← Chapters

သွေးအရိုးခေါင်း ကျိန်စာ

Vol. 44 Ch. 601

သွေးအရိုးခေါင်း ကျိန်စာ

Vol. 44 Ch. 601

လီဖူချန်းတို့ နှစ်ယောက် တောင်ထိပ်နားကို ရောက်ခါနီးလေးမှာတော့ အံ့သြစရာ အဖြစ်အပျက် တစ်ခုနဲ့ ကြုံရပြန်ပါတယ်။ အဲဒါကတော့ ဒါဇင်နဲ့ ချီတဲ့ ကျောက်တုံးလေးတွေဟာ အသက်ဝင်လာပြီး လူတစ်ယောက်အသွင် ပြောင်းသွားတာပါပဲ။

အဲသည် ကျောက်တုံးလူသားက ရှန်ကောင်းယုကို မြင်လိုက်တာနဲ့ တန်းပြီး စနောက်လိုက်ပါတယ်။

" အရှုပ်မလေး ရှောင်ယု …… ဘယ်ကနေ ဘယ်လိုဖြစ်ပြီး တောင်ပေါ်ကို ရောက်လာရတာလဲ။ ပြောစမ်း ……သည်တစ်ခေါက် ငါ့ကို ဘာအပူကပ်မယ်လို့ နင်စဉ်းစားလာတာလဲ "

" အရှုပ်မလေး ရှောင်ယု…… ဟုတ်လား "

လီဖူချန်းကတော့ ရှန်ကောင်းယုကို အကြောင်သားနဲ့ ငေးကြည့်နေမိပါတယ်။

တကယ်လို့သာ ရှန်ကောင်းယုက ယောကျာ်း ဟန်ဆောင်ထားတဲ့ မိန်းကလေးသာ ဆိုရင် သူ့ရဲ့ ထိပ်တန်း လိပ်ပြာ အသိစိတ်အာရုံက သေချာပေါက် သတိပြုမိမှာပါပဲ။ ဒါပေမဲ့လည်း လီဖူချန်းက ရှန်ကောင်းယုဆီကနေပြီး ဘာမသင်္ကာ ဖြစ်စရာ အချက်တစ်ခုမှ မတွေ့မိပါဘူူး။

အဲသည်အချိန်မှာပဲ ရှန်ကောင်းယုက ဒေါသ ထွက်နေတဲ့ လေသံနဲ့ ခြေထောက်ကို ဆောင့်လိုက်ပြီး ကျောက်တုံးလူသားကို လှမ်းပြောလိုက်ပါတယ်။

" ဦးလေးဖန် …… သမီးရဲ့ ဘဝမှန်ကို မဖော်ထုတ်ပါနဲ့လို့ ဦးလေးကို သမီး ခဏခဏ မပြောထားဘူးလား "

ကျောက်တုံးလူသားက ရယ်လိုက်ပြီး

" ဟားဟား …… ဟုတ်သားပဲ။ တောင်းပန်ပါတယ်။ ဦးလေးက အသက်ကြီးပြီဆိုတော့ မေ့တတ်လို့ပါ"

" ဟွန့် …… ဦးလေးဖန်က တမင်သက်သက် လုပ်တာ သိသားပဲ "

စကားဆုံးတာနဲ့ တစ်ပြိုင်နက် ရှန်ကောင်းယုဟာ  ခန္ဓာကိုယ်ကို တစ်ပတ် လှည့်လိုက်ပါတော့တယ်။

အဲသည်နောက်မှာတော့ ကျက်သရေ ရှိလှပြီး ရဲရင့် ထက်မြက်ဟန်ရှိတဲ့ မိန်းမချောလေး တစ်ယောက်ဟာ လီဖူချန်းရဲ့ ရှေ့မှောက်မှာ ပေါ်လာခဲ့ပါပြီ။ ပြီးတော့ အဲသည် မိန်းမချောလေးရဲ့ အလှအပဟာ လီဖူချန်း မြင်ခဲ့ဖူးတဲ့ မိန်းမချောလေးတွေထက် ဘယ်နေရာမှာမှ နိမ့်ကျ မနေပါဘူး။

" စိတ်မရှိပါနဲ့ လီဖူချန်း…… ငါက နင့်ကို တမင်သက်သက် ဖုံးကွယ်ထားတာ မဟုတ်ပါဘူး။ နင် စိတ်မဆိုးဘူးဆိုရင် ငါ့ကိုယ်ငါ တစ်ကြိမ်ထပ်ပြီး မိတ်ဆက်ပေးပါ့မယ်။ ငါက ရှန်ကောင်းယုပါ "

( TL note : အစောပိုင်းက ရှန်ကောင်းယုရဲ့ ယုက  တရုတ်လို 玉 ဖြစ်ပြီး ကျောက်စိမ်းကို ဆိုလိုတာပါ။ အခု ရှန်ကောင်းယုရဲ့ ယုကတော့ တရုတ်လို 瑜ဖြစ်ပြီး ကျောက်မျက်ရတနာတွေရဲ့ ဆွဲဆောင်မှုကို ဆိုလိုတာပါ။)

လီဖူချန်းက တစ်ချက်ပြုံးလိုက်ပြီး ပြန်ပြောလိုက်ပါတယ်။

" ရပါတယ်။ ဒါက အရေးမကြီးပါဘူး "

သည်လိုနဲ့ပဲ လီဖူချန်းတို့ နှစ်ယောက်ဟာ တောင်ထိပ်ပေါ်ကို ရောက်ရှိလာခဲ့ပါပြီ။

ဂါထာ၊မန္တရားတောင်ရဲ့ ထိပ်မှာတော့ နန်းတော် တစ်ခု ရှိနေပြီး နန်းတော်ရဲ့ ဘေး ရေကန်တစ်ခု အနားမှာတော့ နန်းဆောင် တစ်ခု ရှိနေပါတယ်။ အဲသည် နန်းဆောင်ထဲမှာတော့ လူလတ်ပိုင်းအရွယ် လူကြီးတစ်ယောက်က လက်ဖက်ရည်ကြမ်း သောက်နေရင်းနဲ့ အခန့်သား ထိုင်နေပါတယ်။အဲသည် လူကြီးကတော့ ဂါထာ၊မန္တရား သိုင်းဧကရာဇ်ပါပဲ။

" ရှောင်ယု…… သည်ဘက်ကို လာခဲ့ "

လူလတ်ပိုင်း အရွယ် လူကြီးက ရှန်ကောင်းယုကို မြင်တာနဲ့ တစ်ပြိုင်နက် လှမ်းပြီး ခေါ်လိုက်ပါတယ်။

ရှန်ကောင်းယုကလည်း မငြင်းဝံ့ပါဘူး။ သူမက အကူအညီ လိုတဲ့အတွက် သည်တောင်ပေါ်ကို ရောက်လာခဲ့တာ မဟုတ်ပါလား။

အဲသည်အတွက် သူမက လီဖူချန်းကို ခေါ်ပြီး လူလတ်ပိုင်းအရွယ် လူကြီး ရှိရာဆီကို သွားလိုက်ပါတယ်။

လီဖူချန်းက ဂါထာ၊မန္တတရား သိုင်းဧကရာဇ်ကို မြင်လိုက်ရတဲ့ အခါမှာတော့ အတော်လေးကို အံ့သြသွားမိပါပြီ။ ဂါထာ၊မန္တရား သိုင်းဧကရာဇ်က ဘယ်လိုပဲ ကြည့်ကြည့် သိုင်းဧကရာဇ် တစ်ပါးနဲ့ မတူပါဘူး။ သူက လုံးဝ သာမန် လူလတ်ပိုင်းအရွယ် လူကြီး တစ်ယောက်လိုပါပဲ။

" ထိုင်ကြ "

ဂါထာ၊မန္တရား သိုင်းဧကရာဇ်က ပျူငှာစွာနဲ့ ပြောလာခဲ့ပါတယ်။

" ဟုတ်ကဲ့ "

ရှန်ကောင်းယု နဲ့ လီဖူချန်းတို့ကလည်း ထိုင်လိုက်ကြပါတယ်။ သူတို့ ထိုင်လိုက်တာနဲ့ တစ်ပြိုင်နက် ကျောက်စားပွဲပေါ်မှာ  ရှိနေတဲ့ လက်ဖက်ရည်ကြမ်း အိုးဟာ ခြေထောက်နှစ်ချောင်း နဲ့ လက်နှစ်ချောင်း ပေါက်လာပြီး သူတို့ကို လက်ဖက်ရည်ကြမ်း ငှဲ့ပေးလာခဲ့ပါတယ်။ ဒါက ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ မဟုတ်ရင် ဘယ်လိုမှ ယုံနိုင်စရာ မကောင်းတဲ့ အဖြစ်အပျက်ပါပဲ။

အဲသည်နောက်မှာတော့ ဂါထာ၊မန္တရား သိုင်းဧကရာဇ်က လီဖူချန်းကို ကြည့်ကာ မျက်မှောင် တစ်ချက် ကြုတ်လိုက်ပါတယ်။ ပြီးမှ သူက ရှန်ကောင်းယုဘက်ကို လှည့်လိုက်ပြီး

" အရှုပ်မလေး ရှောင်ယု ……နင့်ရဲ့ မိတ်ဆွေက ကျိန်စာတိုက်တာ ခံထားရတာပဲ။ နင်က သူရဲ့ ကျိန်စာကို ဖျက်ပေးစေချင်လို့ ငါ့ဆီ လာခဲ့တာ မဟုတ်လား "

" ဟုတ်ပါတယ် …… ဦးလေးဖန် "

ရှန်ကောင်းယုက မျက်နှာငယ်လေးနဲ့ ဝန်ခံလိုက်ပါတယ်။ သူမ အနေနဲ့ သည်ကိစ္စနဲ့ ပက်သက်ပြီး ဘာမှ မဝန်ခံရဲစရာ အကြောင်း မရှိပါဘူး။

ဂါထာ၊မန္တရား သိုင်းဧကရာဇ်က သက်ပြင်း တစ်ချက် ချလိုက်ပြီး

" ကျိန်စာတိုက်တယ် ဆိုတာက ဂါထာ၊မန္တရား လမ်းစဉ်မှာ အယုတ်ညံ့ဆုံး အလုပ်ပဲ။ ပြီးတော့ ကျင့်ကြံရတာ အခက်ခဲဆုံးလည်း ဖြစ်တယ်။ ငါက သာမန် ကျိန်စာတွေကို ဆိုရင်တော့ ဖျက်ပေးနိုင်ဖို့ ယုံကြည်ချက် အပြည့်ရှိတယ်။ ဒါပေမဲ့ အထူးသီးသန့် လုပ်ထားတဲ့ ကျိန်စာတွေဆိုရင်တော့ ငါလည်း ဆယ်ရာခိုင်နှုန်းထက် ပိုပြီး ယုံကြည်ချက် မရှိဘူး။ ဒါပေမဲ့ ငါ နင့်ရဲ့ မိတ်ဆွေ မိထားတဲ့ ကျိန်စာကို အရင် ကြည့်ပါဦးမယ် "

စကားပြောနေရင်းမှာပဲ ရှေးဟောင်း အငွေ့အသက်တွေ ပြည့်နှက်နေတဲ့ ဂါထာ တစ်ပုဒ်ဟာ ဂါထာ၊မန္တရား သိုင်းဧကရာဇ်ရဲ့ နဖူးကနေ ထွက်ပေါ်လာပြီး လီဖူချန်းကို လွှမ်းခြုံသွားခဲ့ပါတယ်။

အသက်ရှုချိန် အနည်းငယ် အကြာမှာတော့ အဲသည်ဂါထာဟာ ပြန်လည် ပျောက်ကွယ်သွားခဲ့ပါပြီ။ ပြီးမှ ဂါထာ၊မန္တရား သိုင်းဧကရာဇ်က လေသံ တိုးတိုးနဲ့ လှမ်းမေးလိုက်ပါတယ်။

" အဲဒါက သွေးကျိန်စာပဲ။ မင်းတို့နှစ်ယောက်က သွေးဧကရာဇ်ကို ရန်စခဲ့တာလား "

ရှန်ကောင်းယုနဲ့ လီဖူချန်းဟာ သွေးဧကရာဇ်နဲ့ ပက်သက်လာတာကို ရိပ်မိလိုက်တဲ့ နောက်မှာတော့ ဂါထာ၊မန္တရား သိုင်းဧကရာဇ်ရဲ့ မျက်နှာဟာ အစကလို သိပ်ပြီး မရွှင်ပျတော့ပါဘူး။

သူ့ရဲ့ တူမဟာ တကယ်ကို  အကြောက်တရား ကင်းမဲ့ပြီး အထိန်းအကွပ် လွတ်နေတာ အသိသာကြီးပါပဲ။သူမက သွေးအရိပ် အသင်းကိုတောင် သွားပြီး ပြသနာ ရှာရဲနေပါတယ်။

သွေးအရိပ် အသင်းဆိုတာက သူအပါအဝင် တခြားသော ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် ဧကရာဇ်တွေ စုပေါင်း တိုက်ခိုက်ခဲ့တာတောင်မှ ဘာမှ တတ်နိုင်ခဲ့တာ မဟုတ်ပါဘူး။

အမှန်အတိုင်း ပြောရမယ် ဆိုရင်တော့ သွေးအရိပ် အသင်းရဲ့ လက်ထောက် အဓိကခေါင်းဆောင် သွေးဧကရာဇ်ဟာ သာမန် ဧကရာဇ် တစ်ပါးပါပဲ။ သူက တခြားသော ဧကရာဇ်တွေထက် ဘာမှ ထူးပြီး အစွမ်းထက်နေတာမျိုး မရှိပါဘူး။ ဒါပေမဲ့လည်း သူ့ရဲ့ သွေးကျိန်စာကတော့ အားလုံး လက်ဖျားခါရလောက်အောင် အစွမ်း ထက်တယ်လို့ ဆိုရပါမယ်။

တစ်ခါကဆိုရင် အဆင့်နိမ့် ဧကရာဇ် တစ်ပါးဟာ သွေးဧကရာဇ်ရဲ့ သွေးကျိန်စာ  မိသွားခဲ့ပြီး အဲသည်ကျိန်စာကို ဖျက်ဖို့အတွက် သူဟာ  နှစ်ပေါင်း နှစ်ဆယ်လောက် အချိန်ယူခဲ့ရပါသေးတယ်။

ဂါထာ၊မန္တရား သိုင်းဧကရာဇ်ရဲ့ ဖြစ်ပျက်သွားတဲ့ မျက်နှာကို ကြည့်ပြီး ရှန်ကောင်းယုကလည်း မပျော်နိုင်တော့ပါဘူး။

" ဦးလေးဖန် …… ဒါက သမီးတို့ အပြစ် မဟုတ်ဘူး။ သွေးအရိပ် အသင်းက မိစ္ဆာကောင်တွေက ခန္ဓာကိုယ် အပြင်အား ဘုရင်တွေကို လိုက်ပြီး ဖမ်းနေတာလေ။ ပြီးတော့ ဦးလေးတို့က ဧကရာဇ်တွေဖြစ်ပြီး သူတု့ိကို ဘာမှ မလုပ်ဘဲ သည်အတိုင်း ထိုင်ကြည့်နေကြတာကိုး "

ဂါထာ၊မန္တတရား သိုင်းဧကရာဇ်က ခေါင်းခါလိုက်ပြီး ရှန်ကောင်းယုကို ရှင်းပြပါတယ်။

" ရှောင်ယု…… ဦးလေးတို့က သူတို့ကို တမင် ဘာမှမလုပ်ဘဲ ထိုင်ကြည့်နေတာ မဟုတ်ဘူး။ ဦးလေးတို့က အချိန်ကို စောင့်နေကြတာ။ အခုလက်ရှိ သည်ကုန်းမြေ တိုက်ကြီးမှာက သွေးအရိပ် အသင်းကို အံတုရဲတာဆိုလို့ အဓိက ဧကရာဇ် အဖွဲ့အစည်း ခုနစ်ခုက လွဲပြီး တခြား အဖွဲ့အစည်း မရှိဘူး။ သမီးက ဧကရာဇ် အဆင့် အောက်လမ်း အဖွဲ့အစည်း တစ်ခုကို ဖျက်ဆီးဖို့ အရမ်း လွယ်တယ်လို့ ထင်နေတာလား "

စကားဆုံးတဲ့ နောက်မှာတော့ ဂါထာ၊မန္တရား သိုင်းဧကရာဇ်က လီဖူချန်းကို ကြည့်လိုက်ပြီး

" ကောင်လေး …… ငါ့အနေနဲ့ သွေးကျိန်စာ အကြောင်းကို လေ့လာဖို့ အချိန် လိုအပ်တယ်။ သည်အတောအတွင်းမှာ မင်းအနေနဲ့ သည်တောင်မှာ နေပေးလို့ ရမလား "

ဂါထာ၊မန္တရား သိုင်းဧကရာဇ်က လီဖူချန်းရဲ့ အခက်အခဲ မသိဘဲ မနေပါဘူး။ တကယ်လို့သာ သူ့အနေနဲ့ လီဖူချန်းကို ဂါထာ၊မန္တရား တောင်ကနေ ပြန်လွှတ်လိုက်မယ် ဆိုရင် လီဖူချန်းဟာ သွေးဧကရာဇ်ရဲ့ လက်ထဲကို သေချာပေါက် ရောက်သွားမှာ အသေအချာပါပဲ။ ဒါကြောင့်လည်း သူက လီဖူချန်းကို သည်ဂါထာ၊မန္တရား တောင်ပေါ်မှာ နေဖို့ ပြောလိုက်တာပါ။

ပြီးတော့ သွေးကျိန်စာကို လေ့လာတာကလည်း သူ့ရဲ့ ကျင့်ကြံမှုအတွက် အကျိုးရှိစေနိုင်တာ မဟုတ်ပါလား။

လီဖူချန်းကလည်း လူပါး၊လူနပ် တစ်ယောက် ဖြစ်တဲ့အတွက်ဂါထာ၊မန္တရား သိုင်းဧကရာဇ်ရဲ့ ဆိုလိုရင်းကို တန်းပြီး သဘောပေါက်ပါတယ်။ ဒါပေမဲ့ သူက သူ့ရဲ့ အပူကို တခြားသူကို မလွှဲပေးချင်ပါဘူး။

" ကျေးဇူးတင်ပါတယ် ……ဂါထာ၊မန္တရား သိုင်းဧကရာဇ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ ခန္ဓာကိုယ်ပေါ်မှာက သွေးအရိုးခေါင်း အမှတ်အသား ရှိနေတဲ့အတွက် သွေးအရိပ် အသင်းက သည်ကို လိုက်လာပါလိမ့်မယ်။ သူတို့က ကျွန်တော့်ကို သည်အတိုင်း ခပ်လွယ်လွယ် လွတ်ပေးမှာ မဟုတ်ပါဘူး။ ဒါကြောင့် ကျွန်တော်က ဧကရာဇ်ရဲ့ ဖိတ်ခေါ်မှုကို စိတ်မကောင်းစွာနဲ့ ငြင်းပယ် ပါရစေ "

"ဟား……ဟား……ဟား "

လီဖူချန်းရဲ့ စကားကို ကြားအပြီးမှာတော့ ဂါထာ၊မန္တရား သိုင်းဧကရာဇ်ဟာ ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပါတယ်။ ပြီးမှ သူက ဂုဏ်ယူဝံ့ကြွားစွာနဲ့

" ကောင်လေး…… မင်းသည်နေရာကို ဘာလို့ ထင်နေတာလဲ။ ဒါက ဂါထာ၊မန္တ္တရားတောင်ပဲ။ သွေးအရိပ် အသင်း မပြောနဲ့။ ကြီးမြတ်လွန်းလှပါတယ် ဆိုတဲ့ မဟာဧကရာဇ်တွေတောင်မှ သည်တောင်ပေါ်မှာ ငါ့ကို ပြသနာ လာမရှာရဲဘူးကွ။ အပိုတွေ ပြောမနေနဲ့တော့။ ငါ သွေးကျိန်စာကို လေ့လာလို့ မပြီးမချင်း မင်းအနေနဲ့ သည်တောင်ပေါ်မှာ နေရမယ် "

ဂါထာ၊မန္တတရားတောင်နဲ့ ပက်သက်လာရင်တော့ ဂါထာ၊မန္တရား သိုင်းဧကရာဇ်ဟာ အတော်လေး ယုံကြည်ချက် ရှိတဲ့ပုံပါပဲ။

တစ်ဖက်လူက အဆုံးစွန်အထိ ပြောလာမှတော့ လီဖူချန်းကလည်း ငြင်းမနေတော့ပါဘူး။

" ဒါဆိုရင်လည်း ကျွန်တော်က ဆရာကြီးကိုပဲ ဒုက္ခ ပေးရပါတော့မယ် "

" ရတယ်။ ဒါက ငါ့အတွက် ဘာမှ မဟုတ်ဘူး "

ဂါထာ၊မန္တရား သိုင်းဧကရာဇ်က ခပ်ပြုံးပြုံးနဲ့ ပြန်ပြောလာပါတယ်။

' ဟူး…… နောက်ဆုံးတော့ ငါ့အနေနဲ့ အသက်ဝဝ ရှူလို့ ရပြီပဲ '

ဂါထာ၊မန္တတရား သိုင်းဧကရာဇ်ရဲ့ အာမခံမှုကို ရအပြီးမှာတော့  လီဖူချန်းဟာ ကျိတ်ပြီး သက်ပြင်း တစ်ချက် ချလိုက်မိပါတယ်။ သူက သည်ရက်တွေမှာ အမြဲလိုလို အကြောက်တရားတွေနဲ့ နေခဲ့ရတာ မဟုတ်ပါလား။

ဒါပေမဲ့လည်း နောက်ဆုံးမှာတော့ သူဟာ လုံခြုံဖို့အတွက် အာမခံချက် အပြည့်အဝ ပေးနိုင်တဲ့ နေရာတစ်ခုမှာ ခေတ္တခဏ နားခိုခွင့် ရသွားခဲ့ပါပြီ။

***

သည်နေရာကတော့ အလွန်ကြီးမားလှတဲ့ မြေအောက် နန်းတော်ကြီး တစ်ခု ဖြစ်ပြီး ခိုင်ခံ့လှတဲ့ အကျဉ်းထောင် တစ်ခုဟာလည်း  နန်းတော်ထဲမှာ ရှိနေပါသေးတယ်။

အဲသည် အကျဉ်းထောင်ထဲမှာတော့ ခန္ဓာကိုယ် အပြင်အား မူလပင်လယ်နယ်ပယ် ဘုရင်တွေနဲ့ အပြည့်ပါပဲ။

အကျဉ်းထောင် ထဲမှာက  အစကနဦးပိုင်း ဘုရင်တွေ၊ အကြို ပြီးပြည့်စုံခြင်း အဆင့် ဘုရင်တွေ၊ ပြီးပြည့်စုံခြင်း အဆင့် ဘုရင်တွေအပြင် အလုံးစုံ ပြီးပြည့်စုံခြင်း အဆင့် ဘုရင် အချို့တောင်မှပဲ  ဖမ်းဆီး ခံထားရပါသေးတယ်။

" လီဖူချန်း…… လီဖူချန်း……ငါ့ကို ကယ်နိုင်တဲ့ သူက မင်းကလွဲပြီး တခြား မရှိတော့ဘူး "

အကျဉ်းထောင်ရဲ့ အခန်း တစ်ခု အတွင်းမှာတော့ နံရံပေါ်မှာ သံကြိုးတွေ အထပ်ထပ် ချည်နှောင်ခံထားရတဲ့  လူငယ်တစ်ယောက်ဟာ ခေါင်းငိုက်စိုက်စိုက်နဲ့ စကားတစ်ခွန်းကိုပဲ အထပ်ထပ် အခါခါ ရေရွတ်နေပါတယ်။ အဲသည် လူငယ်ကတော့ ယွန်လုံပါပဲ။

သာမန် အချိန်တွေမှာ ဆိုရင်တော့ သည်သံကြိုးတွေကို ဖျက်ဆီးဖို့ ဆိုတာက ယွန်လုံအတွက် ပြသနာ မဟုတ်ပါဘူး။ ဒါပေမဲ့လည်း ပြသနာက သည်သံကြိုးတွေက အထူး ပြုလုပ်ထားတဲ့ သံကြိုးတွေ ဖြစ်နေတာပါပဲ။ သည်သံကြိုးတွေနဲ့ ချည်နှောင် ခံရပြီးတဲ့ နောက်မှာတော့ ယွန်လုံဟာ လက်တစ်ချောင်း မြှောက်ဖို့တောင် အားမရှိတော့ပါဘူး။

" ခွေးသူတောင်းစား …… သွေးဧကရာဇ်။ ယုတ်မာပြီး အရှက်မရှိတဲ့ကောင်။ ငါ အရိုးဧကရာဇ်က မင်းကို ယုံကြည်လွန်းပြီး တွဲဖက် တစ်ယောက်အနေနဲ့တောင် ဆက်ဆံပေးခဲ့တာ။ အခုတော့ မင်းက ငါ့ကို ထောင်ချောင်ဆင်ပြီး သည်နေရာမှာ ပိတ်လှောင်ထားတယ်ပေါ့ "

" ခွေးမသား …… ငါမင်းကို အသေဆိုးနဲ့ သေပါစေလို့ ကျိန်စာတိုက်တယ်။ ပြီးတော့ မိစ္ဆာတွေကို မင်းရဲ့ အသည်းနှလုံးကို နှုတ်ယူပြီး ပွဲတော် တည်ကြပါစေ "

မြေအောက်ကနေ တိုးထွက်လာတဲ့ ကြောက်မက်ဖွယ်ရာ အသံကြီး တစ်ခုက အကျဉ်းထောင် တစ်ခုလုံးကို ပဲ့တင်သံ အထပ်ထပ် ထသွားစေခဲ့ပါတယ်။ အဲသည် အသံကိုတော့ သည်အကျဉ်းထောင်ထဲမှာ ခင်းကျင်းထားတဲ့ တိတ်ဆိတ်မှု အစီအရင်ကတောင်မှ အသံကို မတားဆီးနိုင်ပါဘူး။

" ဟူး…… သည်အဘိုးကြီးက ကယောင်ချောက်ချား အော်နေပြန်ပြီ "

ယွန်လုံက သက်ပြင်း တစ်ချက် ချလိုက်မိပါတယ်။ သည်အကျဉ်းထောင်ထဲမှာ ရက်အနည်းငယ် ဖမ်းခံရပြီးတဲ့ နောက်မှာတော့ သူဟာ အကျဉ်းထောင် အကြောင်းကို နည်းနည်းပါးပါး နားလည်စ ပြုလာခဲ့ပါပြီ။

သည်အကျဉ်းထောင်က  နှစ်ထပ် ဖြစ်ပြီး သူအဖမ်းခံထားရတဲ့ နေရာရဲ့ အောက်ဘက်မှာ နောက်ထပ် အကျဉ်းထောင် တစ်ထပ် ရှိနေပါသေးတယ်။

ပြီးတော့ အဲသည်အထပ်မှာက လူတစ်ယောက်တည်းကိုသာ ဖမ်းဆီးထားပြီး အဲသည်လူက အရိုးဧကရာဇ် ဆိုတဲ့ ဥပဒေသ ပြောင်းလဲခြင်းနယ်ပယ် ဧကရာဇ်တစ်ပါး ဖြစ်ပါတယ်။

ဥပဒေသ ပြောင်းလဲခြင်းနယ်ပယ် ဧကရာဇ်တစ်ပါးတောင်မှ သည်အကျဉ်းထောင်ထဲမှာ ဖမ်းခံထားရမှတော့ သူ့လို မူလပင်လယ် နယ်ပယ် ဘုရင်ဟာ သည်အကျဉ်းထောင်နဲ့ ပက်သက်ပြီး ဘာမှ စွမ်းဆောင်နိုင်မှာ မဟုတ်ပါဘူး။ ယွန်လုံက  သည်လိုနဲ့ သူဟာ သည်အကျဉ်းထောင်ထဲမှာပဲ လုံးပါးပါးပြီး သေတော့မယ်လို့တောင် ခံစားနေမိပါတယ်။ ဒါကြောင့်လည်း သူဟာ လီဖူချန်းကိုပဲ မျှော်နေမိတာပါ။

" လီဖူချန်း "

စဉ်းစားနေရင်းနဲ့ပဲ  လီဖူချန်းရဲ့ ပုံရိပ်ဟာ ယွန်လုံရဲ့ အာရုံထဲမှာ ပေါ်လာပြန်ပါပြီ။

ဘာကြောင့်မှန်းတော့ မသိပါဘူး။ သူက လီဖူချန်း အကြောင်းကို တွေးလိုက်မိတိုင်းမှာ အလိုလို အားတက်လာမိပါတယ်။

တကယ်လို့သာ သူ့အနေနဲ့ ကောင်းကင်ကြီးကို တစ်ခါပြန်ပြီး မြင်တွေ့ခွင့် ရမယ် ဆိုရင်တော့ အဲဒါဟာ လီဖူချန်းကြောင့်ပဲ ဖြစ်ရပါမယ်။

အကျဉ်းထောင်ရဲ့ အပေါ်ဘက် နန်းတော်အတွင်း တစ်နေရာ……

နန်းတော်ရဲ့ ပင်မခန်းဆောင် အတွင်းမှာတော့ သွေးရောင် မျက်နှာဖုံး တစ်ခုကို ဝတ်ဆင်ထားတဲ့ လူတစ်ယောက်ဟာ သူ့ရဲ့ လက်အောင်ခံတွေ အစီအရင် ခံတာကို တိတ်တိတ်ဆိတ်ဆိတ်နဲ့ နားထောင်နေပါတယ်။

အဲသည်လူက သွေးဧကရာဇ် ဖြစ်တယ် ဆိုတာကိုတော့ ထူးပြီး ပြောနေစရာ လိုမယ် မထင်ပါဘူး။

" သည်တော့ မင်းပြောချင်တာက နှစ်ယောက်စလုံး လွတ်သွားတယ်ပေါ့။ ပြီးတော့ သူတို့ထဲက တစ်ယောက် အဆင့်နိမ့် မူလပင်လယ်နယ်ပယ်ဘုရင်ဖြစ်ပေမယ့်  သွေးအရိုးခေါင်း ကျိန်စာကို မိထားတယ်ပေါ့ … ဟုတ်လား "

အစီအရင် ခံတာကို အဆုံးအထိ နားထောင် အပြီးမှာတော့ သွေးဧကရာဇ်ရဲ့ မျက်လုံးတွေဟာ သံသယတွေနဲ့ ပြည့်နှက်လာခဲ့ပါတယ်။

သွေးအစေခံ တံဆိပ်တော်ထဲမှာ သူထည့်ထားတဲ့ သွေးအရိုးခေါင်း ကျိန်စာဆိုတာက တိုက်ခိုက်ရေး ဧကရာဇ်တွေ နဲ့ ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် ဧကရာဇ်တွေအတွက် ရည်ရွယ်ထားတဲ့ ကျိန်စာပါပဲ။ သူက အဆင့်နိမ့် မူလပင်လယ်နယ်ပယ် ဘုရင်တစ်ပါးဟာ သူ့ရဲ့  ကျိန်စာကို ထိသွားမယ်လို့ လုံးဝ မမျှော်လင့်ထား ခဲ့ပါဘူး။

" မဟုတ်သေးဘူး။ သည်ကိစ္ဇက သည်လောက် မရိုးရှင်းဘူး။ ကြည့်ရတာ အဲသည် ဘုရင်က ဝိညာဉ်ဧကရာဇ်လို စိတ်ဝိညာဉ်ကို ကျင့်ကြံထားတာ ဖြစ်ရမယ် "

အတန်ကြာ စဉ်းစားပြီးတဲ့ အခါမှာတော့ သွေးဧကရာဇ်ဟာ အနီးစပ်ဆုံး ဖြစ်နိုင်ချေ တစ်ခုကို ကောက်ချက် ချလိုက်နိုင်ခဲ့ပါပြီ။

ဥပဒေသ ပြောင်းလဲခြင်း ဧကရာဇ်တစ်ပါး ဖြစ်တဲ့ သွေးဧကရာဇ်ဟာ ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်ကြီးမှာရှိတဲ့ ဧကရာဇ် အားလုံးရဲ့ အကြောင်းကို တော်တော်များများ သိထားပါတယ်။ အထူးသဖြင့် သည်ကုန်းမြေတိုက်ရဲ့ နံပါတ်တစ် ဧကရာဇ်ဖြစ်တဲ့ ဝိညာဉ်ဧကရာဇ် အကြောင်းကိုပေါ့။

ဝိညာဉ် ဧကရာဇ်က မွေးရာပါ စိတ်ဝိညာဉ် ကျင့်ကြံခြင်း ပါရမီကို ပါလာတဲ့သူ ဖြစ်ပြီး သူ့ရဲ့ စိတ်ဝိညာဉ်ဟာ မယုံနိုင်စရာ ကောင်းလောက်အောင် အစွမ်း ထက်လွန်းပါတယ်။

သူ့ရဲ့ လိပ်ပြာ အသိစိတ်အာရုံ နဲ့ အစစ်အမှန် စိတ်ဝိညာဉ်ကလည်း လုံးဝ ခြွင်းချက်မရှိ ပြိုင်ဘက်ကင်းပါပဲ။

ကောလာဟလ တစ်ခုအရ ဆိုရင်တော့ ဝိညာဉ် ဧကရာဇ်ဟာ မိစ္ဆာသားရဲ ဧကရာဇ် တစ်ပါးကိုတောင်မှ အခိုင်းအစေအဖြစ် ခိုင်းစေနိုင်စွမ်း ရှိပါတယ်တဲ့။ဒါပေမဲ့လည်း မိစ္ဆာသားရဲ ဧကရာဇ်တွေ ဆိုတာက ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်ကြီးမှာ စိတ်တိုင်းကျ လျှောက်သွားနိုင်စွမ်း မရှိတဲ့အတွက် ဘယ်သူကမှ အဲဒါကို အတည်မပြုနိုင်ကြပါဘူး။ ဒါပေမဲ့လည်း သိပ်မကြာခင်ကမှ  ဝိညာဉ်ဧကရာဇ်ဟာ မိစ္ဆာသားရဲ ဧကရာဇ် တစ်ကောင်ကို စီးနင်းပြီး သမုဒ္ဒရာတွေထဲ လျှောက်သွားနေတဲ့ သတင်းဟာ တိုက်ကြီး တစ်ခုလုံးကို ပျံ့နှံ့လာခဲ့ပါတယ်။

'စိတ်ဝင်စားစရာပဲ။ စိတ်ဝိညာဉ် ကျင့်ကြံသူတဲ့လား။ ကြည့်ရတာ  သည်တစ်ခေါက်တော့ ငါကိုယ်တိုင် လှုပ်ရှားဖို့ အချိန်တန်ပြီ ထင်ပါရဲ့ '

သွေးဧကရာဇ်ဟာ လီဖူချန်း အပေါ်မှာ အတော်လေး စိတ်ဝင်စားသွား မိခဲ့ပါပြီ။

" အခု အဲသည်ဘုရင်က ဘယ်မှာလဲ "

အတွေးဆုံးတာနဲ့ တစ်ပြိုင်နက် သွေးဧကရာဇ်ဟာ သူ့ရဲ့ လက်အောက်ခံတွေကို လှမ်းမေးလိုက်ပါတယ်။

" အရှင် သွေးဧကရာဇ် ခင်ဗျား…… အဲသည် ဘုရင်က အခု ဂါထာ၊မန္တရား တောင်ပေါ်မှာ ရှိနေပါတယ် "

" ဘာ……ဂါထာ၊မန္တရား တောင်ပေါ်မှာလား "

သွေးဧကရာဇ်ရဲ့ မျက်လုံးတွေဟာ ညှို့မှိုင်း သွားခဲ့ပါပြီ။

ဂါထာ၊မန္တရား သိုင်းဧကရာဇ်ဆိုတာက ပြသနာရှာလို့ သိပ်မကောင်းတဲ့ ဧကရာဇ်ပါပဲ။

သူက အခုမှ အဆင့်နိမ့် ဧကရာဇ်သာ ဆိုပေမယ့် သွေးဧကရာဇ်ရဲ့ အမြင်မှာတော့ ဂါထာ၊မန္တရား သိုင်းဧကရာဇ်ဟာ အလယ်အလတ်အဆင့် ဧကရာဇ်တွေထက်ကို ပိုရင်ဆိုင်ရ ခက်ခဲပါသေးတယ်။

အလယ်အလတ်အဆင့် ဧကရာဇ်တွေက ကျင့်ကြံခြင်း အရာမှာ သာကောင်း သာပါလိမ့်မယ်။ ဒါပေမဲ့လည်း တချို့နေရာတွေမှာက ဧကရာဇ်တွေရဲ့ တန်ခိုးစွမ်းပကားကို ကျင့်ကြံခြင်း အဆင့်က အဆုံးအဖြတ်ပေးတာ မဟုတ်ပါဘူး။အထူးသဖြင့် သူတို့လို ဂါထာ၊မန္တရား ပိုင်းမှာ လေ့လာလိုက်စားထားတဲ့ သူတွေပေါ့။

ပြီးတော့ ဂါထာ၊မန္တရားတောင်ကလည်း ဂါထာ၊မန္တရား သိုင်းဧကရာဇ်ကို အထွတ်အထိပ်အဆင့် ဧကရာဇ် တစ်ပါးရဲ့ အစွမ်းမျိုး ပေးစွမ်းနိုင်ပါသေးတယ်။ တကယ်လို့သာ သွေးဧကရာဇ် အနေနဲ့ ဂါထာ၊မန္တရားတောင်ပေါ်ကို လိုက်သွားခဲ့မယ် ဆိုရင် အဲဒါက သူ့မျက်နှာသူ  အိုးမည်း သုတ်တာနဲ့ အတူတူပါပဲ။

" ဟင်း…… ထားလိုက်ပါတော့။ ဂါထာ၊မန္တရားတောင်က ပြသနာ သွားရှာလို့  ကောင်းတဲ့ နေရာမျိုး မဟုတ်ဘူး။ ပြီးတော့ ဂါထာ၊မန္တရား သိုင်းဧကရာဇ်ကလည်း ငါ့ရဲ့ ကျိန်စာကို ဖျက်နိုင်မှာ မဟုတ်တာ။ ငါ့ရဲ့ သွေးကျိန်စာ အမှတ်အသား ပိုအားကောင်းလာမှပဲ ငါကိုယ်တိုင် သူ့ကို ဂါထာ၊မန္တရားတောင်ကနေ ထွက်လာဖို့ ဆင့်ခေါ်လိုက်တော့မယ် "

အတန်ကြာ စဉ်းစားပြီးတဲ့ နောက်မှာတော့ သွေးဧကရာဇ်ဟာ လီဖူချန်းကို ကိုယ်တိုင်ကိုယ်ကျ သွားရောက် ဖမ်းဆီးမယ့် အကြံကို စွန့်လွှတ်လိုက်ပါတော့တယ်။

***

All Chapters