← Chapters

သွေးအရိပ် အသင်း

Vol. 44 Ch. 596

သွေးအရိပ် အသင်း

Vol. 44 Ch. 596

အဲသည်နောက်မှာတော့ သူတို့လေးယောက်ဟာ တိတ်ဆိတ်ငြိမ်သက်စွာနဲ့ စောင့်ဆိုင်းနေကြပါတော့တယ်။ ဒါပေမဲ့လည်း ညဉ့်နှစ်ချက်ထိုး အချိန်ကို ရောက်တဲ့အထိ ဘယ်သူမှ ထပ်ပြီး ရောက်မလာခဲ့ပါဘူး။

နောက်ဆုံးမှာတော့ ဝတ်စုံနက် ခေါင်းဆောင်က စိတ်မရှည်တော့ဟန်ဖြင့် စကားစလာခဲ့ပါတယ်။

" မင်းတို့ သွေးကျွန်တွေက စုစုပေါင်း ၅ယောက်ရှိတယ်။မင်းတို့ထဲက တစ်ယောက်ကတော့ ပစ်မှတ်ကို စောင့်ကြည့်နေတယ်။ ကြည့်ရတာ ကျန်တဲ့ သွေးကျွန်က ခရီးလွန်နေလို့ မလာနိုင်တော့တဲ့ ပုံပဲ။အဲသည်တော့ ငါတို့ သူ့ကို မစောင့်တော့ဘူး။ အခု မင်းတို့တွေ ဘာတွေ လုပ်နေသလဲ ဆိုတာကို ငါ့ကို အစီရင်ခံကြ "

မူလနယ်ပယ် အဆင့်၆ ဝတ်စုံနက်က ခေါင်းညိတ်လိုက်ပြီး

" သည်နှစ်တွေမှာ မဟာဆေးဝါးတွေက ရှာတွေ့ဖို့ ခက်သထက် ခက်လာပါတယ်။ လွန်ခဲ့တဲ့ တစ်နှစ်တုန်းကတော့ ကျွန်တော်က မဟာဆေးဝါး တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပြီး သူ့ရဲ့ သွေးချီလှိုင်းတွေကို ချပ်ပိတ်ဖို့ ကြိုးစားခဲ့ပါသေးတယ်။ ဒါပေမဲ့ စိတ်မကောင်းစရာကတော့ သူဟာ ထွက်ပြေးလွတ်မြောက် သွားတာပါပဲ "

" မင်းကကော "

ခေါင်းဆောင်ဖြစ်သူ ဝတ်စုံနက်က မူလပင်လယ်နယ်ပယ် အဆင့်၅ ဝတ်စုံနက်ဘက်ကို လှည့်ကြည့်ပြီး မေးငေါ့လိုက်ပါတယ်။

ဝတ်စုံနက်က အရှေ့တစ်လှမ်းတိုး အရိုအသေ ပေးလိုက်ပြီး

" အရှင် သွေးအစေခံခင်ဗျား…… လွန်ခဲ့တဲ့ တစ်လကျော်ကပဲ ကျွန်တော်က အစကနဦးအဆင့် မဟာဆေးဝါးကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ပြီးတော့ အခု သူ့ကို ဆေးဝါးစုစောင်းရေး အဖွဲ့က ခေါ်သွားခဲ့ပါပြီ။ ကျွန်တော့် အထင် ပြောရရင် နောက်ထပ် အချိန် အနည်းငယ် အတွင်းမှာပဲ သူတို့က အဲသည်ဆေးဝါးကို  သွေးဧကရာဇ်ဆီ ဆက်သကြပါလိမ့်မယ် "

" မဆိုးဘူး "

ဝတ်စုံနက် ခေါင်းဆောင်က ခေါင်းတဆက်ဆက် ညိတ်လိုက်ပါတယ်။

သွေးအစေခံ ဖြစ်တဲ့အတွက် သူ့ရဲ့ အဆင့်အတန်းဟာ သွေးကျွန်တွေနဲ့ မတူပါဘူး။ သူက သွေးကျွန်တွေထက်ကို အဆင့်အတန်း တစ်ဆင့် မြင့်ပါတယ်။

ရှင်းရှင်း ပြောရမယ် ဆိုရင်တော့ သွေးကျွန်တွေ ဆိုတာဟာ သူ့ရဲ့ လက်အောက်ခံပါပဲ။

တကယ်လို့ သွေးကျွန်တွေက သွေးဧကရာဇ် အတွက် အကျိုးဆောင်နိုင်ခဲ့မယ်ဆိုရင် သူ့အတွက် အကျိုးအမြတ်ကလည်း ပြေးမလွတ်ပါဘူး။

" လွန်ခဲ့တဲ့ တစ်လ။ အစကနဦးပိုင်း အဆင့် မဟာဆေးဝါး။ သွေးဧကရာဇ် …… ဟုတ်လား "

လီဖူချန်းက မျက်မှောင် ကြုတ်လိုက်မိပါတယ်။

သူ့ရဲ့ အထင်သာ မမှားဘူး ဆိုရင်တော့ သည်ဝတ်စုံနက် ပြောတဲ့ အစကနဦးပိုင်း အဆင့် ဆေးဝါး ဆိုတာက ယွန်လုံကို ပြောတာပါပဲ။

ပြီးတော့ မဟာဆေးဝါး ဆိုတာကလည်း သည်အဖွဲ့အစည်းရဲ့ အထိမ်းအမှတ် စကားဝှက် ဖြစ်ပြီး ခန္ဓာကိုယ် အပြင်အား မူလပင်လယ် နယ်ပယ် ဘုရင်တွေကို ဆိုလိုတာပဲ ဖြစ်ရပါမယ်။

" သည်အတိုင်း ဆိုရင်တော့ အစ်ကိုယွန်လုံအနေနဲ့ မလွယ်ဘူး "

တစ်ချိန်တည်းမှာပဲ လီဖူချန်းက ယွန်လုံအတွက် အတော်လေး စိုးရိမ်ပူပန် လာမိပါတယ် ။ ဘာဖြစ်လို့လဲဆိုတော့ သည်အောက်လမ်း မိစ္ဆာ အဖွဲ့အစည်း နောက်မှာက တကယ်ကြီး ဧကရာဇ်တစ်ပါး ရှိနေလို့ပါပဲ။

ပြီးတော့ သူ့ရဲ့ အမြင်အရဆိုရင် အဲသည် သွေးဧကရာဇ် ဆိုသူဟာ အကြို-ဧကရာဇ် အဆင့်တောင် မဟုတ်လောက်ပါဘူး။ သူက သေချာပေါက်ကို အစစ်အမှန် ဧကရာဇ် တစ်ပါး ဖြစ်ရပါမယ်။ ဒါကြောင့်လည်း သူ့ လက်အောက်မှာ ဘုရင်တွေဟာ လိုလိုချင်ချင် အမှုတော် ထမ်းနေကြတာပါ။

' အင်း……သည်အတိုင်း ဆိုရင်တော့ ငါ့အနေနဲ့ အရှည်ကိုတွေးပြီး လုပ်မှ ရတော့မယ် '

ဖြစ်နိုင်မယ်ဆိုရင် လီဖူချန်းက ယွန်လုံကို အခုချက်ချင်းတောင် ကယ်လိုက်ချင်ပေမယ့်လည်း သူက အခြေအနေတွေကို ကောင်းကောင်းကြီး သုံးသပ်နိုင်ပါတယ်။ ဧကရာဇ်တစ်ပါးရဲ့ လက်ထဲကနေ ယွန်လုံကို ကယ်ဖို့ဆိုတာက သူ့ရဲ့ လက်ရှိ အခြေအနေနဲ့ ဘယ်လိုမှ မဖြစ်နိုင်တဲ့ အရာပါပဲ။

လီဖူချန်းက မူလပင်လယ်နယ်ပယ် အဆင့်၁မှာသာ ရှိသေးတဲ့ ဘုရင် ဆိုတာကို အသာထားပါဦး။ တကယ်လို့ သူ့အနေနဲ့ မူလပင်လယ် နယ်ပယ် အလယ်အလတ် အဆင့်ကို ရောက်နေရင်တောင်မှပဲ အဲဒါက မျှော်လင့်ချက်ရှိမှာ မဟုတ်ပါဘူး။

သူ့အနေနဲ့ အနည်းဆုံး မူလပင်လယ် နယ်ပယ် အဆင့်မြင့်ပိုင်းကို ရောက်မှသာ ယွန်လုံကို ကယ်ဖို့က အခွင့်အရေး ရှိပါလိမ့်မယ်။ ဒါတောင်မှ တစ်ဖက်က သွေးဧကရာဇ်က အားနည်းတဲ့ ဧကရာဇ် ဖြစ်နေမှ အခွင့်အရေး အနည်းငယ် ရှိမှာပါ။

" မင်းကော "

ဝတ်စုံနက် ခေါင်းဆောင်က လီဖူချန်းကို စိုက်ကြည့်ပြီး မေးလာခဲ့ပါတယ်။

လီဖူချန်းက ခေါင်းညိတ်လိုက်ပြီး

" သွေးအစေခံ အရှင်…… ကျွန်တော်က ဘယ်မဟာ ဆေးဝါးကိုမှ တွေ့တာ ကြာလှပါပြီ "

ဝတ်စုံနက် ခေါင်းဆောင်က လီဖူချန်းကို သံသယ မျက်လုံးတွေနဲ့ စိုက်ကြည့်ပြီး ဆက်မေးလာပြန်ပါတယ်။

" ဒါနဲ့ နေပါဦး။ မင်းရဲ့ ကျင့်ကြံမှုက ဘယ်လိုဖြစ်ပြီး မူလပင်လယ်နယ်ပယ် အဆင့်၁မှာပဲ ရှိနေရတာလဲ "

ဝတ်စုံနက် ခေါင်းဆောင်ရဲ့ အမေးကြောင့် ကျန်တဲ့ ဝတ်စုံနက် နှစ်ကေ်ဟာလည်း သံသယ မျက်လုံးတွေနဲ့ လီဖူချန်းကို အေးစက်စက် စိုက်ကြည့်လာခဲ့ကြပါပြီ။

သွေးဧကရာဇ်ရဲ့ လက်အောက်မှာ ရှိတဲ့ သွေးကျွန်တွေ အားလုံးဟာ  အနိမ့်ဆုံး မူလပင်လယ်နယ်ပယ် အဆင့်၄မှာ ရှိနေရပါမယ်။ ပြီးတော့ အဲဒါက လုံးဝ ခြွင်းချက် မရှိပါဘူး။

လီဖူချန်းက တည်တည်ငြိမ်ငြိမ်ပါပဲ။ သူက သူ့ရဲ့ ကျင့်ကြံခြင်းနဲ့ ပက်သက်ပြီး အခုလို သံသယ ဝင်ခံရမယ် ဆိုတာကို အစောကြီးကတည်းက တွက်ထားခဲ့ပြီးပါပြီ။

" သွေးအစေခံ အရှင်…… ကျွန်တော်က အတွင်းဒဏ်ရာ နည်းနည်း ရနေလို့ပါ။ ကျွန်တော်ရဲ့  နဂိုမူလ ကျင့်ကြံခြင်းက မူလနယ်ပယ် အဆင့်၆မှာ ရှိပါတယ် "

လီဖူချန်းက ပြန်ဖြေကြားနေရင်းနဲ့ သက်တံနီ နတ်ဘုရားမီးတောက် ကျင့်စဉ်ကို အသက်သွင်းပြီး အားကောင်းလွန်းလှတဲ့ ချီအရှိန်အဝါ တစ်ခုကို ထုတ်ဖော်ပြလိုက်ပါတယ်။

ချွမ်……

သည်ချီအရှိန်အဝါက သိပ်သည်းလှပြီး သာမန် ကြယ်၄ပွင့် မူလနယ်ပယ်ဘုရင်တွေရဲ့ အရှိန်အဝါထက် လုံးဝ မနိမ့်ကျပါဘူး။

" ငါ သိပြီ "

လီဖူချန်းရဲ့ ချီအရှိန်အဝါကို မြင်ပြီးတဲ့ နောက်မှာတော့ ဝတ်စုံနက်တွေဟာ သံသယ မရှိတော့ပါဘူး။

ဒါကလည်း အကြောင်းအရင်း နှစ်ချက် ရှိပါတယ်။

ပထမ အချက်က လီဖူချန်းရဲ့ ချီအရှိန်အဝါဟာ မူလပင်လယ်နယ်ပယ် ဘုရင်တစ်ပါးမှာ ရှိသင့်ရှိထိုက်တဲ့ ချီအရှိန်အဝါ မဟုတ်လို့ပါပဲ။

ဒုတိယ အချက်ကတော့ သူတို့က သွေးဧကရာဇ်ရဲ့ သွေးတံဆိပ်တော် အပေါ်မှာ ယုံကြည်မှု ရှိလွန်းကြလို့ပါ။ သွေးတံဆိပ်တော်ရဲ့ အတွင်းမှာက သွေးဧကရာဇ်ကိုယ်တိုင် စီရင်ထားတဲ့ အစီအရင် တစ်ခု ရှိနေပြီး အဲသည် အစီအရင်ကို အကြို- ဧကရာဇ်တွေတောင်မှ ဖိနှိပ်နိုင်စရာ အကြောင်း မရှိပါဘူး။

တစ်ခြားဘက်ကနေ လှည့်ပြီး တွေးမယ် ဆိုရင်တော့ တကယ်လို့သာ လီဖူချန်းအနေနဲ့ သွေးတံဆိပ်တော်ထဲက အစီအရင်ကို ဖိနှိပ်ပြီး ပေါင်းစည်းနိုင်မယ် ဆိုရင် သူတို့ကို ဘာမှ ရှင်းပြနေမှာ မဟုတ်ပါဘူူး။ သူက တစ်ခါတည်း သူတို့ကို သတ်လိုက်မှာပါပဲ။

ဒါကြောင့်လည်း သူုတို့က လီဖူချန်း အပေါ်မှာ သံသယ ကင်းသွားကြတာပါ။

ဒီ……ဒီ……ဒီ……

မနက်အရုဏ် တက်ပြီး အလင်းရောင် မပွင့်တပွင့် အချိန်လေးကို အရောက်မှာတော့ ဝတ်စုံနက် ဘုရင်ရဲ့ သွေးတံဆိပ်တော်ဟာ အဆက်မပြတ် တုန်ခါလာခဲ့ပါတယ်။

တစ်ဆက်တည်းမှာပဲ အသံတစ်သံက ထွက်ပေါ်လာပါတယ်။

"အရှင် သွေးအစေခံ…… ပစ်မှတ်က အရှေ့ဘက် မြို့တံခါးကို ဖြတ်ပြီး မြို့ထဲကနေ ထွက်သွားပါပြီ "

အသံ အဆုံးမှာတော့ ဝတ်စုံနက် ခေါင်းဆောင်ဟာ လက်တစ်ချက် ဝှေ့ယမ်းလိုက်ပြီး ပြေးထွက်သွားပါတော့တယ်။

" သွားကြစို့ "

ဝတ်စုံနက် ခေါင်းဆောင် ပြေးထွက်သွားပုံက တကယ့် လင်းနို့ကြီး တစ်ကောင်လိုပါပဲ။

" ဟုတ် "

လီဖူချန်းတို့ သုံးယောက်ကလည်း တစ်ချက်ကလေးမှ တုံ့ဆိုင်း မနေရဲပါဘူး။ သူတို့က ဝတ်စုံနက် ခေါင်းဆောင်နောက်ကို တစ္ဆေ၊သရဲတွေလို ထက်ကြပ်မခွာ လိုက်သွားကြပါတယ်။

သည်လိုနဲ့ပဲ သူတို့ဟာ လေရိုင်းမြို့ရဲ့ အရှေ့ဘက် အခြမ်းမှာရှိတဲ့ တောအုပ်ထဲကို ရောက်လာခဲ့ကြပါတယ်။

" နေရာယူ "

ဝတ်စုံနက် ခေါင်းဆောင်က စကားကို ရှည်ရှည်ဝေးဝေး ပြောမနေပါဘူး။ သူက အားလုံးကို အချက်ပြလိုက်ပြီး သူကိုယ်တိုင်လည်း ချုံပုတ် တစ်ခုအတွင်းကို ပြေးဝင် ပုန်းအောင်းလိုက်ပါတယ်။

" ဟုတ် "

အမှောင်ထုဟာ အလင်းရဲ့ ဖြိုခွင်းမှုကို တဖြည်းဖြည်း ခံလိုက်ရပြီး ရောင်ခြည်တစ်ထောင် အလင်းဆောင်တဲ့ နေမင်းကြီးဟာ မိုးကုပ်စက်ဝိုင်း အရှေ့ဘက်ကနေပြီး စတင် ထွက်ပေါ်လာခဲ့ပါပြီ။

လီဖူချန်းတို့ လေးယောက်ကတော့ ချုံပုတ်တွေထဲမှာ စိတ်ရှည်စွာနဲ့ ပုန်းအောင်း စောင့်ဆိုင်းနေဆဲပါပဲ။

လီဖူချန်းက ပုန်းအောင်းနေရင်းနဲ့ ဝတ်စုံနက် သုံးယောက်ရဲ့ အသွင်အပြင်ကို စေ့စေ့စပ်စပ် အကဲခတ်နေမိပါတယ်။

သူတို့သုံးယောက်ထဲမှာ ဆိုရင် ဝတ်စုံနက် ခေါင်းဆောင်က အနက်ရောင် မျက်နှာဖုံးကို စွပ်ထားပြီး ကျန်တဲ့ ဝတ်စုံနက် နှစ်ယောက်ဟာ အဖြူရောင် မျက်နှာဖုံးတွေကို စွပ်ထားရပါတယ်။

ဟုတ်ပါတယ်။ လီဖူချန်းကလည်း အဖြူရောင် မျက်နှာဖုံးကို စွပ်ထားရတာပါပဲ။ သူ့ရဲ့ မျက်နှာဖုံးကတော့ သွေးရောင်ခြည်လှိုင်း ဘုရင်ရဲ့ သိုလှောင်အိတ်ထဲကနေပြီး ရလာခဲ့တာပါ။

သူတို့အနေနဲ့ မျက်နှာဖုံးတွေ စွပ်ထားရတာကလည်း ဖြစ်သင့်ဖြစ်ထိုက်တာပါပဲ။ သူတို့အားလုံးဟာ အပြင်ဘက် လောကမှာ ဂုဏ်သရေရှိ မူလပင်လယ်နယ်ပယ် ဘုရင်တွေ ဖြစ်ကြတဲ့အတွက် အခုလို ဆိုးယုတ်တဲ့ ကိစ္စတွေ ပြုလုပ်တဲ့ နေရာမှာ လူသိ မခံချင်ကြပါဘူး။ တကယ်လို့သာ မတော်တဆ  လူတွေက သူတို့ကို တွေ့သွားရင် သူတို့ရဲ့ ဘဝတွေဟာ ဇာတ်သိမ်းသွားပါလိမ့်မယ်။

'  ဟင်…… ဘယ်သူပါလိမ့် '

အရုဏ်တက်ပြီးလို့ ဆယ်မိနစ်လောက် အကြာမှာတော့ လီဖူချန်းရဲ့ မျက်လုံးတွေဟာ ရုတ်တရက် လေးနက်တည်ကြည်သွားခဲ့ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့ လိပ်ပြာ အသိစိတ်အာရုံက သည်ဘက်ကို လူတစ်ယောက် လာနေတာကို အာရုံ ခံမိလိုက်လို့ပါပဲ။

သူ့ရဲ့ လိပ်ပြာအသိစိတ် အာရုံကို ပိုအာရုံ စိုက်လိုက်တဲ့ အခါမှာတော့ လီဖူချန်းဟာ တစ်ဖက်လူကို တွေ့မြင်နိုင်စွမ်း ရှိလာပါတယ်။

အဲဒါက အတော်လေး ချောမောပြီး ဆွဲဆောင်နိုင်စွမ်း အပြည့်ရှိတဲ့ လူငယ်လေး တစ်ယောက်လို့ ဆိုရပါမယ်။ တကယ်လို့ သူ့ရဲ့ ဖြောင့်တန်းနေတဲ့ မျက်ခုံးမွှေးတွေနဲ့ နှာတံ ခပ်မြင့်မြင့်ကိုသာ မမြင်ရရင်တော့ လီဖူချန်းက သည်လူငယ်ဟာ ရုပ်ဖျက်ထားတဲ့ မိန်းကလေး တစ်ယောက်လို့တောင် ထင်မြင်မိမှာ အသေအချာပါပဲ။

သည်လူငယ်က အတော်လေးကို ငယ်ရွယ်လှပြီး သူ့ခန္ဓာကိုယ်ရဲ့ ချီအရှိန်အဝါအရ ဆိုရင်တော့  အသက်၃၀ထက် ဘယ်လိုမှ မကျော်နိုင်သေးပါဘူး။ ပြီးတော့ သူ့ရဲ့ သွေးချီလှိုင်းကလည်း အလွန်အမင်းကို သိပ်သည်းလွန်းနေပါတယ်။ တကယ်လို့ လီဖူချန်းရဲ့ သွေးချီလှိုင်း အမှတ်က ၂၃၉ ဆိုရင် အဲသည်လူငယ်က အနည်းဆုံး သွေးချီလှိုင်းအမှတ် ၁၀၀၀ ပါပဲ။

" သူက မြေကမ္ဘာ အဆင့်မြင့် ခန္ဓာကိုယ် အပြင်အား ကျင့်စဉ်ကို ကျင့်ကြံထားတာပဲ ဖြစ်ရမယ် "

လီဖူချန်းက သူ့ကိုယ်သူ ပြန်ပြောနေမိပါတယ်။

တကယ်လို့သာ မျက်နှာဖုံးနက်က  လီဖူချန်းတစ်ယောက် သူ့ရဲ့ လိပ်ပြာ အသိစိတ်အာရုံကို ဖြန့်ကြက်လိုက်မှန်း သိရင်တော့ သူဟာ လီဖူချန်းကို  သတ်ပစ်မှာ အသေအချာပါပဲ။

ဘာဖြစ်လို့လဲဆိုတော့ တစ်ဖက်လူက လီဖူချန်းရဲ့ လိပ်ပြာ အသိစိတ်အာရုံကို အာရုံခံမိသွားရင် သူ့ကို ချုံခိုတိုက်ခိုက်ဖို့ စီစဉ်နေတဲ့ လူတွေ ရှိနေတယ် ဆိုတာကို ရိပ်မိသွားနိုင်လို့ ဖြစ်ပါတယ်။

ဒါပေမဲ့ လီဖူချန်းကလည်း တစ်ဖက်လူ ရိပ်မိသွားအောင်လို့ကို တမင် ရည်ရွယ်ချက်ရှိရှိ သူ့ရဲ့ လိပ်ပြာ အသိစိတ်အာရုံကို ဖြန့်ကြက်လိုက်တာပါ။ သူက သည်လူငယ် အလစ်ချောင်း တိုက်ခိုက် ခံရပြီး အဖမ်းခံရတဲ့ အဖြစ်မျိုးကို လုံးဝ မမြင်တွေ့လိုတာ အမှန်ပါပဲ။

" မိတ်ဆွေ…… ခင်ဗျားကို ချုံခို တိုက်ခိုက်ကြတော့မယ်။ ခင်ဗျားရဲ့ အရှေ့ မိုင်၇၀၀ လောက်မှာ မူလပင်လယ်နယ်ပယ် အဆင့်၇ ဘုရင် တစ်ပါး ပြီးတော့ ညာဘက်ယွန်းယွန်းမှာ မူလပင်လယ်နယ်ပယ် အဆင့်၅ ဘုရင်တစ်ပါးနဲ့ အဆင့်၆ ဘုရင်တစ်ပါး ရှိနေတယ်။ ပြီးတော့ ခင်ဗျားရဲ့ အနောက်ဘက်မှာလည်း ဘုရင်တစ်ပါး နောက်ယောင်ခံ လိုက်လာသေးတယ်။ ခင်ဗျား……သတိကြီးကြီး ထားပေတော့ "

လီဖူချန်းက လူငယ် အပေါ်မှာ ဘယ်လောက်အထိ စိတ်ပူသလဲတော့ မသိပါဘူး။ သူက သူ့ရဲ့ လိပ်ပြာအသိစိတ်အာရုံကို ကြားခံနယ်အဖြစ် အသုံးချပြီး လူငယ်ကို လှမ်းတောင် သတိ ပေးလိုက်ပါသေးတယ်။

လီဖူချန်းရဲ့ သတိပေးမှုကို အရမှာတော့ လူငယ်က မသိမသာလေး မျက်မှောင် ကြုတ်သွားခဲ့ပါတယ်။ ဒါပေမဲ့ သူက လုံးဝ အမူအယာ မပျက်သွားပါဘူး။ သူက နဂိုမူလအတိုင်း တည်တည်ငြိမ်ငြိမ် ရှိနေဆဲပါပဲ။

လီဖူချန်းက လူငယ်ကို စိတ်မချတဲ့အတွက်  ဆက်ပြီး သတိပေးလိုက်ပြန်ပါတယ်။

" မိတ်ဆွေ…… သူတို့ဆီမှာ သွေးချီစွမ်းအားကို ပိတ်ပင်နိုင်တဲ့ သွေးအရိပ် ပိုက်ကွန်ဆိုတဲ့ ပစ္စည်းတွေ ရှိတယ်။အဲဒါကိုလည်း သတိထားဦး "

အဲသည်နောက်မှာတော့ လီဖူချန်းက စကား ထပ်မပြောတော့ပါဘူး။ သူက သည်လောက်ဆိုရင် လူငယ်ဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

မိုင် ၅၀၀…… မိုင် ၁၀၀ …… ၁၀မိုင်…… ၃မိုင် ……

" လုပ်တော့ "

လူငယ် နဲ့ ၃မိုင်ပဲ ကွာတဲ့အချိန်မှာတော့ မျက်နှာဖုံးနက်ဟာ စတင်ပြီး လှုပ်ရှားပါတော့တယ်။

ဟူး……

သွေးရောင် စက်လုံး တစ်လုံးဟာ လူငယ်ဆီကို မိုးကြိုးတစ်စင်းလို ပြေးထွက်သွားခဲ့ပါပြီ။

တစ်ချိန်တည်းမှာပဲ တခြား မျက်နှာဖုံး အဖြူဝတ် လူနှစ်ယောက်ကလည်း သူတို့ရဲ့ သွေးရောင် စက်လုံးတွေကို လူငယ်ဆီ လွှင့်ပစ်လိုက်ကြပါတယ်။

လူငယ်ရဲ့ အနောက်ဘက် မိုင်အနည်းငယ် အကွာကနေလည်း နောက်ထပ် သွေးရောင် စက်လုံးတစ်ခု ထွက်ပေါ်လာပြန်ပါတယ်။

ဟူး……ဟူး……ဟူး……ဟူး……

အခုအချိန်မှာတော့ သွေးရောင်စက်လုံးတွေဟာ အရပ်မျက်နှာ ပေါင်းစုံကနေပြီး လူငယ်ကို တိုးဝင်သွားခဲ့ကြပါပြီ။ ဒါပေမဲ့ အဲသည် စက်လုံးတွေထဲမှာတော့ လီဖူချန်းရဲ့ သွေးစက်လုံး မပါပါဘူး။

" ဟေ့ကောင်…… အဲဒါ မင်းဘာလုပ်တာလဲ "

လီဖူချန်းရဲ့ အပြုအမူကို ပထမဆုံး သတိပြုမိသွားသူကတော့ မျက်နှာဖုံးနက်ပါပဲ။ သူက လီဖူချန်းကို အေးစက်စက် မျက်လုံးတွေနဲ့ စိုက်ကြည့်ပြီး လှမ်းမေးလိုက်ပါတယ်။

ဘာဖြစ်လို့လဲ ဆိုတော့ လီဖူချန်းရဲ့ သွေးအရိပ် ပိုက်ကွန်က အသက်ဝင်ပြီး မျက်နှာဖုံးဖြူ တစ်ယောက်ဆီကို ဦးတည် ဝင်ရောက်သွားလို့ပါပဲ။

ပြီးတော့  ပစ်မှတ် နှစ်ခုကြား အကွာအဝေး ကွာခြားချက်အရ လူငယ် ဘာမှ မဖြစ်ခင်မှာပဲ လီဖူချန်းရဲ့ သွေးအရိပ် ပိုက်ကွန်က အဆင့်၅ မူလပင်လယ် နယ်ပယ် မျက်နှာဖုံးဖြူကို ဖုံးအုပ်သွားခဲ့ပါသေးတယ်။

ဖျစ်……ဖျစ်……ဖျစ်……

သွေးအရိပ် ပိုက်ကွန်ဟာ ရုတ်တရက် တင်းကျပ်သွားပြီး မျက်နှာဖုံးဖြူကို သွေးလုံးကြီးတစ်ခု ဖြစ်သွားစေခဲ့ပါပြီ။

" ဟမ့် ……မင်းတို့ အဆင့်နဲ့များ "

သူ့ဆီကို အရပ်မျက်နှာပေါင်းစုံကနေ ပြေးဝင်လာတဲ့ သွေးစက်လုံးတွေကို ကြည့်ပြီး လူငယ်က အေးစက်စက် တစ်ချက် ရယ်လိုက်ပါတယ်။သူက သည်သွေးစက်လုံးတွေကို မျက်လုံးထဲမှာ လုံးဝ မထည့်ထားတာ အသိသာကြီးပါပဲ။

အဲသည်နောက်မှာတော့ သူက မြေပြင်ကို ဖနောင့်နဲ့ တစ်ချက် ပေါက်လိုက်ပြီး  တစ္ဆေ၊သရဲ တစ်ကောင်လို ပျောက်ကွယ်သွားခဲ့ပါပြီ။

" မဟူရာ မြွေနဂါးလက်ဝါး"

သူပြန်ပေါ်လာတဲ့ အချိန်မှာတော့  အနက်ရောင် ချီစွမ်းအားတွေ လွှမ်းခြုံထားတဲ့ လက်ဝါးရိုက်ချက် တစ်ခုဟာ သူနဲ့အတူ ပါလာခဲ့ပါတယ်။ အဲသည် အနက်ရောင် ချီစွမ်းအားတွေက မသိရင်တော့ အနက်ရောင် မြွေနဂါးကြီး တစ်ကောင်လိုပါပဲ။

ဘန်း……

လက်ဝါးရိုက်သံ တစ်ခုနဲ့အတူ ပေါက်ကွဲသံ တစ်ခု ထွက်ပေါ်လာပြီးတဲ့ နောက်မှာတော့ မျက်နှာဖုံးဖြူဟာ အပိုင်းပိုင်း အစစ ဖြစ်သွားခဲ့ပါပြီ။ ပတ်ဝန်းကျင် တစ်ခုလုံးမှာ ဆိုရင်လည်း သွေးမှုန်၊သွေးစတွေက အတိုင်းသားပါပဲ။

" အခြေအနေ မဟန်ဘူး။ ဒါက မြေကမ္ဘာ အထွတ်အထိပ်အဆင့် ချီအပြင်အားပဲ "

မျက်နှာဖုံးနက်ရဲ့ မျက်လုံးတွေက ပုဇွန်မျက်လုံးတွေလို ပြူးကျယ်သွားခဲ့ပါပြီ။

သူ့ရဲ့ အမြင်ဟာ လုံးဝ မှားယွင်းစရာ မရှိပါဘူး။ အစောပိုင်းက ထွက်ပေါ်လာတဲ့ အနက်ရောင် ချီစွမ်းအားဟာ မြေကမ္ဘာ အထွတ်အထိပ်အဆင့် ခန္ဓာကိုယ် အပြင်အား ကျင့်စဉ်ကနေ ထွက်ပေါ်လာတာ အသေအချာပါပဲ။ ပြီးတော့ သည်လူငယ်ရဲ့ ခန္ဓာကိုယ် အပြင်အား ကျင့်ကြံခြင်းက အကြို-ပြီးပြည့်စုံခြင်း အဆင့် မူလပင်လယ်နယ်ပယ် ဘုရင် ဖြစ်နေပါသေးတယ်။သည်အစွမ်းဟာ ထိပ်တန်း မူလပင်လယ်နယ်ပယ် ဘုရင်တွေကို မဆိုထားပါနဲ့။ အကြို- ဧကရာဇ်တွေကိုတောင်မှပဲ ယှဉ်မယ်ဆို ယှဉ်လို့ ရနေပါပြီ။

" ပြေးကြတော့ "

တစ်ဖက်လူရဲ့ အစွမ်းကို ခန့်မှန်းလိုက်နိုင်တဲ့ နောက်မှာတော့ မျက်နှာဖုံးနက်ဟာ နှစ်ခါပြန်ကို စဉ်းစား မနေတော့ပါဘူး။ သူက အနောက်ကို  တစ်ချိုးတည်း လှည့်ပြီး ဖနောင့်နဲ့တင်ပါး တစ်သားတည်းကျအောင် ပြေးပါတော့တယ်။

ကျန်တဲ့ မျက်နှာဖုံးဖြူကလည်း လူပါး၊လူနပ် တစ်ယောက်ပါပဲ။ သူက မျက်နှာဖုံးနက် မပြေးခင်ကတည်းနေ ကြိုပြီးတောင် ပြေးနှင့်ပြီးနေ ခဲ့ပါပြီ။

" ဘယ်ကို သွားမလို့လဲ။ နေပါဦး "

လီဖူချန်းက မျက်နှာဖုံးနက်ရဲ့ ပြေးလမ်းကို လှမ်းပြီး တားထားလိုက်ပါတယ်။ သူက  ဘယ်အချိန်ကတည်းကနေ ဘယ်လို အဲသည်နေရာကို ရောက်နေမှန်း မသိပါဘူး။

" ခွေးမသား……… မင်းက သေချင်နေတာပဲ "

သတ်ဖြတ်ခြင်း အငွေ့အသက်တွေဟာ မျက်နှာဖုံးနက်ရဲ့ ခန္ဓာကိုယ်ထဲကနေပြီး ထောင်းခနဲ့  တိုးထွက်လာခဲ့ပါတယ်။

သူ့အနေနဲ့ လီဖူချန်းကို သတ်မယ် ဆိုရင်လည်း သတ်ချင်စရာပါပဲ။ တကယ်လို့ လီဖူချန်းကြောင့်သာ မဟုတ်ရင် သူတို့ဟာ လူငယ်ကို ဖမ်းမိနေလောက်ပြီ မဟုတ်ပါလား။

သွေးအရိပ်ပိုက်ကွန် လေးထပ်နဲ့ ဆိုရင်တော့ မြေကမ္ဘာ အထွတ်အထိပ် အဆင့် ချီအပြင်အားကလည်း ဘာမှ တတ်နိုင်မှာ မဟုတ်ပါဘူး။

" သေစမ်း "

ရုတ်တရက် ဆိုသလို ခက်ရင်းခွ လက်နက်တစ်ခုက မျက်နှာဖုံးနက်ရဲ့ လက်ထဲကနေ ထွက်ပေါ်လာပြီး လီဖူချန်းဆီကို တိုးဝင်သွားခဲ့ပါင်္ပြီ ။

ရှူး……ရှူး……ရှူး……

ပြီးတော့  အဲသည် ခက်ရင်းခွက လမ်းတစ်ဝက်မှာ ရေမြွေတစ်ကောင် အဖြစ် ပြောင်းသွားပါသေးတယ်။

အဲသည်ရေမြွေရဲ့ ခန္ဓာကိုယ်ကိုတော့ မြူခိုး၊ မြူငွေ့တွေက ဖုံးအုပ်ထားပြီး ရုတ်တရက် ကြည့်လိုက်မယ် ဆိုရင် အသက်ဝင်နေသလိုပါပဲ။ ပြီးတော့ အဲသည်ရေမြွေရဲ့ ခန္ဓာကိုယ်ထဲကနေပြီး အရာအားလုံးကို ဖျက်ဆီးပစ်နိုင်တဲ့ ချီအငွေ့အသက် တစ်မျိုး ထုတ်လွှတ်နေပါသေးတယ်။

ကောင်းကင် အဆင့် သိုင်းပညာ ……

ဒါက ကောင်းကင်အဆင့် သိုင်းပညာပါပဲ။ အဲဒါကိုတော့ လုံးဝ သံသယ ဝင်နေစရာ မလိုပါဘူး။

အဲဒါက တစ်ဖက်ကမ်းခပ် တတ်မြောက်ခြင်း အဆင့်ကို မရောက်သေးဘူး ဆိုပေမယ့်လည်း အဆင့်၇ မူလပင်လယ် နယ်ပယ် ဆိုတဲ့ ကျင့်ကြံခြင်း အဆင့်နဲ့ ပေါင်းစပ်လိုက်တဲ့ အခါမှာတော့ အလွန်တရာမှ ကြောက်စရာ ကောင်းတဲ့ အဆင့်ကို ရောက်သွားခဲ့ပါပြီ။

" တော်သေးလို့ …… ငါစောစောက ဇာတ်ရုပ်အမှန်ကို မပြလိုက်မိတာ "

လီဖူချန်းက စိတ်ထဲကနေ သက်ပြင်းတစ်ခု ကျိတ်ပြီး ချလိုက်မိပါတယ်။

သူ့အနေနဲ့ အတော်လေး စိတ်ရှည်ခဲ့လို့တာပေါ့။ တကယ်လို့သာ သူ့အနေနဲ့ စိတ်မရှည်ဘဲ အစောပိုင်း ကတည်းက သူ့ရဲ့ ဇာတ်ရုပ်အမှန်ကို ပြလိုက်မိမယ်ဆိုရင် သူဟာ အခုချိန်လောက်ဆို ဝတ်စုံနက်တွေရဲ့ လက်ချက်နဲ့ ဘဝတစ်ပါး ကူးပြောင်းနေလောက်ပါပြီ။

" ရှောင်မှ "

လီဖူချန်းက မျက်နှာဖုံးနက်ရဲ့ တိုက်ကွက်ကို တိုက်ရို မခံဆောင်ဝံ့ပါဘူး။ အဲသည်အတွက် သူက လိပ်ပြာ အသိစိတ်အာရုံ တိုက်ခိုက်မှုကို သုံးပြီး မျက်နှာဖုံးနက်ရဲ့ တိုက်ခိုက်မှုကို နှောင့်နှေးစေကာ ရှောင်ထွက် သွားလိုက်ပါတယ်။

" လိပ်ပြာ အသိစိတ် အာရုံ တိုက်ခိုက်မှုလား "

လီဖူချန်းက လိပ်ပြာ အသိစိတ်အာရုံ တိုက်ခိုက်မှုကို အသုံးပြုတတ်တာကို သိလိုက်ရတဲ့ နောက်မှာတော့ မျက်နှာဖုံးနက်ဟာ ဆက်ပြီး မတိုက်ခိုက်တော့ပါဘူး။ အဲသည်အစား သူက ဆက်ပြီး ထွက်ပြေးဖို့ကိုသာ ကြိုးစားပါတော့တယ်။

" ခင်ဗျားကို နေပါဦးလို့ ကျုပ်ပြောထားတယ် မလား "

ဒါပေမဲ့လည်း လီဖူချန်းက မျက်နှာဖုံးနက်ကို ထွက်ပြေးဖို့ အခွင့်အရေး လုံးဝ မပေးပါဘူး။

သူက ဓားချက်တစ်ချက် ထုတ်လိုက်ပြီး လေဟာနယ်ကို ပိုင်းချလိုက်ပါတယ်။

ရွှီး….

လေဟာနယ် ဟင်းလင်းပြင်ဟာ မှန်တစ်ချပ်လို ကွဲအက်သွားပြီး နောက်မှာတော့ သွေးတွေ ပန်းထွက်နေတဲ့ ဓားဒဏ်ရာ တစ်ခုဟာ မျက်နှာဖုံးနက်ရဲ့ ခန္ဓာကိုယ်ပေါ်မှာ အထင်းသား ပေါ်လာခဲ့ပါတယ်။

" ခွေးမသား ……သေစမ်း "

ဓားဒဏ်ရာ ရသွားတဲ့ မျက်နှာဖုံးနက်ဟာ ဒေါသ အကြီးအကျယ် ထွက်ပြီး ကမှုးရှူးထိုး ဖြစ်သွားခဲ့ပါပြီ။ သူက ထွက်ပြေးဖို့ကိုလည်း မကြိုးစားတော့ပါဘူး။ သူက အဲသည်အစား လီဖူချန်းကို အငြိုးတကြီး တိုက်ခိုက်ပါတော့တယ်။

သည်တစ်ခါမှာတော့ သူ့ရဲ့ ခက်ရင်းခွကနေ ဖြစ်တည်လာတဲ့ ရေမြွေကြီးဟာ ပထမ တစ်ခေါက်ကထက်ကို ဆယ်ဆကျော်လောက် ပိုကြီးနေပါသေးတယ်။

" သေစမ်း …… ငါဒါကို ရှောင်ကော ရှောင်နိုင်ပါ့မလား "

လီဖူချန်းက သူ့ကိုယ်သူ သံသယ ဖြစ်နေမိပါတယ်။ သူ့ရဲ့ လိပ်ပြာ အသိစိတ်က သည်ရေမြွေကြီးရဲ့ အားနည်းချက်ကို တစ်မုဟုတ်ချင်း ရှာနိုင်တာ မှန်ပေမယ့်လည်း သူ့ရဲ့ ခန္ဓာကိုယ် အမြန်နှုန်းကတော့ အမီ လိုက်နိုင်ဖို့ မသေချာပါဘူူး။

အဲသည်အချိန်မှာပဲ ရုပ်ချောချော လူငယ်က သူ့ရဲ့ နောက်ကနေ နောက်ယောင်ခံ လိုက်လာတဲ့  မျက်နှာဖုံးဖြူကို အနိုင်ယူပြီး လီဖူချန်းရဲ့ဲ အရှေ့ကို ရောက်လာခဲ့ပါတယ်။

သူက သူနဲ့အတူ အနက်ရောင် မြွေနဂါးကြီး တစ်ကောင်ကိုလည်း တစ်ပါတည်း ယူဆောင်လာခဲ့ပါသေးတယ်။

ဘန်း……

ရေမြွေ နဲ့ အနက်ရောင် မြွေနဂါးတို့ ထိပ်တိုက် အတွေ့မှာတော့ ရေမြွေဟာ တစ်စစီ စုတ်ပြတ်သတ်သွားခဲ့ပါပြီ။ ရှင်းရှင်းပြောရမယ် ဆိုရင်တော့ အဲဒါ သစ်သားတုတ် တစ်ချောင်း နဲ့ သံတုတ် တစ်ချောင်း ယှဉ်ရိုက်လိုက်သလိုပါပဲ။

အနက်ရောင် မြွေနဂါးရဲ့ တိုက်ခိုက်မှုဟာ အဲသည်မှာတင် မပြီးသေးပါဘူး။ သူက အရှေ့ကို ဆက်တိုးသွားပြီး မျက်နှာဖုံးနက်ကို တိုက်ခိုက်လိုက်ပါသေးတယ်။

'" သွားစမ်း "

မျက်နှာဖုံးနက်ကလည်း အလာကြီးပါပဲ။ သူက မရှောင်တိမ်းတဲ့အပြင် ခက်ရင်းခွကို အဆက်မပြတ် ဝှေ့ယမ်းပြီး အနက်ရောင် မြွေနဂါးကို ပြန်တိုက်ခိုက်လိုက်ပါသေးတယ်။

ဝေါ့……

ဒါပေမဲ့လည်း မျက်နှာဖုံးနက်ဟာ " မှန်းချက်နဲ့ နှမ်းထွက် " မကိုက်ခဲ့ပါဘူး။ သူက အနက်ရောင် မြွေနဂါးရဲ့ တိုက်ခိုက်မှုကြောင့် သွေးတစ်လုတ် အန်လိုက်ရသလို အနောက်ကိုလည်း ခြေလှမ်းအနည်းငယ်   ဆုတ်လိုက်ရပါတယ်။

သည်ခပ်ချောချော လူငယ်က တကယ်ကို အစွမ်းထက်လွန်းတဲ့ လူငယ်ပါပဲ။ သူက မြေကမ္ဘာ အထွတ်အထိပ်အဆင့် ခန္ဓာကိုယ် အပြင်အား ကျင့်စဉ်ကို ကျင့်ကြံထားရုံမက မြေကမ္ဘာ အထွတ်အထိပ်အဆင့် ခန္ဓာကိုယ် အပြင်အား သိုင်းပညာကိုလည်း တတ်မြောက်ထားပါသေးတယ်။

အဲသည်ပညာရပ် နှစ်ခုကို ပေါင်းစပ်လိုက်တဲ့ အခါမှာ ထွက်ပေါ်လာတဲ့ အစွမ်းဟာ အကြို-ဧကရာဇ်တွေနဲ့တောင် ယှဉ်လို့ ရနေတဲ့အတွက် မျက်နှာဖုံးနက်အနေနဲ့ သူ့ကို မယှဉ်နိုင်တာကလည်း ထူးတော့ မထူးဆန်းလှပါဘူး။

" သွားဖမ်းခဲ့ "

မျက်နှာဖုံးနက်ကို လက်ဝါးနဲ့ ရိုက်ပြီးတာနဲ့ တစ်ပြိုင်နက် လူငယ်က သူ့ရဲ့ ဘယ်ဘက်လက်ကို လှုပ်ယမ်းပြီး အမိန့် ပေးလိုက်ပါတယ်။

ရွှီး……

အဲသည်နောက်မှာတော့ ငွေရောင် ကြိုးတစ်စဟာ သူ့ရဲ့ အကျီ ၤလက်စကနေ ထွက်ပေါ်လာပြီး မျက်နှာဖုံးနက်ကို တုပ်နှောင် ဖမ်းဆီး သွားခဲ့ပါပြီ။ အဖြစ်အပျက်က မြန်ဆန်လွန်းလှတဲ့အတွက် မျက်နှာဖုံးနက်ဟာ ဘာဆို ဘာမှ မတုံ့ပြန်လိုက် နိုင်ပါဘူး။ သူက ခပ်ချောချော လူငယ်ရှေ့မှာတော့ အစွယ်ကျိုးနေတဲ့ မြွေတစ်ကောင်လိုပါပဲ။

မျက်နှာဖံုံးနက်ကို ဖမ်းပြီးတဲ့ နောက်မှာတော့ လူငယ်က လီဖူချန်းဘက်ကို လှည့်လိုက်ကြီး အေးစက်စက် လေသံနဲ့ မေးလာခဲ့ပါတယ်။

" ခင်ဗျားက ဘယ်သူလဲ။ ခင်ဗျားက သည်လိုတွေနဲ့ ဘယ်လို ပက်သက်နေတာလဲ "

လီဖူချန်းက မျက်နှာဖုံးကို ချွတ်လိုက်ပြီး

" ကျုပ်ရဲ့ မိတ်ဆွေက သည်ကောင်တွေ ဖမ်းတာကို ခံလိုက်ရတယ်။ ဒါကြောင့် ကျုပ်က သူတို့ကို ပုံမှားရိုက်ပြီး သူတို့အဖွဲ့ထဲ ဝင်စုံစမ်းနေတာ "

" ခင်ဗျားရဲ့ မိတ်ဆွေက သူတို့ ဖမ်းတာ ခံလိုက်ရတယ် ဟုတ်လား။ ဟုတ်ပြီလေ ……ထားပါတော့။ ဒါနဲ့ ခင်ဗျားက ဘယ်လိုလုပ်ပြီး သူတို့ကို ပုံမှား ရိုက်နိုင်ရတာလဲ။ ကျုပ်သိသလောက်ဆိုရင် သွေးအရိပ် အသင်းထဲကို ပုံမှားရိုက်ပြီး ဝင်ဖု့ိဆိုတာက ဘယ်လိုမှ မဖြစ်နိုင်ဘူး "

လူငယ်က လီဖူချန်းကို မယုံသလိုနဲ့ ဆက်မေးလာခဲ့ပါတယ်။

ဒါပေမဲ့လည်း လီဖူချန်းက ဆက်မဖြေတော့ပါဘူး။ အဲသည်အစား သူက လူငယ်ကို ပြန်မေးခွန်း ထုတ်လိုက်ပါတယ်။

" အဲသည်ကိစ္စက ကျုပ်ရဲ့ လျှို့ှဝှက်ချက်မို့ မဖွင့်ပြောပါရစေနဲ့။ ဒါပေမဲ့ ကျုပ် ခင်ဗျားကို ပြောနိုင်တာက ကျုပ်အတွက်ကတော့ သူတို့ကို ပုံမှား ရိုက်ရတာက  အလွယ်လေး ဆိုတာပဲ။ ဒါနဲ့ ခင်ဗျား ခုနက သူတို့ကို သွေးအရိပ် အသင်းကလို့ ပြောလိုက်တယ်နော်။ ခင်ဗျားက သူတို့အကြောင်း သိနေတာလား "

လူငယ်က ခေါင်းခါလိုက်ပြီး

" ကျုပ်လည်း သူတု့ိအကြောင်း သိပ်မသိဘူး။ ကျုပ်သိတာ တစ်ခုကတော့ သူတို့တွေရဲ့ ခေါင်းဆောင်တွေထဲက တစ်ယောက်ကို  သွေးဧကရာဇ်လို့ ခေါ်တယ် ဆိုတာကိုပဲ။ ပြီးတော့ အဲသည်အသင်းထဲမှာက သွေးဧကရာဇ်လို အဖွဲ့ခေါင်းဆောင်တွေ အများကြီး ရှိသေးတယ် "

လီဖူချန်းရဲ့ မျက်နှာ နဲ့ အပြုအမူတွေကို မြင်ပြီးတဲ့ နောက်မှာတော့ လူငယ်ဟာ လီဖူချန်းကို သံသယ မဝင်တော့ပုံပါပဲ။ သူက လီဖူချန်းကို သံသယ မဝင်တော့တဲ့အပြင် လီဖူချန်း မေးတာကိုတောင်  သူသိသလောက် ပြန်ဖြေပေးနေပါသေးတယ်။

***

All Chapters