← Chapters

မီးကပ်ဘေး၊ ဓားကပ်ဘေး

Vol. 44 Ch. 590

မီးကပ်ဘေး၊ ဓားကပ်ဘေး

Vol. 44 Ch. 590

" အား "

အဲသည်အချိန်မှာပဲ သိမ်းငှက်နှာခေါင်းပိုင်ရှင်ရဲ့ အသံနက်ကြီးဟာ ပေါ်ထွက်လာခဲ့ပါတယ်။ လုံးဝ သံသယ ဝင်နေစရာ မလိုပါဘူး။ သူက လေ့တုံးဟိုင်တို့ သုံးယောက်ရဲ့ လက်ချက်နဲ့ အသက်ပျောက်သွားပြီဆိုတာ  အသိသာကြီးပါပဲ။

" အချိန်ကျပြီ "

လီဖူချန်းက သည်အချိန်ကို စောင့်နေတာ အတော်လေး ကြာနေခဲ့ပြီလို့ ဆိုရပါမယ်။  သူက သိမ်းငှက်နှာခေါင်းပိုင်ရှင် သေတာနဲ့ တစ်ပြိုင်နက် သူ့ရဲ့ လိပ်ပြာအသိစိတ်အာရုံ တိုက်ခိုက်မှုကို စတင်ပါတော့တယ်။

" အာ့ "

လီဖူချန်းရဲ့ အလစ်ဖမ်း တိုက်ခိုက်မှုကို ခံလိုက်ရတဲ့ ကြယ်ပြာဘုရင်ဟာ အနည်းငယ်တောင် ကိုယ်ဟန်ပျက် ယိမ်းယိုင်သွားသလိုပါပဲ။

ဒါတောင်မှ သူက အစောကြီးကတည်းက ကြိုပြီး လိပ်ပြာအသိစိတ်အာရုံ ခုခံမှု နည်းစနစ်ကို အသက်သွင်းထားခဲ့တာပါ။ ဒါပေမဲ့လည်း  သူ့ရဲ့ ကာကွယ်မှုဟာ အလုပ်မဖြစ်ခဲ့ပါဘူး။

လီဖူချန်းရဲ့ လိပ်ပြာအသိစိတ်အာရုံ တိုက်ခိုက်မှုနဲ့ ထိပ်တိုက် ကြုံရတဲ့ အခါမှာဆိုရငိ သူ့ရဲ့ စိတ်နယ်ပယ်ဟာ အနည်းငယ် ပရမ်းပတာ ဖြစ်သွားခဲ့ပြီး သူ့ရဲ့ အစစ်အမှန် စိတ်ဝိညာဉ်ပေါ်မှာလည်း အက်ကွဲရာလေးတစ်ခု ပေါ်လာခဲ့ပါသေးတယ်။

အဲသည်ထက် ပိုဆိုးတာက ကျင့်ကြံသူတွေရဲ့ စိတ်နယ်ပယ်ဟာ အခြား မသက်ဆိုင်တဲ့ အရာတွေ ဝင်ရောက်လာရင် အင်မတန် နာကျင်ခံစားရ တတ်တာပါပဲ။

ဒါပေမဲ့လည်း ကြယ်ပြာဘုရင်က မူလပင်လယ်နယ်ပယ် အဆင့်၇ ဘုရင် ဖြစ်နေတဲ့အပြင် ကြယ်၇ပွင့် ကြယ်အရိုးတည်ဆောက်ပုံ ပိုင်ရှင် ဖြစ်နေတဲ့အတွက် လီဖူချန်းရဲ့ လိပ်ပြာ အသိစိတ်အာရုံ တိုက်ခိုက်မှုဟာ အချိန်သိပ်ကြာကြာ သက်ရောက်မှုတော့ မရှိပါဘူး။

" ခွေးမသားလေး မင်းက တော်တော် တတ်နေတယ် ဟုတ်လား "

" သွားစမ်း "

ရွှမ်း……

ကြယ်ပြာဘုရင်က သူ့ရဲ့ အသိစိတ်ကို မရရအောင် စုစည်းလိုက်ပြီး ဓားချက်တစ်ချက် ထုတ်လိုက်ပါတယ်။

သူက သည်ဓားချက်ဟာ လီဖူချန်းကို ထိခိုက်စေလိမ့်မယ်လို့တော့ လုံးဝ မတွေးထင်ထားပါဘူး။ သူက လီဖူချန်းအနေနဲ့ လိပ်ပြာအသိစိတ်အာရုံ တိုက်ခိုက်မှုကို ဆက်ပြီး မလုပ်နိုင်တော့အောင် တားဆီးရုံသက်သက် ရည်ရွယ်ထားခဲ့တာပါ။

ဒါပေမဲ့လည်း သူ့အနေနဲ့ " မှန်းချက်နဲ့ နှမ်းထွက် " မကိုက်ခဲ့ဘူးလို့ပဲ  ဆိုရပါမယ်။ လီဖူချန်းဟာ တိုက်ခိုက်နေရင်းနဲ့လည်း လိပ်ပြာ အသိစိတ်အာရုံ တိုက်ခိုက်မှုကို မယုံနိုင်စရာ ကောင်းလောက်အောင် ပြုလုပ်နေနိုင်ပါတယ်။ ရှင်းရှင်းပြောရမယ် ဆိုရင်တော့ ကြယ်ပြာဘုရင်ရဲ့ ဓားချက်ဟာ လီဖူချန်းကို ဘာဖိအားမှ မပေးနိုင်ပါဘူး။

အခြားတစ်ဖက်မှာတော့ ကြယ်ပြာဘုရင်ရဲ့ လိပ်ပြာအသိစိတ်အာရုံ ခုခံမှုဟာ လီဖူချန်းရဲ့ လိပ်ပြာအသိစိတ်အာရုံ တိုက်ခိုက်မှုကို ပြတ်ပြတ်သားသားကြီး အညံ့ခံလိုက်ရပါပြီ။ အဲသည်အတွက် ကြယ်ပြာဘုရင်ဟာ လီဖူချန်းရဲ့ လိပ်ပြာ အသိစိတ်အာရုံ တိုက်ခိုက်မှုကို ရင်ဆိုင်ဖို့အတွက် သူ့ရဲ့ အစစ်အမှန် စိတ်ဝိညာဉ်ကို အားကိုးဖို့သာ ကျန်ပါတော့တယ်။

" မျက်လုံးတစ်ထောင် အတွေးစိတ်ကူး "

" စိတ်ကူးလိပ်ပြာ "

လီဖူချန်းကလည်း ကြယ်ပြာဘုရင်ရဲ့ အခြေအနေကို တွက်ချက်ပြီးသားပါပဲ။ အဲသည်အတွက် သူက ချက်ချင်း ပုံရိပ်ယောင် ပညာရပ်ကို ပြောင်းလဲ အသုံးပြုပြီး တိုက်ခိုက်လိုက်ပါတယ်။

" အိုး…… လှလိုက်တဲ့ နေရာလေး "

" ဟေ့…… အချောအလှလေးတွေ ငါကြယ်ပြာဘုရင်ကို လာပြီး ခစားကြစမ်း "

" ဟား……ဟား……ဟား…… ကြယ်ပြာဘုရင်တဲ့ကွ။ သည်လောကမှာ ဘယ်သူက ငါ့ကို ဖက်ပြိုင်နိုင်မှာတဲ့လဲ "

" ဝိညာဉ်ဧကရာဇ် …… ငါ့ကို မင်းရဲ့သမီးတော် ဆက်သစမ်း "

နဂိုကမှ ပရမ်းပတာ ဖြစ်နေတဲ့ ကြယ်ပြာဘုရင်ရဲ့ အသိစိတ်နယ်ပယ်ဟာ လီဖူချန်းရဲ့ စိတ်ကူးလိပ်ပြာကို ဘယ်လိုမှ မတောင့်ခံနိုင်ပါဘူး။ အဲသည်အတွက် သူဟာ ပုံရိပ်ယောင်ကမ္ဘာရဲ့ ဖမ်းစားခြင်းကို အလွယ်တကူပဲ ခံလိုက်ရပါတယ်။

အဲသည်အချိန်မှာပဲ အခွင့်အရေးကို စောင့်နေတဲ့ လီဖူချန်းကလည်း စတင် လှုပ်ရှားလာခဲ့ပါပြီ။

" မိုးနဲ့မြေကို သုတ်သင်ခြင်း "

လီဖူချန်းက  ကြောက်မက်ဖွယ်ရာ ဓားဆန္ဒ တစ်ခုကို ထုတ်လွှတ်ပြီး ကြယ်ပြာဘုရင်ကို အားကုန်  ပိုင်းချပစ်လိုက်ပါတယ်။

အားကောင်းလွန်းလှတဲ့ ဓားဆန္ဒရဲ့ အရှိန်အဝါကို ရလိုက်တဲ့ အခါမှာတော့ ကြယ်ပြာဘုရင်ဟာ အလန့်တကြားနဲ့ ပုံရိပ်ယောင်ကမ္ဘာထဲက နိုးထလာခဲ့ပါတယ်။ သူက သူ့ရဲ့ ချိတ်ကောက်ဓားကိုဆွဲပြီး ပြန်ခုခံဖို့ ကြိုးစားခဲ့ပေမယ့်လည်း သူဟာ အနည်းငယ်  နောက်ကျသွားခဲ့ပါပြီ။

ရွှမ်း……ရွှမ်း……

လီဖူချန်းရဲ့ ဓားရိပ်တွေဟာ ကြယ်ပြာဘုရင်ကို ဗဟိုထားပြီး ပိုင်းဖြတ်သွားတဲ့အတွက် ကြယ်ပြာဘုရင်ရဲ့ ခန္ဓာကိုယ်ဟာ သွေးအလူးလူး ဖြစ်သွားခဲ့ပါတယ်။

ကြယ်ပြာဘုရင်ဟာ လီဖူချန်းထက် ပိုပြီး အစွမ်းထက်ကောင်း ထက်ပါလိမ့်မယ်။ ဒါပေမဲ့ ဓားကွက်အရမှာတော့ သူဟာ လီဖူချန်းကို ဘယ်လိုမှ ယှဉ်နိုင်စရာ မရှိပါဘူး။

လီဖူချန်းရဲ့ အကြွင်းမဲ့ ကောင်းကင်ဘုံ ဓားသိုင်းဟာ သူ့ရဲ့ ကြယ်ပြာဓားသိုင်းထက် အဆမတန် အစွမ်းထက်ပြီး ဓားကွက်ကိုပါ အလွယ်တကူ ချေဖျက်နိုင်စွမ်း ရှိပါတယ်။

ရှင်းရှင်းပြောရမယ်ဆိုရင် သူ့ရဲ့ ကြယ်ပြာဓားသိုင်းဟာ အကြွင်းမဲ့ ကောင်းကင်ဘုံ ဓားသိုင်းနဲ့ အတွေ့မှာတော့" ကျားရှေ့လည်စင်းပေးထားရတဲ့ ယုန်သူငယ်လေး" လိုပါပဲ။

" ဒါ…… ဒါ……ဒါက…… ဘာဓားသိုင်းလဲ "

ကြယ်ပြာဘုရင်ရဲ့ မျက်နှာပေါ်မှာကတော့ စိုးရွံ့မှုတွေ အတိုင်းသား ဖြစ်ပေါ်နေခဲ့ပါပြီ။

လက်ရှိအနေနဲ့ကတော့ လီဖူချန်းဟာ သူ့ကို သတ်နိုင်ဖို့ အဆင့်မမီသေးပါဘူး။ ဒါပေမဲ့လည်း အစောပိုင်းက လီဖူချန်းရဲ့ ဓားချက်ဟာ  သူ့ကို ဒဏ်ရာအနည်းငယ် ရသွားစေပါတယ်။ တကယ်လို့သာ တိုက်ပွဲက ဆက်ပြီး ရှည်ကြာနေမယ်ဆိုရင် မမျှော်လင့်ထားတာတွေလည်း ဖြစ်ကောင်းဖြစ်လာပါလိမ့်မယ်။

"သူ့ရဲ့ အစစ်အမှန် စိတ်ဝိညာဉ်က ငါထင်ထားတာထက်ကို ပိုအားကောင်းနေပါလား။ ပထမတန်းစား အရိုးတည်ဆောက်ပုံတွေက  နာမည်ကျော်သလောက် တကယ်လည်း အစွမ်းထက်တာပဲကိုး "

လီဖူချန်းက စိတ်ထဲကနေ မချိတင်ကဲ ရေရွတ်လိုက်ပါတယ်။

လီဖူချန်းက ဧကရာဇ် အဆင့် မိစ္ဆာသားရဲ တစ်ကောင်ရဲ့ သားရဲဝိညာဉ်ကို ဝါးမျိုထားခဲ့တဲ့အတွက် သူ့ရဲ့ ကျင့်ကြံခြင်း မြှင့်တက်လာလေလေ၊ သူ့ရဲ့ လိပ်ပြာအသိစိတ်အာရုံ တိုက်ခိုက်မှုဟာ ပိုအစွမ်းထက်လာလေလေဖြစ်ပြီး  သူ့ရဲ့ လိပ်ပြာအသိစိတ်အာရုံ တိုက်ခိုက်မှုထဲမှာဆိုရင် ဧကရာဇ် အသိဆန္ဒ တစ်စိတ်တစ်ပိုင်းတောင်မှ ခိုဝင်ကိန်းအောင်းနေခဲ့ပါပြီ။ အဲသည်အတွက် သူ့ရဲ့ လိပ်ပြာအသိစိတ်အာရုံ တိုက်ခိုက်မှုဟာ မူလပင်လယ်နယ်ပယ်က ဘယ်ဘုရင်ထက်ကိုမဆို ပိုအစွမ်းထက်နေပြီလို့ ဆိုနိုင်ပါတယ်။

သူ့ရဲ့ ဓားချက်က ကြယ်ပြာဘုရင်အပေါ်ကို သက်ရောက်မှု သိပ်မရှိဘူး ဆိုပေမယ့်လည်း လီဖူချန်းကတော့ လက်လျော့ခြင်း မရှိပါဘူး။

" စိတ်ကူးလိပ်ပြာ …… သွားစမ်း "

"  တစ်ခါ ခုတ်လို့ မရရင် နှစ်ခါ ခုတ်မယ်။ နှစ်ခါ ခုတ်လို့ မရင် သုံးခါ ခုတ်မယ်ကွ "

အဲသည်နောက်မှာတော့ သူက ကြယ်ပြာဘုရင်ကို ပုံရိပ်ယောင်ကမ္ဘာထဲ ပြန်ပို့ဆောင်လိုက်ပြီး ဓားချက်တွေကို ဆက်တိုက် ထုတ်ပါတော့တယ်။

အစကတော့ ကြယ်ပြာဘုရင်ဟာ  လီဖူချန်းရဲ့ ဓားချက်တွေကို သိပ်ပြီး မမှုပေမယ့်လည်း သူ့ရဲ့ ခန္ဓာကိုယ်ပေါ်မှာ ဓားဒဏ်ရာတွေ တစ်ခုပြီးတစ်ခု တိုးပွားလာတဲ့နောက်မှာတော့ သွေးရူးသွေးတန်း ဖြစ်လာခဲ့ပါပြီ။

အဲသည်အချိန်မှာပဲ လီဖူချန်းက မျက်နှာ ကွက်ခနဲ ပျက်သွားပြီး လေ့တုံးဟိုင်တို့ သုံးယောက်ကို စိတ်နဲ့ လှမ်းဆက်သွယ်လိုက်ပါတယ်။

"သည်ဘက်ကို တောင်ဘက်နဲ့ အရှေ့ဘက်ကနေပြီး မူလပင်လယ်နယ်ပယ် ဘုရင်တွေ လာနေကြပြီ။ အစ်ကိုတို့သုံးယောက်လုံး အနောက်ဘက် အရပ်ကို မြန်မြန် ဆုတ်ကြတော့ "

မူလပင်လယ်နယ်ပယ် ဘုရင်တွေဆိုတာက ချီစွမ်းအင်လှိုင်းတွေနဲ့ ပက်သက်ရင် အလွန်တရာမှာ အာရုံထက်မြက်ကြသူတွေပါပဲ။ သူတို့က မိုင်ထောင်ပေါင်း အနည်းငယ်လောက် ဝေးကွာနေရင်တောင်မှပဲ တိုက်ပွဲ ဖြစ်နေတဲ့ ချီစွမ်းအင်လှိုင်းတွေကို အာရုံခံနိုင်ကြပါတယ်။ ဒါကြောင့်လည်း အခု သူတို့တွေဟာ သည်နေရာကို လာနေကြတာပါ။

" ညီလေးလီ …… မင်းကကော "

လေ့တုံးဟိုင်က လီဖူချန်းကိုချန်ပြီး ကိုယ်လွတ်ရုန်း မသွားချင်ပါဘူး။

" ကျွန်တော့်အတွက် မစိုးရိမ်နဲ့။ ကျွန်တော့်အထင် အခုအချိန်က ကျွန်တော်တို့ လမ်းခွဲဖို့အတွက် အကောင်းဆုံး အချိန်ပဲ။  ကျွန်တော်တို့ နတ်ကျက်သရေ အင်ပိုင်ယာက နဂါးမြစ်ဝှမ်း ပြည်နယ်နားမှာ ပြန်ဆုံကြတာပေါ့ "

နတ်ကျက်သရေ အင်ပိုင်ယာမှာကတော့ လဝန်းနီ အင်ပိုင်ယာလို စီရင်စုတွေ ခွဲထားခြင်း မရှိပါဘူး။ ဒါပေမဲ့ သူတို့ရဲ့ ပြည်နယ်တွေ ဆိုတာက လဝန်းနီ အင်ပိုင်ယာရဲ့ စီရင်စုတွေလိုပါပဲ။ပြီးတော့ နတ်ကျက်သရေ အင်ပိုင်ယာမှာက ပြည်နယ် ၇၂ခု ရှိပြီး အဲသည်အရေအတွက်ဟာ လဝန်းနီ အင်ပိုင်ယာရဲ့ စီရင်စု ၄၈ စုထက် ပိုများပါတယ်။

" အစ်ကိုလေ့…… ညီမတို့အနေနဲ့ သည်မှာ နေခဲ့မယ် ဆိုရင်လည်း မောင်လေးလီကို ဘာမှ ထိထိရောက်ရောက် ကူညီနိုင်မှာ မဟုတ်ဘူး။ ညီမတို့က သူ့အတွက် ဝန်ထုပ်၊ဝန်ပိုးပဲ ဖြစ်နေလိမ့်မယ် "

ကုချူးယီကတော့ တည်တည်ငြိမ်ငြိမ် ရှိနေဆဲပါပဲ။ သူမက အခြေအနေကိုလည်း ကောင်းကောင်း အကဲခတ်နိုင်ပါတယ်။

" ဟုတ်ပြီလေ။ ဒါဆိုလည်း ဆုတ်ကြတာပေါ့ "

ကုချူးယီကပါ ဝိုင်းပြောလာတဲ့အတွက် လေ့တုံးဟိုင်ဟာ လီဖူချန်းရဲ့ အကြံကို မငြင်းတော့ပါဘူး။

အဲသည်နောက်မှာတော့ သူတို့သုံးယောက်ဟာ အနောက်ဘက် အရပ်ကို ပျံသန်း ထွက်ခွာသွားခဲ့ကြပါပြီ။

လေ့တုံးဟိုင်တို့သုံးယောက် ထွက်ခွာသွားတာကို မြင်လိုက်တာနဲ့ တစ်ပြိုင်နက် ကြယ်ပြာဘုရင်ကလည်း ဘာတွေ ဖြစ်နေသလဲ ဆိုတာကို တန်းပြီး ရိပ်စားမိလိုက်ပါတယ်။

သူက လေသံကို အနူးညံ့ဆုံး ဖြစ်အောင် ပြင်လိုက်ပြီး

" ကောင်လေး…… ငါထင်တာ မမှားဘူးဆိုရင် တခြား မူလပင်လယ်နယ်ပယ်  ဘုရင်တွေက သည်နေရာကို လာနေလောက်ပြီ။  မင်းမှာ အခွင့်အရေးရှိတုန်း ငါ့ကို မြန်မြန် အညံ့ခံလိုက်။ ငါမင်းအသက်ကို ချမ်းသာပေးမယ်လို့ အာမခံတယ်။ တခြားသူတွေ ရောက်လာရင်တော့ မင်းအတွက် လွယ်မှာ မဟုတ်ဘူး"

အမှန်အတိုင်း ပြောရမယ် ဆိုရင်တော့ ကြယ်ပြာဘုရင်ဟာ အတော်လေး စိတ်လှုပ်ရှားနေခဲ့ပါပြီ။ တကယ်လို့သာ သူ့အနေနဲ့ အခုအချိန်မှာ လီဖူချန်းကို ဖမ်းလိုက်နိုင်မယ်ဆိုရင် ဆုကြေးအနေနဲ့ ထုတ်ထားတဲ့ အလယ်အလတ်ဝိညာဉ်ကျောက်တုံး လေးသန်းဟာ သူတစ်ယောက်တည်းအပိုင် ဖြစ်မှာပါ။ ဒါပေမဲ့ တခြားလူတွေ ရောက်လာခဲ့ရင်တော့ သူ့အနေနဲ့ ဆုကြေးကို မောင်ပိုင်စီးလို့ မရတော့ဘဲ ခွဲဝေ ယူရတော့မှာ ဖြစ်ပါတယ်။

ဒါကြောင့်လည်း သူက ဖြစ်နိုင်ချေ နည်းပေမယ့်လည်း ရများ ရမလားဆိုပြီး လီဖူချန်းကို အညံ့ခံဖို့ ဖျောင်းဖျနေရတာပါ။

ဒါပေမဲ့လည်း လီဖူချန်းက အညံ့ခံဖို့ကို စိတ်ကူး မရှိပါဘူး။

" ဆုတောင်းနေလိုက်လေ …… ခွေးအဘိုးကြီး "

" ကောင်းကင်နဲ့မြေကြီးကို သုတ်သင်ခြင်း "

ရွှမ်း……

ပုံရိပ်ယောင် တိုက်ခိုက်မှုကို ပြုလုပ်ပြီးပြီးချင်းမှာပဲ လီဖူချန်းက သူ့ရဲ့ အကြွင်းမဲ့ ကောင်းကင်ဘုံ ဓားသိုင်းကို ထုတ်သုံးလိုက်ပါတယ်။ ပြီးတာနဲ့ တစ်ပြိုင်နက် သူက လေမိုးကြိုးတောင်ပံတွေကို အသက်သွင်းလိုက်ပြီး ထွက်ပြေးပါတော့တယ်။

" ဟား……ဟား……ဟား……. ငါ့လက်ထဲက ထွက်ပြေးဖို့ ဆိုတာက  မင်းထင်သလောက် မလွယ်ဘူးကွ "

ကြယ်ပြာဘုရင်ကတော့ လီဖူချန်းကို လုံးဝ လက်လွှတ် မခံပါဘူး။ သူက သူ့ရဲ့ ခန္ဓာကိုယ်ပေါ်မှာ ရှိနေတဲ့ သွေးတွေကို တစ်ချက် သုတ်လိုက်ပြီး အံတင်းတင်း ကျိတ်ကာ လီဖူချန်းနောက်ကို ကမှုးရှူးထိုး လိုက်ပါတော့တယ်။

သူ့ရဲ့ ပျံသန်းနှုန်းနဲ့ ဆိုရင်တော့ လီဖူချန်းကို လိုက်မီဖို့ ကြာချိန်ဟာ အသက်ရှုချိန် အနည်းငယ်လောက်ပါပဲ။

ဒါပေမဲ့လည်း လီဖူချန်းကို ဖမ်းမိလုခါနီးမှာပဲ လိပ်ပြာ အသိစိတ်အာရုံ တိုက်ခိုက်မှု တစ်ခု နဲ့ ပုံရိပ်ယောင် တိုက်ခိုက်မှု တစ်ခုဟာ သူ့ရဲ့ စိတ်နယ်ပယ်ထဲကို ရှေ့ဆင့်နောက်ဆင့် ဝင်လာခဲ့ပါတယ်။

" အာ့…… သည်ခွေးမသားလေးက ထပ်ပြီး လုပ်ပြန်ပြီ "

ကြယ်ပြာဘုရင်ဟာ လီဖူချန်းကို ကျိန်ဆဲရုံကလွဲပြီး ဘာမှ မတတ်နိုင်တော့ပါဘူး။

အဲသည်အချိန်မှာတော့ လီဖူချန်းဟာ ရေထဲလွှတ်လိုက်တဲ့ စူဠလိပ်လို သူ့ရဲ့ မြင်ကွင်းထဲက ကွယ်ပျောက်သွားခဲ့ပါပြီ။

" အဲသည်ကောင်လေးက ဖမ်းဝရမ်း ထုတ်ခံထားရတဲ့ အထဲက လီဖူချန်း ဆိုတာပဲ။ သူ့ကို မြန်မြန် ဖမ်းပြီး ဝေစု ခွဲကြစို့ဟေ့ "

သည်နေ့မှာတော့ လီဖူချန်းဟာ သိပ်ပြီး ကံမကောင်းဘူးလို့ပဲ ဆိုရပါမယ်။ သူက ကြယ်ပြာဘုရင် လက်ကနေ လွှတ်လာတာမှ သိပ်မကြာသေးပါဘူး။ဒါပေမဲ့ နောက်ထပ် မူလပင်လယ်နယ်ပယ် ဘုရင်တစ်အုပ်နဲ့ တိုးပြန်ပါတယ်။

သည်အုပ်စုမှာက မူလပင်လယ်နယ်ပယ် ဘုရင် ကိုးပါး ပါဝင်ပြီး သူတို့ထဲက တစ်ယောက်ကမှ ကျင့်ကြံခြင်းမှာ အဆင့်  မနိမ့်ပါဘူး။

" ဟေ့……ဟေ့ …… ဝေစုကို မင်းတို့ချည်းပဲ ခွဲယူလို့ မရဘူးလေ။ ငါတို့လည်း ကျန်သေးတယ်ဟ "

အသံနဲ့အတူ နောက်ထပ် မူလပင်လယ်နယ်ပယ် ဘုရင် အုပ်စု တစ်အုပ်ဟာ တောင်ဘက်အရပ်ကနေပြီး ရောက်လာခဲ့ပြန်ပါပြီ။ သူတို့အဖွဲ့မှာကတော့ မူလပင်လယ်နယ်ပယ် ဘုရင် ခြောက်ပါး ပါဝင်ပါတယ်။

အစောပိုင်းက ကြယ်ပြာဘုရင်နဲ့ တိုက်ပွဲကြောင့် လီဖူချန်းရဲ့ ရုပ်ဖျက်ထားတာတွေဟာ ပျက်ပြယ်သွားပြီ ဖြစ်တဲ့အတွက် လူတွေက သူ့ကို အလွယ်တကူ မှတ်မိသွားကြတာကလည်း မဆန်းလှပါဘူး။

" သေစမ်း …… ငါတော့ သည်နေ့ ပြေးလို့ကော လွတ်မှ လွတ်ပါဦးမလား "

လီဖူချန်းရဲ့ စိတ်ကတော့ ခဲဆွဲထားသလို လေးလံနေခဲ့ပါပြီ။ ဒါပေမဲ့ သူက လုံးဝ ရုပ်မပျက်စေဘဲ ပြေးနေတာကို ရပ်လိုက်ပြီး တည်တည်ငြိမ်ငြိမ်နဲ့ အားလုံးကို စောင့်ကြိုနေလိုက်ပါတယ်။

" ကောင်စုတ်လေး…… ပြေးဦးလေ။ မင်း မပြေးတော့ဘူးလား "

ကြယ်ပြာဘုရင်ကလည်း ဘယ်ကနေဘယ်လို ပေါ်လာတယ် မသိပါဘူး။ သူက လီဖူချန်းကို " ခြံထဲက ကြက် ဘယ်အချိန် ရိုက်သတ်သတ် ရပါတယ်ကွာ " ဆိုတဲ့ အမူအရာနဲ့ ကြည့်ပြီး လှောင်ပြောင် သရော် နေပါတယ်။

မူလပင်လယ်နယ်ပယ် ဘုရင် ၁၆ပါး ……

အဲသည်ထဲက တစ်ယောက်က အဆင့်၇ မူလပင်လယ်နယ်ပယ် ဘုရင် ဖြစ်ပြီး ငါးယောက်က အလယ်အလတ်အဆင့် မူလပင်လယ်နယ်ပယ် ဘုရင်တွေ။

လီဖူချန်းလို အဆင့်နိမ့် မူလပင်လယ်နယ်ပယ် ဘုရင်ကို အသာထားပါဦး။ သည်အုပ်စုကြီးက တော်ရုံ အစွမ်းထက်တဲ့ အဆင့်မြင့် မူလပင်လယ်နယ်ပယ် ဘုရင် တစ်ပါးကိုတောင် သတ်ဖို့ လုံလောက်နေပါပြီ။

လီဖူချန်းက အားလုံးကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး  ထီမထင်တဲ့ လေသံနဲ့ ပြန်ပြောလိုက်ပါတယ်။

" ပြေးရမယ် ဟုတ်လား။ ကျုပ်က ဘာလို့ ပြေးရမှာလဲ။ တကယ်တမ်း ပြေးရမှာက ခင်ဗျာတို့တွေလို့ ကျုပ်ကတော့ ထင်တာပဲ "

" စောက်ကလေး …… မင်းက သေနေ့ စေ့နေပြီ။ ကိုယ့်ရဲ့ ကံကြမ္မာကို ကိုယ်လက်ခံလိုက်စမ်း။ သွေးရူးသွေးတန်းတွေ လျှောက်လုပ်မနေနဲ့ "

" ရောင်းရင်းတို့ …… အချိန်မဖြုန်းဘဲ သည်ကောင့်ကို အမြန် ဖမ်းကြစို့ "

စိတ်ရှည်မှု အပိုင်းနဲ့ ပက်သက်ရင် ပြသနာ နည်းနည်းရှိပုံရတဲ့ အလယ်အလတ် အဆင့် ဘုရင်တစ်ပါးက စတင်ပြီး လီဖူချန်းကို တိုက်ခိုက်လာခဲ့ပါပြီ။

လီဖူချန်းက နှုတ်ခမ်းတစ်ချက်တွန့်ကာ ပြုံးလိုက်ပြီး

" အင်း…… ငါ့ရဲ့ ကပ်ဘေးက ဘယ်လောက်အထိ အစွမ်းထက်မလဲ မသိဘူး "

ပြီးတာနဲ့ တစ်ပြိုင်နက် လီဖူချန်းက အဆင့်မြင့် ဝိညာဉ်ကျောက်တုံး အများအပြားကို ထုတ်ယူလိုက်ပြီး ချေမွပစ်လိုက်ပါတယ်။

ဟူး……ဟူး……ဟူး……

အဆင့်မြင့် ဝိညာဉ်ကျောက်တုံးတွေဟာ အမှုန့်တွေ ဖြစ်သွားပြီး လီဖူချန်းရဲ့ ခန္ဓာကိုယ်ထဲကို အသက်ရှိနေတဲ့ ဝိညာဉ်တစ်ကောင်လို တိုးဝင်လာခဲ့ကြပါပြီ။

ဝုန်း……

တကယ်ကို မယုံနိုင်စရာ အဖြစ်အပျက်ပါပဲ။ လီဖူချန်းက နည်းနည်းပါးပါး အဖုအထစ်တောင် မရှိဘဲ အဆင့် တက်နေတာ မဟုတ်ပါလား။

ဝေါ…… ဝေါ……ဝေါ……

အခြားတစ်ဖက်မှာတော့ ကောင်းကင်ပြင်ကြီးဟာ ပေါက်ကွဲတော့မယ့် မီးတောင်ကြီး တစ်ခုလို နီရဲ နေခဲ့ပါပြီ။ အဲသည် ဖြစ်ရပ်ရဲ့ လက်သည် တရားခံကတော့ လီဖူချန်းရဲ့ ခန္ဓာကိုယ်ထဲကနေ ကောင်းကင်ယံကို တစ်ဟုန်ထိုး ထိုးတက်နေတဲ့ ချီအရှိန်အဝါ တစ်ခုကြောင့်ပါပဲ။

ဝူး……ဝူး……ဝူး…

ရုတ်တရက် ဆိုသလိုပဲ နီရဲနေတဲ့ ကောင်းကင်ဟာ မည်းမှောင်ကျသွားပြီး မီးလုံးကြီးတွေဟာ ကောင်းကင်ပေါ်ကနေ ကျဆင်းလာခဲ့ပါတယ်။

အဲသည်မီးလုံးကြီးတွေက အလွန်အမင်း ကြီးမားနေရုံတင် မကပါဘူး။ မယုံနိုင်စရာ ကောင်းလောက်အောင် သိပ်သည်းတဲ့ မီးတာအို ဥပဒေသတွေလည်း ခိုဝင်ကိန်းအောင်း နေပါသေးတယ်။

အဲသည် မီးတာအိုတွေက ဘယ်လောက်အထိ သိပ်သည်းသလဲ ဆိုတော့ လီဖူချန်းကို ဝန်းရံထားတဲ့ မူလပင်လယ် နယ်ပယ် ဘုရင်တွေတောင်မှ မီးလုံးကြီးတွေနဲ့ ထိမိရင် ဒဏ်ရာ အကြီးအကျယ် ရသွားနိုင်လောက်တယ်လို့ တွေးမိတဲ့ အထိပါပဲ။

" ဒါ……ဒါက …… မီးကပ်ဘေးပဲ။ သည်ကောင်က မူလပင်လယ်နယ်ပယ်ကို ချိုးဖောက်ဖို့ လုပ်နေတာကွ "

မူလပင်လယ် နယ်ပယ် ဘုရင်တစ်ပါးကတော့ ကြောက်လန့်တကြား အော်ဟစ်လာခဲ့ပါတယ်။

" သည်ကောင်က ငါတို့လို မူလပင်လယ် နယ်ပယ် ဘုရင်တွေ အရှေ့မှာတောင် အဆင့်တက်ဖို့ လုပ်ရဲတယ်ပေါ့။ ကြည့်ရတာ သည်ကောင်က သေတယ် ဆိုတဲ့ စာလုံးပေါင်းကို မပေါင်းတတ်ဘူး ထင်တယ် "

သည်မီးလုံးကြီးတွေဟာ သူတို့အတွက် ဘာမှ မဟုတ်ပါဘူးလို့ တွေးနေကြတဲ့ ဘုရင်အချို့ကလည်း ရှိနေဆဲပါပဲ။

ဘန်……

ရှဲ……ရှဲ……ရှဲ……

အဲသည်အချိန်မှာပဲ ကောင်းကင်ပေါ်ကနေ ပြုတ်ကျလာတဲ့ မီးလုံးကြီးထဲက တစ်လုံးဟာ အဆင့်နိမ့် မူလပင်လယ် နယ်ပယ် ဘုရင်တစ်ပါးကို ထိမှန်ပြီး လောင်ကျွမ်းသွားပါတော့တယ်။

သနားစရာ အဆင့်နိမ့် မူလပင်လယ် နယ်ပယ် ဘုရင်ခမျာမှာ ဘာမှ   မတတ်နိုင်ရှာပါဘူး။ သူက မီးတောက်တွေ ကြားထဲကနေ သွေရူးတန်းရူးပဲ အော်နိုင်ရှာပါတယ်။

" ကယ်ကြပါဦး ……ကယ်ကြပါဦး "

ရှူး………

မူလပင်လယ်နယ်ပယ် ဘုရင်တွေ အားလုံးဟာ  ရုတ်တရက် ငြိမ်ကျသွားခဲ့ပါပြီ။ တစ်ချိန်တည်းမှာပဲ သူတို့ရဲ့ အတွေးထဲမှာ တူညီတဲ့ အတွေးတစ်ခု ဖြစ်ပေါ်လာခဲ့ပါတယ်။

" ဒါက ဘယ်လို ကပ်ဘေးမျိုးမို့လို့ သည်လောက် ကြောက်စရာကောင်းတဲ့ မီးတာအို ခိုဝင်ကိန်းအောင်း နေရတာလဲ " ဆိုပြီးတော့ပေါ့။

" ဟား……ဟား…… အမှိုက်သာသာ မီးတာအိုကများ ငါ့ကို လာစမ်းချင်နေသေးတယ်။ သွားစမ်း "

" အား "

ဦးနှောက် ပါမလာဘဲ ကံတွေ စွတ်ကောင်းပြီး မူလပင်လယ် နယ်ပယ် အဆင့်၆ကို ရောက်လာပုံ ရတဲ့ ဘုရင်တစ်ပါးကတော့ သူ့ဆီ ကျဆင်းလာတဲ့  မီးလုံးကြီး တစ်ခုကို ခုတ်ပိုင်းဖို့ ကြိုးစား လိုက်ပါတယ်။ ဒါပေမဲ့လည်း သူ့အနေနဲ့ မီးလုံးကြီးကို မခုတ်ပိုင်းမိခင်မှာပဲ သူ့ရဲ့ ခန္ဓာကိုယ်ဟာ ပြာအဖြစ်ကို ပြောင်းသွားနှင့်နေပါပြီ။

ရွှီး……ရွှီး……ရွှီး……ရွှီး……ရွှီး……

အဲသည်အချိန်မှာပဲ ကောင်းကင်ယံကနေ မီးလုံးကြီးတွေအပြင် ဓားမိုးတွေပါ ရွာကျလာပြန်ပါတယ်။

" ဓ……ဓား……ဓားတာအို ကပ်ဘေးကောလား "

ဓားမိုးတွေပါ ရွာကျလာတဲ့ အခါမှာတော့ ကြယ်ပြာဘုရင်တောင်မှပဲ  မျက်နှာ မကောင်းတော့ပါဘူး။ သူ့ရဲ့ လေသံအရ ဆိုရင်လည်း သူဟာ ကြောက်ရွံ့နေတာ အသိသာကြီးပါပဲ။

အချက်အလက်အရ ပြောရမယ် ဆိုရင်တော့ လီဖူချန်းဟာ အရင်ကတည်းကနေ မူလပင်လယ် နယ်ပယ်ကို လှမ်းတက်မယ်ဆို တက်လို့ ရနေခဲ့ပါပြီ။ ဒါပေမဲ့လည်း သူက သက်တံနီ နတ်ဘုရားမီးတောက် ကျင့်စဉ်ရဲ့ အဆင့်၃၆ကို တီထွင်ချင်သေးတဲ့အတွက် အဆင့်မတက်ခဲ့ပါဘူး။ သူက မူလပင်လယ်နယ်ပယ်ကို မချိုးဖောက်ခင်မှာ သူ့ရဲ့ ပင်ကို ပါရမီနဲ့ အလားအလာကို အကောင်းဆုံး အနေအထားမှာ ရှိနေစေချင် ခဲ့တာပါ။

ဒါပေမဲ့လည်း လောကမှာက အရာရာဟာ ကိုယ်စီစဉ်ထားသလို ဖြစ်မနေပါဘူး။ အခုတော့ သူဟာ ရွေးချယ်စရာ မရှိဘဲ အဆင့်တက်ရ ပါတော့မယ်။ တကယ့်လိုသာ သူ့အနေနဲ့ အဆင့်မတက်ဘူး ဆိုရင် နောက်တစ်နှစ် သည်လိုအချိန်ဟာ သူ့ရဲ့ သေဆုံးခြင်း နှစ်ပတ်လည်နေ့ ဖြစ်နေမှာ အသေအချာပါပဲ။

" ဟမ့်…… စောပြီး အဆင့်တက်တော့ကော ဘာအရေးလဲ။ သည်လောကမှာ ဘယ်သူကများ ငါ့ထက်ပိုပြီး ပင်ကိုပါရမီ ကောင်းဦးမှာတဲ့လဲ "

လီဖူချန်းက သူ့ဆီကို ကျဆင်းလာတဲ့ မီးလုံးကြီးတွေ နဲ့ ဓားမိုးတွေကို ကြည့်ပြီး ခပ်တိုးတိုး ရေရွတ်လိုက်ပါတယ်။

သူ့ရဲ့ စကားက မမှားပါဘူး။ ဆင့်ကဲ တိုးတက်ပြောင်းလဲနေတဲ့ စိတ်ဝိညာဉ် နဲ့ ရွှေရောင် လက်ဖွဲ့အဆောင် ရှိနေတဲ့ သူ့ကို ပင်ကို ပါရမီပိုင်းမှာ ယှဉ်နိုင်ဖို့ ဆိုတာကတော့ နေအနောက်ဘက် အရပ်က ထွက်လာတာကို မြင်ရတာထက်တောင်မှ ပိုပြီး ခဲယဉ်းလိမ့်ပါဦးမယ်။

***

All Chapters