← Chapters

တိုက်ပွဲဝိညာဉ် နယ်ပယ် အဆင့် ၉

Vol. 43 Ch. 587

တိုက်ပွဲဝိညာဉ် နယ်ပယ် အဆင့် ၉

Vol. 43 Ch. 587

အကြွင်းမဲ့ ကောင်းကင်ဘုံ ဓားသိုင်းက တကယ်ကို သြချရောက်လောက်အောင် ထက်မြက်ပြီး ပြင်းထန်လွန်းလှပါတယ်။ ဓားချက် ထွက်ပေါ်လာပြီ ဆိုတာနဲ့ တစ်ပြိုင်နက် အဲဒါက ကောင်းကင်နဲ့မြေကြီးကိုတောင် ပိုင်းခြားပစ်တော့မလိုပါပဲ။ ပြီးတော့ သည်ဓားသိုင်းမှာက ဓားကွက် တစ်ကွက်သာ ပါရှိပြီး အဲသည်ဓားကွက်ကိုတော့ " မိုးအောက်မြေပြင် ပြိုင်ဘက်ကင်း " လို့ ခေါ်ပါတယ်။

သည်ဓားကွက်က အလွန်တရာမှ ကြောက်စရာ ကောင်းလှပြီး အညှာအတာမဲ့  မျောလွင့်မီးလျှံ နဲ့ ကြယ်ကြွေ ဓားကွက်ထက် အဆပေါင်း များစွာ သာလွန်ကောင်းမွန်ပါတယ်။

သည်ဓားကွက်ရဲ့ အားသာမှုကတော့ ဘက်ပေါင်းစုံကနေ တိုက်ခိုက်နိုင်တာပါပဲ။

သည်နေရာ မေးစရာ ရှိလာပါပြီ။ ဘက်ပေါင်းစုံကနေ တိုက်ခိုက်နိုင်တယ် ဆိုတာက ဘာအဓိပါ္ပယ်လည်း ဆိုပြီးတော့ပေါ့။

ဟုတ်ကဲ့။ ဘက်ပေါင်းစုံက တိုက်ခိုက်နိုင်တယ် ဆိုတဲ့ အဓိပါ္ပယ်ကတော့ ရန်သူက ဘယ်လိုပဲ ခုခံကာကွယ် နေပါစေ၊ ဓားချက်ကတော့ သူ့ကို ထိနိုင်သေးတယ်ဆိုတဲ့ အဓိပါ္ပယ်ပါပဲ။

လီဖူချန်းကတော့ သူ့ရဲ့ ကောင်းကင်စက်ကွင်း ဓားအကာအကွယ်တောင်မှ ဟင်းလင်းပြင် တာအို ဥပဒေသတွေ ကိန်းဝပ်နေတဲ့ သည်ဓားကွက်ကို ခုခံနိုင်မှာ မဟုတ်ဘူးလို့ ယုံကြည်ပါတယ်။

အချုပ်အားဖြင့် ပြောရမယ် ဆိုရင်တော့ လက်ရှိ လီဖူချန်းဟာ ဟန်ရှန်းကိုတောင် တစ်ကွက်တည်းနဲ့ သတ်ဖြတ်နိုင်စွမ်း ရှိနေခဲ့ပါပြီ။

ဟူး……

သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်ပြီးတဲ့ နောက်မှာတော့ ဓားဆန္ဒဟာ ပြန်လည်ပျောက်ကွယ် သွားခဲ့ပါပြီ။

" အကြွင်းမဲ့ ကောင်းကင်ဘုံ ဓားသိုင်းက မယုံနိုင်စရာ ကောင်းလောက်အောင် အစွမ်းထက်တာပဲ။ ဒါပေမဲ့ ဆရာကြီး ဓားဝိညာဉ် ပြောတာကတော့ ဓားအင်းကွက်တွေက ပိုပြီး အရေးကြီးတယ်တဲ့"

လီဖူချန်းက တီးတိုး ရေရွတ်လိုက်ရင်း နဲ့ မြေပြင်ပေါ်က သစ်ကိုင်းတစ်ကိုင်းကို ကောက်ယူလိုက်ပြီး သူ့ရဲ့ ချီအတွင်းအားတွေကို ပို့ဆောင်လိုက်ပါတယ်။ သူ့ရဲ့ ရည်ရွယ်ချက်ကတော့ သည်သစ်ကိုင်းပေါ်မှာ ဓားအင်းကွက်တစ်ခု ရေးဆွဲဖို့ပါပဲ။

အဲသည်နောက်မှာတော့ သစ်ကိုင်းဟာ မိုးအောက်မြေပြင် ပြိုင်ဘက်ကင်းရဲ့ ထက်မြက်တဲ့ ချီအရှိန်အဝါတွေကို ထုတ်လွှတ်လာခဲ့ပါပြီ။ အဲသည်နောက်မှာတော့ လီဖူချန်းက မြစ်ဘက်ကို ရည်ရွယ်ပြီးသစ်ကိုင်းနဲ့ လှမ်းရိုက်လိုက်ပါတယ်။

ဝုန်း……ဝုန်း……ဝုန်း……ဝုန်း………

တကယ့်ကို မယုံနိုင်စရာပါပဲ။ အစောပိုင်းက လမ်းကြောင်းပြောင်း စီးဆင်းနေတဲ့ မြစ်ကြီးဟာ သစ်ကိုင်းရဲ့ လက်ချက်ကြောင့် ပေါက်ကွဲထွက်သွားပြီး တိမ်ကောသွားခဲ့ပါပြီ။ ပြီးတော့ မြစ်ကြမ်းပြင် နေရာမှာလည်း အက်ကွဲကြောင်းကြီး တစ်ခုက အစားထိုး ဝင်ရောက်လာခဲ့ပါတယ်။

" ဓားအင်းကွက်အပေါ် နားလည်ကျွမ်းကျင်မှုက အဆင့်တစ်ခုအထိ ရောက်သွားရင် အဲဒါကလည်း ကြောက်စရာကောင်းတဲ့ ဖြစ်ရပ်တွေကို ဖြစ်ပေါ်စေတာပဲ "

လီဖူချန်းရဲ့ မျက်လုံးထဲမှာတော့  အံ့သြမှု နဲ့ ဝမ်းသာကျေနပ်မှု အရိပ်အယောင်တွေက အတိုင်းသားပါပဲ။

ဓားအင်းကွက် ဆရာသခင် ဆိုတာက ကျင့်ကြံခြင်း လမ်းစဉ်မှာ ဇာတ်ပို့သာသာ ဖြစ်ပေမယ့် ဓားအင်းကွက် ဆရာသခင် တစ်ပါးက ကောင်းကင်အဆင့် ဓားအင်းကွက် တစ်ခုကို ထိန်းချုပ် အသုံးပြုသွားနိုင်ပြီ ဆိုရင်တော့ အဲဒါက နောက်စရာ မဟုတ်တော့ပါဘူး။ အဲဒါက ဓားအင်းကွက် ဆရာသခင်ကို  ကြောက်စရာကောင်းတဲ့ အဆင့်တစ်ခုအထိ ရောက်ရှိသွားစေပါတယ်။ပြီးတော့  ကောင်းကင်အဆင့် ဓားအင်းကွက် တစ်ခုဆိုတာက  သာမန် ကောင်းကင်အဆင့် ဓားကွက် တစ်ခုနဲ့  အစွမ်းထက်မြက်ခြင်း အရာမှာ အတူတူပင် မဟုတ်ပါလား။

ဘန်း……

လီဖူချန်းက သူ့ရဲ့ ချီအတွင်းအားတွေကို ပြန်လည် ရုတ်သိမ်းလိုက်တဲ့ အခါမှာတော့ သစ်ကိုင်းဟာ အမှုန့်ဘဝကို ပြောင်းသွားပြီး လေထဲ လွင့်ပါ သွားပါတော့တယ်။

ဒါကလည်း ဘာမှ မထူးဆန်းလှပါဘူး။ အဆင့်မြင့် ဓားအင်းကွက် တစ်ခုကို ရေးထွင်းဖို့ ဆိုရင်  အဆင့်မြင့် ကြားခံပစ္စည်း တစ်ခုတော့ လိုတာပါပဲ။ သည်သစ်ကိုင်းကို အသာထားပါဦး။ သာမန် မြေကမ္ဘာ အထွတ်အထိပ် အဆင့် ဓားတစ်လက်တောင်မှပဲ သည်ဓားအင်းကွက်ကို အချိန်အကြာကြီး တောင့်ခံထားနိုင်မှာ မဟုတ်ပါဘူး။

***

ကျောက်စိမ်းစာလိပ်ကို ရပြီး တစ်လအကြာမှာတော့ ယွန်လုံရဲ့ ခန္ဓာကိုယ် အပြင်အား ကျင့်ကြံခြင်းဟာ မူလပင်လယ် နယ်ပယ် အစကနဦးပိုင်း အဆင့်ကို ရောက်ရှိသွားခဲ့ပါပြီ။

ဒါပေမဲ့လည်း စိတ်မကောင်းစရာ တစ်ခုကတော့ သည်အဆင့်ဟာ ယွန်လုံအတွက် မိုင်ကုန်ပါပဲ။ သူက မြေကမ္ဘာ အလယ်အလတ် အဆင့် ခန္ဓာကိုယ် အပြင်အား ကျင့်စဉ်ကိုသာ ကျင့်ကြံထားတဲ့အတွက် သည်ထက်ပိုပြီးတော့ မရောက်နိုင်တော့ပါဘူး။ သူ့အနေနဲ့ ခန္ဓာကိုယ် သန့်စင်ခြင်း လမ်းစဉ်မှာ သည်ထက်ပိုပြီး အဆင့်မြင့်မြင့် ရောက်ချင်ရင်တော့ မြေကမ္ဘာ အဆင့်မြင့် ခန္ဓာကိုယ် အပြင်အား ကျင့်စဉ်တစ်ခုကို အမြန်ရှာဖွေမှ ရပါလိမ့်မယ်။

လီဖူချန်းကတော့ မြေကမ္ဘာ အဆင့်မြင့် ခန္ဓာကိုယ် အပြင်အား ကျင့်စဉ်ဖြစ်တဲ့ ဆင်နဂါး ခန္ဓာကိုယ် သွန်းလောင်းခြင်းကျမ်းကို ကျင့်ကြံထားတဲ့အတွက် မူလပင်လယ် နယ်ပယ်ရဲ့ ပြီးပြည့်စုံခြင်း အဆင့်အထိ ရောက်နိုင်ပါသေးတယ်။

အခုဆိုရင် ယွန်လုံရဲ့ ခန္ဓာကိုယ် အပြင်အား ကျင့်ကြံမှုက မူလပင်လယ် နယ်ပယ်ရဲ့ အစကနဦးပိုင်းကို ရောက်သွားပြီ ဖြစ်တဲ့အတွက် သူ့ရဲ့ အနီးကပ် တိုက်ခိုက်နိုင်စွမ်းဟာ လေ့တုံးဟိုင်ထက် အနည်းငယ် သာလွန်သွားခဲ့ပါပြီ။ အဲဒါကတော့ ခန္ဓာကိုယ် အပြင်အား ပညာရပ်တွေရဲ့ အားသာချက်ကြောင့်လို့ပဲ ဆိုရပါမယ်။ ဒါတောင်မှ ယွန်လုံက မြေကမ္ဘာ အလယ်အလတ် အဆင့် ခန္ဓာကိုယ် အပြင်အား ကျင့်စဉ်ကိုသာ ကျင့်ကြံထားရ ပါသေးတယ်။ တကယ်လို့သာ  ယွန်လုံအနေနဲ့  မြေကမ္ဘာ အဆင့်မြင့် ခန္ဓာကိုယ် အပြင်အား ကျင့်စဉ်ကို ရသွားမယ် ဆိုရင် လေ့တုံးဟိုင်ထက် အနီးကပ် တိုက်ခိုက်ရာမှာ အများကြီး ပိုအစွမ်းထက်သွားမှာ အသေအချာပါပဲ။

ဟုတ်ပါတယ်။ လေ့တုံးဟိုင်က အနီးကပ် တိုက်ခိုက်ရာမှာ ယွန်လုံထက် နိမ့်ကျတယ် ဆိုပေမယ့်လည်း တကယ့် တိုက်ပွဲထဲမှာ ဆိုရင်တော့ ဘယ်သူ အသာရမယ် ဆိုတာ ပြောနိုင်မှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့နှစ်ယောက်ဟာ အားသာချက် ကိုယ်စီ ရှိနေလို့ပါပဲ။

ယွန်လုံ အဆင့်တက်သွားပြီး လဝက် အကြာမှာတော့ ကုချူးယီဟာလည်း မူလပင်လယ် နယ်ပယ်ကို ချိုးဖောက် ဝင်ရောက်သွားနိုင်ခဲ့ပါပြီ။

သူမရဲ့ တောက်ပခြင်း အရိုးတည်ဆောက်ပုံကြောင့် သူမဟာ အဆင့်တက်ပြီးတဲ့ နောက်ပိုင်းမှာ အလွန်အမင်း မြန်ဆန်လာခဲ့ပါတယ်။ သူမ ပျံသန်းလိုက်ပြီ ဆိုရင်လည်း အလင်းတန်း တစ်ခု သွားလာလှုပ်ရှားနေတာကလွဲပြီး တခြားဘာမှ မတွေ့မြင်ရတော့ပါဘူး။ သူမရဲ့ မြန်နှုန်းက လေ့တုံးဟိုင် နဲ့ ယွန်လုံတို့ထက်ကို သိသိသာသာကြီး မြန်နေခဲ့တာပါ။

ဒါတောင်မှ ကုချူးယီက တောက်ပခြင်း တာအိုကို အခြေပြုထားတဲ့ ကျင့်စဉ်ကို မကျင့်ကြံရသေးလို့တာပေါ့။ တကယ်လို့သာ သူမအနေနဲ့  တောက်ပခြင်း တာအိုကို အခြေပြုထားတဲ့ ကျင့်စဉ်ကို ကျင့်ကြံခဲ့ရမယ် ဆိုရင်တော့ လေ့တုံးဟိုင် နဲ့ ယွန်လုံတို့ဟာ သူမကို တိုက်ခိုက်ဖို့ အခွင့်အရေးတောင် ရမှာ မဟုတ်ပါဘူး။ တိုက်ပွဲစပြီ ဆိုတာနဲ့ ကုချူးယီဟာ အရိပ်တစ္ဆေ တစ်ကောင်လို နေရာအနံှ့ လျှောက်သွားနေပြီး သူတို့ကို ပွဲသိမ်းလိုက်မှာ ဖြစ်ပါတယ်။

လေ့တုံးဟိုင်တုန်းကလိုပါပဲ။ ယွန်လုံ နဲ့ ကုချူးယီတို့ အဆင့်တက်သွားတဲ့ အခါမှာလည်း လီဖူချန်းက သူတို့ကို အညံ့စား ကောင်းကင်ဘုံ ကျောက်တုံး တော်တော်များမျာနဲ့ အဆင့်နိမ့် ကောင်းကင်ဘုံ ကျောက်တုံး တချို့ကို ပေးခဲ့ပါတယ်။

အညံ့စား ကောင်းကင်ဘုံ ကျောက်တုံးတွေက မူလပင်လယ် နယ်ပယ် ဘုရင်တွေအပေါ်မှာ သိပ်ပြီး အကျိုးသက်ရောက်မှု မရှိပေမယ့်လည်း သူတို့လို အခုမှ အဆင့်တက်လာတဲ့ သူတွေအတွက်တော့ အများကြီး အကျိုးရှိနေဆဲပါပဲ။ အဲသည် အညံ့စား ကောင်းကင်ဘုံ ကျောက်တုံးတွေက သူတို့အတွက် မူလပင်လယ် နယ်ပယ်  အခြေခံအုတ်မြစ်တွေ တည်ဆောက်ရာမှာ ပိုပြီး ပြီးပြည့်စုံစေပါတယ်။

ယွန်လုံ နဲ့ ကုချူးယီတို့ အဆင့်တက်နေစဉ် အခါမှာ လီဖူချန်းကလည်း အချိန် ဖြုန်းနေခဲ့တာ မဟုတ်ပါဘူး။  သူက အဆင့်မြင့် ဝိညာဉ်ကျောက်တုံးတွေကို အသုံးပြုပြီး သူ့ရဲ့ ခန္ဓာကိုယ် အပြင်အား ကျင့်ကြံခြင်းကို တိုက်ပွဲဝိညာဉ်နယ်ပယ် အလုံးစုံ ပြီးပြည့်စုံခြင်း အဆင့်အထိ ရောက်အောင် လေ့ကျင့်နိုင်ခဲ့ပါတယ်။အခုဆိုရင် သူရဲ့ ခန္ဓာကိုယ် အပြင်အား အစွမ်းဟာ အုပ်စိုးသူ အဆင့် ဆရာသခင်တွေနဲ့တောင် ယှဉ်နိုင်စွမ်း ရှိနေခဲ့ပါပြီ။

အဆင့်မြင့် ဝိညာဉ်ကျောက်တုံးတွေရဲ့ အစွမ်းဟာ လုံးဝ နောက်စရာ မဟုတ်ပါဘူး။ အဲဒါက  သွေးချီ နဲ့ ခန္ဓာကိုယ် အပြင်အားတွေအဖြစ် အလွယ်တကူ ပြောင်းလဲနိုင်ပါတယ်။ ဒါပေမဲ့ အားနည်းချက်ကတော့ ကုန်ခမ်းနှုန်း အတော်လေး မြန်တာပါပဲ။

အဲသည်အတွက် လီဖူချန်းဟာ သူ့ရဲ့ ခန္ဓာကိုယ် အပြင်အား ကျင့်ကြံမှုကို ပြီးပြည့်စုံခြင်း အဆင့်ကနေ အလုံးစုံ ပြီးပြည့်စုံခြင်း အဆင့်ကို ရောက်ဖို့အတွက် အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ဒါဇင်နဲ့ချီပြီး အသုံးပြုခဲ့ရပါတယ်။ အဲဒါက ချီအတွင်းအား ကျင့်ကြံမှုထက်ကို ဆယ်ဆ ပိုကုန်တယ်လို့တောင် ပြောလို့ ရနေပါပြီ။

ဒါပေမဲ့လည်း လီဖူချန်းအနေနဲ့ကတော့ သိပ်ပြီး မအံ့သြမိပါဘူး။သူကျင့်ကြံနေတဲ့ ခန္ဓာကိုယ် အပြင်အား ကျင့်စဉ်က မြေကမ္ဘာ အဆင့်မြင့် ကျင့်စဉ် မဟုတ်ပါလား။ အဲသည်အတွက် ဝိညာဉ်ချီ စုပ်ယူမှုအားက သာမန်ထက် အများကြီး ပိုကောင်းနေတာ ဓမ္မတာပါပဲ။

ဒါတောင် လီဖူချန်းက အခုမှ တိုက်ပွဲဝိညာဉ်နယ်ပယ်မှာပဲ ရှိပါသေးတယ်။ တကယ်လို့သာ သူ့ရဲ့ ခန္ဓာကိုယ် အပြင်အား ကျင့်ကြံမှုက မူလပင်လယ်နယ်ပယ်ကို ချိုးဖောက်ဝင်ရောက် သွားမယ်ဆိုရင် အရင်းအမြစ် ဘယ်လောက်တောင် ကုန်မယ် မသိပါဘူး။ဒါကြောင့်လည်း ကျင့်ကြံသူ အများစုက ခန္ဓာကိုယ် သန့်စင်ခြင်း လမ်းစဉ်ကို မရွေးဘဲ ချီအတွင်းအား ကျင့်ကြံခြင်း လမ်းစဉ်ကိုပဲ ရွေးကြတာ ဖြစ်ရပါမယ်။

" တော်ပြီ ……တော်ပြီ။ သည်အတိုင်း ဆက်သွားနေမယ်ဆိုရင် ငါမွဲတော့မယ်။ ငါရဲ့ ခန္ဓာကိုယ် အပြင်အား ကျင့်ကြံခြင်းကို ဆေးရည်တွေသောက်ပြီး အဆင့်တက်အောင် လုပ်တာကမှ ပိုပြီး တန်သေးတယ်။ ပြီးတော့ မသန့်စင်မှုတွေကိုလည်း ငါ့ရဲ့ သေမျိုးကပ်ဘေး စွမ်းအားနဲ့ ချေဖျက်ပစ်လို့ ရတာပဲ "

တစ်နေ့မှာတော့ လီဖူချန်းဟာ  ဝိညာဉ်ကျောက်တုံးတွေ အသုံးပြုပြီး သူ့ရဲ့ ခန္ဓာကိုယ် အပြင်အား ကျင့်ကြံနေတာကို ရပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

သည်အတောအတွင်းမှာ သူအသုံးပြုခဲ့ရတဲ့ ဝိညာဉ်ကျောက်တုံး ပမာဏဟာ မနည်းလှပါဘူး။ သူ့ဆီမှာက အဆင့်မြင့် ဝိညာဉ်ကျောက်တုံး အားလုံး စုစုပေါင်းမှ ငါးထောင်ကျော်သာ ရှိတာပါ။ အဲသည်အတွက် အခုအချိန်က သူ့အနေနဲ့ ခြိုးခြံချွေတာရတော့မယ့် အချိန်ပါပဲ။

***

ချန်းဟူရေကန်မှာက များပြားလှတဲ့ မိစ္ဆာသားရဲတွေ မှီတင်း နေထိုင်ကြပါတယ်။ ဒါပေမဲ့ သူတို့တွေထဲက အများစုဟာ အဆင့်၆ မိစ္ဆာသားရဲတွေပါပဲ။

ဒါပေမဲ့လည်း လီဖူချန်းတို့ လေးယောက်က သည်နေရာမှာ အချိန်အကြာကြီး နေထိုင်ခဲ့ကြတဲ့အတွက် တစ်နေ့မှာတော့ အဆင့်၇ အဆင့်နိမ့် မိစ္ဆာသားရဲ ဘုရင် တစ်ကောင်နဲ့ ပက်ပင်း တိုးမိကြပါတယ်။

အဆင့်၇ အဆင့်နိမ့် မိစ္ဆာသားရဲ ဘုရင်တွေ ဆိုတာက နောက်စရာတော့ မဟုတ်ပါဘူး။ အဆင့်၇ အဆင့်နိမ့် မိစ္ဆာသားရဲ ဘုရင် တစ်ကောင်က အဆင့်နိမ့် မူလပင်လယ်နယ်ပယ် ဘုရင် သုံးယောက်ကနေ ငါးယောက်အထိ ပါတဲ့ အဖွဲ့တစ်ဖွဲ့ကို အပြတ် ရှင်းပစ်နိုင်စွမ်း ရှိပါတယ်။

ဟိုးအရင်အချိန်တွေကတည်းကနေ အခုချိန်အထိ လူသားကျင့်ကြံသူတွေ အနေနဲ့ မိစ္ဆာသားရဲတွေ နဲ့ မိစ္ဆာတွေကို အသာစီး ရယူနိုင်ခဲ့တာဟာ သူတို့ရဲ့ ကျင့်စဉ်တွေနဲ့ သိုင်းပညာတွေကြောင့်ပါပဲ။

ဒါပေမဲ့လည်း မိစ္ဆာသားရဲ ဘုရင် ဒါမှမဟုတ် မိစ္ဆာဘုရင်တွေနဲ့ ယှဉ်ဆိုင်ရပြီ ဆိုရင်တော့ လူသားကျင့်ကြံသူတွေဟာ အသာစီး ရယူနိုင်တော့မှာ မဟုတ်ပါဘူး။တကယ်လို့ ကျင့်ကြံသူတွေအနေနဲ့ မိစ္ဆာသားရဲ ဘုရင် ဒါမှမဟုတ် မိစ္ဆာဘုရင်တွေအပေါ်မှာ အသာစီး ရယူချင်တယ် ဆိုရင်တော့ သူတို့ကျင်ြ့ကံထားတဲ့ ကျင့်စဉ်တွေနဲ့ သိုင်းပညာတွေဟာ အတော်လေးကို အဆင့်မြင့်နေရပါမယ်။

လီဖူချန်းတို့လေးယောက်နဲ့ ပက်ပင်းတိုးမိတဲ့ အဆင့်၇ အဆင့်နိမ့် မိစ္ဆာသားရဲ  ဘုရင်ကတော့ သွေးရောင် တဖိတ်ဖိတ် တောက်နေတဲ့ လျှပ်စစ်ငါးရှဉ့် တစ်ကောင်ပါပဲ။ အဲသည်ကောင်ကြီးက သွေးနီရောင် လျှပ်စီးတန်းတွေကို ပစ်လွှတ်နိုင်ပြီး အဲဒါက လေ့တုံးဟိုင်ရဲ့ မိုးကြိုးတူထက်တောင်မှ ပိုပြင်းထန်တယ်လို့ ဆိုရပါမယ်။

သူ့ရဲ့ တိုက်ခိုက်နိုင်တဲ့ အကွာအဝေးကလည်း အတော်လေး ကျယ်ပြီး သွေးရောင်လျှပ်စီးတန်းတွေက အချင်းဝက် မိုင်အနည်းငယ် ပတ်လည်ကို သက်ရောက်စေနိုင်ပါသေးတယ်။

သည်တိုက်ပွဲကိုတော့ လီဖူချန်းက ဦးဆောင်တိုက်ခိုက်ခြင်း မပြုခဲ့ပါဘူး။ သူက လေ့တုံးဟိုင်၊ ယွန်လုံနဲ့ ကုချူးယီတို့ကိုပဲ ဦးဆောင်တိုက်ခိုက်စေခဲ့ပြီး သူကတော့ ဘေးကနေ အခွင့်အရေးကို စောင့်နေခဲ့ပါတယ်။

ဝုန်း……ဝုန်း……ဝုန်း……

ရွှီး……ရွှီး……ရွှီး……

ဘန်း…… ဘန်း……

လူသားသုံးယောက် နဲ့ မိစ္ဆာသားရဲ တစ်ကောင်ရဲ့ တိုက်ပွဲဟာ တဖြည်းဖြည်း အထွတ်အထိပ်ကို ရောက်လာခဲ့ပါပြီ။ သူတို့ရဲ့ တိုက်ပွဲကတော့ တကယ်ကို လက်ရည်ညီတဲ့ တိုက်ပွဲလို့ပဲ ဆိုရပါမယ်။

သူတို့က အချိန်အကြာကြီး တိုက်ခိုက်ခဲ့တာတောင်မှပဲ အခုထက်ထိ တစ်ဖက်နဲ့တစ်ဖက် အသာစီး မရယူနိုင်ကြသေးပါဘူး။

ရွှမ်း ……

တိုက်ပွဲရဲ့ တကယ့်အရေးကြီးတဲ့ အခိုက်အတန့်ကို ရောက်လာတဲ့ အချိန်မှာတော့ ဘေးမှာရပ်ပြီး အခွင့်ကောင်း စောင့်နေတဲ့ လီဖူချန်းဟာ တိုက်ပွဲထဲ ဝင်လာကာ  အကြွင်းမဲ့ ကောင်းကင်ဘုံ ဓားသိုင်းနဲ့ သွေးရောင် လျှပ်စစ်ငါးရှဉ့်ကြီးကို အပိုင်းပိုင်းဖြစ်အောင် ခုတ်သတ်ပစ်လိုက်ပါတယ်။

လေ့တုံးဟိုင်တို့ သုံးယောက်ကတော့ ထုံးစံအတိုင်း တုန်လှုပ်ချောက်ချားစွာနဲ့  တစ်ယောက်ကို တစ်ယောက် ကြည့်နေခဲ့ကြပါတယ်။ သူတို့က လီဖူချန်းနဲ့ ပက်သက်ပြီး ဘာပြောလို့ ပြောရမှန်းလည်း မသိကြတော့ပါဘူး။ သည်သွေးရောင် လျှပ်စစ်ငါးရှဉ့်ကြီးက ဟန်ရှန်းနဲ့ အစွမ်းချင်း အတူတူပါပဲ။ ဒါပေမဲ့လည်း လီဖူချန်းကတော့ ဓားချက်တစ်ချက်တည်းနဲ့ဲပဲ သတ်ပစ်လိုက်ပါတယ်။

" လီဖူချန်းက သည်အတောအတွင်းမှာ ဘာတွေစားပြီး၊ ဘာတွေ လေ့ကျင့်ခဲ့လို့ အခုလို အစွမ်း ထက်လာရတာလဲ "

ဒါကတော့ သူတို့သုံးယောက်လုံးရဲ့ စိတ်ထဲမှာ တူညီစွာ ရှိနေတဲ့ မေးခွန်းပါပဲ။

သွေးရောင် လျှပ်စစ်ငါးရှဉ့်ကြီးကို သတ်ပြီးတဲ့ နောက်မှာတော့ လေ့တုံးဟိုင်တို့ သုံးယောက်ဟာ ပြန်ပြီး တံခါးပိတ် ကျင့်ကြံကြပါတယ်။

သူတို့သုံးယောက်ကတော့ လီဖူချန်းလို ကောင်းကင်အဆင့် ကျင့်စဉ်တွေ၊ကောင်းကင်အဆင့် သိုင်းပညာတွေ တီထွင်နိုင်စွမ်း မရှိပါဘူး။ ဒါပေမဲ့လည်း သူတို့အနေနဲ့ သူတို့ရဲ့ အရိုးတည်ဆောက်ပုံ အင်းကွက်တွေကို ဆက်လေ့လာပြီး သူတို့ရဲ့ အစွမ်း ပိုထက်လာအောင် ကြိုးစားနိုင်ပါသေးတယ်။

" အင်း…… အထွတ်အထိပ် အဆင့် ဝိညာဉ်ကျောက်တုံးကို လေ့လာကြည့်ရမယ့် အချိန်ရောက်ပြီ ထင်ပါရဲ့ "

တစ်နေ့မှာတော့ လီဖူချန်းဟာ ပျင်းပျင်းရှိလာတာနဲ့ သူ့ရဲ့ လက်ပတ်ထဲမှာရှိတဲ့ အထွတ်အထိပ်အဆင့် ဝိညာဉ်ကျောက်တုံးကို လေ့လာဖို့ ဆုံးဖြတ်လိုက်ပါတယ်။ သည်အထွတ်အထိပ်အဆင့် ဝိညာဉ်ကျောက်တုံးကတော့ မျက်စိကျိန်းလုမတတ် တောက်ပနေပြီး သူ့ရဲ့ အရှိန်အဝါတွေကတော့ အရာရာကို စုပ်ယူတတ်လေ့ရှိတဲ့ တွင်းနက်ကြီး တစ်ခုလိုပါပဲ။

" ဝိုး…… ဒါက ဝိညာဉ်ကျောက်တုံး ဆိုပေမယ့် အဆင့်မြင့် ဝိညာဉ်ကျောက်တုံးတွေနဲ့ ယှဉ်လို့ကတော့ တကယ့် ဆီနဲ့ရေပဲဟ "

အဆင့်မြင့် ဝိညာဉ်ကျောက်တုံးတွေက အတော်လေး တန်ဖိုးရှိတဲ့ အရာတွေ ဖြစ်ရင် ဖြစ်ပါမယ်။ ဒါပေမဲ့လည်း အထွတ်အထိပ်အဆင့် ဝိညာဉ်ကျောက်တုံးနဲ့ ယှဉ်လိုက်တဲ့ အခါမှာတော့ အဲဒါက ဘာမှတန်ဖိုး မရှိတဲ့ ကျောက်ခဲသာသာ ဖြစ်သွားခဲ့ပါပြီ။

" သည်ဝိညာဉ်ကျောက်တုံးထဲ ဝိညာဉ်ချီ စွမ်းအင်တွေကကော ဘယ်လို နေမလဲ မသိဘူး "

လီဖူချန်းက အထွတ်အထိပ်အဆင့် ဝိညာဉ်ကျောက်တုံးကို ကိုင်ကြည့်နေရင်းနဲ့ စိတ်မထိန်းနိုင်လာတော့တဲ့အတွက် ဝိညာဉ်ချီ နည်းနည်း စုပ်ယူကြည့်ဖို့ ပြင်မိလိုက်ပါတယ်။

တကယ့်ကို ခဏလေးမှ ခဏလေးပါပဲ။

လီဖူချန်းက အထွတ်အထိပ်အဆင့် ဝိညာဉ်ကျောက်တုံးထဲမှာ ရှိတဲ့ ဝိညာဉ်ချီ စွမ်းအင်တွေကို ခဏလေးသာ စုပ်ယူလိုက်ရသေးပေမယ့် သူ့ရဲ့ ချီအတွင်းအား ကျင့်ကြံမှုကတော့ တိုက်ပွဲဝိညာဉ် နယ်ပယ် အဆင့်၇ အထွတ်အထိပ်အထိ ဆောင့်တက်သွားခဲ့ပါပြီ။

ဝုန်း……

ပြီးတာနဲ့ တစ်ပြိုင်နက် လီဖူချန်းရဲ့ ချီအတွင်းအား ကျင့်ကြံမှုဟာ တိုက်ပွဲဝိညာဉ် နယ်ပယ် အဆင့်၈ကို ချိုးဖောက်ဝင်ရောက်သွားခဲ့ပါတယ်။

" ဟိုက်……နင့်မေကလွှားတဲ့မှပဲ "

လီဖူချန်းက ယောင်ယမ်းပြီးတောင် ဆဲရေးတိုင်းထွာ မိလိုက်ပါပြီ။ဒါက တကယ့်ကို မယုံကြည်နိုင်စရာပါပဲ။

တိုက်ပွဲဝိညာဉ် နယ်ပယ် အဆင့်၈ အလယ်အလတ်ပိုင်း ……

တိုက်ပွဲဝိညာဉ် နယ်ပယ် အဆင့်၈ နောက်ပိုင်း……

တိုက်ပွဲဝိညာဉ် နယ်ပယ် အဆင့်၈ အထွတ်အထိပ် ………

တိုက်ပွဲဝိညာဉ် နယ်ပယ် အဆင့်၉ ……

သူ့ရဲ့ ချီအတွင်းအား ကျင့်ကြံမှုက တိုက်ပွဲဝိညာဉ် နယ်ပယ် အဆင့်၉မှာ အခြေကျသွားတဲ့ နောက်မှာတော့ လီဖူချန်းဟာ ဝိညာဉ်ချီ စွမ်းအားတွေ စုပ်ယူနေတာကို ရပ်တန့်လိုက်ပါတော့တယ်။

သူက အခုလို အဆင့်တွေ ခုန်ကျော် တက်လိုက်ရတဲ့ အတွက်လည်း သက်တောင့်သက်သာ မရှိတဲ့ ခံစားချက်မျိုး တစ်ခုမှ ရမနေပါဘူး။ သူ့ရဲ့ ချီအတွင်းအား လည်ပတ်မှု၊ သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေ အပါအဝင် အားလုံးဟာ နေသားတကျပါပဲ။

" အထွတ်အထိပ် အဆင့် ဝိညာဉ်ကျောက်တုံးက တကယ် မိုက်တယ်ဟေ့ "

လီဖူချန်းက စိတ်ထဲကနေတောင် အော်ဟစ် ကြွေးကြော်လိုက်မိပါတယ်။

အထွတ်အထိပ် အဆင့် ဝိညာဉ်ကျောက်တုံးထဲမှာ ရှိနေတဲ့ ဝိညာဉ်ချီတွေရဲ့ သန့်စင်မှုကတော့ လုံးဝကို မယုံကြည်နိုင်စရာပါပဲ။အဲဒါက  လီဖူချန်းရဲ့ ချီအတွင်းအားတွေထက်ကို အဆပေါင်းများစွာ သန့်စင်တယ်လို့ ပြောရင်လည်း လွန်မယ် မထင်ပါဘူး။

အထွတ်အထိပ် အဆင့် ဝိညာဉ်ကျောက်တုံးထဲမှာ ရှိတဲ့ ဝိညာဉ်ချီ အပိုင်းအစလေး တစ်ခုကတင် များပြားလှတဲ့ ချီအတွင်းအား ပမာဏ အဖြစ်ကို ပြောင်းနိုင်ပါတယ်။အဲဒါတင် မကသေးဘဲ အထွတ်အထိပ် အဆင့် ဝိညာဉ်ကျောက်တုံးထဲမှာ ရှိနေတဲ့ ကောင်းကင်နဲ့မြေကြီးရဲ့ စွမ်းအင် ဥပဒေသတွေကလည်း လီဖူချန်းရဲ့ စိတ်တန်ခိုးကို အားဖြည့်ပေးသွား ပါသေးတယ်။

အဲဒါထက် ပိုပြီး အံ့သြစရာ ကောင်းတာကတော့ လီဖူချန်းရဲ့ ကျင့်ကြံမှု အဆင့်နှစ်ဆင့် တက်သွားတောင်မှ အထွတ်အထိပ် အဆင့် ဝိညာဉ်ကျောက်တုံးထဲမှာ ရှိတဲ့ ဝိညာဉ်ချီစွမ်းအင်တွေဟာ လုံးဝ မလျော့သွားတာပါပဲ။ လီဖူချန်းရဲ့ လိပ်ပြာ အသိစိတ်အာရုံက အလွန်အမင်း ထက်မြက်တဲ့အတွက် အထွတ်အထိပ် အဆင့် ဝိညာဉ်ကျောက်တုံးထဲမှာ ဝိညာဉ်ချီစွမ်းအင် တစ်စွန်းတစ်စလေး လျော့နည်းသွားရင်တောင် သူ့အနေနဲ့ တန်းသိနိုင်ပါတယ်။

အခု သူ့အနေနဲ့ ဝိညာဉ်ချီတွေ လျော့နည်းသွားတာကို မခံစားမိဘူး ဆိုတာက သည်အထွတ်အထိပ် အဆင့် ဝိညာဉ်ကျောက်တုံးထဲမှာ ရှိနေတဲ့ ဝိညာဉ်ချီတွေဟာ အလွန့်အလွန်ကို များပြားနေတယ်ဆိုတဲ့ အဓိပါ္ပယ်ပါပဲ။

အဲဒါက မြစ်ကြီးတစ်စင်းထဲကနေ ရေတစ်ခွက် ခပ်ခံလိုက်ရတာနဲ့ မခြားနားလှဘူးလို့ ဆိုရပါမယ်  ။ မြစ်ကြီးထဲကနေ ရေတစ်ခွက်စာလောက် လျော့သွားတာကိုတော့ ဘယ်သူကများ သိမြင်နိုင်ပါ့မလဲ။

***

All Chapters