← Chapters

ကြယ်ပြာဘုရင်

Vol. 44 Ch. 589

ကြယ်ပြာဘုရင်

Vol. 44 Ch. 589

အတန်ကြာ ဆွေးနွေးပြီးတဲ့ နောက်မှာတော့ လီဖူချန်းတို့ လေးယောက်ဟာ နတ်ကျက်သရေ အင်ပိုင်ယာကို ဦးတည်သွားဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။

သူတို့က နတ်မျက်လုံး တန်ခိုးရှင်ဂိုဏ်း တည်ရှိရာဘက်ကို သွားဖို့ကိုတော့ လုံးဝ စိတ်မကူးဝံ့ကြပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲသည်ဘက်မှာက အမျိုးမျိုး၊အထွေထွေသော ခြေရာခံ လျှို့ဝှက်နည်းစနစ်တွေကို တတ်ကျွမ်းသူတွေ ပေါများလွန်းလို့ပါပဲ။ တကယ်လို့သာ သူတို့အနေနဲ့ နတ်မျက်လုံး တန်ခိုးရှင် အင်ပိုင်ယာထဲက အစွမ်းထက် ပုဂ္ဂိိုလ်တစ်ယောက်ကို ရန်စလိုက်မိမယ်ဆိုရင် အခြေအနေတွေက ဆိုးသထက် ပိုဆိုးသွားပါလိမ့်မယ်။ အဲသည်အတွက် ကြောင့်ပဲ သူတို့က နတ်ကျက်သရေဂိုဏ်း အုပ်စိုးရာဘက်ကို သွားဖို့ ရွေးချယ်လိုက်ရတာပါ။

နတ်ကျက်သရေ အင်ပိုင်ယာကတော့ အရှေ့မြစ်ဖျား စီရင်စုနဲ့ စီရင်စု လေးစု ကွာဝေးပါတယ်။ လီဖူချန်းတို့ရဲ့ လက်ရှိ ပျံသန်းနှုန်းနဲ့ ဆိုရင်တော့ သူတို့ဟာ နတ်ကျက်သရေ အင်ပိုင်ယာကို ရောက်ဖို့အတွက် အနည်းဆုံး နှစ်ဝက်လောက် အချိန် ယူရပါလိမ့်မယ်။ သူတို့က တည်နေရာရွှေ့ပြောင်း စင်မြင့်ကို အသုံးမပြုနိုင်တဲ့အတွက် သူတို့အနေနဲ့ ပျံသန်းသွားရုံကလွဲပြီး တခြားနည်း မရှိပါဘူး။

လမ်းတစ်လျှောက်မှာတော့ သူတို့လေးယောက်ဟာ မြို့ကြီး၊ပြကြီးတွေကို ရှောင်ကွင်းပြီး လူနေ နည်းပါးတဲ့ အရပ်ဒေသတွေကနေသာ ပျံသန်းခဲ့ကြပါတယ်။ သူတို့အတွက်ကတော့ လွင်တီးခေါင်ပြင် ဖြစ်နေလေလေ၊ ပိုကောင်းလေလေပါပဲ။

ဒါပေမဲ့လည်း အဲသည်လို လုပ်တာတောင်မှ သူတို့ဟာ အန္တရာယ်ကို မရှောင်လွဲနိုင်ခဲ့ကြပါဘူး။ လူတွေက သူတို့လေးယောက်ကို မှတ်မိနေကြပါသေးတယ်။ကြည့်ရတာတော့ သူတို့က အလယ်အလတ် ဝိညာဉ်ကျောက်တုံး တစ်သန်းဆိုတဲ့ မက်လုံးကို လျော့တွက်လိုက်မိကြပုံပါပဲ။

နန်အန်းစီရင်စုကနေ ဗဟိုပြုပြီး ထွက်ပေါ်လာတဲ့ ဝရမ်းစာရွက်ဟာ အနီးအနားက စီရင်စု နှစ်ဆယ်ကျော်ကို ပျံ့နှံ့ပြီးနေခဲ့ပါပြီ။ ပါးစပ်တစ်ပေါက်ကနေ ပါးစပ်ဆယ်ပေါက်၊ ပါးစပ် ဆယ်ပေါက်ကနေ ပါးစက် တစ်ရာအထိ သတင်းစကား ပျံ့နှံ့တတ်လေ့ ရှိတဲ့ လူတွေရဲ့   သဘောသဘာဝကလည်း တစ်ဖက်ကလမ်းကနေ လီဖူချန်းတို့ကို လူတိုင်း မှတ်မိအောင် ထောက်ပံ့ပေးနေပါတယ်။ မြို့တိုင်း၊ ရွာတိုင်းရဲ့ လမ်းစုံ၊ လမ်းထောင့်တွေမှာ ကပ်ထားတဲ့ ဖမ်းဝရမ်း ကြော်ငြာ စာရွက်တွေကြောင့် သာမန်လူတွေတောင်မှ လီဖူချန်းတို့ကိုမြင်ရင် တန်းပြီး မှတ်မိနေကြမှာ အသေအချာပါပဲ။

အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး သန်းတစ်ရာဆိုတဲ့ ပမာဏက မူလပင်လယ်နယ်ပယ် ဘုရင်တွေကိုတောင် ရူးသွပ်သွားစေလောက်တဲ့အတွက် ကျင့်ကြံခြင်း အဆင့်နိမ့်တဲ့ သာမန်လူတွေအတွက် ဆိုရင်တော့ ဘာမှ ပြောနေစရာ မလိုတော့ပါဘူး။တကယ်လို့သာ သူတို့အနေနဲ့ အလယ်အလတ် အဆင့် ဝိညာဉ်ကျောက်တုံး တစ်သန်း ရခဲ့မယ်ဆိုရင် သားစဉ်မြေးဆက်တောင် ထိုင်စားနိုင်တာ မဟုတ်ပါလား။

မြို့ကြီး၊ပြကြီးတွေမှာ ခြံဝင်းအကျယ်ကြီးနဲ့ အိမ်ကြီး၊အိမ်ကောင်းတွေ ဝယ်မယ်။ ဆိုင်တွေ မြို့အနှံ့ ဖွင့်မယ်။ ဇနီး၊မယားတွေ တစ်ယောက်ပြီးတစ်ယောက် ထည်လဲ ယူမယ်။ သာမာန်လူ တစ်ယောက် အဖို့တော့ စိတ်တိုင်းကျ သုံးဖြုန်းရင်တောင်မှ အဲသည် အလယ်အလတ် အဆင့် ဝိညာဉ်ကျောက်တုံး တစ်သန်းဟာ ဘယ်လိုမှ ကုန်သွားစရာ အကြောင်း မရှိပါဘူး။

အဲသည်အတွက် သာမန်လူတစ်ယောက်ရဲ့ အကြီးကျယ်ဆုံး ဆန္ဒဟာ မြို့ကြီး၊ပြကြီးတွေမှာ နေထိုင်ခွင့် ရဖို့လို့တောင် ပြောနိုင်ပါတယ်။ အကောင်းဆုံး ရင်းမြစ်ပစ္စည်းတွေ နဲ့ အကောင်းဆုံး လူနေမှု ပတ်ဝန်းကျင် ဆိုတာကလည်း  မြို့ကြီး၊ပြကြီးတွေမှာသာ ရှိတာ မဟုတ်ပါလား။ တစ်ချိန်တည်းမှာပဲ လူသတ်မှုတွေ၊ ဓားပြမှုတွေကို မြို့ကြီး၊ပြကြီးတွေမှာ တင်းကျပ်စွာ ပိတ်ပင်ထားတဲ့အတွက် သူတို့ဟာ သူတို့ရဲ့ စည်းစိမ်၊ဥစ္စာတွေအတွက်လည်း စိုးရိမ်ပူပန်နေစရာ  လိုမှာ မဟုတ်ပါဘူး။

***

လမ်းတစ်လျှောက်မှာတော့ လီဖူချန်းတို့ လေးယောက်ဟာ သူတို့ကို ဖမ်းဆီးဖို့ အတွက် ကြိုးပမ်းကြတဲ့  အဆင့်နိမ့် ကျင့်ကြံသူ အများအပြားနဲ့ ကြုံဆုံခဲ့ကြရ ပါသေးတယ်။ ဒါပေမဲ့ သူတို့လေးယောက်က သွေးဆာနေတဲ့သူတွေ မဟုတ်တဲ့အတွက် အဲသည်သူတွေကို မသတ်ဖြတ်ခဲ့ကြပါဘူး။

နောက်ထပ် သူတို့ကို သတိပြုမိသွားတဲ့ သူကတော့ တောနက်ထဲမှာ ဆေးပင်၊ဆေးမြစ်တွေ ရှာဖွေတူးဖော်နေတဲ့ ပြန်လည်ဝင်စားခြင်းနယ်ပယ် ပညာရှင် တစ်ယောက်ပါပဲ။ သူက လီဖူချန်းတို့ လေးယောက်ကို အဝေးတစ်နေရာကနေ မြင်ပြီး မှတ်မိသွားခဲ့တာပါ။

သူတို့လေးယောက်က ရုပ်ဖျက်ထားတာ မှန်ပေမယ့်လည်း ယောကျ်ားသုံးယောက် နဲ့ မိန်းမ တစ်ယောက် ပါဝင်တဲ့ လေးယောက်အဖွဲ့ ဆိုတာကြီးက အရမ်းကို သိသာလွန်းနေတယ်လို့ ဆိုရပါမယ်။ ပြီးတော့ သူတို့ရဲ့ ချီအရှိန်အဝါတွေကလည်း ဝရမ်းထုတ်ထားတဲ့ သူတွေရဲ့ ချီအရှိန်အဝါတွေနဲ့ ဆင်တူနေပါသေးတယ်။ အဲသည်အတွက် သူတို့ကို မှတ်မိသွားတာကလည်း မထူးဆန်းလှပါဘူး။

အဲသည် ပြန်လည်ဝင်စားခြင်း နယ်ပယ် ပညာရှင်ဆီက သတင်းပို့မှုကို ရအပြီးမှာတော့ အနီးအနား စီရင်စုတွေက များပြားလှတဲ့ မူလပင်လယ်နယ်ပယ် ဘုရင် အုပ်စုကြီးဟာ လီဖူချန်းတို့နောက်ကို ခြေရာခံ လိုက်ပါတော့တယ်။

အထူးသဖြင့် နတ်ကျက်သရေ အင်ပိုင်ယာနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ကပ်ဘေးမဲ့ စီရင်စုက မူလပင်လယ်နယ်ပယ် ဘုရင်တွေပါပဲ။

***

ကောင်းကင်ယံ တစ်နေရာ ………

" သေကြစမ်း "

အသံနက်ကြီးနဲ့အတူ လီဖူချန်းဟာ အရှေ့ကို တိုးထွက်လိုက်ပြီး ဓားချက်တစ်ချက် ထုတ်လိုက်ပါတယ်။

သူတို့လေးယောက်ကိုတော့ ဘယ်အချိန်ကတည်းနေ ဘယ်လို စောင့်ပြီး ထောင်ချောက်ဆင်ထားတယ် မသိတဲ့ ပိုက်ကွန်ကြီး တစ်ခုကို အုပ်မိုးနေခဲ့ပါပြီ။  လီဖူချန်းနဲ့ သူ့လူတွေဟာ ပိုက်ကွန်ထဲမှာ မိနေတဲ့ ငါးတွေရဲ့ ဘဝကို အချိန်မရွေး ရောက်သွားနိုင်တဲ့ အခြေအနေ ဆိုရင်လည်း မမှားပါဘူး။

ရွှမ်း……ရွှမ်း……ရွှမ်း……

လီဖူချန်းရဲ့ ဘုံခုနစ်ဆင့် ကောင်းကင်ဓားက မူလပင်လယ်နယ်ပယ် ဘုရင် သုံးပါးကို အပိုင်းပိုင်းဖြစ်အောင် ခုတ်ပိုင်းပစ်လိုက်ပါတယ်။ နောက်ထပ် မူလပင်လယ်နယ်ပယ် ဘုရင် နှစ်ပါးကတော့ မသေပေမယ့်လည်း သွေးအလူးလူး ဖြစ်နေခဲ့ပါပြီ။

ဘုန်း……ဘုန်း……

ဒါပေမဲ့လည်း သူတို့ဟာ အသက်ဆက်ပြီး ရှင်ခွင့် မရလိုက်ပါဘူး။ဘာဖြစ်လို့လဲ ဆိုတော့ လေ့တုံးဟိုင်တို့ သုံးယောက်က သူတု့ိကို ဇာတ်သိမ်းပေးလိုက်လို့ပါပဲ။

" ဒါက တတိယမြောက် အုပ်စုပဲ။ နောက်ထပ် သည်လိုအုပ်စုမျိုး ဘယ်နှစ်စုနဲ့ ကြုံရဦးမှာပါလိမ့် "

မူလပင်လယ် နယ်ပယ် ဘုရင်အုပ်စုကို အမြစ်ပြတ် သုတ်သင်ပြီးတဲ့   နောက်မှာတော့ လေ့တုံးဟိုင်က မျက်နှာပျက်ပျက်နဲ့ ညည်းတွားလိုက်ပါတယ်။

လီဖူချန်းက မချိပြုံး ပြုံးလိုက်ပြီး

" ကျွန်တော်တို့လေးယောက် အတူတူ ခရီးသွားနေတာက အရမ်း သိသာလွန်းနေတာ ဖြစ်မယ် ။ လာပါ …… အစ်ကိုလေ့။ ကျွန်တော်တို့ ဆက်ပြီး အချိန်ဖြုန်းနေလို့ မဖြစ်ဘူး။ ကျွန်တော်တို့ နတ်ကျက်သရေ အင်ပိုင်ယာကို မြန်မြန်ရောက်မှ အသက်အန္တရာယ်ကနေ လွတ်မှာ "

အခုအခြေအနေက သူတို့လေးယောက်အတွက် စိတ်ချရတဲ့ အခြေအနေ မဟုတ်သေးပါဘူး။ အဲသည်အတွက် သူတို့ လေးယောက်အနေနဲ့ နတ်ကျက်သရေဂိုဏ်းရဲ့ အာဏာစက် စိုးမိုးရာ နေရာကို အမြန်ဆုံး ရောက်အောင် သွားနိုင်မှ တော်ကာ ကျပါလိမ့်မယ်။

နောက်ထပ် နာရီအနည်းငယ် အကြာမှာတော့ လီဖူချန်းတို့ လေးယောက်ဟာ နောက်ထပ် မူလပင်လယ်နယ်ပယ် ဘုရင် တစ်စုနဲ့ ထပ်တိုးမိပြန်ပါတယ်။

လီဖူချန်းတို့ကတော့ ကံဆိုးတယ်လို့ပဲ ဆိုရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲသည်လူစုမှာက  မူလပင်လယ် နယ်ပယ် ဘုရင် သုံးပါးသာ ပါပေမယ့် အဲသည်ထဲက တစ်ပါးဟာ အဆင့်၇ မူလပင်လယ်နယ်ပယ် ဘုရင် ဖြစ်နေလို့ပါပဲ။အဲသည်အတွက် လေ့တုံးဟိုင်တို့တတစ်တွေဟာ မျက်နှာ ပျက်နေခဲ့ကြပါပြီ။

သူတို့က လီဖူချန်းရဲ့ အစွမ်းကို ကောင်းကောင်းကြီး သိထားကြသူတွေပါ။ လီဖူချန်းအနေနဲ့ အချိန်အနည်းငယ် ပေးပြီး အားစိုက်ထုတ်လိုက်မယ်ဆိုရင်  မူလပင်လယ်နယ်ပယ် အလယ်အလတ် အဆင့်က ဘုရင်တွေကိုတောင် သေချာပေါက် သတ်ဖြတ်နိုင်မှာ ဖြစ်ပေမယ့် အဆင့်မြင့် မူလပင်လယ် နယ်ပယ် ဘုရင်တစ်ပါးကို သတ်ဖြတ်ဖို့ ဆိုတာကတော့ လုံးဝ ခဲယဉ်းလွန်းတဲ့ အရာပါပဲ။ အဲဒါက ယေဘုယျအားဖြင့် လုံးဝ မဖြစ်နိုင်ဘူးလို့တောင် ပြောမယ်ဆို ပြောလို့ ရနေပါပြီ။

" ဟား…ဟား…… မင်းတို့က ရုပ်လေး နည်းနည်းပါးပါး ဖျက်တတ်တာနဲ့ ငါလို ကြယ်ပြာဘုရင်ရဲ့ မျက်လုံးကို လှည့်စားနိုင်မယ် ထင်နေတာလား ……။  မင်းတို့လေးယောက် ငါ့ဆီမှာ ကြည်ကြည်သာသာ အညံ့ခံမလား ဒါမှမဟုတ် ငါကိုယ်တိုင် မင်းတို့ကို ဆုံးမရမလား "

ကြယ်ပြာဘုရင်က လှောင်ရယ်သံ အနည်းငယ် စွက်ဖက်နေတဲ့ လေသံနဲ့ လီဖူချန်းတို့ကို ပြောလိုက်ပါတယ်။သူက လီဖူချန်းတို့ကို လှောင်အိမ်ထဲက ကြက်ကလေး၊ ငှက်ကလေးတွေလို သဘောထားနေတာ အသိသာကြီးပါပဲ။

ကြယ်ပြာဘုရင်ဆိုတာကတော့ ကြယ်၇ပွင့် ကြယ်အလင်း အရိုးတည်ဆောက်ပုံ ပိုင်ရှင်ဖြစ်ပြီး မူလပင်လယ်နယ်ပယ် အဆင့်၇ကို ရောက်ရှိနေခဲ့ပါပြီ။ သူ့ရဲ့ အရိုးတည်ဆောက်ပုံကြောင့် သူဟာ သာမန် အဆင့်၇  မူလပင်လယ်နယ်ပယ် ဘုရင်တွေထက်ကို ပိုအစွမ်းထက်ပြီး အဆင့်၉ မူလပင်လယ်နယ်ပယ် ဘုရင်တွေကိုတောင်မှ မျက်လုံးထဲ သိပ်မထည့်ပါဘူး။ ဒါကြောင့်လည်းသူက လီဖူချန်းတို့ကို  လှောင်အိမ်ထဲက ကြက်ကလေး၊ ငှက်ကလေးတွေလို သဘောထားနေ ခဲ့တာပါ။

" အစ်ကိုတို့သုံးယောက်က တခြား မူလပင်လယ်နယ်ပယ် ဘုရင်နှစ်ပါးကို တာဝန်ယူပြီး မြန်မြန်သတ်။ ကျွန်တော်က ကြယ်ပြာ ဘုရင်ကို ထိန်းထားရင်းနဲ့  အစ်ကိုတို့ကို ကူပေးမယ် "

တကယ်လို့သာ သူ့အနေနဲ့ ခန္ဓာကိုယ် အပြင်အား ကျင့်ကြံခြင်းမှာ မူလပင်လယ်နယ်ပယ်ကို မရောက်သေးဘူး ဆိုရင်တော့ လီဖူချန်းဟာ အခုလို စကား ပြောဝံ့မှာ မဟုတ်ပါဘူး။ ဒါပေမဲ့လည်း အခုတော့ သူ့ရဲ့ ခန္ဓာကိုယ် အပြင်အား ကျင့်ကြံခြင်းဟာ မူလပင်လယ်နယ်ပယ်ကို ရောက်ရှိနေခဲ့ပါပြီ။  အဲသည်အတွက်ကြောင့်လည်း လီဖူချန်းဟာ ကြယ်ပြာဘုရင်ကို တစ်ယောက်ချင်း ရင်ဆိုင်ရာမှာ ခေတ္တခဏ ထိန်းထားနိုင်မယ်လို့  ယုံကြည်မှု အနည်းငယ် ရှိနေခဲ့တာပါ။

" မြန်မြန် လုပ် "

ပြောပြီးတာနဲ့ တစ်ပြိုင်နက် လီဖူချန်းဟာ အချိန် ဆွဲမနေတော့ဘဲ ကြယ်ပြာဘုရင်ဆီကို တိုးဝင်သွားပါတော့တယ်။

ကြယ်ပြာဘုရင်ကတော့ အေးအေးဆေးဆေးပါပဲ။ သူက သူ့ဆီတိုးဝင်လာတဲ့ လီဖူချန်းကို မခိုးမခန့် ကြည့်ပြီး ဘေးမှာရှိတဲ့ သူ့အဖော် နှစ်ယောက်နဲ့တောင် စကား အပြန်အလှန် ပြောနေလိုက်ပါသေးတယ်။

" ဟိုကလေးသုံးယောက်ကို မင်းတို့အတွက် ထားပေးခဲ့လိုက်မယ်။ ပြသနာ မရှိဘူးမလား "

" မစိုးရိမ်ပါနဲ့…… ကြယ်ပြာဘုရင်။ အဲသည်ကလေး သုံးယောက်က မူလပင်လယ် နယ်ပယ် အဆင့်၁မှာပဲ ရှိပါသေးတယ်။ သည်လောက်ကတော့ ကျွန်တော် တစ်ယောက်တည်းနဲ့တင် ကိစ္စပြတ်ပါတယ် "

ကြယ်ပြာဘုရင်ကို ရဲရဲကြီး အာမခံလိုက်သူကတော့ သိမ်းငှက်နှုတ်သီးလို ကောက်နေတဲ့ နှာခေါင်းပိုင်ရှင်ပါပဲ။

" ဟုတ်ပြီ။ ဒါပေမဲ့ မပေါ့ဆနဲ့ "

စကားဆုံးတဲ့နောက်မှာတော့ ကြယ်ပြာဘုရင်ဟာ သူ့ရဲ့ အပြာရောင်  ချိတ်ကောက်ဓားကို ရုတ်တရက် ဆွဲထုတ်လိုက်ပြီး လီဖူချန်းကို ဆီးကြိုလိုက်ပါတယ်။

ထန်……

အပြာရောင် ချိတ်ကောက်ဓား နဲ့ ဘုံခုနစ်ဆင့်ဓားတို့ ထိပ်ဆိုင်ရင်ဆိုင်အတွေ့မှာတော့ လီဖူချန်းဟာ အနောက်ကို လွင့်ထွက်သွားခဲ့ရပါပြီ။

" ကြယ်၇ပွင့် ပထမတန်းစား အထူးအရိုး တည်ဆောက်ပုံလား "

တစ်ဖက်လူရဲ့ အရိုးတည်ဆောက်ပုံကို သတိပြုမိလိုက်တဲ့ အခါမှာတော့ လီဖူချန်းဟာ မျက်နှာ မကောင်းတော့ပါဘူး။

အရင်အကြိမ်တွေတုန်းကဆိုရင် သူဟာ အဆင့်၆ မူလပင်လယ်နယ်ပယ် ဘုရင်တွေနဲ့သာ ကြုံခဲ့ရတာပါ။ ဒါပေမဲ့လည်း အခုတော့ သူဟာ အဆင့်၇ မူလပင်လယ်နယ်ပယ် ဘုရင်ကိုတောင်မှ ပထမတန်းစား အထူးအရိုး တည်ဆောက်ပုံ ပိုင်ရှင်နဲ့ ကြုံနေရပါပြီ။

တကယ်လို့သာ ကြယ်ပြာဘုရင်က သာမန် အဆင့်၇ မူလပင်လယ်နယ်ပယ် ဘုရင်ဆိုရင်တောင်မှ သူ့အတွက် မျှော်လင့်ချက် နည်းနည်း  ရှိရင် ရှိပါဦးမယ်။ အခုတော့ ဘာမှ မျှော်လင့်စရာ မရှိပါဘူး။

သူတို့နှစ်ယောက် ထိပ်တိုက် တွေ့ဆုံမှုမှာ လီဖူချန်းတစ်ယောက် အံ့သြသွားတာ မှန်ပေမယ့် လီဖူချန်းထက် ပိုပြီး အံ့သြနေသူကတော့ ကြယ်ပြာဘုရင်ပါပဲ။

သူ့ရဲ့ ဓားချက်ဟာဆိုရင် အလွန်အမင်း အားကောင်းပြီး ရက်စက်တာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း အဲသည်ဓားချက်ကို လီဖူချန်းကိုတော့ ဒဏ်ရာရအောင် မစွမ်းဆောင်နိုင်ခဲ့ပါဘူး။

" ကောင်းကင်အဆင့် ရှေးဟောင်း ရတနာဓား နဲ့ မူလပင်လယ်နယ်ပယ် ခန္ဓာကိုယ် အပြင်အား ကျင့်ကြံသူလား "

မူလပင်လယ်နယ်ပယ် အဆင့်၇ထိ ရောက်အောင် ကျင့်ကြံနိုင်ခဲ့တဲ့ ကြယ်ပြာဘုရင်ကလည်း ငတုံး၊ငအ တစ်ယောက် မဟုတ်ပါဘူး။ သူက တစ်ချက်လောက် အကဲခတ်လိုက်တာနဲ့ လီဖူချန်းတစ်ယောက် ဘာဖြစ်လို့ သူ့ရဲ့ တိုက်ခိုက်မှုအောက်မှာ ဒဏ်ရာမရဘဲ နေနိုင်ရတာလဲ ဆိုတဲ့ အဖြေကို တန်းသိလိုက်ပါတယ်။

သူ့ရဲ့ အမြင်မှာတော့ လီဖူချန်းဟာ တော်တော်လေး ပါရမီအခံကောင်းသူ တစ်ယောက်လို့ ဆိုရပါမယ်။ ချီအတွင်းအား ကျင့်ကြံခြင်း သက်သက်မှာတောင်မှ လီဖူချန်းဟာ အနည်းဆုံး ကြယ်၃ပွင့် ဗိုလ်ချုပ်အဆင့်ပါပဲ။  ကောင်းကင်အဆင့် ရှေးဟောင်း ရတနာဓား နဲ့ မူလပင်လယ်နယ်ပယ် ခန္ဓာကိုယ် အပြင်အား ကျင့်ကြံမှုကို ထပ်ပေါင်းလိုက်တဲ့ အခါမှာတော့ လီဖူချန်းတစ်ယောက် သူ့ရဲ့ တိုက်ခိုက်မှုကို ခံနိုင်တာ ဘာမှ မထူးဆန်းတော့ပါဘူး။

' မဖြစ်ဘူး။ သည်ကောင်စုတ်လေးကို မရရအောင် သတ်မှ ရမယ်'

ကြယ်ပြာဘုရင်က လီဖူချန်းရဲ့ လက်ထဲက ဓားကို ကြည့်နေရင်းနဲ့ လိုအင်တပ်မက်မှု ဆန္ဒတွေ တဖွားဖွား ဖြစ်ပေါ်လာခဲ့ပါပြီ။ သူက လီဖူချန်းကို လုံးဝ လက်လွှတ်မခံဖို့ကိုလည်း စိတ်ထဲကနေ သူ့ကိုယ်သူ သတိပေးနေမိပါတယ်။ ဒါက အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး လေးသန်းအပြင် ကောင်းကင်အဆင့် ရှေးဟောင်းရတနာ ဓားတစ်လက်ကိုပါ ရမယ့် အခွင့်အရေးပါ။ အဲသည်အတွက် သူ့အနေနဲ့ သည်အခွင့်အရေးကို  ရအောင် ဆုပ်ကိုင်ရပါလိမ့်မယ်။

လီဖူချန်းဟာ အလွယ်တကူနဲ့ ဒဏ်ရာ မရနိုင်ဘူး ဆိုတာကို သိပြီးတဲ့နောက်မှာတော့ ကြယ်ပြာဘုရင်ဟာ သူ့ရဲ့ အစွမ်းတွေကို ထိမ်ချန် မထားတော့ပါဘူး။ သူက သူ့ရဲ့ ကြယ်ပြာ ချိတ်ကောက်ဓားသိုင်းကို  အားကုန်ထည့်ပြီး ထုတ်လိုက်ပါတော့တယ်။

ရွှမ်း……ရွှမ်း……ရွှမ်း……ရွှမ်း……ရွှမ်း……

ကောင်းကင်တစ်ခုလုံးကိုတော့ အပြာရောင် ချိတ်ကောက်ဓားရိပ်တွေနဲ့ လွှမ်းခြုံသွားခဲ့ပါပြီ။ သည်ချိတ်ကောက်ဓား အရိပ်တွေဟာ အလွန်အမင်း ရက်စက်ပြီး ညှာတာမှု ကင်းမဲ့တယ် ဆိုတာကိုတော့ အထူးတလည် ပြောနေဖို့ မလိုပါဘူး။

ဝုန်း……ဝုန်း……ဝုန်း……

သည်ဓားရိပ်တွေထဲကနေ မြေပြင်ပေါ်ကို ကျရောက်သွာတဲ့ တချို့ကတော့ မပေါက်ကွဲခင်မှာ မြေပြင်ကို အပိုင်းပိုင်းဖြစ်အောင် ခုတ်ပိုင်းပစ်ပါတယ်။

" အညှာအတာမဲ့ မျောလွင့်မီးလျှံ "

တစ်ဖက်ရန်သူက ပညာလျှိုထားခြင်း မရှိဘဲ အစွမ်းကုန် ထုတ်သုံးပြီး တိုက်ခိုက်လာတာကို သတိပြုမိပေမယ့်လည်း လီဖူချန်းက သူ့ရဲ့ အကြွင်းမဲ့ ကောင်းကင်ဘုံ ဓားသိုင်းကို ထုတ်သုံးဖို့ မစဉ်းစားသေးပါဘူး။ သူက အဲသည် အကြွင်းမဲ့ ကောင်းကင်ဘုံ ဓားသိုင်းအစား အညှာအတာမဲ့ မျောလွင့်မီးလျှံကိုသာ ထုတ်သုံးလိုက်ပါတယ်။ သူ့ရဲ့ အကြွင်းမဲ့ ကောင်းကင်ဘုံ ဓားသိုင်းက တကယ့်သေရေးရှင်ရေး အခိုက်အတန့်မှာ ကြယ်ပြာဘုရင်အပေါ် အလစ်အငိုက်ဖမ်းပြီး သုံးမှ ပိုသက်ရောက်မှု ရှိလိမ့်မယ် ဆိုတာကို လီဖူချန်းတစ်ယောက် ကောင်းကောင်းကြီး တွက်ဆထားခဲ့ပြီးပါပြီ ။ အခုအချိန်က အကြွင်းမဲ့ ကောင်းကင်ဘုံ ဓားသိုင်းကို ထုတ်သုံးဖို့ အချိန်ကောင်း မဟုတ်သေးပါဘူး။

ဘန်း…ဘန်း…ဘန်း……

အပြာရောင် ချိတ်ကောက်ဓားရိပ်တွေက လီဖူချန်းအနားမှာ ပေါက်ကွဲကုန်ပြီး သူ့ကို တော်တော်ဝေးဝေးအထိ လွင့်ထွက်သွားစေပါတယ်။

တကယ်လို့ လီဖူချန်းကသာ ခန္ဓာကိုယ် သန့်စင်ခြင်း လမ်းစဉ်မှာ အတော်ဝေးဝေးအထိ ခရီး ပေါက်မနေဘူးဆိုရင်တော့  သေလုနီးပါး ဒဏ်ရာ ရသွားမှာ အသေအချာပါပဲ။

တခြားတစ်ဖက်မှာတော့ လေ့တုံးဟိုင်၊ယွန်လုံ၊ကုချူးယီတို့နဲ့ သိမ်းငှက်နှာခေါင်းပိုင်ရှင်၊ ထိပ်ပြောင်လူကြီးတို့ရဲ့ တိုက်ပွဲဟာ အတော်လေး ပြင်းထန်နေခဲ့ပါပြီ။ သူတို့ရဲ့ တိုက်ပွဲက တကယ့် အထွတ်အထိပ်ကို ရောက်လုခင်လေးမှာတင်ပဲ လိပ်ပြာ အသိစိတ်အာရုံ တ်ုက်ခိုက်မှု နှစ်ခုဟာ သိမ်းငှက်နှာခေါင်းပိုင်ရှင် နဲ့ ထိပ်ပြောင်လူကြီးတို့ရဲ့ စိတ်နယ်ပယ်ထဲကို ရုတ်တရက် ဝင်ရောက်လာခဲ့ပါတယ်။

လီဖူချန်းရဲ့ ချီအတွင်းအား ကျင့်ကြံမှုက တိုက်ပွဲဝိညာဉ်နယ်ပယ်ရဲ့ အထွတ်အထိပ်ကို ရောက်ပြီးတဲ့နောက်မှာတော့ သူ့ရဲ့ လိပ်ပြာအသိစိတ်အာရုံ တိုက်ခိုက်မှုဟာ အရင်ကထက် အများကြီး ပိုအစွမ်း ထက်လာခဲ့ပါတယ်။ ဒါပေမဲ့လည်း သည်ကိစ္စ မတိုင်မီအထိ  သူ့ရဲ့ လိပ်ပြာ အသိစိတ်အာရုံ တိုက်ခိုက်မှုနဲ့ ထိုက်တန်တဲ့သူတွေကို မတွေ့ရသေးတဲ့အတွက် လီဖူချန်းဟာ သူ့ရဲ့ လက်ရှိ အစွမ်းကို သေသေချာချာ မသိပါဘူး။

"   အား   '"

သိမ်းငှက်နှာခေါင်းပိုင်ရှင် နဲ့၊ ထိပ်ပြောင်လူကြီးတို့ဟာ ကြောက်လန့်တကြား ပြိုင်တူ အော်ဟစ်လိုက်ကြပါတယ်။ အကြောင်းအရင်းကတော့ သူတို့စုစည်းထားတဲ့ ချီအတွင်းတွေဟာ ရုတ်တရက် ပြိုကွဲသွားလို့ပါပဲ။ ပြီးတော့ သူတို့ရဲ့ ချီအကာအကွယ်တွေဟာလည်း မတည်မငြိမ် ဖြစ်နေခဲ့ပါပြီ။

" မိုးကြိုး နတ်ဘုရားတူ "

" အာရဟတ် အစစ်အမှန် ပုံရိပ် "

" တောက်ပခြင်းဓား "

လေ့တုံးဟိုင်တို့ သုံးယောက်ဟာ အခွင့်အရေးကို လုံးဝ လက်လွှတ်မခံပါဘူး။ သူတို့က သူတို့ရဲ့ နတ်ဘုရားစွမ်းရည်တွေကို အစွမ်းကုန် ထုတ်သုံးလိုက်ပြီး သိမ်းငှက်နှာခေါင်းပိုင်ရှင် နဲ့ ထိပ်ပြောင်လူကြီးကို တိုက်ခိုက်လိုက်ပါတယ်။

ဂျွတ်……ဂျွတ်……

ဘန်း……

" ဝေါ့ "

အရိုးကျိုးသံတွေနဲ့အတူ  သိမ်းငှက်နှာခေါင်းပိုင်ရှင် နဲ့ ထိပ်ပြောင်လူကြီးတို့ဟာ သွေးအန်ပြီး အနောက်ကို လွင့်ထွက်သွားခဲ့ကြပါပြီ။

" ခွေးမသားတွေ …… မင်းတို့ထဲမှာ လိပ်ပြာအသိစိတ်အာရုံ ကျင့်ကြံသူ ပါနေတာလား "

ထိပ်ပြာင်ကြီးက နာကျင်မှုတွေကို မျိုသိပ်ပြီး အော်ဟစ်ဆဲဆို နေပါတယ်။

လိပ်ပြာ အသိစိတ်အာရုံ ကျင့်ကြံသူတွေဆိုတာက ကြောက်စရာ အကောင်းဆုံး ကျင့်ကြံသူတွေထဲမှာ အပါအဝင် ဖြစ်ပြီး ပုံရိပ်ယောင် ကျင့်ကြံသူတွေနဲ့ ထူးမခြားနားပါပဲ။ သူတို့တွေရဲ့ အစွမ်းကိုက ကျင့်ကြံမှု အဆင့်နဲ့ တိုင်းတာလို့ မရပါဘူး။

" သေကြစမ်း "

လေ့တုံးဟိုင်တို့ သုံးယောက်က  သိမ်းငှက်နှာခေါင်းပိုင်ရှင် နဲ့ ထိပ်ပြောင်လူကြီးကို ဇာတ်သိမ်းပေးဖို့အတွက် ပွဲသိမ်းတိုက်ကွက်တွေကို ထုတ်သုံးလာကြပြန်ပါတယ်။

" ကြယ်ပြာဘုရင် …… ကျွန်တော်တို့ကို ကယ်ပါဦး "

သိမ်းငှက်နှာခေါင်းပိုင်ရှင်ကတော့ အလွန်အမင်း ကြောက်ရွံ့နေတာ အသိသာကြီးပါပဲ။ အမှန်ဆိုရင် သူက သူ့ရဲ့ အစွမ်း ၉၀ ရာခိုင်နှုန်း နီးပါးကို ထုတ်သုံးနိုင်သေးပေမယ့်လည်း အကြောက်တရားရဲ့  လွှမ်းမိုးမှုကြောင့် သူဟာ အစွမ်း ၁၀ ရာခိုင်နှုန်းကိုတောင် ထုတ်မသုံးနိုင်တော့ပါဘူး။

ဒါကြောင့်လည်း သူက အရှက်တရားကိုတောင် မငဲ့ကွက်တော့ဘဲ ကြယ်ပြာဘုရင်ကို လှမ်းပြီး အကူအညီ တောင်းလိုက်ရတာပါ။

ကြယ်ပြာဘုရင်က မျက်မှောင်ကြုတ်လိုက်ပြီး လေ့တုံးဟိုင်တို့ကို လှမ်းတားလိုက်ပါတယ်။

" ခွေးသူတောင်းစားလေးတွေ …… အခုချက်ချင်း ရပ်လိုက်စမ်း။ မဟုတ်လို့ကတော့ ငါ့အရှေ့က ခွေးလေးကို ဖမ်းပြီးရင် မင်းတို့ကို သတ်ပစ်မယ် "

လေ့တုံးဟိုင်တို့ သုံးယောက်ကတော့ ကြယ်ပြာဘုရင်ရဲ့ စကားကို အဖက်တောင် မလုပ်ကြပါဘူး။ တကယ့်ကို ဟာသပါပဲ။ ကြယ်ပြာဘုရင်က ဘာမို့လို့ သူတို့က သူ့ရဲ့ စကားကို နားထောင်ရမှာတဲ့လဲ။

" ကောင်းတယ်…… အရမ်းကောင်းတယ်။ မင်းတို့က ငါ့စကားကိုတောင် ဥပေက္ခာ ပြုရဲမှတော့ ခဏနေကျရင်  မင်းတို့ကို အရှင်လတ်လတ် အရေခွံ ဆုတ်ပြမယ် "

လေ့တုံးဟိုင်တို့ သုံးယောက်က သူ့ကို အဖက်မလုပ်တာ တွေ့လိုက်ရတဲ့ အခါမှာတော့ ကြယ်ပြာဘုရင်ဟာ ဒေါသအကြီးအကျယ် ထွက်သွားခဲ့ပါတယ်။ ဒါပေမဲ့လည်း သူက လေ့တုံးဟိုင်တို့ကို ကြားဖြတ်ပြီး မတိုက်ခိုက်ပါဘူး။ သူက  သိမ်းငှက်နှာခေါင်းပိုင်ရှင် နဲ့ ထိပ်ပြောင်လူကြီးရဲ့ အသက်ကို လျစ်လျူရှုလိုက်ပြီး လီဖူချန်းကိုသာ အာရုံစိုက်လိုက်ပါတော့တယ် ။ အခုအချိန်မှာ သူ့အတွက် အရေးအကြီးဆုံးကတော့ လီဖူချန်းပါပဲ။ တကယ်လို့ လီဖူချန်းကိုသာ ဖမ်းလိုက်နိုင်မယ်ဆိုရင် သူ့အတွက်က အရာရာ အဆင်ပြေ ချောမွေ့သွားပါပြီ။

" အရိပ်တစ်ထောင် ချိတ်ကောက်ဓား "

နောက်ဆုံးမှာတော့ ကြယ်ပြာဘုရင်ဟာ သူ့ရဲ့ ပွဲသိမ်းတိုက်ကွက်ကို ထုတ်သုံးလာခဲ့ပါပြီ။ သူက သည်တိုက်ကွက်ကြောင့် လီဖူချန်း သေသွားမှာကို လုံးဝ မစိုးရိမ်ပါဘူး။ လီဖူချန်းရဲ့ ခန္ဓာကိုယ်က သည်တိုက်ကွက်ကို အပြည့်အဝ ခံလိုက်ရရင်တောင်မှ ဒဏ်ရာ အကြီးအကျယ် ရရုံပဲ ရှိမှာပါ။

ဒါပေမဲ့လည်း ကြယ်ပြာဘုရင်က သူ့ကိုယ်သူ အထင်ကြီးလွန်း သွားခဲ့ပါတယ်။

အရှေ့မြစ်ဖျား စီရင်စုကနေ ကပ်ဘေးမဲ့ စီရင်စုကို လာခဲ့တဲ့ ခြောက်လအတွင်းမှာ လီဖူချန်းက အလကား နေခဲ့တာ မဟုတ်ပါဘူး။ သူက ခရီးရပ်နားတဲ့ အခိုက်အတန့်တွေမှာဆိုရင် သူ့ရဲ့ သက်တံနီ နတ်ဘုရားမီးတောက် ကျင့်စဉ် အဆင့်၃၅ကို တီထွင်နေခဲ့တာပါ။ သူ့ရဲ့ ကြိုးစားလုပ်ဆောင်မှုက တကယ်လည်း အလုပ်ဖြစ်ခဲ့ပြီး လွန်ခဲ့တဲ့ လဝက်ကပဲ သူဟာ သူ့ရဲ့ သက်တံနီ နတ်ဘုရားမီးတောက် ကျင့်စဉ် အဆင့်၃၅ကို အောင်အောင်မြင်မြင် တီထွင်နိုင်ခဲ့ပါတယ် ။ ပြီးတော့ သူ့ရဲ့ လက်ရှိ သက်တံနီ နတ်ဘုရားမီးတောက် ကျင့်စဉ်ဟာ မီးတာအို ကျင့်စဉ်သက်သက် မဟုတ်တော့ပါဘူး။ အဲဒါက လီဖူချန်းရဲ့ ဓားတာအို နားလည်သဘောပေါက်မှုနဲ့လည်း ပေါင်းစပ်ထားပါသေးတယ်။

အလွန်အကျူး ချ့ဲကားပြောဆိုတာတော့ မဟုတ်ပါဘူး။ လက်ရှိ လီဖူချန်းရဲ့ သက်တံနီ နတ်ဘုရားမီးတောက်ကျင့်စဉ်ဟာ မီးတာအို နဲ့ ဓားတာအို ပေါင်းစပ်နေတဲ့ ကျင့်စဉ်တစ်ခုကို ဖြစ်နေပြီး သာမန် မီးတာအို ကျင့်စဉ်ထက်ကို ပိုပြီး အစွမ်း ထက်နေခဲ့ပါပြီ။

တကယ်လို့သာ ကြယ်ပြာဘုရင်အနေနဲ့ ကြယ်၇ပွင့် ပထမတန်းစား အထူးအရိုး တည်ဆောက်ပုံကို ပိုင်ဆိုင်ထားခြင်း မရှိဘူး ဆိုရင်တော့ လီဖူချန်းဟာ သိပ်ပြီး အခက်တွေ့မှာ မဟုတ်ပါဘူး။ တကယ်လို့ သူ့အနေနဲ့ တစ်ဖက်လူကို အနိုင်မယူနိုင်ဘူး ဆိုရင်တောင်မှပဲ အောက်စည်း မရောက်အောင် ထိန်းထားနိုင်လောက် ပါသေးတယ်။

ဘန်း……

သည်တစ်ကြိမ်မှာ အနောက်ကို လွင့်ထွက်သွားခဲ့သူကလည်း လီဖူချန်းပါပဲ ။ သူ့ရဲ့ ခန္ဓာကိုယ်က ဘာဒဏ်ရာမှ မရဘူး ဆိုပေမယ့်လည်း အရင်တစ်ကြိမ်နဲ့ မတူတာကတော့  သူ့ရဲ့ သွေးနဲ့ချီလည်ပတ်မှုဟာ အနည်းငယ် ပရမ်းပတာ ဖြစ်သွားခဲ့ပါတယ်။

အဲသည်အချိန် တခြားတစ်ဖက်မှာတော့ ထိပ်ပြောင်လူကြီးဟာ လေ့တုံးဟိုင်တို့ သုံးယောက်ရဲ့ လက်ချက်နဲ့ အသက်ပျောက်သွားခဲ့ပါပြီ။ သိမ်းငှက်နှာခေါင်းပိုင်ရှင် လူကြီးကလည်း သေမင်းတံခါးဝနဲ့ ဘယ်လောက်မှ မကွာတော့ပါဘူး။

" ခွေးမသားလေးတွေ …… ရမ်းကားချင်တိုင်း ရမ်းကားနေကြတယ်ပေါ့လေ "

" ကြယ်အလင်း စွမ်းအား "

" သေစမ်း "

ကြယ်ပြာဘုရင်က ပါးစပ်ကနေ ဆဲဆို ကြိမ်းမောင်းနေပေမယ့်လည်း သူ့ရဲ့ ပစ်မှတ်ကတော့ လီဖူချန်းမှ လီဖူချန်းပါပဲ။

ရွှီး………

ဘန်း………

ကြယ်အလင်း စွမ်းအားတွေ ပါဝင်နေတဲ့ ချိတ်ကောက်ဓားပြာ အရိပ်ဟာ လီဖူချန်းရဲ့ ရင်ဘတ်ပေါ်ကို တိတိကျကျကြီး ထိမှန်သွားခဲ့ပါပြီ။

" ဝေါ့ "

လီဖူချန်းက သွေးစိမ်းရှင်ရှင် တစ်လုတ်ကို အန်ထုတ်လိုက်ပြီး အနောက်ကို တစ်ရှိန်ထိုး ဆုတ်ပေးလိုက်ရပါတယ်။ သူ့ရဲ့ ခန္ဓာကိုယ်က ဘယ်လောက်ပဲ ကြံ့ခိုင်တယ် ဆိုပေမယ့်လည်း  သည်ကြယ်အလင်း စွမ်းအားကိုတော့ တောင့်ခံနိုင်စရာ အကြောင်း မရှိသေးပါဘူး။

***

All Chapters