← Chapters

သက်တံနီဂိုဏ်းရဲ့ ကပ်ဘေး

Vol. 43 Ch. 582

သက်တံနီဂိုဏ်းရဲ့ ကပ်ဘေး

Vol. 43 Ch. 582

လျိုမြောင်ထဲမှာ ဘာမှ မရှိတော့တဲ့ နောက်မှာတော့ လီဖူချန်းတို့ အဖွဲ့ဟာ အနက်ရောင် လေဝဲကြီး တစ်ခုရှေ့ကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့ကြပါပြီ။

ပြီးတာနဲ့ တစ်ပြိုင်နက် သူတို့ဟာ မတုံ့မဆိုင်းဘဲ လေဝဲကြီးထဲကို ဝင်သွားကြပါတော့တယ်။

***

နောက်ထပ်တစ်လ အကြာမှာတော့ သူတို့လေးယောက်ဟာ နန်အန်းစီရင်စုထဲမှာ ရှိတဲ့  ခရမ်းရောင် မြူနှင်းတောင်ရဲ့  နယ်နိမိတ် အစွန်အဖျားနားကို ပြန်ရောက်လာခဲ့ကြပါပြီ။

သည်တစ်ကြိမ် ခရီးကတော့ သူတို့အတွက် အတော်လေး အကျိူးအမြတ် ရခဲ့တယ်လို့ ဆိုရမှာပါပဲ။ဘာဖြစ်လို့လဲဆိုတော့  ယွန်လုံ နဲ့ ကုချူးယီးတို့က တစ်ယောက်ကို အဆင့်မြင့် ဝိညာဉ်ကျောက်တုံး တစ်ရာစီ ရခဲ့ကြသလို လေ့တုံးဟိုင်က အဆင့်မြင့် ဝိညာဉ်ကျောက်တုံး တစ်ရာ့နှစ်ဆယ် ရခဲ့တာ မဟုတ်ပါလား။ ပြီးတော့ လေ့တုံးဟိုင်က မူလပင်လယ် နယ်ပယ်ကိုပါ ချိုးဖောက် ဝင်ရောက်နိုင်ခဲ့ ပါသေးတယ်။

ဒါပေမဲ့လည်း သူတို့ရဲ့ အကျိုးအမြတ်က လီဖူချန်းရခဲ့တဲ့ အကျိုးအမြတ်ကိုတော့ ဘယ်လိုမှ ယှဉ်နိုင်မှာ မဟုတ်ပါဘူး။

လီဖူချန်းက အရိပ်အသူရာ ချောက်ထဲကနေပြီး အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ၅၀၀၀ ကျော် ရခဲ့သလို အထွတ်အထိပ် အဆင့် ဝိညာဉ်ကျောက်တုံး တစ်တုံးလည်း ရရှိခဲ့ပါသေးတယ်။

အဲသည်အတွက် အခုချိန်မှာတော့ ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ်က ဧကရာဇ် တစ်ပါးတောင်မှ လီဖူချန်းလောက် ချမ်းသာကြွယ်ဝမှာ မဟုတ်ပါဘူး။ ပြောရမယ် ဆိုရင်တော့ အထွတ်အထိပ် အဆင့် ဝိညာဉ်ကျောက်တုံး တစ်တုံး ဆိုတာက ဥပဒေသ ပြောင်းလဲခြင်းနယ်ပယ် ဧကရာဇ် တစ်ပါးရဲ့ ကြွယ်ဝချမ်းသာမှုကိုတောင် ယှဉ်နေနိုင်တာ မဟုတ်ပါလား။

ဒါပေမဲ့လည်း အဲဒါက တစ်ကိုယ်တော် ရပ်တည်နေတဲ့  ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ်က  ဧကရာဇ်တွေကိုသာ ဆိုလိုတာ ဖြစ်ပါတယ်။ လဝန်းနီ ဧကရာဇ်လို အင်ပိုင်ယာ တစ်ခုလုံးကို အုပ်စိုးထားတဲ့ သူမျိုးရဲ့ ချမ်းသာကြွယ်ဝမှုကိုတော့ လီဖူချန်းက ဘယ်လိုမှ ယှဉ်နိုင်စရာ အကြောင်း မရှိပါဘူး။

အဲသည်အတွက် အခုအချိန်ဟာ အရိပ်အသူရာ ချောက်ထဲကနေ အကျိုးအမြတ် တော်တော်များများ  ရထားတဲ့ လီဖူချန်းတို့အတွက် တံခါးပိတ် ကျင့်ကြံရတော့မယ့် အချိန်ပါပဲ။ ဒါကြောင့်ပဲ သူတို့လေးယောက်ဟာ ခရမ်းရောင် မြူနှင်းတောင်ကို ပြန်လာခဲ့ကြတာပါ။

" မဟုတ်သေးဘူး။ တစ်ခုခုတော့ မှားနေပြီ "

လေ့တုံးဟိုင်က ချီစွမ်းအင် လှိုင်းတွေနဲ့ ပက်သက်ပြီး အာရုံ ခံစားနိုင်တဲ့ အပိုင်းမှာ အတော်လေး ကောင်းပါတယ်။ လီဖူချန်း ကိုယ်တိုင်တောင်မှ လိပ်ပြာ အသိစိတ်အာရုံ မဖြန့်ကြက်ထားဘူးဆိုရင် သည်အပိုင်းမှာ လေ့တုံးဟိုင်ကို မမီပါဘူး။

" ဟုတ်လောက်မယ် ……အစ်ကိုလေ့ "

လီဖူချန်း ကိုယ်တိုင်ကလည်း စိတ်ထဲမှာ အနည်းငယ် မသိုးမသန့့်ဖြစ်လာတဲ့အတွက် လိပ်ပြာ အသိစိတ်အာရုံကို ထုတ်လွှတ်ပြီး ပတ်ဝန်းကျင် အခြေအနေကို စူးစမ်းကြည့်လိုက်ပါတယ်။

ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်ကြီးမှာတော့ လီဖူချန်းဟာ သူ့ရဲ့ လိပ်ပြာ အသိစိတ်အာရုံကို မိုင်တစ်သောင်းထက် ပိုပြီး မဖြန့်ကြက်နိုင်ပါဘူး။ ဒါပေမဲ့လည်း ကံကောင်းတာ တစ်ခုကတော့ အခု သူတို့ ရောက်နေတဲ့ နေရာဟာ ခရမ်းရောင် မြူနှင်းတောင်နဲ့ မိုင်ပေါင်း တစ်သောင်းအထိ ကွာဝေးနေခြင်း မရှိတာပါပဲ။

သူ့ရဲ့ လိပ်ပြာ အသိစိတ် အာရုံကို အစွမ်းကုန် ဖြန့်ကြက်ပြီးတဲ့ နောက်မှာတော့ လီဖူချန်းက စစ်မြေပြင်တစ်ခုကို အာရုံခံမိ လိုက်ပါတယ်။ အဲဒါက သာမန် စစ်မြေပြင် တစ်ခုလို့တောင် သတ်မှတ်လို့ မရတဲ့ အကြီးစား စစ်မြေပြင်ကြီး တစ်ခု ဆိုရင်လည်း မမှားပါဘူး။

အဲသည် တိုက်ခိုက်နေကြတဲ့ နှစ်ဖွဲ့ထဲက တစ်ဖွဲ့ကတော့ သက်တံနီ ဂိုဏ်းပါပဲ။

အခုလက်ရှိ လောလောဆယ်မှာတော့ သက်တံနီဂိုဏ်းဟာ အရေးနိမ့်လျက်ရှိပြီး ခရမ်းရောင် မြူနှင်းတောင်ရဲ့ အကာအကွယ် ဝင်္ကပါ အစီအရင် အထဲကနေ တစ်ဖက် ရန်သူတွေကို ခုခံနေရပါတယ်။

တစ်ဖက်က ရန်သူတွေကတော့ အရေအတွက် အားဖြင့်လည်း သာနေသလို  ကျင့်ကြံခြင်းအားဖြင့် ဆိုရင်လည်း သူတို့အားလုံးထဲက တစ်ယောက်ကမှ  မူလပင်လယ်နယ်ပယ်အောက် ရောက်မနေပါဘူး။

လီဖူချန်းက သေသေချာချာ အာရုံစူးစိုက်ပြီး ကြည့်လိုက်တဲ့ အခါမှာတော့ ရန်သူဘက်က မူလပင်လယ်နယ်ပယ် ဘုရင် အရေအတွက်ဟာ အနည်းဆုံး တစ်ထောင်နီးပါး ရှိနေတာကို သိလိုက်ရပါတယ်။ အခြားတစ်ဖက် ဖြစ်တဲ့ သက်တံနီ ဂိုဏ်းဘက်မှာတော့ မူလပင်လယ်နယ်ပယ် ဘုရင် အရေအတွက်ဟာ နှစ်ရာကျော်လောက်သာ ရှိနေပါတယ်။

သက်တံနီဂိုဏ်းဘက် အခြမ်းမှာတော့ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်ဟာ သက်တံနီ ဘုရင်ပါပဲ။

သက်တံနီ ဘုရင်က သက်တံကောင်းကင်ဓားကို ကိုင်ဆွဲထားပြီး ရန်သူ သုံးယောက်ကို တစ်ယောက်တည်း ခုခံတိုက်ခိုက် နေရတာပါ။

အဲသည်ရန်သူ သုံးယောက်ထဲက တစ်ယောက်ကတော့ ခရမ်းရောင် ချပ်ဝတ်တန်ဆာတွေကို ဝတ်ဆင်ထားတဲ့ ခရမ်းရောင် ဆံကေသာ ပိုင်ရှင် ယောကျာ်းကြီး တစ်ယောက်ပါပဲ ။ သူ့ရဲ့ ခန္ဓာကိုယ် တစ်ခုလုံးကိုတော့ ခရမ်းရောင် မြူနှင်းတွေက ဖုံးလွှမ်းထားပြီး သူ့ရဲ့ လက်တစ်ချက် ဝှေ့ယမ်းလိုက်တိုင်းမှာ အဲသည် ခရမ်းရောင် မြူနှင်းတွေက ရက်စက်ကြမ်းကြုတ်တဲ့ သားရဲကြီးတွေအဖြစ် ပြောင်းသွားပြီး သက်တံနီ ဘုရင်ကို တိုက်ခိုက်နေပါတယ်။

အဲသည်သုံးယောက်ထဲမှာဆိုရင် အသက် ခုနစ်ဆယ်နီးပါး ရှိနေပြီ ဖြစ်တဲ့ အဘွားအို တစ်ယောက်လည်း ပါဝင်နေပါသေးတယ်။ သူမကတော့ မြွေခေါင်းတပ်ထားတဲ့ တောင်ဝှေးကို လက်နက်အဖြစ် စွဲကိုင်ထားပြီး သူမရဲ့ တောင်ဝှေး ရိုက်ချက်တိုင်းဟာ သက်တံနီ ဘုရင်ရဲ့ ဟာကွက်တွေထဲကိုပဲ ဦးတည်နေပါတယ်။

အဲသည်သုံးယောက်ထဲက နောက်ဆုံးလူကတော့ ဓားမကြီး တစ်ချောင်းကို ကိုင်စွဲထားတဲ့ လူထွားကြီး တစ်ဦးပါပဲ။ သူကတော့ ကမ္ဘာမြေကြီးကိုတောင် အက်ကွဲသွားစေတဲ့ ဓားချက်တွေနဲ့ သက်တံနီဘုရင်ကို တိုက်ခိုက်နေပါတယ်။

အချုပ်အားဖြင့် ဆိုရမယ် ဆိုရင်တော့ သူတို့သုံးယောက်ထဲက တစ်ယောက်ကမှ သက်တံနီ ဘုရင်ထက် အားမနည်းပါဘူး။အဲသည်အတွက် သူတို့သုံးယောက်ရဲ့ ပူးပေါင်းတိုက်ခိုက်မှုဟာ သက်တံနီ ဘုရင်ကို အထက်စည်းကနေ သိသိသာသာကြီး ဖိအားပေးနေနိုင်ခဲ့ပါတယ်။

သက်တံနီ ဘုရင်အတွက် ကံကောင်းတာ တစ်ခုကတော့ သူ့ဘက်မှာ ခရမ်းရောင် မြူနှင်းတောင် အကာအကွယ် ဝင်္ကပါ ရှိနေသေးလို့ပါပဲ။ မဟုတ်လို့ကတော့ သူဟာ အစောကြီးကတည်းကနေ ရှုံးနိမ့်နေလောက် ပြီးပါပြီ။

" ဟင်…… အကြို-ဧကရာဇ် သုံးပါးတောင်မှလား "

လီဖူချန်းက တိုက်ပွဲကို အာရုံခံနေရင်းနဲ့ တအံ့တသြ ရေရွတ်လိုက်မိပါတယ်။

သက်တံနီ ဘုရင်ဟာ အစောပိုင်းကတည်းက ထိပ်တန်း မူလပင်လယ်နယ်ပယ် ဘုရင်တစ်ပါး ဖြစ်နေခဲ့သူပါ။ ကောင်းကင်သက်တံ ဓားကိုပါ ရပြီးသွားတဲ့ နောက်မှာတော့ သူ့ရဲ့ အစွမ်းဟာ အကြို-ဧကရာဇ်တွေ မကွာခြားလှတော့ပါဘူး။ ဒါပေမဲ့လည်း  အကြို-ဧကရာဇ် သုံးပါးနဲ့ ရင်ဆိုင် တိုက်ခိုက်ဖို့ ဆိုတာကတော့ သက်တံနီ ဘုရင်အတွက် လုံးဝ မဖြစ်နိုင်တဲ့ အရာတစ်ခုပါပဲ။

" သက်တံနီ ဘုရင်…… ကြယ်ခုနစ်လုံး အဖွဲ့အစည်းရဲ့ အဖွဲ့ဝင်ဖြစ်တဲ့ မင်းက  မင်းရခဲ့တဲ့ ကောင်းကင်ဘုံ ကျောက်တုံးကို အဖွဲ့အစည်းဆီ မအပ်တဲ့အပြင် ဖွက်တောင် ဖွက်ထားလိုက်သေးတယ်။ အဲသည်အပြစ်ကို မင်းဘယ်လို ပေးဆပ်မလဲ "

ခရမ်းရောင် ဆံပင်ပိုင်ရှင် လူကြီးက ဝင်္ကပါ အကာအကွယ် အစီအရင်ရဲ့ အပြင်ဘက်ကနေပြီး  အော်ဟစ် ပြောဆိုလိုက်ပါတယ်။

" သက်တံနီဘုရင် …… ရှင်ရခဲ့တဲ့ ကောင်းကင်ဘုံ ကျောက်တုံး နဲ့ မရှင့်လက်ထဲက သက်တံကောင်းကင်ဓားကို လက်လွှတ်လိုက်။ အဲဒါဆိုရင် ကြယ်ခုနစ်လုံး အဖွဲ့အစည်းက ရှင့်ရဲ့ အပြစ်တွေကို ကျေအေးပေးလိုက်မယ် "

အဘွားအိုကလည်း အရှေ့ကို တစ်လှမ်း တိုးလာခဲ့ပြီး ကျေအေးဖို့ အကြောင်းကို ပြောလာခဲ့ပါပြီ။

" သက်တံနီဘုရင် …… လောဘက မင်းရဲ့ အသိဉာဏ်ကို မဖုံးလွှမ်းသွားစေနဲ့။ မင်းအနေနဲ့ ကောင်းကင်ဘုံ ကျောက်တုံး နဲ့ ကောင်းကင်သက်တံဓားကို လက်လွှတ်လိုက်ရုံနဲ့တင် မင်းတို့ ဂိုဏ်းသားတွေရဲ့ အသက်ကို ကယ်တင်နိုင်လိမ့်မယ် "

ဓားမကြီးကို ကိုင်စွဲထားတဲ့ လူထွားကြီးကလည်း သက်တံနီ ဘုရင်ကို သက်တံနီဂိုဏ်းသားတွေရဲ့ အသက်နဲ့  ဖိအား ပေးလာခဲ့ပါတယ်။

သည်ခရမ်းရောင် မြူနှင်းတောင်ကို ရောက်ရှိနေတဲ့ အကြို-ဧကရာဇ် သုံးပါးထဲမှာဆိုရင် ဓားမကြီးကို ကိုင်စွဲထားတဲ့ လူထွားကြီးဟာ အစွမ်း အထက်ဆုံးပါပဲ။ သူက သူ့ရဲ့ ဓားမော့ချီတွေနဲ့ ခရမ်းရောင် မြူနှင်းတောင်ရဲ့ အကာအကွယ် ဝင်္ကပါကို တုန်ခါသွားအောင် ပြုလုပ်နိုင်သူလည်း ဖြစ်ပါတယ်။

သက်တံနီ ဘုရင်ကတော့ လုံးဝ အညံ့မခံပါဘူး။ သူက ဒေါသတကြီးနဲ့ ပြန်လည်အော်ဟစ် ပြောဆို လိုက်ပါတယ်။

" ကြယ်ခုနစ်လုံး အဖွဲ့အစည်း ဆိုတာက သူခိုး၊ ဓားပြတွေကို စုစည်းထားတဲ့ အဖွဲ့ပဲ။ အဲသည်အဖွဲ့ထဲကို ငါက မျက်လုံးကန်းနေလို့ ဝင်ခဲ့မိတာ။ အပိုတွေ ပြောမနေနဲ့။ ငါက မင်းတို့ပြောတာကို သေရင်တောင် လက်မခံဘူးကွ "

သည်အတောအတွင်းမှာ ဆိုရင် သက်တံနီဘုရင်ဟာ အန္တရာယ် များလှတဲ့ နေရာ တော်တော်များများကို စွန့်စားသွားလာခဲ့ပြီး အဲသည် နေရာတွေထဲက တစ်နေရာကတော့ ဝိညာဉ်ဆွေးမြည့် သတ္တုတွင်းလို့ ခေါ်တဲ့ သတ္တုတွင်းဟောင်း တစ်ခု  ဖြစ်ပါတယ်။

အဲသည်သတ္တုတွင်းက တစ်ချိန်တစ်ခါက ကောင်းကင်ဘုံ ကျောက်တုံးတွေ ထွက်ရှိခဲ့ပေမယ့်လည်း နောက်ပိုင်းမှာတော့ အကြောင်းအရင်း မသိရတဲ့  အကြောင်းပြချက် အမျိုးမျိုးကြောင့် အန္တရာယ် အလွန်ကြီးမားတဲ့ နေရာတစ်ခု အဖြစ် သတ်မှတ်ခံခဲ့ရပြီး  ပိတ်လိုက်ရတဲ့ သတ္တုတွင်းဟောင်း ဆိုရင်လည်း မမှားပါဘူး။ ပြီးတော့ အဲသည်နေရာဟာ ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် ဧကရာဇ် တစ်ပါးရဲ့ ဝိညာဉ်ကိုတောင် ဆွေးမြည့်ပျက်စီးသွားစေနိုင်တယ် ဆိုပြီး နာမည်ဆိုးနဲ့ ကျော်ကြားခဲ့ပါသေးတယ်။

ဒါပေမဲ့လည်း သက်တံနီ ဘုရင်ကတော့ စွန့်စားလိုစိတ်အပြည့် ရှိသူ    ဖြစ်တဲ့အတွက်  ဝိညာဉ်ဆွေးမြည့် သတ္တုတွင်းဟောင်းထဲကို ဝင်သွားကာ ကောင်းကင်ဘုံ ကျောက်တုံး တစ်တုံးတစ်လေများ ရမလားဆိုပြီး ကံစမ်းမိခဲ့ပါတယ်။

သက်တံနီဘုရင် အမြဲ သုံးလေ့သုံးထရှိတဲ့ စကားတစ်ခွန်းကတော့ " ကြွယ်ဝချမ်းသာမှုကို အန္တရာယ်တွေကြားထဲမှာသာ ရှာဖွေတွေ့ရှိနိုင်တယ် " ဆိုတဲ့ စကားပါပဲ။

ဒါကြောင့်လည်း သူဟာ အကြောက်အလန့် မရှိဘဲ ဝိညာဉ်ဆွေးမြည့်  သတ္တုတွင်းထဲကို ဝင်သွားခဲ့တာ ဖြစ်ပါတယ်။

သူ့အနေနဲ့  ဝိညာဉ်ဆွေးမြည့် သတ္တုတွင်းထဲကို အဲသည်လို အကြောက်အလန့် မရှိဘဲ ဝင်သွားရဲရတဲ့ အကြောင်းအရင်း နောက်တစ်ချက်ကတော့  သက်တံကောင်းကင်ဓားကြောင့်ပါပဲ ။ သက်တံကောင်းကင်ဓားက သူ့ကို အကြို-ဧကရာဇ်တစ်ပါးရဲ့ အစွမ်းမျိုး ရအောင် ထောက်ပံ့ပေးနိုင်စွမ်း ရှိတာ မဟုတ်ပါလား။

သူဟာ ဝိညာဉ်ဆွေးမြည့် သတ္တုတွင်း အထဲကို အရောက်မှာတော့ ကြယ်ခုနစ်လုံး အဖွဲ့ဝင်တွေထဲက အကြို-ဧကရာဇ် အနည်းငယ်နဲ့ တွေ့ဆုံမိခဲ့တဲ့အတွက် အဖွဲ့ဖွဲ့မိလိုက်ပါတယ်။

သက်တံနီဘုရင်အနေနဲ့ ကံဆိုးတာလား၊ ကံကောင်းတာလားတော့ မသိပါဘူး။

ဝိညာဉ်ဆွေးမြေ့ သတ္တုတွင်းထဲကို ရောက်ပြီး တစ်ပတ် အကြာမှာတော့ သူဟာ လူဦးခေါင်းခွံ တစ်ခုစာလောက် ရှိတဲ့ အဆင့်မြင့် ကောင်းကင်ဘုံ ကျောက်တုံး တစ်တုံးကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

အခု သက်တံနီဂိုဏ်း ကြုံတွေ့နေရတဲ့ ပြသနာဟာ အဲသည်ကနေ အစပြုခဲ့တာပါပဲ။

နဂိုမူလတုန်းကတော့ သူတို့တွေဟာ ဝိညာဉ်ဆွေးမြည့် သတ္တုတွင်းထဲမှာ တွေ့သမျှ ကောင်းကင်ဘုံ ကျောက်တုံး မှန်သမျှကို "သူရသယူ၊ ကိုယ်ရကိုယ်ယူ " စည်းမျဉ်းနဲ့  သိပ်ဆည်းခွင့်ရဖို့ သဘောတူခဲ့ကြတာပါ။

ဒါပေမဲ့လည်း သက်တံနီဘုရင် ရှာဖွေတွေ့ရှိခဲ့တဲ့ ကောင်းကင်ဘုံ ကျောက်တုံးကို မြင်တွေ့အပြီးမှာတော့ အကြို-ဧကရာဇ်တွေဟာ သူတို့သဘောတူညီခဲ့ကြတဲ့ စည်းမျဉ်းကို သူတို့ကိုယ်တိုင်ပဲ ဖောက်ဖျက်ဖို့ ကြိုးစားလာခဲ့ကြပါတယ်။ သူတို့က သက်တံနီ ဘုရင် ရှာဖွေတွေ့ရှိခဲ့တဲ့ ကောင်းကင်ဘုံ ကျောက်တုံးကို သူတစ်ယောက်တည်း သိမ်းဆည်းခွင့် မပေးချင်ကြတော့ပါဘူး။

အဲသည်အတွက်ကြောင့်ပဲ အခြေအနေ မဟန်မှန်းသိတဲ့ သက်တံနီဘုရင်ဟာ သူတို့ရဲ့ အလစ်မှာ ခရမ်းရောင်မြူနှင်းတောင်ကို ထွက်ပြေးလာခဲ့တာ ဖြစ်ပါတယ်။

သက်တံနီဘုရင်တစ်ယောက် ထွက်ပြေးသွားတာကို အကြို-ဧကရာဇ်တွေ  သိလိုက်တဲ့ အချိန်မှာတော့ အတော်လေး နောက်ကျသွားခဲ့ပါပြီ။

အဲသည်အတွက်ကြောင့်ပဲ သူတို့တွေဟာ သူတို့ရဲ့ သက်ဆိုင်ရာ ဂိုဏ်းအသီးသီးက အစွမ်းထက် ဂိုဏ်းဝင်တွေကို စုစည်းပြီး ခရမ်းရောင် မြူနှင်းတောင်ကို လာရောက်ဝိုင်းဝန်း တိုက်ခိုက်နေကြတာ ဖြစ်ပါတယ်။

" ကြယ်ခုနစ်လုံး အဖွဲ့အစည်းရဲ့ သိက္ခာကို ကျအောင် သွားပုပ်လေလွင့် ပြောတဲ့သူတိုင်းရဲ့ အပြစ်ဒဏ်က သေဒဏ်ပဲ "

" အားလုံး တိုက်ကြ "

သက်တံနီ ဘုရင်ရဲ့ စကားအဆုံးမှာတော့ အကြို-ဧကရာဇ်တွေဟာ ခရမ်းရောင် မြူနှင်းတောင်ကို အမှုန့်ချေဖို့ ဆုံးဖြတ်လိုက်ကြပါပြီ။

သူတို့ဟာ သက်တံနီဂိုဏ်းကို ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်ကြီးမှာ ဆက်လက်တည်ရှိခွင့် မပေးနိုင်တော့ပါဘူး။

" ဂိုဏ်းချုပ် …… အကာအကွယ် ဝင်္ကပါက ဆက်ပြီး တောင့်ခံနိုင်တော့မှာ မဟုတ်ဘူး။ ကျုပ်တို့ သည်နေရာက အမြန်ဆုတ်ခွာမှ ရတော့မယ် "

မျက်လုံးသုံးလုံး ဓားမော့ဘုရင်က သက်တံနီ ဘုရင်ကို ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်ကြီးကနေ ဆုတ်ခွာဖို့ အကြံပေးလာခဲ့ပြီ။

" အင်း "

သက်တံနီ ဘုရင်ကတော့ ဝေခွဲမရတဲ့ အမူအယာနဲ့ ရှိနေဆဲပါပဲ။ တကယ်လို့သာ သူတို့အနေနဲ့ အခုအချိန်မှာ ဆုတ်ခွာသွားမယ် ဆိုရင် နောက်ဘယ်တော့မှ သည်ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်ကြီးပေါ်မှာ ခြေချနိုင်မယ် မသိပါဘူး။

ပြီးတော့ သက်တံနီဂိုဏ်းရဲ့ ဘုရင် တော်တော်များများ  နဲ့ ပါရမီရှင် တပည့် တော်တော်များများဟာ ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်ကြီးအနှံ့ လေ့လာစူးစမ်းရေး ခရီးတွေ ထွက်နေကြပါသေးတယ်။ တကယ်လို့သာ သူတို့အနေနဲ့ သည်ကုန်းမြေတိုက်ကြီးကနေ ထွက်ခွာသွားခဲ့မယ် ဆိုရင် အဲသည်သူတွေဟာ အမြစ်ကနေ ခုတ်လှဲခံလိုက်ရတဲ့ အပင်တွေလို ဖြစ်သွားတော့မှာပါ။

မျက်လုံးသုံးလုံး ဘုရင်ကလည်း သက်တံနီဘုရင် ဘာစဉ်းစားနေတယ် ဆိုတာကို မသိဘဲ မနေပါဘူး။ သူနဲ့ သက်တံနီ ဘုရင်က သိကျွမ်းလာခဲ့တာ နှစ်ပေါင်းဆယ်နဲ့ ချီခဲ့ပြီ မဟုတ်ပါလား။

" ဂိုဏ်းချုပ် …… သည်အဆင့်မြင့် ကောင်းကင်ဘုံ ကျောက်တုံးနဲ့ဆိုရင် ဂိုဏ်းချုပ်အနေနဲ့ ကောင်းကင်ဘုံ အဆင့် ချီအတွင်းအား ကျင့်စဉ်ကို သေချာပေါက် တီထွင်ဖန်တီး နိုင်မှာပဲ။ အဲသည်အခါကျရင် ဂိုဏ်းချုပ်က ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ်ကိုလည်း တက်လှမ်းနိုင်လိမ့်မယ်။ အပြင်ဘက်မှာ ရောက်နေတဲ့ သူတွေကလည်း တုံးအတဲ့သူတွေ မဟုတ်ဘူးလေ။ သူတို့က သူတို့ရဲ့ ဇစ်မြစ်ကို ဖုံးကွယ်ပြီး သက်တံနီဂိုဏ်း ပြန်လာတာကို စောင့်နေကြမှာပဲ "

" လာပါ ……ဂိုဏ်းချုပ်။ ကျုပ်တို့ သည်နေရာကနေ ဆုတ်ခွာကြရအောင်။ ယောကျာ်းကောင်းတို့ ကလဲ့စား ချေတာက ဆယ်နှစ်နေလည်း နောက်မကျပါဘူး "

မျက်လုံးသုံးလုံး ဓားမော့ဘုရင်က  လက်ရှိ အခြေအနေကို ကောင်းကောင်းကြီး သုံးသပ်နိုင်သူလို့ ဆိုရပါမယ်။ တကယ်လို့သာ သူတို့အနေနဲ့ အခုအချိန်မှာ နောက်မဆုတ်ဘူး ဆိုရင်တော့ ဂိုဏ်းလုံးကျွတ် သတ်ခံရရုံကလွဲပြီး ဘာမှ ထူးမှာ မဟုတ်ပါဘူူး။ ဒါပေမဲ့ သူတို့အနေနဲ့ အခုအချိန်မှာ ဆုတ်ခွာလိုက်မယ် ဆိုရင်တော့ နောင်တစ်ချိန် ပြန်ပြီး ကလဲ့စားချေဖို့ အခွင့်အရေး ရှိပါသေးတယ်။

" ကောင်းပြီလေ။ ဒါဆိုလည်း ဆုတ်ခွာကြတာပေါ့ "

နောက်ဆုံးမှာတော့ သက်တံနီ ဘုရင်ဟာ ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်ကြီးကနေ ဆုတ်ခွာဖို့ကို သဘောတူလိုက်ပါပြီ။ သူက ဂိုဏ်းချုပ်တစ်ဦး ဖြစ်တဲ့အတွက်  မျက်စိစုံမှိတ်ပြီး ဇွတ်ခေါင်းမာနေလို့ မရပါဘူး။ သူ့အနေနဲ့ ဂိုဏ်းရဲ့ နောင်ရေးကိုလည်း ထည့်တွက်ရပါဦးမယ်။

" ဆုတ်ခွာကြမယ်ဟေ့ "

သက်တံနီ ဘုရင်ရဲ့ သဘောတူညီမှုကို ရပြီးတဲ့ နောက်မှာတော့ မျက်လုံးသုံးလုံး ဓားမော့ဘုရင်ဟာ သက်တံနီ ဂိုဏ်းသားတွေကို လှမ်းအော်ပြီး အမိန့်ပေးလိုက်ပါတယ်။

" မြန်မြန်လုပ်ကြ …… သည်ကောင်တွေ ထွက်ပြေးကြတော့မယ်။ အားစိုက်ကြဟေ့ "

သက်တံနီဂိုဏ်းက ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်ကြီးကနေ ဆုတ်ခွာတော့မယ် ဆိုတာကို ရိပ်မိလိုက်တဲ့ နောက်မှာတော့ ကြယ်ခုနစ်လုံး အဖွဲ့အစည်းကို ဦးဆောင်လာကြတဲ့ အကြို-ဧကရာဇ် သုံးပါးဟာ စိတ်လောလာခဲ့ကြပါပြီ။

သူတို့က သက်တံနီ ဘုရင်ဟာ ဧကရာဇ် ကုန်းမြေတိုက်ကြီးကိုပါ စွန့်ခွာထွက်ပြေးလိမ့်မယ်လို့ လုံးဝ မထင်ခဲ့ကြပါဘူး။

သည်လို ဖြစ်မယ်မှန်းသာ ကြိုသိခဲ့ရင်တော့ သူတို့ဟာ ခရမ်းရောင် မြူနှင်းတောင်ကို မတိုက်ခင်သေးဘဲ  ကြယ်ခုနစ်လုံး အဖွဲ့အစည်းရဲ့ ခေါင်းဆောင်ကြီး လာတာကို စောင့်နေခဲ့ကြမှာပါ။

ပြီးတော့ သူတို့ဟာ သက်တံနီဂိုဏ်းရဲ့ အကာအကွယ် ဝင်္ကပါပေါ်မှာလည်း မှားယွင်းပြီး တွက်ချက်မိခဲ့ကြပါသေးတယ်။ သည်ဝင်္ကပါက လုံးဝ သာမန် အဆင့်၇ အဆင့်မြင့် ဝင်္ကပါ မဟုတ်ပါဘူး။ သည်ဝင်္ကပါက မူလပင်လယ်နယ်ပယ် ဘုရင် တစ်ထောင်နီးပါးရဲ့ တိုက်ခိုက်မှုကို ခံနေရတာတောင်မှ အခုအချိန်ထိ တောင့်ခံထားနေနိုင်ဆဲပါပဲ။

ချွမ်……

အလင်းတန်းကြီး တစ်ခု ဖြစ်ပေါ်လာအပြီးမှာတော့ ခရမ်းမြူနှင်းတောင်ပေါ်မှာ ရှိနေတဲ့ လူတိုင်းဟာ ပျောက်ကွယ်သွားခဲ့ပါပြီ။ အဲသည်သူတွေထဲမှာတော့ သက်တံနီ ဘုရင်လည်း အပါအဝင်ပါပဲ။

ဝုန်း……

တစ်ချိန်တည်းမှာပဲ ဝင်္ကပါ အစီအရင်က ပြိုပျက်သွားခဲ့ပြီး  အကြို- ဧကရာဇ် သုံးပါးဟာ တည်နေရာရွှေ့ပြောင်း စင်မြင့်ဆီကို ရှေ့ဆုံးကနေ အပြေး ပျံသန်း ဝင်ရောက်လာခဲ့ကြပါတယ်။

အဲသည်တည်နေရာရွှေ့ပြောင်း စင်မြင့်က အလုပ် လုပ်နေဆဲ ဖြစ်ပြီး သူတို့သုံးယောက်ကို အလင်းတန်းတွေနဲ့ လွှမ်းခြုံသွားခဲ့ပါတယ်။

ဒါပေမဲ့လည်း ခေတ္တအကြာမှာတော့ တည်နေရာရွှေ့ပြောင်း စင်မြင့်ဟာ ရပ်တန့်သွားခဲ့ပြီး အလင်းရောင်တွေကလည်း မှေးမှိန် ပျောက်ကွယ်သွားခဲ့ပါပြီ။

အဲဒါကတော့ တစ်ဖက်က သူတို့ဘက်မှာ ရှိနေတဲ့ တည်နေရာ ရွှေ့ပြောင်း စင်မြင့်ကို ဖျက်ဆီး ပစ်လိုက်ပြီ ဆိုတဲ့ အဓိပါ္ပယ်ပါပဲ။

" သေစမ်း။ အဲသည် ခွေးမသားတွေက သူတို့ဘက်ခြမ်းက တည်နေရာရွှေ့ပြောင်း စင်မြင့်ကိုပါ ဖျက်ဆီး ပစ်လိုက်ပြီ "

ခရမ်းရောင် ဆံပင်ပိုင်ရှင် လူကြီးက မကျေမချမ်းနဲ့ ရေရွတ်လိုက်ပါတယ်။

" ငကြောက်တွေ "

ရွှမ်း……

ဘုန်း……ဘုန်း……ဘုန်း………

ဓားမကြီးကို ကိုင်ဆောင်ထားတဲ့ လူထွားကြီးကတော့ ဒေါသတကြီးနဲ့ ခရမ်းရောင် မြူနှင်းတောင်ကို နှစ်ခြမ်း ခွဲပစ်လိုက်ပါတယ်။

မိုင်ပေါင်းထောင်ချီ အကွာအဝေးမှာ ရှိနေတဲ့ လီဖူချန်းကလည်း သူ့ရဲ့ လိပ်ပြာ အသိစိတ်အာရုံကို ပြန်လည် သိမ်းဆည်းလိုက်ပါပြီ။ ပြီးမှ သူက ဝမ်းနည်းနေတဲ့ လေသံနဲ့ သူမြင်တွေ့ခဲ့သမျှ အဖြစ်အပျက် မှန်သမျှကို အားလုံးသိအောင် ပြောပြလိုက်ပါတယ်။

" အခုချိန်ကစပြီး  ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်ကြီးမှာ သက်တံနီဂိုဏ်းဆိုတာ မရှိတော့ဘူး။ ကျွန်တော်တို့အားလုံး ဇာတ်မြုပ်ပြီး နေထိုင်မှ ရတော့မယ်။ ပြီးတော့ ကျွန်တော်တို့ဟာ သက်တံနီ ဂိုဏ်းသားတွေ ဖြစ်တယ်ဆိုတာကို ဘယ်သူမှ မသိစေနဲ့ "

လေ့တုံဟိုင်တို့ သုံးယောက်ကတော့ အတန်ကြာတဲ့အထိ စကား မပြောနိုင်ကြတော့ပါဘူး။ ပြီးမှ လေ့တုံးဟိုင်က

" သည်လိုဆိုရင် ငါတို့ ဘာဆက်လုပ်ကြမလဲ။ သည်စီရင်စုထဲမှာတော့ ငါတို့အတွက် အခြေအနေ ဟန်မှာ မဟုတ်ဘူး။ ငါတို့အနေနဲ့ တခြားစီရင်စုတွေဘက်ကို ထွက်ပြေး ပုန်းရှောင်ရမယ် ထင်တယ်။ ပြီးတော့ ငါတို့အနေနဲ့ ပုန်းရှောင်ရင်း ကျင့်ကြံလို့လည်း ရနေတာပဲ မဟုတ်လား။ ငါတို့ဆီမှာက အဆင့်မြင့် ဝိညာဉ်ကျောက်တုံးတွေ ရှိနေတဲ့အတွက် ကျင့်ကြံဖို့ကို ဘာမှ ပူနေစရာ မလိုဘူးလေ "

" အင်း…… အခုအချိန်မှာတော့ အဲဒါက အကောင်းဆုံးပဲဗျ။ ကျန်တာကိုတော့ နောက်ပိုင်းမှ စဉ်းစားကြတာပေါ့ "

လီဖူချန်းက လေ့တုံးဟိုင် ပြောတာကို သဘောတူလိုက်ပါတယ်။ လီဖူချန်းက သဘောတူနေမှတော့ ယွန်လုံ နဲ့ ကုချူးယီတို့ကလည်း ဘာမှ ငြင်းနေစရာ အကြောင်း မရှိပါဘူး။

သူတို့လေးယောက်စလုံးက ပါးနပ်သူတွေ ဖြစ်တဲ့အတွက် နန်အန်း စီရင်စုထဲမှာ နေတာက သူတို့အတွက် အန္တရာယ် များစေတယ် ဆိုတာကို ကောင်းကောင်းကြီး သိကြပါတယ်။ သူတို့ကိုယ်သူတို့ မကာကွယ်နိုင်တဲ့ နောက်မှာတော့ သည်စီရင်စုထဲကနေ အမြန်ဆုံး ထွက်ခွာတာက အကောင်းဆုံး နည်းလမ်းပါပဲ။

***

All Chapters