← Chapters

တိမ်တိုက် ဧကရာဇ်

Vol. 43 Ch. 581

တိမ်တိုက် ဧကရာဇ်

Vol. 43 Ch. 581

" အစ်ကိုလေ့…… တိုက်တော့ "

လီဖူချန်းက  ကိန္နရီ ဆူးဘုရင်ကို ပစ်လွှတ်လိုက်ပြီး တိုက်ပွဲကို စတင်လိုက်ပါပြီ။

ဂျိန်း……

" သေစမ်း "

လီဖူချန်းရဲ့ အချက်ပေးသံကို ကြားတာနဲ့ တစ်ပြိုင်နက်  လေ့တုံးဟိုင်ဟာ မိုးကြိုးတစ်စင်း ပစ်ခတ်လိုက်သလို အရှိန်နဲ့ သားရိုင်းဘုရင်ဆီကို ခုန်ဝင်သွားပြီး  အားကုန် ထုရိုက်လိုက်ပါတယ်။

လီဖူချန်းရဲ့ ကိန္နရီဆူးကို ထိမှန်ထားတဲ့ သားရိုင်းဘုရင်ကတော့ တုတ်တုတ်ကို မလှုပ်ပါဘူူး။ ကြည့်ရတာတော့ လီဖူချန်းရဲ့ ကိန္နရီ ဆူးဘုရင်က သူ့ကို ခေတ္တခဏ သတိလက်လွှတ် သွားစေတဲ့ ပုံပါပဲ။သူက လေ့တုံးဟိုင်ရဲ့ တိုက်ခိုက်မှု သူ့ကို ထိခါနီး ဆဲဆဲလေးမှာမှ သတိပြန်ဝင်လာပြီး ဘယ်ဘက်လက်မောင်းနဲ့ လေ့တုံးဟိုင်ရဲ့ တိုက်ခိုက်မှုကို ခံဆောင်လိုက်ပါတယ်။

ဘန်း……

ဒါပေမဲ့လည်း သားရိုင်းဘုရင်အနေနဲ့ အတော်လေး နောက်ကျ သွားခဲ့ပြီလို့ ဆိုရပါမယ်။ ကြယ်၇ပွင့် မိုးကြိုးတူ အရိုးတည်ဆောက်ပုံ ပိုင်ရှင်ဖြစ်တဲ့ လေ့တုံးဟိုင်ရဲ့ တူက အညှာအတာ ကင်းမဲ့စွာနဲ့ သူ့ကို ထုရိုက်ပြီး တော်တော်ဝေးဝေးအထိ လွင့်ထွက်သွားစေခဲ့ပါတယ်။

" အစ်ကိုလေ့ …… ဆက်ပြီးတိုက် "

လီဖူချန်းက သူတို့ရဲ့ တိုက်ခိုက်မှုကို ရပ်တန့်လိုက်ဖို့ စိတ်ကူး မရှိပါဘူး။ တကယ်လို့သာ သူတို့က သူတို့ရဲ့ တိုက်ခိုက်မှုကို ရပ်တန့်လိုက်မယ်ဆိုရင် သားရိုင်းဘုရင်ကို အခွင့်အရေး ပေးလိုက်သလို ဖြစ်သွားပါလိမ့်မယ်။

ရွှစ်……

နောက်ထပ် ကိန္နရီ ဆူးဘုရင် တစ်ချောင်းက သားရိုင်းဘုရင်ရဲ့ ဦးခေါင်းထဲကို တိုးဝင်သွားခဲ့ပြန်ပါပြီ။

ဘုန်း……ဘုန်း……ဘုန်း……

လေ့တုံးဟိုင်ရဲ့ တူကြီးကလည်း ဇယ်ဆက်သလိုပဲ သားရိုင်းဘုရင်ကို ထုရိုက်နေပါတယ်။

" ခွေးမသားတွေ "

သားရိုင်းဘုရင်ကတော့ အော်ဆဲနေရုံကလွဲပြီး ဘာမှ မတတ်နိုင်ခဲ့ပါဘူူး။

တကယ်တမ်း ပြောရမယ် ဆိုရင်တော့ သူ့အနေနဲ့ လေ့တုံးဟိုင်ကို လွင့်ထွက်သွားအောင် လုပ်ဖို့က မျက်တောင် တစ်ခတ်စာပဲ လိုပါတယ်။ ဒါပေမဲ့လည်း လီဖူချန်းရဲ့ လိပ်ပြာ အသိစိတ်အာရုံ တိုက်ခိုက်မှုတွေ သူ့ကို အခွင့်အရေး လုံးဝ မပေးပါဘူူး။

လီဖူချန်းရဲ့ လိပ်ပြာ အသိစိတ်အာရုံ တိုက်ခိုက်မှုက အကြိမ်တိုင်းမှာ သူ့ကို အနည်းဆုံး အသက်တစ်ခါ ရှုချိန်လောက် သတိလက်လွှတ် ဖြစ်သွားစေပါတယ်။ အဲသည်အချိန်က လေ့တုံးဟိုင်အနေနဲ့ လုပ်ချင်တိုင်း လုပ်ဖို့အတွက် ကောင်းကောင်းကြီး လုံလောက်တဲ့ အချိန်ပါပဲ။

' အေး…… မင်းတို့ တိုက်နိုင်တုန်း တိုက်ထားကြဦးပေါ့။ ငါတိုက်ဖို့ အခွင့်အရေး ရရင်တော့ မင်းတို့ထဲက တစ်ယောက်မှ ကောင်းကောင်းမွန်မွန် သေရမယ် မထင်နဲ့ '

သားရိုင်းဘုရင်က လေ့တုံးဟိုင်ရဲ့ တိုက်ခိုက်မှုတွေကို အံကျိတ် ခံနေရင်းနဲ့ စိတ်ထဲကနေ ဒေါသတကြီး ကြိမ်းဝါးနေမိပါတယ်။

အခုအချိန်မှာ သူ့အနေနဲ့ လုပ်နိုင်တဲ့ တစ်ခုတည်းသော အရာကတော့ လီဖူချန်းတစ်ယောက် သူ့ရဲ့ လိပ်ပြာ အသိစိတ်အာရုံ တိုက်ခိုက်မှုကို ရပ်တန့်လိုက်တဲ့ အချိန်အထိ စောင့်ဖို့ပါပဲ။

၅မိနစ်…… ၁၀ မိနစ် ……၁၅ မိနစ် ……

' ဟင်…… သည်ကောင့်ရဲ့ လိပ်ပြာ အသိစိတ်အာရုံက '

လီဖူချန်းရဲ့ များပြားလှတဲ့  လိပ်ပြာ အသိစိတ်အာရုံ ပမာဏက သားရိုင်းဘုရင်ကို အံ့သြတုန်လှုပ် သွားစေခဲ့ပါပြီ။

မူလပင်လယ်နယ်ပယ် အဆင့်မြင့်ပိုင်းက ဘုရင်တစ်ပါးတောင်မှ လိပ်ပြာ အသိစိတ်အာရုံ တိုက်ခိုက်မှုကို ၁၅မိနစ်အထိ မရပ်မနား မတိုက်ခိုက်နိုင်ပါဘူး။

ဒါပေမဲ့လည်း အခု သူ့အရှေ့က လီဖူချန်းကတော့ လိပ်ပြာ အသိစိတ်အာရုံ တိုက်ခိုက်မှုကို ၁၅မိနစ်အထိ မရပ်မနား ဆက်တိုက် ပြုလုပ်နေပါတယ်။

ဝေါ့….

နောက်ဆုံးမှာတော့ လေ့တုံးဟိုင်ရဲ့ တူရိုက်ချက်က သားရိုင်းဘုရင်ကို သွေးပွက်ပွက် အန်သွားအောင် စွမ်းဆောင်နိုင်ခဲ့ပါပြီ။

အဲဒါကတော့ သားရိုင်းဘုရင်ရဲ့ ခန္ဓာကိုယ်ဟာ လေ့တုံးဟိုင်ရဲ့ တိုက်ခိုက်မှုတွေကို တောင့်မခံနိုင်တော့ဘူး ဆိုတဲ့ အဓိပါ္ပယ်ပါပဲ။ သည်အတိုင်း ဆက်သွားနေမယ် ဆိုရင်တော့ သူ့ရဲ့ အခြေအနေဟာ ပိုပြီး ဆိုးသွားဖို့ပဲ ရှိပါတယ်။

' မဖြစ်တော့ဘူး။ သည်အတိုင်းဆိုရင် ငါသေသွားလိမ့်မယ်။ ပြေးမှ '

သားရိုင်းဘုရင်ဟာ မရဏတရားရဲ့ အငွေ့အသက်တွေကိုတောင် ခံစားလာမိသလိုပါပဲ။ တစ်ဆက်တည်းမှာပဲ သူက ထွက်ပြေးဖို့ကိုလည်း ဆုံးဖြတ်လိုက်ပါတယ်။

ဒါပေမဲ့လည်း လီဖူချန်းက သူ့ကို ထွက်ပြေးဖို့ အခွင့်အရေး လုံးဝ မပေးပါဘူး။ သူက  သားရိုင်းဘုရင်ရဲ့ စိတ်နယ်ပယ်ထဲကို ကိန္နရီ ဆူးဘုရင်တွေ တစ်သုတ်ပြီးတစ်သုတ် ပစ်သွင်းနေပါတယ်။ သူက သားရိုင်းဘုရင်ရဲ့ အစစ်အမှန် စိတ်ဝိညာဉ်ကို ထိခိုက်ဒဏ်ရာရအောင် လုပ်ဖို့ ကြိုးစားနေတာ အသိသာကြီးပါပဲ။

" ဟေ့ကောင်လေးတွေ …… တော်ကြတော့။ ငါသားရိုင်းဘုရင် မင်းတို့ကို အရှုံးပေးပါပြီ။ ငါသည်နေရာကနေ ချက်ချင်း ထွက်သွားပေးပါ့မယ် "

သည်အတိုင်း ဆက်သွားနေမယ်ဆိုရင် သေတော့မယ် ဆိုတာကို ရိပ်မိနေပြီဖြစ်တဲ့ သားရိုင်းဘုရင်က သူ့ရဲ့ စိတ်တန်ခိုးတွေကို ဖျစ်ညှစ် အသုံးချပြီး အရှုံးပေးကြောင်း အော်ပြောလာခဲ့ပါပြီ။

" အစ်ကိုလေ့ …… မရပ်လိုက်နဲ့။ ဆက်ပြီးတိုက် "

ဒါပေမဲ့လည်း လီဖူချန်းက လုံးဝ လက်မခံပါဘူး။

သားရိုင်းဘုရင်က  ဒဏ်ရာ အကြီးအကျယ် ရနေပြီ ဆိုပေမယ့်လည်း သူက မူလပင်လယ်နယ်ပယ် အဆင့်၆ ဘုရင်တစ်ပါး ဖြစ်နေဆဲပါပဲ။အဲသည်အတွက် သူ့ဆီမှာ တခြား ဝှက်ဖဲတွေ ရှိကို ရှိနေရပါဦးမယ်။ လီဖူချန်းက မလိုလားအပ်တဲ့ ပြသနာတွေကို မကြုံချင်ပါဘူး။

နောက်ထပ် မိနစ်သုံးဆယ် အကြာ ……

သားရိုင်းဘုရင်ရဲ့  ကိုယ်ပေါ်က ဒဏ်ရာတွေဟာ ဆိုးရွားသထက် ဆိုးရွားလာသလို သူ့ရဲ့ နှလုံးသားထဲမှာလည်း သေတော့မယ်ဆိုတဲ့ ခံစားချက်က ပိုပြီး ပြင်းထန်လာခဲ့ပါပြီ။

" ဟေ့ကောင်တွေ …… မင်းတို့ငါ့ကို သည်လောက်အထိ ဖိအား မပေးနဲ့။ သည်အတိုင်းဆိုရင် ငါက ငါ့ကိုယ်ငါ ဖောက်ခွဲပြီး အားလုံးကို ငါနဲ့အတူ သေရွာ ခေါ်သွားတော့မယ် "

သားရိုင်းဘုရင်က ဒေါသတကြီး အော်ဟစ်လာခဲ့ပါတယ်။ သူ့ရဲ့ မျက်လုံးတွေက အနီရောင် သန်းနေပြီ ဖြစ်တဲ့အတွက် သူက သူ့ကိုယ်သူ တကယ်ကြီး ဖောက်ခွဲတော့မယ့် ပုံပါပဲ။

" ဟုတ်ပြီလေ။ ဒါဆိုရင်တော့ ကျုပ်က ကျုပ်ရဲ့ လိပ်ပြာ အသိစိတ်အာရုံ တိုက်ခိုက်မှုကို ရပ်ပေးလိုက်မယ်။ သည်နေရာကနေ ချက်ချင်း ထွက်သွားမယ်ဆိုတဲ့ ခင်ဗျားရဲ့ ကတိတော့ တည်ပါစေ "

စကားဆုံးတဲ့နောက်မှာတော့ လီဖူချန်းက သူ့ရဲ့ လိပ်ပြာ အသိစိတ်အာရုံ တိုက်ခိုက်မှုကို ရပ်တန့်လိုက်ပါပြီ။ ဒါပေမဲ့လည်း သူက ချက်ချင်းဆိုသလို ပုံရိပ်ယောင် လှည့်စားမှု အတတ်ပညာကို ထုတ်သုံးပြီး သားရိုင်းဘုရင်ကို ညှို့ယူလိုက်ပါတယ်။

" မျက်လုံးတစ်ထောင် အတွေးစိတ်ကူးး။ စိတ်ကူးလိပ်ပြာ "

သားရိုင်းဘုရင်ရဲ့ မျက်လုံးတွေကတော့ မှေးမှိန်ဖျော့တော့ သွားခဲ့ပါပြီ။ သူ့ရဲ့ မျက်လုံးတွေက ဘာခံစားမှုကိုမှ မပြသတော့ပါဘူး။

" နတ်ဘုရား မိုးကြိုးတူ "

အဲသည်အချိန်မှာပဲ အခွင့်အရေးကို လုံးဝ လက်လွှတ်ခံဖို့ စဉ်းစားထားပုံ မရတဲ့ လေ့တုံးဟိုင်က သူ့ရဲ့ မိုးကြိုးတူ စွမ်းအားတွေကို စုစည်းပြီး သားရိုင်းဘုရင်ကို ထုရိုက်ပစ်လိုက်ပါတော့တယ်။

ဘန်း……

သားရိုင်းဘုရင်ဟာ ဖွဲအိတ်ကြီး တစ်အိတ်လို မြေကြီးပေါ် တအိအိ ပြိုလဲကျ သွားခဲ့ပါပြီ။ ကြည့်ရတာတော့ သည်ရိုက်ချက်က အနည်းဆုံး သူ့ရဲ့ နံရိုး ခုနစ်ချောင်းလောက်ကို ကျိုးသွားစေခဲ့တဲ့ ပုံပါပဲ။ ပြီးတော့ သူ့ရဲ့ အတွင်းပိုင်း အင်္ဂါတွေကလည်း ဟန်တော့ပုံ မရပါဘူး။

" မင်း……မင်း…… ငါ့ကို လှည့်စားတယ်။ ခွေးမသား "

သားရိုင်းဘုရင်က ဝမ်းခေါင်းသံကြီးနဲ့ အော်လာခဲ့ပါတယ်။

လီဖူချန်းကတော့ ခပ်ပြုံးပြုံး ရှိနေဆဲပါပဲ။ သူက နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး

" လှည့်စားတယ် ……ဟုတ်လား။ ကျုပ်က ခင်ဗျားကို ဘယ်မှာ လှည့်စားလို့လဲ။ ကျုပ်က လိပ်ပြာ အသိစိတ်အာရုံ တိုက်ခိုက်မှုကို ရပ်မယ်လို့ပဲ ပြောတာလေ။ ပုံရိပ်ယောင် လှည့်စားမှု အတတ်ပညာနဲ့ ခင်ဗျားကို မတိုက်ဘူးလို့မှ မပြောခဲ့တာ "

လီဖူချန်းက သူ နဲ့ ရန်သူကြားက ကွာခြားချက်တွေကို ကောင်းကောင်းကြီး သတိပြုမိပါတယ်။ တကယ်လို့သာ သူ့အနေနဲ့ တိုက်ပွဲ စကတည်းက ပုံရိပ်ယောင် လှည့်စားမှု အတတ်ပညာကို ထုတ်သုံးမယ် ဆိုရင် အဲဒါက သားရိုင်း ဘုရင်အပေါ်မှာ အလုပ်ဖြစ်မှာ မဟုတ်ပါဘူး။

ဒါပေမဲ့လည်း သားရဲဘုရင်ရဲ့ အစစ်အမှန် စိတ်ဝိညာဉ်က ထိခိုက်ဒဏ်ရာ ရထားခဲ့ရင်တော့ အခြေအနေက တစ်မျိုး ပြောင်းသွားပါလိမ့်မယ်။

ဒါကြောင့်လည်း လီဖူချန်းက သားရဲဘုရင်ကို မျှော်လင့်ချက်ပေးပြီးပုံရိပ်ယောင် လှည့်စားမှု အတတ်ပညာနဲ့ အလျင်အမြန် တိုက်ခိုက်လိုက်ရတာပါ။

သူ့ရဲ့ တွက်ဆမှုတွေက လုံးဝ ကွက်တိပါပဲ။ တကယ်တမ်း တိုက်ခိုက်တဲ့ အချိန်မှာလည်း သူ့ရဲ့ ပုံရိပ်ယောင် လှည့်စားမှု အတတ်ပညာကို မူလပင်လယ်နယ်ပယ် အဆင့်၆ ဖြစ်တဲ့ သားရိုင်းဘုရင်က ဘယ်လိုမှ တောင့်မခံ နိုင်ခဲ့ပါဘူး။

လီဖူချန်းက သူ့ရဲ့ လိပ်ပြာ အသိစိတ် အာရုံကို အသုံးပြုပြီး ဆက်တိုက်မလို့ ပြင်နေတုန်းမှာပဲ သူ့ရဲ့ မျက်နှာဟာ ရုတ်တရက် ပျက်သွားခဲ့ပါတယ်။

" အစ်ကိုလေ့ …… ပြေးကြစို့ "

အဲသည်နောက်မှာတော့ လီဖူချန်းဟာ တစ်နေရာကို ဦးဆောင်ပြီး ပြေးသွားပါတော့တယ်။

လေ့တုံးဟိုင်ကတော့ ဘာဖြစ်လို့ လီဖူချန်းက ထွက်ပြေးသွားမှန်းကို  တိတိကျကျ မသိပါဘူး။ ဒါပေမဲ့ သူ့ရဲ့ ခြေထောက်တွေကတော့ လီဖူချန်းရဲ့ နောက်ကို လျှပ်စီးတစ်စင်းလို အရှိန်နဲ့ ကပ်ပြီး ပြေးလိုက်သွားခဲ့ပါတယ်။

ယွန်လုံ နဲ့ ကုချူးယီတို့ကလည်း လီဖူချန်းရဲ့ နောက်ကို ပြေးလိုက်ပြီးသားပါပဲ။ သူတို့က လီဖူချန်းဟာ အကြောင်းအရင်း တစ်စုံတစ်ရာ မရှိဘဲနဲ့ ထွက်ပြေးမှာ မဟုတ်ဘူး ဆိုတာကို ရိပ်စားမိကြပါတယ်။

ဟူး……ဟူး……ဟူး……

ရှဲ……ရှဲ……

သူတို့လေးယောက် ထွက်ပြေးသွားပြီး အသက်ရှုချိန် အနည်းငယ် အကြာမှာတော့ အရိပ်မည်းကြီး တစ်ခုဟာ သားရိုင်းဘုရင်ကို လွှမ်းခြုံ သွားခဲ့ပါပြီ။

" သွား…… မိစ္ဆာကောင်…သွား…… ငါ့နားမလာနဲ့ "

" အု…ဝု…ဝု "

" အား "

" ဂါး "

အော်ဟစ် ကြိမ်းမောင်းသံတွေ၊ နာကျင်စွာ အော်ဟစ်နေသံတွေနဲ့ ဟိန်းဟောက်သံ တချို့ကို ကြားရအပြီးမှာတော့ ပတ်ဝန်းကျင် တစ်ခုလုံးဟာ ငြိမ်ကျ သွားပါတော့တယ်။

သားရိုင်းဘုရင်ရဲ့ ဖြစ်စဉ်နဲ့ မိုင်ဒါဇင်ပေါင်းချီ ဝေးတဲ့ နေရာတစ်နေရာ ………

သည်နေရာမှာတော့ လူငယ်လေးယောက်ဟာ မြေကြီးပေါ်မှာ ပိုးလိုးပက်လက် လှဲပြီး အမော ဖြေနေကြပါတယ်။ ကြည့်ရတာတော့ သူတို့က အသက်ဘေး အန္တရာယ် တစ်ခုကနေ မနည်းလွတ်အောင်  ပြေးလာခဲ့ကြတဲ့ ပုံပါပဲ။

အဲသည်လူငယ် လေးယောက်ကတော့ လီဖူချန်းတို့ လေးယောက်ကလွဲပြီး တခြားသူတွေ ဖြစ်စရာ အကြောင်း မရှိပါဘူူး။

" ညီလေးလီ …… အဲဒါက အဆင့်မြင့် အရိပ် ဖုတ်အလောင်းကောင် ဘုရင်လား "

လေ့တုံးဟိုင်က အမောဖြေနေရင်းနဲ့ လီဖူချန်းကို မေးလိုက်ပါတယ်။

" အင်း "

လီဖူချန်းက မငြင်းပါဘူး။

ရှူး……

လေ့တုံးဟိုင်တို့ သုံးယောက်က အသက်ကို တစ်ဝကြီး ရှိုက်သွင်းလိုက်ကြပြီး သားရိုင်းဘုရင် လဲကျနေရာ အရပ်ဆီကို လှမ်းကြည့်လိုက်ကြပါတယ်။

အရာရာ အားလုံးကတော့ တိတ်ဆိတ် ငြိမ်သက်နေခဲ့ပါပြီ။

ဒဏ်ရာ အပြင်းအထန် ရထားတဲ့ သားရိုင်းဘုရင်ကို မဆိုထားပါနဲ့ဦး။ တကယ်လို့ သူက ဘာဒဏ်ရာမှ မရှိဘဲ အကောင်းပကတိ ဖြစ်နေရင်တောင်မှ အဆင့်မြင့် ဖုတ်အလောင်းကောင် ဘုရင်နဲ့ တွေ့မယ်ဆိုရင် သေချာပေါက် သေမှာပါပဲ။

သူ့ဆီမှာက ကုချူးယီလို အရိပ် ဖုတ်အလောင်းကောင်တွေကို ဖိနှိပ်နိုင်တဲ့ တောက်ပခြင်း အရိုးတည်ဆောက်ပုံ မရှိပါဘူး။

" ဘာတတ်နိုင်မလဲ။ ကိုယ့်ထိုက်နဲ့ကိုယ့်ကံပဲပေါ့ "

အဲသည်နောက်မှာတော့ သူတို့ဟာ သူတို့ရဲ့ အပြန်လမ်း ရှာဖွေရေး ခရီး ထပ်ဆက်ကြပါတော့တယ်။

……xxxx……xxxx……xxxx……xxxx

နေ့ရက်တွေဟာ တစ်ရက်ပြီးတစ်ရက် ကုန်လွန်လာခဲ့ပါပြီ။ ဒါပေမဲ့လည်း သူတို့လေးယောက်ကတော့ အခုထက်ထိ ထွက်ပေါက် တစ်ခုမှ ရှာမတွေ့သေးပါဘူူး။

ကံကောင်းတာ တစ်ခုကတော့ သူတို့ဟာ သည်အတောအတွင်းမှာ ဘယ်မူလပင်လယ်နယ်ပယ် ဘုရင်တွေနဲ့မှ မတွေ့ခဲ့သလို၊ ဘယ်အင့်မြင့် အရိပ် ဖုတ်အလောင်းကောင် ဘုရင်တွေနဲ့မှလည်း မတွေ့ခဲ့တာပါပဲ။

သည်လိုနဲ့ပဲ တစ်နေ့မှာတော့ သူတို့ဟာ မရည်ရွယ်ဘဲနဲ့ လျှိုမြောင်တစ်ခုအနားကို ရောက်လာပါတော့တယ်။

အရိပ်အသူရာချောက်ရဲ့ အရင်အလွှာမှာတုန်းကလည်း သူတို့လေးယောက်ဟာ အခုလို လျှိုမြောင်တစ်ခုထဲကနေပြီး ထွက်ပေါက်ကို ရှာဖွေ တွေ့ရှိခဲ့ကြတာပါပဲ။ ဒါပေမဲ့လည်း ကံဆိုးချင်တော့ အဲသည်ထွက်ပေါက်ဟာ အရိပ်အသူရာ ချောက်ရဲ့ နောက်ထပ် အလွှာတစ်ခုထဲကို ဝင်တဲ့ ဝင်ပေါက် ဖြစ်နေခဲ့ပါတယ်။

"ညီလေးလီ "

လေ့တုံးဟိုင်က ဘာမှ မပြောဘဲ လီဖူချန်းကို လှည့်ကြည့်လိုက်ပါတယ်။ ယွန်လုံ နဲ့ ကုချူးယီတို့ရဲ့ အကြည့်ကလည်း လီဖူချန်းဆီမှာ ရောက်ရှိနေခဲ့ကြပါပြီ။

" ဟုတ် "

လီဖူချန်းက ခေါင်းညိတ်ပြလိုက်ပါတယ်။ ဘာမှ ထွေထွေထူးထူး မေးနေစရာ မလိုပါဘူး။ လေ့တုံးဟိုင်တို့ သုံးယောက်က သည်လျှိုမြောင်ထဲမှာ အရိပ်အသူရာ ချောက်ထဲကနေ ထွက်တဲ့ ထွက်ပေါက် ရှိသလား ဆိုတာကို သူ့ကို စစ်ဆေးခိုင်းချင်နေတာ အသိသာကြီးပါပဲ။

အဲသည်နောက်မှာတော့ လီဖူချန်းရဲ့ လိပ်ပြာ အသိစိတ်အာရုံဟာ လျိုမြောင်ထဲကို တိုးဝင်သွားခဲ့ပါပြီ။ အတန်ကြာမှ လီဖူချန်းက စိတ်ရှုပ်ထွေးနေတဲ့ အမူအယာနဲ့ အဖြေ ပြန်ပေးလာခဲ့ပါတယ်။

" သည်လျှိုမြောင်ထဲမှာ ထွက်ပေါက်တစ်ခု တကယ်ပဲ ရှိနေတယ် "

" တကယ်……တကယ်လား ……ညီလေးလီ "

ယွန်လုံရဲ့ မျက်လုံးတွေကတော့ အရောင် တဖိတ်ဖိတ် တောက်လာခဲ့ပါပြီ။သူက သူ့ရဲ့ အံ့သြဝမ်းသာမှုတွေကို အောင့်အည်း မထားနိုင်တော့တဲ့ ပုံပါပဲ။

သည်ရက်တွေမှာဆိုရင် သူဟာ အတော်လေး စိတ်ဓာတ်ကျနေခဲ့တာလို့ ဆိုရပါမယ်။

လေ့တုံးဟိုင်က မူလပင်လယ်နယ်ကို ချိုးဖောက်ဝင်ရောက်သွားပြီး သူတို့ရဲ့ နံပါတ်တစ် တိုက်ခိုက်ရေးသမား ဖြစ်လာခဲ့တယ်။

ကုချူးယီကလည်း သူမရဲ့ တောက်ပခြင်း နတ်ဘုရားစွမ်းရည် အားကိုးနဲ့ အရိပ် ဖုတ်အလောင်းကောင်တွေကို ဖိနှိပ်နိုင်တယ်။

လီဖူချန်းရဲ့ လိပ်ပြာ အသိစိတ် အာရုံကလည်း မူလပင်လယ်နယ်ပယ် ဘုရင်တွေကိုတောင် ဒုက္ခ ပေးနိုင်ပါတယ်။

သူတစ်ယောက်တည်း……

ယွန်လုံဆိုတဲ့ သူကပဲ ဘယ်နေရာမှာမှ အသုံးမဝင် ဖြစ်နေခဲ့တာပါ။ အဲသည်အချက်က သူ့ကို အလွန်အမင်း စိတ်ဓာတ် ကျစေတာ ဆိုရက်လည်း မမှားပါဘူး။

သူ့အနေနဲ့ စိတ်ဓာတ်ကျနေတာကနေ  ရုန်းထွက်ဖို့အတွက် သည်အရိပ် အသူရာ ချောက်ထဲကနေ တတ်နိုင်သလောက် မြန်မြန် စောထွက်ပြီး ကျင့်ကြံမှ ရပါတော့မယ်။

လီဖူချန်းရဲ့ မျက်နှာက အတော်လေး ပျက်နေတာကို တွေ့လိုက်ရတဲ့ အခါမှာတော့ ကုချူးယီက မနေနိုင်ဘဲ လှမ်းမေးလိုက်ပါတယ်။

" မောင်လေးလီ …… အဲသည်လိျှုမြောင်ထဲမှာ အရိပ် ဖုတ်အလောင်းကောင်တွေ ဘယ်လောက်တောင် ရှိနေလို့လဲ "

လီဖူချန်းက မချိပြုံး ပြုံးလိုက်ပြီး

" အဲသည်လျှိုမြောင်ထဲမှာ ရာနဲ့ချီတဲ့ အရိပ် ဖုတ်အလောင်းကောင်တွေအပြင် ဆယ်နဲ့ချီတဲ့ အရိပ် ဖုတ်အလောင်းကောင် ဘုရင်တွေလည်း ရှိနေသေးတယ်။ ကျွန်တော်တို့သာ အဲသည်ထဲ ဝင်သွားလို့ကတော့ အရိုးတောင် ကျန်မှာ မဟုတ်ဘူး "

အဆင့်မြင့် အရိပ် ဖုတ်အလောင်းကောင် ဘုရင်တစ်ကောင်နဲ့ တွေ့ရင် သူတို့တစ်ဖွဲ့လုံး ပြုတ်ပြုတ်ပြုန်းသွားမယ့် အခြေအနေမှာ ရှိတဲ့အတွက် လီဖူချန်က လျှိုမြောင်ထဲကိုဝင်ပြီး ကံမစမ်းချင်ပါဘူး။

" သည်လိုဆိုရင်လည်း ငါတို့အနေနဲ့ သည်လျှိုမြောင်ထဲကို မဝင်ဘဲ နောက်ထပ် တခြားထွက်ပေါက်တစ်ခု ရှာကြတာပေါ့ "

လေ့တုံးဟိုင်က စိတ်ပျက်လက်ပျက်နဲ့ ပြောလာခဲ့ပါတယ်။

" ခဏလေး နေကြဦး "

သူတို့လေးယောက်က သည်နေရာကနေ ထွက်ခွာဖို့ ပြင်နေတဲ့ အချိန်မှာပဲ လီဖူချန်းက အရှေ့စူးစူးဘက်ကို တစ်ချက် ကြည့်လိုက်ပြီး အားလုံးကို လှမ်းပြောလိုက်ပါတယ်။

သိပ်မကြာခင်မှာပဲ လူရိပ်တစ်ရိပ်ဟာ သူတို့နဲ့ သိပ်ဝေးမကွာတဲ့ အရပ်တစ်ခုမှာ ပေါ်လာခဲ့ပါပြီ။ အဲသည်လူရိပ်ရဲ့ ခြေလှမ်းတွေအရ  ဆိုရင်တော့ သူဟာ လီဖူချန်းတို့ရှိရာဘက်ကို ဦးတည်ပြီး လာနေတာ အသိသာကြီးပါပဲ။

အဲသည်လူရိပ်ရဲ့ လမ်းလျှောက်ပုံက နှေးကွေးသယောင် ထင်ရပေမယ့်လည်း တကယ့်တကယ့်တမ်းမှာတော့ အလွန်အမင်း မြန်ဆန်လှပါတယ်။

သည်လိုနဲ့ပဲ အဲသည်လူရိပ်ရဲ့ ပုံပန်းသဏ္ဌာန်ဟာ တဖြည်းဖြည်း ထင်ရှားလာခဲ့ပါပြီ။ အဲသည်လူရိပ်ရဲ့ ပိုင်ရှင်ကတော့ သက်လတ်ပိုင်း အရွယ်ရှိတဲ့ ယောကျာ်းကြီး တစ်ဦးပါပဲ။ သူက အဖြူရောင် ချည်သားဝတ်စုံကို အထက်အောက် ဝတ်ဆင်ထားပြီး ခြေထောက်မှာတော့ ဘာကိုမှ မစီးထားပါဘူး။

ပြီးတော့ သူ့ရဲ့ ခန္ဓာကိုယ် နဲ့ အဝတ်အစားတွေ ပေါ်မှာလည်း ဖုန်မှုန့် တစ်မှုန့်တောင် ရှိမနေပါဘူး။ အဲသည်လူကို ကြည့်လိုက်တာနဲ့ သူဟာ သန့်ရှင်းစင်ကြယ်တဲ့ လူတစ်ယောက် ဖြစ်ကြောင်းကို တန်းသိနိုင်မှာ အသေအချာပါပဲ။

လီဖူချန်းကတော့ အဲသည်လူရဲ့ ပုံပန်းသဏ္ဌာန်ကတင် သန့်ရှင်းစင်ကြယ်နေတာ မဟုတ်ဘဲ သူ့ရဲ့ ချီအရှိန်အဝါတွေကလည်း အလွန်အမင်း သန့်ရှင်းစင်ကြယ် နေတာကို ကြည့်မြင်နိုင်ပါတယ်။

လုံးဝ သံသယ ရှိနေစရာ မလိုပါဘူး။ အခု သည်နေရာကို ရောက်လာတဲ့ လူ၊ပုဂ္ဂိုလ်ဟာ သေချာပေါက် အနည်းဆုံး  မူလပင်လယ် နယ်ပယ် အထွတ်အထိပ်ကို ရောက်ရှိနေတဲ့ ကျင့်ကြံသူ တစ်ဦးပါပဲ။

" ကောင်လေးတို့ …… မင်းတို့လေးယောက်က တော်တော် ကံကောင်းတာပဲ။ ငါသိသလောက် ဆိုရင်တော့ သည်အရိပ်အသူရာချောက် အလွှာမှာက ထွက်ပေါက် နှစ်ခုပဲ ရှိတယ်။ ကျန်တဲ့ ထွက်ပေါက် ရှိနေတဲ့ နေရာမှာတော့ သဘာဝ ပတ်ဝန်းကျင်က အင်မတန် ဆိုးဝါးလွန်းလို့ မင်းတို့အနေနဲ့ ဘယ်လိုမှ အဲသည်နေရာကို သွားနိုင်မှာ မဟုတ်ဘူး "

ဝတ်ဖြူစင်ကြယ်နဲ့ လူကြီးက သိမ်မွေ့ညင်သာစွာ ပြုံးလိုက်ပြီး လီဖူချန်းတို့ကို စကားပြောလာခဲ့ပါတယ်။

" ဆရာကြီးခင်ဗျာ…… ကျွန်တော်/မတို့ အနေနဲ့ ဆရာကြီး ဘယ်သူလဲ ဆိုတာကို သိခွင့်ရပါရစေ "

လီဖူချန်းတို့ လေးယောက်စလုံးက လူပါး၊လူနပ်တွေ ချည်းပါပဲ။ အဲသည်အတွက် သူတို့က ဝတ်ဖြူစင်ကြယ်ဝတ် လူကြီးကို ရိုသေကျိုးနွံစွာနဲ့ အလျင်အမြန်  အရိုအသေ ပေးလိုက်ကြပါတယ်။

သူတို့မှ မဟုတ်ပါဘူး။ သူတို့နေရာမှာ အရူးတစ်ယောက် ရောက်နေရင်လည်း အဲသည်အရူးဟာ သူတို့လိုပဲ ဝတ်ဖြူစင်ကြယ်နဲ့ လူကြီးကို အရိုအသေ ပေးမှာပါပဲ။

" တိမ်တိုက် ဧကရာဇ် "

စကားဆုံးတဲ့ နောက်မှာတော့ တိမ်တိုက် ဧကရာဇ်ဟာ သူတို့ကို ကျော်ဖြတ်ပြီး လျှိုမြောင်ထိပ်ဆီကို ရောက်သွားခဲ့ပါပြီ။

ပြီးတာနဲ့ တစ်ပြိုင်နက် သူက ညာဘက်လက်ကို ညင်သာစွာ ဆန့်တန်းလိုက်ပြီး အရှေ့ကို တွန်းထုတ်လိုက်ပါတယ်။

အဲသည်နောက်မှာတော့ ကြီးမားလှတဲ့ တိမ်ပင်လယ်ကြီး တစ်ခုဟာ  ဟင်းလင်းပြင်ထဲကနေ ဖြစ်တည်လာပြီး  လျှိုမြောင် တစ်ခုလုံးကို ဖုံးအုပ် သွားခဲ့ပါပြီ။

တိမ်တိုက်တွေ ပြန်လည် ပျောက်ကွယ်သွားတဲ့ အခါမှာတော့ ဝတ်ဖြူစင်ကြယ်နဲ့ လူကြီးဟာ သူတို့ရဲ့ မြင်ကွင်းမှာ ရှိမနေတော့ပါဘူူး ။ ဒါပေမဲ့လည်း စကားသံ တစ်ခုကတော့ လေထုထဲမှာ ကျန်နေရစ်ခဲ့ပါတယ်။

" ကောင်လေးတို့…… သည်နေ့ မင်းတို့နဲ့ငါ သည်နေရာမှာ ဆုံတွေ့ရတာက ကောင်းကင်ဘုံက ချမှတ်ပေးထားတဲ့ ကံတရားပဲ။ အဲသည်အတွက် ငါက မင်းတို့ကို အသက်ရှင်ဖို့ ကူညီပေးလိုက်တယ်။ တကယ်လို့ ကံအကြောင်း တိုက်ဆိုင်ရင် နောင်တစ်ချိန်မှာ ပြန်ဆုံကြတာပေါ့ "

"  အရိပ် ဖုတ်အလောင်းကောင်တွေ အကုန်လုံး ပျောက်သွားကြပြီ "

ဝတ်ဖြူစင်ကြယ်နဲ့ လူကြီး ပျောက်သွားပြီး အချိန်အနည်းငယ် အကြာမှာတော့ လီဖူချန်းက အားလုံးကို ဝမ်းသာစရာ စကားတစ်ခွန်း လှမ်းပြောလိုက်ပါတယ်။

လက်ဝါးရိုက်ချက် တစ်ချက် ……

လက်ဝါးရိုက်ချက်လေး တစ်ချက်နဲ့တင် လျှိုမြောင်တစ်ခုလုံးမှာရှိတဲ့ အရိပ် ဖုတ်အလောင်းကောင်တွေကို ရှင်းလင်းပစ်နိုင်တဲ့သူဟာ ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ်က ဧကရာဇ်စစ်စစ် တစ်ပါးပဲ ဖြစ်ရပါမယ်။သည်လို အလုပ်မျိုး ဆိုတာက အကြို-ဧကရာဇ်တွေတောင်   လုပ်နိုင်တဲ့ အရာ မဟုတ်ပါဘူး။

" ဟူး…… တော်ပါသေးရဲ့။ ကောင်းကင်ဘုံက ငါတို့ကို မပစ်ထားဘူးပဲ "

လီဖူချန်းရဲ့ စကားကို ကြားပြီးတဲ့ နောက်မှာတော့ လေ့တုံးဟိုင်တို့ သုံးယောက်ဟာ သက်ပြင်းကိုယ်စီ ချမိလိုက်ကြပါပြီ။

နောက်ဆုံးမှာတော့ သူတို့ဟာ သည်အန္တရာယ် များလွန်းတဲ့ အရိပ် အသူရာ ချောက်ထဲကနေ ထွက်နိုင်ပါတော့မယ်။

တစ်ချိန်တည်းမှာပဲ သူတို့ဟာ သူတို့အနေနဲ့ ဘယ်လောက် ကံကောင်းခဲ့သလဲ ဆိုတာကို တွေးမိလိုက်ကြပါသေးတယ်။

***

All Chapters