← Chapters

နတ်နဂါး လက်သည်း

Vol. 44 Ch. 593

နတ်နဂါး လက်သည်း

Vol. 44 Ch. 593

လီဖူချန်းရဲ့ ချီအတွင်းအား ကျင့်ကြံခြင်းက မူလပင်လယ်နယ်ပယ်ကို ရောက်သွားပြီးတဲ့ အခိုက်မှာတော့ သူဟာ သူ့ရဲ့ ခန္ဓာကိုယ် အခြေအနေတွေ ပြောင်းလဲလာတာကို ကောင်းကောင်းကြီး ခံစားလာမိပါတယ်။

ပထမဆုံးကတော့ သူ့ရဲ့ လိပ်ပြာ အသိစိတ် အာရုံပါပဲ။

အရင်တုန်းကဆိုရင် သူ့ရဲ့ လိပ်ပြာ အသိစိတ် အာရုံဟာ မိုင်ပေါင်း တစ်သောင်းကျော်လောက်ကိုသာ ဖြန့်ကြက်နိုင်ခဲ့တာပါ။ ဒါပေမဲ့လည်း အခုတော့ သူ့ရဲ့ လိပ်ပြာ အသိစိတ်အာရုံဟာ မိုင်ပေါင်း ငါးသောင်းနီးပါးအထိ ဖြန့်ကြက်နိုင်ခဲ့ပါပြီ။

ဧကရာဇ် ကောင်းကင် ကုန်းမြေတိုက်ကြီးပေါ်မှာတော့ သာမန် မူလပင်လယ်နယ်ပယ် ဘုရင်တစ်ပါးဟာ အလွန်ဆုံးမှ မိုင်ပေါင်း တစ်ထောင်သာ လိပ်ပြာ အသိစိတ်အာရုံ ဖြန့်ကြက်နိုင်ပါတယ်။ တချို့ အစွမ်းထက်တဲ့ ဘုရင်တွေကတော့ လိပ်ပြာ အသိစိတ် အာရုံကို မိုင်ထောင်ချီပေါင်း အနည်းငယ်အထိ ဖြန့်ကြက်နိုင်ပေမယ့်လည်း မိုင်ပေါင်း တစ်သောင်းအထိ ဖြန့်ကြက်နိုင်ဖို့ ဆိုရင်တော့ သူတို့ရဲ့ အစစ်အမှန်  စိတ်ဝိညာဉ်ဟာ အင်မတန် အားကောင်းနေမှ ရပါမယ်။ ကောလာဟလတွေ အရ ဆိုရင်တော့ သည်ကုန်းမြေတိုက်ကြီးပေါ်မှာ ရှိတဲ့ တချို့သော မူလပင်လယ်နယ်ပယ် ဘုရင်တွေဟာ သူတို့ရဲ့ လိပ်ပြာ အသိစိတ် အာရုံကို မိုင်နှစ်သောင်း ဒါမှမဟုတ် သုံးသောင်းeအထိ ဖြန့်ကြက်နိုင်ပါတယ်တဲ့။ ဒါပေမဲ့လည်း အဲဒါက အမှန်လား၊ အမှားလား ဆိုတာကိုတော့ လီဖူချန်း ကိုယ်တိုင်လည်း မသိပါဘူး။

လိပ်ပြာ အသိစိတ်အာရုံ……

သည်အရာက အတော်လေးကို လျှို့ဝှက်ဆန်းကြယ်တဲ့ အရာပါပဲ။ လိပ်ပြာအသိစိတ် အာရုံက ကျင့်ကြံခြင်း အဆင့်မြင့်တက်လာလေလေ၊ ပိုအားကောင်းလာလေလေ ဆိုတာ မှန်ပေမယ့်လည်း သိပ်အသိသာကြီး တိုးတက်လာတာတော့ မဟုတ်ပါဘူး။ ယေဘုယျအားဖြင့် ဆိုရင်တော့ အဲဒါက အရိုးတည်ဆောက်ပုံပေါ်မှာသာ မူတည်တတ်ပါတယ်။

ဥပမာအားဖြင့် ပြရမယ် ဆိုရင်တော့ လေ့တုံးဟိုင်၊ ယွန်လုံ နဲ့ ကုချူးယီတို့ကို ဥပမာ ပြရမှာပါပဲ။ သူတို့က အရိုးတည်ဆောက်ပုံ အဆင့်အတန်း မြင့်မားသူတွေ ဖြစ်ကြတဲ့အတွက် သူတို့ရဲ့ လိပ်ပြာ အသိစိတ်အာရုံဟာ သာမန် မူလပင်လယ်နယ်ပယ် ဘုရင်တွေထက် ပိုအားကောင်းပြီး မိုင်ပေါင်း နှစ်ထောင်နီးပါးအထိ ဖြန့်ကြက်နိုင်ကြပါတယ်။

အချက်အလက်နဲ့ တိတိကျကျ ပြောရမယ် ဆိုရင်တော့ တိုက်ပွဲဝိညာဉ် နယ်ပယ် ရောက်တဲ့အထိ သည်လိပ်ပြာ အသိစိတ်အာရုံ ကွာခြားမှုဟာ သိပ်ပြီး မသိသာလှပါဘူး။ မူလပင်လယ်  နယ်ပယ်ကို ရောက်ပြီးတဲ့ အခါမှပဲ ကျင့်ကြံသူ တစ်ယောက်ချင်းစီရဲ့ ကြားက လိပ်ပြာအသိစိတ်အာရုံ ကွာခြားမှုဟာ သိသိသာသာကြီး ထင်ရှားလာခဲ့တာ ဖြစ်ပါတယ်။

တကယ်လို့သာ လီဖူချန်း အနေနဲ့လည်း ဘုရင်တစ်ပါးရဲ့ အစစ်အမှန်  ဝိညာဉ် အဆီအနှစ် နဲ့ မိစ္ဆာသားရဲ ဧကရာဇ် တစ်ပါးရဲ့ သားရဲဝိညာဉ် အဆီအနှစ်ကို မဝါးမျိုခဲ့ဘူးဆိုရင် သူ့ရဲ့ လိပ်ပြာ အသိစိတ်အာရုံဟာ သည်လောက်အထိ အားကောင်းလာမှာ မဟုတ်ပါဘူး။ သူ့အနေနဲ့ အလွန်ဆုံး ဖြန့်ကြက်နိုင်မှ မိုင်တစ်သောင်းပါပဲ။

" အင်း…… မိုင်ပေါင်း ငါးသောင်းနီးပါးအထိ ဖြန့်ကြက်နိုင်တဲ့ လိပ်ပြာ အသိစိတ်အာရုံ ဆိုတာ ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် ဧကရာဇ်တွေထဲမှာတောင်မှ အတော်လေး ရှားနေပြီပဲ "

လီဖူချန်းက စဉ်းစားနေရင်းနဲ့ ခပ်တိုးတိုးလေး ရေရွတ်လိုက်ပါတယ်။

မူလပင်လယ်နယ်ပယ်ကို ချိုးဖောက်ဝင်ရောက်ပြီးတဲ့ အခါမှာ တိုးတက်လာတာက သူ့ရဲ့  လိပ်ပြာ အသိစိတ်အာရုံ တစ်ခုတည်းတော့ မကလောက်ပါဘူူး။သူ့ရဲ့  ထိုးထွင်းသိမြင်မှုကလည်း အတော်လေး တိုးတက်လာမှာ အသေအချာပါပဲ ။ သူ့ရဲ့ ထိုးထွင်းသိမြင်မှုက အရင်ကတည်းကနေ သြချရလောက်အောင် ကောင်းမွန်လွန်းနေတာ ဖြစ်တဲ့အတွက် အခုဆိုရင်တော့ ဘယ်လောက်အထိကို ကောင်းမွန်လာမလဲ မသိပါဘူး။

အဲဒါကိုတော့ သူ့အနေနဲ့ အလယ်အလတ်အဆင့် ကောင်းကင်ဘုံ ကျောက်တုံးထဲက တာအိုဥပဒေသတွေကို စုပ်ယူတဲ့အခါမှာ တိတိကျကျ ခန့်မှန်းနိုင်ပါလိမ့်မယ်။

" မူလပင်လယ် နယ်ပယ်ကို ရောက်လာတာကလည်း မဆိုးပါဘူး။ အနည်းဆုံးတော့ ငါ့အနေနဲ့ သက်တံနီ နတ်ဘုရားမီးတောက် ကျင့်စဉ် အဆင့် ၃၆ကို ပိုစောပြီး တီထွင်နိုင်သွားတာပေါ့ "

လီဖူချန်းက တစ်ယောက်တည်း စဉ်းစားခန်းဖွင့်ပြီး သူ့ကိုယ်သူ ပြန်ပြောနေမိပါတယ်။

အဲသည်နောက်မှာတော့ သူဟာ မျက်လုံးမှိတ် အနားယူလိုက်ပြီး နောက်တစ်နေ့ မနက်စောစော နေမထွက်ခင်မှာပဲ နဂါးမြစ်ဝှမ်းပြည်နယ်၊ လေရိုင်းမြို့ကို ဦးတည် ထွက်လာခဲ့ပါတော့တယ်။

လဝန်းနီ အင်ပိုင်ယာ နဲ့ နတ်ကျက်သရေ အင်ပိုင်ယာ ကြားမှာတော့ နယ်နိမိတ် ကျယ်ဝန်းတာကလွဲပြီး ဘာမှ ထွေထွေထူးထူး ခြားနားချက် မရှိပါဘူး။ ဒါပေမဲ့လည်း လီဖူချန်းက သည်နတ်ကျက်သရေ အင်ပိုင်ယာမှာ အတော်လေး အရောင်းသွက်တဲ့ ဆေးတစ်မျိုး ရှိနေတာကို သတိပြုမိလိုက်ပါတယ်။

အဲသည်ဆေးကတော့ လိပ်ပြာသန့်စင် ဆေးရည် တစ်မျိုးဖြစ်ပြီး အညံ့စား လိပ်ပြာသန့်စင်ဆေး၊ အလယ်အလတ်စား လိပ်ပြာသန့်စင်ဆေး၊ အကောင်းစား လိပ်ပြာသန့်စင်ဆေး နဲ့ ပထမတန်းစား လိပ်ပြာသန့်စင်ဆေးဆိုပြီး လေးမျိုး ခွဲခြားထားပါတယ်။

အဲသည် လိပ်ပြာသန့်စင် ဆေးရည်တွေရဲ့ သက်ရောက်မှုကလည်း ရိုးရိုးရှင်းရှင်းလေးပါပဲ။ အဲဒါက စိတ်ဝိညာဉ်ကို အားကောင်းလာစေပြီး လူတစ်ယောက်ရဲ့ ထိုးထွင်းသိမြင်မှုကို ယာယီ တိုးတက်စေနိုင်ပါတယ်။

လီဖူချန်းက အဆင့်နိမ့် လိပ်ပြာသန့်စင် ဆေးရည် တစ်ပုလင်းကို ဝယ်ပြီး အစမ်း သောက်ကြည့်ခဲ့ပါသေးတယ်။ ဒါပေမဲ့လည်း အဲသည် ဆေးရည်က သူ့ရဲ့ စိတ်ဝိညာဉ် အပေါ်မှာ ဘာသက်ရောက်မှုမှ မရှိခဲ့ပါဘူး။ ဖြစ်နိုင်တာကတော့ သူ့ရဲ့ စိတ်ဝိညာဉ်ဟာ အလွန်အမင်း အားကောင်းနေတဲ့အပြင် ထိုးထွင်းသိမြင်မှုကလည်း ထက်မြန်လွန်းနေတဲ့အတွက် ဆေးရည်က မတိုးတာပဲ ဖြစ်ရပါမယ်။

***

လီဖူချန်းတစ်ယောက် နဂါးမြစ်ဝှမ်းပြည်နယ်၊ လေရိုင်းမြို့ကို သွားနေတဲ့ အချိန်မှာတော့ နန်အန်းနယ်စား လင်းထိုက်ယန်ဟာ အမှောင်ထု ကလန်နဲ့ ဆက်သွယ်မှုတွေ ပြုလုပ်နေခဲ့ပါပြီ။

- နန်အန်း နယ်စားစံအိမ်တော် -

နန်အန်း နယ်စား စံအိမ်တော်ရဲ့ အလယ်ဗဟိုမှာတော့ အနက်ရောက် ဝတ်စုံကို ဝတ်ဆင်ထားတဲ့ လူတစ်ယောက် ရှိနေပြီး စံအိမ် အရှင်သခင် လင်းထိုက်ယန်ကတော့ အိမ်ရှင် နေရာမှာ ထိုင်နေပါတယ်။

" အလယ်အလတ် ဝိညာဉ်ကျောက်တုံး သန်းသုံးဆယ်။ အလျော့အတင်း မရှိဘူး "

အနက်ရောင်ဝတ်စုံနဲ့ လူရဲ့ လေသံကတော့ ခပ်ပြတ်ပြတ်ပါပဲ။ သူက နယ်စား လင်းထိုက်ယန်သော၊ ဘာသော ဂရုစိုက်ပုံ မရပါဘူး။

" အလယ်အလတ် အဆင့် ဝိညာဉ်ကျောက်တုံး သန်းသုံးဆယ် ……ဟုတ်လား။ ခင်ဗျားတို့ အမှောင်ထုကလန်က လူတွေရဲ့ ဈေးက မများလွန်းဘူးလား။ တကယ်လို့ ကျုပ်က အကြို-ဧကရာဇ် တစ်ပါးကို ဖမ်းချင်ရင်တောင်မှ အဲသည်လောက် မကျဘူးလေ။ မဟုတ်ဘူးလား "

လင်းထိုင်ယန်က ဈေးနှုန်းကို ကြားလိုက်ရတဲ့ အခါမှာ မျက်နှာပျက်သွားပြီး အော်ကြီးဟစ်ကျယ်နဲ့ စောဒက တက်ပါတော့တယ်။သူက နယ်စားတစ်ပါးရဲ့ ဣန္ဒြေသိက္ခာကိုတောင် မဆည်နိုင်တော့ပါဘူး။

အဲသည်ထက် ပိုအရေးကြီးတာက သည်ဈေးဟာ လုံးဝ မတန်ဘူးလို့ သူခံစားနေရလို့ပါပဲ။

" အမှောင်ထုကလန် ရထားတဲ့ သတင်းအချက်အလက်တွေအရ ဆိုရင် သည်ဈေးက သူနဲ့ လုံးဝ ထိုက်တန်တယ်။ နယ်စားမင်း သတိပြုမိရဲ့လားတော့ မသိဘူး။ သူ သည်နန်အန်းစီရင်စုထဲမှာ စပေါ်လာတုန်းက သူ့ရဲ့ ကျင့်ကြံမှုက တိုက်ပွဲဝိညာဉ်နယ်ပယ် အဆင့်၅ပဲ ရှိတာကိုပေါ့။ဒါပေမဲ့ အခုတော့ သူက မူလပင်လယ်နယ်ပယ် ဘုရင်တစ်ပါး ဖြစ်နေပြီ။ သည်လို ထိပ်တန်း ပါရမီရှင်မျိုးဆိုတာ မလိုလားအပ်တဲ့ ပြသနာပေါင်းစုံကို ပေးနိုင်တယ်။ တကယ်လို့ နယ်စားမင်းက သူ့ကို သတ်ချင်ရင်တော့ သည်လောက် ဈေးကြီးမှာ မဟုတ်ဘူး။ အမှောင်ထုကလန်က အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၁၅သန်းနဲ့ပဲ သတ်ပေးနိုင်တယ် "

ဝတ်စုံနက်လူရဲ့ စကားအဆုံးမှာတော့ လင်းထိုက်ယန်ဟာ ငြိမ်ကျသွားခဲ့ပါပြီ။

ဝတ်စုံနက်လူ ပြောတာက အမှန်တွေချည်းပါပဲ။ လီဖူချန်းရဲ့ ကျင့်ကြံမှုနှုန်းက အရမ်းကို မြန်လွန်းနေပြီး နောက် ၆လလောက်ဆိုရင် ဘယ်အဆင့်အထိ ရောက်နေမလဲတောင် မခန့်မှန်းနိုင်ပါဘူး။

လီဖူချန်းဟာ တကယ့်ထိပ်တန်း ပါရမီရှင်တစ်ယောက်ဖြစ်ပြီး ကြယ်သုံးပွင့် ဗိုလ်ချုပ်တွေနဲ့ ယှဉ်ရင်တောင်မှ လုံးဝ နိမ့်ကျစရာ မရှိတဲ့ လူတစ်ယောက်ပါ။ဒါကိုလည်း သူ့အနေနဲ့ လုံးဝ မငြင်းလိုပါဘူး။

ဒါပေမဲ့လည်း အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး သန်းသုံးဆယ် ဆိုတာကြီးကတော့ များလွန်းလှပါတယ်။ လင်းထိုက်ယန်က လီဖူချန်းကို သတ်ချင်စိတ် လုံးဝ မရှိသလို လူတစ်ယောက်ကို သတ်ဖို့ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ဆယ့်ငါးသန်း   ပေးဖို့ကိုလည်း လုံးဝ တန်တယ်လို့ မခံစားမိပါဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် သူကိုယ်တိုင်ကလည်း သည်ဝိညာဉ်ကျောက်တုံးတွေကို အလကား ရလာခဲ့တာမှ မဟုတ်တာ။ သူက ဒါတွေကို နှစ်ပေါင်းများစွာ ကြိုးစားပြီး စုဆောင်းထားခဲ့ရတာပါ။

" ဟုတ်ပြီလေ။သည်လိုဆိုတော့လည်း အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး သန်းသုံးဆယ်ပဲ သတ်မှတ်လိုက်ကြတာပေါ့။ ဒါပေမဲ့ မင်းအနေနဲ့ သူ့ကို သေချာပေါက် ဖမ်းပြီး ခေါ်လာပေးမယ်လို့ အာမ ခံရမယ် "

အနည်းငယ် စဉ်းစားပြီးတဲ့ နောက်မှာတော့ လင်းထိုက်ယန်ဟာ ဝတ်စုံနက် တောင်းတဲ့ဈေးကို ပေးဖို့ သဘောတူလိုက်ပါတယ်။

ဝတ်စုံနက်က ခေါင်းခါလိုက်ပြီး

" မဖြစ်နိုင်ဘူး နယ်စားမင်း။ ဘယ်သူကမှ သည်ကိစ္စမှာ အာမခံနိုင်မှာ မဟုတ်ဘူး။ကျုပ်အနေနဲ့ ကတိပေးနိုင်တာကတော့ အမှောင်ထုကလန်က သည်ကိစ္စကို အောင်မြင်ဖို့အတွက် အစွမ်းကုန် ကြိုးစားပေးမယ် ဆိုတာပဲ။ ပြီးတော့  နယ်စားမင်းရဲ့ အလယ်အလတ် ဝိညာဉ်ကျောက်တုံး သန်းသုံးဆယ်ကိုလည်း အလဟသ မဖြစ်စေရဘူး။ အမှောင်ထုကလန်မှာက အလယ်အလတ် ဝိညာဉ်ကျောက်တုံး သန်းသုံးဆယ်နဲ့အထက် တန်ဖိုးရှိတဲ့  အလုပ်အပ်တဲ့ ဧည့်သည်တိုင်းကို ကြယ်၃ပွင့် အထူးဧည့်သည်တော်အဖြစ် သတ်မှတ်ပြီး အကျိုးခံစားခွင့်တွေ ပေးလေ့ရှိတယ် "

" အထူးဧည့်သည်တွေရဲ့ အဆင့်အတန်းအလိုက် အကျိုးခံစားခွင့် ကွာသွားပုံကိုတော့ သည်မှာ ဖတ်ကြည့်ပါ…… နယ်စားမင်း "

စကားဆုံးတာနဲ့ တစ်ပြိုင်နက် ဝတ်စုံနက်ဟာ စာအုပ်ငယ်လေး တစ်အုပ်ကို ထုတ်ပြီး လင်းထိုက်ယန်ဆီ ပစ်ပေးလိုက်ပါတယ်။

" ဒါ……ဒါက…… "

စာအုပ်ကို တစ်ချက် ဖတ်ကြည့်ပြီးတဲ့ နောက်မှာတော့ လင်းထိုက်ယန်က ဘာပြောလို့ ပြောရမှန်း မသိတော့ပါဘူး။

အမှောင်ထုကလန်ရဲ့ အထူးဧည့်သည်တော်တွေကို ပေးထားတဲ့ အကျိုးခံစားခွင့်တွေက တကယ်လည်း မက်လောက်စရာပါပဲ။ အဲသည် အခွင့်အရေးတွေမှာက လျော့ဈေးတွေ အပြင် သတင်းအချက်အလက် ရောင်းချပေးမှု နဲ့ တန်ပြန် လုပ်ကြံရေး ပြုလုပ်ပေးမှုတို့ ပါဝင်ပါတယ်။

" ဟုတ်ပြီလေ။ အမှောင်ထု ကလန်က သူတို့ကို ပေးထားတဲ့ အလယ်အလတ် အဆင့် ဝိညာဉ်ကျောက်တုံး သန်းသုံးဆယ်နဲ့ တန်အောင် လုပ်ပြနိုင်ပါစေလို့ပဲ ငါမျှော်လင့်ပါတယ် "

လင်းထိုက်ယန်က သက်ပြင်းတစ်ချက် ချလိုက်ပြီး ပြောလိုက်ပါတယ်။

အလယ်အလတ် အဆင့် ဝိညာဉ်ကျောက်တုံး သန်းသုံးဆယ်ဆိုတာက သူ့အတွက် အတော်လေးများတဲ့ ပမာဏ ဖြစ်ပေမယ့်လည်း သူ့အနေနဲ့ ပြန်မရှာနိုင်တာတော့ မဟုတ်ပါဘူး။ မဟုတ်လို့ကတော့  သူ့အနေနဲ့ စီရင်စု တစ်ခုကို အပိုင်စား ရထားတာ အလကား ဖြစ်သွားပါလိမ့်မယ်။

***

ခန္ဓာကိုယ် အပြင်အား ကျင့်ကြံခြင်းအတွက် ခန္ဓာကိုယ်မှာ ကန့်သတ်ချက် ရှိသလို ချီအတွင်းအား ကျင့်ကြံခြင်း အတွက်လည်း သွေးကြောတွေရဲ့ ခံနိုင်ရည် နဲ့ စွမ်းအင်ဗဟိုချက်မ ပင်လယ်ရဲ့ တောင့်ခံနိုင်စွမ်း ရှိပါတယ်။

လီဖူချန်းရဲ့ ကိစ္စမှာတော့ သူဟာ ချီအတွင်းအား ကျင့်ကြံခြင်းကို ဆက်တိုက် အဆင့်တက်ခဲ့တဲ့အတွက် သူ့ရဲ့ စွမ်းအင်ဗဟိုချက်မ ပင်လယ်ဟာ လုံလောက်တဲ့အထိ ကြံ့ခိုင်ခြင်း မရှိခဲ့ပါဘူး။ ပြီးတော့ လီဖူချန်းက သက်တံနီ နတ်ဘုရားမီးတောက် ကျင့်စဉ် အဆင့်၃၅ကို တီထွင် ကျင့်ကြံခဲ့တဲ့အတွက် သူ့ရဲ့ ချီအတွင်းအားတွေဟာ သာမန် ဘုရင်တွေထက်ကို များပြားနေပါသေးတယ်။ အဲဒါက သူ့ရဲ့  စွမ်းအင်ဗဟိုချက်မ ပင်လယ်အတွက်တော့ မနိုင်ဝန် ထမ်းနေရသလိုပါပဲ။ လီဖူချန်းအနေနဲ့ အဲသည်အချက်ကို အမြန် မပြုပြင်ဘဲ သည်အတိုင်း ဆက်သွားနေမယ် ဆိုရင်တော့ သူ့ရဲ့ စွမ်းအင်ဗဟိုချက်မ ပင်လယ်ဟာ ကျိုးပေါက်ပြီး သူ့ကို  ဒုက္ခ ပေးတော့မှာ ဖြစ်ပါတယ်။

လီဖူချန်းကလည်း အဲသည်အချက်ကို မသိမြင်ဘဲ မနေပါဘူး။ ဒါကြောင့်မို့လည်း သူဟာ လမ်းခရီး တစ်လျှောက်မှာ သူ့ရဲ့ ချီအတွင်းအားတွေကို အဆက်မပြတ် သန့်စင်ပြီး သူ့ရဲ့ စွမ်းအင်ဗဟိုချက်မ ပင်လယ်ကို အားကောင်းလာအောင် ပြုလုပ်နေခဲ့တာပါ။

ပြီးတော့ လီဖူချန်းက အားတဲ့အချိန်တွေမှာ ဆိုရင်လည်း မြေကမ္ဘာ အထွတ်အထိပ်အဆင့် ခန္ဓာကိုယ် အပြင်အား သိုင်းပညာကို တီထွင်ဖို့   ကြိုးစားခဲ့ပါသေးတယ်။

သူက ကောင်းကင်အဆင့် ဓားကွက်တွေကို တီထွင်ပြီးခဲ့သလို ကောင်းကင်အဆင့်နိမ့် ဓားသိုင်းကိုလည်း လေ့ကျင့်ခဲ့ပြီးပါပြီ။ အဲသည်အတွက် အခုအချိန်မှာတော့ သူ့အနေနဲ့ ချီအတွင်းအား ကျင့်ကြံခြင်း အပိုင်းမှာ လမ်းဆုံးကို ရောက်နေပြီလု့ိ ဆိုရပါမယ်။

တကယ်လို့သာ သူ့အနေနဲ့ သည်ထက်ပိုပြီး တိုးတက်ချင်တယ် ဆိုရင်တော့ ကောင်းကင် အလယ်အလတ်အဆင့် ဓားသိုင်းကို ကျင့်ဖို့ကလွဲပြီး တခြားနည်းလမ်း မရှိတော့ပါဘူး။

ဒါပေမဲ့လည်း အဲဒါက မဖြစ်နိုင်တဲ့ အရာပါပဲ။ ကောင်းကင်အဆင့် သိုင်းပညာတွေမှာက အဆင့် တစ်ခုချင်းစီ ကြားမှာရှိတဲ့  ကွာဟချက်ဟာ ကြီးမားလွန်းလှပါတယ်။ ပြီးတော့ ကောင်းကင် အလယ်အလတ်အဆင့် သိုင်းပညာတွေ ဆိုတာက ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် ဧကရာဇ်တိုင်းတောင် ပိုင်ဆိုင်နိုင်တဲ့ အရာ မဟုတ်ပါဘူး။

သည်နေရာမှာ တစ်ခု သိထားရမှာကတော့ သာမန် ဥပဒေသ ပြောင်းလဲခြင်းနယ်ပယ် ဧကရာဇ်တွေဟာ ကောင်းကင် အဆင့်နိမ့် သိုင်းပညာရပ်တွေ နဲ့ ကျင့်စဉ်တွေကိုသာ ကျင့်ကြံတတ်မြောက်ထားတယ် ဆိုတာပါပဲ။ လုံးဝ ထိပ်တန်း ဥပဒေသ ပြောင်းလဲခြင်းနယ်ပယ် ဧကရာဇ်တွေမှသာ ကောင်းကင် အလယ်အလတ် အဆင့် ကျင့်စဉ်တွေ ဒါမှမဟုတ် သိုင်းပညာတွေကို ကျင့်ကြံတတ်မြောက် ထားကြတာပါ။ အဲဒါကလည်း သူတို့ရဲ့ ကံအပေါ်မှာ မူတည်တယ်လို့ ဆိုရပါမယ်။ တချို့ ဧကရာဇ်တွေကတော့ ကံကောင်းထောက်မပြီး သူတို့ရဲ့ ဘိုးဘေးတွေ ချန်ထားခဲ့တဲ့ အမွေအနှစ်တွေကနေ အဲသည် ပညာရပ်တွေကို တတ်မြောက်ခဲ့တာလည်း ရှိပါတယ်။

အဲသည်ထဲမှာမှ လဝန်းနီ ဧကရာဇ်ကတော့ တခြားသူတွေထက်ကို ကံထူးပြီး ကောင်းကင် အဆင့်မြင့် သိုင်းပညာ တစ်ရပ်ကို ရရှိခဲ့ကာ သူ့ရဲ့ လက်တစ်ဖက် မြှောက်လိုက်တာနဲ့တင်  ကောင်းကင်နဲ့မြေကြီးကို ဖျက်ဆီးနိုင်တယ်လို့ ပြောကြပါတယ်။ ဒါပေမဲ့လည်း အဲဒါက ကောလာဟလသာ ဖြစ်တဲ့အတွက် ဘယ်သူမှ တိတိကျကျ  အာမ မခံဝံ့ကြပါဘူး။

အဲသည်အတွက်ကြောင့်ပဲ လီဖူချန်းဟာ မြေကမ္ဘာ အထွတ်အထိပ်အဆင့် သိုင်းပညာကို တီထွင်ဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

လီဖူချန်းရဲ့ လက်ရှိ ကျင့်ကြံမှု အဆင့် နဲ့ ထိုးထွင်းသိမြင်မှုကြောင့်  မြေကမ္ဘာ အထွတ်အထိပ်အဆင့် ခန္ဓာကိုယ် အပြင်အား သိုင်းပညာကို တီထွင်ရတဲ့ အလုပ်ဟာ သိပ်ပြီး မခက်ခဲခဲ့ပါဘူး။သူက နှစ်လအတွင်းမှာပဲ မြေကမ္ဘာ အထွတ်အထိပ်အဆင့် သိုင်းကွက် နှစ်ကွက်ကို တီထွင်နိုင်ခဲ့ပါတယ်။

အဲဒါတွေကတော့ ကိုးနဂါး လက်သည်းကို အခြေခံပြီး တီထွင်ထားတဲ့ နတ်နဂါး လက်သည်းနဲ့ တိမ်လေ အုပ်စိုးသူ ခန္ဓာကိုယ်ကို အခြေခံပြီး တီထွင်ထားတဲ့ မိုးသက်မုန်တိုင်းတို့ပါပဲ။

နတ်နဂါး လက်လည်းက လေထုထဲမှာ နတ်နဂါး လက်သည်း တစ်ခုကို ပုံဖော်နိုင်ပြီး ရန်သူကို ဆုတ်ဖြဲပစ်နိုင်တဲ့ သိုင်းကွက်တစ်မျိုးလို့ ဆိုရပါမယ် ။ အဲသည် သိုင်းကွက်ထဲမှာတော့ တာအို ဥပဒေသ တစ်မျိုးပဲ ပါဝင်ပြီး အဲသည် တာအို ဥပဒေက ဆုတ်ဖြဲခြင်း တာအို ဥပဒေသ ဖြစ်ပါတယ်။

မိုးသက်မုန်တိုင်းကတော့ တိမိလေ အုပ်စိုးသူ ခန္ဓာကိုယ်ကို အဆင့်တစ်ဆင့် မြှင့်လိုက်တာလို့ ဆိုရင်လည်း မမှားပါဘူး။ အဲသည်ထဲမှာက တုန်ခါခြင်း တာအို ဥပဒေသ ပါဝင်ပြီး လေထုထဲကနေ မိုးကြိုးတွေကို ဖန်တီးနိုင်ပါတယ်။

***

All Chapters