သည်။ ထို့ကြောင့်လည်း သူသည် ချက်ချင်းဆိုသလိုပင် အမူအရာ ပြန်လည်တည်ကြည်သွားပြီး သူ၏ ခန္ဓာကိုယ်အား လှစ်ခနဲလှုပ်ရှားကာ မီးပင်လယ်ကြီး အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားရာမှ ပေါ်ပေါက်လာသည့် လမ်းအတိုင်း နွားထီးအိုကြီးဆီသို့ ဦးတည်သွားလိုက်တော့သည်။
သူ ထို နွားထီးအိုကြီး၏ အနီးသို့ ရောက်လာလေလေ ၎င်းဆီမှ ထွက်ပေါ်လာနေသည့် ဖိနှိပ်အားများမှာ ပို၍ အာကောင်းလာလေလေ ဖြစ်နေသည်။ နောက်ဆုံးတွင် ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်လုံး တုန်ရီနေပြီး နဖူးပေါ်တွင် ဇောချွေးများ ပြန်လာရတော့သည်။ သူသည် နွားထီးအိုကြီးဆီမှ ထွက်ပေါ်နေသည့် ဖိနှိပ်ချုပ်တည်းမှု စွမ်းအားများအား တောင့်ခံထားနိုင်ရန် သူ၏ တာအိုဂြိုဟ်ကိုပင် အသုံးပြုလိုက်ရသေးသည်။ ထို့နောက် သူသည် လေပေါ်သို့ တစ်ချက် ခုန်တက်ကာ နွားထီးအိုကြီး၏ ကျောကုန်းပေါ်သို့ ရောက်သွား၏။
သူသည် ထိုကျောကုန်းပေါ်သို့ ရောက်သွားသည်နှင့် နွားထီးအိုကြီး၏ ဗလုံးဗထွေးဖြစ်နေသော စကားသံအား ကြားလိုက်ရသည်။
" သေချာထိုင်နော် " နွားထီးအိုကြီးမှာ ထိုသို့ဆိုလိုက်ပြီးနောက် ခေါင်းမော့ကာ အော်ဟစ်မြည်တမ်းလိုက်၏။ ထို့နောက် ၎င်းမှာ ၎င်း၏ ရှေ့ခွာနှစ်ဖက်အား မြှောက်ကာ အားပါပါ ဆောင့်ချလိုက်သည်။ ထိုအခါ ကြောက်မက်ဖွယ်ရာ ထစ်ချုန်းသံကြီးတစ်သံမှာ လေထဲ၌ ပဲ့တင်ထပ်သွားပြီး ဘေးပတ်ပတ်လည်ရှိိ မီးပင်လယ်ကြီးမှာလည်း ချက်ချင်းဆိုသလိုပင် တဟုန်းဟုန်း တောက်လောင်လာတော့သည်။ ၎င်းမှာ အရပ်မျက်နှာအနှံ့မှနေ၍ အရှိန်အဟုန်ဖြင့် ဦးတည်လာပြီးနောက် နွားထီးအိုကြီး၏ ခန္ဓာကိုယ်အား လွှမ်းခြုံသွား၏။
ထို့နောက် မျက်စိတစ်မှိတ်အတွင်းတွင် မီးပင်လယ်ကြီးမှာ ပျောက်ဆုံးသွားသည်။ နွားထီးအိုကြီး၏ အရိပ်နှင့် ၎င်း၏ နောက်ကျောပေါ်တွင် ရှိနေသည့် ဝမ်ပေါင်လဲ့တို့မှာလည်း အစအနရှာမရ လောက်အောင် ပျောက်ကွယ်သွားကြသည်။
တစ်အောင့်အကြာတွင် နေအဖွဲ့အစည်းနှင့် အလွန်အင်မတန်မှ ကွာဝေးသော နေရာတစ်ခု၌ မီးလျှံများ ဖျတ်ခနဲ တောက်ပလာပြီး နွားထီးအိုကြီး၏ အရိပ်မှာလည်း ပြန်လည်ပေါ်ပေါက်လာသည်။ ၎င်းမှာ ခေါင်ယမ်းလိုက်ပြီးနောက် ၎င်း၏ ခွာလေးဖက်စလုံးကို မြှောက်ကာ စကြဝဠာကြီးထဲ၌ စတင်ပြေးလွှားနေလိုက်တော့သည်။
၎င်းမှာ မြန်ဆန်လွန်းနေသောကြောင့် တရွှီးရွှီးမြည်သံများပင် ထွက်ပေါ်လာ၏။ အနီးအနားတွင် ရှိနေသည့် လူမှုအဖွဲ့စည်းများ အားလုံးမှာ တုန်လှုပ်ချောက်ချားသွားကြရသည်သာ ဖြစ်သည်။ နွားထီးအိုကြီး၏ ကျောကုန်းပေါ်တွင်ထိုင်နေသည့် ဝမ်ပေါင်လဲ့မှာလည်း တုန်လှုပ်ချောက်ချားကာ ကြောက်ရွံ့နေရ၏။
တစ်ဖက်တွင် ၎င်းမှာ အလွန်အင်မတန်မှ မြန်ဆန်လွန်းနေသလို အခြားတစ်ဖက်တွင်လည်း သူသည် ၎င်းမှာ နွားရိုင်းကြီးတစ်ကောင် ဖြစ်နေသည်ဟု ခံစားနေရသည်မဟုတ်ပါလော။ ၎င်း၏ ပြေးလွှားနေသည့် အမြန်နှုန်းအရ ၎င်းမှာ အခြား မည်သည့်ဘက်ကိုမှ မကွေ့ဘဲ ရှေ့သို့ တန်းတန်းမတ်မတ် ဦးတည်သွားမည့်ပုံ ပေါက်နေသည်။ ၎င်း၏ရှေ့တွင် ထာဝရကြယ်များ ရှိနေလျှင်တောင် ၎င်းမှာ သူ၏ဦးခေါင်းဖြင့် ၎င်းတို့အား ဝင်တိုက်ပစ်မည့်ပုံပင်။
သူ၏ ခန့်မှန်းချက်မှာ မှန်ကန်ပေသည်။ ရက်အနည်းငယ်ခန့် ကုန်ဆုံးပြီးသွားချိန်တွင် ဝမ်ပေါင်လဲ့မှာ ထို နွားထီးအိုကြီး ထာဝရကြယ်များအား အစိတ်စိတ်အမွှာမွှာ ကြေမွသွားအောင် ဝင်တိုက်ပစ်ခဲ့သည်ကို မြင်ခဲ့ရ၏။ ထို့အပြင် ၎င်းမှာ ထို ထာဝရကြယ်များအား ဝင်တိုက်ပြီးသွားချိန်တွင် ပါးစပ်ဟကာ ၎င်းတို့ဆီမှ ထွက်ပေါ်လာသည့် ဝိညာဉ်ချီများ အားလုံးကိုလည်း စုပ်ယူခဲ့သည်သာ ဖြစ်သည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ဦးရေခွံများ ထုံကျဉ်သွားရ၏။ ကံကောင်းစွာဖြင့် သူသည် ထို နွားထီးအိုကြီး၏ ကျောကုန်းပေါ်တွင် ရှိနေသည်ဖြစ်ရာ ထို ရိုက်ခတ်မှုများ၏ ပြင်းအားများကို ခံစားခဲ့ရသည့်တိုင်အောင် အများကြီး ခံစားခဲ့ရခြင်းမရှိပေ။ သို့သော် သူသည် သူ၏ ကျင့်ကြံခြင်းစွမ်းအားများ အားလုံးကို အချိန်ပြည့်ထုတ်သုံးကာ နွားထီးအိုကြီး၏ ကျောကုန်းပေါ်ရှိ အမွေးများအား ဆွဲထားရ၏။ ထိုသို့သာ မဟုတ်ပါက သူသည် ပြုတ်ကျသွားမည် ဖြစ်သည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ မီးတောက်ကြယ်စင်စုဆီသို့ ဘေးကင်းလုံခြုံစွာရောက်ရှိနိုင်ရန် အလို့ငှာ နည်းလမ်းတစ်ခုခု စဉ်းစားမှ ရတော့မည်ဟု ဆုံးဖြတ်လိုက်၏။ ထို့ကြောင့်လည်း နွားထီးအိုကြီး တတိယမြောက် ထာဝရကြယ်အား တစ်စစီ ကြေမွပျက်စီးသွားအောင် ဝင်တိုက်ကာ အရှိန်အဟုန်ဖြင့် ထိုးထွက်လာပြီး ခေါင်းမော့၍ ကျေနပ်အားရနေသည့် လေသံဖြင့် အော်ဟစ်မြည်တမ်းနေစဉ် ဝမ်ပေါင်လဲ့မှာ လေသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်၏။
" နွားထီးဘိုးဘိုးကြီးက အစွမ်းထက်လှပါပေတယ် "
နွားထီးအိုကြီးမှာ ဝမ်ပေါင်လဲ့၏ စကားများကို ကြားလိုက်ရသောအခါ တစ်ခဏမျှ ဆွံ့အသွား၏။ သို့သော် ၎င်းမှာဂရုစိုက်နေခြင်းမရှိဘဲ ဆက်လက် ပြေးလွှားနေလိုက်သည်။ ထို့နောက် ခဏအကြာတွင် ၎င်းမှာ ထာဝရကြယ်များအား တစ်လုံးပြီးတစ်လုံး ထပ်၍ ဝင်တိုက်နေလိုက်ပြန်သည်။ ဝမ်ပေါင်လဲ့မှာလည်း ၎င်း တစ်ကြိမ် ဝင်တိုက်ပြီးသွားတိုင်း စကားလုံး အမျိုးမျိုးဖြင့် ချီးကျူးလိုက်သည်သာ ဖြစ်သည်။
" နွားထီးဘိုးဘိုးကြီးက အံသြစရာကောင်းလှပါပေတယ် "
" နွားထီးဘိုးဘိုးကြီးက ရဲစွမ်းသတ္တိနဲ့ ပြည့်စုံလွန်းလှပါပေတယ် "
" နွားထီးဘိုးဘိုးကြီးက တကယ့်ကို ပြိုင်ဘက်ကင်းပဲ "
ထိုသို့ဖြင့် နွားထီးအိုကြီးမှာ ထာဝရကြယ် အလုံးသုံးဆယ်ကျော်အား ဝင်တိုက်ခဲ့ပြီး ဝမ်ပေါင်လဲ့၏ ချီကျုးစကား အခွန်းသုံးဆယ်ကျော်အား ကြားပြီးသွားချိန်တွင် သူ့ကိုယ်သူ အလွန်အင်မတန်မှ ကျေနပ်နေတော့သည်။ ထို့ကြောင့် ၎င်းမှာ ပထမဆုံးအကြိမ်အဖြစ် အသံကုန် အော်ဟစ်ရယ်မောလိုက်၏။
" မင်းက တော်တော်လေး အပြောကောင်းပြီး မျက်နှာချိုသွေးတတ်တာပဲကွ။ မင်း နွားထီးဘိုးဘိုးကြီး သဘောကျတဲ့ စကားတွေ ထပ်ပြောနိုင်မယ်ဆိုရင် ဒီ နွားထီးဘိုးဘိုးကြီးက မင်းကြိုက်တဲ့ မေးခွန်း မေးခွင့်ပြုမယ်ကွာ "
ထိုအခါ ဝမ်ပေါင်လဲ့မှာ သက်ပြင်းချကာ နွားထီးအိုကြီးအား လက်ဖြင့်ပုတ်၍ လေသံတိုးတိုးဖြင့်ဆိုလိုက်၏ " နွားထီးဘိုးဘိုးကြီး။ ကျွန်တော်က မျက်နှာချိုသွေးတာ မဟုတ်ရပါဘူးဗျာ။ ဝမ်ပေါင်လဲ့ဆိုတဲ့ ကျွန်တော်က တစ်ဘဝလုံး ဘယ်သူ့ကိုမှ မျက်နှာချို မသွေးခဲ့ဖူးဘူးဗျ။ ကျွန်တော် ပြောသမျှစကားလုံးတိုင်းက ကျွန်တော့်ရဲ့ နှလုံးသားထဲက ထွက်လာတာချည်းပဲ။ အဲတာမလို့ နွားထီးဘိုးဘိုးကြီးရဲ့ တောင်းဆိုမှုကို ဖြည့်ဆည်းနိုင်ဖို့က ကျွန်တော့်အတွက်တော့ မဖြစ်နိုင်ဘူးထင်တယ် "
" နွားထီးဘိုးဘိုးကြီး။ အနံ့တစ်ခု ရလားဗျ "
ထိုအခါ နွားထီးအိုကြီးမှာ မှင်တက်သွားပြီး ၎င်း၏ နှာခေါင်းအား တရှုံ့ရှုံ့ လုပ်လိုက်၏။ ထို့နောက် ၎င်းမှာ အံ့အားသင့်နေသည့် အမူအရာဖြင့် ပြန်မေးလိုက်သည် " မရဘူး။ ဘာအနံ့လဲ "
" တော်တော်လေးကို မွှေးတဲ့အနံ့ဗျ "
" နွားထီးဘိုးဘိုးကြီးအပေါ် ထားရှိတဲ့ ကျွန်တော့်ရဲ့ လေးစားမှုတွေကို ကိုယ်စားပြုတဲ့အနေနဲ့ ဒီ စကြဝဠာကြီးက အဲဒီအနံ့ကို ထုတ်လွှတ်ပေးနေတာပဲ ဖြစ်မှာ " ဝမ်ပေါင်လဲ့ ထိုသို့ဆိုလိုက်သည်နှင့် နွားထီးအိုကြီးမှာ ခြေလှမ်းများ ရပ်တန့်သွားရ၏။ ၎င်းမှာ တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများ ထကာ တုန်ရီသွားရသည့် ပုံပင်။
" နွားထီးဘိုးဘိုးကြီး... "
" တော်တော့ကွာ... ဘာမှဆက်မပြောနဲ့တော့။ မင်းရဲ့ စကားလုံးတွေကလည်း ချွဲလိုက်တာမှ လွန်ရော " နွားထီးအိုကြီးမှာ အလောတကြီးနှင့် အော်ပြောလိုက်ရ၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာလည်း ရယ်မောလိုက်ပြီး သူနှင့် နွားထီးအိုကြီးတို့မှာ ယခင်တုန်းကထက်ပို၍ ခင်မင်ရင်းနှီးသွားသည့်အလား ခံစားလိုက်ရတော့သည်။
ဝမ်ပေါင်လဲ့မှာ လူအများနှင့် ပြောဆိုဆက်ဆံရာ၌ ကျွမ်းကျင်လိမ္မာနေဆဲဖြစ်ကြောင်း သိနိုင်ပေသည်။ ယခုတွင်လည်း သူသည် နွားထီးအိုကြီးနှင့် စကားစမြည်များ ပြောဆိုကာ ရယ်မောနေ၏။ နောက်ဆုံးတွင် နွားထီးအိုကြီးမှာ မနေနိုင်တော့သဖြင့် မေးမိလိုက်၏။
" ကောင်လေး။ မင်း ဒီလိုစကားလုံးတွေ ဘယ်ကနေ တတ်လာတာလဲ "
" နွားထီးဘိုးဘိုးကြီး။ ကြွားတာတော့မဟုတ်ဘူးဗျ။ ကျွန်တော်က ဒီလို ကဗျာဆန်ဆန် စကားလုံးလေးတွေကို သုံးနှစ်သားအရွယ်ကတည်းက စပြီးတော့ လေ့လာခဲ့တာ။ တကယ်လို့ နွားထီးဘိုးဘိုးကြီး စိတ်ဝင်စားတယ်ဆိုရင် ကျွန်တော် သင်ပေးလို့ရတယ်။ အနာဂတ်မှာ နွားထီးဘိုးဘိုးကြီး အဆုံးမဲ့တာအိုနယ်မြေ တစ်ခုလုံးထဲမှာရှိတဲ့ နွားမလေးတွေ အကုန်လုံးရဲ့ အသဲနှလုံးတွေကို အပိုင်သိမ်းနိုင်ဖို့ ကျွန်တော် အာမခံတယ်ဗျာ "
ထိုအခါ နွားထီးအိုကြီးမှာ တစ်ခဏမျှ တွေဝေတုံ့ဆိုင်းသွားရ၏။ ၎င်းမှာ စိတ်ဝင်စားနေသည့်ပုံ ပေါ်ပါသော်လည်း ၎င်း၏ ဂုဏ်သိက္ခာအား ငဲ့နေရသည့်အတွက် တိုက်ရိုက်မေးမြန်း၍ မဖြစ်ပေ။ ဝမ်ပေါင်လဲ့မှာလည်း ဉာဏ်ပြေးသူတစ်ယောက်ဖြစ်ရာ ထိုအချက်အား ချက်ချင်းသတိထားမိလိုက်၏။ ထို့ကြောင့် သူသည် သူ့ဘက်မှစ၍ ထို ကဗျာဆန်ဆန် စကားလုံးလေးများအား သင်ကြားပေးလိုက်တော့သည်။ ထိုသို့ဖြင့် နွားထီးအိုကြီး ရှေ့သို့ ပြေးလွှားနေရင်း သူတို့၏ကြားမှ ဆက်ဆံရေးမှာလည်း ပို၍ တိုးတက်လာခဲ့၏။
နောက်ဆုံးတွင် နွားထီးအိုကြီးမှာ အလွန်အင်မတန်မှ ကျေနပ်အားရကာ အားမာန်အပြည့်ဖြင့် တက်ကြွနေတော့သည်။ ထို့ကြောင့် သူသည် စိတ်ကျေနပ်မှုအပြည့်ဖြင့် ဆိုလိုက်၏။
" ကောင်လေး။ နွားထီးဘိုးဘိုးကြီး မင်းကို သဘောကျသွားပြီ။ တကယ်လို့ မင်း မီးတောက်ကြယ်စင်စုနဲ့ ပတ်သက်ပြီးတော့ မေးချင်တာရှိရင် မေးလို့ရတယ် "
ဝမ်ပေါင်လဲ့မှာလည်း ထိုစကားများ ကြားရရန် စောင့်ဆိုင်းနေခြင်းဖြစ်သည်။ ထို့ကြောင့်လည်း သူသည် မျက်ဝန်းများ အရောင်တောက်ပသွားပြီး ချက်ချင်းမေးလိုက်၏။
" နွားထီးဘိုးဘိုးကြီး။ ဒီမှာ ဘယ်သူစိမ်းမှ မရှိပါဘူး။ ကျွန်တော့်ရဲ့ ဆရာ မီးတောက်ခေါင်းဆောင်ကြီးအကြောင်း ပြောပြပါလား။ သူ့ရဲ့ ပင်ကိုစရိုက်က ဘယ်လိုရှိလဲ။ သူ ကြိုက်တဲ့ အရာတွေနဲ့ မကြိုက်တဲ့အရာတွေကရော ဘာတွေလဲ "
ဝမ်ပေါင်လဲ့မှာ သူသည် မီးတောက်ကြယ်စင်စုဆီသို့ သွားရမည်ဖြစ်ရာ မီးတောက်ခေါင်းဆောင်ကြီးအကြောင်း ပို၍ သိထားသင့်ကြောင်း မှတ်ယူထား၏။ ထိုအဘိုးကြီးမှာ သူ့အား တပည့်အဖြစ် သတ်မှတ်ချင်နေခြင်း ဖြစ်ပါသော်လည်း အကယ်၍ သူ့အား ပို၍ သဘောကျနှစ်သက်လာမည်ဆိုပါက သူ့အတွက် အကျိုးပိုရှိနိုင်သည်မဟုတ်ပါလော။
" အော်... မီးတောက်ခေါင်းဆောင်ကြီးအကြောင်းလား.... " နွားထီးအိုကြီးမှာ ဝမ်ပေါင်လဲ့၏ မေးခွန်းများကို ကြားလိုက်သောအခါ မျက်ဝန်းများ အရောင်လက်သွား၏။ ထို့နောက် သူသည် အကြိမ်ရေအနည်းငယ်ခန့် ချောင်းဟန့်လိုက်ပြီး အတွေ့အကြုံ ရင့်သန်သည့် လူတစ်ယောက်၏ လေသံဖြင့် ဆိုလိုက်သည်။
" ကောင်လေး။ နွားထီးဘိုးဘိုးကြီး မင်းကို ဝေဖန်မှ ရမယ်ကွာ။ မင်း ဘာတွေ တွေးနေတာလဲဆိုတာ နွားထီးဘိုးဘိုးကြီး နားလည်ပါတယ်။ မင်းက စိုးရိမ်မှု လွန်ကဲနေတာ "
" မီးတောက်ခေါင်းဆောင်ကြီးက သဘောထားကြီးမားပြီးတော့ ပွင့်လင်းတဲ့ လူတစ်ယောက်ပါ။ သူက လွတ်လပ်စွာပြောဆိုခွင့်ကို အရမ်းတန်ဖိုးထားတာ။ သူ့ရဲ့ လက်အောက်က တပည့်တွေအကုန်လုံး စိတ်လွတ်လက်လွတ် ပြောဆိုခွင့်ရှိတယ် " နွားထီးအိုကြီးမှာ ထိုသို့ဆိုခဲ့ပြီးနောက် သက်ပြင်းချလိုက်၏။
" အဲတာမလို့ မင်း မီးတောက်ခေါင်းဆောင်ကြီးကို မကျေနပ်တဲ့ အချက်တွေ ရှိရင်တောင် ဖုံးကွယ်မထားနဲ့။ ပွင့်ပွင့်လင်းလင်းသာ ထုတ်ပြော။ ဘာလို့လဲဆိုတော့ မီးတောက်ခေါင်းဆောင်ကြီးက အသေးအဖွဲ ကိစ္စလေးတွေကို ဂရုမစိုက်တာမလို့ပဲ။ သူ့ရဲ့ စိတ်ကို စကြဝဠာကြီး တစ်ခုလုံးနဲ့တောင် နှိုင်းယှဉ်ကြည့်လို့ရတယ် "
" ဒါပေမဲ့ မင်း သေချာမှတ်ထားရမယ့် အချက်တစ်ချက်ရှိတယ်။ အဲတာ ဘယ်တော့မှ လိမ်မပြောဖို့ပဲ။ မီးတောက်ခေါင်းဆောင်ကြီးက မျက်နှာချိုသွေးတဲ့ စကားတွေ၊ အလိမ်အညာ စကားတွေနဲ့ မရိုးသားတဲ့ စကားတွေကို အမုန်းဆုံးပဲ "
" တိုတိုနဲ့လိုရင်းပြောရရင် မင်း ပွင့်ပွင့်လင်းလင်း ပြောဖို့ပဲ လိုတာ။ မီးတောက်ခေါင်းဆောင်ကြီးက ဒီကမ္ဘာကြီးထဲမှာ အမြော်အမြင်အရှိဆုံး လူတွေထဲက တစ်ယောက်ပဲ “