← Chapters

အကြွင်းမဲ့ ကောင်းကင်ဘုံ ဓားသိုင်း

Vol. 43 Ch. 585

အကြွင်းမဲ့ ကောင်းကင်ဘုံ ဓားသိုင်း

Vol. 43 Ch. 585

လီဖူချန်းရဲ့ ခန္ဓာကိုယ် အပြင်အား ကျင့်ကြံခြင်း အဆင့်က ပြီးပြည့်စုံခြင်း အဆင့်ကို ရောက်သွားတဲ့ နောက်မှာတော့ အဲဒါက သူ့ကို ခွန်အားအရာမှာ ပိုသန်မာလာစေသလို ခံနိုင်ရည် အပိုင်းမှာလည်း နှစ်ဆပိုပြီး ကောင်းမွန်လာစေပါတယ်။

တကယ်လို့သာ လီဖူချန်းက လေ့တုံးဟိုင်နဲ့ နောက်ထပ်တစ်ကြိမ် တိုက်ကြမယ် ဆိုရင် လေ့တုံးဟိုင်ဟာ သူ့ကို ဒဏ်ရာရအောင် ဘယ်လိုမှ လုပ်နိုင်တော့မှာ မဟုတ်ပါဘူး။ လေ့တုံးဟိုင်ကို အသာထားပါဦး။ မူလပင်လယ်နယ်ပယ် အလယ်အလတ်ပိုင်းက ဘုရင်တစ်ပါးတောင်မှပဲ လီဖူချန်းကို အချိန်အနည်းငယ် အတွင်းမှာ ဒဏ်ရာရအောင် လုပ်ဖို့အတွက် မနည်း ကြိုးစားရမှာ ဖြစ်ပါတယ်။

" ဟင်…… ညီလေးလီက လမ်းစဉ်နှစ်သွယ် ကျင့်ကြံခြင်းကို ဆက်လုပ်သွားဖို့ စဉ်းစားနေတာလား "

ခန္ဓာကိုယ် အပြင်အား ကျင့်ကြံခြင်းကို အားကြိုးမာန်တက် လေ့ကျင့်နေတဲ့ လီဖူချန်းကိုကြည့်ုပြီး  လေ့တုံးဟိုင်ဟာ အတော်လေး အံ့အားသင့်မိ နေခဲ့ပါပြီ။

ကျင့်ကြံသူ တစ်ယောက်အတွက်ဆိုရင် လမ်းစဉ်တစ်ခုတည်းကို လျှောက်လမ်းနေရတာကပဲ အတော်လေး ခက်ခဲလှပြီလို့ ဆိုရပါမယ်။ အဲသည်အတွက် ဘယ်သူကမှ တစ်ချိန်တည်းမှာ လမ်းစဉ်နှစ်ခုကို   လျှောက်လှမ်းဖို့ စဉ်းစားလေ့ မရှိကြပါဘူး။

ကျင့်ကြံခြင်း လမ်းစဉ် ဆိုတာက နောက်ပိုင်းရောက်လာလေလေ အဆင့်တက်ဖို့ ပိုမို ခက်ခဲလာလေလေ ဖြစ်တဲ့အတွက် ကျင့်ကြံသူ တစ်ယောက်ဟာ သေချာတဲ့ လမ်းစဉ် တစ်ခုကိုပဲ ရွေးချယ်ကြမှာ ဖြစ်ပါတယ်။

လေ့တုံးဟိုင်က လီဖူချန်းကို ကြည့်နေရင်းနဲ့ ခေါင်းခါမိလိုက်ပါတယ်။ သူက လီဖူချန်းကို သည်တစ်သက် ဘယ်လိုမှ မီနိုင်မှာ မဟုတ်သလို နားလည်နိုင်မှာလည်း မဟုတ်ပါဘူး။ လီဖူချန်းက သူနားလည်ထားတဲ့  ပါရမီရှင်ဆိုတဲ့ ဝေါဟာရ အနက် အဓိပါ္ပယ်ထက် ကျော်လွန်နေပါပြီ။ အဲသည်အတွက် သူ့ကို နတ်ဆိုးတစ်ကောင်လို့ပဲ သတ်မှတ်ရပါလိမ့်မယ်။

" အင်း…… နောက်ထပ် ဆယ်နှစ် ဒါမှမဟုတ် နှစ်တစ်ရာလောက် ကြာတဲ့အချိန်ကျရင် ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်ကြီးကို အုပ်စိုးမယ့်သူက ဘယ်သူဖြစ်နိုင်မလဲ ဆိုတာကို ငါအရမ်း သိချင်နေမိပြီ "

လေ့တုံးဟိုင်က ခပ်တိုးတိုး ရေရွတ်လိုက်မိပါတယ်။ သူက လီဖူချန်းတစ်ယောက် နောင်အနာဂတ်မှာ ဘယ်လောက်ဝေးဝေး အထိ သွားနိုင်မလဲ ဆိုတာကို တော်တော်လေး သိချင်နေမိပါပြီ။

***

၉၉.၅ ရာခိုင်နှုန်း

၉၉.၇ ရာခိုင်နှုန်း

၉၉.၉ ရာခိုင်နှုန်း

ဓားအင်းကွက် ဆိုတာကလည်း ဓားတာအို ဥပဒေသတွေကို သရုပ်သကန်ပြခြင်း တစ်မျိုးပါပဲ။ အဲသည်အတွက် ကောင်းကင်ဘုံ ကျောက်တုံးထဲမှာ ရှိတဲ့ ဓားတာအို ဥပဒေသတွေကို သုံးသပ်ဆင်ခြင်နေရင်းနဲ့ လီဖူချန်းဟာ ဘုံခုနစ်ဆင့် ကောင်းကင်ဓားပေါ်က အင်းကွက်တွေကို တဖြည်းဖြည်း နားလည်သဘောပေါက်လာခဲ့ပါတယ်။

၁၀၀ ရာခိုင်နှုန်း……

သည်လိုနဲ့ပဲ နောက်ဆုံးမှာတော့ လီဖူချန်းဟာ ဘုံခုနစ်ဆင့် ကောင်းကင်ဓားပေါ်က ဒုတိယ ချိပ်ပိတ်စည်းအလွှာရဲ့ ဓားအင်းကွက်တွေကို အပြည့်အဝ နားလည်သွားခဲ့ပါပြီ။ တစ်ချိန်တည်းမှာပဲ ဘုံခုနစ်ဆင့် ကောင်းကင်ဓားကို စောင့်ကြပ်နေတဲ့  ဓားဝိညာဉ်ကလည်း မှေးစက် အနားယူနေရာကနေ နိုးထလာခဲ့ပါတယ်။

" မင်းက ဓားရဲ့  ဒုတိယ ချိပ်ပိတ်စည်း အလွှာကို သည်လောက်မြန်မြန် နားလည်သဘောပေါက်သွားတာလား။ မဆိုးဘူး။ မင်းက သည်ဓားကို ကိုင်ဖို့အတွက် အဆင့်မီတယ် "

ဓားဝိညာဉ် အစောင့်အရှောက်ရဲ့ အသံက လီဖူချန်းရဲ့ စိတ်နယ်ပယ်ထဲကို တိုးဝင်လာခဲ့ပါပြီ။

" ဆရာကြီး ဓားဝိညာဉ် …… နောက်ဆုံးတော့ ခင်ဗျား နိုးလာပြီပေါ့ "

လီဖူချန်းက ပြုံးပြီး နှုတ်ဆက်လိုက်ပါတယ်။

ဓားဝိညာဉ် အစောင့်အရှောက်က ခေါင်းညိတ်လိုက်ပြီး

" မင်းက ဒုတိယ ချိပ်ပိတ်စည်း အလွှာပေါ်မှာရှိတဲ့ ဓားအင်းကွက်တွေကို နားလည်သဘောပေါက်သွားမှတော့ ငါကလည်း နိုးလာရတော့တာပေါ့။ ကဲ…… ငါမင်းကို ဒုတိယချိပ်ပိတ်စည်း အလွှာကို ဖယ်ရှားဖို့ အတွက် ကူညီပေးလိုက်မယ် "

ထောင်း……ထောင်း……ထောင်း……

ထန်……ထန်……

တစ်စုံတစ်ခုကို ချည်နှောင်ထားတဲ့ ကြိုးတွေ  ပြတ်ထွက်သွားတဲ့ အသံကို  ကြားလိုက်ရပြီးတဲ့ နောက်မှာတော့ ကြောက်စရာ ကောင်းလွန်းလှတဲ့ ဓားဆန္ဒ တစ်ခုဟာ ကောင်းကင်ပေါ်ကို တစ်ရှိန်ထိုး ထိုးတက်သွားခဲ့ပါပြီ။ မသိရင်တော့ အဲဒါက ကမ္ဘာကြီး တစ်ခုလုံးကိုတောင် ဖျက်ဆီးပစ်တော့မယ့် ပုံပါပဲ။

သည်ဓားဆန္ဒရဲ့ ရှေ့မှောက်မှာတော့ လီဖူချန်းက သူဟာ မှန်ကွဲစတွေလို အစိတ်စိတ် အမွှာမွှာ ကွဲအက်နေတဲ့ ကမ္ဘာကြီး တစ်ခုကို ရောက်သွားသလို ခံစားလိုက်ရပါတယ်။ အဲသည်ခံစားချက်က သည်ကမ္ဘာပေါ်က ဘယ်အရာကမှ ဘုံခုနစ်ဆင့် ကောင်းကင်ဓားရဲ့ တိုက်ခိုက်မှုကို တားဆီးနိုင်မယ့်ပုံ မပေါ်ဘူးလို့ ပြောနေသလိုပါပဲ။

" ဟင် …… ဘာတွေ ဖြစ်နေတာလဲ "

လေ့တုံးဟိုင်နဲ့ တခြားသူတွေကလည်း ကျင့်ကြံနေရာကနေ နိုးထလာခဲ့ကြပါပြီ။ ပြီးတော့ သူတို့က လီဖူချန်း ရှိနေတဲ့ ဘက်ခြမ်းကို လှမ်းကြည့်လိုက်ကြပါတယ်။

သူ့တို့ရဲ့ အသည်းနှလုံးတွေကို ဆုပ်ကိုင် ခါယမ်းပစ်သလို တုန်လှုပ်သွားစေတဲ့ ဓားဆန္ဒဟာ လီဖူချန်း ရှိနေရာဘက်ခြမ်း ဆီကနေ ထွက်ပေါ်လာတာ မဟုတ်ပါလား။

ဓားဆန္ဒကတော့ တောင်တွေကို ဖောက်ထွင်းပြီး တိမ်တွေရှိရာ အရပ်ဆီကို ရောက်နှင့်နေခဲ့ပါပြီ။  တစ်ချိန်တည်းမှာပဲ အက်ကွဲရာ တစ်ခုဟာ ကောင်းကင်ယံမှာ ပေါ်လာခဲ့ပါတယ်။ ကြည့်ရတာတော့ ကောင်းကင်ဟာ ဓားဆန္ဒကြောင့် ဒဏ်ရာ ရသွားတဲ့ ပုံပါပဲ။

လီဖူချန်းတို့ စတည်းချရာ နေရာနဲ့ အနီးအနား ပတ်ဝန်းကျင် တစ်ဝိုက်က တောင်တန်းတွေမှာတော့ ပျံသန်းသွားလာနေတဲ့ မူလပင်လယ်နယ်ပယ် ဘုရင်သုံးပါး ရှိနေပါတယ်။

" တောက်…… သည်သားရဲက အတော် ဉာဏ်များတာပဲ။ ပြီးတော့ သည်ကောင်က မြေအောက်ထဲမှာတောင် ဝင်ပုန်းနိုင်သေးတယ် "

ခေါင်းဆောင်ဖြစ်ဟန်တူတဲ့ အလယ်အလတ် အဆင့် မူလပင်လယ်နယ်ပယ် ဘုရင်က တောက်တစ်ချက် ခေါက်လိုက်ပြီး မကျေမနပ် ပြောလိုက်ပါတယ်။

သူတို့သုံးယောက်ဟာ ရှားပါးလှတဲ့ အဆင့်၇ မိစ္ဆာသားရဲ တစ်ကောင်ကို ဖမ်းဖို့ သည်တောင်တန်းထဲကို ဝင်လာခဲ့တာပါ။ ဒါပေမဲ့လည်း သူတို့ဟာ အခုထက်ထိ အဲသည်သားရဲကို မဖမ်းနိုင်သေးပါဘူး။

သည်သားရဲက သူတို့ထင်ထားတာထက်ကို ပါးနပ်ပြီး ဉာဏ်များလွန်းလှပါတယ်။ အဲသည်အတွက် သူတို့ဟာ အတော်လေး စိတ်ဓာတ် ကျနေခဲ့ပါပြီ။ သည်အတိုင်းဆိုရင်တော့ သူတို့ဟာ လက်ဗလာနဲ့ သည်တောင်တန်းကနေ ပြန်ထွက်ရတော့မှာ သေချာသလောက်ပါပဲ။

" အစ်ကိုကြီး…… ဟိုဘက်မှာ …… ဟိုဘက်ကို မြန်မြန်ကြည့်လိုက် "

သူတို့အားလုံး စိတ်ဓာတ် ကျနေစဉ်မှာပဲ ပုပုဝဝနဲ့ မူလပင်လယ်နယ်ပယ် အဆင့်နိမ့် ဘုရင်တစ်ပါးက ကောင်းကင်ကို ရုတ်တရက် လက်ညှိုးထိုးပြီး အော်လာခဲ့ပါတယ်။

" အေး …… ငါလည်း သတိထားမိတယ် "

အလယ်အလတ် အဆင့် မူလပင်လယ်နယ်ပယ် ဘုရင်ရဲ့ မျက်လုံးတွေကတော့ လောဘရမ္မက် မီးလျှံကြောင့် တဖိတ်ဖိတ် တောက်ပနေခဲ့ပါပြီ။

" အစ်ကိုကြီး …… အဲဒါက ရှေးဟောင်းရတနာ ပစ္စည်းတစ်ခု ပေါ်လာတာပဲ ဖြစ်ရမယ် "

ခေါင်းတုံးကို ပြောင်နေအောင် တုံးထားတဲ့ မူလ ပင်လယ်နယ်ပယ် ဘုရင်တစ်ပါးကလည်း စိတ်လှုပ်ရှားစွာနဲ့ ပြောလာခဲ့ပါတယ်။

သူတို့က ဓားဆန္ဒကနေပြီး ရှေးဟောင်းရတနာ ဓားတစ်လက်ရဲ့ အငွေ့အသက်ကို ခံစားနေမိတာ မဟုတ်ပါလား။

ဘုရင်တွေ၊ ဧကရာဇ်တွေ သေဆုံးသွားခဲ့တဲ့ အခါကျရင် သူတို့ရဲ့ ရတနာ ပစ္စည်းတွေဟာ အကြောင်းအမျိုးမျိုးကြောင့် ပိုင်ရှင်မဲ့ ရတနာပစ္စည်းတွေအဖြစ် ကမ္ဘာမြေပေါ်မှာ ကျန်ရစ်နေခဲ့လေ့ ရှိပါတယ်။ အဲသည်ရတနာ ပစ္စည်းတွေဟာ အသိဆန္ဒ ဖြစ်ပေါ်နေပြီ ဖြစ်တဲ့အတွက် ပိုင်ရှင်မရှိဘဲ အချိန်ကြာကြာ မနေနိုင်ကြပါဘူး။ သူတို့ဟာ အချိန်အတိုင်းအတာ တစ်ခုကို ရောက်သွားတဲ့ အခါကျရင် သူတို့ရဲ့ တည်ရှိမှုကို ထုတ်ပြပြီး နောက်ထပ် ပိုင်ရှင်အသစ်ကို ဆွဲဆောင်လေ့ ရှိကြပါတယ်။

ဧကရာဇ် ကောင်းကင် ကုန်းမြေတိုက်ကြီးမှာက နေရာတိုင်းမှာ ထိပ်သီးပုဂ္ဂိုလ်တွေ ရှိနေတဲ့အတွက်  ရတနာ ပစ္စည်းတွေကလည်း နေရာအနှံ့မှာ ပေါ်လာမှာပါပဲ။ ရှင်းရှင်းပြောရမယ် ဆိုရင် အခုလို အဖြစ်အပျက်မျိုးဟာ သူတို့အတွက် ဘာမှသိပ်ပြီး ထူးဆန်းလှတဲ့ အဖြစ်မျိုး မဟုတ်ပါဘူး။

" သွားကြည့်ကြမယ်ဟေ့ "

အဲသည်နောက်မှာတော့ မူလပင်လယ်နယ်ပယ် ဘုရင် သုံးပါးဟာ တွန့်ဆုတ်နေခြင်း မရှိဘဲ ဓားဆန္ဒ ထွက်ပေါ်နေရာ အရပ်ဆီကို ပျံသန်းသွားခဲ့ကြပါပြီ။

အဲသည်အချိန်မှာတော့ လီဖူချန်းဟာ ဘုံခုနစ်ဆင့် ကောင်းကင်ဓားကို ဆုပ်ကိုင်ထားရင်းနဲ့ ဓားကနေ စီးဆင်းနေတဲ့ သတင်းအချက်တွေကို လက်ခံ ရယူနေပါတယ်။

ဒါပေမဲ့လည်း အခုလောလောဆယ်မှာတော့ အဲသည် သတင်းအချက်အလက်တွေဟာ တောင်စဉ်ရေရာမရ ဖြစ်နေတဲ့အတွက် သူ့အနေနဲ့  ဘာအကြောင်းကို လက်ခံရယူလို့ ရယူနေမှန်း သေသေချာချာ  မသိသေးပါဘူး။

အတန်ကြာမှာတော့ အဲသည် သတင်းအချက်အလက်တွေဟာ အစီအစဉ်တကျ ဖြစ်သွားခဲ့ပြီး  သူ့ရဲ့ စိတ်နယ်ပယ်ထဲမှာ စာစုတစ်စု  ဖြစ်ပေါ်လာခဲ့ပါတယ်။

" အကြွင်းမဲ့ ကောင်းကင်ဘုံ ဓားသိုင်း။ ကောင်းကင်အဆင့်နိမ့် ဓာသိုင်းဖြစ်ပြီး လေ့ကျင့်အောင်မြင်သွားခဲ့ရင် ကောင်းကင်နဲ့ မြေကြီးကိုတောင် ဖျက်ဆီးနိုင်တဲ့ ဓားဆန္ဒကို ထုတ်သုံး အသုံးပြုနိုင်လိမ့်မယ်။ဓားချက်တစ်ချက်တည်းနဲ့ ဥပဒေသတွေကို ဖျက်ဆီးနိုင်ပြီး ဓားချက်တစ်ချက်ကပဲ အကန့်အသတ် မရှိတဲ့ ဓားတာအိုကို ဖြစ်တည်စေလိမ့်မယ် "

" ဟား……ဟား…… ငါခန့်မှန်းထားတဲ့အတိုင်းပဲကွ "

စာကို ဖတ်ပြီးတာနဲ့ တစ်ပြိုင်နက် လီဖူချန်းဟာ အပျော်ကြီး ပျော်သွားခဲ့ပါပြီ။

သူထင်ထားခဲ့သလိုပါပဲ။ ဘုံခုနစ်ဆင့် ကောင်းကင်ဓားရဲ့ ဒုတိယ ချိပ်ပိတ်စည်းကို ဖယ်ရှားပြီးတဲ့ နောက်မှာတော့ ဘုံခုနစ်ဆင့် ကောင်းကင်ဓားဟာ ကောင်းကင်အဆင့် ဓားတစ်လက် ဖြစ်သွားခဲ့သလို ကောင်းကင် အဆင့်နိမ့် ဓားသိုင်းတစ်ခုကိုလည်း ပေးအပ်ခဲ့ပါတယ်။

ပြီးတော့ သည်အကြွင်းမဲ့ ကောင်းကင်ဘုံ ဓားသိုင်းဟာ ကောင်းကင် အဆငိ့နိမ့် ဓားသိုင်းတွေထဲမှာ ကြောက်စရာ အကောင်းဆုံး ဓားသိုင်းတောင် ဖြစ်လောက်ပါသေးတယ်။

" ဟူး "

အတန်ကြာတဲ့ အခါမှာတော့ လီဖူချန်းဟာ သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်ပြီး မျက်လုံး ဖွင့်လာခဲ့ပါပြီ။ သူက လေ့တုံးဟိုင်တို့ကို ဖြစ်ကြောင်းကုန်စင် ရှင်းပြမလို့ ပြင်နေတုန်းမှာပဲ အန္တရာယ် အငွေ့အသက် တစ်ခုကို ရလိုက်တဲ့အတွက် ဓားချက်တစ်ချက် အလျင်အမြန် ထုတ်လိုက်ပါတယ်။

" ကောင်းကင်စက်ကွင်း ဓားအကာအကွယ် "

ဘုံခုနစ်ဆင့် ကောင်းကင်ဓားဟာ လေထုထဲကို မြှောက်တက်သွားပြီး သူတို့လေးယောက်လုံးကို ဓားဆန္ဒ တစ်ခုနဲ့ အကာအကွယ် ပေးလိုက်ပါတယ်။

ဝုန်း……ဝုန်း……ဝုန်း……

အဲသည်နောက်မှာတော့ သူတို့ကျင့်ကြံနေတဲ့ လိုဏ်ဂူ ဖြစ်တည်ရာ  တောင်ကြီးတစ်ခုလုံးဟာ ပြိုကျသွားခဲ့ပါပြီ။တစ်ချိန်တည်းမှာပဲ မူလပင်လယ်နယ်ပယ် ဘုရင်သုံးပါးဟာ သူတို့မြင်ကွင်းထဲမှာ ပေါ်လာခဲ့ပါတယ်။

သူတို့ကတော့ အဆင့်၂ မူလပင်လယ် နယ်ပယ်၊ အဆင့်၃ မူလပင်လယ် နယ်ပယ်နဲ့ အဆင့်၅ မူလပင်လယ် နယ်ပယ်က ဘုရင်တွေပါပဲ။

တကယ်လို့ အရင်တုန်းကသာ အခုလို မူလပင်လယ်နယ်ပယ် ဘုရင်သုံးပါးနဲ့ ကြုံတွေ့ရမယ်  ဆိုရင်တော့ လီဖူချန်းဟာ မချိပြုံး ပြုံးပြီး သူ့ရဲ့ ကံဆိုးမှုအပေါ် အပြစ်တင်ရုံကလွဲလို့ ဘာမှ တတ်နိုင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့လည်း အခုအချိန်မှာတော့ အရာအားလုံးဟာ ပြောင်းလဲသွားခဲ့ပါပြီ။

သူက သည်မူလပင်လယ်နယ်ပယ် ဘုရင်သုံးပါးကို လုံးဝ မကြောက်ရုံမက ထိပ်တိုက် ရင်ဆိုင်ဖို့ကိုတောင် တွေးနေမိပါသေးတယ်။

ဘုံခုနစ်ဆင့် ကောင်းကင်ဓားနဲ့ ဆိုရင်တော့ သူဟာ ဘာကိုမှ ကြောက်စရာ အကြောင်းကို မရှိပါဘူး။

" ကောင်လေး…… အဲသည် ဘုရင်သုံးပါးက ဘုံခုနစ်ဆင့် ကောင်းကင်ဓားကို ယူဖို့ ရောက်လာကြတာ "

ဓားဝိညာဉ် အစောင့်အရှောက် အိပ်ချင်မူးတူး အသံနဲ့ လီဖူချန်းကို သတိပေးလာခဲ့ပါတယ်။ကြည့်ရတာတော့ သူက အခုထက်ထိ အိပ်ရေး မဝသေးတဲ့ပုံပါပဲ။

" ဆရာကြီး ဓားဝိညာဉ် …… အေးဆေးသာ ကြည့်နေလိုက်စမ်းပါ။ ကျွန်တော် သူတို့ကို ကောင်းကောင်းကြီး ဆုံးမပေးလိုက်မယ် "

စကားဆုံးတာနဲ့ တစ်ပြိုင်နက် လီဖူချန်းဟာ ဘုရင်သုံးပါးကို ရင်ဆိုင်ဖို့အတွက် အရှေ့ကို လှမ်းထွက်သွားခဲ့ပါပြီ။ ပြီးတော့ သူက လေ့တုံးဟိုင်ကိုလည်း လိပ်ပြာ အသိစိတ်အာရုံနဲ့ ဆက်သွယ်ပြီး နောက်ဆုတ်ဖို့ ပြောလိုက်ပါသေးတယ်။

" အစ်ကိုလေ့ …… နောက်ဆုတ်လိုက်။ ကျွန်တော် သူတို့ကို တာဝန်ယူလိုက်မယ် "

" ဟုတ်ပြီလေ "

အစတုန်းကတော့ လေ့တုံးဟိုင်ဟာ အရှေ့ကို ထွက်မလို့ပါပဲ။ ဒါပေမဲ့ လီဖူချန်းရဲ့ စကားသံကို ကြားပြီးတဲ့ နောက်မှာတော့ သူက ရှေ့ထွက်မယ့် အစီအစဉ်ကို ဖျက်သိမ်းလိုက်ပါတယ်။

လီဖူချန်းက သူ့ကိုယ်သူ ယုံကြည်မှု မရှိဘဲနဲ့တော့ အခုလိုမျိုး နောက်ဆုတ်ဖို့ ပြောလာမှာ မဟုတ်ပါဘူး။

" အစ်ကိုကြီး …… အဲသည်ကောင်က နန်အန်းနယ်စား ဖမ်းဝရမ်း ထုတ်ထားတဲ့ အပြစ်သား မဟုတ်ဘူးလား "

ခေါင်းတုံးကို ပြောင်နေအောင် တုံးထားတဲ့ မူလပင်လယ် နယ်ပယ် ဘုရင်ကတော့ လီဖူချန်းကို မှတ်မိသွားခဲ့တဲ့ ပုံပါပဲ။

" အေး …ဟုတ်တယ်။ သူက အဲသည် အပြစ်သားပဲ "

အဆငိ့၅ မူလပင်လယ် နယ်ပယ်  ဘုရင်ကလည်း လီဖူချန်းကို မှတ်မိသွားခဲ့ပါပြီ။ တစ်ချိန်တည်းမှာပဲ သူ့ရဲ့ မျက်လုံးတွေဟာ ရတနာသိုက် တစ်ခုကို တွေ့လိုက်ရတဲ့အလား တောက်ပြောင် လာခဲ့ပါတယ်။

ရှေးဟောင်း ရတနာပစ္စည်း တစ်ခု နဲ့ အလယ်အလတ် အဆင့် ဝိညာဉ်ကျောက်တုံး ငါးသန်း ……

အဲဒါက  "အချိုပေါ် သကာဆင့် " ဆိုသလိုပါပဲ။ သည်နေ့ဟာ သူတို့ ညီအစ်ကိုတွေအတွက် ကံကောင်းတဲ့ နေ့တစ်နေ့ ဆိုတာကိုတော့ ဘယ်လိုမှ သံသယ ဝင်နေစရာ မလိုတော့ပါဘူး။ ဒါက သူတို့ရဲ့ ဘဝမှာ ကံအကောင်းဆုံး နေ့ရက်တစ်ရက်လို့တောင် ဆိုရပါဦးမယ်။

" ကောင်လေး…… မင်းလက်ထဲက ဓားကို လက်လွှတ်လိုက်စမ်း။ ပြီးတော့ မင်းကိုယ်မင်း အညံ့ခံလိုက်။ ငါတို့က မင်းကို မသတ်ချင်ဘူး "

အဆင့်၅ မူလပင်လယ် နယ်ပယ် ဘုရင်က ရေခဲတမျှ အေးစက်တဲ့ လေသံနဲ့  လီဖူချန်းကို အထက်စီးဆန်စွာ ပြောလာခဲ့ပါတယ်။

" ဓားက ကျုပ်ပိုင်တဲ့ဓား ။ လူကလည်း ကျုပ်ပိုင်တဲ့ ခန္ဓာကိုယ်။ နှစ်ခုစလုံးက သည်မှာ ရှိနေတယ်။ ခင်ဗျားကိုယ်ခင်ဗျား ယုံကြည်မှု ရှိရင် သည်ကိုလာပြီး ကိုယ်တိုင်လာယူ "

လီဖူချန်းရဲ့ လေသံကလည်း လုံးဝ မပျော့ပါဘူး။ မူလပင်လယ် နယ်ပယ် အဆင့်၅လောက်နဲ့ သူ့ကို လာစီးပိုးချင်ရင်တော့ အဲသည်လူဟာ နောင်တ အကြီးကြီး ရသွားပါလိမ့်မယ်။

" မင်းက ဇက်ကောင်းလို့ ဓားတောင်းနေတာပဲ "

မူလပင်လယ်နယ်ပယ် အဆင့်၃ကို ရောက်နေပြီဖြစ်တဲ့ ပုပုဝဝ လူက လီဖူချန်းကို သူ့ရဲ့ တိုက်ပွဲဝင် ဓားမော့နဲ့ ပိုင်းချလိုက်ပါတယ်။

" သွားစမ်း "

သည်လိုဓားချက်မျိုးကိုတော့ လီဖူချန်းက စာရင်းထဲမှာတောင် မထည့်ပါဘူး။ သူက ဓားမော့ကို လှလှပပ ရှောင်တိမ်းလိုက်ပြီး ဘုံခုနစ်ဆင့် ကောင်းကင်ဓားနဲ့ ပြန်ခုတ်ချလိုက်ပါတယ်။

ရွှမ်း……

ကြက်သွေးရောင် ပိုးကြိုးမျှင် တစ်ခုက လေဟာနယ် ဟင်းလင်းပြင်ကို ဖြတ်ကျော်သွားပြီး ပုပုဝဝ လူရဲ့ ခါးကို ပိုင်းဖြတ်သွားခဲ့ပါပြီ။

တစ်ဆက်တည်းမှာပဲ အဲသည်လူဟာ နှစ်ပိုင်း ပြတ်သွားခဲ့ပါတယ်။သူ့ရဲ့ ကိုယ်ကနေ ထွက်ပေါ်လာတဲ့  သွေးတွေကလည်း နေရာအနှံ့မှာပါပဲ။

" ခွေးမသား …… မင်းက ငါ့ရဲ့ ဒုတိယ ညီလေးကို သတ်ရဲတယ်ပေါ့။ ငါမင်းကို သတ်မယ် ……ခွေးမျိုး "

အဆင့်၅ မူလပင်လယ် နယ်ပယ် ဘုရင်က ဒေါသ အကြီးအကျယ် ထွက်သွားခဲ့ပါပြီ။  သူက သူ့ရဲ့ ညာဘက်ကို မြှောက်ပြီး ကုတ်ဆွဲလိုက်တဲ့ အခါမှာတော့ အကန့်အသတ် မရှိတဲ့ ချီစွမ်းအင်ထုကြီးတစ်ခု ဖြစ်ပေါ်လာပြီး လီဖူချန်းကို လွှမ်းခြုံသွားပါတော့တယ်။

မူလပင်လယ် နယ်ပယ် အဆင့်၅ ဆိုတဲ့ သူ့ရဲ့ ကျင်ကြံမှုက နောက်စရာတော့ လုံးဝ မဟုတ်ပါဘူး။ သူက လေ့တုံးဟိုင် မလုပ်နိုင်တဲ့ သဘာဝ စွမ်းအား ထိန်းချုပ်မှုမျိုးကိုတောင် အေးအေးဆေးဆေး လုပ်နိုင်ပါတယ်။

တကယ်လို့ လီဖူချန်းနေရာမှာသာ  တခြား အဆင့်၇ တိုက်ပွဲဝိညာဉ်နယ်ပယ် ဆရာသခင် ဆိုလို့ကတော့ အဲသည်လူဟာ သည်ဖိအားကို တောင့်မခံနိုင်ဘဲ  သွေးအိုင် ဘဝ ပြောင်းသွားမှာ အသေအချာပါပဲ။

ဒါပေမဲ့လည်း စိတ်မကောင်းစရာက လီဖူချန်းဟာ သာမန် အဆင့်၇ တိုက်ပွဲဝိညာဉ်နယ်ပယ် ဆရာသခင် မဟုတ်ပါဘူး။သူက လမ်းစဉ်နှစ်သွယ် ကျင့်ကြံခြင်းကို လျှောက်လမ်းတဲ့ အဆင့်၇ တိုက်ပွဲဝိညာဉ်နယ်ပယ် ဆရာသခင် တစ်ပါးပါ ။ ပြီးတော့ သူ့လက်ထဲမှာက ကောင်းကင်အဆင့်နိမ့် ဓားတစ်ချောင်း ရှိနေပါသေးတယ်။

***

All Chapters