ဟူး……ဟူး……ဟူး….
Vol. 44 Ch. 599
ကျယ်ပြောလှပြီး အဆုံးမရှိတဲ့ ကောင်းကင်ယံ ပေါ်မှာတော့ အရိပ်နှစ်ခုဟာ အလင်းတန်းနှစ်ခု ဖြတ်သွားသလို ပျံသန်း နေကြပါတယ်။အဲသည်လူရိပ် နှစ်ရိပ်ကတော့ လီဖူချန်း နဲ့ ရှန်ကောင်းယုတို့ကလွဲပြီး တခြားလူ မရှိပါဘူး။
ပျံသန်းနေရင်းနဲ့ လီဖူချန်း သတိပြုမိလိုက်တာကတော့ အချိန်နှစ်နာရီ ကုန်ဆုံးသွားတိုင်းမှာ သူ့ရဲ့ ခန္ဓာကိုယ်ပေါ်က သွေးအရိုးခေါင်း အမှတ်အသားဟာ ရုတ်တရက် တောက်ပလာတတ်တယ် ဆိုတာပါပဲ။ အဲသည်လို အမှတ်အသား တောက်ပလာတိုင်းမှာ ဆိုရင်လည်း သူ့ရဲ့ သွေးချီ ကုန်ခန်းမှုနှုန်းဟာ အဆတစ်ရာ ပိုတိုးလာလေ့ ရှိပါတယ်။ပြီးတော့ တစ်ချိန်တည်းမှာပဲ အမျိုးအမည် မသိရတဲ့ စွမ်းအင်လှိုင်းတွေက ပတ်ဝန်းကျင် တစ်ခုလုံးကို ဖြာထွက်သွားပါသေးတယ်။အဲဒါက အချက်ပြတဲ့ ဖြစ်စဉ်ဆိုတာ လုံးဝ သံသယ ရှိစရာ မလိုပါဘူး။
" မဖြစ်ဘူး။ သည်စွမ်းအင်လှိုင်းတွေကို တတ်နိုင်သလောက် ဖုံးထားမှ "
လီဖူချန်းက သူ့ရဲ့ သွေးချီတွေ စုပ်ယူခံနေရတာကို လက်ခံကောင်း လက်ခံပါမယ်။ ဒါပေမဲ့ သူ့ရဲ့ တည်နေရာကို အချက်ပြနေတာကိုတော့ ဘယ်လိုမှ လက်မခံနိုင်ပါဘူး။
အဲသည်အတွက် သူက ပထမဆုံး အကြိမ် သွေးအရိုးခေါင်း အမှတ်အသား အရောင် တောက်ပလာကတည်းက သူ့ရဲ့ စိတ်ဝိညာဉ် စွမ်းရည်ကို အသက်သွင်းပြီး စွမ်းအင်လှိုင်းတွေကို တတ်နိုင်သလောက် ဖုံးကွယ်ဖို့ ကြိုးစားခဲ့ပါတယ်။
သူက သည်စွမ်းအင်လှိုင်း ဖြာထွက်မှုကို အလုံးစုံ မဖုံးကွယ်နိုင်ပေမယ့်လည်း အဲဒါက ဘာမှ မလုပ်တာထက် စာရင်တော့ ခံသာသေးတာ မဟုတ်ပါလား။
***
ချွင်……ချွင်……ချွင် ……
ထင်……ထင်……
ထန်……ထန်……
သည်နေရာကတော့ မိုင်ထောင်ပေါင်း အနည်းငယ် ကျယ်ပြန့်တဲ့ လွင်တီးခေါင်ပြင် ကန္တာရ ဒေသကြီး တစ်ခုပါပဲ။ ဒါက နဂါးမြစ်ဝှမ်း ပြည်နယ်ရဲ့ လူအခေါင်ဆုံး နေရာတစ်ခု ဆိုရင်လည်း မှားမယ် မထင်ပါဘူး။
ဒါပေမဲ့လည်း လီဖူချန်းတို့ နှစ်ဟောက်က သည်ဒေသကနေ ဖြတ်အပျံမှာတော့ လူအုပ်စုလိုက်ကြီးဟာ သဲကြီးမဲကြီး တိုက်ခိုက်နေကြတာကို တွေ့လိုက်ရပါတယ်။ ဒါပေမဲ့လည်း သူတို့ကိုတော့ ဘယ်သူမှ အဖက် မလုပ်ကြပါဘူး။
သူတို့နှစ်ယောက် သည်ကန္တာရထဲကနေ ထွက်ခါနီးလေးမှာတော့ လီဖူချန်းက ရှန်ကောင်းယုကို ရုတ်တရက် လမ်းပြောလိုက်ပါတယ်။
" နေဦး ……ရှန်ကောင်းယု။ ငါတို့ကို လူတွေ ဝိုင်းထားကြပြီ။ ငါတို့ သည်ဘက်ကနေ ဖောက်ထွက်မှ လွတ်လမ်း ရှိလိမ့်မယ် "
" အေး…… မင်းသဘောပဲ "
ရှန်ကောင်းယုက လီဖူချန်းအပေါ်မှာ လုံးဝ သံသယ မရှိပါဘူး။ သည်ရက်တွေမှာဆိုရင် သူက လီဖူချန်းရဲ့ လိပ်ပြာ အသိစိတ်အာရုံဟာ ဘယ်လောက် အစွမ်း ထက်သလဲ ဆိုတာကို သတိပြုမိပြီးသား ဖြစ်ပါတယ်။ အလွန်အကျူး မြှေက်ပင့်ပြောဆိုတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့လည်း လီဖူချန်းရဲ့ လိပ်ပြာ အသိစိတ်အာရုံဟာ အကြို-ဧကရာဇ်တွေထက်တောင်မှ သာလွန်နေခဲ့ပါပြီ။
" ရှန်ကောင်းယု…… သည်ဘက် "
မိုင်ပေါင်း လေးရာကျော်လောက် ထပ်မံ ပျံသန်းပြီးတဲ့ နောက်မှာတော့ လီဖူချန်းက ဦးတည်ချက်ကို နောက်ထပ်တစ်ကြိမ် ပြောင်းလိုက်ပြန်ပါတယ်။
တကယ်လို့သာ လူတစ်ယောက်က အဆုံးမရှိတဲ့ ကောင်းကင်ယံ အမြင့်တစ်နေရာထက်ကနေပြီး ငုံ့ကြည့်လိုက်မယ် ဆိုရင်တော့ လီဖူချန်းတို့ နှစ်ယောက်ကို များပြားလှတဲ့ အရိပ်နက်တွေက ဝိုင်းဝန်း ပိတ်ဆို့ဖို့ ကြိုးစားနေတာကို မြင်ရမှာ အသေအချာပါပဲ။ ဒါပေမဲ့လည်း လီဖူချန်းက ပျံသန်းရာ လမ်းကြောင်းကို ပြောင်းလိုက်တိုင်းမှာ အဲသည် အရိပ်နက်တွေဟာ ဖရိုဖရဲ ဖြစ်ကုန်ပါတယ်။
ဒါပေမဲ့လည်း လီဖူချန်း အနေနဲ့ ဘယ်လောက်ပဲ လမ်းကြောင်းတွေ ပြောင်းပြောင်း အနက်ရောင် လူရိပ်တွေရဲ့ စက်ကွင်းက ကျုံ့သထက် ကျုံ့လာတာကိုတော့ တားလို့ မရတာ အမှန်ပါပဲ။
" ရှန်ကောင်းယု ……မြောက်ဘက် စွန်းစွန်းမှာ လူသုံးယောက်ပဲ ရှိတယ်။ ဒါပေမဲ့ အဲသည်ထဲက တစ်ယောက်က မူလပင်လယ်နယ်ပယ် အဆင့်၈ ဘုရင်ပဲ။ မင်းသူ့ကို တာဝန်ယူနိုင်လား "
လီဖူချန်းက ရှန်ကောင်းယုကို လှမ်းမေးလိုက်ပါတယ်။
" ရတယ် ……ကိစ္စမရှိဘူး။ ငါ့တာဝန် ထားလိုက် "
ရှန်ကောင်းယုရဲ့ လေသံကတော့ သူ့ကိုယ်သူ ယုံကြည်မှု အပြည့်ပါပဲ။
အဲသည်နောက် သိပ်မကြာခင်မှာပဲ သူတို့ နှစ်ဖွဲ့ဟာ ထိပ်တိုက် တွေ့ကြပါတော့တယ်။
တစ်ဖက်အဖွဲ့ကတော့ မျက်နှာဖုံးနက် သွေးအစေခံ တစ်ယောက် နဲ့ မျက်နှာဖုံးဖြူ သွေးကျွန် နှစ်ယောက်ပါပဲ။
" တိုက် "
နှစ်ဖက်စလုံးက သူဘာလဲ၊ ကိုယ်ဘာလဲ ဆိုတာကို သိထားပြီးကြပြီ ဖြစ်တဲ့ အတွက် စကားတွေ၊ ဘာတွေပြောပြီး အချိန် ဆွဲမနေကြပါဘူး။ သူတို့က မျက်နှာချင်းဆိုင် တွေ့တာနဲ့ တစ်ပြိုင်နက် တန်းပြီး တိုက်ခိုက်ကြပါတော့တယ်။
" မဟူရာ မြွေနဂါး လက်ဝါး "
ရှန်ကောင်းယုရဲ့ မဟူရာ မြွေနဂါး လက်ဝါးက မယုံနိုင်စရာ ကောင်းလှအောင် မြန်လွန်းတဲ့ ရိုက်ချက်ပါပဲ။
တိုက်ပွဲက စမယ် မကြံသေးပါဘူး။ သူက လက်ဝါးရိုက်ချက် နှစ်ချက် ထုတ်ပြီး မျက်နှာဖုံးဖြူ နှစ်ယောက်ကို ရိုက်နှင့်နေပြီးပါပြီ။
ဘန်း……ဘန်း……
ခန္ဓာကိုယ် နှစ်ခုဟာ ပေါက်ကွဲပြီး သွေးမှုန်၊ သွေးစတွေ အဖြစ်ကို ပြောင်းကုန်ပါတယ်။
" မြေကမ္ဘာ အထွတ်အထိပ်အဆင့် ချီအပြင်အားလား "
ရှန်ကောင်းယုရဲ့ လက်ဝါးရိုက်ချက် အဆင့်ကို ခန့်မှန်း မိလိုက်တဲ့ မျက်နှာဖုံးနက်ဟာ အနောက်ကို တရစပ် ဆုတ်သွားခဲ့ပါပြီ။ သူ့ရဲ့ မျက်နှာပေါ်မှာလည်း ကြောက်ရွံ့မှုတွေက အထင်းသားပါပဲ။
ဒါပေမဲ့လည်း လီဖူချန်းဟာ မျက်နှာဖုံးနက်ရဲ့ အနောက်ကို ဘယ်အချိန်ကတည်းကနေ ဘယ်လို ရောက်နေမှန်း မသိပါဘူး။
" မိုးနဲ့မြေကို သုတ်သင်ခြင်း "
လီဖူချန်းရဲ့ ဓားချက် လေဟာနယ် ဟင်းလင်းပြင်ကို ဖြတ်ပိုင်းပြီး မျင်နှာဖုံးနက်ရဲ့ ပြေးလမ်းကြောင်းကို ပိတ်ဆို့ထားလိုက်ပါတယ်။
သည်ဓားကွက်မှာက ဟင်းလင်းပြင်တာအို ခိုဝင်ကိန်းအောင်း နေတဲ့အတွက် သူ့အနေနဲ့ ရန်သူကို ဒဏ်ရာ ရအောင် မလုပ်နိုင်ရင်တောင်မှ ပိတ်ဆို့တားဆီးဖို့ရာက သိပ်ပြီး မခက်ခဲလှပါဘူး။
အဲသည်အချိန်မှာ ရတဲ့ အခွင့်အရေးကို အပြည့်အဝ ယူသူကတော့ ရှန်ကောင်းယုပါပဲ။
" ရစ်ခွေပတ်လိမ် မြွေနဂါး "
သူက ညာဘက်လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်ပြီး ကြီးမားလှတဲ့ အနက်ရောင် မြွေနဂါးကြီး တစ်ခုကို ဖန်ဆင်းလိုက်ပါတယ်။
ဂါး……
သည်မြွေနဂါးကြီးက အရင် ရှန်ကောင်းယု ထုတ်သုံးလေ့ရှိတဲ့ မြွေနဂါးတွေထက်ကို ဆယ်ဆလောက် ပိုကြီးနေသလိုပါပဲ။တစ်ချိန်တည်းမှာပဲ လေဟာနယ် ဟင်းလင်းပြင်မှု တည်ငြိမ်မှု ခေတ္တခဏ ပျက်ပြားသွားပြီး အနက်ရောင် စွမ်းအင်လှိုင်းလုံးကြီးတွေရဲ့ ဖိနှိပ်မှု အောက်ကို ရောက်သွားခဲ့ပါတယ်။
" မလုပ်နဲ့ "
အနက်ရောင် မျက်နှာဖုံးရှင်က သွေးရူးသွေးတန်း အော်ဟစ်ပြီး အနက်ရောင် မြွေနဂါးချီတွေကို ရှောင်တိမ်းဖို့ ကြိုးစားခဲ့ပေမယ့်လည်း ဘယ်လိုမှ မတတ်နိုင်ခဲ့ပါဘူး။ အဲသည် ချီစွမ်းအင်တွေက လျှပ်စီးသမျှကို လျင်မြန်လွန်းလှပါတယ်။
ဘန်း……
ကျယ်လောင်လှတဲ့ ပေါက်ကွဲသံကြီး တစ်ခု ထွက်ပေါ်လာအပြီးမှာတော့ မျက်နှာဖုံးနက်ဟာ ကြိုးပြတ်သွားတဲ့ စွန်တစ်ကောင်လို့ လွင့်ထွက်သွားခဲ့ပါပြီ။ ပြီးတော့ သူက သွေးတွေကို အဆက်မပြတ် အန်ထုတ်လိုက်ရပါသေးတယ်။ သူ့ရဲ့ ခန္ဓာကိုယ် တစ်ခုလုံးမှာ ဆိုရင်လည်း မရေမတွက်နိုင်တဲ့ အပေါက်ကလေးတွေနဲ့ အပြည့်ပါပဲ။
ဒါကလည်း သိပ်ပြီးတော့ အံ့သြစရာ မဟုတ်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ ရှန်ကောင်းယုရဲ့ အနက်ရောင် မြွေနဂါးကြီးဟာ ပေါက်ကွဲပြီးတဲ့ အခါမှာ မရေမတွက်နိုင်တဲ့ မြွေနက်ကလေးတွေအဖြစ် ပြောင်းလဲသွားလို့ပါပဲ။
အဲသည်နောက်မှာတော့ ရှန်ကောင်းယုဟာ အရင်တစ်ခါလိုပဲ သူ့ရဲ့ သစ္စာခံရွှေကြိုးကို ထုတ်ပြီး မျက်နှာဖုံးနက်ကို တုပ်နှောင်လိုက်ပါတယ်။
ဒါပေမဲ့လည်း အဲဒါနဲ့တင် သူ့ရဲ့ တိုက်ခိုက်မှုက မပြီးသေးပါဘူး။ သူက မျက်နှာဖုံးနက်ကို တုပ်နှောင်မိတာ သေချာသွားတဲ့ အခါမှာတော့ နောက်ထပ် လက်ဝါးရိုက်ချက် တစ်ချက် ရိုက်ထုတ်လိုက်ပြန်ပါတယ်။
" သေစမ်း "
ဘန်း………
ရှန်ကောင်းယုရဲ့ သည်လက်ဝါးရိုက်ချက်က မျက်နှာဖုံးနက်ကို အသက်ပျောက်သွား စေခဲ့ပါပြီ။ သစ္စာခံ ရွှေကြိုးနဲ့ တုပ်နှောင်ခံထားရတဲ့ မျက်နှာဖုံးနက်ဟာ ရှန်ကောင်းယုရဲ့ လက်ဝါးရိုက်ချက်ကို လည်စင်းခံရုံကလွဲပြီး ဘာမှ မတတ်နိုင်ခဲ့ပါဘူး။
လူတွေ ပြောပြောနေလေ့ရှိတဲ့ ချည်ပြီး၊တုပ်ပြီး ရိုက်တယ် ဆိုတာက ဒါကို ဆိုလိုတာပဲ ဖြစ်ရပါမယ်။
" လီဖူချန်း …… သွားကြစို့ "
မျက်နှာဖုံးနက်ကို သတ်ပြီးတာနဲ့ တစ်ပြိုက်နက် ရှန်ကောင်းယုဟာ လီဖူချန်းကို ဆွဲပြီး အနက်ရောင် အလင်းတန်းတစ်ခု အသွင်ပြောင်းကာ ပြေးပါတော့တယ်။
သူ့ရဲ့ သည်တစ်ကြိမ် ပျံသန်းမှုနှုန်းကတော့ လီဖူချန်းထက်ကိုတောင်မှ မြန်နေခဲ့ပါပြီ။
ဟူး……ဟူး……ဟူး……
သူတို့ ထွက်သွားပြီး သိပ်မကြာခင်မှာတော့ မျက်နှာဖုံး တပ်ထားတဲ့ အဖွဲ့တစ်ဖွဲ့ဟာ ကောင်းကင်ယံထက်မှာ ပေါ်လာခဲ့ပါတယ်။
" အဲသည်ပုဂ္ဂိုလ်က အရမ်း အစွမ်း ထက်လွန်းတာပဲ။ ကြည့်ရတာ သူက အလယ်အလတ်တန်းစား အကြို-ဧကရာဇ် အဆင့်လောက်ကို ရှိနေပြီ "
" ဟမ့်…… သူက အလယ်အလတ်တန်းစား အကြို-ဧကရာဇ် အဆင့် ရောက်နေလဲ ဘာအရေးလဲ။ သူက သွေးဧကရာဇ် လက်ထဲကနေ ပြေးလွတ်နိုင်မှာတဲ့လား "
" လိုက်ကြ "
စကားဆုံးတာနဲ့ တစ်ပြိုင်နက် မျက်နှာဖုံး အုပ်စုဟာ တိမ်တွေကြားထဲမှာ ကွယ်ပျောက်သွားခဲ့ပါပြီ။
***
နောက်လာတဲ့ နေ့ရက်တွေမှာတော့ လီဖူချန်းတို့ နှစ်ယောက်ဟာ ရန်သူ တစ်ယောက်နဲ့မှ မတွေ့ခဲ့ကြပါဘူူး။ ဒါပေမဲ့လည်း အဲဒါက ရန်သူတွေဟာ သူတို့ကို ပိတ်ဖမ်းဖို့အတွက် အကြံအစည် အကြီးကြီး တစ်ခု ကြံနေတယ်ဆိုတာ ဖော်ပြနေတာနဲ့ အတူတူပါပဲ။
တစိနေ့မှာတော့ ရှန်ကောင်းယုက ပျံသန်းနေရင်းနဲ့ လီဖူချန်းကို အားပေးစကား လှမ်းပြောလိုက်ပါတယ်။
" လီဖူချန်း …… အားမလျော့လိုက်နဲ့။ငါတို့နှစ်ယောက် နဂါးမြစ်ဝှမ်း ပြည်နယ်ရဲ့ မြို့တော်ကို ရောက်အောင် ပြေးနိုင်ရင် သည်ခွေးကောင်တွေ လက်ထဲက လွတ်ပြီ။ အဲသည်မှာက ကောင်းကင်အလင်း ပြည်နယ်ရဲ့ မြို့တော်နဲ့ ဆက်သွယ်ထားတဲ့ တည်နေရာရွှေ့ပြောင်း စင်မြင့်တွေ ရှိတယ် "
" အေး "
တည်နေရာရွှေ့ပြောင်း စင်မြင့်တွေ ဆောက်ရတယ် ဆိုတာကို မလွယ်လှပါဘူူး။ သူတို့တွေကို ဆောက်ဖို့အတွက် ဆိုရင် နေရာလပ် သလင်းကျောက်တွေ လိုအပ်ပြီး အဲသည် သတင်းကျောက် အနည်းအများကပဲ တည်နေရာရွှေ့ပြောင်း စင်မြင့် အရေအတွက်ကို သတ်မှတ်ပေးတာပါ။
တကယ့်လို သည်နေရာမှာသာ မင်းက လဝန်းနီ ဧကရာဇ် ဒါမှမဟုတ် ဝိညာဉ်ဧကရာဇ်တို့လို ချမ်းသာကြွယ်ဝ နေရင်တော့ မြို့တစ်မြို့မှာ ကိုယ်ပိုင် တည်နေရာရွှေ့ပြောင်း စင်မြင့် တစ်ခု ဆောက်ဖို့ ဆိုတာက အကြောင်း မဟုတ်ပါဘူး။ ဒါပေမဲ့လည်း မူလပင်လယ် နယ်ပယ် ဘုရင်တွေ အတွက်ကတော့ အဲသည်လို ကိုယ်ပိုင် တည်ဆောက်ဖို့ရာဟာ မဖြစ်နိုင်တဲ့ အရာပါပဲ။ အဲသည်အတွက်ကြောင့် သူတို့ဟာ တည်နေရာ ရွှေ့ပြောင်းချင်ရင် အများသူငါအတွက် ဖွင့်ထားတဲ့ တည်နေရာရွှေ့ပြောင်း စင်မြင့်တွေ ရှိရာဆီကိုပဲ မသွားမဖြစ် သွားမှကို ရပါမယ်။
ဟူး……ဟူး……ဟူး……
" ရှန်ကောင်းယု …… ဟိုအရှေ့က တောအုပ်ထဲမှာ ခဏဆင်းပြီး နားရအောင် "
ပံျသန်းနေရင်းနဲ့ တောအုပ်အစပ် တစ်ခုနားကို ရောက်တဲ့အခါမှာ လီဖူချန်းက အနားယူဖို့ ရှန်ကောင်းယုကို ပြောလိုက်ပါတယ်။
" အေး "
ရှန်ကောင်းယုကလည်း မငြင်းပါဘူး။
သူတို့ နှစ်ယောက်ဟာ အလွန်အမင်း မြန်ဆန်တဲ့နှုန်းနဲ့ ပျံသန်း နေတာ ဖြစ်တဲ့အတွက် ခေတ္တခဏ နားပြီး အားပြန်ဖြည့်ဖို့လည်း လိုပါတယ်။
အစွမ်းကုန် ပျံသန်းပြီး ခရီး သွားတယ်ဆိုတာ သွေးချီတွေ နဲ့ ချီအတွင်းအားတွေကို အတော်လေး ကုန်စေတဲ့ ကိစ္စပါပဲ။ တကယ်လို့သာ သူတို့အနေနဲ့ ခေတ္တခဏ အနားမယူဘဲ ဆက်တိုက်ပျံသန်းနေမယ် ဆိုရင်တော့ ရန်သူတွေနဲ့ တွေ့တဲ့အခါ အကောင်းဆုံး ပြန်လည်တိုက်ခိုက်နိုင်မှာ မဟုတ်ပါဘူး။
သူတို့နှစ်ယောက်ရဲ့ နဂါးမြစ်ဝှမ်းပြည်နယ် မြို့တော်ကို သွားတဲ့ခရီး တစ်ဝက်သာသာလောက်သာ ကျန်တော့တဲ့ အခါမှာတော့ သူတို့နှစ်ယောက်ဟာ နောက်ထပ်တစ်ကြိမ် ဟန့်တား ခံရပြန်ပါတယ်။
သည်တစ်ကြိမ်မှာ ဟန့်တားသူတွေကတော့ အဆင့်မြင့် မူလပင်လယ်နယ်ပယ် ဘုရင် သုံးပါး နဲ့ အလယ်အလတ် အဆင့် မူလပင်လယ် နယ်ပယ် ဘုရင် နှစ်ပါးပါပဲ။
အဲသည်ထက် ပိုဆိုးတာက အဲသည် အလယ်အလတ် အဆင့် မူလပင်လယ် ဘုရင်နှစ်ပါးရဲ့ ကျင့်ကြံမှုဟာ အဆင့်၄ နဲ့ အဆင့်၅ မဟုတ်ဘဲ အဆင့်၆ ဖြစ်နေပါသေးတယ်။
တိုက်ပွဲ စတဲ့ အချိန်မှာ ဆိုရင်တော့ ရှန်ကောင်းယုက သူ့ရဲ့ လွှမ်းမိုးနိုင်စွမ်း ကြီးမားလှတဲ့ ခွန်အားတွေနဲ့ အဆင့်မြင့် မူလပင်လယ် နယ်ပယ် ဘုရင်သုံးပါးကို ဖိနှိပ်ထားပါတယ်။
တခြားတစ်ဖက်မှာတော့ လီဖူချန်းက အလယ်အလတ် အဆင့် မူလပင်လယ် နယ်ပယ် ဘုရင် နှစ်ပါးကို တာဝန် ယူထားရပါတယ်။
ဒါပေမဲ့လည်း အလယ်အလတ် အဆင့် မူလပင်လယ် နယ်ပယ် ဘုရင် နှစ်ပါးကို ရင်ဆိုင်ရတာက လီဖူချန်းအတွက် ပြသနာ မဟုတ်ပါဘူး။
သူရင်ဆိုင်နေရတဲ့ အလယ်အလတ် အဆင့် မူလပင်လယ် နယ်ပယ် ဘုရင် နှစ်ပါးဟာ ကောင်းကင်အဆင့် သိုင်းပညာတွေကို လေ့ကျင့်ထားတယ် ဆိုပေမယ့်လည်း ကျွမ်းကျင်မှု အပိုင်းမှာ ဆိုရင်တော့ အတော်လေးကို လိုအပ်နေသေးတယ်လို့ ဆိုရပါမယ်။
အဲသည်အတွက် တိုက်ပွဲစပြီး သိပ်မကြာခင်မှာပဲ လီဖူချန်းက လိပ်ပြာ အသိစိတ်အာရုံ တိုက်ခိုက်မှု နှစ်ခုကို ထုတ်သုံးပြီး ရန်သူနှစ်ယောက်ကို တုံ့ဆိုင်းစေကာ မိုးနဲ့မြေကို သုတ်သင်ခြင်း ဓားကွက်နဲ့ သတ်ဖြတ် ပစ်လိုက်ပါတယ်။
ရွှမ်း……ရွှမ်း……
အကာအကွယ် ချပ်ဝတ်တန်စာတွေနဲ့ ကင်းလွတ်နေတဲ့ ဦးခေါင်း နှစ်လုံးဟာ လေထုထဲမှာ လွင့်မျောသွားခဲ့ပါပြီ။
" ဘယ်…… ဘယ်လို ဖြစ်တာလဲ "
ရှန်ကောင်းယုနဲ့ တိုက်ခိုက်နေတဲ့ အဆင့်မြင့် မူလပင်လယ် နယ်ပယ် ဘုရင် သုံးပါးထဲက တစ်ပါးဟာ လီဖူချန်းရဲ့ သတ်ဖြတ်မှုကို သတိပြုမိ လိုက်ပါတယ်။ သူ့ရဲ့ မျက်ဝန်းထဲမှာကတော့ မယုံကြည်နိုင်မှုတွေ အပြည့်ပါပဲ။
သွေးအရိပ် အသင်းက အလယ်အလတ် အဆင့် မူလပင်လယ် နယ်ပယ် ဘုရင်တွေဟာ တန်ခိုးစွမ်းအား အရာမှာ အဆင့်မြင့် မူလပင်လယ် နယ်ပယ် ဘုရင်တွေနဲ့ ကွာခြားကောင်း ကွာခြားပါမယ်။ ဒါပေမဲ့ သူတို့တွေက ကောင်းကင်အဆင့် သိုင်းပညာတွေကို လေ့ကျင့် တတ်မြောက်ထားတဲ့ အတွက် အလွယ်တကူတော့ အသတ် မခံရနိုင်ပါဘူး။
ဒါပေမဲ့လည်း လီဖူချန်းလို အဆင့်နိမ့် မူလပင်လယ် နယ်ပယ် ဘုရင် တစ်ပါးက သူတို့ သွေးအရိပ် အသင်းရဲ့ အလယ်အလတ် အဆင့် မူလပင်လယ် နယ်ပယ် ဘုရင် နှစ်ပါးကို တစ်ခဏ အတွင်းမှာပဲ သတ်ဖြန် ပစ်လိုက်ပါတယ်။ ဒါက ဘယ်လိုမှကို မယုံနိုင်စရာ ကောင်းတဲ့ အဖြစ်အပျက်ပါပဲ။
တကယ်လို့သာ သူ့အနေနဲ့ သည်ကိစ္စကို ကိုယ်တိုင်ကိုယ်ကျ မြင်ခဲ့တာ မဟုတ်ဘူး ဆိုရင်တော့ ဘယ်လိုမှကို ယုံနိုင်မှာ မဟုတ်ပါဘူး။
အခြား တစ်ဖက်မှာတော့ ရှန်ကောင်းယုဟာ တဖြည်းဖြည်းနဲ့ အောက်စည်းကို ရောက်လာခဲ့ပါပြီ။ သူက အင်မတန် အစွမ်းထက်တာ မှန်ပေမယ့်လည်း သူ့ရဲ့ ပြိုင်ဘက် ဘုရင် သုံးပါးဟာ သာမန် အဆင့်မြင့် ဘုရင်တွေ မဟုတ်ပါဘူး။သူတို့ထဲက အစွမ်း အထက်ဆုံး လူဟာ ဆိုရင် အဆင့်မြင့် အကြို- ဧကရာဇ်တွေနဲ့တောင် ယှဉ်နိုင်တဲ့ အစွမ်း ရှိနေပါတယ်။
တကယ်လို့သာ ရှန်ကောင်းယု အနေနဲ့ ခန္ဓာကိုယ် အပြင်အားကို ကျင့်ကြံထားတဲ့ ဘုရင် မဟုတ်ဘူး ဆိုရင်တော့ အစောကြီးကတည်းကနေ သေနေလောက်မှာ အသေအချာပါပဲ။
" ရှန်ကောင်းယု…… သည်အတိုင်း ဆက်သွားနေမယ် ဆိုရင် လွယ်မှာ မဟုတ်ဘူး။ သူတို့ထဲက အားအနည်းဆုံး ဘုရင်ကို အရင်ဆုံး သတ်ရအောင် "
လီဖူချန်းက လိပ်ပြာ အသိစိတ်အာရုံနဲ့ ရှန်ကောင်းယုကို လှမ်းဆက်သွယ်လိုက်ပါတယ်။
" အေး "
ရှန်ကောင်းယုကလည်း မငြင်းပါဘူး။ သူက အစောကြီးကတည်းကနေ လီဖူချန်းရဲ့ လိပ်ပြာ အသိစိတ် အာရုံ တိုက်ခိုက်မှုဟာ အတော်လေး အစွမ်းထက်မယ် ဆိုတာကို ရိပ်မိပြီးသားပါပဲ။ သူက လက်တွေ့ မမြင်ရသေးတာပဲ ရှိတာပါ။
" မကောင်းတော့ဘူး "
တိုက်ပွဲက အရှိန် တက်နေစဉ်မှာပဲ အဆင့်မြင့် မူလပင်လယ် နယ်ပယ် ဘုရင် သုံးပါးထဲက အားအနည်းဆုံး ဘုရင်ဟာ သူ့ရဲ့ ခေါင်းထဲက နာကျင်မှုကြောင့် ခေတ္တခဏ တုံ့ဆိုင်း သွားခဲ့ပါတယ်။
အဲဒါက တကယ်ကို အချိန် ခေတ္တခဏလေးသာ ဖြစ်ပေမယ့်လည်း ရှန်ကောင်းယုအတွက်ကတော့ လုံလောက်တာထက်ကို ပိုနေခဲ့ပါပြီ။
ဘန်း……
ရှန်းကောင်းယုရဲ့ လက်ဝါးရိုက်ချက်ကတော့ ဘယ်သောအခါကမှ ရန်သူကို သနားငဲ့ညာခြင်း အလျင်း မရှိပါဘူး။ သူ့ရဲ့ လက်ဝါးရိုက်ချက်က အားအနည်းဆုံး မူလပင်လယ် နယ်ပယ် ဘုရင်ကို မျက်စိရှေ့အောက်မှာတင်ပဲ သွေးမှုန်၊ သွေးစတွေ ဘဝ ကူးပြောင်းသွားစေပါတယ်။
" ခွေးမသား "
အဆင့်မြင့် အကြို- ဧကရာဇ် တန်ခိုးအစွမ်းမျိုး ရှိတဲ့ မျက်နှာဖုံးနက်ဟာ ဒေါသ အကြီးအကျယ် ထွက်သွားခဲ့ပုံပါပဲ။ တစ်ဆက်တည်းမှာပဲ သူက ဘေးနားမှာ ရှိတဲ့ မျက်နှာဖုံးနက်ကို လှမ်းပြောလိုက်ပါတယ်။
" ဟေ့ကောင်…… ငါသည်ခွေးမသားကို တာဝန်ယူလိုက်မယ်။ မင်းက ဟိုကလေးကို အမြန်သွားပြီး သတ်လိုက် "
***