ဂါထာ၊မန္တရား သိုင်းဧကရာဇ်
Vol. 44 Ch. 600
လီဖူချန်းက မျက်နှာဖုံးနက်ရဲ့ ပြိုင်ဘက် မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သည်မျက်နှာဖုံးနက်က အလယ်အလတ်အဆင့် အကြို-ဧကရာဇ် တစ်ပါးနဲ့ ညီမျှနေလို့ပါပဲ။
လီဖူချန်းအနေနဲ့ ပုံရိပ်ယောင် ပညာရပ် နဲ့ လိပ်ပြာ အသိစိတ်အာရုံ တိုက်ခိုက်မှုကို ထုတ်သုံးရင်လည်း အဲဒါက ဘာအကူအညီ ကြီးကြီးမားမားမှ ရမှာ မဟုတ်ပါဘူး။
ရှန်ကောင်းယုကလည်း လီဖူချန်းရဲ့ အခြေအနေကို ရိပ်မိပြီးသားပါပဲ။ အဲသည်အတွက် သူက သူ့ရဲ့ ချီဝိညာဉ်ကို ချက်ချင်း ထုတ်လိုက်ပါတယ်။
ရှန်ကောင်းယုရဲ့ ချီဝိညာဉ်ဟာ အတော်လေး ထူးဆန်းတယ်လို့ ဆိုရပါမယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူ့ရဲ့ ချီဝိညာဉ်က ကျင့်စဉ် ဒါမှမဟုတ် သိုင်းပညာကနေ ထွက်ပေါ်လာတဲ့ ချီဝိညာဉ်မျိုးနဲ့ မတူဘဲ သူ့ရဲ့ ကိုယ်ပိုင် ချီဝိညာဉ်နဲ့ တူနေလို့ပါပဲ။
သည်ချီဝိညာဉ်က တိကျတဲ့ ပုံသဏ္ဌာန်တော့ မရှိပါဘူး။ ဒါပေမဲ့လည်း အလွန်အမင်း သိပ်သည်းတယ် ဆိုတာကိုတော့ ခံစားသိနိုင်ပါတယ်။
လီဖူချန်းက ရှန်ကောင်းယုရဲ့ ချီဝိညာဉ်ကို ကြည့်နေရင်းနဲ့ တစ်စုံတစ်ခုကို ကောင်းကောင်းကြီး သဘောပေါက်လိုက်မိပါတယ်။
အဲဒါကတော့ သူ့ရဲ့ နဂါးဝိညာဉ်ဟာ အဆပေါင်းများစွာ အားကောင်းလာခဲ့ရင်တောင်မှ ရှန်ကောင်းယုရဲ့ ချီဝိညာဉ်ကို မယှဉ်နိုင်ဘူး ဆိုတာပါပဲ။
" ဒါ… ဒါက…… ဘယ်လို ချီဝိညာဉ်မျိုးလဲ "
ရှန်းကောင်းယုရဲ့ ချီဝိညာဉ် လွှမ်းခြုံမှုကို ခံလိုက်ရတဲ့ မျက်နှာဖုံးနက်ဟာ လက်လေး တစ်ချက်တောင် လှုပ်လို့ မရတော့ပါဘူး။
" သွေးမျိုးဆက် ချီဝိညာဉ်ပါလား။ မင်း……မင်းရဲ့ ဇစ်မြစ် အစစ်အမှန်က ဘယ်ကလဲ "
အဆင့်မြင့် အကြို-ဧကရာဇ် အစွမ်းရှိတဲ့ မျက်နှာဖုံးနက်ရဲ့ မျက်လုံးတွေကတော့ ပေါက်ထွက်လုမတတ် ပြူးကျယ်နေခဲ့ပါပြီ။
ခန္ဓာကိုယ် အပြင်အား အရိုးတည်ဆောက်ပုံတွေက လူတစ်ယောက်ကို မယုံနိုင်လောက်အောင် အားကြီးတဲ့ မွေးရာပါ ခွန်အားမျိုးကို ပိုင်ဆိုင်စေပါတယ်။ ဒါပေမဲ့ ခန္ဓာကိုယ် အပြင်အား သွေးမျိုးဆက်ကတော့ အဲသည်လို မဟုတ်ပါဘူး။ သူက လူတစ်ယောက်ကို ကြောက်မက်ဖွယ် ကောင်းလွန်းတဲ့ ချီဝိညာဉ်မျိုးကို ပိုင်ဆိုင်စေတာပါ။
ခန္ဓာကိုယ် အပြင်အား လောကမှာတော့ အဲသည်အရာ နှစ်မျိုးစလုံး ပိုင်ဆိုင်ထားသူတွေကို မျိုးဆက် တစ်ခုမှာ အစွမ်းအထက်ဆုံး ပါရမီရှင်အဖြစ် သိကြပါတယ်။
" ဒါက ငါ့အတွက် မဟာအခွင့်အရေးပဲ "
အတန်ကြာတဲ့ အချိန်မှာတော့ အဆင့်မြင့် အကြို-ဧကရာဇ် အစွမ်းရှိတဲ့ မျက်နှာဖုံးနက်ရဲ့ မျက်လုံးတွေဟာ အရောင်တောက်လာခဲ့ပါတယ် ။သည်လို အခွင့်အရေးမျိုး ဆိုတာက ရဖို့ လွယ်တာ မဟုတ်ပါဘူး။ တကယ်လို့သာ သူ့အနေနဲ့ သည်လူကို သွေးဧကရာဇ်ဆီ ဆက်သနိုင်မယ် ဆိုရင်တော့ သွေးဧကရာဇ်က သူ့ကို ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ်ရောက်အောင် ကူညီပေးမှာ အသေအချာပါပဲ။
တခြားလူတွေကတော့ သွေးဧကရာဇ်ရဲ့ အကြောင်းကို သိချင်မှ သိပါမယ်။ ဒါပေမဲ့ သူကတော့ သွေးဧကရာဇ်ရဲ့ အကြောင်းကို ကောင်းကောင်းကြီး သိပါတယ်။ သွေးဧကရာဇ် အနေနဲ့ ခန္ဓာကိုယ် အပြင်အား ကျင့်ကြံသူတွေရဲ့ သွေးအဆီအနှစ်ကို စုပ်ယူပြီး ကျင့်ကြံတယ် ဆိုတာက အပေါ်ယံပါပဲ ။ တကယ်တမ်းမှာက သွေးဧကရာဇ်ဟာ ခန္ဓာကိုယ် အပြင်အား ကျင့်ကြံသူတွေရဲ့ သွေးအဆီအနှစ်ထဲမှာ ပါတဲ့ စိတ်ဝိညာဉ်အားကို စုပ်ယူပြီး ကျင့်ကြံတာပါ။
ခန္ဓာကိုယ် အပြင်အား ခန္ဓာကိုယ် နဲ့ ခန္ဓာကိုယ် အပြင်အား သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသူရဲ့ သွေးအဆီအနှစ် ထဲမှာ ဆိုရင်တော့ စိတ်ဝိညာဉ်အားတွေဟာ ပိုပြီးတော့တောင် ကြွယ်ဝမယ်ဆိုတာ သံသယ ဝင်နေစရာ မလိုပါဘူး။ ဒါကြောင့်လည်း သူက ဒါဟာ သူ့အတွက် မဟာ အခွင့်အရေးကြီး တစ်ရပ်လို့ ရှုမြင်လိုက်တာ ဖြစ်ပါတယ်။
( TL note : သွေးမျိုးဆက်ကို လက်ဆင့်ကမ်းဖို့ ဆိုတာ ဘိုးဘေးတွေထဲက တစ်ယောက်ဟာ သူတော်စင် နယ်ပယ်ကို ရောက်ခဲ့ဖူးမှ ရမှာပါ။ အဲသည်အတွက် ရှန်ကောင်းယုရဲ့ ဘိုးဘေးတွေထဲက တစ်ယောက်ဟာ သူတော်စင် တစ်ပါး ဖြစ်လောက်ပါတယ်။)
" ယား"
ဝမ်းခေါင်းသံကြီးနဲ့ အားရပါးရ ဟစ်ကြွေးပြီးတဲ့ နောက်မှာတော့ အဆင့်မြင့် အကြို-ဧကရာဇ် အစွမ်းရှိတဲ့ မျက်နှာဖုံးနက်ဟာ သူ့ရဲ့ ဓားကွက်ကို ထုတ်ဖော်လိုက်ပါတော့တယ်။
ရွှီး……ရွှီး……ရွှီး……ရွှီး……
အဲသည်နောက်မှာတော့ ဓားမုန်တိုင်းကြီး တစ်စင်းဟာ မျက်နှာဖုံးနက်ရဲ့ ဓားချက်ကနေ ရုတ်တရက် ပေါ်ထွက်လာပြီး ရှန်ကောင်းယုကို လွှမ်းခြုံသွားခဲ့ပါပြီ။
" သွားစမ်း "
ဒါပေမဲ့လည်း ရှန်ကောင်းယုက အေးအေးဆေးဆေးပါပဲ။ သူက ဘယ်ဘက်လက်ကို လက်ဝါး ပုံသဏ္ဌန် ပြောင်းကာ ဓားမုန်တိုင်းကို ခုခံလိုက်ပြီး ညာဘက်လက်ကို ဓားတစ်စင်း အသွင် ပြောင်းကာ အလယ်အလတ် အကြို-ဧကရာဇ် အဆင့်ရှိတဲ့ မျက်နှာဖုံးနက်ကို ခုတ်ချလိုက်ပါတယ်။
ရွှီး.……
သနားစရာ မျက်နှာဖုံးနက်ဟာ အော်ချိန်လေးတောင် မရလိုက်ပါဘူး။ ရှန်ကောင်းယုရဲ့ လက်ဝါးစောင်း ခုတ်ချက်က သူ့ရဲ့ ချပ်ဝတ်တန်ဆာကို နှစ်ခြမ်း ကွဲထွက်သွားစေရုံမက လူကိုယ်လည်း နှစ်ခြမ်း ကွဲထွက်သွားစေပါတယ်။
ဘန်း……
အခြား တစ်ဖက်မှာတော့ ရှန်ကောင်းယုဟာ အဆင့်မြင့် အကြို-ဧကရာဇ် အစွမ်းရှိတဲ့ မျက်နှာဖုံးနက်ကို လျစ်လျူရှုလိုက်တဲ့ ဒဏ်ကို ကောင်းကောင်းကြီး ခံစားလိုက်ရပါပြီ။
ဘာဖြစ်လို့လဲဆိုတော သူ့ရဲ့ လက်ဝါးရိုက်ချက်က ဓားမုန်တိုင်းကြီးကို တားဆီးဖို့ မလုံလောက်ခဲ့လို့ပါပဲ။
" တွေ့ကြသေးတာပေါ့ကွာ "
" ယား "
ဓားမုန်တိုင်းကြီးက ပြင်းထန်တာ မှန်ပေမယ့်လည်း ခန္ဓာကိုယ်ကို အပြင်းအထန် လေ့ကျင့်ထားတဲ့ ရှန်ကောင်းယုကိုတော့ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရအောင် စွမ်းဆောင်နိုင်ခြင်း မရှိပါဘူး။ သူက နှုတ်ခမ်းထောင့်ကနေ စီးကျနေတဲ့ သွေးတွေကို လက်ခုံနဲ့ ခက်ကြမ်းကြမ်း သုတ်ပစ်လိုက်ပြီး တစ်ဖက် ရန်သူဆီကို တိုးဝင်သွားခဲ့ပါတယ်။
အဆင့်မြင့် အကြို-ဧကရာဇ် အစွမ်းရှိတဲ့ မျက်နှာဖုံးနက်ဟာ ရှန်ကောင်းယုရဲ့ တိုက်ခိုက်မှုကို ထိပ်တိုက် ရင်ဆိုင်ဝံ့ မရှိပါဘူး။ ခန္ဓာကိုယ် အပြင်အား အကြိုပြီးပြည့်စုံခြင်း ဘုရင် ဖြစ်ရုံသာမက ခန္ဓာကိုယ် အပြင်အား မျိုးဆက်သွေးကိုပါ ဆက်ခံထားတဲ့ ကျင့်ကြံသူ တစ်ယောက်ရဲ့ တိုက်ခိုက်မှုကို ထိပ်တိုက် ရင်ဆိုင်တယ် ဆိုတာက ရူးမိုက်တဲ့ အပြုအမူပါပဲ။
"ဖမ်းစမ်း "
အဲသည်အတွက် မျက်နှာဖုံးနက်က သွေးရောင် စက်လုံး တစ်ခုကို ရှန်ကောင်းယုဆီ လှမ်းပစ်လိုက်ပါတယ်။
ဟူး……ဟူး……ဟူး……
သွေးရောင် ပိုက်ကွန် တစ်ခုဟာ လေထုထဲမှာ ပွင့်လာပြီး ရှန်ကောင်းယုကို အုပ်မိုးသွားခဲ့ပါပြီ။ တစ်ချိန်တည်းမှာပဲ ချီစက်ကွင်းနဲ့ တူညီတဲ့ ချီဝိညာဉ် တစ်ခုဟာ သွေးရောင်ပိုက်ကွန်ဆီကနေပြီး ထွက်ပေါ်လာခဲ့ ပါသေးတယ်။
အကြို- ကောင်းကင်အဆင့် မှော်ဝင်ရတနာ ပစ္စည်း။
ဟုတ်ပါတယ်။ မျက်နှာဖုံးနက် ပစ်လွှတ်လိုက်တဲ့ သွေးရောက် စက်လုံးကြီးဟာ အကြို- ကောင်းကင်အဆင့် မှော်ဝင်ရတနာ ပစ္စည်းပါပဲ။ အဲဒါက တခြား မျက်နှာဖုံးနက်တွေ သုံးတဲ့ သွေးအရိပ် ပိုက်ကွန်တွေထက်ကို တစ်ဆင့် ပိုမြင့်ပါတယ်။
တကယ်လို့သာ သည်ပိုက်ကွန်က သာမန် သွေးအရိပ် ပိုက်ကွန်ဆိုရင်တော့ ရှန်ကောင်းယု အနေနဲ့ အေးအေးဆေးဆေး ရှောင်တိမ်းနိုင်မှာ အသေအချာပါပဲ။ ဒါပေမဲ့လည်း အခု ပိုက်ကွန်ဟာ သာမန် သွေးအရိပ် ပိုက်ကွန်တွေထက်ကို ပိုကြီးနေရုံမက ချီစက်ကွင်းလည်း ပါဝင်နေတဲ့အတွက် ရှန်ကောင်းယုအနေနဲ့ အချိန်မီ ရှောင်တိမ်းဖို့ မဖြစ်နိုင်တော့ပါဘူး။
" မိုးနဲ့မြေကို သုတ်သင်ခြင်း "
တကယ့် သေရေးရှင်ရေး အခိုက်အတန့်မှာတော့ လီဖူချန်းက သူ့ရဲ့ ကောင်းကင်အဆင့် ဓားကွက်ကို ထုတ်ပြီး ရှန်ကောင်းယုအတွက် အချိန် ပိုရအောင် အချိန်ဆွဲပေးလိုက်ပါတယ်။
ရှန်ကောင်းယုကလည်း လူနုံ၊လူအ တစ်ယောက် မဟုတ်ပါဘူး။ သူက လီဖူချန်း ဆွဲထားပေးတဲ့ အချိန်ကို မိမိရရ အသုံးချပြီး သွေးအရိပ် ပိုက်ကွန်အောက်ကနေ ရှောင်ထွက်သွားခဲ့ပါတယ်။
" တောက် …… နောက်ထပ် ခွေးမသား တစ်ကောင် "
အဆင့်မြင့် အကြို-ဧကရာဇ် အစွမ်းရှိတဲ့ မျက်နှာဖုံးနက်ရဲ့ ဒေါသတွေဟာ လီဖူချန်းအပေါ်ကို ပြောင်းသွားခဲ့ပုံပါပဲ။ သူက ဒေါသတကြီးနဲ့ လီဖူချန်းကို လှမ်းပြီး ခုတ်လိုက်ပါတယ်။
ဒါက သာမန် ဓားချက်ကလေးသာ ဖြစ်ပေမယ့်လည်း သူ့ရဲ့ မူလပင်လယ်နယ်ပယ် အဆင့်၉ဆိုတဲ့ ကျင့်ကြံမှုက အလကား မဟုတ်ပါဘူး။ သည်ဓားချက်က လီဖူချန်းအတွက် တကယ့်ကို သေမင်းငင်သံပါပဲ။
" ကောင်းကင် စက်ကွင်း ဓားအကာအကွယ် "
အခြေအနေ မဟန်မှန်းသိတဲ့ လီဖူချန်းကတော့ ရှောင်တိမ်းဖို့ ကြိုးစားမနေတော့ပါဘူး။ သူက ဓားအကာအကွယ် တစ်ခုကို ဖန်တီးလိုက်ပြီး မျက်နှာဖုံးနက်ရဲ့ ဓားချက်ကို ခုခံလိုက်ပါတယ်။
ဘန်း……
ဝုန်း…………
တိုက်စစ် နဲ့ ခံစစ် မမျှတတဲ့ အခြေအနေမှာတော့ ဓားအကာအကွယ်ဟာ ပွင့်ထွက်သွားခဲ့သလို လီဖူချန်းဟာလည်း အတော်ဝေးဝေးအထိ လွင့်ထွက်သွားခဲ့ပါတယ်။ ဒါပေမဲ့ သူက သွေးတစ်လုတ် အန်ရုံကလွဲပြီး တခြား ဒဏ်ရာ ဘာကြီးကြီးမားမားမှ မရခဲ့ပါဘူး။
" သည်မျက်နှာဖုံးနက်က ဒါကြောင့်လည်း အဆင့်မြင့် အကြိုဧကရာဇ် ဖြစ်နေတာကိုး "
လီဖူချန်းက စိတ်ထဲကနေ ကျိတ်ပြီး ရေရွတ်လိုက်ပါတယ်။ အဲသည်နောက်မှာတော့ သူဟာ ရန်သူကို တိုက်ခိုက်ခွင့် မပေးဝံ့တော့ပါဘူး။
သူက အစောပိုင်းက လွင့်ထွက်သွားတာကို အခွင့်ကောင်း ရယူပြီး နောက်ထပ် တော်တော်ဝေးဝေးအထိ ထပ်ဆုတ်ကာ မျက်နှာဖုံးနက်ကို လိပ်ပြာ အသိစိတ်အာရုံနဲ့ ဆက်တိုက် တိုက်ခိုက်ပါတော့တယ်။
" ဟင်…… လိပ်ပြာ အသိစိတ်အာရုံ တိုက်ခိုက်မှု "
အဆင့်မြင့် အကြို-ဧကရာဇ် ဖြစ်သူ မျက်နှာဖုံးနက်ရဲ့ မျက်လုံးတွေဟာ လေးနက် တည်ကြည်သွားခဲ့ပါပြီ။ တစ်ချိန်တည်းမှာပဲ သူက သူ့ရဲ့ လိပ်ပြာ အသိစိတ် အာရုံ ခုခံမှုကို အသက်သွင်းထားလိုက်ပါတယ်။ ဒါပေမဲ့လည်း သူ့ရဲ့ ပြင်ဆင်မှုဟာ မလုံလောက်ခဲ့ပါဘူး။
လီဖူချန်းရဲ့ လိပ်ပြာ အသိစိတ် အာရုံ တိုက်ခိုက်မှုက သူ့ရဲ့ ခုခံမှုကို အသာတကြည် ကျော်ဖြတ်သွားပြီး အစစ်အမှန် စိတ်ဝိညာဉ်ကို တုန်ခါသွားစေခဲ့ပါတယ်။
အဲသည်အတွက် သူဟာ တိုက်ပွဲအပေါ်မှာ အာရုံ အပြည့်အဝ မစူးစိုက်နိုင်တော့ပါဘူး။
" ရစ်ခွေပတ်လိမ် မြွေနဂါး "
အဲသည်အချိန်မှာပဲ ရှန်ကောင်းယုက သူ့ရဲ့ အနက်ရောင် မြွေနဂါး ချီစွမ်းအားနဲ့ မျက်နှာဖုံးနက်ကို ရိုက်လာခဲ့ပါတယ်။
မျက်နှာဖုံးက ရှန်ကောင်းယုရဲ့ လက်ဝါးရိုက်ချက်ကိုတော့ ပေါ့ပေါ့တန်တန် သဘော မထားဝံ့ပါဘူး။ အဲသည်အတွက် သူက လီဖူချန်းကို သတ်ဖို့ လက်လျော့လိုက်ပြီး ရှန်ကောင်းယုနဲ့ အနီးကပ် တိုက်ပွဲ ဆင်နွှဲပါတော့တယ်။
အဲသည်အချိန်မှာပဲ သူ့ရဲ့ လိပ်ပြာ အသိစိတ်အာရုံကို မိုင်တစ်သောင်း ပတ်လည်အထိ ဖြန့်ကြက်ထားတဲ့ လီဖူချန်းဟာ နောက်ထပ် မျက်နှာဖုံးဝတ်တွေကို အာရုံ ခံလိုက်မိပါတယ်။
အဲသည်နောက်မှာတော့ သူက ရှန်ကောင်းယုကို လိပ်ပြာ အသိစိတ်အာရုံနဲ့ အလျင်အမြန် ဆက်သွယ်လိုက်ပြီး လှမ်းပြောလိုက်ပါတယ်။
" ရှန်ကောင်းယု …… သူ့ကို အမြန် ပွဲသိမ်းလိုက်တော့။ ငါမင်းကို အခွင့်အရေး ဖန်တီးပေးမယ် "
ပြောပြီးတာနဲ့ တစ်ပြိုင်နက် လီဖူချန်းဟာ မျက်နှာဖုံးနက်ကို လိပ်ပြာ အသိစိတ်အာရုံ တိုက်ခိုက်မှုအပြင် ပုံရိပ်ယောင် တိုက်ခိုက်မှုကိုပါ ရောပြီး တိုက်ခိုက်ပါတော့တယ်။
" ခွေးမသား "
အဆင့်မြင့် အကြို-ဧကရာဇ်ဖြစ်တဲ့ မျက်နှာဖုံးနက်ဟာ လီဖူချန်းရဲ့ နှောင့်ယှက်မှုကြောင့် ရှန်ကောင်းယုကို လက်ရည်တူ မယှဉ်ပြိုင်နိုင်တော့ပါဘူး။ လီဖူချန်းရဲ့ လိပ်ပြာ အသိစိတ်အာရုံ တိုက်ခိုက်မှု နဲ့ ပုံရိပ်ယောင် တိုက်ခိုက်မှုက သူ့ကို အသက်အန္တရာယ် မပေးနိုင်ပေမယ့်လည်း တခြားတစ်ဖက်မှာတော့ သူ့ရဲ့ တိုက်ခိုက်မှုတွေကို အတော်လေး အနှောင့်အယှက် ပေးနေပါတယ်။
သည်အတိုင်း ဆက်သွားနေမယ် ဆိုရင်တော့ သူဟာ ရှန်းကောင်းယုရဲ့ လက်ချက်ကြောင့် အသက် ပျောက်ရတော့မှာ အသေအချာပါပဲ။
" မဖြစ်ဘူး။ ငါစိတ်လျော့လိုက်လို့ မရသေးဘူး။ ငါနောက်ထပ် အချိန် နည်းနည်း တောင့်ခံထားနိုင်ရင် ရပြီ "
မျက်နှာဖုံးနက်ဟာ အတော်လေး စိတ်ဓာတ်ကျနေပြီ ဖြစ်ပေမယ့်လည်း အားတင်းထားနေဆဲပါပဲ။
" ကြယ်ကြွေ "
အဲသည်အချိန်မှာပဲ ကြယ်တစ်စင်း ကြွေကျလာတဲ့အလား လျင်မြန်လွန်းလှတဲ့ ဓားအလင်းတန်း တစ်ခုဟာ မျက်နှာဖုံးနက်ရဲ့ အနောက်ကနေပြီး ထွက်ပေါ်လာခဲ့ပါတယ်။
အဲသည် ဓားအလင်းတန်းရဲ့ ပိုင်ရှင်ကတော့ လီဖူချန်းကလွဲပြီး တခြားသူ ဖြစ်စရာ အကြောင်းမရှိပါဘူး။
လီဖူချန်းရဲ့ ကြယ်ကြွေ ဓားကွက်ဟာ အလွန်အမင်း လျင်မြန်လွန်းလှတဲ့အတွက် လေဟာနယ် ဟင်းလင်းပြင်ကိုတောင်မှ တုန်ခါသွားစေသလိုပါပဲ။ ပြီးတော့ သည်ဓားကွက်မှာက ဟင်းလင်းပြင်တာအို ဥပဒေ မပါဝင်ပေမယ့်လည်း အဲဒါက ဟင်းလင်းပြင် တာအို သက်ရောက်မှုနဲ့ ဆင်တူတဲ့ သက်ရောက်မှုမျိုးကို ဖြစ်ပေါ်စေပါသေးတယ်။
ပိုပြီး အသေးစိတ်ကျကျ ပြောရမယ် ဆိုရင်တော့ လီဖူချန်းရဲ့ ကြယ်ကြွေဓားကွက်ဟာ အချိန်စီးဆင်းမှုကိုတောင်မှ သက်ရောက်စေနိုင်စွမ်း ရှိနေခဲ့ပြီလို့ ဆိုရပါမယ်။
အချိန်ဆိုတာက သူ့ကို ချိတ်ဆက်ဖို့အတွက် နည်းလမ်းပေါင်းစုံ ရှိပြီး လျင်မြန်မှု နဲ့ တန်ခိုးစွမ်းအား ကလည်း အဲသည် နည်းလမ်းတွေထဲမှာ အပါအဝင်ပါပဲ။
လီဖူချန်းရဲ့ ကြယ်ပျံဓားသိုင်းဟာ အစောကြီးကတည်းကနေ တစ်ဖက်ကမ်းခပ် တတ်မြောက်ခြင်း အဆင့်ကို ရောက်ရှိနေခဲ့တာပါ။ အဲသည်အတွက် ဓားကွက်ရဲ့ စွမ်းအားဟာ မိုးနဲ့မြေကို သုတ်သင်ခြင်းထက်ကို ပိုအစွမ်းထက်ပါသေးတယ်။ ပြီးတော့ ဓားကွက်ရဲ့ သတ်ဖြတ်နိုင်မှု အပိုင်းမှာ ဆိုရင်လည်း ကြယ်ကြွေဟာ မိုးနဲ့မြေကို သုတ်သင်ခြင်းထက်ကို အားမနည်းပါဘူး။
ရွှမ်း……
အဆင့်မြင့် အကြို-ဧကရာဇ်ဖြစ်တဲ့ မျက်နှာဖုံးနက်ရဲ့ ချီအကာကွယ်ဟာ ထိုးဖောက်ခြင်း ခံလိုက်ရသလို သူ့ရဲ့ ခန္ဓာကိုယ်မှာလည်း သွေးစွန်းနေတဲ့ အပေါက်တစ်ခု ဖြစ်ပေါ်လာခဲ့ပါပြီ။
သည်အပေါက်က သေစေနိုင်လောက်တဲ့ ဓားဒဏ်ရာ မဟုတ်ပေမယ့်လည်း အဲဒါက မျက်နှာဖုံးနက်ရဲ့ ချီတွေကို အထိန်းအကွပ် မရှိ ဖြစ်စေပါတယ်။
" သဏ္ဌာန်ငါးမျိုး လက်သီး ဧကရာဇ်ရဲ့ မျောက်ဝံလက်သီး "
အဲသည်တစ်ချိန်မှာပဲ ရှန်ကောင်းယုဟာ သူ့ရဲ့ ချီအပြင်အားတွေကို စုစည်းလိုက်ပြီး လက်သီးတစ်ချက်ကို ထုတ်လိုက်ပါတယ်။ဒါက သူ့ရဲ့ ဝှက်ဖဲပါပဲ။သူက သည်လက်သီးချက်ကို လူမြင်ကွင်းမှာ တစ်ခါမှ မထုတ်သုံးဖူးသေးပါဘူး။
လက်သီးချက် ထွက်ပေါ်လာတာနဲ့ တစ်ပြိုင်နက် ရှေးကျလွန်းတဲ့ အရှိန်အဝါတွေကို ပိုင်ဆိုင်ထားတဲ့ မျောက်ဝံရိပ်ကြီး တစ်ခုဟာ ရှန်ကောင်းယုရဲ့ အနောက်မှာ ပေါ်ထွက်လာခဲ့ပါတယ်။ အဲသည်မျောက်ဝံကြီးရဲ့ ပုံက ရှေးဟောင်းခေတ်ဦး အချိန်တစ်ခုကနေ ထွက်ပေါ်လာတာနဲ့ ဆင်တူပြီး မရဏ တရားရဲ့ အငွေ့အသက်တွေ အပြည့်ပါပဲ။
ကောင်းကင်အဆင့် ခန္ဓာကိုယ် အပြင်အား လက်သီးသိုင်း ……
တကယ့် သေရေးရှင်ရေး အခိုက်အတန့်မှာတော့ ရှန်ကောင်းယုဟာ သူ့ရဲ့ ဝှက်ဖဲကို မသုံးမဖြစ် ထုတ်သုံးလာခဲ့ရပါပြီ။
ဒါပေမဲ့ သည်လက်သီးချက်ကို ထုတ်သုံးဖို့အတွက် သူပြန်ပေးရမယ့် အဖိုးအခကလည်း မနည်းပါဘူး။
ကောင်းကင်အဆင့် ခန္ဓာကိုယ် အပြင်အား သိုင်းတစ်ခုကို ထုတ်သုံးဖို့ ဆိုတာက ချီအပြင်အား တော်တော် ကုန်ခန်းတဲ့ အရာပါပဲ။ အဲသည်အတွက် အခုလောလောဆယ်မှာတော့ ရှန်ကောင်းယုဟာ လက်သီးသိုင်းကွက် နှစ်ကွက်ကိုပဲ သုံးနိုင်ပါတယ်။ သူက လက်သီးချက် နှစ်ချက် ထုတ်ပြီးတာနဲ့ တစ်ပြိုင်နက် မတ်တပ်ရပ်ဖို့တောင် အားကျန်မှာ မဟုတ်ပါဘူး။အဲလို ဖြစ်သွားရင်တော့ သူဟာ ရန်သူကို လည်စင်းပေးလိုက်တာနဲ့ အတူတူပါပဲ။
ဒါကြောင့်လည်း သူက သည်လက်သီးချက်ကို သေရေးရှင်ရေး အခိုက်အတန့်တွေကလွဲပြီး တော်ရုံတန်ရုံ အချိန်တွေမှာ မထုတ်သုံးတာပါ။
" ပြီးသွားပြီ။ ဒါက ပွဲသိမ်းတိုက်ကွက်ပဲ "
လီဖူချန်းက ရှန်ကောင်းယုအနေနဲ့ ကောင်းကင်အဆင့် ခန္ဓာကိုယ် အပြင်အား သိုင်းပညာကို လေ့ကျင့်ထားမယ်လို့ လုံးဝ ထင်မထားမိတာ အမှန်ပါပဲ။
သူက ကောင်းကင်အဆင့် ခန္ဓာကိုယ် အပြင်အား သိုင်းပညာရပ် တစ်ခုရဲ့ အစွမ်းကိုတော့ သေသေချာချာ မသိပါဘူး။ ဒါပေမဲ့လည်း သူက ကောင်းကင်အဆင့် ခန္ဓာကိုယ် အပြင်အား သိုင်းပညာရပ် တစ်ခုဟာ ကောင်းကင်အဆင့် ချီအတွင်းအား သိုင်းပညာရပ် တစ်ခုထက် အများကြီး ပိုအစွမ်း ထက်တယ်ဆိုတာကိုတော့ ကောင်းကောင်းကြီး သိပါတယ်။
ရှန်ကောင်းယုက ကောင်းကင်အဆင့် ခန္ဓာကိုယ် အပြင်အား သိုင်းပညာကို လေ့ကျင့်တတ်မြောက်ထားတယ် ဆိုမှတော့ တစ်ဖက်ရန်သူဟာ ဘာမှ တတ်နိုင်စရာ အကြောင်း မရှိတော့ပါဘူး။ ဒါက ပွဲသိမ်းရမယ့် အချိန်ပါပဲ။
ဘန်း……
မျောက်ဝံကြီးရဲ့ လက်သီးချက်က လေဟာနယ်ကို တုန်ခါသွားစေခဲ့ပြီး မျက်နှာဖုံးနက်ပေါ်ကို ကျရောက်သွားခဲ့ပါပြီ။
ဝုန်း……
အဲသည်နောက်မှာတော့ မျက်နှာဖုံးနက်ရဲ့ ခန္ဓာကိုယ် တစ်ခြမ်းဟာ ပေါက်ကွဲထွက်သွားပါတော့တယ်။
" မိုးနဲ့မြေကို သုတ်သင်ခြင်း "
သံဆိုတာက ပူနေတဲ့ အချိန်မှာ ထုတာ အကောင်းဆုံးပါပဲ။
အဲသည်အတွက် လီဖူချန်းက အခွင့်အရေးကို လုံးဝ လက်လွှတ်မခံပါဘူး။
မိုးနဲ့မြေကို သုတ်သင်ခြင်းဟာ လေဟာနယ် ဟင်းလင်းပြင်ထဲမှာ နစ်မြုပ်ဝင်သွားပြီး ပြန်ပေါ်လာတဲ့ အချိန်မှာတော့ မျက်နှာဖုံးနက်ကို နှစ်ပိုင်း ပြတ်ထွက်သွားစေခဲ့ပါပြီ။
"မင်းတို့နှစ်ယောက်ကို သံသရာ ဆုံးတဲ့အထိ မကျေဘူးဟေ့ "
မျက်နှာဖုံးနက်ဟာ လီဖူချန်းတို့ နှစ်ယောက်ကို ဘယ်လိုမှ အခဲမကျေနိုင်တဲ့ ပုံပါပဲ။ သူက သေအံ့မူးမူး အချိန်မှာတောင်မှ လီဖူချန်းတို့ နှစ်ယောက်ကို ကြိမ်းဝါးသွားခဲ့ပါသေးတယ်။
" ပြေးကြစို့ "
အဲသည်အချိန်မှာတော့ လီဖူချန်းတို့ နှစ်ယောက်ဟာ မျက်နှာဖုံးနက်ရဲ့ သိုလှောင်အိတ်ကို ယူပြီး တစ်ချိုးတည်း လစ်ပြေးသွားခဲ့ကြပါပြီ။
***
" ဘယ်……ဘယ်လို ဖြစ်တာလဲ။ လက်ထောက် အဖွဲ့ခေါင်းဆောင်တောင်မှ သတ်ခံလိုက်ရတာလား။ မဟုတ်မှလွဲရော ပစ်မှတ်က အထွတ်အထိပ်အဆင့် အကြို-ဧကရာဇ် ဖြစ်နေတာလား "
လီဖူချန်းတို့ ထွက်သွားပြီး အချိန်အနည်းငယ် အကြာမှာတော့ စစ်ကူ မျက်ဖုံးစွပ် တစ်ဖွဲ့ဟာ အစောပိုင်းက တိုက်ပွဲ ဖြစ်ရာ နေရာကို ရောက်လာခဲ့ကြပါတယ်။
သူက ဖြစ်သွားတဲ့ အဖြစ်အပျက်တွေကို လုံးဝ မယုံနိုင်သေးပါဘူး။
သွေးအရိပ် အသင်းမှာက အဖွဲ့ခွဲပေါင်း ၁၈ဖွဲ့ရှိပြီး တစ်ဖွဲ့ချင်းစီရဲ့ ခေါင်းဆောင်တွေဟာ အထွတ်အထိပ် အဆင့် အကြို-ဧကရာဇ်တွေ ဖြစ်ကြပါတယ်။ ပြီးတော့ လက်ထောက် အဖွဲ့ခေါင်းဆောင်တွေ ဆိုတာကလည်း အဆင့်မြင့် အကြို-ဧကရာဇ်တွေချည်းပါပဲ။
အဲသည်အတွက် သူတို့ရဲ့ အမြင်မှာတော့ တစ်ဖက်ရန်သူဟာ အထွတ်အထိပ်အဆင့် အကြို-ဧကရာဇ် မဟုတ်ဘဲ သူတို့ရဲ့ လက်ထောက် အဖွဲ့ခေါင်းဆောင်ကို သတ်နိုင်စရာ အကြောင်း မရှိပါဘူး။
***
သူတို့ လုပ်နိုင်တာ မှန်သမျှကို လုပ်ပြီးတဲ့ နောက်မှာတော့ လီဖူချန်းတို့ နှစ်ယောက်ဟာ နဂါးမြစ်ဝှမ်း ပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ နဂါးနက် မြို့ကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့ကြပါပြီ။
အဲသည်နောက်မှာတော့ သူတို့က အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး သိန်းချီသုံးပြီး ကောင်းကင်အလင်း ပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ တိမ်အလင်း မြို့တော်ကို တည်နေရာ ရွှေ့ပြောင်း သွားကြပါတော့တယ်။
တိမ်အလင်း မြို့တော်ကို ရောက်တဲ့အခါမှာလည်း သူတို့နှစ်ယောက်ဟာ စိတိမအေးနိုင်ကြသေးပါဘူး။အဲသည်အတွက် သူတို့က တိမ်အလင်း မြို့တော်ကနေ ချက်ချင်း ထွက်ပြီး မိုင်ပေါင်း နှစ်သောင်းလောက် အကွာမှာ ရှိတဲ့ တောင်တစ်လုံးဆီကို ဆက်လက် ခရီး နှင်ကြပြန်ပါတယ်။
သည်တောင်က ခမ်းနားထည်ဝါမှု အပိုင်းမှာတော့ သိပ်ပြီး မရှိလှပါဘူး။ ဒါပေမဲ့လည်း အလွန်အမင်း မတ်စောက်လွန်းလှပါတယ်။ အဝေးကနေ ကြည့်မယ်ဆိုရင် သည်တောင်ဟာ ဓားတစ်စင်း ထောင်မတ် ထားသလိုပါပဲ။
"လီဖူချန်း…… သည်တောင်ကို ဂါထာ၊မန္တရား တောင်လို့ ခေါ်တယ်။ သူက ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်ထဲမှာ ရှိတဲ့ အံ့ဖွယ် တောင်တွေထဲက တစ်တောင်ပဲ။ သည်တောင်ထဲမှာက ထူးဆန်းတဲ့ တာအို ဥပဒေသတွေ ခိုဝင်ကိန်းအောင်းနေပြီး ငါ့ရဲ့ ဦးလေးက သည်တောင်မှာ အခြေချ နေထိုင်တယ်။ သူ့ကိုတော့ ဂါထာ၊မန္တရား သိုင်းဧကရာဇ်လို့ အများက ခေါ်ကြတယ်။ သူက ကျိန်စာ အပိုင်းမှာ တကယ် ဆရာတစ်ဆူပဲ။ တကယ်လို့ သူတောင်မှ မင်းရဲ့ ကျိန်စာ အမှတ်အသားကို မဖျက်ပေးနိုင်ဘူးဆိုရင် သည်ဧကရာဇ် ကုန်းမြေတိုက်ကြီးပေါ်မှာ ရှိတဲ့ ဘယ်သူကမှ မင်းကို ကူညီပေးနိုင်တော့မှာ မဟုတ်ဘူး "
ရှန်ကောင်းယုက တောင်နဲ့ ပက်သက်ပြီး လီဖူချန်းကို ရှင်းပြပါတယ်။
" ဟုတ်လား "
လီဖူချန်းရဲ့ မျက်လုံး အစုံကတော့ မြင့်တက်သွားခဲ့ပါပြီ။
သူက ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်ကြီးမှာ ရှိတဲ့ အံ့ဖွယ် တောင်တွေ အကြောင်းကို ကောင်းကောင်းကြီး ကြားဖူးပြီးသားပါပဲ။အံ့ဖွယ် တောင်တွေက ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်ကြီး တစ်ခုလုံးမှာတောင်မှ တစ်ရာ မပြည့်ပါဘူူး။ ပြီးတော့ သူတို့တွေ အားလုံးကို ဧကရာဇ် အဆင့် အဖွဲ့အစည်းတွေ ဒါမှမဟုတ် ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် ဧကရာဇ်တွေက ပိုင်ဆိုင်ပါတယ်။
ပြီးတော့ လီဖူချန်းအနေနဲ့ ရှန်ကောင်းယုရဲ့ ဦးလေးဟာ ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် ဧကရာဇ် တစ်ပါး ဖြစ်နေလိမ့်မယ်လို့ လုံးဝ မထင်ထားမိတာ အမှန်ပါပဲ။
ဒါပေမဲ့လည်း သေသေချာချာ စဉ်းစားကြည့်လိုက်တဲ့ အခါမှာတော့ သူဟာ မအံ့သြတော့ပါဘူူး။ ရှန်ကောင်းယုက မြေကမ္ဘာ အထွတ်အထိပ် အဆင့် ခန္ဓာကိုယ် အပြင်အား ကျင့်စဉ်နဲ့ ကောင်းကင် အဆင့် ခန္ဓာကိုယ် အပြင်အား သိုင်းပညာကိုတောင် တတ်မြောက်ထားမှတော့ သူ့ရဲ့ နောက်ခံဟာ ဘယ်လိုလုပ်ပြီး သေးငယ်လိမ့်ပါမလဲ။
' ဂါထာ၊မန္တရား သိုင်းဧကရာဇ်။ ဆိုတော့ သူက ရန်သူတွေကို ဂါထာ၊မန္တရားတွေနဲ့ပဲ သတ်ပစ်နိုင်တာလား '
လီဖူချန်းက စိတ်ထဲကနေ တွေးလိုက်မိပါတယ်။
သူ့အနေနဲ့ အခုအချိန်မှာ ရှန်ကောင်းယုထက် ပိုပြီး စိတ်ဝင်စားတာကတော့ ဂါထာ၊မန္တရား သိုင်းဧကရာဇ်ကိုပါပဲ။
ရှန်ကောင်းယုက သူ့ရဲ့ စကားကို ထပ်ဆက်ပါတယ်။
" ငါ့ရဲ့ ဦးလေးဖြစ်တဲ့ ဂါထာ၊မန္တရား သိုင်းဧကရာဇ်က အဆင့်နိမ့် ဧကရာဇ် တစ်ပါးပဲ။ဒါပေမဲ့ သည်ဂါထာ၊မန္တရား တောင်ပေါ်မှာ ဆိုရင်တော့ ကြီးမြတ်တဲ့ ဧကရာဇ်တွေတောင်မှ သူ့ကို သတ်ဖို့ အစွမ်း မရှိဘူး။ဘာဖြစ်လို့လဲ ဆိုတော့ သည်တောင်က သူ့ရဲ့ မှော်ဝင်ရတနာ ပစ္စည်း ဖြစ်နေလို့ပဲ။ သည်တောင်က သူ့ရဲ့ ဂါထာ၊မန္တရား အစွမ်းတွေကို မြှင့်တင်ပေးနိုင်တယ် "
သိပ်မကြာခင်မှာတော့ သူတို့နှစ်ယောက်ဟာ ဂါထာ၊မန္တရားတောင်ခြေကို ဆိုက်ရောက်လာခဲ့ပြီ။
" ဥုံ……မဏိ ပဒ္ဒမေဟုံ "
ရှန်ကောင်းယုက ဂါထာတစ်ပုဒ်ကို ရွတ်ဆိုလိုက်တဲ့ အခါမှာတော့ ကြီးမားလှတဲ့ မုဂ်ဝကြီး တစ်ခုဟာ ဂါထာ၊မန္တရား တောင်ခြေရဲ့ လေထုထဲမှာ ဖြစ်တည်လာခဲ့ပါတယ်။
လီဖူချန်းကတော့ အဲသည်မုဂ်ဝရဲ့ နောက်ဘက်က တောတောင် အလှအပတွေကိုပါ မြင်နေခဲ့ပါပြီ။
" သွားကြမယ် "
ရှန်ကောင်းယုက လီဖူချန်းကို ဦးဆောင်ပြီး မုဂ်ဝကို ကျော်ဖြတ်သွားပါတယ်။
မုဂ်ဝကို ကျော်ဖြတ်ပြီးသွားတဲ့ နောက်မှာတော့ လီဖူချန်းက အနောက်ကို တစ်ချက် လှည့်ကြည့်လိုက်ပါသေးတယ်။ဒါပေမဲ့လည်း မုဂ်ဝက ဘယ်အချိန်ကတည်းကနေ ဘယ်လို ပျောက်သွားမှန်း မသိပါဘူး။
ကြည့်ရတာတော့ သူတို့နှစ်ယောက် ကျော်ဖြတ်ပြီးသွားတာနဲ့ တစ်ပြိုင်နက် မုဂ်ဝကြီးကလည်း ပျောက်ကွယ်သွားတဲ့ ပုံပါပဲ။
အဲသည် အချိန်မှာပဲ လီဖူချန်းရဲ့ အတွေးကို ခံစားမိတဲ့ ရှန်ကောင်းယုက
" ဂါထာ၊မန္တရား သိုင်းဧကရာဇ်က ငါ့ရဲ့ စိတ်ဝိညာဉ်ကို ခံစားနိုင်တဲ့ ဝင်္ကပါ အစီအရင် တစ်ခုကို တောင်ခြေမှာ ခင်းကျင်းထားတယ်လေ ။ ပြီးတော့ သည်မုဂ်ဝက ငါကိုယ်တိုင် 'ဥုံ……မဏိ ပဒ္ဒမေဟုံ ' လို့ ပြောမှ ပေါ်လာတာ။ တကယ်လို့ တခြားလူတွေ ပြောမယ် ဆိုရင်တော့ မုဂ်ဝက ပေါ်လာမှာ မဟုတ်ဘူး "
" အင်း "
လီဖူချန်းက ခေါင်းညိတ်လိုက်ပါတယ်။
သာမန် ဝင်္ကပါ အစီအရင်တွေဟာ အတော်လေး အံ့သြစရာပါပဲ ။ ဒါပေမဲ့လည်း ဂါထာ၊မန္တရား ဝင်္ကပါ အစီအရင်တွေကတော့ ပိုပြီးတောင် အံ့သြစရာ ကောင်းနေပါတယ်။
တောင်တက်လမ်း တစ်လျှောက်မှာတော့ လီဖူချန်းဟာ ထူးဆန်းတဲ့ သက်ရှိ တော်တော်များများကို မြင်တွေ့ခဲ့ရ ပါသေးတယ်။ အဲဒါတွေကတော့ ဂမုန်းလူသားတွေ၊ ကျောက်တုံးလူသားတွေ နဲ့ လေထုအဆီအနှစ်ကနေ ဖြစ်တည်လာတဲ့ သက်ရှိတွေပါပဲ။သူတို့တွေက အမြစ်ပိုင်းမှာ ခြေထောက်တစ်စုံ ရှိနေပြီး တောင်တက်လမ်း တစ်လျှောက်မှာ ပြေးလွှား ဆော့ကစား နေကြပါတယ်။
ရှန်ကောင်းယုက လီဖူချန်းဘက်ကို လှည့်လိုက်ပြီး ရှင်းပြပြန်ပါတယ်။
" ဂါထာ၊မန္တရား တောင်က မှော်စွမ်းအားတွေနဲ့ ပြည့်နှက်နေတဲ့ နေရာတစ်ခုပဲ။ ဒါကြောင့် အသက်မရှိတဲ့ အရာတွေတောင်မှပဲ အသက် ဝင်လာကြတာ။ ဒါပေမဲ့ သူတို့က ဂါထာ၊မန္တရားတောင်ကို စွန့်ခွာတာနဲ့ ပြန်ပြီး အသက်မဲ့သွားလိမ့်မယ် "
***