← Chapters

ရှန်ကောင်းယု

Vol. 44 Ch. 597

ရှန်ကောင်းယု

Vol. 44 Ch. 597

လူငယ်ဆီကနေပြီး လီဖူချန်း သိခဲ့ရတာကတော့ သွေးအရိပ် အသင်းဟာ လျှို့ဝှက် အဖွဲ့အစည်း တစ်ခုဖြစ်ပြီး လွန်ခဲ့တဲ့ ရာစုနှစ်ပိုင်းမှာမှ ပေါ်ပေါက်လာတယ် ဆိုတာပါပဲ။ ဒါပေမဲ့ သူတို့က ပေါ်ပေါက်လာတာနဲ့ တစ်ပြိုင်နက် ကျင့်ကြံခြင်းလောကမှာ မရေမတွက်နိုင်တဲ့  သွေးချောင်းစီးမှုတွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။

သည်ဘက်နှစ် အတောအတွင်းမှာဆိုရင် အဲသည်သွေးအရိပ် အသင်းကို ဖျက်ဆီးဖို့အတွက် ဥပဒေသ ပြောင်းလဲခြင်းနယ်ပယ် ဧကရာဇ် တော်တော်များများက လက်တွဲပြီး လုပ်ဆောင်ခဲ့ကြပေမယ့်လည်း အခုချိန်အထိ မအောင်မြင်သေးပါဘူး။

" လီဖူချန်း "

မျက်နှာဖုံးကို ဖြုတ်ထားတဲ့ လီဖူချန်းက သူ့ကိုယ်သူ စတင် မိတ်ဆက်လိုက်ပါတယ်။

" ရှန်ကောင်းယု "

တစ်ဖက်လူက သူနဲ့ သက်တူရွယ်တူလောက်သာ ရှိတာကို တွေ့လိုက်ရတဲ့ အခါမှာတော့ လူငယ်ဟာ သံသယတွေ ပိုပြီး ကင်းစင်သွားခဲ့ပါပြီ ။ အဲသည်အတွက် သူကလည်း လီဖူချန်းကို ယဉ်ယဉ်ကျေးကျေး ပြန်မိတ်ဆက်လိုက်ပါတယ်။

အဲသည်နောက်မှာတော့ သူတို့နှစ်ယောက်ဟာ မျက်နှာဖုံးနက် နဲ့ မျက်နှာဖုံးဖြူကို စစ်ဆေး မေးမြန်းဖို့ ပြင်ကြပါတော့တယ်။

ဒါပေမဲ့လည်း သူတို့ရဲ့ စစ်ဆေးမေးမြန်းမှုက သိပ်ပြီးတော့ အဆင်ပြေ ချောမွေ့ခြင်း မရှိခဲ့ပါဘူး။

ဘာဖြစ်လို့လဲ ဆိုတော့ မျက်နှာဖုံးနက်က သူတို့ စစ်ဆေးမေးမြန်းမှု မစခင်မှာတင် အဆိပ်သောက်ပြီး သတ်သေသွားလို့ပါပဲ။ သူက  အစောကြီးကတည်းက သည်လို အဖြစ်အပျက်မျိုး ဖြစ်လာခဲ့ရင် ဖြေရှင်းဖို့ဆိုပြီး သွားကြားထဲမှာ အဆိပ်ကို ဆောင်ထားခဲ့ပုံရပါတယ်။

ဒါပေမဲ့လည်း ကံကောင်းတာ တစ်ခုကတော့ မျက်နှာဖုံးဖြူက မျက်နှာဖုံးနက်လို သတ္တိကောင်းခြင်း မရှိတာပါပဲ။ ဒါကလည်း သူ့အမှားတော့ မဟုတ်ပါဘူး။

ဘယ်လိုပဲ ဖြစ်ဖြစ်ပါလေ။ အဆုံးမှာကျတော့လည်း သက်ရှိတိုင်းဟာ သူတို့ရဲ့ အသက်ကို ခင်တွယ်ကြတာပဲ မဟုတ်ပါလား။ အဲသည်ထဲမှာမှ မျက်နှာဖုံးနက်လို လူမျိုးကိုတော့ ခြွင်းချက်လို့ပဲ ဆိုရပါမယ်။

" လီဖူချန်း…… သူ့မျက်နှာဖုံးကို ချွတ်ကြည့်ရအောင် "

" အင်း "

အဖြူရောင် မျက်နှာဖုံးကို ချွတ်ကြည့်လိုက်တဲ့ အခါမှာတော့ လူလတ်ပိုင်းအရွယ် လူကြီးတစ်ယောက်ရဲ့ မျက်နှာဟာ ပေါ်လာခဲ့ပါတယ်။ သူ့ရဲ့ ရုပ်ရည်ကတော့ ဘာမှ ထူးထူးခြားခြား မရှိလှပါဘူး။ တကယ်လို့သာ လီဖူချန်းအနေနဲ့ သူ့ကို လမ်းမှာ တွေ့မြင်ခဲ့ရင်တောင်မှ သာမန် ရိုးရိုးသားသား လူတစ်ယောက်လို့ ထင်မိမှာ အသေအချာပါပဲ။

" ဟေ့လူ……ခင်ဗျား သည်လူကို မြင်ဖူးလား "

လီဖူချန်းက  ချီအတွင်းအားနဲ့ လေထဲမှာ ယွန်လုံရဲ့ ပုံကို ပုံဖော်လိုက်ပြီး သက်လတ်ပိုင်းအရွယ် လူကြီးကို မေးလိုက်ပါတယ်။

" မြင်ဖူးတယ် "

သက်လတ်ပိုင်း အရွယ် လူကြီးရဲ့ အဖြေက လုံးဝ တုံ့ဆိုင်းနေခြင်း မရှိပါဘူး။

" ခင်ဗျားသိထားတာ မှန်သမျှ ကျုပ်တို့ကို ပြောပြ။ ဘာမှ ဖုံးကွယ်ထားမယ် မကြံနဲ့။ တကယ်လို့ ကျုပ်က ခင်ဗျား တစ်ခုခုကို ဖုံးကွယ်ထားတယ်လို့ သံသယရှိရင် ခင်ဗျား မနက်ဖြန် နေထွက်လာတာကို   မမြင်ရတော့ဘူးမှတ် "

ရှန်ကောင်းယုကလည်း စစ်ဆေးမေးမြန်းမှုထဲ ပါဝင်လာခဲ့ပါတယ်။

သက်လတ်ပိုင်းအရွယ် လူကြီးက လက်မခံပါဘူး။သူက ခေါင်းကို တသွင်သွင် ခါယမ်းလိုက်ပြီး ပြောလာခဲ့ပါတယ်။

" ငါ့ရဲ့ အသက်ကို ချမ်းသာပေးမယ်လို့ အရင် ကတိပေး။ မဟုတ်ရင်တော့ ငါမင်းတို့ကို ဘာမှ မပြောပြနိုင်ဘူး "

ရှန်ကောင်းယုက နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး

" ခင်ဗျားကိုယ် ခင်ဗျား ကျုပ်တို့နဲ့ ညိနှိုင်းခွင့် ရှိတယ်လို့ ထင်နေတာလား "

" ဒါဆိုရင်လည်း ငါ့ကို သတ်လိုက်တော့ "

သက်လတ်ပိုင်း အရွယ် လူကြီးကလည်း သူ့ကို အသက်ပေးမယ်လို့ ကတိမပေးမချင်း လုံးဝ ဖွင့်ပြောဖို့ အစီအစဉ် မရှိတဲ့ ပုံပါပဲ။

အဲသည်အတွက် လီဖူချန်းက ဝင်ပါ ရပါတော့တယ်။

" ကျုပ်တို့က ခင်ဗျားကို အသက် ချမ်းသာ ပေးနိုင်တယ်။ ဒါပေမဲ့ ခင်ဗျား ပြောပြတဲ့ အရာတွေက တန်ဖိုးတော့ ရှိရမယ်။ မဟုတ်ရင်တော့ ကျုပ်တို့အနေနဲ့ ခင်ဗျားကို အသက် ချမ်းသာပေးဖို့ မဖြစ်နိုင်ဘူး "

" ရတယ်။ ဒါပေမဲ့ မင်းတို့ နှစ်ယောက် သစ္စာ အရင်ဆိုပြ "

သည်လိုနဲ့ပဲ လီဖူချန်း နဲ့ ရှန်ကောင်းယုတို့ဟာ သက်လတ်ပိုင်းအရွယ် လူကြီးဆီကနေ အရေးကြီးတဲ့ သတင်း အချက်အလက်တွေ ရခဲ့ရင် သူ့တို့ အနေနဲ့ လူကြီးကို အသက်ချမ်းသာ ပေးပါ့မယ်လို့ သစ္စာ ဆိုပြလိုက်ကြရပါတယ်။

သူတို့နှစ်ယောက်လုံး သစ္စာ ဆိုပြီးတဲ့ နောက်မှာတော့ သက်လတ်ပိုင်း အရွယ် လူကြီးက ဘာမှ မတောင်းဆိုတော့ပါဘူး။သူက သက်ပြင်း တစ်ချက် ရှိုက်လိုက်ပြီး လီဖူချန်းတို့ကို သူသိထားတာ မှန်သမျှ ခရားရေသွန် ပြောပြပါတော့တယ်။

" သွေးအရိပ် အသင်းမှာက ပင်မ ခေါင်းဆောင် တစ်ယောက် နဲ့ လက်ထောက် ပင်မ ခေါင်းဆောင် လေးယောက်ဆိုပြီး အဓိက ခေါင်းဆောင် ငါးယောက် ရှိတယ်။ သွေးဧကရာဇ်ကလည်း အဲသည် လက်ထောက် ပင်မ ခေါင်းဆောင်တွေထဲက တစ်ယောက်ပဲ။ သွေးအရိပ် အသင်းရဲ့ အဓိက ခေါင်းဆောင်တွေ အားလုံးက ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ်ကို ရောက်နေကြပြီ။ ဒါပေမဲ့ အဲသည်အထဲမှာမှ ပင်မခေါင်းဆောင်က အလျှို့ဝှက်ဆုံးပဲ။ သူဘယ်သူလည်းဆိုတာကို အချင်းချင်းလည်း မသိကြဘူး။တချို့တွေကတော့ သူက ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် အဆင့်မြင့်ပိုင်းကို ရောက်နေပြီလို့ ပြောကြတယ်။ သွေးအရိပ် အသင်း တည်ထောင်လိုက်တဲ့ အချိန်ကစပြီး  အခုချိန်အထိ သွေးအရိပ် အသင်းဟာ ပျက်စီးတော့မယ့် အခြေအနေတွေနဲ့ ခဏခဏ ကြုံခဲ့ရတယ်။ ဒါပေမဲ့လည်း အဲသည်လို အခြေအနေတွေနဲ့ ကြုံတိုင်း၊ကြုံတိုင်းမှာ ပင်မခေါင်းဆောင်က ပေါ်ထွက်လာပြီး အားလုံးကို ဖြေရှင်းပေးသွားတာချည်းပဲ "

စကား အရှည်ကြီး ပြောပြီးတဲ့ နောက်မှာတော့ သက်လတ်ပိုင်း အရွယ် လူကြီးက တစ်ချက် အမောဖြေလိုက်ပါသေးတယ်။ ပြီးမှ

"  သွေးအရိပ်အသင်းမှာက အဓိက ခေါင်းဆောင် ငါးယောက်ပြီးရက် အဖွဲ့ခွဲခေါင်းဆောင် ၁၈ယောက်နဲ့ စည်းကမ်း ထိန်းသိမ်းရေးမှုး ၇၂ယောက်ဆိုပြီး  ရှိသေးတယ်။  သူတို့အားလုံးကတော့ အကြို-ဧကရာဇ်တွေပဲ။သွေးအရိပ် အသင်းရဲ့ အဓိက ခေါင်းဆောင် ငါးယောက်မှာက ကိုယ်ပိုင် ရည်ရွယ်ချက်တွေ အသီးသီး ရှိတယ်။သွေးဧကရာဇ်ရဲ့ ရည်ရွယ်ချက်က  အပြင်အား ခန္ဓာကိုယ် မူလပင်လယ်နယ်ပယ် ဘုရင်တွေကို ဖမ်းပြီး သူ့ရဲ့ ခြေနင်းတုံးတွေအဖြစ် ချနင်းဖို့ပဲ။ သည်ဘက် ဆယ်စုနှစ်ပိုင်းမှာဆိုရင် သွေးဧကရာဇ်က ကျင့်ကြံခြင်းမှာ အဆင့်နှစ်ဆင့်တောင် တိုးတက်လာပြီး တခြား လက်ထောက် ပင်မခေါင်းတွေထက်ကို ခေါင်းတစ်လုံး သာနေပြီ။ သူ့ရဲ့ သြဇာအာဏာကလည်း တခြား လက်ထောက် ပင်မ ခေါင်းဆောင်တွေထက်ကို ပိုထက်နေပြီ "

" ဒါဆိုရင် ခင်ဗျား ပြောချင်တာက သွေးဧကရာဇ်က အပြင်အား ခန္ဓာကိုယ် မူလပင်လယ်နယ်ပယ် ဘုရင်တွေရဲ့ သွေးချီ အဆီအနှစ်ကို စုပ်ယူပြီး ကျင့်ကြံနေတယ်လို့ ပြောချင်တာလား "

လီဖူချန်းက သိချင်စိတ် ပြင်းပြလွန်းလာတဲ့ အတွက် သက်လတ်ပိုင်း အရွယ် လူကြီး စကား မဆုံးခင်မှာပဲ ဖြတ်မေးလိုက်ပါတယ်။

လူကြီးကလည်း မငြင်းပါဘူး။

" ဟုတ်တယ်။ ဒါပေမဲ့ သွေးဧကရာဇ်က အပြင်အား ခန္ဓာကိုယ် မူလပင်လယ်နယ်ပယ် ဘုရင်တွေရဲ့ သွေးချီတွေ အကုန်လုံးကို ဘယ်တော့မှ မထုတ်ယူဘူး။ သူက တစ်ခါ ထုတ်ယူရင် လိုအပ်သလောက်ပဲ ထုတ်ယူတာ။ ဘာဖြစ်လို့လဲဆိုတော့ သူက အဲသည် သွေးချီ အဆီအနှစ်တွေနဲ့ ဆေးဖော် တတ်လို့ပဲ။ သူဖော်စပ်ထားတဲ့ သွေးမျှော်စင် ဆေးလုံးက ကောင်းကင် အဆင့်နိမ့် ဆေးအမျိုးအစားထဲမှာ ပါပြီး အကြို- ကောင်းကင်အဆင့် ဆေးဖြစ်တဲ့ မဟာသွေးရည်ကြည် ဆေးထက်တောင်မှ ပိုပြီး အစွမ်းထက်သေးတယ်။ သွေးဧကရာဇ်ရဲ့ သွေးမျှော်စင် ဆေးလုံးရဲ့ အစွမ်းကိုတော့ မင်းတို့အနေနဲ့ လုံးဝ သံသယ ဖြစ်စရာ မလိုဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒါက ငါ့ကိုယ်တွေ့ ဖြစ်နေလို့ပဲ။ ငါက ကံကောင်းထောက်မပြီး သွေးဧကရာဇ် ဆီကနေ သွေးမျှော်စင် ဆေးတစ်လုံးကို ရခဲ့ဖူးတယ်။ အဲဒါက နှစ်ပေါင်းများစွာ ရပ်တန့်နေတဲ့ ငါ့ရဲ့ ကျင့်ကြံမှု အဆင့်ကိုတောင် တစ်ထိုင်တည်း တက်သွားစေတယ်။ ဒါပေမဲ့ အဲသည်အတွက်  ပြန်ပြီး ပေးဆပ်ရတာလည်း ရှိတယ်။ သွေးမျှော်စင် ဆေးလုံးကို သောက်ပြီးတဲ့ လူတိုင်းရဲ့ ခန္ဓာကိုယ်ပေါ်မှာ သွေးဧကရာဇ်ရဲ့ အမှတ်အသား ကျိန်စာ တစ်ခု ပေါ်လာတယ်။အဲသည်အတွက် ငါတို့က သွေးဧကရာဇ်ကို သစ္စာဖောက်လို့ မရဘူး။ တကယ်လို့ ငါတို့က သူ့ကို သစ္စာဖောက်မယ် ဆိုရင် ငါတို့ရဲ့ သွေးချီတွေက ပြောင်းပြန် လည်ပတ်ပြီး ငါတို့ကို သေစေလိမ့်မယ်။ ဒါပေမဲ့ ကံကောင်းတာ တစ်ခုကတော့ ငါက သွေးမျှော်စင် ဆေးလုံး တစ်လုံးပဲ သောက်ခဲ့မိတာပဲ။အဲသည်အတွက် ကျိန်စာက ငါ့အပေါ်မှာ သိပ်ပြီး သက်ရောက်မှု မရှိဘူး။ မဟုတ်ရင်တော့ ငါလည်း မင်းတို့လက်ထဲမှာ  အဖမ်း မခံဘဲ အဆိပ်သောက်ပြီး သေလိုက်ပြီးပြီ "

" တောက်…… အောက်တန်းကျလိုက်တဲ့ နည်းလမ်း။ သည်ခွေးအဘိုးကြီးတွေက @#$%@#$$ "

သက်လတ်ပိုင်းအရွယ် လူကြီးရဲ့ စကားကို ကြားအပြီးမှာတော့ ရှန်ကောင်းယုဟာ သွေးဧကရာဇ်ကို မကျိန်ဆဲဘဲ မနေနိုင်ဘဲ ကျိန်ဆဲလိုက်မိပါပြီ။

သွေးအရိပ် အသင်းလို အနက်ရောင် မိစ္ဆာ အဖွဲ့တစ်ဖွဲ့က သည်အချိန်အထိ တည်ရှိနေတာကလည်း ဘာမှ မထူးဆန်းတော့ပါဘူး။ သူတို့က ရက်စက်ပြီး ယုတ်မာလွန်းတဲ့ နည်းလမ်းတွေကို အသုံး ပြုထားတာ မဟုတ်ပါလား။

သည်ပုံစံအတိုင်း ဆိုရင်တော့ သည်လူကြီးဟာ အဓိက သတင်းတွေနဲ့ ပက်သက်ပြီး ဘာမှ သိမှာ မဟုတ်ပါဘူး။ မဟုတ်လို့ကတော့ သူဟာ  သွေးမျှော်စင် ဆေးလုံး တစ်လုံးကိုသာ သောက်ခွင့်ရမှာ မဟုတ်ဘဲ နှစ်လုံးလောက် သောက်ထားပြီးလောက်ပါပြီ။

" သွေးဧကရာဇ်က ဘယ်နေရာမှာ စခန်းချတာလဲ။ သွေးအရိပ် အသင်းရဲ့ ပင်မ စခန်းကကော ဘယ်မှာလဲ "

သည်လူကြီးဟာ ဘာမှ သိပ်ပြီး သိမှာ မဟုတ်ဘူး ဆိုတာကို ရိပ်မိပေမယ့်လည်း ရှန်ကောင်းယုက ဆက်မေးလိုက်ပါသေးတယ်။

သက်လတ်ပိုင်း အရွယ် လူကြီးက ခေါင်းခါလိုက်ပြီး

" အဓိက ခေါင်းဆောင် ငါးယောက်ပဲ သွေးအရိပ် အသင်းရဲ့ တည်နေရာကို သိကြတယ်။ အဖွဲ့ခေါင်းဆောင်တွေတောင်မှ အသင်းရဲ့ တည်နေရာနဲ့ ပက်သက်ပြီး ဘာမှ မသိကြဘူး။ သွေးဧကရာဇ် စခန်းချတဲ့ နေရာကိုတော့ သွေးအစေခံတွေပဲ သိကြတယ်။ ဒါပေမဲ့ သွေးအစေခံတွေက သွေးဧကရာဇ်ကို လုံးဝ သစ္စာဖောက်မှာ မဟုတ်ဘူး "

" ဆေးဝါး စုဆောင်းရေး အဖွဲ့ရဲ့ အဖွဲ့ဝင်တွေကကော သွေးအစေခံတွေပဲလား "

သည်တစ်ခါ မေးလိုက်သူကတော့ လီဖူချန်းပါပဲ။

သက်လတ်ပိုင်းအရွယ် လူကြီးက ခေါင်းညိတ်လိုက်ပါတယ်။

" ဟုတ်တယ်။ ဆေးဝါးစုဆောင်းရေး အဖွဲ့က သွေးဧကရာဇ်ရဲ့ တိုက်ရိုက်အမိန့်ကို နာခံတဲ့ အဖွဲ့ပဲ။ အဲသည်ထဲမှာက အဖွဲ့ခေါင်းဆောင်တွေနဲ့ လက်ထောက် အဖွဲ့ခေါင်းဆောင်တွေ ပါဝင်တယ်။ သူတို့အားလုံးက သွေးအစေခံတွေချည်းပဲ "

" ဒါဆိုရင် ခင်ဗျားတို့က ဆေးဝါးစုဆောင်းရေး အဖွဲ့ကို ဘယ်လို ဆက်သွယ်သလဲ "

လီဖူချန်းက ထပ်ပြီး မေးလိုက်ပြန်ပါတယ်။

" သွေးတံဆိပ်တော်ထဲက ဆက်သွယ်ရေး အစီအရင်ကို နည်းနည်းပါးပါး ပြင်လိုက်ရင် ဆေးဝါး စုဆောင်းရေး အဖွဲ့ကို ………"

" ဘ…… ဘာ……ဘာဖြစ်တာလဲ "

သက်လတ်ပိုင်းအရွယ် လူကြီးက စကားကို ဆုံးအောင်တောင် ပြောခွင့်မရလိုက်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့ ခန္ဓာကိုယ်ဟာ  မီးပြင်းဖို တစ်ခုလို နီရဲပြီး ပူလောင်လာလို့ပါပဲ။

ဘန်း……

အဲသည်နောက်မှာတော့ ပေါက်ကွဲသံကြီး တစ်ခုနဲ့အတူ သူ့ရဲ့ ခန္ဓာကိုယ် တစ်ခုလုံးဟာ အစိတ်စိတ် အမွှာမွှာ ကွဲထွက်သွားခဲ့ပါပြီ။

ရှန်းကောင်းယုက သူ့ဘက်ကို လွင့်လာတဲ့ သွေးစတွေကို လက်ဝါးနဲ့ ရိုက်ထုတ်လိုက်ပြီး

" ကြည့်ရတာ သွေးမျှော်စင် ဆေးလုံးကို တစ်လုံးပဲ သောက်ရင်တောင်မှ သတင်းအချက်အလက်တွေ အများကြီး ပြောလိုက်ရင် ကျိန်စာက အသက်ဝင်လာတဲ့ပုံပဲ "

လီဖူချန်းက ခေါင်းညိတ်လိုက်ပြီး

" ဒါပေမဲ့ ငါတို့ ကံကောင်းပါတယ်။ သူ့ဆီကနေ ငါတို့ သတင်းအချက်အလက် နည်းနည်းပါးပါး ရခဲ့တာပဲလေ "

လီဖူချန်း ပြောတာက မမှားပါဘူး။ သက်လတ်ပိုင်း အရွယ် လူကြီးက သေသွားတာ မှန်ပေမယ့်လည်း သူမသေခင်မှာ လီဖူချန်းတို့ကို သိသင့်သိထိုက်တဲ့ သတင်းအချက်အလက်တွေ ပေးသွားခဲ့ပါသေးတယ်။

အဲသည်ထဲမှာမှ အရေးအကြီးဆုံး သတင်း အချက်အလက်ကတော့ သူတို့ဟာ သွေးတံဆိပ်တော်ရဲ့ အထဲမှာရှိတဲ့ ဆက်သွယ်ရေး အစီအရင်ကို ချိန်ညှိလို့ ရတယ် ဆိုတာပါပဲ။

အဲဒါက လီဖူချန်းအတွက် အတော်ကို အရေးကြီးတဲ့ သတင်းအချက်အလက်လို့ ဆိုရပါမယ်။

သူက အခုအချိန်မှာ သွေးတံဆိပ်တော်ကို အသုံးပြုပြီး အနီးအနားက သွေးကျွန်တွေကိုသာ ဆက်သွယ်နိုင်ပေမယ့် တံဆိပ်တော်ကို နည်းနည်းပါးပါး ကလိပြီးရင်တော့ သူဟာ သွေးအစေခံတွေနဲ့ ဆေးဝါးစုဆောင်းရေး အဖွဲ့က လူတွေကို စတင် ဆက်သွယ်လို့ ရပါပြီ။အဲဒါဆိုရင် သူ့အနေနဲ့ ယွန်လုံ ဘယ်မှာလဲ ဆိုတာကို သိရဖို့အတွက် သိပ်ခပ်ဝေးဝေး  စုံစမ်းနေစရာ မလိုတော့ပါဘူး။

" လီဖူချန်း …… မင်းက သွေးကျွန် တံဆိပ်တော် တစ်ခုကို သန့်စင်ပြီး မင်းနဲ့ ပေါင်းစည်းခဲ့တာလား "

ရှန်ကောင်းယုက သွေးတံဆိပ်တော် သုံးခုကို လက်မှာ ကိုင်ထားရင်းနဲ့ လီဖူချန်းကို လှမ်းမေးလိုက်ပါတယ်။အဲသည်သွေးတံဆိပ်တော် သုံးခုထဲက တစ်ခုကတော့ မျက်နှာဖုံးနက် သွေးအစေခံရဲ့ တံဆိပ်တော် ဖြစ်ပြီး ကျန်တဲ့ နှစ်ခုကတော့ မျက်နှာဖုံးဖြူ သွေးကျွန် နှစ်ယောက်ရဲ့ တံဆိပ်တော်တွေပါပဲ။

အမှန်အတိုင်း ပြောရရင်တော့ ရှန်ကောင်းယုဟာ သည်နေရာကို မလာခင်ကတည်းက မျက်နှာဖုံးဖြူ သွေးကျွန်တစ်ယောက်ကို သတ်ပြီး သွေးတံဆိပ်တော် တစ်ခု ရခဲ့ပြီးပါပြီ။ ဒါပေမဲ့လည်း သူက အဲသည် တံဆိပ်တော်ကို သူနဲ့ မပေါင်းစည်းနိုင်ခဲ့ပါဘူး။

ဒါပေမဲ့လည်း လီဖူချန်းကတော့ သည်သွေးကျွန်တွေထဲမှာ ပုံဖျက်ပြီး ဝင်ရောက်နိုင်တဲ့အတွက် သူဟာ သွေးတံဆိပ်တော်ကို ပေါင်းစည်းထားပြီးသား ဖြစ်လောက်ပါတယ်။

ဒါကြောင့်လည်း သူက လီဖူချန်းကို လှမ်းမေးလိုက်တာပါ။

လီဖူချန်းကလည်း မငြင်းပါဘူး။

" အင်း …… ငါ့ရဲ့ လိပ်ပြာ အသိစိတ်အာရုံက သာမန်လူတွေထက်ကို အားကောင်းနေလို့လားတော့ မသိဘူး။ ငါက သွေးတံဆိပ်တော်ကို ငါနဲ့ ပေါင်းစည်းနိုင်ခဲ့တယ် "

" ဒါဆိုရင် ငါ့ကို သည်သွေးအစေခံ တံဆိပ်တော်နဲ့ ပေါင်းစည်းပေးပါလား။ ငါ မင်းကို အလကား မလုပ်ခိုင်းပါဘူး။ ငါ့ကို မင်းဖြစ်ချင်တဲ့ ဆန္ဒ တစ်ခု တောင်းလိုက်။ ငါက အဲဒါကို အတတ်နိုင်ဆုံး ရအောင် ဖြည့်ဆည်းပေးမယ် "

ရှန်ကောင်းယုက လီဖူချန်းကို ကမ်းလှမ်းမှု တစ်ခု ပြုလုပ်လာခဲ့ပါတယ်။

လီဖူချန်းက ခေါင်းခါလိုက်ပြီး

" ငါမင်းကို သွေးအစေခံ တံဆိပ်တော်နဲ့ ပေါင်းစည်းပေးနိုင်တယ်။ အဲသည်အတွက် မင်းငါ့ကို ဘာမှ ပြန်လုပ်ပေးဖို့ မလိုဘူး "

လီဖူချန်း အတွက်ကတော့ ရန်သူရဲ့ ရန်သူဆိုတာက မိတ်ဆွေပါပဲ။ပြီးတော့ ရှန်ကောင်းယုက သူ့အဖို့ မိတ်ဆွေ ဖွဲ့ဖို့ ထိုက်တန်တာထက်တောင် ပိုပြီး ထိုက်တန်နေပါသေးတယ်။ငယ်ငယ်ရွယ်ရွယ်နဲ့ မူလပင်လယ် နယ်ပယ် အကြို-ပြီးပြည့်စုံခြင်း ခန္ဓာကိုယ် အပြင်အား ဘုရင် ဖြစ်နေဖို့ ဆိုတာက ဖြစ်ချင်တိုင်း ဖြစ်လို့ရတာ မဟုတ်ပါဘူး။ အဲဒါက ပါရမီ ပါရမယ့်အပြင် နောက်ခံအင်အား၊ ကြွယ်ဝချမ်းသာမှုကလည်း ရှိနေမှ ရတဲ့ အမျိုးပါ။

အဲသည်ထက် ပိုအရေးကြီးတာက တကယ်လို့ ရှန်ကောင်းယုသာ ပေါ်မလာရင် လီဖူချန်းဟာ သွေးအစေခံ တစ်ယောက်တည်းနဲ့တင် အတော်လေး ခေါင်းကိုက်နေရလောက်ပါပြီ။

" ငါ့ကို ပေးခဲ့ "

အဲသည်နောက်မှာတော့ လီဖူချန်းက ရှန်ကောင်းယုဆီကနေ သွေးအစေခံ တံဆိပ်တော်ကို တောင်းလိုက်ပြီး သူ့ရဲ့ လိပ်ပြာ အသိစိတ်အာရုံကို တံဆိပ်တော်ထဲ ပို့ဆောင်လိုက်ပါတယ်။

ဒါပေမဲ့လည်း လီဖူချန်းက သွေးအစေခံ တံဆိပ်တော်ကို လွယ်လွယ်နဲ့ သန့်စင်လို့ မရခဲ့ပါဘူူး။

ဒါကလည်း ဖြစ်သင့်ဖြစ်ထိုက်တဲ့ အရာပါပဲ။ သွေးအစေခံ တံဆိပ်တော် ဆိုတာက သွေးကျွန် တံဆိပ်တော်ထက် ပိုအဆင့်မြင့်တဲ့ အရာပင် မဟုတ်ပါလား။

အဲသည်အတွက် လီဖူချန်းအနေနဲ့ သန့်စင်ဖို့အတွက် ပိုပြီး အချိန် ယူရပါမယ်။

သွေးအစေခံ တံဆိပ်တော်ကို လွယ်လွယ်နဲ့ သန့်စင်လို့ မရမှန်း သိလိုက်တဲ့ အခါမှာတော့ လီဖူချန်းက ဆက်ပြီး အချိန် ဖြုန်းမနေတော့ပါဘူး။ သူက သူ့ရဲ့ လိပ်ပြာ အသိစိတ်အာရုံကို ပြန်ရုတ်သိမ်းလိုက်ပြီး ရှန်ကောင်းယုကို လှည့်ပြောလိုက်ပါတယ်။

" ရှန်ကောင်းယု…… ငါတို့ အေးအေးဆေးဆေး အနားယူလို့ရမယ့် နေရာတစ်ခုကို အရင်ရှာရအောင်။ သည်သွေးအစေခံ တံဆိပ်တော်ကို သန့်စင်ဖို့အတွက် ငါ့အနေနဲ့ အချိန် သုံး၊လေးရက်လောက် လိုတယ် "

" ဟုတ်ပြီလေ "

ရှန်ကောင်းယုက လီဖူချန်းရဲ့ အဆိုကို မငြင်းပါဘူူး။

အမှန်အတိုင်း ပြောရမယ် ဆိုရင် သူက အစောကြီးကတည်းကနေ သွေးအစေခံ တံဆိပ်တော်ကို သန့်စင်ဖို့ရာဟာ မလွယ်လောက်ဘူး ဆိုတာကို ရိပ်မိပြီးသား ဖြစ်ပါတယ်။

ဘာဖြစ်လို့လဲ ဆိုတော့ သူက သွေးကျွန် တံဆိပ်တော်ကို သန့်စင်ဖို့  လဝက်လောက် ကြိုးစားခဲ့တာတောင်မှ မအောင်မြင်ခဲ့လို့ပါပဲ။ သွေးအစေခံ တံဆိပ်တော်ကို ဆိုရင်တော့ ပြောနေစရာကို မလိုပါဘူး။

သည်လိုနဲ့ပဲ သူတို့နှစ်ယောက်ဟာ ရေတံခွန်တောင် မြို့ထဲကို ဝင်ပြီး တည်းခိုခန်း တစ်ခုမှာ ခေတ္တခဏ စခန်းချဖို့ သဘောတူလိုက်ကြပါတယ်။

ရှန်ကောင်းယုနဲ့ စကားစပ်မိပြီး လီဖူချန်း သိလာတာကတော့ ရန်ကောင်းယုဟာ သူ့ရဲ့ မိတ်ဆွေအတွက် ကလဲ့စားချေဖို့ ကြိုးစားနေတယ် ဆိုတာပါပဲ။ ဒါကြောင့်လည်း သူဟာ သွေးအရိပ် အသင်းရဲ့ သတင်း အချက်အလက်တွေကို အသည်းအသန်း လိုက်လံ စုံစမ်းနေတာပါ။

ဘယ်လိုပဲဖြစ်ဖြစ် လီဖူချန်းကတော့ ရှန်ကောင်းယုရဲ့ အဖြစ်ဟာ သူပြောသလောက် မရိုးရှင်းဘူးလို့ ခံစားနေမိပါတယ်။ ဒါပေမဲ့လည်း သူက သူခံစားနေရတာကို နှုတ်ကနေ ဖွင့်မပြောလိုက်ပါဘူး။

သည်လိုနဲ့ပဲ နောက်ထပ် သုံးရက် အကြာမှာတော့ လီဖူချန်းရဲ့ သွေးအစေခံ တံဆိပ်တော် သန့်စင်မှု လုပ်ငန်းက ပြီးမြောက်သွားခဲ့ပါတယ်။

ဒါပေမဲ့လည်း သူ မမျှော်လင့်မိလိုက်တာက သူ့အနေနဲ့ သွေးဧကရာဇ်ရဲ့ ကျိန်စာ မိသွားမယ် ဆိုတာပါပဲ။

အစကတော့ လီဖူချန်းက သူဟာ ကျိန်စာ မိသွားပြီ ဆိုတာကို မသိပါဘူး။ ဒါပေမဲ့လည်း သွေးအစေခံ တံဆိပ်တော်ကို သန့်စင်ပြီး နာရီဝက်လောက် အကြာမှာတော့ သူဟာ ကျိန်စာ မိသွားပြီ ဆိုတာကို ကောင်းကောင်းကြီး လက်ခံလိုက်ရပါတော့တယ်။

ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့ လိပ်ပြာ အသိစိတ်အာရုံက သူ့ရဲ့ ခန္ဓာကိုယ်ထဲကနေပြီး ကောင်းကင်ယံပေါ်ကို မမြင်ရတဲ့ သွေးအလင်းတန်းကြီး တစ်ခု တိုးထွက်နေတာကို အာရုံ ခံမိလိုက်လို့ပါပဲ။

တစ်ချိန်တည်းမှာပဲ သူက သူ့ရဲ့ ခန္ဓာကိုယ်ထဲမှာ သူနဲ့ မသက်ဆိုင်တဲ့ အရာတစ်ခု ရှိနေတာကို သတိပြုမိလိုက်ပါသေးတယ်။

" သေစမ်း။ငါက အရမ်း သတိလက်လွတ် ဖြစ်လွန်းတာပဲ "

လီဖူချန်းရဲ့ မျက်နှာက သိပ်ပြီး မကောင်းလှတော့ပါဘူး။

သူက ဥပဒေသ ပြောင်းလဲခြင်းနယ်ပယ် ဧကရာဇ် တစ်ပါးကို အရမ်းပဲ အထင်သေးလွန်း မိခဲ့ပါပြီ။ သွေးအရိပ် အသင်းရဲ့ အဓိက ခေါင်းဆောင် ငါးယောက်ထဲက တစ်ယောက်ဖြစ်တဲ့ သွေးဧကရာဇ်ရဲ့ တံဆိပ်တော်ကို သန့်စင်ရတာဟာ ဘယ်လိုလုပ်ပြီး အဲသည်လောက် လွယ်နိုင်ပါ့မလဲ။

***

All Chapters