← Chapters

ရန်သူတော်ဟောင်း

Vol. 45 Ch. 603

ရန်သူတော်ဟောင်း

Vol. 45 Ch. 603

စမ်းသပ်ချက် အချို့ကို ပြုလုပ်ပြီးတဲ့ နောက်မှာတော့ လီဖူချန်းဟာ သူ့ရဲ့ လက်ရှိ တိုက်ခိုက်နိုင်စွမ်းကို အကြမ်းဖျင်း သိလိုက်ရပါတယ်။ သူ့ရဲ့ လက်ရှိ တိုက်ခိုက်နိုင်စွမ်းက အကြို-ဧကရာဇ်တွေကိုတောင် မီလုနီးပါးပါပဲ။

ဒါကလည်း သိပ်တော့ မထူးဆန်းလှပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့ နတ်မီးတောက်ဓား ကျင့်စဉ်က သာမန် အဆင့်နိမ့် ကောင်းကင်အဆင့် ကျင့်စဉ် မဟုတ်လို့ပါပဲ။ သူ့ရဲ့ ကျင့်စဉ်က မီးလျှံတာအိုနဲ့ ဓားတာအို အချိုးကျ ရောစပ်ထားတဲ့ ကောင်းကင် အဆင့်နိမ့် ကျင့်စဉ် ဖြစ်ပါတယ်။

အဲဒါကိုမှ ကောင်းကင်အဆင့်နိမ့် ဓားသိုင်းနဲ့ ကောင်းကင်အဆင့်နိမ့် ရှေးဟောင်းရတနာ ဓားကိုပါ ထည့်ပေါင်းလိုက်မယ် ဆိုရင်တော့ လီဖူချန်းဟာ ဥပဒေသပြောင်းလဲခြင်း နယ်ပယ်အောက်မှာ ကြောက်ရမယ့်လူ သိပ်ရှိတော့မှာ မဟုတ်ပါဘူး။

“အင်း ... သည်အတိုင်းဆိုရင် ငါ့ရဲ့ ကျင့်ကြံမှု နောက်တစ်ဆင့် တက်ဖို့က တစ်နှစ်နီးပါးလောက်ပဲ စောင့်ရတော့မယ် ထင်ပါရဲ့ "

လီဖူချန်းက ခပ်တိုးတိုး ရေရွတ်လိုက်ပါတယ်။

အခုဆိုရင် သူ့ရဲ့ သက်တံနီ နတ်ဘုရားမီးတောက် ချီအတွင်းအားတွေက နတ်ဓားစွမ်းအင်အဖြစ်ကို ပြောင်းသွားခဲ့ပါပြီ။ အဲဒါက သူ့ရဲ့ ချီအတွင်းအားတွေကိုတင် တိုးပွားလာစေတာ မဟုတ်ပါဘူး။ အဲဒါက သူ့ရဲ့ စွမ်းအင်ဗဟိုချက်မ ပင်လယ်ကိုပါ အားဖြည့်ပေးပြီး ပိုကြံ့ခိုင်လာစေပါတယ်။

ဒါကြောင့်လည်း လီဖူချန်းက နောက်ထပ် တစ်နှစ်လောက်ဆိုရင် သူ့အနေနဲ့ အဆင့်တက်နိုင်တော့မယ်လို့ တွေးထင်နေရတာပါ။

တကယ်လို့သာ လီဖူချန်းဆီမှာ နတ်ဓားစွမ်းအင် မရှိလို့ကတော့ သူဟာ နောက်တစ်ဆင့်ကို အဆင့်တက်ဖို့အတွက် သုံးနှစ် ဒါမှမဟုတ် လေးနှစ်လောက် စောင့်ရမှာ အသေအချာပါပဲ။ မဟုတ်ရင်တော့ သူ့ရဲ့ စွမ်းအင်ဗဟိုချက်မ ပင်လယ်ဟာ ပျက်စီးသွားမှာ ဖြစ်ပါတယ်။

အဲသည်လို ဖြစ်သွားရင်တော့ လီဖူချန်းအတွက် အလွန် ဝမ်းနည်းစရာ အဖြစ်အပျက် ဖြစ်သွားပါလိမ့်မယ်။

သည်နှစ်တွေမှာ လီဖူချန်းဟာ သူ့ရဲ့ ထိုးထွင်းသိမြင်မှုနဲ့ ကံကောင်းမှုတွေကြောင့် အဆင့်တွေ အများကြီးကို အလျင်အမြန် တက်ခဲ့တာပါ။

တကယ်လို့ သူသာ   ကြယ်၈ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင် ဖြစ်နေမယ်ဆိုရင်တော့ သူ့အနေနဲ့ အဆင့်တွေ အမြန် တက်တဲ့အပေါ် စိုးရိမ်နေစရာ လိုမှာ မဟုတ်ပါဘူး။ဒါပေမဲ့ ပြဿနာက သူဟာ ကြယ်၆ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်သာ ဖြစ်နေခဲ့ပါတယ်။

ကြယ်၆ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တစ်ယောက်ရဲ့ စွမ်းအင်ဗဟိုချက်မ ပင်လယ်က ထင်သလောက် ကြံ့ခိုင်ခြင်း မရှိပါဘူး။

ကံကောင်းတာ တစ်ခုကတော့ သူက ခန္ဓာကိုယ် သန့်စင်ခြင်း လမ်းစဉ်ကိုပါ လျှောက်လှမ်းသူ ဖြစ်နေတဲ့အတွက် သူ့ရဲ့ စွမ်းအင်ဗဟိုချက်မ ပင်လယ်ဟာ ကြယ်၆ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေထက် ပိုကြံ့ခိုင်နေတာပါပဲ။ မဟုတ်လို့ကတော့ လီဖူချန်းအနေနဲ့ မူလပင်လယ်နယ်ပယ် အဆင့်၁ကိုတောင် ရောက်စရာ အကြောင်း မရှိပါဘူး။

***

နတ်မီးတောက်ဓား ကျင့်စဉ် အဆင့်၃၆ကို အောင်မြင်စွာ တီထွင်ပြီးတဲ့ နောက်မှာတော့ လီဖူချန်းဟာ သူ့ရဲ့ အာရုံစူးစိုက်မှုတွေ အကုန်လုံးနီးပါးကို ဂါထာ၊မန္တန်တွေဘက်ကို ပုံချလိုက်ပါတယ်။

သူက ဂါထာ၊မန္တရား တာအိုကို ဂါထာ၊မန္တရား သိုင်းဧကရာဇ်လို အဆင့်အထိ ရောက်အောင် ကျင့်ဖို့တော့ စိတ်ကူးမရှိပါဘူး။ ဒါပေမဲ့ သူက သည်ပညာရပ် အပေါ်မှာ နက်နက်နဲနဲ နားလည်ကျွမ်းဝင် ထားချင်ပါသေးတယ်။

နောက်ထပ် ရက်အနည်းငယ် အကြာမှာတော့ လီဖူချန်းဟာ ဂါထာ၊မန္တရား သိုင်းဧကရာဇ် အသစ်ထပ်ပေးလိုက်တဲ့ ဂါထာ၊မန္တရား အခြေခံကျမ်း တစ်ခုလုံး နီးပါးကို နားလည် သဘောပေါက်သွားခဲ့ပါပြီ။

သည်ကျမ်းစာအုပ် ထဲမှာက အခြေခံ ဂါထာ၊မန္တန်တွေတင်မကဘဲ  အဆင့်နိမ့် ဂါထာ၊မန္တန်တွေပါ ပါဝင်နေပါသေးတယ်။

ဂါထာ၊မန္တရား ပညာရပ်ရဲ့ အဆင့်အတန်း ခွဲခြားထားပုံက သိုင်းပညာရပ်နဲ့တော့ မတူညီပါဘူး။ သူတို့ကိုက အခြေခံ၊ အဆင့်နိမ့်၊အလယ်အလတ် အဆင့်၊ အဆင့်မြင့်နဲ့ အထွတ်အထိပ် အဆင့် ဆိုပြီး ငါးမျိုး ခွဲခြားထားတာပါ။

ပြီးတော့ ဂါထာ၊မန္တန်တွေရဲ့ အစွမ်းကလည်း အသုံးပြုသူရဲ့ နားလည်ကျွမ်းကျင်မှုအပေါ် မူတည်ပြီး အစွမ်းထက်မြက်ပုံခြင်း ကွာခြားသွားပါသေးတယ်။

ဥပမာအားဖြင့် ဂါထာ၊မန္တရား သိုင်းဧကရာဇ် ဆိုကြပါစို့။တကယ်လို့သာ ဂါထာ၊မန္တရား သိုင်းဧကရာဇ် အနေနဲ့ အခြေခံ မန္တန်တစ်ပုဒ်ဖြစ်တဲ့ လေပြင်းမန္တန်ကို အသုံးပြုလိုက်မယ် ဆိုရင် သူဆင့်ခေါ်လိုက်တဲ့ လေတွေဟာ သာမန်လေပြင်းတွေ ဖြစ်နေမှာ မဟုတ်ပါဘူး။ အဲဒါက လေသင်တုန်းဓားသွားတွေ ပါဝင်နေတဲ့ လေပြင်းတွေ ဖြစ်နေပါလိမ့်မယ်။ အဲသည်လေသင်တုန်း ဓားသွားတွေက ဥပဒသပြောင်းလဲခြင်း နယ်ပယ် ဧကရာဇ် အချင်းချင်း အတွက်တော့ ပြဿနာ မဟုတ်ပေမယ့် မူလပင်လယ် နယ်ပယ် ဘုရင်တွေ အတွက်ကတော့ ပြဿနာကြီးပါပဲ။ အဲသည် လေသင်တုန်း ဓားသွားတွေက မူလပင်လယ်နယ်ပယ် ဘုရင် အုပ်လိုက်ကြီးကို ကောင်းကောင်း သတ်ဖြတ်နိုင်စွမ်း ရှိပါတယ်။

အယူအဆ သဘောထားအရ ပြောရရင်တော့ အခြေခံအကျဆုံး ဂါထာ၊မန္တန်တွေဟာ အစွမ်း ကန့်သတ်ချက် မရှိပါဘူး။

ရှင်းရှင်းပြောရမယ်ဆိုရင် ဂါထာ၊မန္တန်တွေ ဆိုတာက မိုးကောင်းကင်နဲ့ မဟာပထဝီ မြေကြီးရဲ့ စွမ်းအားတွေကို အငှားရယူဖို့ တီထွင်ထားတဲ့ ကြားခံ အရာတွေ ဖြစ်ပါတယ်။ မိုးကောင်းကင်နဲ့ မဟာပထဝီ မြေကြီးမှာက အစွမ်း ကန့်သတ်ချက် မရှိမှတော့ အဲဒါကို အငှားရယူထားတဲ့ ဂါထာ၊မန္တန်တွေမှာလည်း ဘယ်လိုလုပ်ပြီး စွမ်းအား ကန့်သတ်ချက် ရှိနိုင်ပါ့မလဲ။

ဒါပေမဲ့ ပြဿနာက ကျင့်ကြံသူတွေပါပဲ။ ဂါထာ၊မန္တန်တွေမှာက အစွမ်း ကန့်သတ်ချက် မရှိပေမယ့်လည်း ကျင့်ကြံသူတွေမှာက အစွမ်း ကန့်သတ်ချက် ရှိပါတယ်။ သူတို့က မိုးကောင်းကင်နဲ့ မဟာပထဝီမြေကြီးရဲ့ အစွမ်းတွေကို စိတ်ရှိတိုင်း အငှားရယူ သုံးစွဲနိုင်စွမ်း မရှိပါဘူး။

ဒါကြောင့်လည်း  ကျင့်ကြံသူတစ်ယောက်ရဲ့  ဂါထာ၊မန္တန်တွေအပေါ် နားလည်သဘောပေါက်မှု ကွာဟချက်က သူတို့ရဲ့ အစွမ်းတွေကို ခြားနားသွားစေတာ ဖြစ်ပါတယ်။

အဆင့်နိမ့် ဂါထာ၊မန္တန်များ...

ဂါထာ၊မန္တရား လမ်းစဉ်မှာက အဆင့်နိမ့် ဂါထာ၊မန္တန်တွေကိုတောင်မှ အင်မတန် အဖိုးတန်တဲ့ အရာတွေအဖြစ် သတ်မှတ်လို့ ရနေပါပြီ။ ဂါထာ၊မန္တရား  သိုင်းဧကရာဇ်ဆိုရင် အဆင့်နိမ့် ဂါထာ၊မန္တန်တွေကိုပဲ သုံးပြီး တခြား ဧကရာဇ်တွေကို ဖိအားပေးနေတာပါ။ အထူးသဖြင့် ဂါထာ၊မန္တန်တွေ ရွတ်ဆိုဖို့ အချိန် ပိုပိုလျှံလျှံ ရလိုက်တဲ့ အချိန်မျိုးဆိုရင် အားနည်းတဲ့ ဧကရာဇ်တွေကို ဒုက္ခလှလှ တွေ့သွားအောင်  စွမ်းဆောင်နိုင်ပါတယ်။

အလယ်အလတ်အဆင့် ဂါထာ၊မန္တန်များ...

သူတို့ကတော့ အဆင့်နိမ့် ဂါထာ၊မန္တန်တွေထက်ကို  ပိုအစွမ်းထက်ပြီး ဂါထာ၊မန္တရား သိုင်းဧကရာဇ်ရဲ့ ဝှက်ဖဲတွေ ဆိုရင်လည်း မှားမယ် မထင်ပါဘူး။ ဂါထာ၊မန္တရား သိုင်းဧကရာဇ်ရဲ့ အဆိုအရ ဆိုရင်တော့ တကယ်လို့ သူ့အနေနဲ့ အလယ်အလတ်အဆင့် ဂါထာ၊မန္တန် တစ်ပုဒ်ကို ထုတ်သုံးဖို့အတွက် အချိန် လုံလုံလောက်လောက် ရခဲ့မယ်ဆိုရင် ဥပဒေသ ပြောင်းလဲခြင်းနယ်ပယ် အလယ်အလတ်ပိုင်းက ဧကရာဇ် တစ်ပါးကိုတောင် သတ်ပစ်နိုင်ပါတယ်တဲ့။

အဆင့်မြင့် ဂါထာ၊မန္တန်များနဲ့ အထွတ်အထိပ် ဂါထာ၊မန္တန်များ...

သည်အရာတွေကိုတော့ ဂါထာ၊မန္တရား ဧကရာဇ် ကိုယ်တိုင်လည်း ပိုင်ဆိုင်ထားနိုင်ခြင်း မရှိပါဘူး။ ဂါထာ၊မန္တရား ဧကရာဇ်ကို မပြောပါနဲ့။ သည်ဧကရာဇ် ကောင်းကင် ကုန်းမြေတိုက်ကြီး တစ်ခုလုံးကို မြေလှန်ပြီး ရှာဖွေမယ် ဆိုရင်တောင်မှ အဆင့်မြင့် ဂါထာ၊မန္တန်နဲ့ အထွတ်အထိပ် အဆင့် ဂါထာ၊မန္တန်ကို ပိုင်ဆိုင်ထားသူ အရေအတွက်ဟာ လက်သုံးချောင်း ပြည့်ချင်မှ ပြည့်ပါလိမ့်မယ်။

သည်နေရာမှာ တစ်ခု သိထားရမှာကတော့ ရက်စက်ပြီး အစွမ်းထက်လှပါတယ်ဆိုတဲ့ သွေးဧကရာဇ်ရဲ့ သွေးအရိုးစု ကျိန်စာကိုတောင်မှ သာမန်ထက် အနည်းငယ် ပိုထူးခြားတဲ့  အလယ်အလတ်အဆင့် ဂါထာ၊မန္တန် တစ်ပုဒ်အဖြစ်သာ သတ်မှတ်ထားတယ် ဆိုတာပါပဲ။အဲဒါက အဆင့်မြင့် ဂါထာ၊မန္တန် ဖြစ်ဖို့ အဆင့်မမီပါဘူး။

***

ဂါထာ၊မန္တရား သိုင်းဧကရာဇ် ပေးခဲ့တဲ့   ဒုတိယကျမ်းစာအုပ်ထဲမှာ ပါတဲ့ အဆင့်နိမ့် ဂါထာ၊မန္တန် သုံးပုဒ်ကတော့ မုန်တိုင်းဆင့်ခေါ်ခြင်း မန္တန်၊ မိုးကြိုးငါးစင်း ဂါထာနဲ့ မိစ္ဆာနှင် ဂါထာတို့ပဲ ဖြစ်ပါတယ်။

မုန်တိုင်းဆင့်ခေါ်ခြင်း မန္တန်...

သည်မန္တန်က ရာသီဥတုကို ပြောင်းလဲနိုင်တဲ့ အစွမ်းမျိုး ရှိပြီး နားလည်ကျွမ်းကျင်မှု ပိုကောင်းလေလေ၊ သက်ရောက်နိုင်တဲ့ ဧရိယာ ပိုကျယ်လေလေပါပဲ။  ကောလာဟလတွေအရ ဆိုရင်တော့ ကျင့်ကြံသူတစ်ယောက်ဟာ သည်မန္တန်ကို လုံလောက်တဲ့ အဆင့်တစ်ခုအထိ နားလည်ကျွမ်းကျင် သွားမယ်ဆိုရင် ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်ကြီး တစ်ခုလုံးကိုတောင်မှ နှစ်ပေါင်းတစ်ရာလောက် လေ၊ မိုး ထန်သွားအောင် လုပ်ထားနိုင်ပါတယ်တဲ့။

ဒါပေမဲ့လည်း အဲဒါက ကောလာဟလ သက်သက်သာ ဖြစ်တဲ့အတွက် အဲသည်ကိစ္စ မှန်၊မမှန် ဆိုတာကို ဘယ်သူမှ သက်သေ မပြနိုင်သေးပါဘူး။

လီဖူချန်းကတော့ အဲသည်လို စွမ်းဆောင်နိုင်ဖို့ဆိုရင်  အဲသည်ကျင့်ကြံသူဟာ အနည်းဆုံး သူတော်စင် နယ်ပယ်ကို ရောက်နေမှ ရမယ်လို့ တွေးမိပါတယ်။

မိုးကြိုးငါးစင်း ဂါထာ ...

သည်ဂါထာကတော့ တိုက်ခိုက်ဖို့ကို အင်မတန် အားပေးတဲ့ ဂါထာ တစ်ပုဒ်လို့ပဲ ဆိုရပါမယ်။အဲဒါက ရန်သူကို တစ်မုဟုတ်ချင်း ပေါက်ကွဲသွားစေနိုင်တဲ့ ကောင်းကင်မိုးကြိုး ငါးမျိုးကို ဆင့်ခေါ်နိုင်ပါတယ်။

ကောင်းကင်မိုးကြိုး ဆိုတာကတော့ မိုးကောင်းကင်တာအို ခိုဝင်ကိန်းအောင်းနေတဲ့ မိုးကြိုးကို ခေါ်တာပါပဲ။ သည်မိုးကြိုးငါးစင်း ဂါထာကလည်း အသုံးပြုသူရဲ့ ကျွမ်းကျင် နားလည်မှုအပေါ် မူတည်ပြီး မိုးကြိုးတွေရဲ့ ပြင်းထန်မှုက အမျိုးမျိုး ပြောင်းလဲနိုင်ပါတယ်။

မိစ္ဆာနှင်ဂါထာ...

သည်ဂါထာကတော့ မကောင်းတဲ့ သက်ရောက်မှုတွေကို ပယ်ဖျက်ချင်တဲ့အခါ သုံးရတဲ့ ဂါထာတစ်ပုဒ် ဖြစ်ပါတယ်။

ဥပမာအားဖြင့် ဆိုရင်တော့ အတွင်းစိတ်တစ္ဆေ ခြောက်လှန့်ခြင်း ခံနေရတဲ့ အခါမျိုးပေါ့။ ပြီးတော့ မိစ္ဆာနှင် ဂါထာက  ပုံမှန်မဟုတ်ဘဲ အငြိုးတကြီး ဖြစ်နေတဲ့သရဲ၊တစ္ဆေတွေက လူတစ်ယောက်ကို ဝင်စီးထားတဲ့ အခါမျိုးတွေမှာလည်း နှင်ထုတ်ဖို့ အသုံးဝင်ပါတယ်။

အချုပ်အားဖြင့် ဆိုရမယ် ဆိုရင်တော့ သည်မိစ္ဆာနှင် ဂါထာဟာ  သည်အတိုင်း အထောက်အကူပြု ဂါထာတစ်ပုဒ် ဖြစ်ပေမယ့်လည်း အဆင့်နိမ့် ဂါထာ၊မန္တန် သုံးပုဒ်ထဲမှာ တန်ဖိုး အရှိဆုံးပါပဲ။

***

သုံးရက် ...

လီဖူချန်းအနေနဲ့ သည်အဆင့်နိမ့်  ဂါထာ၊မန္တန် သုံးပုဒ်ကို နားလည်ဖို့အတွက် အချိန်သုံးရက်ထက် ပိုမယူခဲ့ရပါဘူး။

ဒါပေမဲ့လည်း သည်အဆင့်နိမ့် ဂါထာ၊မန္တန် သုံးပုဒ်က သိပ်ပြီးတော့ အစွမ်း မထက်တဲ့အတွက် လီဖူချန်းဟာ သူတို့ကို အဖြစ်သဘောလောက်သာ လေ့လာသင်ယူခဲ့ပါတယ်။

“သည်ကလေးရဲ့ ပင်ကိုပါရမီက လုံးဝ အတိုင်းအဆ မရှိဘူး။ တောက်... နှမြောဖို့ ကောင်းလိုက်တာကွာ "

လီဖူချန်းရဲ့  ဂါထာ၊မန္တရား တာအိုပိုင်းမှာ တိုးတက်မှုကို မြင်လေလေ၊ နှမြောတသသ ဖြစ်လေလေ ဖြစ်နေသူကတော့  ဂါထာ၊မန္တရား သိုင်းဧကရာဇ်ပါပဲ။  လီဖူချန်းတစ်ယောက် ဓားတာအို လမ်းစဉ်မှာ ဘယ်လောက်ပဲ တိုးတက်နေပါစေ။သူက လုံးလုံးကို ဂရုမစိုက်ပါဘူး။ သူက လီဖူချန်းဟာ  ဂါထာ၊မန္တရားတာအိုအတွက် မွေးဖွားလာသူလို့ပဲ ရှုမြင်နေပါတယ်။

“ဟင်... ဒါ... ဒါက "

ဘာဖြစ်လို့ ဖြစ်မှန်းတော့ မသိပါဘူး။ ခန်းဆောင်တစ်ခုထဲကနေ လီဖူချန်းကို စောင့်ကြည့်နေတဲ့  ဂါထာ၊မန္တရား ဧကရာဇ်ဟာ ရုတ်တရက် မျက်နှာပျက်သွားပြီး အနောက်ဘက် အရပ်ကို လှမ်းကြည့်လိုက်ပါတယ်။ ကြည့်ရတာတော့ သူဟာ အန္တရာယ် အငွေ့အသက် တစ်ခုကို ရလိုက်တဲ့ ပုံပါပဲ။ ပြီးတော့ တစ်ချိန်တည်းမှာပဲ သူဟာ ကျောက်သလင်းနဲ့ ပြုလုပ်ထားပုံ ရတဲ့ စက်လုံးတစ်ခုကို ထုတ်ယူလိုက်ပါသေးတယ်။

ဝှစ်... ဝှစ်... ဝှစ်...

"ဥုမ်... @#%#&$*$-$$ @#%"

ဂါထာ၊မန္တရား သိုင်းဧကရာဇ်က ထူးဆန်းတဲ့ လက်ဟန်တွေကို ပြုလုပ်ပြီး မန္တန်တစ်ပုဒ် ရွတ်ဆိုလိုက်တဲ့ အခါမှာတော့ ရက်စက်ကြမ်းကြုတ်ဟန်ရှိတဲ့ လူကြီးတစ်ယောက်ရဲ့ ပုံရိပ်ဟာ စက်လုံးထဲမှာ ပေါ်လာခဲ့ပါတယ်။သူက ရောင်စုံအင်္ကျီကို ဝတ်ဆင်ထားပြီး ဘယ်သူ့ကိုမှ သနားငဲ့ညှာမယ့် ပုံမျိုး မရှိပါဘူး။

“ဟူး... သူက တကယ်ပဲ နိမိတ်ဆိုး ဘုရားကျောင်းက ထွက်လာပြီကိုး "

ဂါထာ၊မန္တရား ဧကရာဇ်ရဲ့ မျက်နှာကတော့ အတော်လေး ညှိုးလျနေခဲ့ပါပြီ။

“အရှုပ်မလေး၊ လီဖူချန်း ... ငါ့ဆီကို အခုချက်ချင်း လာခဲ့ကြ "

ဂါထာ၊မန္တရား ဧကရာဇ်က စက်လုံးကို ပြန်သိမ်းလိုက်ပြီး လီဖူချန်းနဲ့ ရှန်ကောင်းယုတို့ကို လှမ်းခေါ်လိုက်ပါတယ်။

“ဦးလေးဖန် ... ဘာဖြစ်တာလဲ "

“ဆရာကြီး "

ဟူး... ဟူး...

ဂါထာ၊မန္တရား ဧကရာဇ်ရဲ့ အသံ မဆုံးခင်မှာဘဲ လီဖူချန်းနဲ့ ရှန်ကောင်းယုတို့ဟာ အဆောင်ရဲ့ ဝင်ပေါက်မှာ တစ္ဆေနှစ်ကောင်လို ပေါ်လာခဲ့ပါပြီ။

“ငါ့ရဲ့ ရန်သူတော်ဟောင်းက ကျင့်ကြံနေရာကနေ ထွက်ပြီး ငါ့ဆီ လာနေပြီ။ အဲသည်တော့ ငါ့အနေနဲ့ သည်တောင်ကနေ ခဏ ရှောင်ပြေးရလိမ့်မယ်။ မင်းတို့နှစ်ယောက်လည်း တောင်ပေါ်က ဆင်းဖို့ ပြင်ထားကြပေတော့ "

ဂါထာ၊မန္တရား သိုင်းဧကရာဇ်က လေသံခပ်တိုးတိုးနဲ့ သူခေါ်ရခြင်း အကြောင်းကို ရှင်းပြလိုက်ပါတယ်။

ရှန်ကောင်းယုကတော့ ဂါထာ၊မန္တရား သိုင်းဧကရာဇ်ရဲ့ စကားကို သိပ်နားလည်ပုံ မရပါဘူး။

“ဦးလေးဖန်... ဦးလေးပြောတော့ သည်ဂါထာ၊မန္တရား တောင်ပေါ်မှာဆိုရင် မဟာဧကရာဇ်တွေတောင်မှ ဦးလေးကို သတ်ဖို့ မနည်းကြိုးစားရမယ်ဆို။ အခု လာတဲ့ ရန်သူက ဘယ်လောက်စွမ်းနေလို့ ဦးလေး အနေနဲ့ ဂါထာ၊မန္တရား တောင်ကနေ ရှောင်ပြေးရတာလဲ ".

ဂါထာ၊မန္တရား သိုင်းဧကရာဇ်က မချိပြုံး ပြုံးလိုက်ပြီး

“မဟာဧကရာဇ်တွေက ဦးလေးကို အလွယ်တကူ မသတ်နိုင်ဘူးလို့ ပြောရတာက အကြောင်းရှိတယ်။ သူတို့က ဦးလေးရဲ့ ခွင့်ပြုချက် မရှိဘဲ ဂါထာ၊မန္တရား တောင်ပေါ်ကို သည်အတိုင်း တန်းပြီး တက်လာလို့ မရဘူးလေ။သူတို့က တောင်ပေါ်တက်ဖို့ ကြိုးစားနေတဲ့ အချိန်မှာပဲ ဦးလေးက ဂါထာ၊မန္တရားတောင်ရဲ့ တည်နေရာရွှေ့ပြောင်း အစီအရင်ကို သုံးပြီး တခြားနေရာ ရောက်နေလောက်ပြီ။ ဒါကြောင့် ဦးလေးက ဂါထာ၊မန္တရား တောင်ပေါ်မှာ ဆိုရင် မဟာဧကရာဇ်တွေတောင်မှ ဦးလေးကို သတ်ဖို့ မလွယ်ဘူးလို့ ပြောရတာ။ ဒါပေမဲ့ အခုလာတဲ့ ရန်သူကတော့ မတူဘူး။ သူက  အလယ်အလတ်အဆင့် ဧကရာဇ်ဆိုပေမယ့် သူ့ရဲ့ ဂါထာ၊မန္တရား ပညာက ဦးလေးထက် နက်ရှိုင်းတယ်။ ပြီးတော့ သူအကျွမ်းကျင်ဆုံး အရာက ကျိန်စာပဲ။ သူက သည်လောက် နှစ်တွေ အကြာကြီးနေမှ ဦးလေးဆီ လာတာဆိုတော့ သူ့ရဲ့ ပညာက အရင်ကထက် အများကြီး ပိုအစွမ်းထက်လာတာ သေချာနေပြီ "

သွေးဧကရာဇ်ရဲ့ သွေးအရိုးစု ကျိန်စာဟာ အတော်လေး ကြောက်စရာကောင်းတဲ့ ကျိန်စာပါပဲ။ ဒါပေမဲ့လည်း အခုလာမယ့် ရန်သူတော်ဟောင်းရဲ့ ကျိန်စာနဲ့ ယှဉ်ရင်တော့ သွေးအရိုးစု ကျိန်စာဟာ ဘာမှ မဟုတ်ပါဘူး။

' အင်း... အဲသည်ကောင်က အဆင့်မြင့် ကျိန်စာတစ်ခု တတ်လာလို့ ငါ့ဆီ လာစမ်းသပ်တာ ဖြစ်ရမယ် '

ဂါထာ၊မန္တရား သိုင်းဧကရာဇ်က စိတ်ထဲကနေ ဖြစ်နိုင်ချေ တစ်ခုကို စဉ်းစားမိနေပါတယ်။ သူ့ရဲ့ အတွေးဟာ လုံးဝ မှားယွင်းစရာ အကြောင်း မရှိပါဘူး။ သူ့ရဲ့ ရန်သူတော်ဟောင်းဟာ အဆင့်မြင့် ကျိန်စာတစ်ခုကို တတ်ကျွမ်းလာတဲ့အတွက် နိမိတ်ဆိုး ကျောင်းတော်ကနေ ထွက်လာတာပဲ ဖြစ်ရပါမယ်။

“ဦးလေးဖန် ... သည်အတိုင်းဆိုရင် ဦးလေးဖန်မှာ အသက်အန္တရာယ် ရှိနေပြီပေါ့ "

ရှန်ကောင်းယုရဲ့ လေသံမှာတော့ စိုးရိမ်မကင်းမှုတွေ အထင်းသားပါပဲ။

ဂါထာ၊မန္တရား သိုင်းဧကရာဇ်က ခပ်ထေ့ထေ့ ပြုံးလိုက်ပြီး ယုံကြည်မှု အပြည့်နဲ့

“ဟား... ဟား... ဦးလေးက ယှဉ်တိုက်တဲ့ နေရာမှာ သူ့ကို ရှုံးရင် ရှုံးလိမ့်မယ်။ ဒါပေမဲ့ ဗေဒင်ပညာတို့ ဒါမှမဟုတ် ထွက်ပြေးတဲ့ နေရာတို့မှာတော့ ဦးလေးက သာပါသေးတယ်ကွ။ တကယ်လို့ ဦးလေး ထွက်ပြေးချင်တယ်ဆိုရင် သည်ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်ကြီးမှာ ဘယ်သူမှ ဦးလေးကို တားနိုင်တဲ့ အစွမ်း မရှိဘူး။ ယုတ်စွအဆုံး ဝိညာဉ်ဧကရာဇ်တောင် ဦးလေးကို မတားနိုင်ဘူးကွ "

ဂါထာ၊မန္တရား သိုင်းဧကရာဇ်က ဂါထာ၊မန္တရား လမ်းစဉ်ကို ရှေးခေတ် ဝါစဉ်ကြီး ကျင့်ကြံသူတစ်ပါးရဲ့ အမွေအနှစ်တွေကို ဆက်ခံရရှိပြီး ရောက်ရှိလာခဲ့တာပါ။ အဲသည် အမွေအနှစ်တွေထဲမှာက ပညာရပ်တွေ စုံလင်လှပြီး ဗေဒင်ပညာရပ်နဲ့ ထွက်ပြေးခြင်း ပညာရပ်တွေလည်း ပါဝင်ပါတယ်။ အဲသည်အတွက် သူသာ ထွက်ပြေးချင်တယ် ဆိုရင် ဘယ်သူကမှ သူ့ကို တားဆီးနိုင်မှာ မဟုတ်ပါဘူး။

ဒါပေမဲ့ နှမြောစရာ ကောင်းတာက အဲသည် ရှေးခေတ် ဝါစဉ်ကြီး ကျင့်ကြံသူရဲ့ အမွေအနှစ်ဟာ အပြည့်အစုံ မရှိတော့တာပါပဲ။ မဟုတ်ရင်တော့ သူဟာ အခုလာနေတဲ့ ရန်သူကို ကြောက်စရာ အကြောင်း မရှိပါဘူး။

“ဒါနဲ့ အရှုပ်မလေးယု ... နင့်အဖေရဲ့ ဒဏ်ရာက ကောင်းကောင်း ပျောက်သေးတာ မဟုတ်ဘူး။ အဲဒါကို နင်သိတယ် မဟုတ်လား။ ဦးလေးပြောတာ နားထောင်။ နင်လျှောက်သွားမနေဘဲ အိမ်ကိုအမြန်ပြန်တော့။ဒဏ်ရာကြီးနဲ့ နင့်အဖေကို ပြဿနာ ထပ်မပေးချင်စမ်းနဲ့ "

ဂါထာ၊မန္တရား သိုင်းဧကရာဇ်က ရှန်ကောင်းယုကို အိမ်ပြန်ဖို့ နားချလိုက်ပါတယ်။

ဒါပေမဲ့ ရှန်ကောင်းယုကတော့ နားဝင်ပုံ မရပါဘူး။

“ဦးလေးဖန်... ဒါက နည်းနည်းတော့ မတရားဘူးထင်တယ်။ ဦးလေးတို့၊အဖေတို့ ငယ်တုန်းကကော သည်ကုန်းမြေတိုက်ကြီးအနှံ့ စွန့်စားခန်း ဖွင့်ကြတာပဲ မဟုတ်ဘူးလား။ ဘာလို့ သမီး အလှည့်ကျမှ လာတားနေရတာလဲ "

“အား... အရှုပ်မလေး... နင်ကတော့လေ "

ဂါထာ၊မန္တရား သိုင်းဧကရာဇ်ဟာ ခေါင်းတယမ်းယမ်း လုပ်နေရုံပဲ တတ်နိုင်ပါတော့တယ်။

ကြည့်ရတာတော့ ရှန်ကောင်းယုကို အိမ်ပြန်စေချင်ရင်တော့ သူကိုယ်တိုင် လိုက်ပို့မှ ရတော့မယ့် ပုံပါပဲ။ ရှန်ကောင်းယုက သူ့ဘာသာသူ အလိုက်တသိနဲ့ အိမ်ပြန်မယ့်ပုံတော့ လုံးဝ မရှိပါဘူး။

“အင်းလေ ... နင်မပြန်ချင်သေးရင်လည်း ထားလိုက်ပါတော့။ နင့်ဆီမှာလည်း အသက်ကယ် ရတနာ ပစ္စည်းတွေ အများကြီးရှိတော့ ဧကရာဇ် တစ်ပါးနဲ့ ထိပ်တိုက် မတွေ့မချင်း အသက်အန္တရာယ် မရှိလောက်ပါဘူး "

“ရော့ ... အဲဒါကို ယူထားလိုက် "

စကားဆုံးပြောနေရင်းနဲ့ ဂါထာ၊မန္တရား ဧကရာဇ်က ရှန်ကောင်းယုကို တံဆိပ်တော် တစ်ခု ပစ်ပေးလိုက်ပါတယ်။ တစ်ဆက်တည်းမှာပဲ သူက အဲသည် တံဆိပ်တော်ရဲ့ အသုံးဝင်ကို ပြောပြလိုက်ပါသေးတယ်။

“အဲဒါက ဦးလေးကိုယ်တိုင် လုပ်ထားတဲ့ ဒေဝစက္ခု တံဆိပ်တော်ပဲ။ တကယ်လို့ သည်တံဆိပ်တော်မှာ အက်ကွဲရာ ထင်လာပြီဆို နင့်ကိုယ်နင် ဂရုစိုက်။ တကယ်လို့ သည်တံဆိပ်တော်က ကြေမွသွားပြီ ဆိုရင်တော့ ရောက်ရာအရပ်ကနေ အိမ်ကို တန်းပြေးပေတော့ "

“ဟုတ်ကဲ့ပါ ... ဦးလေးဖန် "

သည်တစ်ခါ ဂါထာ၊မန္တရား သိုင်းဧကရာဇ်ရဲ့ စကားကိုတော့ ရှန်ကောင်းယု အနေနဲ့ မပယ်ရှားဝံ့ပါဘူး။

“လီဖူချန်း ... မင်းက ငါတွေ့ဖူးသမျှ ပါရမီရှင်တွေထဲမှာ ပါရမီ အကောင်းဆုံးပဲ။ အစတုန်းကတော့ ငါက မင်းကို ကိုယ်တိုင် သင်ကြားပြသပေးဖို့ စဉ်းစားထားခဲ့တာ။ဒါပေမဲ့ ငါ့ရန်သူက လာနေပြီဆိုတော့ ငါကိုယ်တိုင် မင်းကို မသင်ကြားပေးနိုင်တော့ဘူး "

“ရော့... ဒါက ငါသိသမျှ ဂါထာ၊မန္တန်တွေ အကုန်လုံး နီးပါးကို ရေးသားပြုစုထားတဲ့ မှတ်စုပဲ။ သည်ထဲမှာ အဆင့်နိမ့် ဂါထာ၊မန္တန်တွေနဲ့ အလယ်အလတ်အဆင့် ဂါထာ၊မန္တန် နည်းနည်းပါတယ်။ အဲဒါတွေကို ကောင်းကောင်း လေ့လာ။ ငါ့ကို နာမည် မပျက်စေနဲ့ "

ဂါထာ၊မန္တရား သိုင်းဧကရာဇ် လီဖူချန်းအတွက်ကိုလည်း မေ့ပုံမရပါဘူး။ သူက စကားဆုံးတာနဲ့ တစ်ပြိုင်နက် လီဖူချန်းကို ကျောက်စိမ်းစာလိပ် တစ်လိပ် ပစ်ပေးလိုက်ပါတယ်။

သည်ကျောက်စိမ်းစာလိပ် ထဲမှာက သူသိသမျှ ဂါထာ၊မန္တန်တွေရဲ့  ရှစ်ဆယ်ရာခိုင်နှုန်းကို ရေးမှတ်ထားတာဖြစ်ပြီး သူတန်ဖိုးအထားရဆုံး အရာဆိုရင်လည်း မမှားပါဘူး။ ရှင်းရှင်း ပြောရမယ် ဆိုရင်တော့ သည်စာလိပ်ထဲမှာက သူ့ရဲ့ ဝှက်ဖဲ ဂါထာ၊မန္တန်တွေကလွဲပြီး ကျန်တာအကုန် ပါပါတယ်။

“ကျေးဇူးတင်ပါတယ်… ဆရာကြီး "

လီဖူချန်းကလည်း တရိုတသေနဲ့ ကျောက်စိမ်းစာလိပ်ကို လက်ခံရယူ လိုက်ပါတယ်။သူက ဂါထာ၊မန္တရား သိုင်းဧကရာဇ် အနေနဲ့ သူ့အပေါ်မှာ သည်လောက်အထိ ရက်ရောလိမ့်မယ်လို့ မထင်ထားမိတာ အမှန်ပါပဲ။

ဂါထာ၊မန္တရား သိုင်းဧကရာဇ်က မလိုဘူးဆိုတော ဟန်နဲ့ လက်ကာပြလိုက်ပြီး တည်နေရာရွှေ့ပြောင်း  အစီအရင်ကို အသက်သွင်းလိုက်ပါတယ်။

“ကဲ…ကဲ… အပိုတွေ ပြောမနေကြနဲ့။ သည်ကနေ ထွက်ဖို့ ပြင်ကြတော့။ ငါ့ရဲ့ တည်နေရာရွှေ့ပြောင်း  အစီအရင်က မင်းတို့ကို လေမိုးကြိုး ပြည်နယ်ကို ပို့ပေးလိမ့်မယ်။ အဲသည်နေရာက  လေမိုးကြိုး လျှိုမြောင် နီးတယ်ဆိုတော့ လူပေါင်းစုံ၊စရိုက်ပေါင်းစုံ ရှိတယ်။သတိထားကြ။ လီဖူချန်း ... ရှန်ကောင်းယုကို ဂရုစိုက်ပေး "

ရှန်ကောင်းယုက တည်နေရာရွှေ့ပြောင်း  အစီအရင်ပေါ်ရပ်လိုက်ပြီး ဝေခွဲမရသော ပုံဖြင့်

“ဦးလေးဖန်... ဦးလေးက သမီးတို့နဲ့ မလိုက်ဘူးလား "

“အေး... မလိုက်တော့ဘူး။ ဦးလေးက နတ်ကျက်သရေ အင်ပိုင်ယာထဲကနေ ထွက်သွားမှ ရမှာ။ မဟုတ်သေးဘူး။ ဦးလေးက ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်ကကို ထွက်သွားမှ ရမှာ "

ဂါထာ၊မန္တရား ဧကရာဇ်က သူ့ရန်သူတော်ဟာ ဘယ်လာက်အထိ ကြောက်စရာ ကောင်းသလဲ ဆိုထားကို ကောင်းကောင်းကြီး သိထားသူ ဖြစ်ပါတယ်။ အဲသည်အတွက် သူက ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်မှာကို မနေဝံ့ပါဘူး။

“ကဲ... သွားကြတော့ "

ရွှီး...

ဂါထာ၊မန္တရား သိုင်းဧကရာဇ်ရဲ့ စကားအဆုံးမှာတော့    လီဖူချန်းနဲ့ ရှန်ကောင်းယုတို့ဟာ ရွှေရောင် အလင်းတန်းကြီး တစ်ခုနဲ့အတူ ပျောက်ကွယ်သွားခဲ့ကြပါပြီ။

“ကဲ... ငါအလှည့်ပဲ "

လီဖူချန်းတို့နှစ်ယောက် ပျောက်ကွယ်သွားပြီးနောက် သိပ်မကြာခင်မှာပဲ ဂါထာ၊မန္တရား သိုင်းဧကရာဇ်ရဲ့ ခန္ဓာကိုယ်ဟာလည်း လေထုထဲမှာ မှေးမှိန် ပျောက်ကွယ်သွားပါတော့တယ်။

နောက်ထပ် ရက်အနည်းငယ်အကြာမှာတော့ ရောင်စုံအင်္ကျီ ဝတ်ဆင်ထားတဲ့ လူတစ်ယောက်ဟာ ဂါထာ၊မန္တရား တောင်ထိပ်ကို ရောက်လာခဲ့ပါတယ်။ ဒါပေမဲ့လည်း တောင်ထိပ်ပေါ်မှာက ခွေးတစ်ကောင်၊ ကြောင်တစ်မြီးမှ ရှိမနေတော့ပါဘူး။

“ဟမ့်... အဲသည်ငကြောက်က တကယ်ကြီး ထွက်ပြေးသွားတာလား။ ဒါပေမဲ့ မင်းငါ့လက်က မလွတ်ပါဘူးကွ "

ရောင်စုံအင်္ကျီနဲ့လူက မဲ့ပြုံးတစ်ချက် ပြုံးပြီး  ထူးဆန်းတဲ့ လက်ဟန်တချို့ကို ပြုလုပ်ကာ မန္တန် တစ်ပုဒ်ကို ရွတ်ဆိုလိုက်ပါတယ်။

“နတ်ဆိုးမိုးကြိုးငါးစင်း ... လာစမ်း "

ဟူး... ဟူး... ဟူး...

ရောင်စုံအင်္ကျီနဲ့ လူရဲ့ မန္တန် ဆုံးတာနဲ့ တစ်ပြိုင်နက် ကောင်းကင်တစ်ခုလုံးဟာ မည်းမှောင်ပြီး တိမ်ညို၊တိမ်မည်းတွေနဲ့ လွှမ်းခြုံ သွားခဲ့ပါပြီ။

ဂျိန်း... ဂျိန်း... ဂျိန်း... ဂျိန်း...

အဲသည်နောက်မှာတော့ နတ်မိစ္ဆာကြီး တစ်ကောင်ရဲ့ပုံရိပ်ဟာ ကောင်းကင်ပေါ်မှာ ပေါ်လာပြီး ဂါထာ၊မန္တရားတောင်ကို မိုးကြိုးတွေနဲ့ အဆက်မပြတ် ပစ်လွှတ် တိုက်ခိုက်ပါတော့တယ်။

ဝုန်း... ဝုန်း... ဝုန်း...

ဂါထာ၊မန္တရားတောင်ကြီးဟာ မိုးကြိုးတွေရဲ့ ဒဏ်ကို လုံးဝ မတောင့်ခံနိုင်ပါဘူး။ အဲသည်အတွက် တောင်ကြီး တစ်ခုလုံးဟာ ပြင်းထန်စွာ တုန်ခါလာပါတော့တယ်။

“နတ်ဆိုးဝိညာဉ်ထုတ် မန္တန် "

ရောင်စုံအင်္ကျီနဲ့လူက နောက်ထပ် မန္တန်တစ်မျိုးကို ပြောင်းရွတ်လိုက်ပြီး သူ့ရဲ့လက်နဲ့ တစ်စုံတရာကို ဆွဲယူလက်တဲ့ပုံမျိုး ပြုလုပ်လိုက်ပြန်ပါတယ်။

ရွှစ်…

ရောင်စုံအင်္ကျီနဲ့ လူရဲ့မန္တန် အဆုံးမှာတော့ ဂါထာ၊ မန္တရားတောင်ဟာ သူ့ရဲ့ကိုယ်ပိုင် အသိစိတ်ဝိညာဉ်ကို ဆုံးရှုံးသွားသလိုပါပဲ။တစ်ချိန်တည်းမှာပဲ တောင်ပေါ်မှာ ခင်းကျင်းထားတဲ့ ဝင်္ကပါ အစီအရင်ကလည်း စွမ်းအားလျော့ကျသွားခဲ့ပါတယ်။

“ပျက်စီးစမ်း "

ဂျိန်း... ဂျိန်း... ဂျိန်း...

ဘမ်း... ဘမ်း...

နောက်ဆုံးမှာတော့ ဂါထာ၊ မန္တရားတောင်ရဲ့ အကာအကွယ် ဝင်္ကပါ အစီအရင်ဟာ နတ်ဆိုးမိုးကြိုးတွေရဲ့ ဒဏ်ကြောင့် တစ်စစီ ကွဲကြေ ပျက်စီးသွားခဲ့ရပါပြီ။

တစ်ချိန်တည်းမှာပဲ ရွှေရောင် ချီအရှိန်အဝါလေး နစ်ခုဟာ ဂါထာ၊ မန္တရား တောင်ထဲကနေပြီး ထွက်ပေါ်လာခဲ့ပါတယ်။ အဲဒါကတော့ ဂါထာ၊ မန္တရား သိုင်းဧကရာဇ် ကြွင်းကျန်ရစ်ခဲ့တဲ့ ချီအရှိန်အဝါပါပဲ။

“ဟမ့်... မင်းက ငါ့လက်ထဲကနေ ပြေးမလွတ်ပါဘူးကွာ "

ရောင်စုံအင်္ကျီနဲ့ လူက နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး ရွှေရောင်ချီအရှိန်အဝါကို ဖမ်းယူကာ လေထုထဲမှာ ကွယ်ပျောက်သွားပါတော့တယ်။

***

All Chapters