← Chapters

ငါ ဘယ်နေရာကို ရောက်လာတာလဲ

Vol. 73 Ch. 1005

ငါ ဘယ်နေရာကို ရောက်လာတာလဲ

Vol. 73 Ch. 1005

ထို စကားသံ ထွက်ပေါ်လာသည်နှင့် ထို လူရိပ်မှာလည်း ဝမ်ပေါင်လဲ့နှင့် နွားထီးအိုကြီးတို့၏ ရှေ့၌ ချက်ချင်းပေါ်ပေါက်လာ၏။ ထို ကျင့်ကြံသူမှာ အသက်ဆယ့်လေးနှစ်၊ ဆယ့်ငါးနှစ်သာ ရှိသေးသည့်ပုံပေါ်သော လူငယ်တစ်ယောက်ဖြစ်သည်။ သူသည် ပိန်းပါးပါးခန္ဓာကိုယ်တစ်ခု ပိုင်ဆိုင်ထားပါသော်လည်း သူ၏ ဦးခေါင်းမှာ အလွန်အင်မတန်မှ ကြီးမားနေ၏။ ထို့ကြောင့် သူသည် အာဟာရဓာတ် ချို့တဲ့နေသည့် ပဲပင်ပေါက်တစ်ပင်နှင့် ဆင်တူနေတော့သည်။ လေပြင်းတစ်ချက် တိုက်ခတ်လိုက်သဖြင့် သူ၏ ဦးခေါင်း အခြားတစ်ဖက်သို့ စောင်းသွားပါက သူ၏ ခန္ဓာကိုယ်တစ်ခုလုံး လဲကျသွားမည့်ပုံပင်။

ထိုမျှလောက်သာဆိုပါက ကိစ္စမရှိပေ။ သို့သော် ထိုလူငယ်လေး၏ မျက်ဝန်းများမှာ ကောက်ကျစ်စဥ်းလဲသည့်ပုံ ပေါက်နေသည်ဖြစ်ရာ သူသည် ရိုးသားသည့် လူတစ်ယောက်မဟုတ်ကြောင်း သိနိုင်ပေသည်။ သူသည် သူတို့၏ ရှေးသို့ ရောက်ရှိလာသည်နှင့် မျက်ဝန်းများ ထူးဆန်းစွာတောက်ပသွားပြီး နွားထီးအိုကြီး၏ ကျောကုန်းပေါ်တွင် ရှိနေသည့် ဝမ်ပေါင်လဲ့အား လှမ်းကြည်လိုက်၏။

" သူက ဆရာ ဟိုအရင်တစ်ခေါက်တုန်းက ပြောထားတဲ့ နံပါတ်ဆယ့်ခြောက် ဂိုဏ်းတူညီလေးပဲ ဖြစ်မယ်။ ဟားဟား။ မင်္ဂလာပါ နံပါတ်ဆယ့်ခြောက် ဂိုဏ်းတူညီငယ်လေး။ ငါက မင်းရဲ့ နံပါတ်ဆယ့်ငါး ဂိုဏ်းတူအစ်ကိုကြီးပါ "

ထိုအခါ ဝမ်ပေါင်လဲ့မှာ ချက်ချင်း မတ်တတ်ထကာ နွားထီးအိုကြီး၏ ကျောကုန်းပေါ်မှ ဆင်းလာပြီး ညာလက်သီးပေါ် ဘယ်လက်ဝါးတင်၍ သူ၏ရှေ့တွင် ရှိနေသည့် လူငယ်လေးအား ဦးညွှတ် အရိုအသေပေးလိုက်၏။ ထို ကျင့်ကြံသူမှာ အသက်ကြီးသည့်ပုံ မပေါ်ပါသော်လည်း ကျင့်ကြံသူများ၏ အသက်အား သူတို့၏ ရုပ်ရည်ကိုကြည့်၍ အကဲဖြတ်၍မရကြောင်း ဝမ်ပေါင်လဲ့က သိထားပြီးဖြစ်သည်။ အသက်ငယ်သည့်ပုံစံ ဟန်ဆောင်ရသည်ကို နှစ်ခြိုက်ကြသည့် အသက်ကြီးပိုင်း ကျင့်ကြံသူများ အမြောက်အမြား ရှိကြသည်မဟုတ်ပါလော...

ထို့အပြင် ထို လူငယ်လေး၏ ခန္ဓာကိုယ်ထဲမှလည်း ဂြိုဟ်အဆင့် ကျင့်ကြံခြင်းအငွေ့အသက်များ ထွက်ပေါ်နေသေးသည်။ ထို့ကြောင့်လည်း ဝမ်ပေါင်လဲ့မှာ သူ့အား တရိုတသေ နှုတ်ဆက်လိုက်၏။

" မင်္ဂလာပါ နံပါတ်ဆယ့်ငါး ဂိုဏ်းတူအစ်ကိုကြီး "

" နံပါတ်ဆယ့်ခြောက် ဂိုဏ်းတူညီလေး။ ဒီလောက်အထိ ရိုကျိုးနေစရာ မလိုပါဘူး။ အခုကစပြီး ငါတို့တွေက မိသားစုလို ဖြစ်သွားပြီလေ " သူသည် ပြုံးကာ နူးညံ့သိမ်မွေ့မှု အပြည့်ရှိသော လေသံဖြင့် ထိုသို့ပြောလိုက်ခြင်းဖြစ်ပါသော်လည်း သူ၏ ကောက်ကျစ်စဉ်းလဲသော မျက်ဝန်းများကြောင့် လူအများ၏ အမြင်တွင် သူသည် မကောင်းကြံလိုသည့်ပုံ ပေါက်နေတော့သည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ သတိကြီးကြီး ထားမိလိုက်၏။ ထိုအချိန်တွင် သူ၏ဘေးတွင် ရှိနေသည့် နွားထီးအိုကြီးမှာ သန်းဝေကာ ဆိုလိုက်သည်။

" ကဲ။ ငါ သူ့ကို ဒီနေရာအထိ ခေါ်လာခဲ့ပြီးပြီဆိုတော့ သွားတော့မယ် " နွားထီးအိုကြီးမှာ ထိုသို့ ဆိုကာ သူ၏ ခန္ဓာကိုယ်အား လှစ်ခနဲလှုပ်ရှား၍ ကောင်းကင်ပေါ်သို့ ခုန်တက်သွားလိုက်၏။ ၎င်း ထွက်ခွာသွားတော့မည့် အချိန်တွင် ဝမ်ပေါင်လဲ့မှာ နောက်သို့လှည့်ကာ နှုတ်ဆက်ရန် ပြင်လိုက်သည်။ သို့သော် သူ စကားမပြောနိုင်ခင်မှာပင် နံပါတ်ဆယ့်ငါး ဂိုဏ်းတူအစ်ကိုကြီးမှာ လေထဲ၌ ဝမ်းလျားမှောက်ကာ အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်၏။

" နှုတ်ဆက်ပါတယ်၊ ပြိုင်ဘက်ကင်း အစ်ကို နွားထီးခဗျား "

သူ၏ စကားသံမှာ ကျယ်လောင်လွန်းလှသောကြောင့် အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွား၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့ပင်လျှင် အံ့သြတုန်လှုပ်သွားရသည်။ သူသည် နံပါတ်ဆယ့်ငါး ဂိုဏ်းတူအစ်ကိုကြီးမှာ မျက်နှာချိုသွေးကာ ဖားယားနေခြင်းဖြစ်ကြောင်း ချက်ချင်းရိပ်မိလိုက်၏။

သူ၏ လုပ်ရပ်များမှာ နွားထီးအိုကြီး သူ့အား ပြောပြခဲ့သည့် စကားများနှင့် ရှေ့နောက်မညီပေ... ထို့ကြောင့် ဝမ်ပေါင်လဲ့တစ်ယောက် ချီတုံချတုံ ဖြစ်နေစဉ်မှာပင် နွားထီးအိုကြီးမှာ နှာမှုတ်လိုက်ပြီးနောက် ကောင်းကင်ယံထဲ၌ အစအန ရှာမရလောက်အောင် ပျောက်ကွယ်သွားတော့သည်။

နွားထီးအိုကြီး ထွက်ခွာသွားသည့်တိုင်အောင် နံပါတ်ဆယ့်ငါး ဂိုဏ်းတူအစ်ကိုကြီးမှာ လေထဲ၌ ဝမ်းလျားမှောက်နေဆဲပင်။ အသက်ရှူကြိမ် ခုနစ်ကြိမ်၊ ရှစ်ကြိမ်ဝန်းကျင်ခန့် ကုန်ဆုံးပြီးသွားသောအခါ ဝမ်ပေါင်လဲ့မှာ မနေနိုင်တော့သဖြင့် စကားပြောရန် ပြင်လိုက်၏။ ထိုအချိန်တွင် နံပါတ်ဆယ့်ငါး ဂိုဏ်းတူအစ်ကိုကြီးမှာ ဖြည်းဖြည်းချင်း ပြန်ထလာပြီး လက်နှစ်ဖက်အား နောက်ပစ်ကာ ဝမ်ပေါင်လဲ့အား ကြည့်၍ ဆိုလိုက်သည်။

" နံပါတ်ဆယ့်ခြောက် ဂိုဏ်းတူညီလေး။ ငါက မင်းကို ဝေဖန်တာတော့ မဟုတ်ဘူး။ ဒါပေမဲ့ မင်း သိထားဖို့က မင်း ငါ့ဆီကနေ လေ့လာသင်ယူစရာတွေ အများကြီး ရှိသေးတယ်ကွ။ ဂိုဏ်းတူအစ်ကို နွားထီးက ငါတို့ မီးတောက်ကြယ်စင်စုရဲ့ အစောင့်အရှောက် နတ်သားရဲကြီးဆိုတာကို မင်း သိထားဖို့လိုတယ်။ သူက မီးပင်လယ်ထဲမှာ ဖွားမြင်ခဲ့ပြီးတော့ စကြဝဠာကြီးနဲ့ ပေါင်းစည်းပြီး အရပ်ရှစ်မျက်နှာစလုံးကို ကာကွယ်စောင့်ရှောက်ပေးထားတာ။ ငါတို့ရဲ့ ဆရာတောင် ဂိုဏ်းတူအစ်ကို နွားထီးကို ယဉ်ယဉ်ကျေးကျေး ဆက်ဆံရတာကွ "

" အဲတော့ မင်း သိထားဖို့က ဂိုဏ်းတူအစ်ကို နွားထီးနဲ့ နောက်တစ်ခေါက် ဆုံရင် သူ့ကို ရိုရိုသေသေ ဆက်ဆံဖို့လိုတယ်။ မင်း စောစောတုန်းက ဦးညွှတ် အရိုအသေပေးတာလောက်မျိုးနဲ့ဆိုရင် ဘယ်လိုလုပ်ပြီး သင့်တော်မှု ရှိပါ့မလဲ "

ဝမ်ပေါင်လဲ့မှာ ထိုစကားများကို ကြားလိုက်ရသောအခါ ဆွံ့အသွား၏။ သူသည် နားမလည်ကြောင်း ပြောလိုပါသော်လည်း ပြောမထွက်ပေ။ ထို့ကြောင့် သူသည် နွားထီးအိုကြီး ပျောက်ကွယ်သွားသည့် နေရာအား လှမ်းကြည့်လိုက်ပြီးနောက် တည်ကြည်မှု အပြည့်ရှိသော မျက်နှာအမူအရာဖြင့် ရပ်နေသည့် ပဲပင်ပေါက်ပုံစံ နံပါတ်ဆယ့်ငါး ဂိုဏ်းတူအစ်ကိုကြီးအား ကြည့်လိုက်၏။ သူသည် တစ်ခဏမျှ တွေဝေတုံ့ဆိုင်းသွားပြီးနောက် ပြန်ပြောလိုက်သည်။

" နံပါတ်ဆယ့်ငါး ဂိုဏ်းတူအစ်ကိုကြီး။ အခုလို လုပ်ဖို့ လိုလို့လားဗျာ။ ကျွန်တော်က အသက်ငယ်ငယ်လေးပဲ ရှိပါသေးတယ်။ မလိမ်ပါနဲ့ဗျ... "

" ကောင်လေး။ ငါက မင်း အဘိုးအရွယ်လောက်ကို ရှိနေပြီကွ။ ဘာကိစ္စနဲ့ မင်းကို လိမ်ရမှာလဲ " ပဲပင်ပေါက် နံပါတ်ဆယ့်ငါး ဂိုဏ်းတူအစ်ကိုကြီးမှာ ထိုသို့ပြန်ပြောလိုက်ပြီးနောက် ဘေးဘီဝဲယာအား အကဲခတ်လိုက်၏။ ထို့နောက် သူသည် ဝမ်ပေါင်လဲ့၏ အနီးသို့ ရောက်လာပြီး သူ၏ဘေးသို့ ကပ်ကာ လျှို့ဝှက်ဆန်းကြယ်သော အမူအရာဖြင့် တိုးတိုးလေးပြောလိုက်သည်။

" ငါ ပြောပြမယ် နံပါတ်ဆယ့်ခြောက် ဂိုဏ်းတူညီလေး။ သေချာနားထောင်။ မင်း သိထားဖို့က.... ဂိုဏ်းတူအစ်ကို နွားထီးကို... ရန်စလို့ မရဘူးကွ။ သူက တော်တော်လေးကို သဘောထားသေးသိမ်တာ။ စိတ်ဆတ်တာကလည်း လွန်ရော။ ငါတို့ရဲ့ ဆရာတောင် သူ့ကို ယဉ်ယဉ်ကျေးကျေး ဆက်ဆံရရုံတင် မကဘူး တစ်ခါတလေကျရင် သူ့ကို သည်းခံရသေးတာကွ။ ငါ့အထင်တော့... "

" အဲဒီ နွားထီးအိုကြီးက မီးတောက်ကြယ်စင်စုရဲ့ အရှင်သခင် အစစ်အမှန် ဖြစ်နေလောက်တယ် " နံပါတ်ဆယ့်ငါး ဂိုဏ်းတူအစ်ကိုကြီးမှာ ထိုသို့ဆိုလိုက်သဖြင့် ဝမ်ပေါင်လဲ့မှာ ပို၍ပင် ဇဝေဇဝါဖြစ်သွားရ၏။ ထို့နောက် သူသည် စိတ်ထဲတွင် တွေးမိလိုက်သည် " ဒီ နံပါတ်ဆယ့်ငါး ဂိုဏ်းတူအစ်ကိုကြီးက ဦးနှောက်တစ်ခန်းလွတ်နေတာလားဟ "

သို့သော် မည်သို့ပင်ဆိုစေကာမူ သူ၏ အမြင်တွင် ဤ မီးတောက်ကြယ်စင်စုထဲ၌ နွားထီးအိုကြီးဖြစ်စေ၊ သူ၏ ရှေ့ရှိ နံပါတ်ဆယ့်ငါး ဂိုဏ်းတူအစ်ကိုကြီးဖြစ်စေ သူတို့နှစ်ယောက်စလုံးမှာ ထူးဆန်းနေ၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ သူပေးသည့် အကြံဉာဏ်အား လက်ခံသည့် အမူအရာဖြင့် ခေါင်းညိတ်ပြလိုက်သည်။

" အခုလို သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် နံပါတ်ဆယ့်ငါး ဂိုဏ်းတူအစ်ကိုကြီး "

ဝမ်ပေါင်လဲ့၏ ကျေးဇူးတင်စကားကို ကြားလိုက်ရသောအခါ ပဲပင်ပေါက်ပုံစံ နံပါတ်ဆယ့်ငါး ဂိုဏ်းတူအစ်ကိုကြီးမှာ ကျေနပ်သွားပြီး ချောင်းဟန့်ကာ ဆက်ပြောလိုက်၏။

" နံပါတ်ဆယ့်ခြောက် ဂိုဏ်းတူညီလေး။ ဆရာက အလုပ်ကိစ္စလေးတွေရှိလို့ မနေ့ကပဲ ထွက်သွားတာ။ သူ ထွက်မသွားခင် မင်းကို လက်ခံကြိုဆိုပေးဖို့ ငါ့ကို မှာခဲ့တယ်။ မင်းသိထားဖို့က ဆရာ ပြန်ရောက်လာရင် မင်းကို ဆင့်ခေါ်လိမ့်မယ်။ ဒီလိုလုပ်။ မင်း ဒီနေရာနဲ့ ရင်းနှီးသွားအောင် ငါ လိုက်ပြပေးမယ်။ အဲတာဆိုရင် မင်းကို တခြား ဂိုဏ်းတူ အစ်ကိုကြီးတွေ အစ်မကြီးတွေနဲ့လည်း တစ်ခါတည်း မိတ်ဆက်ပေးလို့ရတယ်လေ "

" ကျေးဇူးတင်ပါတယ် နံပါတ်ဆယ့်ငါး ဂိုဏ်းတူအစ်ကိုကြီး "

ဝမ်ပေါင်လဲ့မှာ ထိုလူငယ်လေး၏ " မင်းသိထားဖို့က " ဆိုသည့် စကားများကို နားကြားပြင်းကတ်လာသောကြောင့် စောဒကတက်မနေတော့ဘဲ အလျင်အမြန် ကျေးဇူးတင်စကားဆိုလိုက်၏။ သူသည် ဤနေရာသို့ ယခုမှ ပထမဆုံးအကြိမ်အဖြစ် ရောက်ဖူးသည်ဖြစ်ရာ သူ၏ ပတ်ဝန်းကျင်အား ရင်းရင်းနှီးနှီးသိအောင် လုပ်ထားရန်လိုအပ်သလို သူ၏ ဂိုဏ်းတူအစ်ကိုအစ်မများနှင့်လည်း တွေ့ထားရန် လိုအပ်ပေသည်။

ထို့အပြင် သူ၏ ဂိုဏ်းတူအစ်ကိုအစ်မများမှ တစ်ဆင့် မီးတောက်ခေါင်းဆောင်ကြီးအကြောင်း ပို၍နားလည်နိုင်လိမ့်မည်ဟု သူက ယုံကြည်နေသည်။ အနာဂတ်တွင် ဤ နေရာမှာ သူ့အတွက် ဒုတိယအိမ် ဖြစ်လာတော့မည်မဟုတ်ပါလော။

ထို့ကြောင့် သူသည် သူ၏ ဂိုဏ်းတူအစ်ကိုအစ်မများနှင့် ခင်မင်ရင်းနှီးမှု တည်ဆောက်နိုင်ရန် ဆန္ဒပြင်းပြနေသည်။ သူ၏ ရှေ့တွင် ရှိနေသည့် နံပါတ်ဆယ့်ငါး ဂိုဏ်းတူအစ်ကိုကြီးမှာ ဦးနှောက်တစ်ခန်းလွတ်နေသည့်ပုံ ပေါ်ပြီး ပုံပန်းသွင်ပြင်မှာလည်း ထူးဆန်းနေသည့်တိုင်အောင် သူ့အား အန္တရာယ်ပြုလို့သည့် ဆန္ဒမရှိမဟု ဝမ်ပေါင်လဲ့က ခံစားနေရ၏။

ထိုသို့ဖြင့် ဝမ်ပေါင်လဲ့ သဘောတူလိုက်ပြီးနောက် နံပါတ်ဆယ့်ငါး ဂိုဏ်းတူအစ်ကိုကြီးမှာ သူနှင့်အတူ အောက်သို့ဆင်းသွား၏။ ထို့နောက် သူသည် ထိုနေရာတွင် ရှိနေသည့် အဆောက်အဦများနှင့် စတင် မိတ်ဆက်ပေးလိုက်တော့သည်။

" မင်းသိထားဖို့က ငါတို့ရဲ့ မီးတောက်ဂိုဏ်းက... အရမ်းကို ရိုးရှင်းတယ်ဆိုတာပဲ။ မိတ်ဆက်ပေးစရာ များများစားစားမရှိပါဘူး။ ဒီနေရာမှာရှိတဲ့ အကြီဆုံးမျှော်စင်က ဆရာ တံခါးပိတ်လေ့ကျင့်တာတို့၊ အနားယူတာတို့၊ ငါတို့ကို ဆင့်ခေါ်တာတို့ လုပ်တဲ့နေရာပဲ "

" ဘေးပတ်ပတ်လည်က မျှော်စင်ဆယ့်ခြောက်ခုကတော့ ငါတို့ရဲ့ အိမ်ရာတွေပေါ့။ သိပ်မကြာသေးခင်တုန်းကမှ ဆောက်ထားတဲ့ ဆယ့်ခြောက်ခုမြောက် မျှော်စင်ထဲမှာ မင်း ကျင့်ကြံခြင်း လေ့ကျင့်ရမှာ " နံပါတ်ဆယ့်ငါး ဂိုဏ်းတူအစ်ကိုကြီးမှာ ခပ်လှမ်းလှမ်းရှိ မျှော်စင်တစ်ခုအား လက်ညှိုးထိုးကာ ဆိုလိုက်၏။ ဝမ်ပေါင်လဲ့သည်လည်း လှမ်းကြည့်ကာ ထိုနေရာအား မှတ်သားလိုက်သည်။ ထို့နောက် နံပါတ်ဆယ့်ငါး ဂိုဏ်းတူအစ်ကိုကြီးမှာ သူ့အား နံပါတ်ဆယ့်လေး ဂိုဏ်းတူအစ်ကိုကြီးဆီသို့ ခေါ်သွားရန်ပြင်လိုက်၏။

" မင်းကို နံပါတ်ဆယ့်လေး ဂိုဏ်းတူအစ်ကိုကြီးဆီ အရင်ဆုံး ခေါ်သွားပေးမယ်။ သူက တော်တော်လေးကို သဘောကောင်းတဲ့ လူတစ်ယောက်ပါ။ တော်ရုံတန်ရုံနဲ့လည်း ဒေါသမထွက်တတ်ဘူး။ သူ့ကို ထိုးရင်လည်း ပြန်မထိုးဘူး။ သူ့ကို ဆူပူကြိမ်းမောင်းရင်လည်း ဘာမှပြန်မပြောဘူး။ မင်းသိထားဖို့က... သူက ငါတို့ရဲ့ စံပြပုဂ္ဂိုလ်ပဲကွ " နံပါတ်ဆယ့်ငါး ဂိုဏ်းတူအစ်ကိုကြီးမှာ ထိုသို့ဆိုလိုက်ပြီး ခေါင်းယမ်းကာ သက်ပြင်းချလိုက်၏။

ဝမ်ပေါင်လဲ့မှာ ထို လူငယ်လေး၏ စကားပြောဟန်များကို ကျင့်သားရနေပြီဖြစ်ရာ သူ၏ နှလုံးသားထဲရှိ ထူးဆန်းသောခံစားချက်အား မျိုသိပ်ထားလိုက်ပြီးနောက် နံပါတ်ဆယ့်ငါး ဂိုဏ်းတူအစ်ကိုကြီးနှင့်အတူ နံပါတ်ဆယ့်လေး ဂိုဏ်းတူအစ်ကိုကြီး၏ မျှော်စင်ဆီသို့ သွားလိုက်၏။ ထိုအခါ သူသည် ထို မျှော်စင်၏ တံခါး ပိတ်ထားသည်ကို မြင်လိုက်ရသည်။ ထိုနေရာတွင် အလှဆင်ထားသည့် ကျောက်ပုံဥယျာဉ်တစ်ခုမှ လွဲ၍ အခြား မည်သည့်အရာမှမရှိပေ။ တစ်ချိန်ထဲမှာပင် မျှော်စင်ထဲရှိ စွမ်းအင်လှိုင်းများမှာ အပြင်သို့ ထွက်မလာနိုင်အောင် တားဆီးပိတ်ဆို့ခံထားရသဖြင့် သူသည် ၎င်းတို့အား အာရုံခံနိုင်စွမ်းမရှိဘဲ ဖြစ်နေရ၏။ ထို့ကြောင့် သူ သူ၏ ရှေ့ရှိ မျှော်စင်အား ဦးညွှတ်အရိုအသေပေးရန် ပြင်လိုက်စဉ်မှာပင်...

နံပါတ်ဆယ့်ငါး ဂိုဏ်းတူအစ်ကိုကြီးမှာ ရှေ့သို့ ခြေလှမ်းအနည်းငယ်ခန့် အလျင်အမြန် လှမ်းသွားလိုက်ပြီးနောက် ဆယ့်လေးခုမြောက် မျှော်စင်၏ ရှေ့တွင်ရှိနေသည့် အလှဆင် ကျောက်ပုံဥယျာဉ်လေးအား တရိုတသေ ဦးညွှတ်အရိုသေပေးလိုက်၏။ ထို့နောက် သူသည် အသံကျယ်ကျယ်ဖြင့် ဂါရဝပြုလိုက်သည်။

" နံပါတ်ဆယ့်ငါး ဂိုဏ်းတူညီလေး နံပါတ်ဆယ့်လေး ဂိုဏ်းတူအစ်ကိုကြီးကို ဂါရဝပြုပါတယ် " သူသည် ထိုသို့ ဦးညွှတ်အရိုအသေပေးနေရင်း ဝမ်ပေါင်လဲ့ကိုပင် မျက်လုံးတစ်ဖက် မှိတ်ပြလိုက်သေးသည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ဆွံ့အမှင်တက်သွားရပြန်သည်။ သူသည် ကျောက်ပုံဥယျာဉ်လေးအား ကြည့်လိုက် သူ့အား မျက်လုံးတစ်ဖက် မှိတ်ပြနေသည့် နံပါတ်ဆယ့်ငါး ဂိုဏ်းတူအစ်ကိုကြီးအား ကြည့်လိုက် ဖြစ်နေ၏။ ထို့နောက် သူသည် မာန်တင်းကာ တရိုတသေ ဦးညွှတ်လိုက်တော့သည်။

" နံပါတ်ဆယ့်ခြောက် ဂိုဏ်းတူညီလေး နံပါတ်ဆယ့်လေး ဂိုဏ်းတူအစ်ကိုကြီးကို ဂါရဝပြုပါတယ် "

သို့သော် ကျောက်ပုံဥယျာဉ်လေးမှာ သူတို့အား ပြန်၍ နှုတ်ဆက်ခဲ့ခြင်း မရှိပေ။ နံပါတ်ဆယ့်ငါး ဂိုဏ်းတူအစ်ကိုကြီးမှာမူ တစ်ခဏမျှ စောင့်ဆိုင်းနေလိုက်ပြီးနောက် လေသံတိုးတိုးဖြင့် သက်ပြင်းချကာ ခါးပြန်မတ်လာ၏။ ထို့နောက် သူသည် ဝမ်ပေါင်လဲ့အား တိုးတိုးလေးပြောလိုက်သည်။

" ငါပြောတာ မှန်တယ်မလား။ နံပါတ်ဆယ့်လေး ဂိုဏ်းတူအစ်ကိုကြီးက ငါတို့ရဲ့ စံပြပုဂ္ဂိုလ်ပါလို့။ သူက အထိုးခံရရင် ပြန်မထိုးရုံတင် မဟုတ်ဘူး။ ငါတို့ရဲ့ နှုတ်ဆက်စကားတွေကိုတောင် ဂရုမစိုက်ဘူးလေ "

ဝမ်ပေါင်လဲ့မှာမူ ရယ်ရမလို ငိုရမလို ဖြစ်နေပြီဖြစ်သည်။ တစ်ချိန်ထဲမှာပင် သူသည် ကျောက်ပုံဥယျာဉ်လေးအား သေသေချာချာ စိုက်ကြည့်လိုက်၏။ သူသည် တစ်ခဏမျှ တွေဝေတုံ့ဆိုင်းသွားပြီးနောက် လေသံတိုးတိုးဖြင့် မေးလိုက်တော့သည်။

" နံပါတ်ဆယ့်ငါး ဂိုဏ်းတူအစ်ကိုကြီး။ နံပါတ်ဆယ့်လေး ဂိုဏ်းတူအစ်ကိုကြီးက ကျောက်တုံးတွေနဲ့ ဖွဲ့စည်းထားတဲ့ သက်ရှိတစ်မျိုးလားဗျ "

" ကျောက်တုံးတွေနဲ့ ဖွဲ့စည်းထားတဲ့ သက်ရှိ ဟုတ်လား " ထိုအခါ နံပါတ်ဆယ့်ငါး ဂိုဏ်းတူအစ်ကိုကြီးမှာ ဝမ်ပေါင်လဲ့အား တအံ့တဩနှင့် ကြည့်လိုက်၏။

" နံပါတ်ဆယ့်ခြောက် ဂိုဏ်းတူညီလေး။ ငါ မင်းကို အပြစ်တင်မှ ရတော့မယ်။ ငါတို့ရဲ့ နံပါတ်ဆယ့်လေး ဂိုဏ်းတူအစ်ကိုကြီးကို ဘာလို့ အဲလိုပြောရတာလဲ။ ငါ ပြောပြမယ် နံပါတ်ဆယ့်ခြောက် ဂိုဏ်းတူညီလေးရ။ နံပါတ်ဆယ့်လေး ဂိုဏ်းတူအစ်ကိုကြီးက ပါရမီ အရမ်းပါတာ။ သူက ငါတို့လိုပဲ အသွေးအသားနဲ့ ဖွဲ့စည်းတည်ဆောက်ထားတဲ့ လူတစ်ယောက်ကွ "

" ဒါပေမဲ့... " နံပါတ်ဆယ့်ငါး ဂိုဏ်းတူအစ်ကိုကြီးမှာ ထိုသို့ဆိုလိုက်ပြီးနောက် တစ်ခဏမျှ ရပ်တန့်သွား၏။ ထို့နောက် သူသည် ဘေးဘီဝဲယာအား အကဲခတ်လိုက်ပြီး ဆွံ့အမှင်တက်နေသည့် ဝမ်ပေါင်လဲ့အား ဘေးနားသို့ ဆွဲခေါ်ကာ လျှို့ဝှက်ဆန်းကြယ်မှု အပြည့်ရှိသော အမူအရာဖြင့် တိုးတိုးလေးပြောလိုက်သည်။

" သူက အရမ်းကို စကားနားထောင်လွန်းတာ။ လွန်ခဲ့တဲ့ တစ်ရာသုံးဆယ့်ခုနစ်နှစ်တုန်းက သူက ဆရာ့ရဲ့ ညွှန်ကြားချက်တွေအတိုင်း ဆရာ ဘယ်ကနေရ ရလာမှန်း မသိတဲ့ အသွင်ပြောင်းပညာရပ်တစ်ခုကို လေ့ကျင့်ခဲ့တာလေ။ အဲလိုနဲ့ သူက ကျောက်တုံးတစ်တုံးအဖြစ် ပြောင်းလဲသွားရော... နောက်ဆုံးကျတော့ မတော်တဆမှုတစ်ခုနဲ့ ကြုံခဲ့ရလို့ သူက လူပုံစံပြန်ဖြစ်လာအောင် ပြောင်းလဲနိုင်စွမ်း မရှိတော့ဘူးလေ... ပြီးတော့ မင်းသိထားဖို့က သူက အရမ်းကို ခေါင်းမာတာကွ။ အဲတာမလို့ သူက ဆရာ့ရဲ့ အကူအညီကို လက်မခံခဲ့ဘဲ သူ့ကိုယ်သူ အားကိုးပြီး ပုံစံပြန်ပြောင်းနိုင်အောင် ကြိုးစားနေတာ "

" တစ်ရာသုံးဆယ့်ခုနစ်နှစ်တောင် ရှိသွားပြီပေါ့... " ဝမ်ပေါင်လဲ့မှာ ကြက်သေသေသွားရ၏။ ထိုအခါ နံပါတ်ဆယ့်ငါး ဂိုဏ်းတူအစ်ကိုကြီးမှာ သက်ပြင်းအရှည်ကြီးချကာ ဆက်ပြောလိုက်သည်။

" ငါ့ရဲ့ မှန်းဆချက်တွေအရဆိုရင် နံပါတ်ဆယ့်လေး ဂိုဏ်းတူအစ်ကိုကြီးက နောက်ထပ် အနှစ်ငါးရာနေရင် အောင်မြင်သွားမှာ "

ဝမ်ပေါင်လဲ့မှာမူ နံပါတ်ဆယ့်ငါး ဂိုဏ်းတူအစ်ကိုကြီး၏ စကားများကိုနားထောင်ရင်း သူ စတင်ရောက်ရှိလာခဲ့စဉ်တုန်းက မြင်ခဲ့ရသည့် ထို လူငယ်လေး၏ အမူအရာများအား ပြန်တွေးမိလိုက်ပြီးနောက် ကျောက်ပုံဥယျာဉ်လေးအား ထပ်ကြည့်မိလိုက်၏။ သူသည် နားမလည်နိုင်လောက်အောင် ဖြစ်နေရပြီ ဖြစ်သည်။ တစ်ချိန်ထဲမှာပင် သူ၏ အသိစိတ်ထဲ၌ မေးခွန်းတစ်ခုပေါ်ပေါက်လာတော့သည်။

" ငါ... ဘယ်နေရာကို ရောက်လာတာလဲ “

All Chapters