ထွက်ခွာကြခြင်း
Vol. 44 Ch. 588
အခုလောလောဆယ်မှာတော့ လီဖူချန်းဟာ သူ့ရဲ့ ချီအတွင်းအား ကျင့်ကြံမှုကို ဆက်ပြီး မကျင့်ရဲတော့ပါဘူး။ တကယ်လို့သာ သူ့အနေနဲ့ ဆက်ပြီး ကျင့်ကြံလိုက်မယ် ဆိုရင် သူဟာ မူလပင်လယ်နယ်ပယ်ကို ချိုးဖောက် ဝင်ရောက် သွားပါလိမ့်မယ်။
ကျင့်ကြံသူ တစ်ဦးအတွက် ဆိုရင်တော့ မူလပင်လယ် နယ်ပယ်ထဲကို ချိုးဖောက်ဝင်ရောက်တာက ကိစ္စကြီး တစ်ရပ်ပါပဲ။ အဲသည်အတွက် လီဖူချန်းက မူလပင်လယ် နယ်ပယ်ထဲကို လက်လွတ်စပယ် ဝင်ရောက် မသွားချင်ပါဘူး။ သူက သူ့ရဲ့ ချီအတွင်းအားတွေ ပိုပြည့်ဝလာပြီး အခြေခံ အုတ်မြစ် ပိုနက်ရှိုင်းလာမှ မူ့လပင်လယ် နယ်ပယ်ကို ချိုးဖောက်ဝင်ရောက်တာက နောက်ပိုင်းအတွက် ပိုပြီး အလားအလာ ကောင်းလိမ့်မယ်လို့ ယုံကြည်ထားပါတယ်။
ရှင်းရှင်းပြောရမယ် ဆိုရင်တော့ လီဖူချန်းက တခြားသူတွေလို မဟုတ်ပါဘူး။ သူက အခုမှ အသက်၃၀ကို မဆိုစလောက်ကလေးသာ ကျော်သေးတာပါ။ အသက်၃၀ ဝန်းကျင် ဆိုတာက ကျင့်ကြံခြင်းအတွက် အထွတ်အထိပ် အချိန်အခါပါပဲ။ တခြားသူတွေဆိုရင် မူလပင်လယ်နယ်ပယ်ထဲကို ဝင်ရောက်နိုင်ဖို့အတွက် အသည်းအသန် ကြိုးစားကြတာတောင်မှ ကျင်ကြံခြင်း အထွတ်အထိပ် အချိန်အခါရဲ့ နှောင်းပိုင်း ရောက်မှ ဝင်ရောက်နိုင်တာ ဖြစ်ပါတယ်။
အချက်အလက်နဲ့ တိတိကျကျ ပြောရမယ် ဆိုရင်တော့ ကျင့်ကြံသူ တစ်ယောက်ဟာ အသက်၅၀ မပြည့်သေးသရွေ့ အဲဒါက သူ့ရဲ့ ကျင့်ကြံခြင်း အထွတ်အထိပ် အချိန်အခါ ဖြစ်နေဦးမှာပါပဲ။ ဒါပေမဲ့ လီဖူချန်းကတော့ အဲသည်လောက်ကြီးအထိ အချိန်ကြာကြာယူမှာ မဟုတ်ပါဘူး။ သူက နက်ရှိုင်းတဲ့ အခြေခံ အုတ်မြစ်ကို တည်ဆောက်ဖို့အတွက် လပေါင်း အနည်းငယ် ဒါမှမဟုတ် နှစ်ဝက်လောက်ပဲ အချိန်ယူရမှာပါ။
ဒါပေမဲ့လည်း အခုလောလောဆယ်မှာတော့ လီဖူချန်းဟာ သူ့ရဲ့ ချီအတွင်းအား ကျင့်ကြံခြင်းကို ဆက်ကျင့်ကြံဖို့ မဖြစ်သေးတဲ့အတွက် သူဟာ ခန္ဓာကိုယ် အပြင်အား ကျင့်ကြံခြင်းမှာပဲ အာရုံ စိုက်ရပါတော့မယ်။
သူ့ရဲ့ ခန္ဓာကိုယ် အပြင်အား ကျင့်ကြံခြင်းအတွက်ကိုတော့ လီဖူချန်း ဟာ သိပ်ပြီး စိတ်မပူမိပါဘူး။သူ့ရဲ့ ခန္ဓာကိုယ် အတွင်းမှာ မသန့်စင်မှုတွေ မရှိသေးသရွေ့တော့ သူဟာ ကြိုက်တဲ့အချိန်မှာ အဆင့်တက်နိုင်ပါတယ်။ သူ့အနေနဲ့ တိုးပွားလာတဲ့ အစွမ်းခွန်အားကို မထိန်းချုပ်နိုင်မှာကိုလည်း ပူနေစရာ မလိုပါဘူး။ သူ့ရဲ့ စိတ်ဝိညာဉ်က အဲသည် တိုးပွားလာမယ့် ခွန်အားကို ကောင်းကောင်းကြီး ကိုင်တွယ်နိုင်ပါတယ်။
သူ့အတွက် စိုးရိမ်ရမယ့် တစ်ခုတည်းသော အရာကတော့ သူ့ရဲ့ ခန္ဓာကိုယ်က အဲသည် တိုးပွားလာမယ့် အစွမ်းခွန်အားကို တောင့်ခံနိုင်ပါ့မလား ဆိုတာပါပဲ။
လူသားတွေရဲ့ ခန္ဓာကိုယ်က ပြောင်းလဲမှုတွေကို ကန့်သတ်ချက် တစ်ခုအတွင်းမှာပဲ တောင့်ခံနိုင်ပါတယ်။ တကယ်လို့သာ ပြောင်းလဲမှုက တော်တော်လေး ကြီးမားနေမယ်ဆိုရင် ခန္ဓာကိုယ်ဟာ ပေါက်ကွဲထွက်သွားမှာ အသေအချာပါပဲ။
အဲသည်နောက်မှာတော့ လီဖူချန်းဟာ သူ့ရဲ့ ဆင်နဂါး စွမ်းအားတွေကို လှည့်ပတ်စေလိုက်ပြီး အထွတ်အထိပ် အဆင့် ဝိညာဉ်ကျောက်တုံးထဲက ဝိညာဉ်ချီစွမ်းအင်တွေကို စုပ်ယူပါတော့တယ်။
အထွတ်အထိပ် အဆင့် ဝိညာဉ်ကျောက်တုံးထဲက ဝိညာဉ်ချီ စွမ်းအားရဲ့ သန့်စင်မှုကိုတော့ ဆင်နဂါး စွမ်းအားဟာ ဘယ်လိုမှ မယှဉ်နိုင်ပါဘူး။ ပြီးတော့ အဲသည်စွမ်းအားရဲ့ အစွန်းအစလေး တစ်ပိုင်းကတောင်မှ များပြားလှတဲ့ ဆင်နဂါး စွမ်းအားတွေအဖြစ် ပြောင်းလဲနိုင်ပါတယ်။.
ဝုန်း……
အချိန်တွေ ဘယ်လောက် ကြာသွားမှန်း မသိပါဘူး။
ဒါပေမဲ့ လီဖူချန်း သတိဝင်လာတဲ့ အခါမှာတော့ သူ့ရဲ့ ခန္ဓာကိုယ် အပြင်အား ကျင့်ကြံမှုဟာ မူလပယ်လယ်ထဲကို ချိုးဖောက်ဝင်ရောက်ပြီးသား ဖြစ်နေခဲ့ပါပြီ။
ဖောက်……ဖောက်……ဖောက်……
ပြီးတော့ လီဖူချန်းက သူ့ရဲ့ ခန္ဓာကိုယ်အတွင်းမှာ မရေမတွက်နိုင်တဲ့ ပေါက်ကွဲမှု အသေးစားလေးတွေ ဖြစ်ပေါ်လာတာကို ခံစားလိုက်ရပါတယ်။အဲဒါကတော့ ဆင့်ကဲပြောင်းလဲမှု ဖြစ်စဉ်ကြောင့် သူ့ရဲ့ ခန္ဓာကိုယ် အနက်ရှိုင်းဆုံးပိုင်းမှာ တည်ရှိနေတဲ့ မသန့်စင်မှုတွေဟာ ပေါက်ကွဲထွက်ကုန်ပြီဆိုတဲ့ အဓိပါ္ပယ်ပါပဲ။
မသန့်စင်မှု ဆိုတာက ကျင့်ကြံသူတွေနဲ့ အမြဲတမ်း ဒွန်တွဲ တည်ရှိနေလေ့ ရှိတဲ့ အရာပါပဲ။
တိုက်ပွဲဝိညာဉ်နယ်ပယ်မှာကတော့ အဆီအနှစ်လို့ မသတ်မှတ်နိုင်တဲ့ အရာ မှန်သမျှကို မသန့်စင်မှုလို့ပဲ ယူဆကြပါတယ်။ သိုင်းတာအိုကို ကျင့်ကြံခြင်း ဆိုတာကတော့ အညစ်အကြေးတွေကို စနစ်တကျ ဖယ်ရှားခြင်းပဲ ဖြစ်ပြီး အမြစ်ပြတ် ဖယ်ရှားနိုင်တာကတော့ လုံးဝ ရှိမှာ မဟုတ်ပါဘူး။
ခန္ဓာကိုယ်ရဲ့ အတွင်းပိုင်းမှာ မသန့်စင်မှုတွေ လျော့ပါးလာတာနဲ့အမျှ လီဖူချန်းရဲ့ ခန္ဓာကိုယ်ဟာ ပိုမိုကျစ်လျစ်ပြီး တောင့်တင်းသန်မာ လာခဲ့ပါပြီ။
တစ်ချိန်တည်းမှာပဲ သူက စိတ်မအီမသာ ဖြစ်စရာ ခံစားချက် တစ်မျိုးကို ခံစားလိုက်ရပါသေးတယ်။ အဲဒါကတော့ သူနဲ့ မတော်တဲ့ အဝတ်အစား တစ်စုံကို မရရအောင် ဝတ်ထားမိတဲ့ ခံစားချက်မျိုးပါပဲ။
" အင်း…… နောက်ဆုံးတော့ ငါ့ခန္ဓာကိုယ်ရဲ့ တောင့်ခံနိုင်တဲ့ အကန့်အသတ်ကို ရောက်ပြီ ထင်ပါရဲ့ "
လီဖူချန်းက ခပ်တိုးတိုး ရေရွတ်လိုက်မိပါတယ်။
သူ့ရဲ့ ခန္ဓာကိုယ်က ကန့်သတ်ချက် ရောက်သွားပြီးဆိုတာကိုတော့ လုံးဝ သံသယ ဝင်နေစရာ မလိုတော့ပါဘူး။
လွန်ခဲ့တဲ့ လအနည်းငယ်ကဆိုရင် သူရဲ့ ခန္ဓာကိုယ် အပြင်အား ကျင့်ကြံမှုဟာ ပြန်လည်ဝင်စားခြင်း နယ်ပယ်ရဲ့ အလုံးစုံ ပြီးပြည့်စုံခြင်း အဆင့်မှာသာ ရှိခဲ့တာပါ။ဒါပေမဲ့လည်း အခုတော့ သူဟာ အစကနဦးပိုင်း မူလပင်လယ်နယ်ပယ်ကို ရောက်နေခဲ့ပါပြီ။ အခုလို အချိန်အနည်းငယ် အတွင်းမှာ သူ့ရဲ့ ခန္ဓာကိုယ် တိုးတက်ပြောင်းလဲတာက ဘေးထွက်ဆိုးကျိုး အနည်းငယ်ကို ဖြစ်စေပါတယ်။ ပြီးတော့ သူ့ရဲ့ ခန္ဓာကိုယ်ကလည်း သည်ပြောင်းလဲမှုကို မလိုက်နိုင်ပါဘူး။
ဟူး……
လီဖူချန်းက လက်သီးတစ်ချက်ဆုပ်ပြီး လေထဲကို လှမ်းထိုးကြည့်လိုက်ပါတယ်။သူကပဲ စိတ်ထင်တာလား၊ ဘာလားတော့ မသိပါဘူး။ သူ့ရဲ့ လက်သီးချက်ဟာ လေဟာနယ် ဟင်းလင်းပြင်ကိုတောင် အနည်းငယ် ကွေးညွှတ်သွားစေသလိုပါပဲ။
" ကြောက်စရာ ကောင်းလိုက်တဲ့ စွမ်းအား "
လီဖူချန်းရဲ့ မျက်လုံးတွေဟာ အရောင် တောက်ပသွားခဲ့ပါပြီ။ ပြီးတဲ့နောက်မှာတော့ သူရဲ့ ခန္ဓာကိုယ်ထဲကနေပြီး ကြီးမားလှတဲ့ နဂါးဝိညာဉ်တစ်ခု တိုးထွက်လာခဲ့ပါတယ်။
သည်နဂါးဝိညာဉ်က ခါတိုင်းလိုတော့ ဟိန်းဟောက်နေခြင်း မရှိပါဘူး။ ဒါပေမဲ့လည်း အဲဒါက ပတ်ဝန်းကျင် မိုင်အနည်းငယ် ပတ်လည်မှာရှိတဲ့ လေဟာနယ် ဟင်းလင်းပြင် စီးဆင်းမှုကို ရပ်တန့်သွားစေပါတယ်။ သည်ဖိအားက ဟန်ရှန်းရဲ့ သဘာဝစွမ်းအင်ထက်တောင် အနည်းငယ် ပိုအားကောင်းနေသလိုပါပဲ။
ခန္ဓာကိုယ် သန့်စင်ခြင်း တာအို …….
သည်လမ်းစဉ်မှာက ခွန်အား ( ဝါ ) စွမ်းအားကပဲ အရာရာကို အဆုံးအဖြတ် ပေးပါတယ်။
အခုလက်ရှိ လီဖူချန်းရဲ့ ချီဝိညာဉ်မှာ ခိုဝင်ကိန်းအောင်းနေတဲ့ စွမ်းအား ဥပဒေသကတော့ သူ့ရဲ့ ချီအတွင်းအား ကျင့်ကြံခြင်း တာအိုထက်ကို သာလွန်နေခဲ့ပါပြီ။
ချီဝိညာဉ်ကို ပြန်ရုတ်သိမ်းလိုက်ပြီးတဲ့ နောက်မှာတော့ လီဖူချန်းက သူ့ရဲ့လက်ထဲက အထွတ်အထိပ်အဆင့် ဝိညာဉ်ကျောက်တုံးကို တစ်ချက် ပြန်ဆန်းစစ်ကြည့်လိုက်ပါတယ်။
ပုံမှန်အတိုင်း ဆိုရင်တော့ လီဖူချန်းဟာ သူ့ရဲ့ ချီအတွင်းအား ကျင့်ကြံမှုကို တိုက်ပွဲဝိညာဉ်နယ်ပယ် အဆင့်၇ကနေ အဆင့်၉ အထွတ်အထိပ် အထိ ရောက်ဖို့အတွက် အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ၂၀ကျော်ကို စုပ်ယူရမှာပါ။
အဲသည်အဓိပါ္ပယ်ကတော့ လီဖူချန်းအနေနဲ့ သူ့ရဲ့ ခန္ဓာကိုယ် အပြင်အား ကျင့်ကြံမှုကို တိုက်ပွဲဝိညာဉ်နယ်ပယ် အစကနဦးပိုင်းကနေ တိုက်ပွဲဝိညာဉ်နယ်ပယ် အလုံးစုံ ပြီးပြည့်စုံခြင်း အဆင့်အထိ ရောက်ချင်တယ်ဆိုရင် အနည်းဆုံး အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ရာပိုင်းအထိ စုပ်ယူရမယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။
ဒါပေမဲ့လည်း လီဖူချန်းက အဲသည် ပမာဏအတွက် လုံးဝ စိုးရိမ်မကင်း မဖြစ်မိပါဘူး။
အထွတ်အထိပ် အဆင့် ဝိညာဉ်ကျောက်တုံးအတွက်ကတော့ အဲသည်ချီပမာဏဟာ မြစ်တစ်စင်းထဲကနေ ရေကို ဇွန်းတစ်ဇွန်းစာ လာခပ်သွားတာနဲ့ ပုံးတစ်ပုံးစာ လာခပ်သွားတာလောက်ပဲ ကွာခြားပါလိမ့်မယ်။
ခန္ဓာကိုယ် အပြင်အား ကျင့်ကြံခြင်း မူလပင်လယ်နယ်ပယ်က လီဖူချန်းကို သူ့ရဲ့ ချီအတွင်းအား ကျင့်ကြံခြင်းနဲ့ ယှဉ်နိုင်တဲ့ ခွန်အားအစွမ်းမျိုးကို ပေးစွမ်းတာတင် မဟုတ်ပါဘူး။ အဲဒါက သူ့ရဲ့ ခံနိုင်ရည်ကိုလည်း မယုံနိုင်စရာ ကောင်းလောက်အောင် တိုးမြှင့်ပေးခဲ့ပါတယ်။အခုဆိုရင် လီဖူချန်းဟာ သာမန် အဆင့်နိမ့် ဘုရင်တစ်ပါးရဲ့ အစွမ်းကုန် တိုက်ခိုက်မှုကိုတောင် သည်အတိုင်း ခန္ဓာကိုယ်နဲ့ ခံဆောင်နိုင်တဲ့အထိ ခံနိုင်ရည် ရှိနေခဲ့ပါပြီ။
တကယ်လို့ အခုအချိန်မှာ လီဖူချန်းက သက်တံနီဓား နဲ့ အညှာအတာမဲ့ မျောလွင့်မီးလျှံကို သုံးပြီး သူ့ကိုယ်သူ ပြန်ခုတ်ရင်တောင်မှ အဲဒါက သူ့ခန္ဓာကိုယ်ပေါ်မှာ အပေါ်ယံ ခြစ်မိရုံလောက်သာ ဖြစ်မှာဖြစ်ပြီး ဒဏ်ရာက သိပ်ပြီး နက်ရှိုင်းလှမှာ မဟုတ်ပါဘူး။
သူ့ရဲ့ ခံနိုင်ရည်ကို ဆန်းစစ်ပြီးတဲ့ နောက်မှာတော့ လီဖူချန်းက သူဟာ မူလပင်လယ်နယ်ပယ် အလယ်အလတ်ပိုင်းက ဘယ်ဘုရင်ကိုမဆို ထိပ်တိုက် ရင်ဆိုင်နိုင်ပြီလို့ ယုံကြည်လာခဲ့ပါတယ်။ ယခုလက်ရှိ လီဖူချန်းရဲ့ ခန္ဓာကိုယ် အပြင်အား ကျင့်ကြံမှုနဲ့ ဆိုရင်တော့ သူဟာ မူလပင်လယ်နယ်ပယ် အဆင့်မြင့်ပိုင်းက ဘုရင်တွေကိုသာ သတိထားရပါတော့မယ်။
ဒါပေမဲ့လည်း တခြားတစ်ဖက်မှာတော့ သူ့ရဲ့ ချီအတွင်းအားဟာ သိပ်ပြီး ထူးထူးခြားခြား တိုးတက်လာခြင်း မရှိပါဘူး။ဒါကလည်း သိပ်ပြီး မထူးဆန်းလှတဲ့ အရာပါပဲ။ သူ့ရဲ့ ချီအတွင်းအား ကျင့်ကြံခြင်း အပိုင်းမှာက ဘုံခုနစ်ဆင့်ကောင်းကင်ဓား နဲ့ ကောင်းကင်အဆင့် ဓားသိုင်းက ပိုပြီး အဓိကကျတာ မဟုတ်ပါလား။ အားလုံးကို ခြုံငုံပြီး သုံးသပ်မယ် ဆိုရင်တော့ သူ့ရဲ့ ချီအတွင်းအားဟာ အနည်းငယ်လောက်သာ အရေးပါပါတယ်။ ဒါကြောင့်လည်း သူက ကျင့်ကြံခြင်းမှာ အဆင့်၂ဆင့် တက်ခဲ့တာတောင်မှ သူ့ရဲ့ ချီအတွင်းအားဟာ ၁၀ ရာခိုင်နှုန်းလောက်ပဲ တိုးပွားခဲ့တာပါ။
ဒါပေမဲ့လည်း သူ့ရဲ့ ချီအတွင်းအား တိုးပွားလာခြင်းက လီဖူချန်းကို ဘုံခုနစ်ဆင့် ကောင်းကင်ဓား အသုံးပြုဖို့ အချိန် အနည်းငယ် ပိုရစေသလို သူ့ရဲ့ လေမိုးကြိုး တောင်ပံကိုလည်း ပိုပြီး လျင်လျင်မြန်မြန်နဲ့ ပိုပြီး အချိန်ကြာကြာ အသုံးပြုနိုင်အောင် ထောက်ပံ့ပေးပါတယ်။
***
ချန်းဟူ ရေကန် ( ခ ) မြစ်တစ်သောင်း ရေကန် ……
သည်နေရာက အင်မတန် အန္တရာယ် ကြီးမားတဲ့ နေရာတစ်ခု ဖြစ်ပေမယ့်လည်း သည်နေရာကို စူးစမ်းရှာဖွေဖို့ စိတ်ဝင်စားတဲ့ လူတွေ ရှိနေဆဲပါပဲ။
တစ်နေ့မှာတော့ လီဖူချန်းဟာ လုပ်ရိုးလုပ်စဉ်အတိုင်း သူ့ရဲ့ လိပ်ပြာအသိစိတ်အာရုံကို ရေကန်တစ်လျှောက် ဖြန့်ကြက်ပြီး အခြေအနေ စုံစမ်းနေစဉ်မှာ လူတစ်အုပ်ကို အာရုံခံမိ လိုက်ပါတယ်။
အဲသည်လူအုပ်ကတော့ လီဖူချန်းတို့ ပုန်းအောင်းနေတဲ့ နေရာနဲ့ မိုင်ပေါင်း နှစ်ထောင်ကျော် ကွာဝေးတဲ့ အရပ်မှာ ရှိနေပြီး လူအုပ်ရဲ့ ခေါင်းဆောင်ဖြစ်သူကတော့ မူလပင်လယ်နယ်ပယ် အဆင့်၈ကို ရောက်ရှိနေခဲ့ပါပြီ။
ချန်းဟူရေကန် ဆိုတာက အရှေ့မြစ်ဖျား စီရင်စုရဲ့ နာမည်ကျော် နေရာဒေသ တစ်ခု ဖြစ်တဲ့အတွက် သည်လိုနေရာကို လာရောက်စူးစမ်း ရှာဖွေဖို့အတွက် ကျင့်ကြံသူတွေ စိတ်ဝင်စားကြတာကလည်း မဆန်းလှပါဘူး။
သည်နေရာမှာက မြစ်ပေါင်းစုံ စီးဝင်နေတဲ့အတွက် အရင်းအမြစ်တွေ ပေါင်းစုံကာ ဆေးဘက်ဝင် ဆေးပင်တွေ အများအပြား ပေါက်ရောက်လေ့ ရှိတာ မဟုတ်ပါလား ။
တချို့လူတွေဆိုရင် ချန်းဟူရေကန်ရဲ့ အနက်ရှိုင်းဆုံး နေရာတွေကနေပြီး ကောင်းကင်အဆင့် ဆေးပင်တွေကို ရှာဖွေတွေ့ရှိတတ်ပါသေးတယ်။ ဒါကြောင့်မို့လည်း အခု လီဖူချန်း အာရုံခံလိုက်မိတဲ့ မူလပင်လယ်နယ်ပယ် ဘုရင် အစုအဖွဲ့ဟာ သည်ချန်းဟူရေကန်ကို ရောက်လာကြတာ ဖြစ်ရပါမယ်။
အမှန်အတိုင်း ပြောရမယ် ဆိုရင်တော့ လီဖူချန်းရဲ့ လိပ်ပြာအသိစိတ် အာရုံဟာ အလွန်အမင်း ထက်မြက်ပြီး အကြို-ဧကရာဇ်တွေနဲ့တောင် ယှဉ်လို့ ရနေပါပြီ။ ဒါပေမဲ့လည်း သူ့ရဲ့ ချီအတွင်းအား ကျင့်ကြံခြင်းက မူလပင်လယ် နယ်ပယ်ကိုတောင် မရောက်သေးတဲ့အတွက် အနည်းငယ် ကွာဟချက်တော့ ရှိနေဆဲပါပဲ။
အဲသည်အတွက် တစ်ဖက်အုပ်စု ခေါင်းဆောင်ဖြစ်တဲ့ အဆင့်၈ မူလပင်လယ်နယ်ပယ် ဘုရင်ဟာ သူတို့ကို စုံစမ်းထောက်လှမ်းနေတဲ့ လိပ်ပြာအသိစိတ်အာရုံ တစ်ခုရဲ့ အရိပ်အမြွက်ကို ချက်ချင်း အာရုံ ခံလိုက်မိပါတယ်။
ဒါပေမဲ့လည်း သူ့အနေနဲ့ သူ့ရဲ့ လိပ်ပြာအသိစိတ်အာရုံကို အဆုံးစွန်အထိ တိုးချဲ့လိုက်တာတောင်မှ တရားခံ လက်သည်ကို ရှာမတွေ့ခဲ့ပါဘူး။
' တန်တော့ အဲသည်သူက ငါ့ထက် ပိုအစွမ်းထက်နေတာများလား '
အဆင့်၈ မူလနယ်ပယ် ဘုရင်က မျက်မှောင်တစ်ချက် ကြုတ်လိုက်မိပါတယ်။ တစ်ဖက်လူရဲ့ လိပ်ပြာ အသိစိတ်အာရုံက သူ့ထက်ပိုပြီး အစွမ်းထက်နေတာ အသိသာကြီးပါပဲ။ ဧကန္တတော့ တစ်ဖက်လူက မူလပင်လယ်နယ်ပယ် အထွတ်အထိပ် ဘုရင်တစ်ပါးပဲ ဖြစ်ရပါမယ်။
" အားလုံး သတိထားကြ "
ဖြစ်နိုင်ချေကို တွေးမိလိုက်တာနဲ့ တစ်ပြိုင်နက် သူက တခြားလူတွေ အားလုံးကို တန်းပြီး သတိပေးလိုက်ပါတယ်။ သူ့ရဲ့ မျက်နှာကလည်း လုံးဝ တည်ကြည်လေးနက် နေခဲ့ပါပြီ။
သူတို့နဲ့ မိုင်ထောင်ပေါင်း အနည်းငယ် ကွာဝေးတဲ့ အရပ်မှာ ဆိုရင်လည်း လီဖူချန်းက လေ့တုံးဟိုင်နဲ့ တခြားသူတွေကို အကြောင်းစုံ ရှင်းပြနေပါတယ်။
" သည်ဘက်ကို မူလပင်လယ်နယ်ပယ် ဘုရင် တစ်အုပ်ကြီး လာနေပြီ။ ကျွန်တော်တို့ သည်နေရာကနေ အမြန် ပြောင်းမှ တော်ကာကျလိမ့်မယ် "
ပြောနေရင်းနဲ့ လီဖူချန်းဟာ အနည်းငယ် ကူကယ်ရာ မဲ့နေသလို ခံစားလိုက်ရပါတယ်။
သည်ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်ကြီးဟာ ကြီးမားလွန်းလှတဲ့ ကုန်းမြေတိုက်ကြီး ဖြစ်ကောင်း ဖြစ်ပါမယ်။ဒါပေမဲ့လည်း သည်ကုန်းမြေတိုက်ကြီးမှာက မူလပင်လယ်နယ်ပယ် ဘုရင်တွေ များပြားလွန်းလှပါတယ်။အဲသည်အတွက် ဇာတ်မြုပ်နေထိုင်ဖို့ အေးချမ်းတဲ့ နေရာတစ်ခု ရှာဖို့ရာဟာ ထင်သလောက် မလွယ်ကူလှပါဘူး။
" သွားကြစို့ဟေ့ "
အဲသည်နောက် မကြာခင်မှာတော့ လီဖူချန်းတို့ တစ်သိုက်ဟာ သူတို့ ပုန်းအောင်းနေထိုင်ရာ အရပ်ကနေ ထွက်ခွာ သွားခဲ့ကြပါပြီ။
လမ်းခုလတ်မှာတော့ လေ့တုံးဟိုင်က သူ့စိတ်ထဲ မရှင်းတာကို လှမ်းမေးလိုက်ပါတယ်။
" ညီလေးလီ …… အစ်ကိုတို့ ဘာဖြစ်လို့ လဝန်းနီ အင်ပိုင်ယာထဲကနေ ထွက်မသွားကြတာလဲ။ အစ်ကိုတို့အနေနဲ့ တခြား တစ်နေရာကို သွားလို့ ရနေတာပဲလေ "
ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်ကြီးဆိုတာက ဧကရာဇ်အဆင့် ထိပ်တန်း အဖွဲ့အစည်း ခုနစ်ခု ခွဲဝေအုပ်ချုပ်နေတဲ့ ကုန်းမြေတိုက်ကြီး ဆိုရင်လည်း မမှားပါဘူး။ လဝန်းနီ အင်ပိုင်ယာကလည်း အဲသည် အဖွဲ့အစည်း ခုနစ်ခုထဲက တစ်ခုပါပဲ။
လဝန်းနီအင်ပိုင်ယာရဲ့ မြောက်ဘက်မှာ ဆိုရင် နတ်မျက်လုံး တန်ခိုးရှင်ဂိုဏ်း ရှိပြီး အဲသည်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဖြစ်တဲ့ နတ်မျက်လုံး တန်ခိုးရှင် ဧကရာဇ်ဟာ ထူးဆန်းတဲ့ အတတ်ပညာတွေကို ကျင့်ကြံထားသူ ဖြစ်ပါတယ်။ ကောလာဟလတွေအရ ဆိုရင်တော့ နတ်မျက်လုံး တန်ခိုးရှင် ဧကရာဇ်ဟာ ခြေရာခံတဲ့ ပညာရပ် မျိုးစုံကို တတ်မြောက်ထားပြီး ကမ္ဘာအဆုံးမှာ ရှိတဲ့ ရန်သူကိုတောင် ရအောင် ခြေရာခံ လိုက်ဖမ်းနိုင်ပါတယ်တဲ့။
လဝန်းနီ အင်ပိုင်ယာရဲ့ အနောက်ဘက်မှာတော့ နတ်ကျက်သရေဂိုဏ်း ရှိနေပြီး နတ်ကျက်သရေဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဖြစ်သူ ဝိညာဉ်ဧကရာဇ်ဟာ ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်ကြီးရဲ့ အစွမ်းအထက်ဆုံး ဧကရာဇ် ဆိုရင်လည်း မမှားပါဘူး။ ကောလာဟလတွေအရ ဆိုရင်တော့ သူ့ရဲ့ လိပ်ပြာ အသိစိတ်အာရုံဟာ သာမန်ဥပဒေသ ပြောင်းလဲခြင်းနယ်ပယ် ဧကရာဇ်တွေရဲ့ ဖျက်ဆီးပစ်နိုင်ပါတယ်တဲ့။ အဲသည်အတွက် လဝန်းနီ ဧကရာဇ် နဲ့ တခြား ဧကရာဇ်တွေတောင်မှ ဝိညာဉ်ဧကရာဇ်ကို လေးစားကြရပြီး ပခုံးချင်း မယှဉ်ဝံ့ပါဘူး။
" အစ်ကိုလေ့ ပြောသလိုလည်း အဆင်ပြေသားပဲ "
လီဖူချန်းကလည်း လေ့တုံးဟိုင်နဲ့ အလားတူ အဲသည်ပြသနာကို စဉ်းစားမိပြီးသားပါပဲ။
သူတို့အနေနဲ့ ကျင့်ကြံခြင်းကို ဆက်ပြီး လုပ်ဖို့ဆိုရင် အရင်းအမြစ်တွေ ရနိုင်သမျှ ရဖို့ လိုပါတယ်။ ဒါပေမဲ့ ပြသနာက သူတို့အနေနဲ့ သည်လဝန်းနီ အင်ပိုင်ယာမှာ ပေါ်ပေါ်ထင်ထင် နေလို့ မရပါဘူး။ ရုပ်ဖျက်ပြီး နေထိုင်မယ် ဆိုရင်လည်း အဲဒါက ပြသနာကို တဒင်္ဂသာ ဖြေရှင်းပေးနိုင်ပါလိမ့်မယ်။ ဘာဖြစ်လို့ဆိုတော့ သည်ကုန်းမြေတိုက်ကြီးမှာက ရုပ်ဖျက်ထားတာကို သိနိုင်တဲ့ ပညာရှင်တွေ ပေါချင်းသောချင်း ရှိနေလို့ပါပဲ။အဲသည်ထက် ပိုအရေးကြီးတာက လီဖူချန်းဟာ သူ့ဘဝ တစ်လျှောက်လုံးကို ရုပ်ဖျက်ပြီး ဇာတ်မြုပ်နေထိုင်ဖို့ စိတ်ကူး မရှိပါဘူး။
လေ့တုံးဟိုင်နဲ့ တခြားသူတွေကလည်း သူ့လိုပဲ ခံစားနေမိမှာ အသေအချာပါပဲ။ သည်လဝန်းနီ အင်ပိုင်ယာထဲမှာ နေတာက သူတို့အတွက် ဘာမှ အကျိုးမရှိဘူး ဆိုတာကို သိနေပြီးမှတော့ သူတို့အနေနဲ့ ဆက်ပြီး ကျိတ်မှိတ် မနေထိုင်လိုကြတော့ပါဘူး။အဲသည်အတွက် သူတို့အနေနဲ့ သည်လဝန်းနီ အင်ပိုင်ယာထဲကနေ ထွက်ကို ထွက်သွားမှ ရပါတော့မယ်။
***