ဖမ်းဝရမ်း ထုတ်ခံရခြင်း
Vol. 43 Ch. 583
နန်အန်းစီရင်စု နယ်စားအိမ်တော် အခန်းတွင်း တစ်နေရာ……
" အခုချိန်အထိ ရှုအာတစ်ယောက် ပြန်မလာသေးဘူးလား "
နန်အန်းနယ်စားဖြစ်သူ လင်းထိုက်ယန် တစ်ယောက်ကတော့ အကြီးအကျယ် ဒေါသထွက်နေတဲ့ ပုံပါပဲ။
သူ့ရဲ့ ရှေ့မှာတော့ မူလပင်လယ်နယ်ပယ် ဘုရင်တစ်ပါးဟာ ကျုံ့ကျုံ့လေး ဒူးတုပ်ပြီး ထိုင်နေပါတယ်။
" နယ်စားမင်း ခင်ဗျား…… နယ်စားငယ်ဟာ အရိပ် အသူရာချောက်ကို ဝင်သွားပြီးကတည်းက ပြန်မထွက်လာသေးပါဘူး "
အဲသည်လူက မူလပင်လယ်နယ်ပယ် အဆင့်၈မှာ ရောက်နေပြီ ဆိုပေမယ့်လည်း နန်အန်းနယ်စား လင်းထိုက်ယန်ရဲ့ ရှေ့မှာတော့ ကျားရှေ့ မှောက်လျက်လဲတဲ့ ယုန်သူငယ်လေး တစ်ကောင်လိုပါပဲ ။ သူက ခေါင်းကို မော်ကြည့်ဖို့တောင် မဝံ့ပါဘူး။
" တောက် …… ငါ့သား တစ်ခုခု ဖြစ်လို့ကတော့ကွာ "
ဝုန်း…
လင်းထိုက်ယန်ဟာ ပြောနေရင်းနဲ့ ဒေါသ ထိန်းနိုင်ပုံ မရတော့ဘဲ သူ့အရှေ့မှာ ရှိနေတဲ့ အဆင့်၈ မူလပင်လယ်နယ်ပယ် ဘုရင်ကို ဆောင့်ကန်ပစ်လိုက်ပါတယ်။
" နယ်စားမင်း ကျေးဇူးပြုပြီး စိတ်လျော့ပါဦး "
လင်းထိုက်ယန်ရဲ့ ဆောင့်ကန်မှုကို ခံလိုက်ရတဲ့ အဆင့်၈ မူလပင်လယ်နယ်ပယ် ဘုရင်ဟာ လွင့်ထွက်သွားပေမယ့်လည်း လုံးဝ စောဒက မတက်ဘဲ လဲကျနေရာကနေ သူ့ရဲ့ နေရာကို တွားတွားပြီး ပြန်ရောက်လာခဲ့ပါတယ်။
သူ့ရဲ့ ပုံစံက လင်းထိုက်ယန်ရဲ့ အိမ်မွေးခွေး တစ်ကောင်နဲ့တောင် မခြားနားလှပါဘူး။
လင်းထိုင်ယန်က သက်ပြင်းတစ်ချက် ချလိုက်ပြီး အတန်ကြာမှ
" သွား…… အခုချက်ချင်း စောင့်ကြည့်လေ့လာရေး သလင်းကျောက်ကို သွားယူလာခဲ့။ ငါ့သား ဘယ်သူတွေနဲ့ အရိပ် အသူရာချောက်ထဲ ဝင်သွားသလဲ ဆိုတာကို ငါသိချင်တယ် "
" ဟုတ်ကဲ့ပါ ……နယ်စားမင်း "
စကားအဆုံးမှာတော့ အဆင့်၈ မူလပင်လယ်နယ်ပယ် ဘုရင်ဟာအခန်းထဲကနေပြီး ပျောက်ကွယ်သွားခဲ့ပါပြီ။
ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်ကြီးမှာတော့ မြို့ကြီးတိုင်းမှာ စောင့်ကြည့်လေ့လာရေး ဝင်္ကပါ အစီအရင်တွေကို ခင်းကျင်းထားလေ့ ရှိပါတယ်။ အဲသည် ဝင်္ကပါတွေရဲ့ အဓိက သော့ချက်ကတော့ စောင့်ကြည့်လေ့လာရေး သလင်းကျောက်တွေပါပဲ။
စောင့်ကြည့်လေ့လာရေး သလင်းကျောက်……
သည်သလင်းကျောက်တွေက နှစ်တစ်နှစ် အတွင်းမှာ ဖြစ်ပွားသွားတဲ့ အဖြစ်အပျက် မှန်သမျှကို ပုံရိပ်အဖြစ် မှတ်တမ်း တင်ထားနိုင်တဲ့ အရာတွေပါ။ သလင်းကျောက်ဟာ အတွင်းမှာ သတ်မှတ်ထားတဲ့ ကန့်သတ်ချက် ပမာဏ တစ်ခုကို ရောက်သွားရင်တော့ မူလက မှတ်တမ်းတင်ထားတဲ့ ပုံရိပ်တွေ အကုန်လုံးကို ဖျက်ပစ်လိုက်ပြီး အစကနေ တဖန် ပြန်လည် မှတ်တမ်း ရယူမှာ ဖြစ်ပါတယ်။
အဲသည်အတွက် စောင့်ကြည့်လေ့လာရေး သလင်းကျောက်တွေရဲ့ မှတ်တမ်းကို သိမ်းဆည်းထားနိုင်တဲ့ အချိန်ဟာ တစ်နှစ်လို့ အကြမ်းဖျင်း သတ်မှတ်ရမှာပါပဲ။
" နယ်စားမင်း ခင်ဗျား…… ကျွန်တော်မျိုး စောင့်ကြည့်လေ့လာရေး သလင်းကျောက်ကို ယူလာခဲ့ပါပြီ "
သိပ်မကြာခင်မှာပဲ မူလပင်လယ်နယ်ပယ် အဆင့်၈ ဘုရင်ဟာ အခန်းတွင်းကို ပြန်လည် ရောက်ရှိလာခဲ့ပါပြီ။
သူ့ရဲ့ လက်ထဲမှာတော့ လက်မောင်းတစ်လုံးစာလောက် အထူရှိတဲ့ ရောင်စုံ သလင်းကျောက် တစ်တုံး ပါရှိလာခဲ့ပါတယ်။
" ပေး……ငါ့ကို မြန်မြန်ပေးခဲ့ "
လင်းထိုင်ယန်က စောင့်နေရတာကို အတော်လေး စိတ်မရှည်တော့ပါဘူး။ သူက စောင့်ကြည့်လေ့လာရေး သလင်းကျောက်ကို အဆင့်၈ မူလပင်လယ်နယ်ပယ် ဘုရင်ဆီကနေ တောင်းယူလိုက်ပြီး အဲသည်ထဲကို သူ့ရဲ့ ချီစွမ်းအင်တွေ သွတ်သွင်းလိုက်ပါတယ်။
ချွင်……ချွင်….
ရောင်စုံအလင်းတန်းတွေ ဖြာထွက်လာပြီး နောက်မှာတော့ ပုံရိပ်တွေဟာ လေထုထဲမှာ ဖြည်းညင်းစွာ ပေါ်လာခဲ့ပါပြီ။
အဲသည် ပုံရိပ်တွေကတော့ နန်အန်းမြို့ကြီး နဲ့ နန်အန်းမြို့ကြီးထဲမှာ သွားလာလှုပ်ရှား ခဲ့ကြတဲ့ သူတွေရဲ့ ပုံရိပ်တွေပါပဲ။ ပြီးတော့ အဲသည်ပုံရိပ်တွေဟာ အပြင်မှာ မျက်စိနဲ့ ကိုယ်တိုင် မြင်နေရသလား ထင်ရလောက်အောင် ကြည်လင်ပြတ်သား နေပါတယ်။
ပုံရိပ်တွေဟာ မြင်ကွင်း တစ်ခုပြီးတစ်ခု လျင်မြန်စွာ ပြောင်းသွားပြီး နောက်ဆုံးမှာတော့ ရပ်တန့်သွားခဲ့ပါပြီ။ အဲသည်မြင်ကွင်းကတော့ လင်းရှုတစ်ယောက် နန်အန်းမြို့ထဲကနေ မထွက်ခွာမီ အချိန်က မြင်ကွင်းပါပဲ။
" သည်ထဲမှာပါတဲ့ လူအားလုံးကို ဧကရာဇ် အမိန့်အရ အလိုရှိကြောင်း ဖမ်းဝရမ်း ထုတ်လိုက်။ သူတို့နဲ့ ပက်သက်ပြီး သတင်းပေးနိုင်တဲ့ ဘယ်သူ့ကိုမဆို ဆုကြေးအဖြစ် အလယ်အလတ် အဆင့် ဝိညာဉ်ကျောက်တုံး တစ်သန်း ပေးမယ်လို့ပါ ကြေညာလိုက်။ နေဦး……နေဦး။ သည်ထဲမှာ ပါနေတဲ့ လူတွေ အကုန်လုံးကို ဖမ်းနိုင်ရင် ဆုကြေးအဖြစ် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး သန်းနှစ်ဆယ် ပေးမယ်လို့ပါ ကြေညာလိုက်ကွာ "
လင်းထိုင်ယန်က ရှည်ရှည်ဝေးဝေး စဉ်းစား မနေပါဘူး။ သူက သူ့သားဖြစ်သူ လင်းရှုနဲ့အတူ ပါသွားတဲ့ လူငယ်မှန်သမျှကို ဖမ်းဝရမ်းထုတ်ဖို့ အမိန့်ပေးလိုက်ပါတယ်။
" ဟုတ်ကဲ့ပါ…… နယ်စားမင်း "
အမိန့်ကို ကြားပြီးတဲ့ နောက်မှာတော့ အဆင့်၈ မူလပင်လယ် နယ်ပယ် ဘုရင်ဟာ အတော်လေး အံ့အားသင့်သွားမိတယ်လို့ ဆိုရပါမယ်။
သတင်းပေးရုံနဲ့တင် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး တစ်သန်း ရမယ် ……ဟုတ်လား။ ဒါက လုံးဝ မယုံနိုင်စရာကောင်းတဲ့ ပမာဏပါပဲ။
သာမန် အဆင့်နိမ့် မူလပင်လယ်နယ်ပယ် ဘုရင်တစ်ပါးရဲ့ ချမ်းသာကြွယ်ဝမှုကတောင်မှ အလယ်အလတ် အဆင့် ဝိညာဉ်ကျောက်တုံး တစ်သိန်း မရှိတဲ့ အချိန်မှာ နန်အန်း နယ်စားမင်း လင်းထိုက်ယန်က သူ့သားဖြစ်သူနဲ့ အတူပါသွားတဲ့ လူတွေအကြောင်း သတင်ပေးရုံနဲ့ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး တစ်သန်း ဆုချမယ်လို့ ကြေညာချက် ထုတ်ခိုင်းနေပါတယ်။
သည်ကိစ္စကြီးက နန်အန်းစီရင်စု တစ်ခုလုံးကို အုတ်အော်သောင်းတင်း ဖြစ်သွားစေမယ် ဆိုတာကို ဘယ်လိုမှ သံသယ ဝင်နေစရာ မလိုပါဘူး။
***
နန်အန်းစီရင်စု နယ်စားမင်း လင်းထိုက်ယန် ထုတ်လိုက်တဲ့ အလိုရှိကြောင်း ဖမ်းဝရမ်းဟာ တကယ်လည်း နန်အန်းစီရင်စု တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားစေခဲ့ပါတယ်။ အဲသည် ဖမ်းဝရမ်းအကြောင်း ဖတ်မိလိုက်တဲ့ မူလပင်လယ်နယ်ပယ် အဆင့်နိမ့်ပိုင်းက သာမန် ဘုရင်တွေဟာဆိုရင် အသက်ရှုတာကိုတောင် ခေတ္တခဏ ရပ်တန့်သွားတဲ့အထိပါပဲ။
အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး တစ်သန်း……
အဲသည် ပမာဏက သူတို့ဘဝ တစ်လျှောက်လုံး ကြိုးကြိုးစားစား ရှာဖွေရင်တောင်မှ ရနိုင်လောက်တဲ့ ပမာဏ မဟုတ်ပါဘူး။
အဲသည်ထက် ပိုကောင်းတဲ့ အခွင့်အရေးကတော့ တကယ်လို့သာ သူတို့အနေနဲ့ သည်ဖမ်းဝရမ်း ထုတ်ထားတဲ့ လူငယ်ငါးယောက်ထဲက တစ်ယောက်ကို ဖမ်းမိလိုက်ရင် သူတို့ရမယ့် ဆုကြေးပမာဏဟာ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ငါးသန်းအထိ ဖြစ်သွားနိုင်တာပါပဲ။
သည်လောက်များပြားတဲ့ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ပမာဏနဲ့ ဆိုရင်တော့ သူတို့ရဲ့ သိုင်းတာအို ခရီးလမ်းဟာ သေချာပေါက် အရင်ကထက် ပိုပြီး လွယ်ကူချောမွေ့ သွားတော့မှာ ဖြစ်ပါတယ်။
( Note - သတင်းပေးခ + ဖမ်းဆီးပေးခ = အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ငါးသန်း )
***
နန်ရှန်းမြို့။ တုကူးကလန် ပင်မခန်းဆောင်……
" အဖေ …… ကျွန်တော် သည်လူကို ကောင်းကောင်းကြီး သိတယ်။ သူက လီဖူချန်းပဲ။ ပြီးတော့ သူက ချီကလန်က ချီကျွင်းကျွင်းနဲ့လာ်း အတော်လေး ခင်ခင်မင်မင် ရှိတယ် "
ပင်မခန်းဆောင် အတွင်းမှာတော့ တုကူးကျန်းရန် နဲ့ တူကူးရှောင်နန်တို့ ရှိနေပါတယ်။ ပြီးတော့ တုကူးကလန်ရဲ့ မူလပင်လယ် နယ်ပယ် ဘုရင် အများစုဟာလည်း သည်နေရာမှာပါပဲ။
" ဒါဆိုရင် သူအခု ဘယ်မှာလဲ ဆိုတာကို မင်းသိလား "
ပင်မခန်းဆောင်ရဲ့ အိမ်ရှင်နေရာမှာ ထိုင်နေတဲ့ တုကူးကလန် ခေါင်ဆောင် တုကူးကျန်းက တုကူးကျန်းရန်ကို လှမ်းမေးလိုက်ပါတယ်။ သူ့ရဲ့ မျက်လုံးတွေကတော့ လောဘကြောင့် အရောင်တဖိတ်ဖိတ် တောက်လာခဲ့ပါပြီ။
သည်နေရာမှာ တစ်ခု သိထားရမှာကတော့ တုကူးကလန် တစ်ခုလုံးရဲ့ ကြွယ်ဝချမ်းသာမှုကို ပေါင်းလိုက်တာတောင်မှ အလယ်အလတ် အဆင့် ဝိညာဉ်ကျောက်တုံး သန်းအနည်းငယ်သာ ရှိတယ် ဆိုတာပါပဲ။အဲသည်အတွက် သူ့ရဲ့ လောဘအတွက်ကိုတော့ ဘယ်သူကမှ အပြစ်တင်နေမှာ မဟုတ်ပါဘူး။
တကယ်လို့သာ သူတို့အနေနဲ့ လီဖူချန်းကို ဖမ်းမိလိုက်မယ်ဆိုရင် သူတို့ရဲ့ ကြွယ်ဝချမ်းသာမှုဟာ နှစ်ဆတောင် တက်သွားနိုင်တာ မဟုတ်ပါလား။ ပြီးတော့ သူတို့ တုကုူးကလန် အနေနဲ့ နန်အန်း နယ်စားမင်းရဲ့ အသိအမှတ် ပြုမှုကိုလည်း ရသွားနိုင်ပါသေးတယ်။ အဲသည်အတွက် လီဖူချန်းကို ဖမ်းတာက သူတို့ကို ဘယ်နေရာမှာမှ အကျိုး မယုတ်စေပါဘူး။ ဒါက ဘယ်ဘက်ကနေပဲ ကြည့်ကြည့် လုံးဝ အမြတ်ပါပဲ။
တုကူးကျန်းရန်က ခေါင်းခါလိုက်ပြီး
" နယ်စားငယ် ကျင်းပတဲ့ လူငယ်သူရဲကောင်း တွေ့ဆုံပွဲကနေ ပြန်လာပြီး နောက်ပိုင်း ကျွန်တော် သူ့ကို လုံးဝ ထပ်မတွေ့တော့ဘူး "
" သြော် ……ဟုတ်လား "
တုကူးကျန်းက အတော်လေး စိတ်ပျက်သွားပုံ ရပါတယ်။ သူက ခေတ္တခဏ စဉ်းစားခန်း ဝင်လိုက်ပြီး အတန်ကြာမှ
" အခုချိန်ကစပြီး နန်အန်းစီရင်စုထဲမှာ ရှိသမျှ မြို့ကြီး တစ်ခုစီတိုင်းကို ကလန်ရဲ့ မူလပင်လယ်နယ်ပယ် ဘုရင် နှစ်ပါးစီ စောင့်ကြပ်ကြ။ မြို့ငယ်လေးတွေကိုတော့ တစ်မြို့မှာ မူလပင်လယ် နယ်ပယ် ဘုရင် တစ်ပါးစီ စောင့်ကြပ်ကြ "
ဘယ်လိုပဲဖြစ်ဖြစ်ပါလေ။ တုကုကျန်း အနေနဲ့ကတော့ ကံစမ်းသင့်ရင် စမ်းရမှာပါပဲ။ တကယ်လို့များ ကံလေး အနည်းငယ် ကောင်းခဲ့မယ်ဆိုရင် လီဖူချန်းက သူတို့ စောင့်ကြပ်နေတဲ့ မြို့တွေထဲက တစ်ခုကို ဝင်လာကောင်း ဝင်လာနိုင်ပါတယ်။
အမိန့်ပေးပြီးတဲ့ နောက်မှာတော့ တုကုကျန်းဟာ မတ်တပ် ထရပ်ပြီး ပင်မခန်းဆောင် ထဲကနေ ထွက်ခွာသွားခဲ့ပါပြီ။
" ငါကတော့ နန်အန်းမြို့တော်မှာရှိတဲ့ နန်အန်းနယ်စား စံအိမ်ကို ခဏ သွားလိုက်ဦးမယ် "
ချီကလန်က ချီကျွင်းကျွင်းဟာ လီဖူချန်းနဲ့ အတော်လေး ရင်းနှီးခင်မင်တယ် ဆိုတဲ့ သတင်းကလည်း အရေးပါတဲ့ သတင်းတစ်ခုပင် မဟုတ်ပါလား။
***
ချီကလန်ရဲ့ ပင်မခန်းဆောင်တွင်း တစ်နေရာ ………
" ကျွင်းကျွင်း…… တကယ်လို့ နောက်ပိုင်းမှာ တစ်စုံတစ်ယောက်က သမီး နဲ့ လီဖူချန်း သိသလားလို့ မေးလာရင် သည်အတိုင်း မေးထူးခေါ်ပြော အနေနဲ့ပဲ သိတယ်လို့ ဖြေရမယ်။ ကြားလား "
" ပြီးတော့ တကယ်လို့ သမီးအနေနဲ့ အခွင့်အရေး ရခဲ့ရင် အဲသည်သူငယ်နဲ့ ဆက်သွယ်ထား "
ချီကလန် ခေါင်းဆောင် ချီလင်းဖန်က ချီကျွင်းကျွင်းကို အရေးတကြီး မှာကြားနေပါတယ်။
" ဟုတ်ကဲ့ "
ချီကျွင်းကျွင်း အနေနဲ့ကတော့ ကလန်ခေါင်းဆောင်ရဲ့ မှာကြားမှုကို ဘယ်လိုမှ လွန်ဆန်ဝံ့စရာ မရှိပါဘူး။ သူမက သူမရဲ့ နှုတ်ခမ်းကို ကိုက်နေရုံသာ တတ်နိုင်ပါတယ်။
လီဖူချန်းနဲ့ ပက်သက်ပြီး ချီကလန်ရဲ့ သဘောထားကတော့ အသိသာကြီးပါပဲ။ သူတု့ိက လီဖူချန်းရဲ့ အရိပ်ကို မြင်လိုက်တာနဲ့ တန်းပြီး ဖမ်းကြမှာ ဖြစ်ပါတယ်။
အလယ်အလတ် အဆင့် ဝိညာဉ်ကျောက်တုံး ငါးသန်းဆိုတဲ့ ပမာဏက ချီကလန်လို ဒုတိယတန်းစား ဘုရင်အဆင့် ကလန်တစ်ခုကို ကောင်းကောင်းကြီး သွေးဆောင်ဖျားယောင်း နိုင်တဲ့ ပမာဏပင် မဟုတ်ပါလား။
' လီဖူချန်း…… ကျေးဇူးပြုပြီး နင်ပြေးနိုင်သလောက် ပြေးပေးပါ '
ချီကျွင်းကျွင်းက လီဖူချန်းဟာ နန်အန်း နယ်စားစံအိမ်အပေါ်မှာ ဘာအပြစ် ကျူးလွန်မိခဲ့သလဲ ဆိုတာကိုတော့ မသိပါဘူး။ဒါပေမဲ့လည်း အဲသည်ကိစ္စဟာ နယ်စားငယ် လင်းရှုနဲ့ ပက်သက်နေလိမ့်မယ် ဆိုတာကိုတော့ သူမ ကောင်းကောင်းကြီး ရိပ်စားမိပါတယ်။
ဒါကြောင့်ပဲ သူမက လီဖူချန်းရဲ့ အခုကိစ္စနဲ့ ပက်သက်ပြီး အပြစ် မကင်းသလို ခံစားမိနေခဲ့တာပါ။ သေသေချာချာ စဉ်းစားကြည့်မယ် ဆိုရင်တော့ လီဖူချန်းကို လူငယ်သူရဲကောင်း တွေ့ဆုံပွဲဆီ ခေါ်သွားတာက သူမပင် မဟုတ်ပါလား။
***
ထင်းရှူးပြာ မြို့ကြီး……
မြို့ရဲ့ အရှေ့ဘက်ခြမ်းမှာရှိတဲ့ မြို့အဝင်လမ်းကနေပြီး လီဖူချန်းတို့ အုပ်စုဟာ မြို့အရှေ့ဘက် မုဂ်တံခါးဆီ ဦးတည် သွားနေကြပါတယ်။
" ထင်းရှုးပြာမြို့က အရှေ့မြစ်ဖျား စီရင်စုနဲ့ အတော်လေး နီးကပ်နေတဲ့ မြို့ပဲ။ သည်မြို့က ခရမ်းရောင် မြူနှင်းတောင်နဲ့ဆို အဝေးကြီး ဝေးနေခဲ့ပြီ။ ကျွန်တော်တို့ သည်မြို့ထဲမှာပဲ အခြေချပြီး ဇာတ်မြုပ်ကြရင် ကောင်းမယ်နဲ့ တူတယ် "
လီဖူချန်းက လမ်းမရဲ့ ဘေးဘယ်ညာ တစ်ဖက်၊ တစ်ချက်မှာ ရှိတဲ့ အပြာရောင် ထင်းရှူးပင်တွေကို ကြည့်ပြီး အကြံ ပြုလိုက်ပါတယ်။
လေ့တုံးဟိုင်က လီဖူချန်းရဲ့ အကြံပြုချက်ကို မငြင်းပါဘူး။
" အင်း…… သည်နေရာမှ အခြေချတာက အတော်လေး အဆင်ပြေလိမ့်မယ်။ သည်မှာက ဈေးဆိုင်တွေ တော်တော်များများလည်း ရှိတော့ အင်မတန် ရှားပါးတဲ့ ရင်းမြစ်ပစ္စည်းတွေကလွဲပြီး ကျန်တာကို ပူစရာ လိုမှာ မဟုတ်ဘူး "
သည်လိုနဲ့ပဲ သူတို့လေးယောက်ဟာ ထင်းရှုးပြာ မြို့ကြီးရဲ့ အရှေ့ဘက်မြို့ရိုး တံခါးဆီ ရောက်လာခဲ့ကြပါပြီ။
" ဆရာ…… ဟိုလူက နန်အန်းနယ်စား ဖမ်းဝရမ်း ထုတ်ထားတဲ့ထဲက တစ်ယောက်နဲ့ မတူဘူးလား "
လီဖူချန်းတို့လေးယောက် မြို့ထဲ ဝင်မယ့် အချိန်မှာတော့ မြို့တံခါးကို စောင့်ကြပ်တဲ့ တပ်သား တစ်ယောက်က လီဖူချန်းကို မှတ်မိသွားပြီး သူ့အထက် အရာရှိဆီ လှမ်းသတင်း ပို့လိုက်ပါတယ်။
" အေး…… တူတော့ အတော် တူတာပဲ။ အသာနေ။ ဟန်မပျက်စေနဲ့။ သူမြို့ထဲ ဝင်သွားပြီးမှ ငါတို့က ဝင်္ကပါကို အသက်သွင်းပြီး သူ့ကို ပိတ်ဖမ်းမယ် "
မြို့စောင့်တပ်မှုးက လီဖူချန်းကို ကြည့်ပြီး စိတ်လှုပ်ရှားလွန်းလို့ အာခေါင်တောင်မှ ခြောက်လာခဲ့ပါပြီ။ ဒါက သူ့အတွက် အလယ်အလတ် အဆင့် ဝိညာဉ်ကျောက်တုံး ငါးသန်းကို ရရှိနိုင်မယ့် အခွင့်အရေးပါပဲ။
' ဟင်…… သည်မြို့စောင့်တပ်သားတွေက ဘာဖြစ်လို့ ငါ့ကို ခိုးပြီး ကြည့်နေကြတာလဲ '
ဘာရယ်ကြောင့်မှန်းတော့ မသိပါဘူး။ လီဖူချန်းက မြို့စောင့်တပ်သားတွေဟာ တော်တော်လေး ထူးဆန်းနေတာကို သတိပြုမိလိုက်ပါတယ်။
သည်မြို့စောင့်တပ်သားတွေဟာ တစ်ချိန်လုံး သူ့ကို ခိုးကြည့်နေပေမယ့် သူပြန်ပြီး ကြည့်လိုက်ရင်တော့ မျက်လွှာချပြီး တခြားဘက်ကို လှည်သွားကြပါတယ်။
' မဟုတ်သေးဘူး။ ငါ့ရဲ့ လိပ်ပြာ အသိစိတ် အာရုံကို လွှတ်ပြီး မြို့ထဲမှာ ဘာဖြစ်နေသလဲ ဆိုတာကို စုံစမ်း ကြည့်ရမယ် '
အတွေးအဆုံးမှာတော့ လီဖူချန်းဟာ သူ့ရဲ့ လိပ်ပြာ အသိစိတ် အာရုံကို ဖြန့်ကြက်လိုက်ပါပြီ။
ထင်းရှူးပြာ မြို့မှာက အမျိုးမျိုး၊အထွေထွေသော ဝင်္ကပါ အစီအရင်တွေကို ခင်းကျင်းထားတဲ့အတွက် လီဖူချန်းရဲ့ လိပ်ပြာ အသိစိတ် အာရုံဟာ မြို့အပြင်ဘက်ကနေပြီး အထဲကို လှမ်းမကြည့်နိုင်ပါဘူး။
ဒါပေမဲ့လည်း မြို့ထဲမှာ ဆိုရင်တော့ သူဟာ သူ့ရဲ့ လိပ်ပြာ အသိစိတ် အာရုံဟာ ထိုက်သင့်သလောက် ဖြန့်ကြက်နိုင်ပါသေးတယ်။
သိပ်မကြာခင်မှာပဲ လီဖူချန်းဟာ မြို့တံခါးနဲ့ သိပ်မဝေးလှတဲ့ နံရံတစ်ခုပေါ်မှာ ကပ်ထားတဲ့ ဖမ်းဝရမ်း တစ်ခုကို သတိပြုမိ သွားခဲ့ပါပြီ။
ဖမ်းဝရမ်းပေါ်မှာတော့ လူငါးယောက်ရဲ့ ပန်းချီ ရုပ်ပုံလွှာ ရှိနေပြီး အဲသည် ပန်းချီရုပ်ပုံလွှာတွေထဲက တစ်ခုကတော့ သူ့ရဲ့ ရုပ်ပုံလွှာပါပဲ။
သူ့ရဲ့ ရုပ်ပုံလွှာဟာ အပြင်နဲ့ တသွေမတိမ်း တူညီနေရုံမက ထွက်ပေါ်နေတဲ့ ချီအရှိန်အဝါတွေတောင်မှပဲ သူ့ရဲ့ ချီအရှိန်အဝါတွေနဲ့ တစ်ထပ်တည်း တူညီနေပါသေးတယ်။
နောက်ဆုံးမှာတော့ လီဖူချန်းဟာ မြို့စောင့်တပ်သားတွေ ဘာဖြစ်လို့ သူ့ကို ခိုးခိုးပြီး ကြည့်နေသလဲ ဆိုတာကို သိသွားခဲ့ပါပြီ။
" ပြေး……ပြေးကြ။ မြို့ထဲကနေ အမြန် ပြေးကြတော့ "
လီဖူချန်းဟာ လေ့တုံးဟိုင်တို့ သုံးယောက်ကို လိပ်ပြာ အသိစိတ် အာရုံနဲ့ ဆက်သွယ်ပြီး ထွက်ပြေးဖို့ ပြောလိုက်ပါတယ်။
သူကိုယ်တိုင်ကလည်း ပြောပြီးတာနဲ့ တစ်ပြိုင်နက် မြို့တံခါးဆီကို တစ်ဟုန်ထိုး ပြေးပါတော့တယ်။
ဘန်း……
ဒါပေမဲ့လည်း သူဟာ မြို့အပြင်ကို ထွက်ပြေးလို့ မရခဲ့ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဘယ်အချိန်ကနေ ဘယ်လို အသက်သွင်းထားမှန်း မသိတဲ့ ဝင်္ကပါ အစီအရင် တစ်ခုဟာ ထွက်ပေါက်ကို ပိတ်ထားလို့ပါပဲ။
" လီဖူချန်း…… မင်းက နန်အန်း နယ်စားမင်း အလိုရှိနေတဲ့ သူတွေထဲက တစ်ယောက်ပဲ။ အဲသည်တော့ ငါတို့ကို ခုခံမနေဘဲ မြန်မြန် အညံ့ခံစမ်း "
မြို့စောင့်တပ်မှုးက မြို့တံခါးကို ပိတ်ချနေရင်းနဲ့ လီဖူချန်းကို အညံ့ခံဖို့ အော်ပြောလိုက်ပါတယ်။ သူ့ရဲ့ မျက်နှာပေါ်မှာ ထင်ဟပ်နေတဲ့ အပျော်တွေ၊အပြုံးတွေကတော့ လုံးဝ ဖုံးမရတော့ပါဘူး။
" သေစမ်း။ မြို့တံခါး ပိတ်သွားရင် ငါတို့တော့ ပြေးလို့ ရတော့မှာ မ ုတ်ဘူး "
လီဖူချန်းက အတော်လေး မျက်နှာ ပျက်နေခဲ့ပါပြီ။ သူ့အနေနဲ့ သည်မြို့တံခါးကို ဘယ်လိုမှ ပိတ်ခွင့်ပြုလို့ မရပါဘူူး။
သည်ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်ကြီးမှာက မြို့တိုင်းရဲ့ မြို့တံခါးတွေ နဲ့ မြို့ရိုးနံရံတွေဟာ အခိုင်ခံ့ဆုံးပါပဲ။ သူတို့က အဲသည်အရာတွေပေါ်မှာ များပြားလှတဲ့ တန်ပြန် ဝင်္ကပါ အစီအရင်တွေကို ခင်းကျင်းထားပါသေးတယ်။ အဲသည်အတွက် သာမန် ဥပဒေသ ပြောင်းလဲခြင်းနယ်ပယ် ဘုရင်တွေတောင်မှ မြို့တံခါးတွေကို တစ်ချက်တည်းနဲ့ ရိုက်ဖွင့်နိုင်မှာ မဟုတ်ပါဘူး။
တကယ့် အရေးကြီးတဲ့ အခိုက်အတန့်ကို ရောက်လာတဲ့ အခါမှာတော့ လီဖူချန်းဟာ သူ့ရဲ့ လိပ်ပြာ အသိစိတ်အာရုံကို အသုံးပြုနေတာ ရပ်တန့်လိုက်ပါပြီ။ သူ့ရဲ့ လိပ်ပြာ အသိစိတ် အာရုံက ဝင်္ကပါ အစီအရင်တွေရဲ့ အားနည်းချက်တွေကို ရှာဖွေတွေ့ရှိနိုင်တာ မှန်ပေမယ့် သူ့ရဲ့ စိတ်ဝိညာဉ်အားလောက်တော့ မြန်မှာ မဟုတ်ပါဘူး။
စိတ်ဝိညာဉ်အားကို ထုတ်လွှတ်ပြီးတဲ့ နောက်မှာတော့ လီဖူချန်းဟာ များပြားလှတဲ့ အနီရောင် အစက်အပြောက်လေးတွေကို မြင်လာခဲ့ပါတယ်။ အဲသည် အနီရောင် အစက်အပြောက်တွေကတော့ ဝင်္ကပါရဲ့ အားနည်းချက် နေရာတွေပါပဲ။
ဟုတ်ပါတယ်။ တကယ်လို့သာ သည်ဝင်္ကပါက အလွန်အမင်း အဆင့်မြင့်နေရင်တော့ လီဖူချန်းဟာ ဝင်္ကပါရဲ့ အားနည်းချက် နေရာတွေကို သိနေရင်တောင်မှ ဝင်္ကပါကို ဖျက်ဆီးဖို့အတွက် ဘာမှ တတ်နိုင်မှာ မဟုတ်ပါဘူး။
ဒါပေမဲ့ ကံကောင်းတာ တစ်ခုကတော့ အခု သူတို့ကို ပိတ်ပင်တားဆီးထားတဲ့ ဝင်္ကပါဟာ အဆင့်၇ အနိမ့်စား ဝင်္ကပါ တစ်ခု ဖြစ်နေခဲ့တာပါပဲ။ ဒါကလည်း ဖြစ်သင့်ဖြစ်ထိုက်တဲ့ အရာ တစ်ခုလို့ပဲ ဆိုရပါမယ်။သာမန် မြို့စောင့် တပ်မှုး တစ်ယောက်ကတော့ အဆင့်မြင့်တဲ့ ဝင်္ကပါ တစ်ခုကို ဘယ်လိုမှ ထိန်းချုပ်နိုင်စရာ အကြောင်း မရှိပါဘူး။
" ဟမ့် …… သည်လို ဝင်္ကပါလောက်နဲ့ ငါ့ကို တားချင်တာလား"
လီဖူချန်းက မဲ့ပြုံးတစ်ချက် ပြုံးလိုက်ပြီး သူ့ရဲ့ ကြာပန်းနီဓားကို ဆွဲထုတ်ကာ အနီရောင် အစက်အပြောက်တွေထဲက တစ်ခုကို ထိုးစိုက်ပြီး ဆွဲချလိုက်ပါတယ်။
ရွှပ်……
လူတစ်ရပ်နီးပါး မြင့်တဲ့ အပေါက်တစ်ခုဟာ ဝင်္ကပါပေါ်မှာ ဖြစ်တည်လာခဲ့ပါပြီ။
ဟူး……ဟူး……ဟူး……ဟူး………
အဲသည်နောက်မှာတော့ လီဖူချန်းတို့ လေးယောက်ဟာ ဝင်္ကပါထဲကနေ တိုးထွက်ပြီး မြို့တံခါးဆီကို ပြေးကြပါတော့တယ်။
" မြန်မြန်ပိတ်…… မြို့တံခါးကို မြန်မြန်ပိတ်ကြ "
မြို့စောင့်တပ်မှုးကတော့ သူတို့ဆီကို ပြေးလာနေတဲ့ လီဖူချန်းတို့ လေးယောက်ကို ကြည့်ရင်းနဲ့ သွေးရူးသွေးတန်း အော်ဟစ်နေဆဲပါပဲ။
" သွားစမ်း "
လေ့တုံးဟိုင်က လက်ဝါးရိုက်ချက် တစ်ချက် ထုတ်လိုက်ပြီး မြို့တံခါးပိတ်ဖို့ ကြိုးစားနေတဲ့ မြို့စောင့်တပ်သားတွေကို တိုက်ခိုက်လိုက်ပါတယ်။
ဘုန်း……ဘုန်း……ဘုန်း………ဘုန်း………
လေ့တုံးဟိုင်ရဲ့ လက်ဝါးရိုက်ချက် မိသွားတဲ့ မြို့စောင့်တပ်သားတွေ အကုန်လုံးကတော့ လေထဲကို မြှောက်တက်ကုန်ပြီး သွေးအလူးလူး ဖြစ်ကုန်ကြပါတယ်။ သူတို့ရဲ့ နံရိုးတွေဟာ မကျိုးဘူး ဆိုရင်တောင်မှ အနည်းဆုံး သုံးချောင်းပါပဲ။
အဲသည်နောက်မှာတော့ လီဖူချန်းတို့ လေးယောက်ဟာ မြို့တံခါးကို ဖြတ်ကာ မြို့ပြင်ကို ထွက်သွားခဲ့ကြပါပြီ။
***
ထင်းရှုးပြာ မြို့ပြင် တစ်နေရာ……
" ညီလေးလီ …… ဘာတွေ ဖြစ်နေတာလဲ "
လေ့တုံးဟိုင်က ဝေခွဲမရတဲ့ပုံနဲ့ လီဖူချန်းကို မေးနေပါတယ်။
လီဖူချန်းက ချောင်းတစ်ချက် ဟန့်လိုက်ပြီး
" အရိပ်အသူရာ ချောက်ထဲကို ကျွန်တော်ဝင်လာတုန်းက နန်အန်းနယ်စားသားတော်နဲ့ အဖွဲ့ဖွဲ့ပြီး ဝင်လာခဲ့တာဗျ။သူတို့နဲ့ လမ်းကွဲပြီးနောက်မှ အစ်ကိုတို့နဲ့ တွေ့တာပဲ။ ကြည့်ရတာ နန်အန်းနယ်စား သားတော်က အရိပ်အသူရာ ချောက်ထဲမှာ ပိတ်မိနေတုန်းပဲ ထင်တယ်။အဲသည်အတွက်ကြောင့် နန်အန်းနယ်စားကို ကျွန်တော့်ကို ဖမ်းဝရမ်း ထုတ်လိုက်တာ ဖြစ်မယ် "
လေ့တုံးဟိုင်က နားမလည်တဲ့ပုံနဲ့ ထပ်ပြောလာခဲ့ပါတယ်။
" ညီလေးလီ ……ဒါက ထွက်ပြေးနေလို့ ပြီးသွားမယ့် ကိစ္စမျိုး မဟုတ်ဘူးနော်။ ညီလေးက သူ့ကို သတ်ခဲ့တာမှ မဟုတ်တာ။ညီလေး အနေနဲ့ နန်အန်းနယ်စားကို သွားပြီး ရှင်းပြသင့်တယ် မထင်ဘူးလား "
နယ်စားတစ်ပါးရဲ့ ဖမ်းဝရမ်း ထုတ်ခံရတယ် ဆိုတာက လုံးဝ နောက်စရာ မဟုတ်ပါဘူး။အဲဒါက တကယ့် ပြသနာကြီး တစ်ရပ်ပါပဲ။
သည်ကိစ္စကြောင့် လီဖူချန်းဟာ နောက်ပိုင်းမှာ ဘယ်မြို့ထဲကိုမှ ဝင်နိုင်မှာ မဟုတ်တဲ့အပြင် နောက်ကနေ လိုက်လံဖမ်းဆီးသူတွေကလည်း မီးခိုးကြွက်လျှောက် ရှိနေမှာ ဖြစ်ပါတယ်။
" ညီလေးလီက ဘယ်လိုလုပ်ပြီး သွားရှင်းပြလို့ ဖြစ်မှာလဲ။ နယ်စားသားတော် ပြန်မလာသေးသရွေ့ကတော့ သူက သံသယရှိတဲ့ တရားခံ ဖြစ်နေဦးမှာပဲ။ ပြီးတော့ သူတို့က ညီလေးလီကို ဖမ်းဆီးပြီး ထောင်သွင်း အကျဉ်းချရင် ချထားဦးမှာ။ အဲသည်လို ဆိုရင်တော့ ညီလေးလီရဲ့ ဘဝက အဆုံးသတ်ပြီ။ နန်အန်းနယ်စားကလည်း ဖြောင့်မတ်မှန်ကန်တဲ့ လူတစ်ယောက် မဟုတ်တာ အသိသာကြီးပဲ။ တကယ်လို့ သူသာ ဖြောင့်မတ်မှန်ကန်တယ် ဆိုရင် ညီလေးလီကိုတောင် ဖမ်းဝရမ်း ထုတ်နေမှာ မဟုတ်ဘူး "
ယွန်လုံကလည်း စကားဝိုင်းထဲကို ဒေါသတကြီးနဲ့ ဝင်ရောက်လာခဲ့ပါတယ်။
ယွန်လုံရဲ့ စကားကို ကြားအပြီးမှာတော့ အားလုံးဟာ တိတ်ဆိတ်ငြိမ်သက် သွားခဲ့ပါပြီ။
ယွန်လုံပြောတာက လုံးဝ မမှားပါဘူး။ နန်အန်းနယ်စားသားတော် အရိပ်အသူရာ ချောက်ထဲကနေ ပြန်မလာသေးသရွေ့ကတော့ လီဖူချန်းဟာ သံသယ တရားခံ ဖြစ်နေဦးမှာပါပဲ။ ပြီးတော့ လီဖူချန်းကို နန်အန်းနယ်စား စံအိမ်ဆီ သွားပြီး ရှင်းပြခိုင်းတာကလည်း ဘာမှ ထူးခြားသွားစေမှာ မဟုတ်ပါဘူး။ အဲဒါက သူ့ကို ဒုက္ခရောက်သွားစေတာပဲ အဖက် တင်ပါလိမ့်မယ်။
လီဖူချန်းက အားလုံးကို ဝေ့ကြည့်လိုက်ပြီး တောင်းပန်စကား ဆိုလိုက်ပါတယ်။
" တောင်းပန်ပါတယ်ဗျာ။ ကျွန်တော်က အားလုံးကို ပြသနာထဲ ဆွဲသွင်း မိခဲ့ပြီ "
သူက တောင်းပန်စကား ဆိုရုံကလွဲပြီး တခြားရွေးချယ်စရာ မရှိတော့ပါဘူး။ သူတို့လေးယောက် အတူတူ သွားလာတာကို လူတော်တော်များများက သိမြင်ပြီးသွား ခဲ့ပါပြီ ။ အဲသည်အတွက် လူတွေက လေ့တုံးဟိုင်တို့ သုံးယောက်ကိုလည်း သူ့ရဲ့ ကြံရာပါတွေအဖြစ် သတ်မှတ်ကြတော့မှာ အသေအချာပါပဲ။
ကုချူးယီက လက်ကာပြလိုက်ပါတယ်။
" ဘာမှ တောင်းပန်နေစရာ မလိုဘူး… မောင်လေး။ ငါတို့အားလုံးက မောင်လေးဆီက အကျိုးအမြတ်တွေကို ခံစားပြီးပြီ။ အဲသည်တော့ အဆိုးတွေကိုလည်း အတူတူ ရင်ဆိုင်သွားမယ်။ ငါတို့က အကျိုးအမြတ်တွေကိုပဲ လက်ခံပြီး အဆိုးတွေကို လက်မခံနိုင်ဘူးဆိုရင် ငါတို့ ကျင့်ကြံခဲ့တာတွေက ဘာအသုံးကျတော့မှာလဲ။အဲဒါဆိုရင် ငါတို့ရဲ့ သိုင်းတာအိုကလည်း တလွဲ သိုင်းတာအိုပဲ ဖြစ်လာလိမ့်မယ် "
လေ့တုံးဟိုင်ကလည်း ခေါင်းညိတ်လိုက်ပြီး ပြောလာခဲ့ပါတယ်။
" ညီမလေးကု ပြောတာ မှန်တယ်။ ညီလေးလီ …… ညီလေးအနေနဲ့ အစ်ကိုတို့ကို လေးစားသမှု ရှိတယ်ဆိုရင် နောက်သည်လို စကားမျိုး မပြောပါနဲ့ "
" ဟုတ်ကဲ့ပါ ……အစ်ကိုလေ့ "
လီဖူချန်းက မျက်နှာငယ်လေးနဲ့ ခေါင်းညိတ်ပြလိုက်ရပါတယ်။
" စကားပြောနေတာ ရပ်ကြတော့။ ငါတို့နောက်ကို လူတွေ လိုက်လာနေပြီ "
သတိပေးလိုက်သူကတော့ ယွန်လုံပါပဲ။ သူတို့သုံးယောက် ထင်းရှုးပြာ မြို့ဘက်ကို ကြည့်လိုက်မိတဲ့ အခါမှာတော့ မူလပင်လယ်နယ်ပယ် ဘုရင် အုပ်စုကြီး တစ်စုဟာ သူတို့ရှိရာဆီကို ဦးတည်ပြီး လာနေတာကို တွေ့လိုက်ရပါတယ်။
" ငါတို့တော့ နာပြီထင်တယ် "
သူတို့သုံးယောက်ရဲ့ မျက်နှာတွေဟာ အကြီးအကျယ် ပျက်သွားခဲ့ကြပါပြီ။
အခု သူတို့နောက်ကို လိုက်လာတဲ့ မူလပင်လယ်နယ်ပယ် ဘုရင်တွေရဲ့ ပျံသန်းမှုနှုန်းနဲ့ ဆိုရင်တော့ သူတို့ကို မီဖို့အတွက် အချိန်ဘယ်လောက်မှ ယူရမှာ မဟုတ်ပါဘူး။
" မျက်လုံးတစ်ထောင် အတွေးစိတ်ကူး။ စိတ်ကူးလိပ်ပြာ "
လီဖူချန်းက တုံ့ဆိုင်းမနေဘဲ သူ့ရဲ့ ပုံရိပ်ယောင် လှည့်စားမှု အတတ်ပညာကို အလျင်အမြန် ထုတ်သုံးလိုက်ပါတယ်။
ဖုန်း……ဖုန်း……ဖုန်း……ဖုန်း……
ဒါဇင်နဲ့ချီတဲ့ အဆင့်နိမ့် မူလပင်လယ်နယ်ပယ် ဘုရင်တွေဟာ ကောင်းကင်ပေါ်ကနေ အရုပ်ကြိုးပြတ် ပြုတ်ကျကုန်ပါပြီ။သူတို့ရဲ့ပုံက ပျံနေရင်း တောင်ပံ အချိုးခံလိုက်ရတဲ့ ငှက်တွေလိုပါပဲ။
မူလပင်လယ် နယ်ပယ် အလယ်အလတ်ပိုင်းက ဘုရင်တွေကတော့ လီဖူချန်းရဲ့ ပုံရိပ်ယောင် လှည့်စားမှု အတတ်ပညာကို တောင့်ခံပြီး ကောင်းကင်ပေါ်မှာ ကျန်နေခဲ့ကြပါတယ်။
" တောက် "
လီဖူချန်းကတော့ သူ့ကိုယ်သူ သိပ်ပြီး အားရကျေနပ်ပုံ မရပါဘူး။သူက မျက်မှောင်ကြီး ကြုတ်ပြီး တောက်တခေါက်ခေါက်နဲ့ ကောင်းကင်ပေါ်မှာ ကျန်နေသေးတဲ့ လူတွေကို စိုက်ကြည့်နေဆဲပါပဲ။
ပံုံရိပ်ယောင် လှည့်စားမှု အတတ်ပညာနဲ့ လူအများကြီးကို ပစ်မှတ်ထား တိုက်ခိုက်ရတာက ပညာရပ်ရဲ့ သက်ရောက်မှုကို လျော့ကျသွားစေပါတယ်။တကယ်လို့သာ သူ့အနေနဲ့ တစ်ယောက်တည်းကိုပဲ ပစ်မှတ်ထားပြီး တိုက်ခိုက်ရမယ် ဆိုရင်တော့ သာမန် အလယ်အလတ်အဆင့် ဘုရင်တစ်ပါးကိုတောင်မှ ပုံရိပ်ယောင် ကမ္ဘာထဲမှာ အချိန်အနည်းငယ် ပိတ်ထားနိုင်မယ်ဆိုတာ လုံးဝ အသေအချာပါပဲ။
***