ဆရာက စေတနာသဒ္ဓါတရား ထက်သန်လိုက်တာ
Vol. 73 Ch. 1006
ဝမ်ပေါင်လဲ့မှာ ဇဝေဇဝါဖြစ်နေသည့် အမူအရာဖြင့် နံပါတ်ဆယ့်ငါး ဂိုဏ်းတူအစ်ကိုကြီး၏ နောက်မှ လိုက်သွား၏။ သူ အတွေးများ ယောက်ယက်ခတ်နေစဉ်မှာပင် သူတို့နှစ်ယောက်မှာ အဝေးသို့လျှောက်လှမ်းသွားသည်။ အစတွင် နံပါတ်ဆယ့်ငါး ဂိုဏ်းတူအစ်ကိုကြီးမှာ ပုံမှန်အတိုင်း လမ်းလျှောက်နေပါသော်လည်း ခဏအကြာတွင် သူ၏ရှေ့၌ ခုန်ပေါက်နေသည်ကို သူက မြင်လိုက်ရသည်။ သူသည် ပဲပင်ပေါက်နှင့်တူသော ခန္ဓာကိုယ်တစ်ခုအား ပိုင်ဆိုင်ထားသည်ဖြစ်ရာ သူ ခုန်ပေါက်နေသည့်ပုံမှာ အလွန်အင်မတန်မှ ထူးဆန်းနေ၏။
ထို့အပြင် သူသည် ထူးဆန်းသည့် သီချင်းတစ်ပုဒ်ကိုလည်း သီဆိုနေသေးသည်။
ထို သီချင်းမှာ မှော်စွမ်းရည်များဖြင့် ပြည့်နှက်နေသဖြင့် ဝမ်ပေါင်လဲ့မှာ ပို၍ပင် ဇဝေဇဝါဖြစ်လာရ၏။ သူသည် ဤ ကမ္ဘာကြီးမှာ ယုတ္တိမရှိသည့်အလား ခံစားနေရသည်။ ထို့ကြောင့် သူသည် ဤနေရာသို့ ရောက်လာခဲ့ပြီးနောက် ကြုံတွေ့ခဲ့ရသည့် အရာများအလုံးကို စိတ်ထဲ၌ ပြန်၍ အနှစ်ချုပ်လိုက်၏။
" မီးတောက်ကြယ်စင်စုထဲမှာ ဆရာကိုယ်တိုင် တရိုတသေ ဆက်ဆံရလောက်အောင် အစွမ်းထက်တဲ့ နွားထီးအိုကြီးတစ်ကောင် ရှိတယ်။ ဒီ မီးတောက်ကြယ်စင်စုကြီးက မျက်နှာချိုသွေးတဲ့ လူတွေကို သဘောမကျဘူးလို့ သူက ပြောခဲ့ပေမယ့် သူကတော့ မျက်နှာချိုသွေးတဲ့ စကားတွေကို ကြားရရင် ကျေနပ်နေတာ "
" ပြီးတော့ ဦးနှောက်တစ်ခန်းလွတ်နေတဲ့ပုံ ပေါက်နေတဲ့ နံပါတ်ဆယ့်ငါး ဂိုဏ်းတူအစ်ကိုကြီးလည်း ရှိသေးတယ်။ သူ စကားပြောတဲ့ပုံစံက ထူးဆန်ပြီးတော့ " မင်းသိထားဖို့က " လို့ ခဏခဏပြောတတ်တယ်။ ပြီးရင် သူက ဘေးဘီဝဲယာကို အကဲခတ်ပြီး စကားတိုးတိုးလေး ပြောတတ်သေးတယ်။ ဒါပေမဲ့ သူက စိတ်ချင်းဆက်သွယ်ပြီးတော့ စကားပြောနိုင်စွမ်း ရှိနေတာကို ဘာလို့ အခုလို မလိုအပ်ဘဲ အသံထွက်အောင် ထုတ်ပြောနေရတာလဲ။ ဘေးနားမှာ ဘယ်သူမှရှိမနေရင်တောင် အသံထွက်ပြီး ထုတ်ပြောရင် တခြားလူတွေ ကြားရင် ကြားသွားနိုင်တာပဲလေ "
" ပြီးတော့ နံပါတ်ဆယ့်လေး ဂိုဏ်းတူအစ်ကိုကြီးကလည်း ဦးနှောက်တစ်ခန်းလွတ်နေတဲ့ပုံပဲ။ သူက အသွင်ပြောင်းပညာရပ်တစ်ခုကို လေ့ကျင့်ခဲ့ပြီးတော့ ကျောက်တုံးတစ်တုံးပုံစံ ပြောင်းသွားခဲ့တာ။ ဒါပေမဲ့ သူ့ကိုယ်သူ လူပုံစံ ပြန်ဖြစ်လာအောင် ပြောင်းလဲနိုင်စွမ်းမရှိဘူး " ဝမ်ပေါင်လဲ့မှာ ထိုအတွေးများကြောင့် ခေါင်းကိုက်လာရတော့သည်။ ထို့ကြောင့် သူသည် သူ၏လက်ဖြင့် သူ၏ ဦးခေါင်းအား ပွတ်နေရ၏။ သို့သော် ဝမ်ပေါင်လဲ့မှာ နံပါတ်ဆယ့်ငါး ဂိုဏ်းတူအစ်ကိုကြီးနောက်မှ လိုက်သွားပြီး နံပါတ်ဆယ့်သုံး ဂိုဏ်းတူအစ်ကိုကြီးရှိရာ မျှော်စင်ဆီသို့ ရောက်သွားသောအခါ ပို၍ပင် ခေါင်းခဲသွားရတော့သည်။
သူသည် ထိုမျှော်စင်၏ ရှေ့တွင် ကျောက်တုံးများ သို့မဟုတ် အခြား သက်မဲ့အရာများကို မြင်ရရန် သူ၏ စိတ်အား အဆင်သင့်ပြင်ထားပြီး ဖြစ်သည်။ ထို့ကြောင့် သူသည် ထိုမျှော်စင်ဆီသို့ ရောက်သွားချိန်တွင် မည်သည့် ကျောက်တုံးကိုမှ မမြင်ခဲ့ရဘဲ ခြောက်သွေ့နေသည့် သစ်ပင်အချို့ကိုသာ မြင်လိုက်ရသဖြင့် စိတ်အေးသွားရပြီး သက်ပြင်းချမိသွား၏။ သို့သော် ခဏအကြာတွင် သူသည် နှလုံးသားတစ်ခုလုံး အပြင်းအထန် တုန်ရီသွားရပြီး ထို သစ်ပင်များအား ပြန်၍ ကြည့်မိလိုက်တော့သည်။
" မဖြစ်နိုင်တာ... " ဝမ်ပေါင်လဲ့တစ်ယောက် ထို သစ်ပင်များအား စိုက်ကြည့်ကာ တစ်ကိုယ်တည်း ရေရွတ်နေစဉ် နံပါတ်ဆယ့်ငါး ဂိုဏ်းတူအစ်ကိုကြီးမှာ ထို သစ်ပင်များထဲမှ တစ်ပင်ဆီသို့ လျှောက်လှမ်းသွားလိုက်ပြီး တရိုတသေ ဦးညွှတ်လိုက်၏။
ထိုမြင်ကွင်းကြောင့် ဝမ်ပေါင်လဲ့မှာလည်း သူ၏ နဖူးအား လက်ဖဝါးဖြင့် ရိုက်ကာ အရိုအသေပေးရန် ရှေ့သို့ လျှောက်လှမ်းသွားလိုက်ရတော့သည်။
" မင်္ဂါလာပါ နံပါတ်ဆယ့်သုံး ဂိုဏ်းတူအစ်ကိုကြီး "
ခြောက်သွေ့နေပြီဖြစ်သည့် ထို သစ်ပင်ကြီးမှာ စကားတစ်ခွန်းမှ ပြန်မပြောပါသော်လည်း နံပါတ်ဆယ့်ငါး ဂိုဏ်းတူအစ်ကိုကြီးမှာမူ သူ့ကိုယ်သူ ကျေနပ်နေသည့် အမူအရာဖြင့် ပြုံးနေ၏။ ထို့နောက် သူ စကားပြောရန် ပြင်လိုက်စဉ်မှာပင် ဝမ်ပေါင်လဲ့မှာ အရင်ဆုံးဦးအောင် ပြောလိုက်သည်။
" နံပါတ်ဆယ့်ငါး ဂိုဏ်းတူအစ်ကိုကြီး။ ကျွန်တော် နားလည်သွားပါပြီ။ ဒီ သစ်ပင်ကြီးက နံပါတ်ဆယ့်သုံး ဂိုဏ်းတူအစ်ကိုကြီးပါ။ သူကရော နံပါတ်ဆယ့်လေး ဂိုဏ်းတူအစ်ကိုကြီး လေ့ကျင့်ခဲ့တဲ့ အသွင်ပြောင်းပညာရပ်ကို လေ့ကျင့်မိခဲ့တာလား။ အဲဒီလို လေ့ကျင့်နေရင်း မတော်တဆမှုတစ်ခုနဲ့ ကြုံတွေ့ခဲ့ရပြီးတော့ ဒီသစ်ပင်ပုံစံ ပြောင်းသွားခဲ့ပြီး လူပုံစံ ပြန်မပြောင်းနိုင်တော့တာများလား "
" နံပါတ်ဆယ့်ခြောက် ဂိုဏ်းတူညီလေး။ မင်းက တကယ်ကို ပါရမီပါပြီတော့ ဉာဏ်ကောင်းတာပဲကွ " နံပါတ်ဆယ့်ငါး ဂိုဏ်းတူအစ်ကိုကြီးမှာ ပို၍ပင် ပျော်ရွှင်ကျေနပ်နေသည့်ပုံ ပေါက်လာ၏။ ထို့နောက် သူသည် ခြောက်သွေ့နေသည့် သစ်ပင်ကြီးရှိရာဘက်သို့ ပြန်လှည့်သွားပြီး သက်ပြင်းချကာ ဆိုလိုက်သည်။
" မင်းပြောတဲ့ အတိုင်းပဲကွ။ နံပါတ်ဆယ့်သုံး ဂိုဏ်းတူအစ်ကိုကြီးနဲ့ နံပါတ်ဆယ့်လေး ဂိုဏ်းတူအစ်ကိုကြီးတို့ နှစ်ယောက်က အရမ်းကိုရင်းနှီးကြတာ။ ဒါပေမဲ့ သူတို့က တစ်ယောက်နဲ့တစ်ယောက် ယှဉ်ပြိုင်ရတာကိုလည်း အရမ်းနှစ်ခြိုက်ကြတာလေ။ အဲတာမလို့ နံပါတ်ဆယ့်လေး ဂိုဏ်းတူအစ်ကိုကြီး အဲဒီ အသွင်ပြောင်းပညာရပ်ကို စပြီးတော့ လေ့ကျင့်ခဲ့တာနဲ့ နံပါတ်ဆယ့်သုံး ဂိုဏ်းတူအစ်ကိုကြီးကလည်း ဆရာ့ဆီသွားပြီးတော့ အဲဒီ ပညာရပ်ကို လေ့ကျင့်ဖို့ တောင်းဆိုခဲ့တာ။ နောက်ဆုံးတော့... သူလည်း လူပုံစံ ပြန်မပြောင်းနိုင်ခဲ့ဘူး။ ဒါပေမဲ့ နံပါတ်ဆယ့်သုံး ဂိုဏ်းတူအစ်ကိုကြီးကတော့ ပျော်နေမှာ သေချာပါတယ်။ အခုဆိုရင် သူတို့နှစ်ယောက်က လူပုံစံ ပြန်ဖြစ်လာအောင် ဘယ်သူအရင်ဆုံး ပြန်ပြောင်းနိုင်မလဲဆိုပြီးတော့ ပြိုင်နေလောက်ပြီ "
ဝမ်ပေါင်လဲ့မှာမူ ရယ်ရမလိုငိုရမလို ဖြစ်နေပြီး ပို၍ပင် ခေါင်းခဲလာရတော့သည်။ ထို့နောက် သူသည် စကားပြောရန် ပြင်လိုက်ပါသော်လည်း စကားတစ်ခွန်းမှ မပြောနိုင်ခင်မှာပင် သူတို့နှစ်ယောက် အရိုသေပေးနေသည့် သစ်ပင်ကြီး၏ ဘေးတွင်ရှိနေသော အခြား သစ်ပင်ကြီးတစ်ပင်မှာ ရုတ်တရက်ဆိုသလို စကားပြောလိုက်သည်။
" ဟေ့ကောင် နံပါတ်ဆယ့်ငါး။ မင်းကတော့ နာချင်နေပြီနဲ့ တူတယ်။ သစ်ပင်မှားပြီးတော့ အရိုအသေပေးမိတာ ကိစ္စမရှိသေးဘူး။ အခု မင်းက ငါ့မကောင်းကြောင်းပါ ပြောနေတာပဲကွ "
ထို သစ်ပင်ကြီး စကားပြောလိုက်သည်နှင့် ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်လုံး တုန်ရီသွားရ၏။ ထို့နောက် သူသည် ထိုသစ်ပင်ကြီးအား လှည့်ကြည့်မိလိုက်ပြီးနောက် မကြာသေးမီးတုန်းက သူ အရိုအသေပေးနေခဲ့သည့် သစ်ပင်ကြီးအား ပြန်ကြည့်မိလိုက်သည်။
ထိုအခါ နံပါတ်ဆယ့်သုံး ဂိုဏ်းတူအစ်ကိုကြီးမှာ တည်ကြည်စွာဆိုလိုက်၏ " မကြည့်နဲ့။ မင်းတို့ အရိုအသေပေးနေတာ သစ်ပင်အစစ်တစ်ပင်ပဲ ... "
ထိုအချိန်တွင် နံပါတ်ဆယ့်ငါး ဂိုဏ်းတူအစ်ကိုကြီးမှာ နောက်ထပ်တစ်ကြိမ် ထပ်၍ အလျင်အမြန် ဦးညွှတ်လိုက်ပြန်သည်။
" ဂုဏ်ယူပါတယ်။ နံပါတ်ဆယ့်သုံး ဂိုဏ်းတူအစ်ကိုကြီးခဗျား။ အစ်ကိုက နံပါတ်ဆယ့်လေး ဂိုဏ်းတူအစ်ကိုကြီးကို အနိုင်ယူနိုင်ခဲ့တာပဲ။ အစ်ကို့ရဲ့ နတ်ဘုရားစွမ်းရည်တွေက ပြိုင်ဘက်ကင်းလှပါပေတယ် "
ထိုအခါ ဝမ်ပေါင်လဲ့မှာလည်း အသက်ပြင်းပြင်းရှူမိသွား၏။ သူ၏ ခေါင်းထဲ၌ ယောက်ယက်ခတ်နေခဲ့သည့် အတွေးများမှာ အနည်းငယ်ခန့် ပြန်လည်တည်ငြိမ်သွားပြီ ဖြစ်သည်။ နောက်ဆုံးတွင် သူသည် စကားကို ပုံမှန်အတိုင်း ပြောတတ်သည့် ဂိုဏ်းတူအစ်ကိုကြီးတစ်ယောက်နှင့် ဆုံလိုက်ရပြီမဟုတ်ပါလော။ ထို့ကြောင့် သူသည်လည်း နောက်ထပ်တစ်ကြိမ်ထပ်၍ အလျင်အမြန် ဦးညွှတ်အရိုအသေ ပေးလိုက်ပြန်သည်။
" နံပါတ်ဆယ့်ခြောက် ဂိုဏ်းတူညီလေး နံပါတ်ဆယ့်သုံး ဂိုဏ်းတူအစ်ကိုကြီးကို ဂါရဝပြုပါတယ် "
" မင်းက နံပါတ်ဆယ့်ခြောက် ဂိုဏ်းတူညီလေးလား။ ငါ ပြောထားမယ်။ ဒီ ငဖားကောင် နံပါတ်ဆယ့်ငါး ငါ့အကြောင်း ပြောခဲ့တဲ့ စကားတွေကို မယုံနဲ့နော်။ အဓိပ္ပါယ်လုံးဝမရှိတဲ့ စကားတွေ " ခြောက်သွေ့နေသည့် သစ်ပင်ကြီးမှာ ဖြောင့်မတ်မှန်ကန်မှုအပြည့်ရှိသည့် လေသံပေါက်နေ၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ နှလုံးသားထဲ၌ ရိုသေလေးစားမှုများဖြင့် ပြည့်နှက်သွားပြီး " ဟုတ်ကဲ့ " ဟု ပြန်ပြောရန် ပြင်လိုက်စဉ်မှာပင်...
" နံပါတ်ဆယ့်လေး ဆိုတဲ့ကောင်က အမှိုက်သာသာကောင်ပါ။ ဘယ်လိုလုပ်ပြီး သူက ငါ့ကို ယှဉ်နိုင်မှာလဲ။ သူ့ရဲ့ နတ်ဘုရားစိတ်ဆန္ဒက ငြိမ်သက်နေရပေမဲ့ ငါက သူ့ထက်ပိုပြီးတော့ အစွမ်းထက်တာမလို့ ငါ့ရဲ့ နတ်ဘုရားစိတ်ဆန္ဒကို ထုတ်လွှတ်ပြီး မိုးကောင်းကင်ကြီးထဲက ပြောင်းလဲမှုတွေကို ကြည်ရှုခံစားလို့ ရတယ်လေ။ ပြီးရင် လေပြည်လေညင်းလေးတွေ ငါ့ရဲ့ သစ်ကိုင်းတွေနဲ့ သစ်ရွက်တွေကို ဖြတ်တိုက်သွားတာကိုလည်း ခံစားလို့ရသေးတယ် " သစ်ပင်ကြီးမှာ ဂုဏ်ယူဝင့်ကြွားစွာ ဆိုလိုက်ပြီးနောက် စတင်တုန်ရီလာ၏။
ထိုအခါ ဝမ်ပေါင်လဲ့မှာလည်း နှုတ်ဆိတ်သွားရပြီး အတွေးများထဲ၌ နစ်မျောသွားရသည်။
" နံပါတ်ဆယ့်ခြောက် ဂိုဏ်းတူညီလေး။ မင်းက ဘယ်ဆိုးလို့လဲကွ။ အစ်ကိုကြီး မင်းကို လက်ဆောင်တစ်ခုပေးမယ် " ခြောက်သွေ့နေသည့် သစ်ပင်ကြီးမှာ ထိုသို့ ဆိုလိုက်ပြီးနောက် ပို၍ပင် ပြင်းထန်းစွာ တုန်ရီလာ၏။ ထို့ကြောင့် ၎င်းမှာ အချိန်မရွေး ပြိုလဲပျက်စီးသွားတော့မည့်ပုံ ပေါက်နေတော့သည်။ ဝမ်ပေါင်လဲ့မှာမူ ကြောက်စိတ်များကြောင့် ရင်ခုန်နှုန်းများ မြန်ဆန်လာရ၏။ အကယ်၍ လူတစ်ယောက်သာ ထိုသစ်ပင်ကြီး၏ နေရာတွင် ရှိနေပါက မျက်နှာများ နီမြန်းလာသည့်အထိ အားစိုက်ထုတ်နေသည့်ပုံ ပေါက်နေလိမ့်မည်ဟု သူက ခံစားနေရသည်။ နောက်ဆုံးတွင် ထို သစ်ပင်ကြီးမှာ စိတ်ကျေနပ်မှုအပြည့်ရှိသော လေသံဖြင့် ညည်းတွားလိုက်ပြီး ၎င်း၏ သစ်ကိုင်းတစ်ကိုင်းပေါ်တွင် သစ်ရွက်တစ်ရွက် ပေါ်ပေါက်လာတော့သည်။
ထို သစ်ရွက်မှာ အောက်သို့ ကြွေကျလာပြီးနောက် ဝမ်ပေါင်လဲ့၏ ရှေ့သို့ ကျလာ၏။ ထိုအခါ ၎င်းဆီမှ အပူလှိုင်းတစ်လှိုင်း ပျံ့လွင့်လာသည်။
ဝမ်ပေါင်လဲ့မှာမူ ငေးငိုင်ကာ ထို သစ်ရွက်အား စိုက်ကြည့်နေမိတော့သည်။ ကံကောင်းစွာဖြင့် သူသည် ထိုသစ်ရွက်ထဲမှ အားကောင်းသည့် ဝိညာဉ်စွမ်းအင် အငွေ့အသက်များ ထွက်ပေါ်လာနေသည်ကို အာရုံခံမိနေသောကြောင့် နားလည်မှုလွဲသွားခြင်းမရှိပေ.... သို့သော် သူ၏ နှလုံးသားထဲရှိ အထူးတဆန်းဖြစ်နေသည့် ခံစားချက်ကြီးမားမူ ပို၍ပင် အားကောင်းလာရသည်။ နောက်ဆုံးတွင် သူသည် မာန်တင်းကာ ထို သစ်ရွက်အား လက်ခံလိုက်ပြီးနောက် ခြောက်သွေ့နေသည့် သစ်ပင်ကြီးအား ကျေးဇူးတင်စကားဆိုလိုက်သည်။
ထိုအခါ နံပါတ်ဆယ့်ငါး ဂိုဏ်းတူအစ်ကိုကြီးမှာ အသက်ပြင်းပြင်းရှူကာ ပြောလိုက်၏ " နံပါတ်ဆယ့်သုံး ဂိုဏ်းတူအစ်ကိုကြီးက မျက်နှာလိုက်တယ်ဗျာ။ နံပါတ်ဆယ့်ခြောက် ဂိုဏ်းတူညီလေး။ ဒါ နံပါတ်ဆယ့်လေး ဂိုဏ်းတူအစ်ကိုကြီးရဲ့ အသက်စွမ်းအားတွေပါတဲ့ ပစ္စည်းတစ်ခုပဲ။ မင်း အနာဂတ်မှာ အန္တရာယ်တစ်ခုခုနဲ့ ကြုံရရင် ဒီ သစ်ရွက်လေးကို ထုတ်သုံးလိုက်ရုံပဲ။ အဲဒီအချိန်ကျရင် နံပါတ်ဆယ့်သုံး ဂိုဏ်းတူအစ်ကိုကြီးရဲ့ ပုံရိပ်ယောင်တစ်ခု ပေါ်ပေါက်လာပြီတော့ မင်းအတွက် တိုက်ခိုက်ပေးလိမ့်မယ် "
သစ်ပင်ကြီးမှာမူ ပျော်ရွှင်ကျေနပ်နေသည့် လေသံဖြင့် ရယ်မောကာ ဆိုလိုက်သည်။
" ကဲ။ မင်းတို့နှစ်ယောက် တခြား ဂိုဏ်းတူအစ်ကိုတွေနဲ့ အစ်မတွေကို သွားပြီးတော့ နှုတ်ဆက်လိုက်ကြဦး "
သစ်ပင်ကြီးမှာ ထိုသို့ဆိုလိုက်ပြီးနောက် တုန်ရီနေခြင်းမရှိတော့ဘဲ ပြန်လည်တည်ငြိမ်သွား၏။ နံပါတ်ဆယ့်ငါး ဂိုဏ်းတူအစ်ကိုကြီးမှာမူ ဝမ်ပေါင်လဲ့အား အဝေးသို့ ဆွဲခေါ်သွားလိုက်သည်။ လမ်းတစ်ဝက်သို့ ရောက်သောအခါ ဝမ်ပေါင်လဲ့မှာ မနေနိုင်တော့သဖြင့် မေးမိလိုက်၏။
" နံပါတ်ဆယ့်ငါး ဂိုဏ်းတူအစ်ကိုကြီး။ အဲ... ဟိုလေ... တခြား ဂိုဏ်းတူအစ်ကိုကြီးတွေနဲ့ အစ်မကြီးတွေ အကုန်လုံးကရော ဒီ အသွင်ပြောင်းပညာရပ်ကို လေ့ကျင့်ထားကြတာလားဗျ "
" ရှူး " နံပါတ်ဆယ့်ငါး ဂိုဏ်းတူအစ်ကိုကြီးမှာ ထိုမေးခွန်းအား ကြားလိုက်ရသောအခါ ချက်ချင်းဆိုသလိုပင် နောက်သို့ လှည့်လာပြီး သူ၏ လက်ညှိုးအား ပါးစပ်ပေါ်တင်၍ ဝမ်ပေါင်လဲ့အား စကားဆက်မပြောရန် တားလိုက်၏။ ထို့နောက် သူသည် ဝမ်ပေါင်လဲ့အား မလှမ်းမကမ်း နေရာတစ်ခုသို့ ခေါ်သွားကာ ဘေးဘီဝဲယာအား ဝေ့ဝိုက်ကြည့်ရှုလိုက်ပြီးနောက် လျှို့ဝှက်ဆန်းကြယ်မှု အပြည့်ရှိသော လေသံဖြင့် တိုးတိုလေး ပြောလိုက်ပြန်သည်။
" နံပါတ်ဆယ့်ခြောက် ဂိုဏ်းတူညီလေး။ မင်းက အတွေးလွန်နေတာပဲ။ မင်းသိထားဖို့က ငါတို့ ဂိုဏ်းတူ ညီအစ်ကိုမောင်နှမတွေထဲမှာ... နံပါတ်ဆယ့်သုံး ဂိုဏ်းတူအစ်ကိုကြီးနဲ့ နံပါတ်ဆယ့်လေး ဂိုဏ်းတူအစ်ကိုကြီးတို့ နှစ်ယောက်ပဲ နည်းနည်းလေး ရူးကြောင်ကြောင် ဖြစ်နေကြတာကွ။ သူတို့က ဆရာ့ရဲ့ ပြောစကားတွေကို လွယ်လွယ်နဲ့ ယုံစားခဲ့ပြီးတော့ ဒီ အသွင်ပြောင်းပညာရပ်ကို လေ့ကျင့်ခဲ့ကြတာ။ တခြားသူတွေက ဘာကိစ္စနဲ့ အဲဒီ ပညာရပ်ကို လေ့ကျင့်ရမှာလဲကွ "
နံပါတ်ဆယ့်ငါး ဂိုဏ်းတူအစ်ကိုကြီး ထိုသို့ဆိုလိုက်သည်နှင့် ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများအရောင်လက်သွား၏။ ထို့နောက် သူသည် တစ်ခဏမျှ တွေဝေတုံ့ဆိုင်းသွားပြီး လေသံတိုးတိုးဖြင့် မေးလိုက်သည်။
" နံပါတ်ဆယ့်ငါး ဂိုဏ်းတူအစ်ကိုကြီး။ ဘာလို့ သူတို့က ဆရာ့ရဲ့ ပြောစကားတွေကို လွယ်လွယ်နဲ့ ယုံစားခဲ့တာလို့ အစ်ကိုက ပြောခဲ့ရတာလဲ။ မဟုတ်မှလွဲရော။ ဆရာက မယုံရဘူးလား "
" အဲဒီစကားကို ငါ မပြောဘူးနော်။ မင်း ပြောတာ " နံပါတ်ဆယ့်ငါး ဂိုဏ်းတူအစ်ကိုကြီးမှာ ထိုစကားကို ကြားလိုက်ရသောအခါ အမူအရာ ပြောင်းလဲသွား၏။ ထို့နောက် သူသည် ဘေးဘီဝဲယာအား အကဲခတ်လိုက်ပြီး နောက်သို့ဆုတ်ကာ ဝမ်ပေါင်လဲ့အား အဝေးသို့ ခေါ်ဆောင်သွားလိုက်တော့သည်။ ဝမ်ပေါင်လဲ့တစ်ယောက် ပို၍ နားမလည်နိုင်လောက်အောင် ဖြစ်လာရစဉ်မှာပင် နံပါတ်ဆယ့်ငါး ဂိုဏ်းတူအစ်ကိုကြီးမှာ သူ့အား ထောင့်တစ်နေရာသို့ ဆွဲခေါ်သွားပြီး လျှို့ဝှက်ဆန်းကြယ်မှု အပြည့်ရှိသော အမူအရာဖြင့် တိုးတိုးလေးပြောလိုက်၏။
" နံပါတ်ဆယ့်ခြောက် ဂိုဏ်းတူညီလေး။ သေချာနားထောင်။ မင်း စကားကို လက်လွှတ်စပယ် ပြောလို့မဖြစ်ဘူး။ ငါ ပြောပြမယ်... ဆရာက ပွင့်လင်းပြီးတော့ သဘောထားကြီးတဲ့ လူတစ်ယောက်ပဲ။ သူက သူ့ရဲ့တပည့်တွေကို အရမ်းချစ်တာ။ အဲ့တာမလို့လည်း သူက စကြဝဠာကြီးထဲမှာရှိတဲ့ အပျက်အစီးနယ်မြေတွေထဲကနေ ထူးဆန်းတဲ့ ကျင့်ကြံခြင်းပညာရပ်တွေကို အမြဲတမ်း ရှာဖွေပြီးတော့ ငါတို့ကို လေ့ကျင့်ခိုင်းတာပဲ။ သူက ငါတို့ကို ပြိုင်စံရှား ကျင့်ကြံသူတွေ ဖြစ်လာအောင် ပြုစုပျိုးထောင်ပေးချင်တာလေ။ ငါတို့တွေ ကောင်းကင်ဘုံအထိ တက်လှမ်းနိုင်တဲ့ အဆင့်ကို ရောက်တဲ့အထိ အစွမ်းထက်လာတာကို သူက မြင်ချင်တာ "
ဝမ်ပေါင်လဲ့မှာ ထိုစကားများကို ကြားလိုက်ရသောအခါ ချက်ချင်းဆိုသလိုပင် အမူအရာ တည်ကြည်သွားပြီး လေသံကျယ်ကျယ်ဖြင့် ဆိုလိုက်၏။
" ဆရာက စေတနာသဒ္ဓါတရား ထက်သန်လိုက်တာ "
" ဟုတ်တယ်ကွ။ ဆရာက ငါတို့အပေါ် အရမ်း စေတနာရှိတာ " နံပါတ်ဆယ့်ငါး ဂိုဏ်းတူအစ်ကိုကြီးမှာ ထိုသို့ဆိုကာ နှစ်လုံးတစ်ဖက် မှိတ်ပြလိုက်ပြီး လေသံတိုးတိုးဖြင့် ထပ်ပြောလိုက်သည်။
" ဒါပေမဲ့ ငါ မင်းကို ကြိုပြောထားမယ်။ တကယ်လို့ ဆရာ မင်းကို အဲဒီလို ကျင့်ကြံခြင်းပညာရပ်တစ်ခုခု ပေးလာတဲ့ အချိန်ကျရင် တခြား ဂိုဏ်းတူ အစ်ကိုကြီးတွေနဲ့ အစ်မကြီးတွေ လေ့ကျင့်ပြီးတဲ့ အချိန်အထိ စောင့်။ သူတို့တွေ အဲဒီ ပညာရပ်ကို ဘေးကင်းကင်းနဲ့ လေ့ကျင့်နိုင်တာ သေချာမှ မင်းလည်း လိုက်ပြီးတော့ လေ့ကျင့်ပေါ့... "
ဝမ်ပေါင်လဲ့မှာ ထိုစကားများကို ကြားလိုက်ရသောအခါ မျက်နှာအမူအရာ အထူးတဆန်း ဖြစ်သွား၏။ နံပါတ်ဆယ့်ငါး ဂိုဏ်းတူအစ်ကိုကြီးမှာမူ ထိုသို့ ဆိုလိုက်ပြီးနောက် ဝမ်ပေါင်လဲ့၏ မျက်ဝန်းများထဲသို့ စိုက်ကြည့်ကာ အဓိပ္ပါယ်ပါပါ မေးလိုက်တော့သည်။
" နံပါတ်ဆယ့်ခြောက် ဂိုဏ်းတူညီလေး။ မင်း မီးတောက်ကြယ်စင်စုထဲ ရောက်လာခဲ့ပြီးတဲ့နောက် နံပါတ်ဆယ့်သုံး ဂိုဏ်းတူအစ်ကိုကြီးနဲ့ နံပါတ်ဆယ့်လေး ဂိုဏ်းတူအစ်ကိုကြီးတို့ နှစ်ယောက်ကို မြင်ခဲ့ရတဲ့အပြင် အခု ငါပြောလိုက်တဲ့ စကားတွေကိုပါ နားထောင်ပြီးသွားပြီဆိုတော့ ဆရာက သိပ်ပြီးတော့ အားကိုးလို့မရဘူးလို့ ခံစားနေရပြီမလား “