မီးတောက်ကြယ်စင်စု
Vol. 73 Ch. 1004
" အမှန်အတိုင်း ပြောရမှာပေါ့ " ဝမ်ပေါင်လဲ့မှာ တစ်ခဏမျှ ဆွံ့အမှင်တက်သွား၏။
" ဟုတ်တယ် " နွားထီးအိုကြီးမှာလည်း ရှေ့သို့ ပြေးလွှားနေရင်း ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။
" ညာမပြောရဘူးပေါ့ " ဝမ်ပေါင်လဲ့မှာမူ အနည်းငယ် ဇဝေဇဝါဖြစ်နေသည့် အမူအရာဖြင့် ထပ်မေးလိုက်၏။
" ဟုတ်တယ်လို့ " ထိုအခါ နွားထီးအိုကြီးမှာ ချောင်းဟန့်ကာ ထပ်၍ ခေါင်းညိတ်ပြလိုက်သည်။
" မျက်နှာချိုသွေးလို့လည်း မရဘူးပေါ့ " ဝမ်ပေါင်လဲ့မှာ တစ်ခဏမျှ ချီတုံချတုံဖြစ်သွားပြီးနောက် ထပ်မေးမိလိုက်ပြန်သည်။
" ဟုတ်ပါတယ်ဆို " နွားထီးအိုကြီးမှာမူ စိတ်မရှည်တော့သည့် အမူအရာဖြင့် ထပ်၍ ခေါင်းညိတ်ပြလိုက်၏။
ထိုအခါမှသာ ဝမ်ပေါင်လဲ့မှာ မယုံချင်ယုံချင်နှင့် ယုံလိုက်ရ၏။ သို့သော် သူ၏ နှလုံးသားထဲတွင် သံသယစိတ်အချို့ ကျန်ရှိနေဆဲပင်။ သူ ထိုကဲ့သို့ မယုံသင်္ကာဖြစ်နေစဉ် နွားထီးအိုကြီးမှာ ပို၍ မြန်ဆန်လာ၏။
လဝက်တိတိ ကုန်ဆုံးသွားကာ လူမှုအဖွဲ့အစည်းပေါင်း မြောက်မြားစွာအား ကျော်ဖြတ်ခဲ့ပြီးနောက် နောက်ဆုံးတွင် ဝမ်ပေါင်လဲ့၏ ရှေ့၌ ကြက်သွေးရောင်နယ်မြေတစ်ခု ပေါ်ပေါက်လာတော့သည်။
" ကောင်လေး။ ရောက်ပြီဟေ့ " နွားထီးအိုကြီးမှာ ကျယ်လောင်စွာ အော်ဟစ်ရယ်မောကာ နှာမှုတ်လိုက်၏။ ၎င်း၏ စကားသံများကြောင့် ဝမ်ပေါင်လဲ့မှာ အတွေးများထဲ၌ နစ်မျောနေရာမှ သတိပြန်ကပ်သွား၏။ ထို့နောက် သူသည် မီးတောက်ခေါင်းဆောင်ကြီး၏ ပင်ကိုယ်စရိုက်အကြောင်း စဉ်းစားတွေးတောနေခြင်းအား ရပ်တန့်လိုက်သည်။ အကယ်၍ မီးတောက်ခေါင်းဆောင်ကြီးမှာ နွားထီးအိုကြီး ပြောခဲ့သည့်အတိုင်းသာဆိုပါက သူ့အတွက် ပိုကောင်းပေသည်။
ထို့ကြောင့် သူသည် ကြက်သွေးရောင်နယ်မြေအား မြင်လိုက်ရသည်နှင့် ပျော်ရွှင်ကျေနပ်သွား၏။
ထို ကြက်သွေးရောင်နယ်မြေကြီးမှာ မီးလျှံများ အဆက်မပြတ် တောက်လောင်နေသည့် ဧရာမ မီးလုံးကြီးတစ်လုံးကဲ့သို့ပင်။ ထို့အပြင် ၎င်းမှာ မီးလျှံများ၏ အပြင်ဘက်တွင်ရှိနေသည့် စကြဝဠာကြီးထဲသို့လည်း မီးခိုးငွေ့ကဲ့သို့သော အမျှင်အတန်းများကို ထုတ်လွှတ်နေသေးသည်။
ထိုမြင်ကွင်းကြောင့် ဝမ်ပေါင်လဲ့မှာ စကြဝဠာထဲ၌ အမြဲထာဝစဉ် လောင်ကျွမ်းနေမည့် မီးတောက်ကြီးတစ်ခုအား ကြည့်နေရသကဲ့သို့ ခံစားလိုက်ရ၏။ ထိုအချိန်တွင် နွားထီးအိုကြီး၏ အမြန်နှုန်းမှာ ပိုမိုမြန်ဆန်လာသဖြင့် ဝမ်ပေါင်လဲ့မှာလည်း မီးလျှံများဖြင့် ပြည့်နှက်နေသည့် နယ်မြေကြီးနှင့် ပို၍ နီးကပ်လာတော့သည်။
သူတို့ ထိုနယ်မြေကြီး၏ အစွန်အဖျားပိုင်းသို့ ရောက်သွားသည့်အချိန်တွင် ဝမ်ပေါင်လဲ့မှာ သူ၏ရှေ့၌ အဆုံးအစ မရှိလောက်အောင် ကျယ်ပြောနေသည့် မီးပင်လယ်ကြီးတစ်စင်းအား မြင်လိုက်ရ၏။
၎င်းဆီမှ ထွက်ပေါ်နေသည့် အပူလှိုင်းများကြောင့် ဘေးပတ်ပတ်လည်ရှိ စကြဝဠာကြီးမှာ တွန့်လိမ်ပုံပျက်နေရသည်။ သူတို့ ၎င်း၏အနီးသို့ ရောက်သွားလေလေ အရာအားလုံးမှာလည်း ပို၍ တွန့်လိမ်ပုံပျက်လာလေလေ ဖြစ်နေ၏။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ အာကာသကြီးတစ်ခုတည်းသာ တွန့်လိမ်ပုံပျက်နေရုံသာမက အချိန်နှင့် စည်းမျဉ်းဥပဒေသများပါ ပြောင်းလဲသွားကြောင်းသိလိုက်ရသဖြင့် အံ့ဩတုန်လှုပ်သွားရ၏။
မီးလျှံများကြောင့် တွန့်လိမ်ပုံပျက်နေသည့် ဟင်းလင်းပြင်ကြီးထဲတွင် အချိန်စီးဆင်းမှုမှာ နှေးကွေးနေသကဲ့သို့ပင်။ မီးစည်းမျဉ်းဥပဒေသမှလွဲ၍ အခြား စည်းမျဉ်းဥပဒေသ အားလုံးမှာလည်း ဖိနှိပ်ချုပ်တည်းခံထားရသည်။
စကြဝဠာကြီး၏ စည်းမျဉ်းဥပဒေသများပင်လျှင် မီးတောက်များ၏ ကြီးစိုးမှုအား သဘောတူလက်ခံထားရ၏။
" မီးတောက်ခေါင်းဆောင်ကြီးက တော်တော်လေးကိုအစွမ်းထက်တာပဲ " ဝမ်ပေါင်လဲ့မှာ အံ့ဩတုန်လှုပ်နေရပြီ ဖြစ်သည်။ သူသည် မီးတောက်ခေါင်းဆောင်ကြီးမှာ အားမနည်းပါသော်လည်း သူ၏ ဂိုဏ်းတူအစ်ကို ချန်ရှင်းလောက် အစွမ်းထက်လိမ့်မည်မဟုတ်ဟု မှတ်ယူထားခဲ့၏။ သို့သော် ယခုတွင်မူ သူသည် သူ၏ ယူဆချက်မှာ မှန်ကန်သလို မှားယွင်းနေသည်လည်း ဖြစ်ကြောင်း သိလိုက်ရသည်။
သူ၏ ယူဆချက် မှန်ကန်နေရခြင်းမှာ မီးတောက်ခေါင်းဆောင်ကြီးသည် အမှန်တကယ်ပင် ချန်ရှင်းလောက် အစွမ်းမထက်သောကြောင့်ပင်။ သို့သော် သူ၏ ယူဆချက် မှားယွင်းနေရခြင်းမှာမူ... မီးတောက်ခေါင်းဆောင်ကြီး အားနည်းနေသောကြောင့်မဟုတ်ဘဲ သူ၏ ဂိုဏ်းတူအစ်ကို ချန်ရှင်းမှာ ကြောက်ခမန်းလိလိ အစွမ်းထက်နေသောကြောင့် ဖြစ်ပေသည်။ ထို့ကြောင့် သူ၏ အမြင်တွင် မီးတောက်ခေါင်းဆောင်ကြီးမှာ သိပ်၍ အစွမ်းမထက်သည့်ပုံ ပေါက်နေခဲ့ခြင်း ဖြစ်သည်။
သူ ထိုကဲ့သို့ အတွေးများထဲ၌ နစ်မျောနေစဉ် သူ၏ ခြေထောက်အောက်တွင် ရှိနေသည့် နွားထီးအိုကြီးမှာ ခေါင်းမော့ကာ အော်ဟစ်မြည်တမ်းလိုက်၏။ ၎င်း၏ အော်ဟစ်သံကြီး ထွက်ပေါ်လာသည်နှင့် သူတို့၏ ရှေ့တွင် ရှိနေသည့် မီးပင်လယ်ကြီးမှာလည်း ချက်ချင်းဆိုသလိုပင် အရပ်မျက်နှာအနှံ့သို့ လွင့်စင်သွားသဖြင့် လမ်းတစ်လမ်း ပေါ်ပေါက်လာ၏။
နွားထီးအိုကြီးမှာ အရှိန်လျော့ကျသွားခြင်း မရှိဘဲ ထိုလမ်းထဲသို့ တန်းတန်းမတ်မတ် ပြေးဝင်သွားလိုက်ပြီး မီးတောက်ကြယ်စင်စုထဲသို့ ဝင်ရောက်သွားလိုက်တော့သည်။ ၎င်းမှာ ထို လမ်းပေါ်သို့ ရောက်လာပြီးနောက် အလွန်အင်မတန်မှ စိတ်လှုပ်ရှားသွားသည့်ပုံပင်။ ထို့ကြောင့် ၎င်းမှာ မီးပင်လယ်ကြီး လမ်းဖယ်ပေးလိုက်သည့်အတွက် ပေါ်ပေါက်လာသည့် လမ်းပေါ်မှနေ၍ မီးပင်လယ်ကြီးထဲသို့ ခုန်ဆင်းသွားလိုက်ပြီး မီးလျှံများပေါ်မှနေ၍ ရှေ့သို့ ဆက်လက်ပြေးလွှားနေလိုက်တော့သည်။
ထို မြင်ကွင်းကြောင့် ဝမ်ပေါင်လဲ့မှာ ရင်ခုန်နှုန်းများ တစ်ခဏမျှ ရပ်တန့်သွားရ၏။ သူသည် နွားထီးအိုကြီး၏ ကျောကုန်းပေါ်ရှိ အမွေးများကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသည်။ သူ၏ မျက်ဝန်းများထဲတွင် မီးပင်လယ်ကြီးကိုသာ မြင်နေရသည်။ တစ်ချိန်ထဲမှာပင် ဘေးပတ်ပတ်လည်ရှိ မြင့်မားသောအပူချိန်နှင့် မီးပင်လယ်ကြီးထဲရှိ ဖိနှိပ်အားများကြောင့် သူသည် ကြောက်ဒူးတုန်လာရ၏။ သူသည် မီးစည်းမျဥ်းဥပဒေသ ပါသည့် ရှေးဟောင်းဂြိုဟ်နှင့် တာအိုဂြိုဟ်၏ ကူညီထောက်ပံ့မှုများကို ရရှိပိုင်ဆိုင်ထားသည့်တိုင်တောင် အပြင်ဘက်သို့ လွင့်ထွက်သွားမည်ဆိုပါက အချိန်အကြာကြီး တောင့်ခံနိုင်မည် မဟုတ်ဘဲ မီးပင်လယ်ကြီးကြောင့် ချက်ချင်းပြာကျသွားရမည်သာ ဖြစ်သည်ဟု ခံစားနေရသည်။
ကံကောင်းစွာဖြင့် သူသည် ထိုကဲ့သို့ အကြာကြီးမခံစားခဲ့ရပေ။ နွားထီးအိုကြီးမှာ သွေးရူးသွေးတန်း ပြေးလွှားနေသောကြောင့် နှစ်နာရီအကြာတွင် သူတို့မှာ မီးတောက်ကြယ်စင်စု၏ အစွန်အဖျားပိုင်းထဲမှ ထိုးထွက်လာပြီး အလယ်ပိုင်းသို့ ရောက်ရှိလာတော့သည်။
ခဏအကြာတွင် မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော် ဖြစ်နေသည့် ဝမ်ပေါင်လဲ့မှာ သူတို့၏ ရှေ့ရှိ မီးပင်လယ်ကြီးထဲတွင် ဧရာမဂြိုဟ်ကြီးတစ်လုံး ပေါ်ပေါက်လာသည်ကို လှမ်းမြင်လိုက်ရ၏။ ထို ဂြိုဟ်ကြီးမှာ ကြီးမားလွန်းနေသောကြောင့် နေအဖွဲ့အစည်း တစ်ခုလုံးနှင့်ပင် ယှဉ်နိုင်လောက်ပေသည်။ ၎င်းမှာ ဧရာမ ပေါင်းအိုးကြီးတစ်လုံးနှင့် တူနေ၏။
၎င်းမှာ မီးတောက်ပင်မဂြိုဟ် ဖြစ်ပေသည်။
ထို ပင်မဂြိုဟ်၏ ပတ်ပတ်လည်တွင် ထာဝရကြယ် ရာပေါင်းများစွာ ရှိနေကြ၏။
ထို ထာဝရကြယ်များမှာ ပင်မဂြိုဟ်နှင့် ချိတ်ဆက်ထားသည့်အလား ၎င်း၏ ပတ်ပတ်လည်တွင် ဖြည်းညင်းစွာ လည်ပတ်နေကြသည်။ တစ်ချိန်ထဲမှာပင် ဝမ်ပေါင်လဲ့မှာ ထို ထာဝရကြယ် တစ်လုံးချင်းစီ၏ ပတ်ပတ်လည်တွင် အရေအတွက် အမျိုးမျိုးရှိသည့် ဂြိုဟ်များကိုလည်း မြင်လိုက်ရသေးသည်။
သို့သော် ဝမ်ပေါင်လဲ့၏ အမြင်တွင် ပင်မဂြိုဟ်ကြီး၏ ကြီးကျယ်ခမ်းနားမှုနှင့် နှိုင်းယှဉ်ကြည့်လိုက်မည်ဆိုပါက အခြား ထာဝရကြယ်များမှာ အဆင့်နိမ့်ကျနေသည့်ပုံ ပေါက်နေ၏။ သို့သော်လည်း သူ စ်ိတ်ကို တည်ငြိမ်အောင်ထားကာ သေသေချာချာ ကြည့်ရှုစစ်ဆေးလိုက်ချိန်တွင် နှလုံးသားထဲ၌ ခံစားချက်မျိုးစုံ ပေါ်ပေါက်လာရဆဲပင်။
" ရာနဲ့ချီနဲ့ ထာဝရကြယ်တွေ၊ ထောင်နဲ့ချီတဲ့ ဂြိုဟ်တွေအကုန်လုံးက မီးတောက်ပင်မဂြိုဟ်ရဲ့ ပတ်ပတ်လည်မှာ စုဝေးနေကြပြီး မီးတောက်ကြယ်စင်စုကြီးကို ဖွဲ့စည်းပေးထားတာပဲ... ဒီလို အစုအဖွဲ့မျိုးနဲ့ ယှဥ်လိိုက်မယ်ဆိုရင် နေအဖွဲ့အစည်း ပြည်ထောင်စုကြီးက အရမ်းကိုအားနည်းနေသေးတယ် "
" လန့်သွားလား။ ဒါ ဘာမှ မဟုတ်သေးဘူး။ ကောင်လေး၊ ငါ ပြောပြမယ်။ မီးတောက်ခေါင်းဆောင်ကြီးက သိုသိုသိပ်သိပ်နေဖို့ ဆုံးဖြတ်ထားလို့သာ အခုလောက်ပဲဖြစ်နေတာ။ အဆုံးမဲ့တာအိုနယ်မြေထဲမှာ မီးတောက်ခေါင်းဆောင်ကြီးနဲ့ ကျင့်ကြံခြင်းအပိုင်းရော တိုက်ရည်ခိုက်ရည်စွမ်းအားအပိုင်းမှာပါ ယှဥ်နိုင်တဲ့ ဘယ်ကျင့်ကြံသူမဆို အနည်းဆုံး ထာဝရကြယ် အလုံးရေ တစ်သောင်းတိတိ ထိန်းချုပ်ပိုင်ဆိုင်ထားကြတာ။ ထာဝရကြယ် အလုံးရေ တစ်သိန်းကနေ အလုံးရေတစ်သန်းအထိ ပိုင်ဆိုင်ထားကြတဲ့ ကျင့်ကြံသူတွေတောင် ရှိသေးတယ် "
" မီးတောက်ခေါင်းဆောင်ကြီးထက် အဆင့် အများကြီးနိမ့်ကျပေမယ့် မီးတောက်ကြယ်စင်စုထက် ပိုပြီးတော့ ကြီးကျယ်ခမ်းနားတဲ့ ကြယ်စင်စုတွေကို ပိုင်ဆိုင်ထားကြတဲ့ ကျင့်ကြံသူတွေလည်း အများကြီးရှိတယ်။ ဘာမှ ရေးကြီးခွင်ကျယ်တော့ မဟုတ်ပါဘူးကွာ။ ငါတို့ရဲ့ မီးတောက်ခေါင်းဆောင်ကြီးက ဟိတ်ဟန်တွေမထုတ်ဘဲ ဘဝကို ရိုးရိုးရှင်းရှင်းနဲ့ ဖြတ်သန်းရတာကိုပဲ နှစ်ခြိုက်တဲ့ လူတစ်ယောက်လေ " နွားထီးအိုကြီးမှာ အသံအကျယ်ကြီးဖြင့် အော်ပြောလိုက်သဖြင့် သူ၏ စကားသံများမှာ အရပ်မျက်နှာအနှံ့တွင် ပဲ့တင်ထပ်သွား၏။
" ဒါပေမဲ့ မီးတောက်ကြယ်စင်စုက သာမန်အရွယ်အစားပဲ ရှိတာတောင် မဟာလက်ဝဲတာအိုနယ်မြေထဲမှာ တမူထူးခြားတဲ့ ရာထူးအဆင့်အတန်းတစ်ခုကို ပိုင်ဆိုင်ထားပြီးသား။ မဟာလက်တဲ တာအိုနယ်မြေထဲမှာဆိုရင် ငါတို့တွေ လုပ်ချင်တာလုပ်လို့ရတယ်။ တကယ်လို့ ငါတို့တွေ မဟာဒိဋ္ဌိနယ်မြေထဲကို ရောက်သွားမယ်ဆိုရင်တောင် ရာထူးအဆင့်အတန်းတစ်ခု ပိုင်ဆိုင်ထားဦးမှာပဲ "
ဝမ်ပေါင်လဲ့မှာ နွားထီးအိုကြီး၏ စကားများကိုနားထောင်ရင်း နှလုံးသားထဲ၌ ခံစားချက်မျိုးစုံ ပေါ်ပေါက်လာရသည်။ သူသည် လမ်းတစ်လျှောက်လုံးတွင် နွားထီးအိုကြီးနှင့် စကားစမြည်များ ပြောဆိုခဲ့ပါသော်လည်း နွားထီးအိုကြီးမှာ ထို အကြောင်းအရာများအား ပြည့်ပြည့်စုံစုံ ပြောပြခဲ့ခြင်းမရှိပေ။ သို့သော် သူ၏ စကားများထဲ၌ သတင်းအချက်အလက်များ အနည်းနှင့်အများ ပါနေဆဲပင်။ မီးတောက်ကြယ်စင်စုမှာ မဟာလက်ဝဲတာအိုနယ်မြေထဲတွင်သာ ရှိနေသေးပါသော်လည်း ၎င်း၏ တမူထူးခြားသည့် ရာထူးအဆင့်အတန်းများကြောင့် ပဒေသရာဇ် မင်းတစ်ပါးကဲ့သို့ ဖြစ်နေ၏။ ထို့ကြောင့် မဟာလက်ဝဲတာအိုနယ်မြေထဲမှ အင်အားကြီး ဂိုဏ်းများပင်လျှင် သူတို့အား အလွယ်တကူ ရန်မစရဲကြပေ။
ယခုတွင် ဝမ်ပေါင်လဲ့မှာ သူကိုယ်တိုင်မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရပြီးနောက် နွားထီးအိုကြီး၏ ရှင်ပြချက်များကို နားထောင်လိုက်ရသဖြင့် ပို၍ပင် စိတ်နှလုံးလှုပ်ရှားသွားရတော့သည်။
" ဒီအကြောင်းတွေ ဆက်မပြောတော့ဘူး။ ကောင်လေး။ သေချာကိုင်ထား။ ငါတို့တွေ ပင်မဂြိုဟ်ထဲ ဝင်ကြမယ်။ မီးတောက်ကြယ်စင်စုရဲ့ ရာထူးအဆင့်အတန်းနဲ့ ပတ်သက်လို့က မင်း အနာဂတ်မှာ အပြင်ထွက်ပြီးတော့ လေ့ကျင့်တဲ့အချိန်ကျရင် နားလည်လာပါလိမ့်မယ် " နွားထီးအိုကြီးမှာ ထိုသို့ ဆိုလိုက်ပြီးနောက် ရှေ့သို့ ထပ်၍ ခုန်ကာ အလင်းတန်းတစ်ခုအသွင် ပြောင်းလဲသွား၏။ ထို့နောက် ထစ်ချုန်းသံများနှင့်အတူ သူသည် ထာဝရကြယ်များ၏ ကြားမှ ကျော်ဖြတ်သွားပြီး မီးတောက်ကြယ်စင်စု၏ ပင်မဂြိုဟ်ဆီသို့ တန်းတန်းမတ်မတ် ဦးတည်ပျံသန်းသွားလိုက်တော့သည်။
သူသည် မြန်ဆန်လွန်းနေသောကြောင့် ဝမ်ပေါင်လဲ့၏ အမြင်အာရုံများမှာ ဝေဝါးသွားရသည်။ တစ်အောင့်ခန့်အကြာတွင် သူ၏ရှေ့၌ စကြဝဠာ ကြီးမဟုတ်တော့ဘဲ မိုးကောင်းကင်နှင့်ကမ္ဘာမြေကြီး ပေါ်ပေါက်လာတော့သည်။ နွားထီးအိုကြီးမှာ မီးတောက်ပင်မဂြိုဟ်ထဲသို့ ရောက်ရှိသွားပြီး ကောင်းကင်ယံထဲ၌ ရစ်ဝဲနေခြင်း ဖြစ်၏။
မိုးကောင်းကင်ကြီးမှာ အနီရောင်သန်းနေပြီး အပြင်ဘက်ရှိ မီးလျှံများ မိုးများရွာကျလာသကဲ့သို့ ကျဆင်းမလာနိုင်အောင် တားဆီးပေးထားသည့် အကြည်ရောင်အလွှာတစ်လွှာနှင့် တူနေ၏။ သို့သော် ထိုမီးလျှံများကြောင့် ကောင်းကင်ယံထဲမှ ထွက်ပေါ်လာနေသည့် ဖိအားများမှာ ပို၍ အားကောင်းနေရသည်။
ကမ္ဘာမြေကြီးမှာလည်း အပြင်ဘက်နှင့် လုံးဝမတူပေ။ မီးပင်လယ်ကြီး လုံးဝရှိမနေဘဲ တောင်တန်းများနှင့် သစ်ပင်ပန်းမန်များဖြင့် ပြည့်နှက်နေသည့် ကျယ်ပြောလှသော ကုန်းမြေကြီးတစ်ခုသာ ရှိနေသည်။ ထို့အပြင် ပင်လယ်များလည်း စီးဆင်းနေကြသေးသည်။
မြေပြင်ပေါ်တွင် ကျေးငှက်များနှင့် သားရဲတိရစ္ဆာန်များကို ရံခါဖန်ခါ မြင်တွေ့နိုင်ပေသည်။ ပင်လယ်ထဲတွင်လည်း ရေမျက်နှာပြင် အထက်သို့ ပျံတက်လာကြသည့် ရေနဂါးများကဲ့သို့သော သတ္တဝါများ ရှိနေကြသေးသည်။
ဝိညာဉ်ချီများမှာဆိုလျှင် ဝမ်ပေါင်လဲ့ သူ၏ ဘဝတစ်လျှောက်လုံး၌ လုံးဝ မကြုံဖူးလောက်အောင် အားကောင်းနေ၏။ ဤ ကမ္ဘာကြီးထဲရှိ ဝိညာဉ်ချီများမှာ တစ်နှစ်ပတ်လုံး ရှိနေသည့် တိမ်တိုက်များ အဖြစ်သို့ ပြောင်းလဲသွားပြီဖြစ်သည်။ သို့ဖြစ်ရာ သူသည် သူ၏ ဝိညာဉ်ချီများကိုပင် လည်ပတ်သွားအောင် လုပ်နေစရာမလိုပေ။ ပြင်ပလောကထဲရှိ ဝိညာဉ်ချီများမှာ သူ၏ ခန္ဓာကိုယ်ထဲသို့ အလိုလို ဝင်ရောက်လာသဖြင့် သူသည် အလွန်အင်မတန်မှ သက်သောင့်သက်သာ ရှိနေတော့သည်။
ဤ ကမ္ဘာကြီး၏ အရှေ့တောင်ဘက်အခြမ်းတွင် ပေသိန်းပေါင်းများစွာ မြင့်မားသည့် မျှော်စင်ကြီးတစ်ခု ရှိနေ၏။ ထို မျှော်စင်ကြီးမှာ အံ့ဩမှင်တက်ဖွယ်ရာ အငွေ့အသက်တစ်မျိုးကို ထုတ်လွှတ်နေသည်။ ၎င်း၏ ပတ်ပတ်လည်တွင် ရက်စက်ကြမ်းကြုတ်သော သားရဲကြီးများပုံစံ ထုဆစ်ထားသည့် ကျောက်တုံးရုပ်တုများ ရှိနေ၏။ ထို မျှော်စင်ကြီး ရှိနေသည့် နေရာမှာ အလွန်အင်မတန်မှ ကျယ်ပြောပြီး စကြဝဠာကြီးတစ်ခုလုံးကိုပင် ဖိနှိပ်ချုပ်တည်းပစ်နိုင်စွမ်းရှိသည့် အငွေ့အသက်တစ်မျိုးလည်း ရှိနေသေးသည်။
ထိုမျှော်စင်ကြီး၏ ပတ်ပတ်လည်တွင် အရွယ်အစား သေးငယ်ပါသော်လည်း ၎င်းနှင့် တစ်ထေရာတည်းတူသည့် အသေးစားမျှော်စင် ဆယ့်ခြောက်ခု ရှိနေသေးသည်။ ၎င်းတို့မှာ မီးတောက်ခေါင်းဆောင်ကြီးနှင့် သူ၏ တပည့်များ၏ အိမ်ရာများ ဖြစ်ကြ၏။
အခြားဂိုဏ်းများနှင့် မတူသည့်အချက်မှာ မီးတောက်ခေါင်းဆောင်ကြီနှင့် သူ၏ တပည့်များသည် မီးတောက်ပင်မဂြိုဟ်ပေါ်၌ တစ်ယောက်နှင့်တစ်ယောက် အဝေးကြီးတွင် မနေထိုင်ကြခြင်းပင်။ ထို့အပြင် သူတို့အားလုံး နေထိုင်ကြသည့် နေရာမှာ မီးတောက်ပင်မဂြိုဟ်တစ်ခုလုံး၏ တစ်ဘီလီယံပုံ တစ်ပုံပင် မရှိပေ။
ထို မြင်ကွင်းအား လေထဲမှနေ၍ လှမ်းကြည့်နေသည့် ဝမ်ပေါင်လဲ့မှာ အတွေးများထဲ၌ နစ်မျောသွား၏။ ထိုအချိန်တွင် လူရိပ်တစ်ခုမှာ ဆယ့်ငါးခုမြောက် မျှော်စင်ထဲမှ ပျံထွက်လာပြီး နွားထီးအိုကြီးနှင့် ဝမ်ပေါင်လဲ့တို့ဆီသို့ တန်းတန်းမတ်မတ် ဦးတည်လာသည်။
ထို လူရိပ်ကြီး သူတို့ဆီသို့ ရောက်မလာခင် သူ၏ စကားသံမှာ အရင်ဆုံးရောက်ရှိလာသည်။
" နံပါတ်ဆယ့်ငါး ဂိုဏ်းတူညီလေး အမြော်အမြင် ကြီးမားလှပြီး အစွမ်းထက်လှတဲ့ ဂိုဏ်းတူအစ်ကိုနွားထီးကို ဂါရဝပြုပါတယ် “