ထိုးဖောက်စိမ့်ဝင် စုံစမ်းခြင်း
Vol. 44 Ch. 595
လီဖူချန်းက သည်လူတွေဟာ ဘာရည်ရွယ်ချက်နဲ့ ခန္ဓာကိုယ် အပြင်အား ပညာရှင်တွေကို လိုက်ပြီး ဖမ်းနေသလဲ ဆိုတာကိုတော့ သေသေချာချာ မသိပါဘူး။ ဒါပေမဲ့ သူက လေ့တုံးဟိုင်ကို လိုက်ရှာပြီး ယွန်လုံကို မရရအောင် ပြန်ကယ်ဆယ်ရမယ် ဆိုတာကိုတော့ ကောင်းကောင်းကြီး သိပါတယ်။ ဒါက တစ်ဂိုဏ်းတည်းသားချင်း စောင့်ထိန်းရမယ့် တာဝန် နဲ့ ဝတ္တရားပါပဲ။
လေ့တုံးဟိုင်ကို ရှာဖို့က လွယ်ကူပေမယ့်လည်း ယွန်လုံကို ကယ်ဆယ်ဖို့ကတော့ အဲသည်လောက်အထိ လွယ်မှာ မဟုတ်ပါဘူး။ အဲသည်အတွက် သူဟာ အရှည်ကို မျှော်တွေးပြီး သေသေချာချာ ပြင်ဆင် ရပါမယ်။
ပြီးတော့လည်း သူဟာ အခုချိန်အထိ တစ်ဖက်လူတွေက ဘယ်သူတွေလည်း ဆိုတာနဲ့ သူတို့ရဲ့ စခန်းက ဘယ်မှာ ရှိသလဲ ဆိုတာကို မသိသေးပါဘူး။
အဲသည်နောက်မှာတော့ လီဖူချန်းဟာ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး အနည်းငယ်ကို သုံးပြီး လေရိုင်းမြို့ထဲမှာ ခြံဝင်းတစ်ခု ဝယ်ယူလိုက်ပါတယ်။ ကုချူးယီက အတော်လေးကို အားနည်းနေသေးတဲ့အတွက် သတင်းစုံစမ်းတဲ့ နေရာမှာ လီဖူချန်းက သူနဲ့အတူ သူမကို မခေါ်သွားချင်ပါဘူး။ သူမက သည်မြို့ထဲမှာ နေပြီး လေ့တုံးဟိုင်ကို စောင့်နေတာက အကောင်းဆုံးပါပဲ။
တစ်မြို့လုံးကို ပတ်ပြီး နည်းနည်းပါးပါး စုံစမ်းမေးမြန်းလိုက်တဲ့ အခါမှာတော့ လီဖူချန်းဟာ သည်လေရိုင်းမြို့ထဲမှာတောင်မှ ထူးဆန်းတဲ့ ပျောက်ဆုံးမှုအချို့ ဖြစ်ပေါ်ခဲ့တာကို သိလိုက်ရပါတယ်။ ပြီးတော့ အဲသည် ပျောက်ဆုံးတဲ့ သူတိုင်းဟာ မူလပင်လယ်နယ်ပယ် ခန္ဓာကိုယ် အပြင်အား ကျင့်ကြံသူ ပါရမီရှင်တွေချည်းပါပဲ။ နဂါးမြစ်ဝှမ်း ပြည်နယ် တစ်ခုလုံး အတိုင်းအတာနဲ့ ဆိုရင်တော့ သည်ဆယ်စုနှစ် အတွင်းမှာ အဲသည်လို ပျောက်ဆုံးမှုတွေဟာ ဆယ်ဂဏန်း အထက်ကို ရှိပါတယ်။
ရှင်းရှင်းပြောရမယ် ဆိုရင်တော့ ခန္ဓာကိုယ် အပြင်အား ကျင့်ကြံသူတွေ နဲ့ ချီအတွင်းအား ကျင့်ကြံသူတွေရဲ့ အချိုးဟာ အတော်လေးကို ကွာခြားလွန်းလှတယ်လို့ ဆိုရပါမယ်။ အဲသည်အတွက် မူလပင်လယ်နယ်ပယ် ဘုရင် အပါး တစ်ရာမှာတောင်မှ ခန္ဓာကိုယ် အပြင်အား ဘုရင်ဟာ တစ်ယောက် မရှိပါဘူး။
အဲသည်အတွက် ခန္ဓာကိုယ် အပြင်အား ဘုရင် ဆယ်ဂဏန်းကျော် ပျောက်ဆုံးမှုဟာ ပြည်နယ် တစ်ခုလုံးကို ဟိုးဟိုးကျော်စေပါတယ်။ဒါက သတိမပြုချင်ရင်တောင် သတိမပြုလို့ မရတဲ့ အရေအတွက်ပါပဲ။
" သည်ဖြစ်ရပ်တွေရဲ့ အနောက်မှာ မိစ္ဆာလမ်းစဉ် အောက်လမ်းဂိုဏ်း တစ်ခုတော့ သေချာပေါက် ရှိနေပြီ "
လီဖူချန်းက မျက်မှောင် ကြုတ်လိုက်မိပါတယ်။
ကျင့်ကြံခြင်း လောကမှာဆိုရင် ခန္ဓာကိုယ် အပြင်အား ကျင့်ကြံသူတွေဟာ လူသား ဆေးဝါးတွေ အဖြစ် နာမည်ကျော်ကြားလေ့ ရှိကြတာပါ။ အဆီအနှစ်ချင်း ယှဉ်မယ်ဆိုရင် သူတို့ရဲ့ ခန္ဓာကိုယ် အဆီအနှစ်ဟာ ကောင်းကင် အလယ်အလတ် အဆင့် ဆေးပင်၊ဆေးမြစ်တွေထက်ကို လုံးဝ မနိမ့်ကျပါဘူး။သူတို့ရဲ့ ခန္ဓာကိုယ်တွေက တာအိုဥပဒေသ ကိန်းဝပ်ခြင်း အပိုင်းမှာသာ နိမ့်ကျတာ ဖြစ်ပါတယ်။
ဒါကြောင့်မို့လည်း ရှေးခေတ် အချိန်တွေကနေစပြီး အခုမျက်မှောက် အချိန်အထိ ခန္ဓာကိုယ် အပြင်အား ကျင့်ကြသူတွေဟာ ချီအတွင်းအား ကျင့်ကြံသူတွေထက် နည်းပါးနေရတာပါ။ အခုလို ဖြစ်ရပ်မျိုး ဖြစ်ရတယ် ဆိုတာကလည်း သူတို့ရဲ့ ဆေးဖက်ဝင်တဲ့ ခန္ဓာကိုယ်တွေကို တစ်စုံတစ်ယောက်က ဝါးမျိုချင်တဲ့အတွက် ဖြစ်နေရတာပါပဲ။
" အိုး…… ငါ့ရဲ့ အမှတ်က ၂၃၉ တောင်မှလား "
အခန်းတစ်ခု အတွင်းမှာတော့ လီဖူချန်းဟာ သတင်းကျောက်တုံး တစ်ခုကို ထုတ်ပြီး သေသေချာချာ ဆန်းစစ် ကြည့်နေ မိပါတယ်။ သလင်းကျောက်ပေါ်မှာက နံပါတ်တစ်ခု ရှိနေပြီး အဲသည်မှာ ပေါ်နေတဲ့ နံပါတ်ကတော့ ၂၃၉ပါပဲ။
အစတုန်းကတော့ သူဟာ ဘာဖြစ်လို့ အခုလို ပစ်မှတ်ထားခံရသလဲ ဆိုတာကို မသိခဲ့ပါဘူး။ ဒါပေမဲ့လည်း အခုတော့ သူသိသွားခဲ့ပါပြီ။ သည်လူတွေက သွေးချီ စွမ်းအားလှိုင်းတွေကို တိုင်းတာလု့ိ ရတဲ့ သွေးချီ သလင်းကျောက်တွေနဲ့ သူတို့ လိုချင်တဲ့ ပစ်မှတ်တွေကို ရှာဖွေနေကြတာပါ။
ခန္ဓာကိုယ် အပြင်အား ပညာရှင် တစ်ယောက်က သူတို့ရဲ့ ခွန်အားတွေကို ဖုံးကွယ်ထားနိုင်စွမ်း ရှိပေမယ့်လည်း သွေးချီ သလင်းကျောက်ရဲ့ အရှေ့မှာတော့ အလကားပါပဲ။
" သည်အတိုင်း ဆိုရင်တော့ ငါ့အနေနဲ့ သွေးချီ စွမ်းအားတွေကို ချိပ်ပိတ်ထားမှ ရတော့မယ် "
တစ်ခါက ရောင်စဉ်ခုနစ်ဖြာ ကုန်းမြေတိုက်ကြီးမှာတုန်းကဆိုရင် လီဖူချန်းဟာ တောင်ပိုင်းတောအုပ် သိုင်းတက္ကသိုလ် လက်ထောက် ကျောင်းအုပ်ကြီးရဲ့ သွေးကြောပိတ်တာကို ခံခဲ့ရဖူးပါတယ်။ ဒါပေမဲ့လည်း လက်ထောက်ကျောင်းအုပ်ရဲ့ သွေးကြောပိတ် ပညာက အခု လီဖူချန်းရဲ့ လက်ရှိ ခန္ဓာကိုယ် အပေါ်မှာတော့ သက်ရောက်မှု ရှိမှာ မဟုတ်ပါဘူူး။ အဲသည်အတွက် သူဟာ ပိုပြီး အဆင့်မြင့်တဲ့ သွေးကြောပိတ် ပညာကို လိုအပ်လာခဲ့ပါပြီ။
ဒါပေမဲ့လည်း လီဖူချန်းက အဲသည်ကိစ္စအပေါ် စိုးရိမ်စိတ် မဖြစ်မိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူက ကိုယ်ပိုင် သွေးကြောပိတ် ပညာရပ် တစ်ခုကို တီထွင်နိုင်လို့ပါပဲ။
အဲသည်နောက်ပိုင်းမှာတော့ လီဖူချန်းဟာ သူ့ရဲ့ သွေးချီစွမ်းအားတွေကို ချိပ်ပိတ်နိုင်မယ့် သွေးကြောပိတ် ပညာရပ်ကို ဖန်တီးဖို့ စတင် လုပ်ဆောင်ပါတော့တယ်။
လီဖူချန်းက ဘယ်လောက်ပဲ အစွမ်းထက်တယ် ဆိုပေမယ့်လည်း သူ့အနေနဲ့ တခြားလူတွေရဲ့ အမဲလိုက်တာကိုတော့ မခံချင်ပါဘူး။ တကယ်လို့သာ သူ့အနေနဲ့ သူ့ရဲ့ သွေးချီတွေကို ချိပ်ပိတ် မထားဘူးဆိုရင် တစ်နေ့နေ့မှာ သူဟာ သူ့ထက် အစွမ်းထက်တဲ့ တခြားလူ တစ်ယောက်ရဲ့ လက်တွင်းမှာ သက်ဆင်းရပါလိမ့်မယ်။
တကယ်တမ်း မကွယ်မဝှက်ဘဲ အမှန်အတိုင်း ပြောရမယ် ဆိုရင်တော့ လီဖူချန်းရဲ့ စိတ်ဝိညာဉ်ဟာ သူ့ရဲ့ သွေးချီစွမ်းအားတွေကို ချိပ်ပိတ်ပေးနိုင်တဲ့ အစွမ်းမျိုးကို ပိုင်ဆိုင်ထားပါတယ်။ ဒါပေမဲ့လည်း အဲသည်လို လုပ်တာက စိတ်ဝိညာဉ် စွမ်းအားတွေကို တော်တော်လေး အသုံးပြုရတဲ့အတွက် သူ့အနေနဲ့ အချိန်အကြာကြီးတော့ ချိပ်ပိတ်ထားနိုင်မှာ မဟုတ်ပါဘူး။
အဲသည်အတွက် သူ့အနေနဲ့ တောင်ပိုင်းတောအုပ် လက်ထောက်ကျောင်းအုပ်ရဲ့ သွေးကြောပိတ် ပညာရပ်ကို ကိုးကားပြီး သွေးကြောပိတ် ပညာရပ် အသစ်တစ်ခု ဖန်တီးတာက အကောင်းဆုံးပါပဲ။
လဝက်အကြာ ကြိုးစားခဲ့ပြီး နောက်ဆုံးမှာတော့ လီဖူချန်းဟာ ကြယ်၆ပွင့် သွေးကြောပိတ် ပညာရပ် တစ်ခုကို အောင်အောင်မြင်မြင် တီထွင်နိုင်ခဲ့ပါတယ်။
ဒါပေမဲ့လည်း ကြယ်၆ပွင့် သွေးကြောပိတ် ပညာရပ်က သူ့ရဲ့ မူလပင်လယ်နယ်ပယ် သွေးချီစွမ်းအားတွေကိုတော့ အကုန်အစင် မပိတ်ပင်နိုင်ပါဘူး။ လီဖူချန်းက သူ့ရဲ့ သွေးချီစွမ်းအားတွေ အကုန်ကို ချိပ်ပိတ်ချင်ရင်တော့ သူ့အနေနဲ့ ကြယ်၇ပွင့် သွေးကြောပိတ် ပညာရပ်ကို ဖန်တီးနိုင်မှ ရပါလိမ့်မယ်။
" ငါ့ရဲ့ သွေးချီလှိုင်း အမှတ်က ၁၆၈ ဖြစ်သွားပြီပဲ "
လီဖူချန်းက သူတီထွင်ထားတဲ့ သွေးကြောပိတ် ပညာရပ်ကို အသုံးပြုပြီး သူ့ရဲ့ သွေးချီစွမ်းအားတွေကို ပိတ်ပင်လိုက်တဲ့ အခါမှာတော့ သူ့ရဲ့ သွေးချီလှိုင်းတွေဟာ ၁၆၈မှတ် အထိကို ထိုးကျသွားခဲ့ပါတယ်။
သည်ရလဒ်ဟာ အတော်လေး ကောင်းတာ မှန်ပေမယ့်လည်း လီဖူချန်းကတော့ မကျေနပ်သေးပါဘူး။ သူက သူ့ရဲ့ သွေးချီ စွမ်းအားလှိုင်းကို ၁၀၀ အောက် ရောက်မှ စိတ်အေးနိုင်မှာပါ။ မဟုတ်ရင်တော့ သူဟာ အမြဲတမ်း နောက်ကျောမလုံ ဖြစ်နေရပါလိမ့်မယ်။
ကြယ်၆ပွင့် အဆင့်နိမ့် … ကြယ်၆ပွင့် အလယ်အလတ် …ကြယ်၆ပွင့် အဆင့်မြင့်…
ပြောရမယ် ဆိုရင်တော့ သွေးကြောပိတ် ပညာတွေလို လျှို့ဝှက် နည်းစနစ်တွေဟာ အတန်းအစားတွေ ခွဲခြားထားလေ့ မရှိပါဘူး။ သူတို့က ကြယ်ပွင့်တွေ အလိုက်ပဲ အဆင့်တွေ ကွာခြားကုန်တာပါ။ ဒါပေမဲ့လည်း လီဖူချန်းကတော့ ကိုယ်ပိုင် လျှို့ဝှက်နည်းစနစ်ကို တီထွင်တာ ဖြစ်တဲ့အတွက် သူစိတ်တိုင်းကျ အတန်းအစားတွေ ခွဲထားနိုင်ပါတယ်။
သူ့ရဲ့ သွေးကြောပိတ် ပညာက ကြယ်၆ပွင့် အဆင့်မြင့် အဆင့်ကို ရောက်သွားတဲ့ အခါမှာတော့ လီထူချန်းရဲ့ သွေးချီလှိုင်းတွေဟာ ၉၈ အထိကို ကျဆင်းသွားခဲ့ပါပြီ။
ဒါက လီဖူချန်း အစွမ်းကုန် လုပ်ဆောင်နိုင်တဲ့ ကန့်သတ်ချက်ပါပဲ။ သူက သူ့ရဲ့ သွေးချီလှိုင်းတွေကို သည်ထက် ပိုလျော့သွားအောင်လည်း မလုပ်နိုင်တော့ပါဘူး။
ဒါတောင်မှ လီဖူချန်း ဖြစ်နေလို့သာ သည်လို ကြယ်၆ပွင့် အဆင့်မြင့် သွေးကြောပိတ် ပညာကို နှစ်ပတ်တည်းနဲ့ တီထွင်နိုင်ခဲ့တာပါ။တကယ်လို့သာ သူ့နေရာမှာ တခြားလူ ဆိုရင်တော့ အဲသည်လို လုပ်နိုင်ဖို့ လုံးဝ မဖြစ်နိုင်ပါဘူး။ တခြား ပါရမီရှင် မူလပင်လယ်နယ်ပယ် ဘုရင်တွေ ဆိုရင်တောင်မှပဲ လီဖူချန်းလို လုပ်နိုင်ဖို့ရာဟာ မဖြစ်နိုင်သလောက် ခဲယဉ်းတယ်လို့ ဆိုရပါမယ်။
ဒွီ……ဒွီ……ဒွီ……
လီဖူချန်းတစ်ယောက် သူ့ရဲ့ ကြယ်၆ပွင့် အဆင့်မြင့် သွေးကြောပိတ် ပညာကို တီထွင်ပြီး နောက်တစ်ရက် အကြာမှာတော့ သူ့ရဲ့ သိုလှောင်အိတ်ထဲမှာ တုန်ခါမှုတစ်ခု ဖြစ်ပေါ်လာခဲ့ပါတယ်။
အဲသည် တုန်ခါမှုကို ဖြစ်စေတဲ့ တရားခံကတော့ သွေးရောင် တံဆိပ်တော်ပါပဲ။
" နောက်ဆုံးတော့ သွေးတံဆိပ်တော်က အသက်ဝင်လာပြီပေါ့ "
လီဖူချန်းက သည်အချိန်ကို စောင့်နေခဲ့တာ အတော်လေး ကြာနေခဲ့ပါပြီ။ပြောရမယ် ဆိုရင်တော့ ဒါက သူ့ရဲ့ " ယွန်လုံ ကယ်ဆယ်ရေး "လုပ်ငန်းကို စတင်ဖို့အတွက် ပထမဆုံး လှမ်းဖို့လိုတဲ့ ခြေလှမ်းပါပဲ။
" အနီးအနားမှာ ရှိနေတဲ့ သွေးကျွန်တွေအားလုံး နားထောင်ကြစမ်း။ မင်းတို့အားလုံး အခုချက်ချင်း ရေတံခွန်တောင်မြို့က ဝိညာဉ်ချွေ တောအုပ်ကို သွားရမယ်။ အဲသည်မှာ အကြိုပြီးပြည့်စုံခြင်း ခန္ဓာကိုယ် အပြင်အားဘုရင် တစ်ပါး ပေါ်နေပြီ။ အဲသည် ဘုရင်ကို မရရအောင် ဖမ်းခဲ့ကြ "
မြင်းတစ်ကောင်ရဲ့ ဟီသံနဲ့ တူညီတဲ့ အေးစက်စက် စကားသံ တစ်ခုဟာ တံဆိပ်တော်ထဲကနေပြီး ထွက်ပေါ်လာခဲ့ပါတယ်။
" သွေးကျွန် ။ ခန္ဓာကိုယ် အပြင်အား အကြိုပြီးပြည့်စုံခြင်း ဘုရင်တစ်ပါး ……ဟုတ်လား "
လီဖူချန်းက မျက်မှောင် ကြုတ်လိုက်မိပါပြီ။
သည်လူအုပ်က ဘာတွေမှန်းတော့ သူလည်း သေသေချာချာ မသိပါဘူး။
ဒါပေမဲ့ သူသေချာသိတာ တစ်ခုကတော့ မူလပင်လယ်နယ်ပယ် အဆင့်၆ဖြစ်တဲ့ သွေးရောင်ခြည်လှိုင်း ဘုရင်ဟာ သည်အဖွဲ့မှာ သွေးကျွန် အဆင့်ပဲ ရှိပြီး တစ်ဖက်က အမိန့်ပေးသူဟာ သူ့ထက် အဆင့်အတန်း မြင့်တယ် ဆိုတာပါပဲ။
[ note - ခန္ဓာကိုယ် အပြင်အား ကျင့်ကြံခြင်းမှာက ချီအတွင်းအား ကျင့်ကြံခြင်းလို အဆင့်၉ဆင့် မရှိပါဘူး။ ခန္ဓာကိုယ် အပြင်အား ကျင့်ကြံခြင်းမှာက အကြို ပြီးပြည့်စုံခြင်း ( အဆင့်နိမ့် )၊ ပြီးပြည့်စုံခြင်း ( အလယ်အလတ် အဆင့် ) နဲ့ အလုံးစုံ ပြီးပြည့်စုံခြင်း ( အဆင့်မြင့် ) ဆိုပြီး အဆင့် သုံးဆင့်သာ ရှိပါတယ်။ ]
ခန္ဓာကိုယ် အပြင်အား အကြိုပြီးပြည့်စုံခြင်း ဘုရင်……
ခန္ဓာကိုယ် အပြင်အား အကြိုပြီးပြည့်စုံခြင်း ဘုရင်တွေ ဆိုတာကတော့ သာမန် မူလပင်လယ်နယ်ပယ် အလယ်အလတ် ဘုရင်တွေကိုတောင် မျက်လုံးထဲ ထည့်ကြသူတွေ မဟုတ်ပါဘူူး။
ယေဘုယျအားဖြင့် ပြောရမယ် ဆိုရင်တော့ ခန္ဓာကိုယ် အပြင်အား ကျင့်ကြံခြင်းမှာ မူလပင်လယ် နယ်ပယ်ရဲ့ အကြိုပြီးပြည့်စုံခြင်း အဆင့်ကို ရောက်နေသူတွေ ဆိုတာက အနိမ့်ဆုံးအဖြစ် မြေကမ္ဘာ အဆင့်မြင့် ခန္ဓာကိုယ် အပြင်အား ကျင့်စဉ်တွေကို ကျင့်ကြံ ထားကြသူတွေချည်းပါပဲ။
အဲသည်အဓိပါ္ပယ်က အခု ဝိညာဉ်ချွေ တောအုပ်ထဲမှာ ပေါ်လာတဲ့ ဘုရင်ဆိုသူဟာ လီဖူချန်းထက် ခန္ဓာကိုယ် အပြင်အား ကျင့်ကြံခြင်းမှာ ပိုအဆင့်မြင့်သူလို့ ပြောနေတာ ဆိုရင်လည်း မမှားပါဘူူး။
တကယ်လို့သာ အဲသည် ဘုရင်က မြေကမ္ဘာ အထွတ်အထိပ်အဆင့် သိုင်းပညာကိုပါ လေ့ကျင့်ထားနိုင်မယ် ဆိုရင်တော့ သူဟာ သာမန် အလယ်အလတ် အဆင့် ဘုရင်တွေကို ကြက်ကလေး၊ငှက်ကလေး သတ်သလို သတ်ပစ်နိုင်မှာ အသေအချာပါပဲ။ ပြီးတော့ သူဟာ အဆင့်မြင့် မူလပင်လယ်နယ်ပယ် ဘုရင်တွေကိုတောင်မှ သတ်ပစ်ကောင်း သတ်ပစ်နိုင်လောက်ပါသေးတယ်။
" သွားရမလား ဒါမှမဟုတ် မသွားရဘူးလား "
အစတုန်းကတော့ လီဖူချန်းဟာ ဝေခွဲမရပါဘူး။
" သွားမယ်ကွာ။ တကယ်လို့ ငါမသွားရင် အစ်ကိုယွန်လုံရဲ့ သတင်းကို ခြေရာခံလို့ ရမှာ မဟုတ်ဘူး "
ဒါပေမဲ့လည်း နောက်ဆုံးမှာတော့ သူဟာ ရေတံခွန်တောင် မြို့အနီးက ဝိညာဉ်ချွေတောအုပ်ကို သွားဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။
***
ရေတံခွန်တောင်မြို့……
သည်မြို့ကတော့ နဂါးမြစ်ဝှမ်း ပြည်နယ်ရဲ့ နယ်နိမိတ် အစွန်းမှာ တည်ရှိနေပြီး ပန်းပွားမြို့တော်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ မြို့တစ်မြို့ပါပဲ။ အဲသည်မြို့က မြို့ကြီးတစ်မြို့လို့ ဆိုရမှာ ဖြစ်ပြီး လူဦးရေ တစ်သန်းကျော်လည်း ရှိပါတယ်။
ဝိညာဉ်ချွေ တောအုပ် ……
သည်တောအုပ်ကတော့ နာမည်ဆိုးတဲ့ ကျော်ကြားတဲ့ တောအုပ် တစ်အုပ်လို့ ဆိုရပါမယ်။ သည်တောအုပ်က ရေတံခွန်တောင်မြို့ရဲ့ အနားမှာ တည်ရှိပြီး များပြားလွန်းလှတဲ့ မူလပင်လယ် ဘုရင်တွေဟာ သည်တောအုပ်ထဲမှာ သတင်း အစအန မရအောင် ပျောက်ဆုံးသွားလေ့ ရှိပါတယ်။
ညဉ့်နက်ပိုင်း၊ ဝိညာဉ်ချွေ တောအုပ်တွေ တစ်နေရာ……
ဝှစ်……ဝှစ်……ဝှစ်……
ဟူး……ဟူး……
အကျီ ၤ လေတိုးသံတွေနဲ့အတူ ဝိညာဉ်တမျှ သွက်လက်ပေါ့ပါးတဲ့ အရိပ်နက်တွေဟာ ဝိညာဉ်ချွေ တောအုပ်အတွင်းမှာ ပေါ်လာခဲ့ပါပြီ။
တောအုပ်အတွင်းက သစ်ခြောင်ပင်အိုကြီး တစ်ပင်ရဲ့ အရှေ့ကို အရောက်မှာတော့ အရိပ်နက်တွေဟာ သူတို့ရဲ့ လှုပ်ရှားမှုကို ရပ်တန့်လိုက်ပါတယ်။ သူတို့အားလုံးက ဝတ်စုံနက်တွေကို ဝတ်ဆင်ထားပြီး ကြည့်ရတာတော့ သူတို့သုံးယောက်က တစ်ဖွဲ့တည်း ဖြစ်ပုံပါပဲ။
" ရောက်လာကြပြီလား "
ခေါင်းဆောင်ဖြစ်ဟန်တူသူက ကျန်နှစ်ယောက်ကို လှမ်းမေးလိုက်ပါတယ်။
" ဟုတ် "
အရိပ်နက်တွေရဲ့ အဖြေက တစ်ညီတစ်ညာတည်းပါပဲ။
ဝှစ်……
အဲသည်အချိန်မှာပဲ လေတိုးသံ တစ်ခုနဲ့အတူ နောက်ထပ် အရိပ်နက် တစ်ခုဟာ သစ်ပင်ကြီး အနားကို ရောက်လာခဲ့ပြန်ပါပြီ။
" မင်းရဲ့ တံဆိပ်က ဘယ်မှာလဲ "
ခေါင်းဆောင်ဖြစ်သူ ဝတ်စုံနက်က ရောက်လာသူကို လှမ်းမေးလိုက်ပါတယ်။
ရောက်လာသူက ဘာမှ ပြန်မပြောပါဘူး။ အဲသည်အစား သူက သွေးရောင် လွှမ်းနေတဲ့ တံဆိပ်တော် တစ်ခုကိုသာ မြှောက်ပြလာခဲ့ပါတယ်။
တံဆိပ်တော်ကို မြင်ပြီးတဲ့ နောက်မှာတော့ ခေါင်းဆောင်ဖြစ်သူ ဝတ်စုံနက်ဟာ ဆက်မမေးတော့ပါဘူး။
' ဟူး…… သွေးတံဆိပ်တော်ကို အချိန်မီ ပေါင်းစည်းနိုင်လိုက်လို့ တော်သေးတာပေါ့ '
တစ်ဖက်လူက ဘာမှ ဆက်မမေးတော့မှပဲ လီဖူချန်းဟာ သက်ပြင်း ချနိုင်ပါတော့တယ်။ ကံကောင်းထောက်မပြီး သူ့ဆီမှာ သွေးတံဆိပ်တော်ကို ပေါင်းစည်းနိုင်တဲ့ နည်းစနစ်တစ်ခု ရှိနေလို့သာပေါ့။ မဟုတ်ရင်တော့ သူ့ရဲ့ ဟန်ဆောင်တဲ့ ဇာတ်လမ်းဟာ ဇာတ်လမ်း အစမှာတင် ကိစ္စ ပြတ်သွားလောက်မှာပါ။
ဝတ်စုံနက်က သူ့ကို ဘာမှဆက်ပြီး မမေးတော့တာကလည်း မထူဆန်းလှပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ သည်သွေးတံဆိပ်တော်တွေက ပိုင်ရှင်နဲ့ တစ်ခါ ပေါင်းစည်းပြီးသွားရင် နောက်ထပ် ထပ်ပြီး ပေါင်းစည်းလို့ မရအောင် အစီအရင် ချထားလို့ပါပဲ။ ဒါပေမဲ့လည်း လီဖူချန်းကတော့ အဲသည် သွေးတံဆိပ်ရဲ့ အတွင်းပိုင်းမှာ ချထားတဲ့ အစီအရင်ကို ကြည့်မြင်နိုင်ခဲ့ပြီး ဖျက်ဆီး နိုင်ခဲ့ပါတယ်။
အစတုန်းကတော့ လီဖူချန်းဟာ သည်အဖွဲ့အစည်းနဲ့ ပက်သက်ပြီး သိပ်မသေချာခဲ့ပါဘူး။ ဒါပေမဲ့လည်း အခုအချိန်မှာတော့ သူဟာ သေချာသွားခဲ့ပါပြီ။ သည်မိစ္ဆာ အဖွဲ့အစည်းကို နောက်ကနေ ကျောထောက်နောက်ခံ ပြုထားပေးတဲ့ သူဟာ ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် ဧကရာဇ် တစ်ပါးပဲ ဖြစ်ရပါမယ်။
မဟုတ်လို့ ရှိရင် သည်သွေးတံဆိပ်တော်ထဲမှာ ခက်ခဲလှတဲ့ တားမြစ် အစီအရင်ကို ဘယ်သူက ထည့်သွင်းထားနိုင်ပါ့မလဲ။
သူ့ရဲ့ ဇစ်မြစ်အမှန် ပေါ်သွားမှာကို မစိုးရိမ်ရတဲ့ နောက်မှာတော့ လီဖူချန်းဟာ သူ့ရဲ့ အရှေ့မှာ ရှိနေတဲ့ ဝတ်စုံနက်တွေကို ကောင်းကောင်းကြီး အကဲခတ်ဖို့အတွက် အခွင့်အရေး ရသွားပါတော့တယ်။
သည်သုံးယောက်ထဲမှာ ဆိုရင် ခေါင်းဆောင်ဖြစ်သူရဲ့ ကျင့်ကြံမှုက အဆင့် အမြင့်ဆုံးဖြစ်ပြီး သူက မူလပင်လယ်နယ်ပယ် အဆင့်၇ကို ရောက်နေခဲ့ပါပြီ။ ပြီးတော့ လီဖူချန်းက သည်လူဟာ မေတ္တာမဲ့ ဓားမော့ဘုရင်ထက်ကို ပိုပြီး ကြောက်စရာ ကောင်းတယ်လို့ ခံစားနေမိပါတယ်။
ကျန်တဲ့ နှစ်ယောက်ကတော့ အဲသည်လောက် မဟုတ်ပါဘူး။ သတို့က မူလပင်လယ်နယ်ပယ် အဆင့်၅ နဲ့ အဆင့်၆မှာပဲ ရှိပါတယ်။ သူတို့နှစ်ယောက်ရဲ့ ချီအရှိန်အဝါက သာမန် အလယ်အလတ်အဆင့် မူလပင်လယ်နယ်ပယ် ဘုရင်တွေထက် ပိုအားကောင်းတယ် ဆိုပေမယ့် သွေးရောင်ခြည်လှိုင်းဘုရင်နဲ့တော့ သိပ်မကွာလှပါဘူး။
***