← Chapters

ခေါင်းဖြတ်ခြင်း

Vol. 43 Ch. 586

ခေါင်းဖြတ်ခြင်း

Vol. 43 Ch. 586

" ပျက်စီးစမ်း "

အရင်တုန်းကတော့ လီဖူချန်းဟာ ကောင်းကင်အဆင့် ဓားကွက်ကို  ကောင်းကင်အဆင့်ဓားနဲ့ တွဲသုံးရင် ဘယ်လိုအစွမ်းမျိုး ထွက်ပေါ်လာမလဲ ဆိုတာကို သိခွင့် မရခဲ့ပါဘူး။ဒါပေမဲ့လည်း  အခုတော့ သူဟာ ကောင်းကောင်းကြီး သိသွားခဲ့ပါပြီ။

တကယ်လို့ အဆင့်၅ မူလပင်လယ်နယ်ပယ် ဘုရင် ထိန်းချုပ်ထားတဲ့ သဘာဝ စွမ်းအားဟာ ကမ္ဘာကြီး တစ်ခု ဆိုရင် လီဖူချန်းရဲ့ ဘုံခုနစ်ဆင့် ကောင်းကင်ဓားက အဲသည် ကမ္ဘာကြီးကို ဖျက်ဆီးမယ့် အရာပါပဲ။

ရွှမ်း……

အနီရောင် ပိုးကြိုးမျှင်တစ်ခု ဖြစ်တည်လာပြီးတဲ့ နောက်မှာတော့  ပယင်းယောင် ချီစွမ်းအင် ထုကြီးဟာ တစ်စစီ ပြိုကွဲသွားခဲ့ပါပြီ။ အဲသည်နောက်  တစ်ဆက်တည်းမှာပဲ ဓားချီက မျက်စိကျိန်းလောက်အောင် တောက်ပတဲ့ အနီရောင် အလင်းတန်းအဖြစ် ပြောင်းသွားပြီး ရန်သူကို ခုတ်ပိုင်းပစ်လိုက်ပါတယ်။

" ဘယ်လိုဖြစ်ပြီး သူ့ရဲ့ ဓားချီက သည်လောက် အစွမ်း ထက်နေရတာလဲ "

အဆင့်၅ မူလပင်လယ် နယ်ပယ် ဘုရင်က သူ့ရဲ့ ညာဘက်လက်ကို ဒိုင်းတစ်ခုအသွင် ကမန်းကတန်းပြောင်းပြီး အနီရောင် အလင်းတန်းကို ခုခံလိုက်ရပါတယ်။

သူ့ရဲ့ အရိုးတည်ဆောက်ပုံက ကြယ်၇ပွင့်  မြေထု အရိုးတည်ဆောက်ပုံ ဖြစ်တဲ့အတွက်  ခုခံခြင်း အရာမှာတော့ အင်မတန် အသုံးဝင်တယ်လို့ ဆိုရပါမယ်။

ပြီးတော့ သူလေ့ကျင့်ထားတဲ့ ကောင်းကင်အရွေ့ လက်ဝါးကလည်း   တိုက်ခိုက်ခြင်းမှာကော ခုခံခြင်းမှာပါ အသုံးပြုလို့ ရတဲ့အတွက် သူ့နဲ့  အဆင့်တူ၊ နယ်ပယ်တူ ဘုရင်တွေတောင်မှပဲ သူ့ရဲ့ ခံစစ်ကို မကျော်လွန်နိုင်လောက်ပါဘူး။

" ကောင်စုတ်လေး…… ငါ့ဒုတိယ အစ်ကိုရဲ့ အသက်ကို အလျော် ပြန်ပေးစမ်း "

ရွှမ်း……

ခေါင်းကို ပြောင်နေအောင် တုံးထားတဲ့ မူလပင်လယ်နယ်ပယ် ဘုရင်ကလည်း တိုက်ပွဲထဲကို ဝင်လာခဲ့ပါပြီ။ သူ့ရဲ့ လက်နက်ကတော့ ထိပ်ဖျားမှာ ခွဲနေတဲ့ ဆူူးကျာပွတ် တစ်ချောင်းပါပဲ။ အဲဒါက ခေါင်းနှစ်လုံး မြွေဟောက် တစ်ကောင်နဲ့ မခြားနားလှပါဘူး။

" သည်ရိုက်ချက်လောက်နဲ့ကွာ "

လီဖူချန်းက  ကျာပွတ်ရိုက်ချက်ကို မရှောင်တိမ်းဘဲ ခန္ဓာကိုယ်နဲ့ သည်အတိုင်း ခံဆောင်ပေးလိုက်ပါတယ်။

ထန်……ထန်……ထန်………

လီဖူချန်းရဲ့ ခန္ဓာကိုယ်က မမြင်ရတဲ့ အကာအရံ တစ်ခု ကာကွယ်ပေးတာကို ခံနေရသလိုပါပဲ။ ကျားပွတ်ရိုက်ချက်က သူ့ရဲ့ ခန္ဓာကိုယ်ပါ် ကျရောက်လာခဲ့ ပေမယ့်လည်း သူက အပြုံးတောင် မပျက်ပါဘူး။

" သေစမ်း "

ကျာပွတ်ရိုက်ချက် ပြီးသွားတဲ့ နောက်မှာတော့ လီဖူချန်းဟာ လေမိုးကြိုးတောင်ပံ အစွမ်းနဲ့ ခေါင်းတုံးကြီးရဲ့ အပေါ်ကို ရောက်အောင် သွားလိုက်ပြီး ဓားနဲ့ ခုတ်ချလိုက်ပါတယ်။

" မလုပ်နဲ့ "

အဆင့်၅ မူလပင်လယ် နယ်ပယ် ဘုရင်က လီဖူချန်းကို အဝေးကနေ လက်ဝါးနဲ့ ရိုက်ပြီး လှမ်းတားဖို့ ကြိုးစားလိုက်ပေမယ့်လည်း အရာမထင်တော့ပါဘူး။

ရွှမ်း……

သူ့ရဲ့ လက်ဝါးရိုက်ချက် မရောက်ခင်ကတည်းက လီဖူချန်းရဲ့ ဓားဟာ ခေါင်းတုံးကြီးရဲ့ ခန္ဓာကိုယ်ကို နှစ်ခြမ်း ခွဲနေနှင့် ပြီးခဲ့ပါပြီ။

ပုပုဝဝ ဘုရင် နဲ့ ခေါင်းတုံး ဘုရင်တို့ရဲ့ သေသွားရတဲ့ အခြေအနေတွေဟာ သိပ်ပြီးတော့လည်း မခြားနားလှပါဘူး။ တစ်ယောက်က ခါးကနေ နှစ်ပိုင်းပြတ် သေသွားရပြီး တစ်ယောက်က ခေါင်းကနေ ထက်ခြမ်းခွဲ ခံလိုက်ရတာပဲ ရှိပါတယ်။ သူတို့နှစ်ယောက်စလုံးက ဓားချက်တစ်ချက်တည်းနဲ့ သေသွားတာကတော့ အတူတူပါပဲ။

တောင်တစ်လုံးလို အားပြင်းတဲ့ လက်ဝါးရိုက်ချက် ရောက်လာတဲ့ အခါမှာတော့ လီဖူချန်းဟာ သူ့ရဲ့ ဓားကွက်ကို အချိန်မီ ထုတ်ဖု့ိ မဖြစ်နိုင်တော့ပါဘူး။ အဲသည်အတွက် သူက ဘယ်ဘက် လက်ညှိုးနဲ့ လက်ခလယ်ကို ပူးပြီး လက်ဝါးကို ခုတ်ဖြတ်ရုံသာ တတ်နိုင်ပါတော့တယ်။

ဝုန်း……

လီဖူချန်းက သွေးအလူးလူးနဲ့ လွင့်ထွက်သွားခဲ့ပါပြီ။

ဘုံခုနစ်ဆင့် ကောင်းကင်ဓား မရှိရင်တော့ သူဟာ ဘယ်လိုမှ အဆင့်၅ မူလပင်လယ် နယ်ပယ် ဘုရင်ရဲ့ ပြိုင်ဘက် မဖြစ်နိုင်ပါဘူး။ သူ့အနေနဲ့ ကံကောင်းတာ တစ်ခုကတော့ သူ့ရဲ့ ခန္ဓာကိုယ် အပြင်အား ကျင့်ကြံခြင်းဟာ ပြီးပြည့်စုံခြင်း အဆင့်ကို ရောက်နေတဲ့ အတွက် အပေါ်ယံ ဒဏ်ရာတွေကလွဲပြီး ဘာအတွင်းဒဏ်ရာမှ မရခဲ့တာပါပဲ။ အဆင့်၅ မူလပင်လယ် နယ်ပယ် ဘုရင်အနေနဲ့ သူ့ကို ပြင်ပြင်းထန်ထန် ထိခိုက်စေချင်ရင်တော့ သည်ထက်ပိုပြီး အားစိုက်ထုတ်ရပါဦးမယ်။

" ခွေးမသားလေး…… ငါဟန်ရှန်းက မင်းကို အပိုင်းပိုင်း ဖြစ်အောင် ခုတ်သတ်ပြီး ငါ့ညီတွေရဲ့ ဈာပနာနေ့မှာ ယဇ်ပူဇော်ပစ်မယ် "

ဟန်ရှန်းကတော့ ဒေါသထွက်ရလွန်းတဲ့အတွက် အရူးတစ်ယောက်လို ဖြစ်နေခဲ့ပါပြီ။

သူ့ရဲ့ ဒုတိယညီ နဲ့ တတိယညီတို့ဟာ သူ့ရဲ့ သွေးသားရင်းချာတွေ မဟုတ်ပေမယ့် သူ့အတွက်ကတော့ တကယ့် တစ်အူထုံ့ဆင်း ညီအစ်ကိုတွေလိုပါပဲ။ အစောပိုင်းကတော့ ရှန်ဟန်းက သည်နေ့ဟာ သူတို့ရဲ့ ကံကောင်းတဲ့ နေ့လို့ သတ်မှတ်ခဲ့ပေမယ့်လည်း အခုတော့ သူဟာ အဲသည်လို မသတ်မှတ်နိုင်တော့ပါဘူး။

" ဟေ့လူ…… ခင်ဗျားက ဘာလို့ အပင်ပန်းခံပြီး ယဇ်ပူဇော်နေဦးမှာလဲ။ ခင်ဗျားပါ ခင်ဗျားညီတွေနောက် လိုက်သွားလို့ ရတာပဲ "

လီဖူချန်းက မိတ်ဆွေတွေနဲ့ ဆက်ဆံတဲ့ နေရာမှာ ဖယောင်းလို ပျော့ပြောင်းပေမယ့် ရန်သူတွေနဲ့ ဆက်ဆံတဲ့ နေရာမှာတော့ သံချောင်းလိုပါပဲ။ သူက ရန်သူကို ဘယ်တုန်းကမှ သနားငဲ့ညှာတာမျိုး မရှိပါဘူး။

" ခွေးသားလေး…… ငရဲရောက်မှ ဆက်ပြော

ဟန်ရှန်းက သူ့ရဲ့  မြေထုစွမ်းအားတွေကို  အရူးတစ်ယောက်လို စုစည်းလိုက်ပြီး လီဖူချန်းကို ရိုက်ချလိုက်ပါတယ်။

ဘန်း……

မဟာပထဝီ မြေထုဟာ ကြွတက်လာပြီး လက်ဝါးပုံသဏ္ဌာန် အသွင်ပြောင်းကာ လီဖူချန်းကို ရိုက်ချပစ်လိုက်ပါပြီ။

ဒါကတော့ ဟန်ရှန်းရဲ့ နတ်ဘုရားစွမ်းရည်ဖြစ်တဲ့ မဟာမြေထု လက်ဝါးပါပဲ။ အဲဒါက ကောင်းကင်အရွေ့ လက်ဝါးထက် ပိုပြီး ပြင်းထန်သလို၊ ပိုပြီးတော့လည်း ဖိအားပြင်းပါတယ်။

သည်လက်ဝါးရိုက်ချက် ထွက်ပေါ်လာပြီဆိုရင် လေဟာနယ် ဟင်းလင်းပြင်တောင်မှ ကျုံ့ဝင်သွားပြီး ရန်သူကို ထွက်ပြေးခွင့် လုံးဝ မပေးတော့ပါဘူး။

" သွားစမ်း "

ထန် ……

ဒါပေမဲ့လည်း ကြက်သွေးရောင် ပိုးကြိုးမျှင် တစ်ခုက လေထုထဲမှာ ဖြစ်တည်လာပြီး မဟာမြေထု လက်ဝါးကို တားဆီးသွားခဲ့ပါတယ်။ သည်အရာ နှစ်ခုရဲ့ အထဲမှာ ခိုဝင်ကိန်းအောင်းနေတဲ့ စွမ်းအားတွေကလည်း သူမသာ၊ ကိုယ်မသာပါပဲ ။

ဝုန်း……

ကြီးမားလှတဲ့ လက်ဝါးကြီး နဲ့ ကြက်သွေးရောင် ပိုးကြိုးမျှင်တို့ဟာ ထိပ်တိုက်ရင်ဆိုင်တွေ့ပြီး တစ်ခဏ အကြာမှာတော့ ပြိုင်တူလိုလို ပေါက်ကွဲသွားခဲ့ပါပြီ။ တစ်ချိန်တည်းမှာပဲ  ချီစွမ်းအင်တွေဟာ အဲသည်ပေါက်ကွဲမှုကြောင့် ဖြာထွက်လာပြီး ပတ်ဝန်းကျင် တစ်ခုလုံးကို လွှမ်းခြုံသွားပြန်ပါတယ်။

ဘန်း……ဘန်း……ဘန်း……ဘန်း………

ဟန်ရှန်းက သူ့ရဲ့ မဟာမြေထု လက်ဝါးရိုက်ချက်တွေကို မနားမနေ တရစပ်  ထုတ်နေသလို လီဖူချန်းကလည်း ကြက်သွေးရောင် ပိုးကြိုးမျှင်တွေကို ဆက်တိုက် ထုတ်နေဆဲပါပဲ။ သည်တိုက်ပွဲက တစ်စထက်တစ်စ ပိုပိုပြီး ပြင်းထန်လာခဲ့ပါပြီ။

လေ့တုံးဟိုင်က အသက်တောင် မရှုနိုင်ဘဲ ကောင်းကင်ပေါ်က တိုက်ပွဲကို ကြည့်နေမိပါတယ်။ ဒါပေမဲ့လည်း သူက ကြီးမားလှတဲ့ လက်ဝါးရိပ်တွေ နဲ့ ကြက်သွေးရောင် ပိုးချည်မျှင်တွေက လွဲပြီး တခြား ဘာမှ မမြင်နိုင်ပါဘူး။

တစ်ဆက်တည်းမှာပဲ သူက  တကယ်လို့သာ သူ့အနေနဲ့ လီဖူချန်း နေရာမှာ ဆိုရင် ဟန်ရှန်းရဲ့ လက်ဝါးရိုက်ချက် တစ်ချက်ကိုတောင် ခုခံနိုင်ပါ့မလား ဆိုပြီး တွေးနေမိပါတယ်။

" လေ့တုံးဟိုင် …… ညီလေးလီရဲ့ အစွမ်းက အဲလောက်တောင် ရှိနေပြီလား "

ယွန်လုံ နဲ့ ကုချူးယီတို့ကတော့ ပါးစပ်အဟောင်းသား ဖြစ်နေကြပါတယ်။ သူတို့က ပါးစပ် ပြန်ပိတ်ဖို့ကိုတောင် သတိ မရတော့ပါဘူး။

ဘယ်လိုလုပ်ပြီး ကမ္ဘာပေါ်မှာ သည်လောက် အစွမ်းထက်တဲ့ တိုက်ပွဲဝိညာဉ်နယ်ပယ် အဆင့်၇ ဆရာသခင်တစ်ပါး ရှိနေရတာလဲ။ ဒါက လုံးဝကို မဖြစ်သင့်တဲ့ အရာပါပဲ။

ရွှမ်း……

ဟန်ရှန်းရဲ့ လက်မောင်းတွေကတော့ ဖြတ်ခံလိုက်ရပါပြီ။ အဲသည်နောက်မှာတော့ သူ့ရဲ့ ပေါင်တွေ ပြီးတော့ ခေါင်းက အစဉ်လိုက် ဖြတ်ခံလိုက်ရပါတယ်။

ဟန်ရှန်းရဲ့ တိုက်ခိုက်နိုင်စွမ်းက လီဖူချန်းကို ယှဉ်နိုင်ပေမယ့်လည်း လိပ်ပြာ အသိစိတ်အာရုံ အပိုင်းမှာတော့ သူဟာ လီဖူချန်းကို ဘယ်လိုမှ ယှဉ်နိုင်စရာ အကြောင်း မရှိပါဘူး။

လီဖူချန်းက သူ့ရဲ့ လက်ရှိ အစွမ်းကို စမ်းသပ်ချင်သေးတဲ့ အတွက်ကြောင့်သာ ဟန်ရှန်းအနေနဲ့ တိုက်ပွဲကို သည်လောက်ကြာကြာ တိုက်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။

အဲသည်နောက်မှာတော့ လီဖူချန်းက ဟန်ရှန်းရဲ့ သိုလှောင်အိတ်ကို သိမ်းဆည်းလိုက်ပြီး သက်ပြင်းတစ်ချ ချလိုက်ပါတယ်။

" ကောင်းကင်အဆင့် ရတနာဓားက တကယ် အစွမ်းထက်တာတော့ အမှန်ပဲ။ ဒါပေမဲ့ ချီအတွင်းအား အရမ်း သုံးရတယ်။ ငါ့ရဲ့ လက်ရှိ အခြေအနေက မူလပင်လယ်နယ်ပယ် အလယ်အလတ် အဆင့် ဘုရင်တွေနဲ့ တွေ့ရင် ပြသနာ မရှိပေမယ့် မူလပင်လယ်နယ်ပယ် အဆင့်မြင့် ဘုရင်တွေနဲ့ တွေ့ရင်တော့ ပြသနာ တက်ပြီ။ ငါက အချိန်တစ်ခုအထိ ခုခံနိုင်ရင်တောင်မှ ငါ့ရဲ့ ချီအတွင်းအားတွေ ကုန်ခမ်းသွားပြီ ဆိုတာနဲ့  သေမှာပဲ "

" ညီလေးလီ "

လေ့တုံးဟိုင်တို့ သုံးယောက်ကလည်း ကောင်းကင်ပေါ်ကို ပျံတက်လာခဲ့ကြပါပြီ။

" ညီလေးလီ …… မင်းက မူလပင်လယ်နယ်ပယ် အလယ်အလတ်ပိုင်းက ဘုရင်တွေကိုတောင် သတ်နိုင်နေပြီပေါ့ "

ယွန်လုံကတော့  မျက်လုံး အပြူးသားနဲ့ လီဖူချန်းကို မေးလာခဲ့ပါတယ်။

မဟာအကျော်အမော် အဆင့် ဆရာသခင်တွေက သာမန် မူလပင်လယ် နယ်ပယ် အဆင့်နိမ့် ဘုရင်တွေကို သတ်နိုင်တယ် ဆိုပေမယ့်လည်း မူလပင်လယ်နယ်ပယ် အလယ်အလတ်ပိုင်း ဘုရင်တွေကိုတော့ လက်ဖျားနဲ့တောင် ထိနိုင်စရာ အကြောင်း မရှိပါဘူး။

ဒါပေမဲ့လည်း  လီဖူချန်းကတော့ မူလပင်လယ် နယ်ပယ် အဆင့်၅က ဘုရင်တစ်ပါးကိုတောင်မှ အေးအေးဆေးဆေးနဲ့ သတ်ပစ်လိုက်နိုင်ပါတယ်။ ဒါက ဘယ်လို မယုံကြည်နိုင်စရာပါပဲ။

လီဖူချန်းအနေနဲ့ အခုလို သတ်ဖြတ်နိုင်တာက သူ့ရဲ့ ကောင်းကင်အဆင့်နိမ့် ရတနာ ဓားကြောင့်လို့ ပြောကောင်း ပြောနိုင်ပေမယ့် လီဖူချန်းဟာ အခုမှ တိုက်ပွဲဝိညာဉ်နယ်ပယ် အဆင့်၇မှာပဲ ရှိသေးတယ်ဆိုတာကိုလည်း မေ့လို့မရပါဘူး။ သူ့မှာက နောက်ထပ် တိုးတက်စရာ အဆင့်တွေ ရှိနေပါသေးတယ်။

လေ့တုံးဟိုင်က ယွန်လုံရဲ့ မေးခွန်းကို လီဖူချန်းကိုယ်စား ဖြေပေးလိုက်ပါတယ်။

"ယွန်လုံ…… ညီလေးလီက ကောင်းကင်အဆင့် ဓားကွက်တွေ တီထွင်နိုင်သလို သူ့ကျင့်စဉ်ရဲ့ နောက်ထပ် အဆင့်တွေကိုလည်း တီထွင်နိုင်တယ်ကွ။ မူလပင်လယ်နယ်ပယ် အလယ်အလတ်ပိုင်းက ဘုရင်တစ်ပါးကို သတ်ရတာက သူ့အတွက် ဘာမှ မဟုတ်ဘူး '"

ဧကရာဇ် ကောင်းကင် ကုန်းမြေတိုက်ကြီးမှာက လီဖူချန်းထက် ပိုပြီး အစွမ်းထက်တဲ့ တိုက်ပွဲဝိညာဉ်နယ်ပယ် ဆရာသခင်တွေ ရှိကောင်း ရှိနေပါလိမ့်မယ်။ ဒါပေမဲ့လည်း သေချာတာ တစ်ခုကတော့ သူတို့ဟာ လီဖူချန်းလို ကိုယ့်အားကိုယ်ကိုးပြီး ကောင်းကင်အဆင့် ဓားသိုင် နဲ့ ကောင်းကင်အဆင့် ကျင့်စဉ်ကို တီထွင်နိုင်စွမ်း ရှိမှာ မဟုတ်ပါဘူး။

အဲသည်နောက်မှာတော့ လီဖူချန်းက  အားလုံးကို နေရာပြောင်းဖို့အတွက် အကြံ ပြုလာခဲ့ပါတယ်။

" အစ်ကိုတို့ …… ကျွန်တော်တို့ အနေနဲ့ သည်နေရာမှာ ဆက်ပြီး နေလို့ မသင့်တော်တော့ဘူး။ ကျွန်တော်တို့ နေရာပြောင်းမှ တော်ကာ ကျလိမ့်မယ် "

စီရင်စု တစ်ခုကို အပိုင်စား ရထားတဲ့ နယ်စားတစ်ယောက်ရဲ့ သြဇာအာဏာ သက်ရောက်မှုက လျော့တွက်လို့ မရပါဘူး ။ နန်အန်းနယ်စား ထုတ်ထားတဲ့ ဖမ်းဝရမ်းက သည်အရှေ့မြစ်ဖျား စီရင်စုအထိ  ရောက်နေပြီ ဆိုတာကို အစောပိုင်းက အဖြစ်အပျက်က သက်သေ သာဓက ပြနေပါတယ်။

တကယ်လို့သာ သည်နေရာကို မူလပင်လယ် နယ်ပယ် ဘုရင် အုပ်လိုက်ကြီးသာ ရောက်လာလို့ကတော့ သူ့အနေနဲ့ နှစ်ကိုယ် ခွဲနိုင်ရင်တောင်မှ လောက်မှာ မဟုတ်ပါဘူး။

………*****…………*******……………******

သည်တစ်ကြိမ်မှာတော့ သူတို့လေးယောက်ဟာ အရှေ့မြစ်ဖျား စီရင်စုရဲ့ အန္တရာယ် များလှတဲ့ နေရာတွေထဲက တစ်ခုဖြစ်တဲ့ ချန်းဟူ ရေကန်မှာ ပုန်းခိုဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။

သူတို့တွေက လူတွေ ရှိတဲ့ နေရာဆိုရင် ရွာလို နေရာမျိုးမှာတောင်မှ ဇာတ်မြုပ်ပြီး နေထိုင်ဖို့ မဖြစ်ပါဘူး။ အဲသည်အတွက် ချန်းဟူ ရေကန်လို အန္တာရာယ် များတဲ့ နေရာက သူတို့အတွက် အသင့်တော်ဆုံးပါပဲ။

ချန်းဟူရေကန် ……

လူတွေကတော့ သည်ရေကန်ဟာ ထောင်နဲ့ချီတဲ့ မြစ်တွေ လာရောက် ပေါင်းဆုံတဲ့ နေရာလို့ ပြောကြပါတယ်။ သည်နေရာ တစ်ဝိုက်မှာက မြစ်ပေါင်း ထောင်နဲ့ချီ စီးဆင်းနေကြတဲ့အတွက် မြစ်ကြောင်းတွေနဲ့ ရင်းနှီးကျွမ်းဝင်နေတဲ့ သူတောင်မှ တစ်ချက်ကလေး သတိလွတ်လိုက်တာနဲ့ လမ်းပျောက်သွားမှာ အသေအချာပါပဲ။

ပြီးတော့ သည်ချန်းဟူ ရေကန်ထဲမှာက ခိုအောင်းနေတဲ့  ရေမိစ္ဆာ သားရဲကြီးတွေ အများကြီး ရှိနေပါသေးတယ်။ ကောလာဟလ တစ်ခုအရ ဆိုရင်တော့ သည်ချန်းဟူရေကန်ထဲမှာက အိပ်ပျော်နေတဲ့ မိစ္ဆာသားရဲ ဧကရာဇ် တစ်ပါးတောင် ရှိနေသေးပါသတဲ့။ ဒါပေမဲ့လည်း အဲဒါက ကောလာဟလ တစ်ခုသာ ဖြစ်တဲ့အတွက် မှန်သလား၊ မှားသလား ဆိုတာကို ဘယ်သူမှ မသိနိုင်ကြပါဘူး။

လီဖူချန်းတို့ အဖွဲ့ကတော့ ချန်းဟူရေကန် အကြောင်းကို သိပ်မသိသေးတဲ့အတွက်  အထဲကို မသွားဝံ့ဘဲ မြစ်တစ်စင်းရဲ့ အနားမှာရှိတဲ့ တောင်ကုန်းလေး တစ်ခုမှာ ယာယီ စခန်း ချထားခဲ့ကြပါတယ်။

" အစ်ကိုယွန် နဲ့ အစ်မကု …… မမျှော်လင့်ထားတဲ့ ပြသနာတွေ မဖြစ်စေဖို့အတွက် အစ်ကိုတို့ နှစ်ယောက်အနေနဲ့ မူလပင်လယ် နယ်ပယ်ကို မြန်နိုင်သလောက် မြန်အောင် ချိုးဖောက် ဝင်ရောက်ဖို့ လိုနေပြီ  "

လီဖူချန်းက ယွန်လုံ နဲ့ ကုချူးယီတို့ နှစ်ယောက်ကို အကြုံပြုလိုက်ပါတယ်။

လက်ရှိ သူတို့လေးယောက်ထဲမှာ ဆိုရင် ယွန်လုံ နဲ့ ကုချူးယီတို့က အားအနည်းဆုံးပါပဲ။ တကယ်လို့ သူတို့အဖွဲ့ဟာ အန္တရာယ် ကြီးကြီးမားမား တစ်ခုနဲ့ ကြုံလာခဲ့ပြီ ဆိုရင် သူတို့နှစ်ယောက်ကို ကာကွယ်နိုင်မယ်လို့ လီဖူချန်းကော၊ လေ့တုံးဟိုင်ကပါ အပြည့်အဝ အာမ မခံနိုင်ပါဘူး။ အဲသည်အတွက် သူတို့နှစ်ယောက်ဟာ သူတို့ကိုယ်သူတို့ ကာကွယ်နိုင်တဲ့ အစွမ်းမျိုး ရှိနေမှကို ရပါလိမ့်မယ် ။

" အင်း "

ယွန်လုံ နဲ့ ကုချူးယီတို့ကလည်း လက်ရှိ အခြေအနေကို နားလည်သဘောပေါက်ထားပြီးသားပါပဲ။

အရင်တုန်းကတော့ သူတို့ဟာ တိုက်ပွဲဝိညာဉ်နယ်ပယ် ရန်သူတွေကိုပဲ ရင်ဆိုင်ခဲ့ရပေမယ့် အခုတော့ သူတို့ဟာ မူလပင်လယ် နယ်ပယ် ရန်သူတွေနဲ့ပဲ ရင်ဆိုင်ရတော့မှာပါ။ ပြီးတော့ သူတို့ဟာ  မူလပင်လယ်နယ်ပယ် ဘုရင်တွေနဲ့ ရင်ဆိုင်ရာမှာ ဘာမှ အသုံးမဝင်ပါဘူး။ သူတို့က လေ့တုံးဟိုင် နဲ့ လီဖူချန်းတို့ အပေါ်မှာပဲ အားကိုးရမှာ ဖြစ်ပါတယ်။ အဲသည်လို အသုံးမဝင်တဲ့ ခံစားချက်မျိုးကို သူတို့နှစ်ယောက်ကလည်း မခံစားချင်ပါဘူး။

" ဒါနဲ့ အစ်ကိုလေ့ …… ကျွန်တော့်ဆီမှာ လူသား ခန္ဓာကိုယ် ဗေဒအကြောင်း ရှင်းပြထားတဲ့ စာလိပ် တစ်ခု ရဗိတယ်။ အဲဒါက အစ်ကို့အတွက် မူလပင်လယ်နယ်ပယ်ကို ချိုးဖောက် ဝင်ရောက်ရာမှာ အသုံးဝင်မလား မသိဘူး "

ပြောနေရင်းနဲ့ လီဖူချန်းက သိုလှောင်အိတ်ထဲကနေ ကျောက်စိမ်းစာလိပ် တစ်ခု ထုတ်ပြီး ယွန်လုံကို ပေးလိုက်ပါတယ်။

ကျောက်စိမ်းစာလိပ်ထဲကို လိပ်ပြာ အသိစိတ်အာရုံ ပို့ဆောင်ပြီး အနည်းငယ် စစ်ဆေး အပြီးမှာတော့ ယွန်လုံရဲ့ မျက်နှာဟာ ဝင်းပ သွားခဲ့ပါပြီ ။

" ညီလေး……ဒါ…ဒါက …… အစ်ကို့အတွက် အရမ်း အသုံးဝင်တယ်။ ငါက တကယ့် ငတုံးပဲ။ အစတည်းက လူသားခန္ဓာကိုယ် ဗေဒ အကြောင်းကို လေ့လာထားသင့်တာကို "

လီဖူချန်းက ပြုံးလိုက်ပြီး

" ကိုယ့်ကိုယ်ကိုယ် အရမ်း အပြစ် တင်မနေပါနဲ့ အစ်ကိုလေ့။ ကျွန်တော်လည်း သည်ဟာကို ကံကောင်းပြီး ရခဲ့တာပါ။ အဲသည်အတွက် အစ်ကိုလေ့ မစဉ်းစားမိတာကလည်း သဘာဝပါပဲ "

လီဖူချန်းက အမှန်အတိုင်း ပြောတာပဲ ဖြစ်ပါတယ်။ တကယ်လို့သာ သူ့အနေနဲ့ သူ့ကျင့်စဉ်ရဲ့ အဆင့်၃၄ကို တီထွင်ဖို့အတွက် မဟုတ်ရင် သူဟာလည်း သည်လိုအရာမျိုးကို ရှာမိမှာ မဟုတ်ပါဘူး။

" ညီလေးလီ…… အစ်ကိုတို့ နောက်မှ စကား ဆက်ပြောကြတာပေါ့။ အခုလောလောဆယ်တော့ အစ်ကို သွားပြီး ဒါကို လေ့လာလိုက်ဦးမယ် "

ယွန်လုံကတော့ ကျောက်စိမ်းစာလိပ်ကို လေ့လာဖို့အတွက် အတော်လေး စိတ်လောနေပုံပါပဲ။ သူက လီဖူချန်းနဲ့ စကားစ ဖြတ်လိုက်ပြီး ကျင့်ကြံဖို့အတွက် သူ့နေရာကို အလောတကြီး ပြန်သွားပါတယ်

သူက ခန္ဓာကိုယ် အပြင်အား ပညာရှင် ဖြစ်တဲ့အတွက် သူ့ရဲ့ ကျင့်ကြံခြင်းဟာ သွေးလည်ပတ်မှု နဲ့ ခွန်အားကို အခြေခံပါတယ်။ အဲသည်အတွက် သည်စာလိပ်ဟာ သူ့ကို မူလပင်လယ်နယ်ပယ်ကို ချိုးဖောက် ဝင်ရောက်တဲ့ နေရာမှာ အများကြီး အထောက်အကူ ပေးနိုင်မှာ အသေအချာပါပဲ။

လေ့တုံးဟိုင်တို့သုံးယောက် တံခါးပိတ် ကျင့်ကြံသွားတဲ့ နောက်မှာတော့ လီဖူချန်းဟာ ဘာမှ ထွေထွေထူးထူး လုပ်စရာ မရှိတော့ပါဘူး။ အဲသည်အတွက် သူဟာ ဓားသိုင်း လေ့ကျင့်ဖို့အတွက် မြစ်ကမ်းစပ် တစ်နေရာကို ထွက်လာခဲ့ပါတယ်။

အကြွင်းမဲ့ ကောင်းကင်ဘုံ ဓားသိုင်းက အပြည့်အစုံ ပါရှိတဲ့ ကောင်းကင်အဆင့်နိမ့် ဓားသိုင်းတစ်ခုပါပဲ။ အဲသည်အတွက် သူတီထွင်ထားတဲ့ ကောင်းကင်အဆင့် ဓားကွက်တွေ နဲ့ ယှဉ်ရင်တော့ အကြွင်းမဲ့ ကောင်းကင် ဓားသိုင်းဟာ အများကြီး ပိုအစွမ်းထက်ပြီး ဓားဆန္ဒကလည်း ပိုပြီး ပြည့်စုံပါတယ်။

ထူးခြားကောင်းမွန်လှတဲ့ ထိုးထွင်းသိမြင်မှု အပြင် ဘုံခုနစ်ဆင့် ကောင်းကင်ဓားကိုပါ ပိုင်ဆိုင်ထားတဲ့ လီဖူချန်းအတွက်ကတော့ အကြွင်းမဲ့ ကောင်းကင်ဘုံ ဓားသိုင်းကို လေ့ကျင့်ရတာက ဘာမှ မခက်ခဲလှပါဘူး။ အဲဒါက ကိုယ်ပိုင် ကောင်းကင်အဆင့် ဓားကွက်တွေ တီထွင်ရတာထက် နှစ်ဆ ပိုလွယ်ပါတယ်။

သုံးရက်အကြာမှာတော့ လီဖူချန်းဟာ အကြွင်းမဲ့ ကောင်းကင်ဘုံ ဓားသိုင်းကို ပြီးပြည့်စုံခြင်း အဆင့်ရောက်အောင် လေ့ကျင့်သွားနိုင်ခဲ့ပါပြီ။

တစ်ပတ် အကြာမှာတော့ သူ့ရဲ့ ဓားသိုင်းဟာ အလုံးစုံ တတ်သိနားလည်ခြင်း အဆင့်ကို ရောက်ရှိသွားခဲ့ပြီး လဝက်အကြာမှာတော့ အလယ်အလတ် အဆင့် ကောင်းကင်ဘုံကျောက်တုံး အကူအညီနဲ့ တစ်ဖက်ကမ်းခပ် တတ်မြောက်ခြင်း အဆင့်ကို ရောက်ရှိသွားပါတော့တယ်။

" ဟင်း……ဟင်း…… ငါ့ရဲ့ ဓားသိုင်းကို သည်မြစ်က ခံနိုင်ပါ့မလား "

သည်နေ့ကတော့ လီဖူချန်းက သူ့ရဲ့ အကြွင်းမဲ့ ကောင်းကင်ဘုံ ဓားသိုင်းကို စမ်းသပ်မယ့် နေ့ပါပဲ။

ရွှမ်း……

လီဖူချန်းက စီးဆင်းနေတဲ့ မြစ်ရေကို မျက်နှာမူပြီး ဓားချက်တစ်ချက် ထုတ်လိုက်ပါတယ်။

ဝုန်း……ဝုန်း……ဝုန်း……

အက်ကွဲရာ တစ်ခုဟာ ဟင်းလင်းပြင်ထဲမှာ ပေါ်လာပြီးတဲ့ နောက်မှာတော့ မြစ်ကြီးဟာ ပေါက်ကွဲသွားပြီး သူ့စီးဆင်းရာ လမ်းကြောင်းကနေ သွေဖည်သွားခဲ့ပါပြီ။

***

All Chapters