← Chapters

မီးတောက်နတ်ဓားစွမ်းအင် ကျင့်စဉ်

Vol. 45 Ch. 602

မီးတောက်နတ်ဓားစွမ်းအင် ကျင့်စဉ်

Vol. 45 Ch. 602

ဂါထာ၊မန္တရား အခြေခံကျမ်းက လီဖူချန်း ထင်ထားတာထက်တောင်မှ ခက်ခဲနက်နဲပါသေးတယ်။

ရှင်းရှင်းပြောရမယ်ဆိုရင်တော့ အဲဒါက သိုင်းတာအို လမ်းစဉ်နဲ့ လုံးဝ ဆန့်ကျင်ဘက်ပါပဲ။

သိုင်းတာအို လမ်းစဉ်မှာက သိုင်းပညာကို အပေါ်ယံကနေ စတင် သင်ကြားရပြီး အဲသည်ကနေမှ တဖြည်းဖြည်း နက်နဲသွားတာပါ။ သိုင်းပညာလမ်းစဉ်ကို လျှောက်လမ်းသူတွေကလည်း နောက်ပိုင်းနယ်ပယ်တွေကို ရောက်မှသာ ဥပဒေသတွေကို နားလည်သဘောပေါက်နိုင်ပါတယ်။

ဒါပေမဲ့ ဂါထာ၊မန္တရားတာအို လမ်းစဉ်ကတော့ အဲသည်လို မဟုတ်ပါဘူး။ သည်လမ်းစဉ်ကို လျှောက်လမ်းသူတွေက စပြီဆိုတာနဲ့ တန်းပြီး ဥပဒေသတွေကို နားလည်သဘောပေါက်ဖို့ ကြိုးစားရသလို အရာအားလုံးမှာရှိတဲ့ ဆက်သွယ်မှုတွေကိုလည်း သိမြင် သဘောပေါက်နိုင်အောင် ကြိုးစားရပါတယ်။

တကယ်လို့ သိုင်းပညာရပ်က ကျွမ်းကျင်မှုပေါ်မှာ မူတည်တယ် ဆိုကြပါစို့။ အဲသည်လိုဆိုရင် ဂါထာ၊မန္တရား ပညာရပ်က ကျွမ်းကျင်မှုကိုသာမက နက်နဲကျယ်ပြန့်စွာ တွေးတောနိုင်မှု အပေါ်မှာပါ မူတည်တယ်လို့ ဆိုရပါမယ်။

တကယ်လို့ သိုင်းပညာရပ်က မိုးကောင်းကင်နဲ့ မဟာပထဝီ မြေကြီးရဲ့ စွမ်းအားတွေကို မွှေနှောက် အသုံးပြုဖို့ တီထွင်ထားတယ်ဆိုရင် ဂါထာ၊မန္တရား ပညာရပ်က မိုးကောင်းကင်နဲ့ မဟာပထဝီ မြေကြီးရဲ့ စွမ်းအားတွေကို ဆက်သွယ်ပြီး အငှားစွမ်းအားအဖြစ် ရယူကာ အသုံးပြုဖို့ တီထွင်ထားတာပါပဲ။

သည်ပညာရပ် နှစ်ခုက လုံးဝကို ကွဲပြား ခြားနားလွန်းလှပါတယ်။

ဒါကြောင့်လည်း လူတွေက ဂါထာ၊မန္တရား တာအိုလမ်းစဉ်ဟာ ခက်ခဲနက်နဲလွန်းပြီး ပင်ကိုယ်အထုံပါရမီ နည်းတဲ့ လူတွေအတွက် မဟုတ်ဘူးလို့ ဆိုကြတာပါ။

***

“ဟူး... လခွီးပဲ။ ဒါကြီးက တကယ်ပဲ နားလည်သဘောပေါက်ဖို့ ခဲယဉ်းလှချည်လား "

လီဖူချန်းက ဂါထာ၊မန္တရား အခြေခံ ကျမ်းစာအုပ်ကို တစ်ရက်လုံးလုံး အချိန်ယူပြီး အကြိမ်ကြိမ်၊အဖန်ဖန် ဖတ်ရှုပြီးသွားခဲ့ပါပြီ။ ဒါပေမဲ့လည်း သူက သည်ကျမ်းစာအုပ်ထဲက ဆိုလိုရင်းတွေကို ဆယ်ရာခိုင်နှုန်းလောက်သာ နားလည် သဘောပေါက်နိုင်စွမ်း ရှိပါသေးတယ်။

“လီဖူချန်း... မလောနဲ့ ... မလောနဲ့။ ဒါက ဂါထာ၊မန္တရား ပညာရပ်ပဲ။ ဒါကို  လွယ်လွယ်လေးနဲ့သာ သဘောပေါက် နားလည်နိုင်ရင် လူတိုင်းက ဂါထာ၊မန္တရား ပညာရှင်တွေ ဖြစ်ကုန်ကြမှာပေါ့ "

လီဖူချန်းက သူ့ရဲ့လောကြီးနေမှုကို သတိပြုမိလိုက်တဲ့အတွက် သူ့ကိုယ်သူ ပြန်ပြီး သတိပေးလိုက်ပါတယ်။

သူ့အနေနဲ့ သည်ကိစ္စမှာ လောကြီးလို့ မရပါဘူး။ သည်ပညာရပ်က သူ့အတွက် လုံးဝ အသစ်အဆန်း ဖြစ်နေတဲ့အတွက် ဖြည်းဖြည်းနဲ့မှန်မှန် လေ့လာမှ တော်ကာ ကျပါလိမ့်မယ်။

“ဂါထာ၊မန္တရားတာအို ဆိုတာက ကျင့်ကြံသူရဲ့ စိတ်နှလုံးနဲ့ ကောင်းကင်ဘုံကို ဆက်သွယ်ရတာပဲ။ အဲဒါက မိုးကောင်းကင်နဲ့ မဟာပထဝီ မြေကြီးရဲ့ သဘာဝကို ခံစားနိုင်ဖို့၊ နေနဲ့လရဲ့ အဆီအနှစ်ကို ရယူဖို့၊  အစစ်အမှန် စိတ်ဝိညာဉ်ကို ကြိုက်တဲ့နေရာ လွှင့်တင်နိုင်ဖို့၊ အရာအားလုံးရဲ့ တိုးတက်ပြောင်းလဲမှုကို ကြည့်မြင်နိုင်ဖို့၊ သက်ရှိမှန်သမျှရဲ့ ပင်မ အရင်းအမြစ်ကို သိမြင်နိုင်ဖို့၊ ဘဝသံသရာကို သိမြင်နိုင်ဖို့၊ ကံကြမ္မာကို လွန်ဆန်နိုင်ဖို့ ... ... "

လီဖူချန်းက ကျမ်းစာကို ဖတ်နေရင်းနဲ့ ခေါင်းတစ်ချက် ခါလိုက်ပါတယ်။

သည်ဂါထာ၊မန္တရား အခြေခံကျမ်းက တကယ်ကို ခက်ခဲနက်နဲလွန်းတဲ့ အရာပါပဲ။ ဒါပေမဲ့  လီဖူချန်းရဲ့ ထိုးထွင်းသိမြင်မှုကလည်း သာမန် မဟုတ်ပါဘူး။ အဲဒါကိုတော့ လီဖူချန်းရဲ့ ကံကောင်းမှုလို့ပဲ ဆိုရပါမယ်။

“သည်ကျမ်းစာထဲမှာ ပါတဲ့အတိုင်းဆိုရင် ငါ့ရဲ့ အစစ်အမှန် စိတ်ဝိညာဉ်က ခန္ဓာကိုယ်ကနေ ခွဲခွာပြီး ထွက်သွားလို့ ရတယ်ပေါ့။ အဲဒါက လိပ်ပြာလွှင့်တာနဲ့ အတူတူပဲ မဟုတ်ဘူးလား။ စမ်းကြည့်ဦးမှ "

လီဖူချန်းက သူ့ကိုယ်သူ ပြန်ပြောလိုက်မိပါတယ်။

ဂါထာ၊မန္တရား သိုင်းဧကရာဇ်ရဲ့ အခြေခံ  ဂါထာ၊မန္တရားကျမ်းက အပြည့်စုံဆုံးလို့တော့ မဆိုနိုင်ပါဘူး။ဒါပေမဲ့လည်း သူက ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ်ကို ရောက်နှင့်နေခဲ့ ပြီးပါပြီ။ အဲသည်အတွက် သည်ကျမ်းစာအုပ်က သူ့ဟာနဲ့သူတော့ ထိုက်သင့်သလောက် ပြည့်စုံပါလိမ့်မယ်။

အဲသည်နောက်မှာတော့ လီဖူချန်းက စိတ်ကို လျော့ချလိုက်ပြီး သူ့ရဲ့ အစစ်အမှန် စိတ်ဝိညာဉ်ကို အာရုံစိုက်ကာ စိတ်နယ်ပယ်ထဲကနေ ထွက်ခွာနိုင်ဖို့ ကြိုးပမ်းပါတော့တယ်။

သူ့ရဲ့ ကြိုးပမ်းမှုက အလဟသ မဖြစ်ခဲ့ပါဘူး။ သူက ဒုတိယမြောက် သန်းခေါင်ယံမှာပဲ သူ့ရဲ့ အစစ်အမှန် စိတ်ဝိညာဉ်ကို သူ့ရဲ့ ခန္ဓာကိုယ်နဲ့ ခွဲထုတ်နိုင်ခဲ့ပါတယ်။

တစ်နည်း ပြောရမယ် ဆိုရင်တော့ သူက လိပ်ပြာလွှင့်ခြင်းကို အောင်မြင်သွားခဲ့ပါပြီ။

“အိုး... ကောင်းလိုက်တဲ့ ခံစားမှုပါလား "

လီဖူချန်းက သူ့ရဲ့အောက်မှာ ကျန်ရစ်နေခဲ့တဲ့ ခန္ဓာကိုယ်ကို ငုံ့ကြည့်လိုက်ရင်းနဲ့ ခပ်တိုးတိုး ရေရွတ်လိုက်ပါတယ်။

တကူးတက အားစိုက်စရာ မလိုဘဲ လေထဲမှာ တိမ်စိုင်တစ်ခုလို မျောလွင့်နေတဲ့ ခံစားချက်...

သူ့အနေနဲ့ သည်လို ခံစားချက်မျိုးကို တစ်ကြိမ်တစ်ခါမှ မခံစားခဲ့ဖူးပါဘူး။

“အင်း... ငါ့ရဲ့အစစ်အမှန် စိတ်ဝိညာဉ်က ခန္ဓာကိုယ်ကနေ ခွဲထွက်ပြီး ဘယ်လောက်ဝေးဝေးအထိ သွားလို့ရလဲ ဆိုတာ စမ်းကြည့်ဦးမှ"

အဲသည်နောက်မှာတော့ လီဖူချန်းရဲ့ အစစ်အမှန် စိတ်ဝိညာဉ်ဟာ အဆောက်အဦးတွေကို ကျော်ဖြတ်ပြီး မိုးပေါ်ကို တစ်စထက်တစ်စ ထိုးတက်သွားပါတော့တယ်။

***

ကောင်းကင်ယံထက် အမြင့်တစ်နေရာ...

ဟူး... ဟူး... ဟူး...

သည်နေရာမှာတော့ လေပြင်းတွေက အတော်လေး တိုက်ခတ်နေတဲ့အတွက် လီဖူချန်းရဲ့ အစစ်အမှန် စိတ်ဝိညာဉ်ဟာ စိတ်ထင်တိုင်း လှုပ်ရှားသွားလာလို့ မရပါဘူး။ဒါပေမဲ့လည်း သိပ်မကြာခင်မှာပဲ လီဖူချန်းက သူ့ရဲ့ အစစ်အမှန် စိတ်ဝိညာဉ်ကို ကောင်းမွန်စွာ ထိန်းချုပ်သွားနိုင်ခဲ့ပါတယ်။ သည်နေရာမှာ တိုက်ခတ်နေတဲ့ လေပြင်းတွေက လေပြည်လေညင်းတွေ မဟုတ်ပေမယ့်လည်း သူ့အတွက်တော့ သက်တောင့်သက်သာ ရှိနေဆဲပါပဲ။

“ဟင်... သူက လိပ်ပြာလွှင့်တာကိုတောင် အောင်မြင်သွားပြီလား "

လီဖူချန်းရဲ့ အစစ်အမှန် စိတ်ဝိညာဉ်က ကောင်းကင်ယံမှာ လျှောက်သွားနေစဉ်မှာပဲ ဂါထာ၊မန္တရား သိုင်းဧကရာဇ်က အဲဒါကို သတိပြုမိသွားခဲ့ပါတယ်။ သူ့ရဲ့မျက်နှာပေါ်မှာ ဆိုရင်လည်း အံ့အားသင့်မှုတွေက အထင်းသားပါပဲ။

ယေဘုယျအားဖြင့် ပြောရမယ် ဆိုရင်တော့ လိပ်ပြာလွှင့်တယ် ဆိုတာဟာ လုံးဝ မလွယ်ကူတဲ့ အလုပ်လို့ ဆိုရပါမယ်။ဘာဖြစ်လို့လဲဆိုတော့ သာမန် အခြေအနေတွေမှာဆိုရင် အစစ်အမှန် စိတ်ဝိညာဉ်ဟာ ပိုင်ရှင် သေခါနီး အခိုက်အတန့်မှ ခန္ဓာကိုယ်ကနေ ခွဲထွက်နိုင်လို့ပါပဲ။ ဒါက တော်ရုံတန်ရုံ အထုံပါရမီပါတဲ့ ကျင့်ကြံသူတွေတောင်မှ လုပ်နိုင်တဲ့ အရာမျိုုး မဟုတ်ပါဘူး။

ယုတ်စွအဆုံး ဂါထာ၊မန္တရား သိုင်းဧကရာဇ်ဖြစ်တဲ့ သူကိုယ်တိုင်တောင်မှ တစ်နှစ်နီးပါး လေ့ကျင့်ပြီးမှပဲ လိပ်ပြာလွှင့်တာကို အောင်မြင်ခဲ့တာပါ။

ဒါပေမဲ့လည်း လီဖူချန်းကတော့ အချိန်တိုလေး အတွင်းမှာ လိပ်ပြာလွှင့်တာကို အောင်မြင်သွားခဲ့ပါပြီ။ အဲသသည်အတွက် လီဖူချန်းရဲ့ အထုံပါရမီက ဂါထာ၊မန္တရား ပညာရပ်ပိုင်းမှာ သူ့ထက်သာတာ အသိသာကြီးပါပဲ။

“အင်း... ငါသူ့ကို လက်ရင်းတပည့်အဖြစ် လက်ခံပြီး ပြုစုပျိုးထောင်ပေးလိုက်ရင် ကောင်းမလား "

ဂါထာ၊မန္တရား သိုင်းဧကရာဇ်က ကောင်းကင်ယံကို မော့ကြည့်ပြီး နက်နက်နဲနဲ စဉ်းစားခန်း ဝင်နေပါတော့တယ်။

***

“တိုက်ခတ်နေတဲ့ လေဆိုတာက တကယ်တမ်းမှာ အပူချိန် ပြောင်းလဲမှုကြောင့် အထက်အောက် စီးဆင်းတဲ့ လေစီးကြောင်းကနေ ဖြစ်ပေါ်လာတာပဲ။ ငါက လေပြင်းတာအို ဥပဒေသကို နည်းနည်းပါးပါး နားလည်ပြီးပေမယ့် လေပြင်းရဲ့ အဓိက ဖြစ်တည်မှု အရင်းအမြစ်ကို သေသေချာချာ နားမလည်သေးဘူး။ အင်း... သည်အတိုင်းဆိုရင်တော့ လောကကြီးထဲမှာ ရှိသမျှ အရာအားလုံးက တစ်ခုနဲ့တစ်ခု ချိတ်ဆက်နေတာ သေချာသွားပြီ။ တကယ်လို့ တစ်ယောက်ယောက်က လေပြင်းတာအိုကို အဆုံးစွန်အထိ နားလည် သဘောပေါက်ချင်တယ်ဆိုရင် ကောင်းကင်တာအို အဆင့်အတန်းကို အရင်ရောက်ဖို့ လိုလိမ့်မယ်။ ပြီးတော့ ကောင်းကင်တာအိုလိုပဲ အရာအားလုံးကို လက်သင့်ခံရလိမ့်မယ် "

တခြားတစ်ဖက်မှာ ရှိနေတဲ့ လီဖူချန်းကတော့ ဂါထာ၊မန္တရား သိုင်းဧကရာဇ်ရဲ့ အတွေးတွေကို မသိပါဘူး။

သူ့ရဲ့ အတွေးစိတ်ကူးတွေက မြင်းရိုင်းတစ်ကောင်လို အထိန်းအကွပ် မဲ့ပြီး တွေးချင်ရာ လျှောက်တွေးနေတာပါပဲ။တစ်ချိန်တည်းမှာပဲ သူ့ရဲ့ အစစ်အမှန် စိတ်ဝိညာဉ်က တိုက်ခတ်နေတဲ့ လေဟာ ဘယ်ကနေ ဖြစ်တည်ပြီး ဘယ်လို ပြန်တိုက်ခတ်လဲ ဆိုတာကို ဆင်ခြင်သုံးသပ် နေပါတယ်။

အဲဒါတင် မကပါဘူး။သူ့ရဲ့ အစစ်အမှန် စိတ်ဝိညာဉ်က အပင်တွေနဲ့ ရောစပ်သွားပြီး အပင်တွေရဲ့ ကြီးထွားမှုကို ခံစားလိုက်၊ ကောင်းကင်နဲ့ မြေကြီးအနှံ့ လျှောက်သွားပြီး ဥပဒေသတွေထဲမှာ ရှိတဲ့ ကွာဟချက်တွေကို ရှာဖွေလိုက်နဲ့ အတော်လေး အလုပ်များနေပါသေးတယ်။

သည်လိုနဲ့ပဲ အချိန်တစ်ပတ်က မျက်စိတစ်မှိတ် အတွင်းမှာပဲ ကုန်ဆုံးသွားခဲ့ပါပြီ။

ဂါထာ၊မန္တရား တောင်ထိပ်ရဲ့ တောင်ထိပ် တစ်နေရာမှာတော့ ဆံပင်ရှည်တွေကို ဖြစ်သလို စည်းနှောင်ထားတဲ့ ခပ်ချောချော လူငယ်တစ်ယောက်ဟာ ထူးဆန်းတဲ့ လက်ဟန်တွေကို ပြုလုပ်ရင်း အလုပ်များနေပါတယ်။ အဲသည်လူငယ်ကတော့ လီဖူချန်းပါပဲ။

“လေပြင်း "

ဟူး... ဟူး... ဟူး...

လီဖူချန်းက လက်ဟန်တစ်ခု ပြုလိုက်ပြီး ခပ်တိုးတိုး ရေရွတ်လိုက်တဲ့ အခါမှာတော့ ဘယ်ကနေ ဘယ်လို ဖြစ်ပေါ်လာမှန်း မသိတဲ့ လေပြင်းတွေဟာ ကောင်းကင်ယံထက်မှာ ဖြစ်တည်လာခဲ့ပါတယ်။

လီဖူချန်းက သည်လေပြင်းတွေ ဖြစ်တည်လာဖို့အတွက်  လေပြင်းတာအို ဥပဒေသတွေကို မသုံးခဲ့ပါဘူး။ သူက သူနားလည်ထားတဲ့ ဂါထာ၊မန္တရား ပညာရပ်ကိုသာ အသုံးပြုလိုက်တာပါ။

“တိမ် "

အဖြူရောင် တိမ်တိုက်တွေဟာ ကောင်းကင်ပေါ်မှာ ရုတ်ချည်း စုရုံး ဖြစ်တည်လာပြီး နေမင်းရဲ့ အလင်းရောင်ကို ဖုံးအုပ်သွားခဲ့ ပြန်ပါပြီ။

“မိုး "

ဝေါ... ဝေါ... ဝေါ...

လီဖူချန်းရဲ့ စကားသံ ဆုံးတာနဲ့ တစ်ပြိုင်နက် အစောပိုင်းက စုရုံးနေတဲ့ တိမ်တိုက်တွေဟာ ရုတ်တရက် မည်းမှောင်ကျသွားပြီး မိုးစက်တွေအဖြစ် သဲကြီးမဲကြီး စတင် ရွာသွန်းလာပါတော့တယ်။

“မိုးကြိုး "

ဂျိန်း... ဂျိန်း... ဂျိန်း...

လီဖူချန်းက မိုးကြိုးကို ဆင့်ခေါ်ဖို့ကိုလည်း မမေ့လျော့ပါဘူး။ မိုးနဲ့အတူ မပါမဖြစ် တွဲပါရမယ့် အရာကတော့ မိုးကြိုးပဲ မဟုတ်ပါလား။

“အား… ကြောက်ဖို့ကောင်းလိုက်တဲ့ အထုံပါရမီပါလား "

ဂါထာ၊မန္တရား သိုင်းဧကရာဇ်ကတော့ ကောင်းကင်ယံပေါ်မှာ ဖြစ်တည်နေတဲ့ အဖြစ်အပျက်တွေကို ကြည့်ရင်းနဲ့ လီဖူချန်းရဲ့ အထုံပါရမီအပေါ် လက်ဖျားခါမိ နေပါတယ်။

သည်အခြေခံ ဂါထာ၊မန္တရားတွေအတွက် ဆိုရင်တော့ သူ့အနေနဲ့ ဘာမှ ထွေထွေထူးထူး လုပ်နေစရာ မလိုပါဘူး။သူက လက်ဟန်တောင် မလုပ်ဘဲ အတွေးတစ်ချက်နဲ့တင် လေနဲ့မိုးကို ဆင့်ခေါ်နိုင်ပါတယ်။

ဒါပေမဲ့လည်း လီဖူချန်းလို လူသစ်တစ်ယောက်အနေနဲ့  တစ်ပတ်တည်းအတွင်းမှာ သည်လိုအဆင့်ရောက်အောင်  စွမ်းဆောင်ပြသွားတာကိုတော့ တကယ့်ကို ချီးကျူ းရပါမယ်။ အဲသည်အတွက် လီဖူချန်းကို ကောင်းကင်ဘုံကနေ ကောင်းချီးပေးထားတဲ့ ပါရမီရှင် သားတော်တစ်ပါးလို့ သမုတ်ရင်လည်း လွန်မယ် မထင်ပါဘူး။

“မဖြစ်ဘူး။ ငါ့အနေနဲ့ ခြွင်းချက်ထားပြီး သည်ကောင်လေးကို လက်ရင်းပည့်အဖြစ် သိမ်းသွင်းရမယ် "

ကောင်းကင်ကို မော့ကြည့်နေရင်းနဲ့ ရုတ်တရက် ဆိုသလိုပဲ ဂါထာ၊မန္တရား သိုင်းဧကရာဇ်က အတွေးတစ်ခု ပေါက်လာခဲ့ပါတယ်။

ဂါထာ၊မန္တရား တာအို လမ်းစဉ်ဆိုတာက အလွန်ကို ခက်ခဲတဲ့ လမ်းစဉ် တစ်ရပ်ပါပဲ။ ဒါပေမဲ့ တကယ်လို့သာ သူ့ဆီမှာ အင်မတန် ပါရမီပါတဲ့ တပည့်တစ်ယောက် ရှိရင်တော့ သူ့အနေနဲ့ လမ်းစဉ်ကို လျှောက်လှမ်းတဲ့ နေရာမှာ ကွာခြားကောင်း ကွာခြားသွားနိုင်ပါတယ်။

သူ့ရဲ့ တပည့်က နောင်အနာဂတ်မှာ သူ့ထက် ပိုအစွမ်းထက်တဲ့ ပညာရှင် ဖြစ်သွားရင် ပိုတောင် ကောင်းလိမ့်ပါဦးမယ်။ သူက သူ့ရဲ့တပည့်ဆီကနေ နည်းပေးလမ်းပြမှု တောင်းခံပြီး အေးအေးဆေးဆေး ကျင့်ကြံသွားရုံပါပဲ။

ဂုဏ်သိက္ခာတို့ ... နာမည်ကျော်ကြားမှုတို့...

အဲဒါတွေကိုတော့ ဂါထာ၊မန္တရား သိုင်းဧကရာဇ်အနေနဲ့ လုံးဝ ဂရုမစိုက်ပါဘူး။ သူက ဂါထာ၊မန္တရား တာအိုမှာ ဝေးနိုင်သမျှ ဝေးအောင် လျှောက်လမ်းနိုင်ဖို့ကိုပဲ ဂရုစိုက်တာပါ။

“ငါလောလို့တော့ မဖြစ်သေးဘူး။ ကောင်လေးကို ထပ်ပြီး စောင့်ကြည့်ဦးမှ "

စကားဆုံးတာနဲ့ တစ်ပြိုင်နက် ဂါထာ၊မန္တရား သိုင်းဧကရာဇ်ဟာ သူနေထိုင်ရာ အဆောင်ကနေ ပျောက်ကွယ်သွားပါတော့တယ်။

ဂါထာ၊မန္တရား သိုင်းဧကရာဇ်က လီဖူချန်းကို တပည့်အဖြစ် သိမ်းသွင်းဖို့ မလောချင်သေးပါဘူး။ သူက လီဖူချန်းကို  ဆက်ပြီး စောင့်ကြည့် လေ့လာချင်ပါသေးတယ်။

ဘာဖြစ်လို့လဲဆိုတော့ တချို့သော လူတွေက ဂါထာ၊မန္တရား လမ်းစဉ် အစပိုင်းမှာ တိုးတက်မှုနှုန်း အလွန်မြန်ပေမယ့် နောက်ပိုင်းကျရင် ဆက်လက်တိုးတက်မှု မရှိတော့ဘဲ ရပ်တန့်သွားတတ်လို့ပါပဲ။

***

တစ်လ ကြာပြီးသွားတဲ့ နောက်မှာတော့ လီဖူချန်းဟာ အခြေခံ ဂါထာ၊မန္တရားကျမ်း တစ်အုပ်လုံးနီးပါးကို နားလည်သဘောပေါက် သွားခဲ့ပါပြီ။ ပြီးတော့ သူက အခြေခံ ဂါထာ၊မန္တန်တွေ အကုန်လုံးကိုလည်း လေ့လာပြီးသွားခဲ့ပါပြီ။ သူက အခြေခံ ဂါထာ၊မန္တန်တွေ အကုန်လုံးကို တတ်မြောက်သွားခဲ့ပြီ ဆိုရင်လည်း မမှားပါဘူး။ သူ့မှာ ရှိနေတဲ့ အားနည်းချက်ဆိုလို့ သူက အဲသည် ဂါထာ၊မန္တန်တွေ အကုန်လုံးကို တစ်ဖက်ကမ်းခပ် တတ်မြောက်ခြင်းပဲ မရှိသေးတာပါ။

ဂါထာ၊မန္တရားတောင်ထိပ်၊ ခန်းဆောင်တွင်း တစ်နေရာ...

သည်ခန်းဆောင်အတွင်းမှာတော့ ဂါထာ၊မန္တရား သိုင်းဧကရာဇ်ဟာ လက်ဖက်ရည်ကြမ်း တစ်ခွက်ကို စိမ်ပြေနပြေနဲ့ ငှဲ့ပြီး အရသာခံ သောက်သုံးနေပါတယ်။ သူ့ရဲ့ ရှေ့မှာတော့ ခပ်ချောချော လူငယ်တစ်ယောက် ရှိနေပြီး အဲသည်လူငယ်ကတော့ လီဖူချန်းမှ လီဖူချန်းပါပဲ။

“လီဖူချန်း... မင်းက ငါတွေ့ဖူးသမျှ လူတွေထဲမှာ ပါရမီနဲ့ အလားအလာ အကောင်းဆုံး လူပဲ။ ဒါပေမဲ့ ငါ့ရဲ့ လက်ရင်းတပည့် ဖြစ်ဖို့ဆိုရင် ပါရမီနဲ့ အလားအလာ ကောင်းရုံတင် မရဘူးကွ။ မင်းအနေနဲ့ ပညာရပ် တစ်ခုတည်းကိုပဲ အာရုံ အပြည့်အဝ စူးစိုက်နိုင်ဖို့လိုတယ်။သည်လိုလုပ်ပါလား။ မင်းအနေနဲ့ ဓားတာအိုကို စွန့်လွှတ်ပြီး ငါ့ရဲ့ ဂါထာ၊မန္တရား တာအိုကို အပြည့်အဝ လိုက်စားမယ်လို့ ကတိပေးရင် ငါမင်းကို လက်ရင်းတပည့်အဖြစ် လက်ခံပေးမယ်။ မင်းရဲ့ တိုက်ခိုက်နိုင်စွမ်းတွေ လျော့ကျသွားမှာကိုလည်း ပူမနေနဲ့။ ငါ့ရဲ့ လမ်းပြသင်ကြားပေးမှုနဲ့ဆိုရင် အချိန်တိုအတွင်းမှာပဲ မင်းရဲ့ ဂါထာ၊မန္တရား တာအိုက မင်းရဲ့ ဓားတာအိုကို သာလွန်သွားလိမ့်မယ်။ နောက်ပိုင်းဆိုရင် မင်းရဲ့ ရန်သူတွေက မင်းတိုက်ခိုက်တာကို ဘယ်လိုမှ ခုခံနိုင်တော့မှာ မဟုတ်ဘူး။ဘယ်လိုလဲ။ မင်းစိတ်ဝင်စားရဲ့လား "

ဂါထာ၊မန္တရား သိုင်းဧကရာဇ်က လက်ဖက်ရည်ကြမ်း သောက်နေရင်းနဲ့ ရုတ်တရက် ဆိုသလို လီဖူချန်းကို ကမ်းလှမ်းလိုက်ပါတယ်။

အမှန်အတိုင်း ပြောရမယ် ဆိုရင် သူက တစ်ပြိုင်တည်း လမ်းစဉ် အများအပြား လျှောက်လှမ်းတဲ့ သူတွေကို လုံးဝ သဘောမတွေ့ပါဘူး။ ဒါကြောင့်လည်း သူက လီဖူချန်းကို ဓားတာအို လမ်းစဉ်ကို စွန့်လွှတ်ဖို့ ပြောလိုက်တာပါ။ တကယ်လို့သာ လီဖူချန်းအနေနဲ့ ဓားတာအို လမ်းစဉ်ကို စွန့်လွှတ်လိုက်မယ် ဆိုရင်တော့ သူဟာ လီဖူချန်းကို လက်ရင်းတပည့်အဖြစ် လက်ခံပြီး သူ့ဘဝ တစ်လျှောက်လုံး ဆည်းပူးလေ့လာခဲ့တဲ့ ဂါထာ၊မန္တရား ပညာရပ်တွေကို အိတ်သွန်ဖာမှောက် သင်ကြားပေးမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ လီဖူချန်းအနေနဲ့ ဓားတာအို လမ်းစဉ်ကို မစွန့်လွှတ်ဘူး ဆိုရင်တော့ သူ့အနေနဲ့ လီဖူချန်းကို ပညာကုန် မသင်ပေးနိုင်ပါဘူး။ သူ့အနေနဲ့ အလွန်ဆုံး သင်ပေးနိုင်မှ သူ့ပညာရဲ့ ဆယ်ပုံ တစ်ပုံ ဒါမှမဟုတ် နှစ်ပုံလောက်သာ သင်ကြားပေးနိုင်ပါမယ်။

တစ်ဖက်မှာလည်း လီဖူချန်းက သူ့ရဲ့ ဓားတာအိုကို စွန့်လွှတ်ဖို့ လုံးဝ စိတ်ကူး မရှိပါဘူး။အဲသည်အတွက် သူက မသက်မသာ အပြုံးမျိုး ပြုံးလိုက်ပြီး ဂါထာ၊မန္တရား သိုင်းဧကရာဇ်ကို တောင်းပန်စကား ဆိုလိုက်ပါတယ်။

“ကျွန်တော့်အနေနဲ့ ဓားတာအိုကို မစွန့်လွှတ်နိုင်ပါဘူး။  ဆရာကြီးကို ကျွန်တော် စိတ်ပျက်စေမိပါပြီ "

သူ့ရဲ့ ကျင့်ကြံသူခရီး အစကနေ အခုချိန်အထိ လီဖူချန်းတစ်ယောက် စွဲစွဲမြဲမြဲ ယုံကြည်ထားတာကတော့ ဓားတာအိုဟာ အစွမ်းအထက်ဆုံး လမ်းစဉ်ပါပဲ။ ဓားသမား တစ်ယောက်ဟာ သူ့ရဲ့ ဓားလမ်းစဉ်ကို အသက်နဲ့ယှဉ်ရင်တောင် စွန့်လွှတ်လေ့ မရှိပါဘူူး။ လီဖူချန်းကလည်း ဓားသမားတစ်ယောက် ဖြစ်တဲ့အတွက် သည်နေရာမှာတော့ ခြွင်းချက်မဲ့ပါတယ်။

ခန္ဓာကိုယ်သန့်စင်ခြင်း တာအို လမ်းစဉ်နဲ့ ဂါထာ၊မန္တရား တာအို လမ်းစဉ် ...

သည်လမ်းစဉ်တွေကတော့ လီဖူချန်းအတွက် ဓားတာအို လမ်းစဉ်ကို လျှောက်လမ်းရာမှာ အထောက်အကူပေးတဲ့ အရာတွေသက်သက်ပါပဲ။

“နှမြောစရာ ကောင်းလိုက်တာကွာ "

ဂါထာ၊မန္တရား သိုင်းဧကရာဇ်က သူ့ရဲ့ ခေါင်းကို တသွင်သွင် ခါယမ်းလိုက်ပါတယ်။

စစ်မှန်တဲ့ လိုအင်ဆန္ဒ မရှိဘူး ဆိုရင်တော့ ဂါထာ၊မန္တရားတာအို လမ်းစဉ်ရဲ့ ပန်းတိုင်အဆုံးသတ်ကို ရောက်ဖို့ဆိုတာက မဖြစ်နိုင်သလာက်ပါပဲ။ လီဖူချန်းအနေနဲ့ သူ့ရဲ့ သြချရလောက်တဲ့ အထုံပါရမီကြောင့် နောင်တစ်ချိန်မှာ သူ့ကို ကျော်လွန်ကောင်း ကျော်လွန်သွားပါလိမ့်မယ်။ ဒါပေမဲ့ လီဖူချန်းဟာ ဂါထာ၊မန္တရားတာအို လမ်းစဉ်ရဲ့ အဆုံးကိုတော့ ဘယ်လိုမှ ရောက်နိုင်မှာ မဟုတ်ပါဘူး။

“ရော့... ဒါက နောက်ထပ် ဂါထာ၊မန္တရား အခြေခံကျမ်းပဲ။ ဒါပေမဲ့ သည်ထဲမှာ ရေးသားပြုစုထားတဲ့ အကြောင်းအရာတွေက အရင်ကျမ်းထက် ပိုလေးနက်တယ်။ ဒါက ငါ့အတွက် ဘာမှ အသုံးမဝင်တော့ဘူး ဆိုတော့ မင်းကိုပဲ ပေးလိုက်မယ် "

အတန်ကြာ စဉ်းစားခန်း ဝင်ပြီးတဲ့ နောက်မှာတော့ ဂါထာ၊မန္တရား သိုင်းဧကရာဇ်ဟာ လီဖူချန်းကို ကျမ်းစာအုပ်တစ်အုပ် ထပ်ပေးလိုက်ပါတယ်။

လီဖူချန်းက ဓားတာအိုကို စွန့်လွှတ်သည် ဖြစ်စေ၊ မစွန့်လွှတ်သည် ဖြစ်စေ။ သူကတော့ လီဖူချန်းကို အမည်ခံ တပည့်အဖြစ် သတ်မှတ်ပြီးသားပါပဲ။

***

အခြေခံ  ဂါထာ၊မန္တရားများ...

သည်အရာတွေက  ဂါထာ၊မန္တရား ပညာရပ်မှာ အဆင့်အနိမ့်ဆုံး ဖြစ်တယ် ဆိုပေမယ့်လည်း လျစ်လျူ ရှုလိုက်လို့တော့ မရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဆင့်မြင့်  ဂါထာ၊မန္တရားတွေ ဆိုတာကလည်း သည်အခြေခံ   ဂါထာ၊မန္တရားတွေကနေ ပေါက်ဖွားလာတာ ဖြစ်နေလို့ပါပဲ။

ဥပမာအားဖြင့် ပြောရမယ် ဆိုရင်တော့ အဆင့်နိမ့် မုန်တိုင်းဆင့်ခေါ်ခြင်း မန္တန်ဟာ လေပြင်းမန္တန်နဲ့ မိုးမန္တန်ကို အခြေခံပြီး ပေါက်ဖွားလာတာ ဖြစ်ပါတယ်။

မိုးကြိုးငါးစင်း ဂါထာတော် ဆိုရင်လည်း တိမ်မန္တန်နဲ့ မိုးကြို း မန္တန်ကို အခြေခံထားတာပါပဲ။

နောက်ပြီး မိစ္ဆာနှင် ဂါထာကလည်း နှလုံးအေး ဂါထာနဲ့ စိတ်ချမ်းသာ ဂါထာကို အခြေခံပြီး ဖြစ်တည်လာခဲ့တာပါ။

အချုပ်အားဖြင့် ဆိုရမယ် ဆိုရင်တော့ အဆင့်မြင့် ဂါထာ၊မန္တရားတွေကို အသုံးပြု ဖို့ဆိုရင် အခြေခံ  ဂါထာ၊မန္တရားတွေကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ထားဖို့ လိုကိုလိုပါတယ်။

အခြားတစ်ဖက်မှာ ဆိုရင်လည်း လီဖူချန်းက သက်တံနီ နတ်ဘုရားမီးတောက် ကျင့်စဉ် အဆင့်၃၆ကို ဆက်ပြီး တီထွင်ဖို့ လုံးဝ မလစ်လပ်ပါဘူး။

သူ့အတွက်ကတော့  သက်တံနီ နတ်ဘုရားမီးတောက် ကျင့်စဉ် အဆင့်၃၆ကို တီထွင်တာက အခြေခံ  ဂါထာ၊မန္တရားတွေကို လေ့လာတာထက် ပိုပြီး အရေးကြီးပါတယ်။

***

“ဟား…ဟား... ကံကောင်းလိုက်တာကွာ။  ဂါထာ၊မန္တရား တာအိုကို လေ့လာတာက ငါ့ရဲ့ ကျင့်စဉ် တီထွင်တဲ့ နေရာမှာ အများကြီး အကျိုးသက်ရောက် စေတာပဲဟ "

သက်တံနီ နတ်ဘုရားမီးတောက် ကျင့်စဉ် အဆင့်၃၆ကို တီထွင်နေရင်းနဲ့ လီဖူချန်း သတိပြုမိလာတာကတော့ သူ့အနေနဲ့ ကျင့်စဉ်ကို တီထွင်ဖန်တီးရာမှာ ပိုပြီး လွယ်ကူချောမွေ့လာတယ် ဆိုတာပါပဲ။

တစ်ဆက်တည်းမှာပဲ သူက အဲဒါဟာ ဂါထာ၊မန္တရား တာအိုရဲ့ တစ်လောကလုံးမှာ ရှိတဲ့ အရာတွေနဲ့ ချိတ်ဆက်နေမှုကြောင့် ဆိုတာကို နားလည်လိုက်ပါတယ်။

သက်တံနီ နတ်ဘုရားမီးတောက် ကျင့်စဉ်ကို တီထွင်ဖန်တီးတယ် ဆိုတာက မီးတာအို၊ ဓားတာအိုနဲ့ ခန္ဓာကိုယ်တို့ကို လိုက်လျောညီထွေဖြစ်အောင် ချိတ်ဆက်လိုက်တာပါပဲ။

အစောပိုင်းကတော့ သူဟာ သည်အရာသုံးခုကို လိုက်လျောညီထွေဖြစ်ပြီး ချိတ်ဆက်အောင် မလုပ်ခဲ့နိုင်ပါဘူး။ဒါပေမဲ့လည်း အခုတော့ သူဟာ ဂါထာ၊မန္တရား အခြေခံကို နားလည် တတ်ကျွမ်းသွားပြီ ဖြစ်တဲ့အတွက်  မီးတာအို၊ ဓားတာအိုနဲ့ ခန္ဓာကိုယ်တို့ကို ချိတ်ဆက်ဖို့ ဆိုတာဟာ အတော်လေး လွယ်ကူသွားခဲ့ပါပြီ။

သည်လိုနဲ့ပဲ နောက်ထပ် အချိန်တစ်လဟာ မသိမသာ ကုန်ဆုံးသွားခဲ့ ပြန်ပါတယ်။

ဝုန်း...

ကောင်းကင်ဆီကို ထိုးတက်နေတဲ့ မီးတန်းကြီး တစ်ခု ...

တိတိကျကျ ပြောရမယ် ဆိုရင်တော့ နှစ်ဖက်သွားဓား တစ်လက် ပုံသဏ္ဌာန်ဆောင်နေတဲ့ မီးတန်းကြီးတစ်ခု...

သည်မီးတန်းကြီးက ဂါထာ၊မန္တရားတောင်ထိပ် တစ်နေရာကနေ ဖြစ်တည်လာတာ ဖြစ်ပြီး စွမ်းအင်သိပ်သည်းမှုကလည်း အတော်လေး မြင့်လွန်းလှတယ်လို့ ဆိုရပါမယ်။ ပြီးတော့ အဲသည် ဓားပုံသဏ္ဌာန် မီးတန်းကြီးက မိုးကောင်းကင် တစ်ခုလုံးကိုတောင်မှ ဆုတ်ဖြဲပစ်တော့မလိုပါပဲ။

“ဟင်... သူက ကိုယ်ပိုင် ဓားတာအို ကျင့်စဉ်တစ်ခုကိုတောင် တီထွင်လိုက်နိုင်ပြီလား "

ဂါထာ၊ မန္တရား ဧကရာဇ်က မီးတန်းကြီးကို မြင်လိုက်တာနဲ့ တစ်ပြိုင်နက် တရားခံလက်သည်ကို တန်းပြီး ခန့်မှန်းလိုက်နိုင်ပါတယ်။ သည်မီးတန်းကြီးကို ဖြစ်ပေါ်စေတဲ့သူက လီဖူချန်းကလွဲပြီး တခြားလူ မရှိနိုင်ပါဘူး။

ဂါထာ၊မန္တရား ဧကရာဇ်က သူ့အနေနဲ့ လီဖူချန်းရဲ့ ထိုးထွင်းသိမြင်စွမ်းကို အထင်သေးခဲ့မိတယ်လို့ ဝန်မခံချင်လည်း ဝန်ခံရမှာပါပဲ။

အဆင့်နိမ့် မူလပင်လယ် နယ်ပယ်မှာကတည်းက ထူးခြားတဲ့ ကျင့်စဉ်ကို တီထွင်နိုင်တဲ့ ပါရမီရှင်။

သည်လို ပါရမီရှင်မျိုးက ဧကရာဇ်ကောင်းကင် သမိုင်းတစ်လျှောက်မှာ ထိုးထွင်းသိမြင်မှု အကောင်းဆုံး ပါရမီရှင်တွေထဲက တစ်ယောက်လို့တောင် ဆိုနိုင်နေပါပြီ။ ရှင်းရှင်းပြောရမယ် ဆိုရင် သည်ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်ကြီးမှာ လီဖူချန်းရဲ့ ထိုးထွင်းသိမြင်မှုထက် သာလွန်တဲ့သူက နံပါတ်တစ် ဧကရာဇ်ဖြစ်တဲ့ ဝိညာဉ်ဧကရာဇ်ပဲ ရှိပါတော့မယ်။

“ဟင်း... ဒါကြောင့်လည်း သူက ဓားတာအို လမ်းစဉ်ကို မစွန့်လွှတ်ချင်တာကိုး။ အင်းလေ... ဒါက သိပ်တော့ မထူးဆန်းပါဘူး။ ငါသာ သူ့နေရာမှာ ဆိုရင်လည်း သည်လို လုပ်မှာပဲ "

ဂါထာ၊မန္တရား ဧကရာဇ်က ကောင်းကင်ပေါ်ကို ထိုးတက်နေတဲ့ မီးတန်းကြီးကို ကြည့်ပြီး မချိ ပြုံး ပြုံးလိုက်မိပါတယ်။

***

သက်တံနီ နတ်ဘုရားမီးတောက်ကျင့်စဉ် အဆင့်၃၆ကို ရောက်ပြီးသွားတဲ့ အခါမှာတော့ လီဖူချန်းရဲ့ ချီအတွင်းအားဟာ အဆပေါင်းများစွာ သိပ်သည်းသွားခဲ့ပါတယ်။ နဂိုမူလတုန်းက အခြေအနေအတိုင်း ဆိုရင်တော့ လီဖူချန်းအနေနဲ့ သက်တံနီ နတ်ဘုရားမီးတောက်ကျင့်စဉ် အဆင့်၃၆ကို တီထွင်နိုင်ရင်တောင်မှ သူရဲ့ ချီအတွင်းအား သိပ်သည်းမှုဟာ အလွန်ဆုံး  နှစ်ဆ၊သုံးဆထက် မပိုပါဘူး။

ဒါပေမဲ့လည်း လီဖူချန်းက ကံကောင်းပြီး ဂါထာ၊မန္တရား တာအို အခြေခံကျမ်းစာအုပ် နှစ်အုပ်ကို ဖတ်လိုက်ရတဲ့အတွက် သူ့ရဲ့ ကျင့်စဉ်ထဲကို ဓားတာအိုတွေ ပိုပြီး ပေါင်းထည့်နိုင်ခဲ့ပါတယ်။ အဲသည်အတွက်ကြောင့်ပဲ သူ့ရဲ့ ချီအတွင်းအားတွေဟာ အရင်ကထက်ကို အဆပေါင်းများစွာ သိပ်သည်းလာခဲ့တာပါ။

အဲဒါကို ဥပမာပြပါ ဆိုရင်တော့ ရေနဲ့ ချော်ရည်ကို နှိုင်းယှဉ် ပြရမှာပဲ ဖြစ်ပါတယ် ။ ရေနဲ့ ချော်ရည်က ထုထည်ပမာဏချင်း တူနေရင်တောင်မှ သိပ်သည်းမှုချင်း အကွာကြီး မဟုတ်ပါလား။

“ဟား... ဟား... ဟား... နောက်ဆုံးတော့ ငါအောင်မြင်သွားပြီကွ "

လီဖူချန်းရဲ့ မျက်နှာပေါ်မှာတော့ ကျေနပ်နှစ်သိမ့်မှုတွေ အထင်းသားပါပဲ။ သူ့အနေနဲ့ အခုလက်ရှိ သူ့ရဲ့ အခြေအနေကို မကျေနပ်လို့လည်း မရပါဘူး။

တကယ်လို့ သူ့အနေနဲ့ သူ့ရဲ့ အခုလက်ရှိ အခြေအနေကို မကျေနပ်ဘူး ဆိုရင်တော့ လိမ်ရာ ကျသွားပါလိမ့်မယ် ။ဘာဖြစ်လို့လဲဆိုတော့ သူရဲ့ ကျင့်ကြံမှုက  မူလပင်လယ် နယ်ပယ် အဆင့်၁ ရဲ့ အထွတ်အထိပ်ကို ရောက်ရှိသွားခဲ့လို့ပါပဲ။

ပြီးတော့ သူ့ရဲ့ ချီအတွင်းအားကလည်း သာမန် အဆင့်၆ မူလပင်လယ်နယ်ပယ် ဘုရင်တွေရဲ့ ချီအတွင်းအားကိုတောင် ယှဉ်နိုင်စွမ်း ရှိနေပါပြီ။

သာမန် အဆင့်၁ မူလပင်လယ်နယ်ပယ် ဘုရင်တွေကို ဆိုရင်တော့ သူ့အနေနဲ့ စကားထဲ ထည့်ပြောစရာကို မလိုပါဘူး။သူက လက်လေး တစ်ချက် တောက်လိုက်ရုံနဲ့တင် သူတို့ကို ဖိနှိပ်နိုင်ပါတယ်။

“အင်း... အခုငါ့ရဲ့ ကျင့်စဉ်ထဲမှာက ဓားတာအိုတွေ အများကြီး ပေါင်းထည့်ပြီးထားပြီ ဆိုတော့ သက်တံနီ နတ်ဘုရားမီးတောက် ကျင့်စဉ်လို့ ဆက်ခေါ်ဖို့ မသင့်တော်တော့ဘူး။အဲသည်တော့ ငါက သည်ကျင့်စဉ်ကို မီးတောက်နတ်ဓား ကျင့်စဉ်လို့ နာမည်ပေးလိုက်မယ်။ သည်ကျင့်စဉ်ကနေ ရတဲ့ ချီအတွင်းအားတွေကိုလည်း နတ်ဓားစွမ်းအင်လို့ ခေါ်ရမယ် "

အဆင့်၃၆ကို ရောက်ပြီးတဲ့ နောက်မှာတော့ သက်တံနီ နတ်ဘုရားမီးတောက် ကျင့်စဉ်ဟာ နဂိုမူလ လမ်းကြောင်းကနေ သွေဖည်သွားခဲ့ပါပြီ။ အဲသည်အတွက် လီဖူချန်းက သူ့ရဲ့ ကျင့်စဉ်ကို နာမည်အသစ် ထပ်ပေးလိုက်ပါတော့တယ်။

***

All Chapters