ကြောက်ဖို့ကောင်းတဲ့ စွမ်းရည်
Vol. 44 Ch. 591
ဝုန်း…… ဝုန်း…… ဝုန်း………
ကမ္ဘာပျက်ကိန်းဟာ တစ်နေရာတည်းမှာကွက်ပြီး ဖြစ်ပေါ်နေသလိုပါပဲ။
" အား……… ငါ့ကို ကယ်ကြပါဦး "
" အမယ်လေး …… ငါ့ကို မီးစွဲနေပြီဟ "
မီးလုံးကြီးတွေနဲ့ ဓားမိုး တစ်ဝက်ဟာ လီဖူချန်းရဲ့ ခန္ဓာကိုယ်ထဲကို တိုးဝင်နေကြပြီး ကျန်တစ်ဝက်ကတော့ မူလပင်လယ်နယ်ပယ် ဘုရင်တွေကို အညှာအတာ ကင်းမဲ့စွာ တိုက်ခိုက်နေပါတယ်။
ကျင့်ကြံခြင်း လောကမှာက ဆိုရိုးစကား တစ်ခုရှိပါတယ်။
" ကပ်ဘေးနဲ့ ကြုံရင် အနားမကပ်နဲ့ " ဆိုတာပါပဲ။
တိုက်ပွဲဝိညာဉ်နယ်ပယ် ဆရာသခင် တစ်ပါးဟာ မူလပင်လယ်နယ်ပယ်ကို အဆင့်တက်ဖို့ ကြိုးစားတဲ့ အခါမှာဆိုရင် ကောင်းကင်က ဆန်းစစ်တဲ့ အနေနဲ့ သက်ဆိုင်ရာ ကပ်ဘေးတွေကို ဖြစ်ပေါ်စေပါတယ်။
ပြီးတော့ အဲသည် ကပ်ဘေးဟာ အနီးအနားမှာ ရှိနေတဲ့ သူတွေအပေါ်ကိုလည်း သက်ရောက်စေပါတယ်။ အဲသည်ထက် ပိုဆိုးတာက ကပ်ဘေးဟာ တစ်ဦးချင်းစီရဲ့ အစွမ်းထက်မြက်မှုအပေါ် မူတည်ပြီး အစွမ်းထက်လေ့ ရှိတတ်တာပါပဲ။
အဲသည်အတွက် အခု ကြယ်ပြာဘုရင် ကြုံတွေ့နေရတဲ့ မီးကပ်ဘေး နဲ့ ဓားကပ်ဘေးဟာ လီဖူချန်းထက်ကို အများကြီး ပြင်းထန်ပါတယ်။
ပြီးတော့ လီဖူချန်းအတွက် ကျလာတဲ့ ကပ်ဘေးတွေဟာ သာမန်ကို မဟုတ်ပါဘူး။ အဲဒါက သာမန် တိုက်ပွဲဝိညာဉ်နယ်ပယ် ဆရာသခင် တစ်ယောက် မူလနယ်ပယ်ကို ချိုးဖောက်ဝင်ရောက်တဲ့အခါ ကြုံတွေ့ရတဲ့ ကပ်ဘေးထက်ကို အဆပေါင်းများစွာ ပြင်းထန်ပါတယ်။ ဒါကတော့ သူ့ရဲ့ ကောင်းကင်အဆင့် ဓားဆန္ဒကို ပိုင်ဆိုင်ထားမှု၊ သက်တံနီ နတ်ဘုရားမီးတောက် ကျင့်စဉ် အဆင့်၃၅ကို တီထွင် လေ့ကျင့်ထားနိုင်မှုတို့နဲ့ ဆိုင်ကောင်း ဆိုင်ပါလိမ့်မယ်။
အဲသည်အတွက်ကြောင့်ပဲ ပထမ ကပ်ဘေးမှာ အသက်ပျောက်သွားရတဲ့ အဆင့်နိမ့် မူလပင်လယ်နယ်ပယ် ဘုရင်တွေ ရှိနေခဲ့တာပါ။ ပြာကျသွားတဲ့ အဆင့်၆ မူလပင်လယ် နယ်ပယ် ဘုရင်ကတော့ သူ့ကိုယ်သူ အထင်ကြီးလွန်းတဲ့အတွက် ပြန်ပြီး ပေးဆပ်လိုက်ရတာ ဖြစ်ပါတယ်။
ဝေါ……ဝေါ……ဝေါ……
ရွှီး……ရွှီး……ရွှှီး……
"အား"
" သွားစမ်း "
ဘန်း………
အသံနက်ကြီးနဲ့ အော်ဟစ်နေတဲ့ မူလပင်လယ်နယ်ပယ် ဘုရင်တွေရဲ့ အသံတွေဟာ ဆက်လက် ထွက်ပေါ်နေဆဲ ဖြစ်ပြီး ဓားမိုးတွေ၊ မီးမိုးတွေကလည်း ဆက်လက် ရွာကျနေဆဲပါပဲ။
အသက်ဘေးကနေ လွတ်မြောက်နေတဲ့ ဘုရင်တွေကတော့ သည်ကပ်ဘေး စက်ကွင်းကနေ မြန်နိုင်သမျှ အမြန်ဆုံး ဆုတ်ခွာဖို့ ကြိုးစားနေကြပါတယ်။
ဒါပေမဲ့လည်း ကပ်ဘေးတော့ သူတို့ကို သည်လို လွယ်လွယ်ကူကူ ဆုတ်ခွာဖို့ မပေးပါဘူး။ ကပ်ဘေး တစ်ခုထဲကို ကျရောက်သွားပြီ ဆိုရင် မဆိုင်တဲ့ သူတွေဟာ သေရင်သေ ဒါမှမဟုတ် အဲသည်ကပ်ဘေးကို ဆင့်ခေါ်သူရဲ့ အဆင့်တက်မှု ကိစ္စ ပြီးတဲ့အထိ စောင့်ရင်စောင့်။ အဲသည်နှစ်ခုပဲ ရွေးစရာ ရှိပါတယ်။
လီဖူချန်းကတော့ အဲသည်လူတွေကို အဖက်မလုပ်ဘဲ သူအဆင့် တက်ဖို့ကိုသာ အာရုံစိုက်နေပါတယ်။ သည်လူတွေက သူ့တို့ရဲ့ ကပ်ဘေးနဲ့တင် အသက်မသေဖို့ အလုပ်များနေကြတာပါ။ အဲသည်အတွက် သူ့ကို နှောင့်ယှက်ဖို့ ဆိုတာတော့ လုံးဝ မဖြစ်နိုင်ပါဘူး။
သူက သူ့ရဲ့ ဘုံခုနစ်ဆင့် ကောင်းကင်ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး ကောင်းကင်ဘုံရဲ့ စစ်ဆေးမှုကို ခံယူနေပါတယ်။
တတိယ ကပ်ဘေးလှိုင်း ……
စတုတ္ထ ကပ်ဘေးလှိုင်း………………
ပဉ္စမ ကပ်ဘေးလှိုင်း…………………………
ဆဋ္ဌမ ကပ်ဘေးလှိုင်း………………………………
ဆဋ္ဌမမြောက် ကပ်ဘေး ပြီးဆုံးသွားတဲ့ နောက်မှာတော့ အသက်ရှင်လျက် ကျန်နေတာဆိုလို့ ကြယ်ပြာဘုရင်ကလွဲပြီး တခြားလူ မရှိတော့ပါဘူး။ ကျန်တဲ့ မူလပင်လယ်နယ်ပယ် ဘုရင်တွေကတော့ မီးလုံးကြီးတွေကြောင့် ပြာကျတဲ့သူက ကျ၊ ဓားမိုးတွေကြောင့် အပိုင်းပိုင်း ပြတ်ပြီး သေတဲ့သူက သေ ဖြစ်ကုန်ကြပါပြီ။
ဆဋ္ဌမမြောက် ကပ်ဘေးက ချီစွမ်းအင်တွေကို စုပ်ယူပြီးတဲ နောက်မှာတော့ လီဖူချန်းရဲ့ စွမ်းအင်ဗဟိုချက်မ ပင်လယ်ထဲက ချီစွမ်းအင်တွေဟာ တစ်စထက်တစ်စ ပိုမို ပြည့်ဝလာပြီး အလွန်အမင်း ပြည့်ကျပ်လာပါတော့တယ်။ အဲသည် ချီစွမ်းအင်တွေဟာ ဖိနှိပ်မှုကို ခံရလွန်းတဲ့အတွက် သိပ်သည်းသထက် သိပ်သည်းလာပြီး အခြား စွမ်းအား တစ်မျိုး အဖြစ်ကိုတောင် ပြောင်းလုလုပါပဲ။ ပြီးတော့ အဲသည်ချီစွမ်းအင်တွေဟာ သာမန် ရိုးရိုး ချီစွမ်းအင်တွေနဲ့ လုံးဝ မတူပါဘူး။ အဲဒါက အရိုးတည်ဆောက်ပုံကနေ ရတဲ့ သာလွန်ထူးကဲ စွမ်းအား ဒါမှမဟုတ် အထူး စွမ်းအားတွေနဲ့ ဆင်နေပါတယ်။
ဒါပေမဲ့ ကံကောင်းတာ တစ်ခုကတော့ အဲသည်ချီစွမ်းအင်တွေမှာက ဥပဒေသတွေ ခိုဝင်ကိန်းအောင်းနေပြီး လီဖူချန်း နားမလည်တဲ့ နည်းလမ်း တစ်မျိုးမျိုးနဲ့ သူ့ရဲ့ ခန္ဓာကိုယ်ထဲမှာ သင့်တင့်လျောက်ပတ်စွာ တည်ရှိနေတာပါပဲ။ မဟုတ်လို့ကတော့ သူ့ရဲ့ လက်ရှိ ခန္ဓာကိုယ် ခံနိုင်ရည်နဲ့ဆိုရင် လီဖူချန်းဟာ ပေါက်ကွဲပြီး သေနေလောက်ပါပြီ။
" လခွီးပဲ …… သည်ခွေးစုတ်လေး ကျော်ဖြတ်နေရတဲ့ ကပ်ဘေးက ဘယ်လိုလုပ်ပြီး သည်လောက် အားကောင်းနေရတာလဲ "
ဒဏ်ရာ ဗရပွ ဖြစ်နေတဲ့ ကြယ်ပြာဘုရင်က စိတ်ထဲကနေ ကျိတ်ပြီး ရေရွတ်နေမိပါတယ်။ သူ့ရဲ့ အခြေအနေကတော့ သိပ်မဟန်လှတော့ပါဘူး။
သူက ပထမ ကပ်ဘေးလှိုင်းကနေ တတိယ ကပ်ဘေးလှိုင်းအထိ သာသာယာယာ ခုခံနိုင်ခဲ့ပေမယ့် စတုတ္ထ ကပ်ဘေးလှိုင်း ရောက်တာနဲ့ ပြသနာ စတက်တော့တာပါပဲ။ ပဉ္စမ ကပ်ဘေးလှိုင်းကို ကျရောက်လာတဲ့ အချိန်မှာဆိုရင် သူဟာ သူ့ရဲ့ အစွမ်း မှန်သမျှကို ထုတ်သုံး ခဲ့ရပြီး ဆဋ္ဌမ ကပ်ဘေးလှိုင်းကို ရောက်တဲ့အခါမှာတော့ သူက အစွမ်းကုန် ခုခံတာတောင်မှ ရုပ်ပျက်ဆင်းပျက် ဖြစ်ခဲ့ရပြီး ဒဏ်ရာ အပြင်းအထန် ရခဲ့ပါတယ်။
သည်အတိုင်းဆိုရင် လီဖူချန်းရဲ့ နောက်ဆုံး ကပ်ဘေးလှိုင်း သုံးလှိုင်းဟာ ဘယ်လောက်အထိ ပြင်းထန်မယ် မသိပါဘူး။
ယေဘုယျအားဖြင့် ဆိုရင်တော့ တိုက်ပွဲဝိညာဉ် နယ်ပယ် ဆရာသခင် တစ်ပါးဟာ မူလပင်လယ်နယ်ပယ်ကို ချိုးဖောက် ဝင်ရောက်ဖို့အတွက် ကပ်ဘေးလှိုင်း ကိုးခုကို ကျော်ဖြတ်ရပါမယ်။
အဲသည်ထဲမှာမှ နောက်ဆုံး ကပ်ဘေးလှိုင်း သုံးလှိုင်းဟာ အပြင်းထန်ဆုံးပါပဲ။
လီဖူချန်းရဲ့ ကပ်ဘေးကတော့ တခြားသူတွေလို တာအို ကပ်ဘေး တစ်ခုတည်း မဟုတ်ဘဲ မီးတာအို နဲ့ ဓားတာအိုကပ်ဘေး ရောနှောပြီး ကျရောက်နေတဲ့အတွက် နောက်ဆုံးကပ်ဘေး သုံးလှိုင်းဟာ တခြားသူတွေထက်ကို အဆမတန် ကြောက်စရာ ကောင်းမယ်ဆိုတာ ယုံမှားသံသယ ဝင်နေစရာ မလိုပါဘူး။
ဟူး……ဟူး…… ဟူး……
အချိန်ကျရောက်တဲ့ အခါမှာတော့ သတ္တမမြောက် ကပ်ဘေးလှိုင်းဟာ ကောင်းကင်ကနေ သက်ဆင်းလာခဲ့ပါတယ်။
သည်ကပ်ဘေးမှာတော့ မီးလုံးကြီးတွေ နဲ့ ဓားမိုးတွေ ရွာကျလာတာ မဟုတ်တော့ပါဘူး။ ဒါက မီးတာအို နဲ့ ဓားတာအို ပေါင်းစပ်နေတဲ့ မီးတောက်ဓားကြီးတွေပါ။
သည်ဓားချီတွေကတော့ ကမ္ဘာပျက်ကိန်းကို ဆောင်ယူလာတဲ့ အမှတ်လက္ခဏာ တစ်ခုလိုပါပဲ။
ဝုန်း……ဝုန်း…… ဝုန်း……
ဒါပေမဲ့လည်း အဲသည် မီးတောက်ဓားကြီးတွေက လီဖူချန်းအတွက် သိပ်ပြသနာ မဟုတ်ခဲ့ပါဘူး။ သူက မီးတောက်ဓား သုံးခုကို ဘုံခုနစ်ဆင့် ကောင်းကင်ဓားနဲ့ ပိုင်းဖြတ်လိုက်ပြီး အဲသည်ထဲက မီးတောက်ဓား ချီစွမ်းအင်တွေကို စုပ်ယူလိုက်ပါတယ်။
အခြားတစ်ဖက်မှာတော့ ကြယ်ပြာဘုရင်ဟာ မီးတောက်ဓားကြီးတွေရဲ့ ခုတ်ပိုင်းမှုကြောင့် ပြသနာ အကြီးအကျယ် ဖြစ်နေခဲ့ပါပြီ။ သူ့ရဲ့ ခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေဟာ ဆိုရင်လည်း စတင်ပြီး မီးလောင်ကျွမ်းလာပါတယ်။
သည်မီးတောက်ဓားကြီးတွေထဲမှာ ခိုဝင်ကိန်းအောင်းနေတဲ့ မီးတောက်ဓားချီတွေက အင်မတန် သိပ်သည်းပြီး အားကောင်းလှတဲ့အတွက် ငြိမ်းသတ်ဖို့ဆိုတာဟာ ခဲယဉ်းလွန်းလှတယ်လို့ ဆိုရပါမယ်။
" ဒါက မူလပင်လယ် နယ်ပယ် ဆိုတာလား "
လီဖူချန်းက နဝမမြောက် ကပ်ဘေးလှိုင်းကို ကျော်ဖြတ်ရဦးမှာ ဖြစ်ပေမယ့်လည်း မူလပင်လယ်နယ်ပယ်ရဲ့ အငွေ့အသက်တွေကို တစ်စွန်းတစ်စ ခံစားမိနေပါပြီ။ အဲသည်စွမ်းအားက အသိဆန္ဒ တစ်ခုနဲ့ တူပြီး ကမ္ဘာပေါ်မှာ ရှိနေသမျှ အရာအားလုံးကို ဖျက်ဆီးပစ်တော့မလိုပါပဲ။
သည်အသိဆန္ဒက မူလပင်လယ်နယ်ပယ် ဘုရင်တွေသာ ထိန်းချုပ်နိုင်တဲ့ အရာ ဆိုရင်လည်း မှားမယ် မထင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲသည် အသိဆန္ဒက ဘုရင်တစ်ပါးရဲ့ ချီစွမ်းအား နဲ့ ချီအတွင်းအား ကျင့်စဉ် ဆန္ဒ ပေါင်းစပ်ရာကနေ မွေးဖွားလာတဲ့ အသိဆန္ဒ ဖြစ်နေလို့ပါပဲ။
ဟူး……ဟူး……ဟူး……
သူ့ရဲ့ ခန္ဓာကိုယ်ထဲကို မီးတောက်ဓားချီတွေ ဝင်ရောက်လာတာနဲ့အမျှ လီဖူချန်းဟာ ကပ်ဘေးလှိုင်းကို ကျော်ဖြတ်ရတာ ပိုမို လွယ်ကူလာခဲ့ပါတယ်။ အဲဒါကတော့ လီဖူချန်း နဲ့ ကြယ်ပြာဘုရင်တို့ရဲ့ ကြားထဲက ခြားနားမှုလို့ပဲ ဆိုရပါမယ်။ ပြီးတော့ လီဖူချန်းရဲ့ ဘုံခုနစ်ဆင့် ကောင်းကင်ဓားကလည်း ကပ်ဘေးကို ကျော်ဖြတ်တဲ့နေရာမှာ သူ့ကို ကြီးမားတဲ့ အကူအညီ ပေးနေပါသေးတယ်။
ဝေါ……ဝေါ……ဝေါ……
သတ္တမမြောက် ကပ်ဘေး ပြီးတာနဲ့ တစ်ပြိုင်နက် အဋ္ဌမမြောက် ကပ်ဘေးဟာ ဆက်တိုက်ဆိုသလို ကျရောက်လာခဲ့ပါတယ်။
" ငါ့ရဲ့ ဘဝက သည်နေရာမှာ အဆုံးသတ်ဖို့ မွေးဖွားလာတာ မဟုတ်ဘူးကွ "
ကြယ်ပြာဘုရင်ကတော့ သူ့ရဲ့ ကံကြမ္မာ အဆုံးသတ်ကို လက်မခံနိုင်သေးတဲ့ ပုံပါပဲ။ သူက အံကိုတင်းတင်း စေ့လိုက်ပြီး ကြယ်ပြာ ချိတ်ကောက်ဓားကို ဆွဲကိုင်ကာ ကောင်းကင်ပေါ်ကို တစ်ရှိန်ထိုး ပျံတက်သွားပါတယ်။
ဘန်း……
" အား "
ဒါပေမဲ့လည်း သူ့အနေနဲ့ သိပ်ကြာကြာ မပျံတက်လိုက်ရပါဘူး။ သူဟာ လမ်းတစ်ဝက်မှာပဲ မီးတောက်ဓား တစ်ခုနဲ့ ဆုံတွေ့ပြီး မြေပြင်ပေါ်ကို ခွေးကျ၊ ဝက်ကျ ပြုတ်ကျသွားခဲ့ပါတယ်။
ဝုန်း…… ဝုန်း……ဝုန်း………
မီးတောက်ဓားတွေကတော့ မြေပြင်ပေါ် ပြုတ်ကျသွားတဲ့ ကြယ်ပြာဘုရင်ကို အညှာအတာ ကင်းမဲ့စွာ ခုတ်ပိုင်းနေဆဲပါပဲ။
" ခွေးမသားလေး …… ငါမင်းကို ငရဲပြည်မှာ စောင့်နေမယ် "
နောက်ဆုံးမှာတော့ ကြယ်ပြာ ဘုရင်ဟာ ဘယ်လိုမှ တောင့်မခံနိုင်တော့ဘဲ အသံနက်ကြီးနဲ့ အော်ဟစ်ပြီး လီဖူချန်းကို ကျိန်ဆဲကာ အသက် ပျောက်သွားပါတော့တယ်။
တကယ်ကို မယုံနိုင်စရာပါပဲ။ အစွမ်းထက်လွန်းပါတယ်ဆိုတဲ့ ကြယ်၇ပွင့် ပထမတန်းစား အထူးအရိုး တည်ဆောက်ပုံပိုင်ရှင်ဟာ လီဖူချန်းရဲ့ အဋ္ဌမမြောက် ကပ်ဘေး မပြီးဆုံးသေးခင်မှာပဲ အသက် ပျေက်သွားခဲ့ရပါပြီ။
လီဖူချန်းကတော့ ကြယ်ပြာဘုရင်ရဲ့ ကျိန်ဆဲတာကို အရေးမစိုက်အားသေးပါဘူး။ သူက ဘုံခုနစ်ဆင့် ကောင်းကင်ဘုံ ဓားတစ်လက်နဲ့ လက်မလည်အောင် အလုပ် များနေပါတယ်။
ရွှမ်း ……
" ဟူး…… ဒါ နောက်ဆုံး ဓားချီပဲ "
လီဖူချန်းတစ်ယောက် နောက်ဆုံး ကျန်ရှိနေတဲ့ မီးတောက်ဓားကို ပိုင်းဖြတ်ပြီးသွားတဲ့ အခါမှာတော့ ပတ်ဝန်းကျင် တစ်ခုလုံးဟာ တိတ်ဆိတ်နေခဲ့ပါပြီ။ သည်နေရာ တစ်ဝိုက်မှာ အသက်ရှင်ကျန်သူဆိုလို့ လည်း သူကလွဲပြီး တခြား ဘယ်သူမှ မရှိတော့ပါဘူး။
အဲသည်အချိန်မှာပဲ ကောင်းကင်ကြီးဟာ တဖြည်းဖြည်း မှောင်မည်းသွားခဲ့သလို တစ်ချိန်တည်းမှာပဲ ပိန်းတိတ်အောင် မှောင်မည်းနေတဲ့ ကောင်းကင်ယံထက်ကနေပြီး ဓားတစ်လက်ရဲ့ ထိပ်ဖျားဟာ ပေါ်ထွက်လာခဲ့ပါတယ်။
သည်ဓားရဲ့ ထိပ်ဖျားကတော့ နီရဲနေခြင်း မရှိပါဘူး။ အဲသည်အစား အဲသည် ဓားထိပ်ဖျားက အမျိုးမျိုး၊ အထွေထွေသော ရောင်စဉ်တွေကို ထုတ်လွှတ်နေပါတယ်။
" ဒါ…… ဒါက "
လီဖူချန်းကတော့ မျက်လုံး အပြူးသား ဖြစ်နေခဲ့ပါပြီ။ ဘာဖြစ်လို့လဲ ဆိုတော့ သူက အဲသည် ဓားထိပ်ဖျားကနေပြီး တာအိုဥပဒေသ အမျိုးမျိုးကို ခံစားမိနေလို့ပါပဲ။ အဲသည်တာအိုတွေထဲမှာဆိုရင် မီးတာအို ဥပဒေသတွေ၊ ဓားတာအို ဥပဒေသတွေ၊ လေတာအို ဥပဒေသတွေနဲ့ ဟင်းလင်းပြင်တာအို ဥပဒေသတွေ ပါဝင်နေပြီး အဲသည်တာအို ဥပဒေသ လေးမျိုးရဲ့ ရောနှော ပေါင်းစပ်မှုကြောင့် ဖြစ်ပေါ်လာတဲ့ ဓားထိပ်ဖျားက စွမ်းအားဟာ ဖျက်ဆီးခြင်းဆိုတဲ့ အငွေ့အသက်ကို ထုတ်ဖော်ပြသ နေပါတယ်။
ရွှီး……
နောက်ဆုံးမှာတော့ ဓားဟာ ကောင်းကင်ပေါ်ကနေ လီဖူချန်းဆီကို ထိုးဆင်းလာခဲ့ပါပြီ။ ဒါကတော့ ဓားချီသက်သက် မဟုတ်ဘဲ တကယ့် အစစ်အမှန် စစ်သုံးဓား တစ်လက် ဖြစ်နေပါတယ်။
" မိုးနဲ့မြေကို သုတ်သင်ခြင်း "
လီဖူချန်းက သူ့အပေါ် စိုက်ကျလာတဲ့ စစ်သုံးဓားကို သည်အတိုင်း ငြိမ်ပြီး စောင့်နေဖို့ စိတ်ကူးမရှိပါဘူး။ သူက ကောင်းကင်ယံပေါ်ကို ပျံတက်သွားလိုက်ပြီး ဓားနဲ့ ဆီးခုတ်လိုက်ပါတယ်။
ထန်……
ထန်……ထန်……ထန်……
ထင်……ထင်………
လူတစ်ယောက် နဲ့ စစ်သုံးဓား တစ်လက်ကတော့ ကောင်းကင်ယံမှာ အဆက်မပြတ် ထိပ်တိုက် တွေ့နေခဲ့ကြပါပြီ။
လီဖူချန်းက ထိပ်တိုက်ရင်ဆိုင်မှုတိုင်းမှာ အရေးနိမ့်ပြီး အနောက်ကို လွင့်ထွက်သွားပေမယ့်လည်း သူ့ရဲ့ ကြံ့ခိုင်တဲ့ ခန္ဓာကိုယ်ကြောင့် ဒဏ်ရာ မရခဲ့ပါဘူး။
သည်လိုနဲ့ပဲ စစ်သုံးဓားဟာ တဖြည်းဖြည်း အားနည်းလာခဲ့ပါတယ်။
" ဟင်း……ဟင်း…… ဓားစုတ်။ မင်းအခု ဘာတတ်နိုင်သေးလဲ "
အစောပိုင်းမှာတော့ လီဖူချန်းဟာ စစ်ဓားသုံးဓားကြောင့် အနောက်ကို ဆက်တိုက် လွင့်ထွက်နေခဲ့ပေမယ့်လည်း အခု အချိန်မှာတော့ သူနဲ့ စစ်သုံးဓားဟာ လက်ရည်တူတွေပါပဲ။
နောက်ထပ် အချိန်အနည်းငယ် အကြာမှာတော့ လီဖူချန်းဟာ စစ်သုံးဓားကို ဖိနှိပ်နိုင်စွမ်း ရှိလာခဲ့ပါပြီ။
ဘန်း……
" ပျက်စီးစမ်း "
လီဖူချန်းက အားကုန်ထုတ်ပြီး ဓားချက်တစ်ချက် ထုတ်လိုက်တဲ့ အခါမှာတော့ စစ်သုံးဓားဟာ မှန်တစ်ချက် ကျကွဲသွားသလို အစိတ်စိတ် အမွှာမွှာ ဖြစ်သွားခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ အဲသည် ဓားဆီကနေပြီး အလွန်အမင်း သန့်စင်တဲ့ စွမ်းအားတစ်ခု ဖြစ်တည်လာကာ လီဖူချန်း ကိုယ်ထဲ တိုးဝင်သွားပါတော့တယ်။
အခုအချိန်မှာတော့ လီဖူချန်းရဲ့ ချီအတွင်းအား ပမာဏဟာ ကန့်သတ်ချက်ကို ပြည့်သွားခဲ့ပါပြီ။ တစ်ချိန်တည်းမှာပဲ လီဖူချန်းဟာ သူ့ကိုယ်သူ လောကကြီး တစ်ခုလုံးကို အုပ်စိုးနိုင်ပြီး သက်ရှိမှန်သမျှရဲ့ အသက်တွေကို ချုပ်ကိုင်ထားနိုင်တယ်လို့ ထင်မြင်လာမိပါတယ်။ဒါပေမဲ့လည်း အဲသည် ခံစားချက်က သိပ်မကြာလိုက်ပါဘူး။
" နောက်ဆုံးတော့ မူလပင်လယ်နယ်ပယ်ကို ချိုးဖောက်ဝင်ရောက် နိုင်ခဲ့ပြီ "
လီဖူချန်းက သူ့လက်ဖဝါးကိုသူ ငုံ့ကြည့်ပြီး အသာအယာဆုပ်ကာ လက်သီးတစ်ချက် ထုတ်ဖော်လိုက်ပါတယ်။
ဝုန်း……
ရုတ်တရက် ကြည့်လိုက်မယ် ဆိုရင်တော့ သည်လက်သီးဟာ အားမပါသလိုပါပဲ။ ဒါပေမဲ့ တကယ့်လက်တွေ့မှာတော့ လက်သီးချက်ဟာ မီးလျှံတာအိုချီတွေနဲ့ ပြည့်နှက်နေပြီး မယုံနိုင်စရာ ကောင်းလောက်အောင် ပြင်းထန်နေပါတယ်။ သည်လက်သီးချက်ထဲမှာ ပါဝင်နေတဲ့ ချီစွမ်းအင် ပမာဏက ကြယ်ပြာဘုရင်နဲ့တောင် ယှဉ်မယ်ဆိုရင် ယှဉ်လို့ ရနေပါပြီ။
ဒါပေမဲ့ သည်နေရာမှာ မေးစရာတစ်ခု ရှိလာတာက သူဟာ ဘာဖြစ်လို့ မီးလျှံတာအိုချီတွေကိုပဲ ထိန်းချုပ်နိုင်ပြီး တခြား လေတာအို၊ ဓားတာအို နဲ့ ဟင်းလင်းပြင် တာအိုကို မထိန်းချုပ်နိုင်သလဲ ဆိုတာပါပဲ။
ဒါကတော့ ရှင်းပါတယ်။ အကြောင်းအရင်းကတော့ လီဖူချန်း လေ့ကျင့်ထားတဲ့ သက်တံနီ နတ်ဘုရားမီးတောက် ချီအတွင်းအား ကျင့်စဉ်ဟာ မီးတာအိုကို အခြေခံတဲ့ ကျင့်စဉ် ဖြစ်နေလို့ပါပဲ။
တခြား မူလပင်လယ်နယ်ပယ် ဘုရင်တွေလို အတွေးတစ်ချက်နဲ့တင် သဘာဝ စွမ်းအားတွေကို ထိန်းချုပ်ဖို့ ဆိုတာကလည်း လီဖူချန်းအတွက် မဖြစ်နိုင်တာ မဟုတ်ပါဘူး။ ဒါပေမဲ့ လီဖူချန်းဟာ အဲသည် အဆင့်ကို ရောက်ဖို့အတွက် ကြိုးစားရပါဦးမယ်။
ဓားတာအိုချီ ……
ဒါကတော့ သဘာဝ စွမ်းအား မဟုတ်ပါဘူး။ အဲသည်အရာက သဘာဝ စွမ်းအားတွေပြီးမှာ ဖြစ်တည်လာခဲ့တဲ့ အရာပါ။ အဲသည်အတွက် လီဖူချန်းဟာ ကြားခံပစ္စည်း တစ်ခု ရှိနေမှ ဓားတာအို ချီတွေကို ဖန်တီးနိုင်မှာ ဖြစ်ပြီး သည်အတိုင်း လေထဲမှာ ပေါ်လာအောင် ဖန်တီးဖို့ကတော့ မဖြစ်နိုင်ပါဘူး။
အဲသည်နောက်မှာတော့ လီဖူချန်းဟာ သူ့ရဲ့ ပတ်ပတ်လည် မိုင်အနည်းငယ်မှာ ရှိတဲ့ မီးတာအိုချီတွေကို ချီစက်လုံး တစ်ခုအဖြစ် ဖန်တီးလိုက်ပါတယ်။ အဲသည် ချီစက်လုံးက အင်မတန် အပူချိန်မြင့်ပြီး ဖိအားများလှတဲ့အတွက် သေးငယ်တဲ့ ဖုန်မှုန့်တွေကိုတောင် ပျောက်ကွယ်သွားစေမလိုပါပဲ။
" အား…… မရတော့ဘူး။ ဒါက ငါတတ်နိုင်တာ အကုန်ပဲ "
မိုင်အနည်းငယ်က လီဖူချန်းရဲ့ အတတ်နိုင်ဆုံး လုပ်ဆောင်မှုပါပဲ။ အဲဒါက သူ့ရဲ့ ကန့်သတ်ချက် ဆိုရင်လည်း မမှားပါဘူး။
ဒါပေမဲ့ အဲသည်အချိန်မှာပဲ လီဖူချန်းဟာ အတွေးတစ်ခု ရလာခဲ့ပါတယ်။
တကယ်လို့သာ သူ့အနေနဲ့ ချီစက်လုံးကို အလွန်အမင်း သေးငယ်တဲ့ အခြေအနေ တစ်ခုအထိ ရောက်အောက် ဖိနှိပ်ပြီး ရန်သူကို ပစ်ပေါက်လိုက်မယ် ဆိုရင် ရန်သူ သေသွားမလားပေါ့။
ဒါက မဖြစ်နိုင်ဘူးလို့ ပြောလို့ မရပါဘူး။
အဲသည်နောက်မှာတော့ လီဖူချန်းက သူ့ရဲ့ လက်ထဲက ချီစက်လုံးကို လွှတ်ချကြည့်လိုက်ပါတယ်။
ဝုန်း……
သူ့ရဲ့ လက်ထဲက ချီစက်လုံးဟာ ပြန့်ကားသွားပြီး မိုင်းအနည်းငယ် ပတ်လည်ကို လောင်ကျွမ်းသွားစေခဲ့ပါပြီ။ အဲသည်ချီစက်လုံးထဲမှာ ပါဝင်နေတဲ့ မီးတာအိုချီတွေက အလွန်အမင်းကို အားကောင်းနေတဲ့အတွက် လီဖူချန်းရဲ့ ပတ်ပတ်လည် မိုင်အနည်းငယ် အတွင်းမှာ ရှိသမျှ အရာဝတ္ထု ပစ္စည်းတွေဟာ ပြာအဖြစ်ကို အလျင်အမြန် ဘဝ ပြောင်းသွားပါတော့တယ်။
အဲသည်မှာ နောက်ထပ် ပြသနာ တစ်ခုဟာ စတော့တာပါပဲ။
လီဖူချန်းရဲ့ ကပ်ဘေးနဲ့ သူ့ရဲ့ မီးတာအိုချီအပေါ် ထိန်းချုပ်နိုင်စွမ်း စမ်းသပ်မှုဟာ ပတ်ဝန်းကျင် တစ်ခုလုံးကို ရုတ်ရုတ်သဲသဲ ဖြစ်သွားစေတဲ့အတွက် မူလပင်လယ်နယ်ပယ် ဘုရင် အုပ်စုကြီး တစ်စုဟာ သူရှိရာနေရာကို ကမန်းကတန်း အပြေးလေး ပျံသန်း ရောက်လာခဲ့ကြပါတယ်။
ပထမဦးဆုံး သူ့ဆီကို ရောက်လာတဲ့ အဖွဲ့ကတော့ မူလပင်လယ်နယ်ပယ် ဘုရင် အပါးနှစ်ဆယ်ကျော် ပါဝင်တဲ့ အဖွဲ့ပါပဲ။ အစပထမကတော့ သူတို့အဖွဲ့ဟာ သည်လောက် လူမများပါဘူး။ သူတို့က ပျံသန်းလာရာ လမ်းတစ်လျှောက်မှာ တဖြည်းဖြည်း စုဖွဲ့မိပြီး သည်လူအုပ်ကြီး ဖြစ်လာတာ ဖြစ်ပါတယ်။
" ငါတို့တော့ ကံကောင်းပြီဟေ့။ အဲသည်ကောင်လေးက နန်အန်းနယ်စား ဖမ်းဝရမ်း ထုတ်ထားတဲ့ လူတွေထဲက တစ်ယောက်ပဲ "
လီဖူချန်းကို တွေ့လိုက်တဲ့ အခါမှာတော့ အဲသည် လူအုပ်ကြီးဟာ အပျော်ကြီး ပျော်သွားခဲ့ကြပါပြီ။ သူတို့က လူနှစ်ဆယ်ကျော် ပါလတာတော့ အမှန်ပါပဲ။ ဒါပေမဲ့လည်း သူတို့အနေနဲ့ ခွဲဝေယူကြမယ်ဆိုရင် တစ်ယောက်ကို အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး နှစ်သိန်းနီးပါး ရနိုင်ပါသေးတယ်။ အဲဒါက နည်းတဲ့ပမာဏ မဟုတ်ပါဘူး။
" သတ်ကြ "
မူလပင်လယ်နယ်ပယ် အဆင့်၇ ဘုရင်တစ်ပါးက ကျန်ရှိနေတဲ့ ဘုရင်တွေကို ဦးဆောင်ပြီး လီဖူချန်းကို စတင်တိုက်ခိုက်လာခဲ့ပါတယ်။
" မိုးနဲ့မြေကို သုတ်သင်ခြင်း "
လီဖူချန်းကတော့ အေးဆေးဆေးဆေးပါပဲ။ သူက လေပေါ်ကို ခပ်ဖြည်းဖြည်း လျှောက်လှမ်းတက်လိုက်ပြီး ဓားချက်တစ်ချက်ကို ထုတ်ဖော်လိုက်ပါတယ်။
ရွှမ်း……
လေဟာနယ် ဟင်းလင်းပြင်ဟာ ရုတ်တရက် အက်ကွဲသွားသလိုပါပဲ။ အဲသည်နောက်မှာတော့ မူလပင်လယ်နယ်ပယ် အဆင့်၇ ဘုရင် အပါအဝင် ဘုရင်အပါးနှစ်ဆယ်ကျော်ဟာ အပိုင်းပိုင်း၊ အစိတ်စိတ် ခုတ်ဖြတ်ခံလိုက်ရပြီး အသက်ပျောက်ကုန်သွားကုန်ကြပါပြီ။
ဟင်းလင်းပြင်တာအို ဥပဒေသ ……
မိုးနဲ့မြေကို သုတ်သင်ခြင်းမှာ ပါဝင်တဲ့ ဟင်းလင်းပြင် တာအို ဥပဒေသဟာ သည်ဘုရင်အပါး နှစ်ဆယ်ကျော်ကို သတ်ဖြတ်ဖို့အတွက် ကောင်းကောင်းကြီး လုံလောက်တယ်လို့ ဆိုရပါမယ် ။ သည်ဓားကွက်က အကွာအဝေးကို လျစ်လျူရှုပြီး လီဖူချန်း တိုက်ခိုက်လိုတဲ့ နေရာအတိအကျကို ထိမှန်စေနိုင်စွမ်း ရှိတဲ့အတွက်လည်း ဘုရင်အပါးနှစ်ဆယ်ကျော်ဟာ ကြက်ကလေး၊ငှက်ကလေးတွေ သတ်ခံရသလို သေသွားခဲ့ရတာ ဖြစ်ပါတယ်။
" ဟမ့်…… မင်းတို့ရဲ့ အဆင့်နဲ့များ ငါ့ကို သတ်ချင်သေးတယ် "
" ထွီ "
အဲသည်နောက်မှာတော့ လီဖူချန်းဟာ နှာခေါင်းတစ်ချက်ရှုံ့ပြီး အနောက်ဘက် စူးစူးကို ပျံသန်း ထွက်ခွာသွားခဲ့ပါပြီ။ သူက ပိုင်ရှင်မဲ့နေတဲ့ သိုလှောင်အိတ်တွေကိုလည်း ယူသွားဖို့ မမေ့ခဲ့ပါဘူး။
***
လမ်းတစ်လျှောက်မှာတော့ လီဖူချန်းဟာ နောက်ထပ် မူလနယ်ပယ်ဘုရင်အုပ် အချို့နဲ့ တွေ့ခဲ့ပါသေးတယ်။ ဒါပေမဲ့လည်း ဘယ်သူမှ သူ့ရဲ့ ဓားတစ်ချက်ကို တောင့်မခံနိုင်ကြပါဘူး။ သူတို့အားလုံးဟာ ခြွင်းချက်မရှိ သေကုန်ကြပါတယ်။
ရှင်းရှင်းပြောရမယ် ဆိုရင်တော့ အခုလက်ရှိ လီဖူချန်းဟာ မူလပင်လယ်နယ်ပယ် အထွတ်အထိပ်ပိုင်းက ထိပ်သီးပုဂ္ဂိုလ်တွေနဲ့ မတွေ့သေးသရွေ့ကတော့ လက်မ ထောင်နေနိုင်ဦးမှာပါပဲ။ သူ့ရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှု၊ တာအိုဥပဒေသတွေအပေါ် နားလည်သဘောပေါက်မှု၊ သူ့ရဲ့ လိပ်ပြာအသိစိတ်အာရုံ အစရှိသဖြင့် အားလုံးဟာ မူလပင်လယ်နယ်ပယ်ရဲ့ ကန့်သတ်ချက် ဒါမှမဟုတ် အဲသည်ထက်ကို ကျော်လွန်နေပါပြီ။ ပြီးတော့ သူကိုင်ထားတဲ့ ဓားကလည်း ကောင်းကင်အဆင့် ရတနာဓား ဖြစ်နေသေးတာ မဟုတ်ပါလား။
***
ဝိညာဉ်နီမြို့တော်……
သည်မြို့ကတော့ ကပ်ဘေးမဲ့ စီရင်စုရဲ့ မြို့တော်ဖြစ်ပြီး နတ်ကျက်သရေ အင်ပိုင်ယာနဲ့ အနီးကပ်ဆုံး မြို့တစ်မြို့ ဆိုရင်လည်း မှားမယ် မထင်ပါဘူး။
ဝိညာဉ်နီမြို့တော်ရဲ့ အပြင်ဘက် မိုင်တစ်သောင်းလောက် အကွာမှာရှိတဲ့ တောအုပ်ထဲကို အရောက်မှာတော့ လီဖူချန်းဟာ နောက်ထပ် မူလပင်လယ်နယ်ပယ် ဘုရင်အုပ်စု တစ်စုရဲ့ ဟန့်တားခြင်းကို ခံရပြန်ပါတယ်။
" ကောင်လေး…… သည်အထိ ရောက်အောင် ထွက်ပြေးလာနိုင်တာကိုတော့ ချီးကျူးတယ်ဟေ့။ ဒါပေမဲ့ စိတ်မကောင်းစရာကတော့ မင်းရဲ့ ထွက်ပြေးတဲ့ ဇာတ်လမ်းက သည်နေရာမှာ အဆုံးသတ်ကို ရောက်ပြီ "
အဲသည် မူလပင်လယ်နယ်ပယ် ဘုရင်အုပ်စုကို ဦးဆောင်လာသူကတော့ ချပ်ဝတ်တန်ဆာအပြည့် ဝတ်ဆင်ထားတဲ့ ဘုရင်တစ်ပါးပါပဲ။ ပြီးတော့ သူ့ရဲ့ ခန္ဓာကိုယ်ကနေလည်း ရက်စက်ကြမ်းကြုတ်တဲ့ အငွေ့အသက်တွေ ထွက်ပေါ်နေပါသေးတယ်။
" သေစမ်း …… ငါတော့ ပြသနာတက်ပြီဟ "
တစ်ဖက်လူရဲ့ ချီအရှိန်အဝါကို ခန့်မှန်းကြည့်လိုက်ပြီးတဲ့ နောက်မှာတော့ လီဖူချန်းဟာ မျက်နှာ သိပ်မကောင်းတော့ပါဘူး။ သူ့ရဲ့ ခန့်မှန်းမှုအရ ဆိုရင်တော့ တစ်ဖက်လူရဲ့ ကျင့်ကြံမှုဟာ အနည်းဆုံး မူလပင်လဟ်နယ်ပယ် အဆင့်၈ မှာပါပဲ။ အဲဒါက ကြယ်ပြာဘုရင်ထက်တောင်မှ တစ်ဆင့် မြင့်နေပါသေးတယ်။
" မေတ္တာမဲ့ ဓားမော့ဘုရင်…… ခင်ဗျားက ဘာဖြစ်လို့ အားအကုန်ခံပြီး သူနဲ့ စကားပြောနေတာလဲ။ ကျုပ်…… တုကူးရီရှန်းက ခင်ဗျားအစား သူ့ကို ဖမ်းပေးပါ့မယ် "
စကားဆုံးတာနဲ့ တစ်ပြိုင်နက် အဆင့်၅ မူလပင်လယ် နယ်ပယ် ဘုရင် တစ်ပါးဟာ အရှေ့ကို လှမ်းထွက်လာခဲ့ပါပြီ။
တုကူးရီရှန်း………
သည်မူလပင်လယ်နယ်ပယ် ဘုရင်ကတော့ နန်ရှန်းမြို့၊ တုကူးကလန်ကပါပဲ။ ပြီးတော့ သူ့ရဲ့ အစွမ်းဟာ ကလန်ခေါင်းဆောင် တုကူးကျန်းထက်ကို ထက်မြက်ပါသေးတယ်။
မေတ္တာမဲ့ ဓားမော့ဘုရင် ………
သည်လူကတော့ နန်အန်း စီရင်စုရဲ့ အရှင်သခင် လင်းထိုက်ယန် လက်အောက်မှာရှိတဲ့ ဘုရင်ဆယ်ပါးထဲမှာ တစ်ပါး အပါအဝင် ဖြစ်ပါတယ်။ သူကတော့ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး လေးသန်းကို မက်လို့ လီဖူချန်းနောက် လိုက်နေတာ မဟုတ်ပါဘူး။ သူ့ရဲ့ ရည်ရွယ်ချက်ကတော့ နန်အန်းနယ်စား လင်းထိုက်ယန်ရဲ့ အသိအမှတ်ပြုမှုကို ရဖို့ပါပဲ။
" ဟုတ်ပြီလေ ..… ဒါပေမဲ့ အရမ်းကြီး ခြေလွန်လက်လွန် မလုပ်လိုက်နဲ့။ အထူးသဖြင့် မသတ်မိစေနဲ့ "
မေတ္တာမဲ့ ဓာမော့ဘုရင်က တုကူးရီရှန်းရဲ့ တောင်းဆိုမှုကို ခွင့်ပြုလိုက်ပါတယ်။
သူက အခုချိန်အထိ လီဖူချန်းရဲ့ အစွမ်းကို မသိသေးပါဘူး။ အဲသည်အတွက်ကြောင့်ပဲ သူက တုကူးရီရှန်းကို ခြေလွန်လက်လွန် မဖြစ်အောင် လုပ်ဖို့ မှာကြားလိုက်တာပါ။
" ငတုံး "
လီဖူချန်းက မထီသရီ ပြုံးလိုက်ပြီး တုကူးရီရှန်းကို လှမ်းပြောလိုက်ပါတယ်။ လီဖူချန်းအတွက်ကတော့ တုကူးရီရှန်းဟာ ဘာမှ ထူးထူးထွေထွေ အားစိုက်စရာ မလိုတဲ့ လူပြက်သာသာပါပဲ။
" မိမဆုံးမ၊ ဖမဆုံးမ ကလေး …… သည်နေ့ ငါတုကူးရီရှန်းက မင်းကို မင်းမိဘတွေကိုယ်စား ဆုံးမပေးမယ် "
လီဖူချန်းရဲ့ အပြုအမူနဲ့ မျက်နှာပေးကို မြင်လိုက်ရတဲ့ တုကူးရီရှန်းဟာ သူ့ရဲ့ ဒေါသတွေကို ဘယ်လိုမှ မထိန်းနိုင်တော့ပါဘူး။ သူက စကားဆုံးတာနဲ့ တစ်ပြိုင်နက် လက်နှစ်ဖက်ကို စုပြီး လီဖူချန်းဘက်ကို တွန်းထုတ်လိုက်ပါတယ်။
ဝေါ……ဝေါ.…ဝေါ……
အဲသည်နောက်မှာတော့ မရေမတွက်နိုင် ချီစွမ်းအင် လှိုင်းတွေဟာ လီဖူချန်းကို လွှမ်းခြုံသွားခဲ့ပါပြီ။
" ငါ့မှာ အချိန်အပို မရှိဘူး။ သည်တော့ ငါ့ကို အချိန်လာမဖြုန်းနဲ့ "
" သေကြစမ်း "
ရွှမ်း……
လီဖူချန်းက စိတ်အလိုမကျတဲ့ ပုံနဲ့ ခေါင်းခါယမ်းလိုက်ပြီး ဓားချက်တစ်ချက် ထုတ်လိုက်ပါတယ်။
ဘန်း……ဘန်း……ဘန်း……ဘန်း……ဘန်း………
ဓားချက်ထွက်ပေါ်လာတဲ့ အခါမှာတော့ သူ့ကို လွှမ်းခြုံထားတဲ့ ချီစွမ်းအင်တွေဟာ တစ်မုဟုတ်ချင်း ပျောက်ကွယ်သွားခဲ့ပါပြီ။ တစ်ဆက်တည်းမှာပဲ အဲသည်ဓားချက်က မေတ္တာမဲ့ ဓားဘုရင်ကလွဲပြီး ကျန်တဲ့ မူလပင်လယ်နယ်ပယ် ဘုရင်တွေ အကုန်လုံးကို အပိုင်းပိုင်းဖြစ်အောင် ခုတ်သတ်ပစ်လိုက်ပါတယ်။
" မ……မ……ဖြစ်နိုင်ဘူး "
လေထုထဲမှာတော့ တုကူးရီရှန်းရဲ့ ခန္ဓာကိုယ်ကနေ ခွဲထွက်သွားတဲ့ ဦးခေါင်းဟာ လွင့်ပျံနေဆဲပါပဲ။
***