ရှင်းတိကောဝမ်နဲ့ ပြန်တွေ့ခြင်း
Vol. 45 Ch. 604
လေမိုးကြိုးပြည်နယ်...
နတ်ကျက်သရေ အင်ပိုင်ယာရဲ့ အထိန်းအကွပ် အမဲ့ဆုံးနဲ့ ပရမ်းပတာ အဖြစ်ဆုံး ပြည်နယ်ကို ပြပါဆိုရင်တော့ လေမိုးကြိုး ပြည်နယ်ကလွဲပြီး တခြားပြစရာ ပြည်နယ် မရှိပါဘူး။ တစ်ချိန်တည်းမှာပဲ လေမိုးကြိုး ပြည်နယ်ဟာ နတ်ကျက်သရေ အင်ပိုင်ယာရဲ့ အရင်းအမြစ် ချမ်းသာ၊အကြွယ်ဝဆုံး ပြည်နယ်လည်း ဖြစ်နေပါသေးတယ်။
ဒါပေမဲ့ သည်ပြည်နယ်က သူ့ရဲ့ မြေမျက်နှာသွင်ပြင် အနေအထား အားသာမှု ဒါမှမဟုတ် မိုးနဲ့မြေရဲ့ ချီစွမ်းအားတွေ သိပ်သည်းမှုကြောင့် အရင်းအမြစ် ချမ်းသာ၊အကြွယ်ဝဆုံး ဖြစ်နေတာ မဟုတ်ပါဘူး။ သည်ပြည်နယ် အနေနဲ့ အရင်းအမြစ် အချမ်းသာ၊ အကြွယ်ဝဆုံး ဖြစ်နေရခြင်း အကြောင်းအရင်းကတော့ လေမိုးကြိုး လျှိုမြောင်နဲ့ အနီးကပ်ဆုံးမှာ တည်ရှိနေလို့ပါပဲ။
လေမိုးကြိုး လျှိုမြောင် ဆိုတာက တစ်နှစ်ပတ်လုံး လေထန်ပြီး မိုးကြိုးတွေ ပစ်ခတ်နေလေ့ ရှိတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ သည်လျှိုမြောင်ရဲ့ အတွင်းဘက် အနက်ရှိုင်းဆုံး နေရာတွေမှာ ရှိတဲ့ လေတွေနဲ့ မိုးကြိုးတွေဟာဆိုရင် ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် ဧကရာဇ်တွေကိုတောင်မှ သေရင်သေ ဒါမှမဟုတ် ဒဏ်ရာအကြီးအကျယ် ရစေနိုင်တဲ့အထိ စွမ်းဆောင်နိုင်ပါတယ်။
ဒါပေမဲ့လည်း သည်အခြေအနေက သိပ်ပြီး အဆိုးဝါးကြီးတော့လည်း မဟုတ်ပါဘူး။သည်အခြေအနေကို တခြား ကောင်းတဲ့ဘက်က ကြည့်မယ်ဆိုရင်တော့ လေမိုးကြိုး လျှိုမြောင်ထဲမှာ ပေါက်ရောက်နေတဲ့ ဆေးပင်တွေဟာ ပြင်းထန်လှတဲ့ ပတ်ဝန်းကျင် ရာသီဥတုကြောင့် ပေါက်ဖွားလာတာပါပဲ။
လေမိုးကြိုး ဆေးပင်၊ မိုးကြိုးကပ်ဘေး ဆေးပင်၊ အမြစ်မဲ့ပန်း၊ စန္ဒကူးသစ် အစရှိတဲ့ ရှားပါး ဆေးပင်၊ ဆေးမြစ်တွေဟာ လေမိုးကြိုး လျှိုမြောင်လို ပြင်းထန်တဲ့ ရာသီဥတု အခြေအနေမျိုးမှာ မရှိဘဲနဲ့ လုံးဝ မရှင်သန်နိုင်ပါဘူး။ ပြီးတော့ သည်ဆေးပင်တွေ အကုန်လုံးဟာ ကောင်းကင်အဆင့် ဆေးပင်တွေ ဖြစ်နေပါသေးတယ်။
ဒါပေမဲ့လည်း သည်ဆေးပင်တွေကို ခူးယူဖို့ကတော့ ထင်သလောက် လွယ်မှာ မဟုတ်ပါဘူး။
တကယ်လို့သာ ကျင့်ကြံသူ တစ်ဦးအနေနဲ့ သည်ဆေးပင်တွေကို လိုချင်တယ်ဆိုရင်တော့ လေမိုးကြိုး ချောက်ကမ်းပါးထဲကို အသက်နဲ့ရင်းပြီး ဆင်းကာ ရှာဖွေမှကို ရမှာပါ။
***
ရွှီး...
တစ်နေ့မှာတော့ ရွှေရောင်အလင်းတန်း တစ်ခုဟာ လေမိုးကြိုးပြည်နယ်၊ တောကြီးမျက်မည်း တစ်ခုအတွင်းမှာရှိတဲ့ တည်နေရာရွှေ့ပြောင်း ဝင်္ကပါစင်မြင့် တစ်ခု အပေါ်ကို ကျရောက်လာခဲ့ပါတယ်။
“အိုး... ဒါက လေမိုးကြိုး ပြည်နယ်လား "
စကားသံ အဆုံးမှာတော့ လူငယ်နှစ်ယောက်ဟာ စင်မြင့်ထက်မှာ ပေါ်လာခဲ့ကြပါပြီ။ သူတို့နှစ်ယောက်ကတော့ လီဖူချန်းနဲ့ ရှန်ကောင်းယုတို့ပါပဲ။
“ရှန်ကောင်းယု ... ငါ့နောက်လိုက်ခဲ့ "
သည်နေရာက လူပေါင်းစုံ၊ စရိုက်ပေါင်းစုံ ရှိပြီး အနယ်နယ်၊အရပ်ရပ်က ကျင့်ကြံသူတွေရဲ့ ဆုံမှတ်တစ်ခုလည်း ဖြစ်တဲ့အတွက် လီဖူချန်းအနေနဲ့ သည်နေရာမှာ သိပ်ပြီး အချိန်ဖြုန်းနေဖို့ စိတ်ကူးမရှိပါဘူး။ အဲသည်အတွက် သူက သူ့ရဲ့ လိပ်ပြာအသိစိတ် အာရုံကို ဖြန့်ကြက်လိုက်ပြီး တောထဲက ထွက်ဖို့ ဦးဆောင်သွားပါတော့တယ်။
***
မိုးကြိုးစက်ကွင်းမြို့ ...
သည်မြို့ကတော့ လေမိုးကြိုး လျှိုမြောင်နဲ့ အနီးဆုံးမြို့ပါပဲ။ ပြီးတော့ မိုးကြိုးဒဏ်ကို အခံရဆုံး နေရာ ဆိုရင်လည်း မမှားပါဘူး။
အဲသည်အတွက် ဝင်္ကပါ ပညာရှင်တွေဟာ အကာအကွယ် ဝင်္ကပါ တစ်ခုကို စီရင်ပြီး မိုးကြိုးစက်ကွင်းမြို့ကို အုပ်မိုးထားပေးရပါတယ်။ မဟုတ်ရင်တော့ မိုးကြိုးစက်ကွင်းမြို့ဟာ မိုးကြိုးဒဏ်ကြောင့် ရစရာတောင် ရှိမှာ မဟုတ်ပါဘူး။
“လီဖူချန်း... ငါတို့က မိုးကြိုးစက်ကွင်း မြို့ကိုတောင် ရောက်နေပြီ။ သည်တော့ ငါတို့နှစ်ယောက် လေမိုးကြိုး လျှိုမြောင်ထဲဝင်ပြီး ကံလေးနည်းနည်းပါးပါး စမ်းကြည့်ကြမလား။ ကံကောင်းရင် ငါတို့အနေနဲ့ မိုးကြိုးကပ်ဘေး ဆေးပင်ဖြစ်ဖြစ် ဒါမှမဟုတ် အမြစ်မဲ့ပန်းဖြစ်ဖြစ် ရလောက်တယ်နော "
အထက်ပါ စကားကို ပြောလိုက်သူကတော့ ရှန်ကောင်းယုပါပဲ။ လီဖူချန်းနဲ့ ရှန်ကောင်းယုတို့ နှစ်ယောက်ဟာ မိုးကြိုးစက်ကွင်းမြို့ရဲ့ မြျို့လယ်ခေါင် လမ်းမထက်မှာ ပခုံးချင်းယှဉ်ပြီး လမ်းလျှောက်နေကြတာလည်း ဖြစ်ပါတယ်။
ဒါပေမဲ့ သူတို့နှစ်ယောက်စလုံးက နဂိုမူလ ရုပ်သွင်နဲ့ လမ်းလျှောက်နေကြတာတော့ မဟုတ်ပါဘူး။ သူတို့နှစ်ယောက်စလုံးက သူတို့ရဲ့ ရုပ်တွေကို ကောင်းကောင်းကြီး ရုပ်ဖျက်ထားပြီးကြပါပြီ။
အဲသည်အတွက် လီဖူချန်းကို ကြည့်လိုက်ရင် အသားညိုညို၊ ရုပ်ရည်ခပ်ကြမ်းကြမ်း လူငယ်တစ်ယောက်အဖြစ် မြင်ရမှာဖြစ်ပြီး ရှန်ကောင်းယုကို ကြည့်လိုက်ရင်တော့ နူးညံ့သိမ်မွေ့တဲ့ ခပ်ချောချော စာပေသမား တစ်ယောက်အဖြစ် မြင်ရမှာ ဖြစ်ပါတယ်။
“မိုးကြိုးကပ်ဘေး ဆေးပင်နဲ့ အရိပ်မဲ့ပန်း ဟုတ်လား။ အဲဒါတွေက ဘာအတွက် အသုံးဝင်တာလဲ "
လီဖူချန်းက ရှန်ကောင်းယုဘက်ကို လှည့်ကြည့်ပြီး မေးလိုက်ပါတယ်။
သူက သည်ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်ကြီးက မဟုတ်တဲ့အတွက် သည်နေရာမှာ ရှိတဲ့ ဆေးပင်တွေ အကြောင်းကို သိပ်ပြီး မသိလှပါဘူး။
“မိုးကြိုးကပ်ဘေး ဆေးပင်က ရှားပါးတဲ့ ခန္ဓာကိုယ် အပြင်အား ဆေးပင်ပဲ။အဲဒါက သွေးချီတွေရဲ့ အရင်းအမြစ်ကို ပိုပြီး သန်မာစေတယ်။ မင်းအနေနဲ့ မိုးကြိုးကပ်ဘေး ဆေးပင်ကို စားပြီးပြီဆိုရင် ခန္ဓာကိုယ် အပြင်အား ပါရမီ မတိုးလာဘဲ မနေဘူး။ဒါပေမဲ့ ငါ့အထင်ပြောရရင် အမြစ်မဲ့ပန်းက မင်းအတွက် ပိုအသုံးဝင်လိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ အမြစ်မဲ့ပန်းက စားသုံးလိုက်သူရဲ့ စွမ်းအင်ဗဟိုချက်မ ပင်လယ်ကို ပိုပြီး ကြံ့ခိုင်စေလို့ပဲ "
ရှန်ကောင်းယုက လီဖူချန်းကို ခပ်မြန်မြန်ပဲ ရှင်းပြလိုက်ပါတယ်။
' အမြစ်မဲ့ပန်းက အဲလောက်တောင် စွမ်းတာလား'
ရှန်ကောင်းယုရဲ့ ရှင်းပြမှုကို နားထောင်အပြီးမှာတော့ လီဖူချန်းရဲ့ စိတ်တွေဟာ လှုပ်ရှားသွားခဲ့ပါပြီ။သူ့အနေနဲ့ စိတ်မလှုပ်ရှားလို့လည်း မရပါဘူး။ တကယ်လို့သာ သူ့အနေနဲ့ အမြစ်မဲ့ပန်းကို စားလိုက်နိုင်မယ်ဆိုရင် သူဟာ မူလပင်လယ်နယ်ပယ် အဆင့်၂ကို တန်းခုန်ပြီး ရောက်သွားနိုင်တာ မဟုတ်ပါလား။
"ရှန်ကောင်းယု ... ငါတို့ ကံစမ်းကြတာကတော့ ဟုတ်ပါပြီ။ ဒါပေမဲ့ အဲသည်ဆေးပင် နှစ်မျိုးက ရဖို့အတွက် အရမ်း ခက်တယ် မဟုတ်ဘူးလား "
လီဖူချန်းက ရှန်ကောင်းယုကို မေးလိုက်ပါတယ်။
ရှန်ကောင်းယုက ခေါင်းညိတ်လိုက်ပြီး
“ခက်ရုံတင် ဘယ်ကမလဲ။ လေမိုးကြိုး လျှိုမြောင်ထဲကနေ ကောင်းကင်အဆင့် ဆေးပင်တွေ ထွက်လာတိုင်း၊ ထွက်လာတိုင်းမှာ အဲသည်ဆေးပင်တွေက လုခံရတာချည်းပဲ။အဲသည်တော့ ငါတို့နှစ်ယောက်အနေနဲ့ ဆေးပင်တွေ ရပြီးရင်တောင် လေမိုးကြိုး လျှိုမြောင်ကနေ ပြန်ထွက်ဖို့က သိပ်မလွယ်ဘူး "
“ပြီးတော့ လေမိုးကြိုး လျှိုမြောင်ထဲကို ဆင်းဖို့ကလည်း သည်အတိုင်း မရဘူး။ အဲသည်အတွက် ငါတို့ဆီမှာ လေမိုးကြိုး သံလိုက်အိမ်မြှောင် ရှိဖို့ လိုသေးတယ်။ လေမိုးကြိုး လျှိုမြောင်ထဲမှာက ဥပဒေသပြောင်းလဲခြင်းနယ်ပယ် ဧကရာဇ်တွေကလွဲပြီး ကျန်တဲ့လူတွေ အနေနဲ့ အရပ်မျက်နှာ မခွဲခြားနိုင်ဘူး။ အဲသည်တော့ ငါတို့နှစ်ယောက်က လေမိုးကြိုး လျှိုမြောင်ထဲကို ဝင်မယ်ဆိုရင် လေမိုးကြိုး သံလိုက်အိမ်မြှောင် နှစ်လုံး ဝယ်ကို ဝယ်သွားမှ ရမယ် "
လေမိုးကြိုး သံလိုက်အိမ်မြှောင်...
သည်သံလိုက်အိမ်မြှောင်တွေက ဈေးကွက်ထဲမှာ အတော်လေး ဈေးကြီးတယ်လို့ ပြောရမယ့် အရာတွေပါပဲ။
လီဖူချန်း သိရသလောက် ဆိုရင်တော့ အညံ့စား လေမိုးကြိုး သံလိုက်အိမ်မြှောင် တစ်လုံးဟာ အလယ်အလတ် အဆင့် ဝိညာဉ်ကျောက်တုံး ဆယ်တုံး ပေးရပြီး အလယ်အလတ်တန်းစား လေမိုးကြိုး သံလိုက်အိမ်မြှောင် တစ်လုံးဟာ အလယ်အလတ် အဆင့် ဝိညာဉ်ကျောက်တုံး ငါးရာ ပေးရပါတယ်။ပြီးတော့ အကောင်းစား လေမိုးကြိုး သံလိုက်အိမ်မြှောင် တစ်လုံး ဆိုရင် အနည်းဆုံး အလယ်အလတ် အဆင့် ဝိညာဉ်ကျောက်တုံး ငါးသောင်းပါပဲ။
ထိပ်တန်းအဆင့် လေမိုးကြိုး သံလိုက်အိမ်မြှောင်တွေကိုတော့ ဈေးကွက်ထဲမှာ ဘယ်သူမှ တင်ရောင်းချလေ့ မရှိတဲ့အတွက် လီဖူချန်းကိုယ်တိုင်လည်း မသိပါဘူး။
“ရှန်ကောင်းယု ... ဒါဆိုရင်လည်း ငါတို့နှစ်ယောက် သံလိုက်အိမ်မြှောင် သွားဝယ်ကြမယ်လေ "
“အေး... သွားဝယ်ကြတာပေါ့ "
အဲသည်နောက်မှာတော့ လီဖူချန်းတို့ နှစ်ယောက်ဟာ ရှေးဟောင်းပစ္စည်း လမ်းကြားကို သွားပြီး အကောင်းစား လေမိုးကြိုး သံလိုက်အိမ်မြှောင် တစ်ယောက်တစ်လုံးစီ ဝယ်လိုက်ကြပါတယ်။
သူတို့နှစ်ယောက်စလုံးက သူနည်းနဲ့သူ ချမ်းသာကြွယ်ဝသူတွေ ဖြစ်ကြတဲ့အတွက် အလယ်အလတ် အဆင့် ဝိညာဉ်ကျောက်တုံး ငါးသောင်းလောက်ကို မှုမနေကြပါဘူး။
“ဟင် "
ရှေးဟောင်းပစ္စည်း လမ်းကြားကနေ ပြန်ထွက်ပြီး လမ်းထောင့်တစ်နေရာကို အရောက်မှာတော့ လီဖူချန်းရဲ့ ခြေလှမ်းတွေဟာ ရုတ်တရက် ရပ်တန့်သွားခဲ့ပါတယ်။ သူ့ရဲ့ မျက်လုံးတွေကလည်း တစ်ဖက်ကနေ လာနေတဲ့ လူရဲ့ အပေါ်ကနေ မဖယ်ခွာနိုင်တော့ပါဘူး။
“လီဖူချန်း ... ဘာဖြစ်တာလဲ "
ရှန်ကာင်းယုက လီဖူချန်းရဲ့ အကြည့်နောက်ကို လိုက်ကြည့်လိုက်တဲ့ အခါမှာတော့ လက်တစ်ဖက် ပြတ်နေတဲ့ လူတစ်ယောက်ကို တွေ့လိုက်ရပါတယ်။
လီဖူချန်းက ထူးဆန်းစွာ တစ်ချက် ပြုံးလိုက်ပြီး
“ဘာမှမဟုတ်ပါဘူး။ အသိအကျွမ်းဟောင်း တစ်ယောက်ကို တွေ့လိုက်လို့ပါ "
သည်လက်တစ်ဖက် ပြတ်နေတဲ့ လူက ရွှေရောင် မျက်နှာဖုံးကို မဝတ်ဆင် ထားပေမယ့်လည်း လီဖူချန်းကတော့ အဲသည်လူရဲ့ ချီအရှိန်အဝါကို ကောင်းကောင်းကြီး ရင်းနှီးနေပါတယ်။ သူ့ရဲ့ အာရုံ ခံစားမှုဟာ လုံးဝ မှားယွင်းစရာ အကြောင်း မရှိပါဘူး။ သည်လက်တစ်ဖက် ပြတ်နေတဲ့ လူက တစ်ချိန်တစ်ခါက အရှေ့ယူနီကွန်းတိုက် တစ်ခုလုံးကို ဖိန့်ဖိန့်တုန်အောင် တုန်လှုပ်စေခဲ့တဲ့ ရှင်းတိကောဝမ်မှ ရှင်းတိကောဝမ် အစစ်ပါပဲ။
ဒါပေမဲ့လည်း အရှေ့ယူနီကွန်းတိုက်တုန်းက ရှင်းတိကောဝမ်က ပြန်လည်ဝင်စားခြင်းနယ်ပယ် အထွတ်အထိပ်မှာသာ ရှိပြီး အခု သူ့ရှေ့မှာ ရှိတဲ့ ရှင်းတိကောဝမ်ကတော့ မူလပင်လယ်နယ်ပယ် အဆင့်၃ကိုတောင် ရောက်ရှိနေပါပြီ။ ရှင်းတိကောဝမ်က ဘယ်လိုလုပ်ပြီး သည်အဆင့်ရောက်အောင် ကျင့်ကြံခဲ့သလဲတော့ မသိပါဘူး။ ဒါပေမဲ့ လီဖူချန်း သေချာပြောနိုင်တာ တစ်ခုကတော့ ရှင်းတိကောဝမ်ရဲ့ ကျင့်ကြံမှု အမြန်နှုန်းဟာ သူ့ထက် လုံးဝ မနိမ့်ကျဘူး ဆိုတာပါပဲ။
တစ်ဖက်မှာ ရှိနေတဲ့ ရှင်းတိကောဝမ်ကလည်း လီဖူချန်းရဲ့ ချီအရှိန်အဝါကို ခံစားမိပုံပါပဲ။ အဲသည်အတွက် သူက လီဖူချန်းကို မျက်လုံးချင်း ဆိုင်ကြည့်လိုက်ပြီး ခေါ်လိုက်ပါတယ်။
“လီဖူချန်း "
တခြားလူတွေကတော့ ရုပ်ဖျက်ထားတဲ့ လီဖူချန်းကို မှတ်မိချင်မှ မှတ်မိပါမယ်။ ဒါပေမဲ့ ရှင်းတိကောဝမ်ကတော့ လီဖူချန်းကို ပြာဖြစ်သွားရင်တောင် မှတ်မိနိုင်စွမ်း ရှိပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ လီဖူချန်းက သူ့ရဲ့ ဘဝတစ်ခုလုံးကို ဗြောင်းဆန်အောင် လုပ်ပြီး လက်တစ်ဖက်ကို ဖြတ်တောက်သွားတဲ့သူ ဖြစ်နေလို့ပါပဲ။
“ရှင်းတိကောဝမ် ... အိုး…ဒါမှမဟုတ် ကျုပ်က ခင်ဗျားကို မကောင်းဆိုးဝါး ဘုရင်လို့ပဲ ခေါ်ရမှာလား။ အခုလက်ရှိ ခင်ဗျားရဲ့ ပုံက မကောင်းဆိုးဝါး ဘုရင်ကြီးလို့ ခေါ်ရင် ပိုသင့်တော်မယ် ထင်တယ် "
လီဖူချန်းက ရယ်ပြီး တစ်ဖက်လူကို ပြန်နှုတ်ဆက်လိုက်ပါတယ်။
လီဖူချန်းက ရှင်းတိကောဝမ်နဲ့ တွေ့တော့ အတိတ်က အဖြစ်အပျက်တွေကိုတောင် ပြန်ပြောင်း သတိရလာသလိုပါပဲ။
ရှင်းတိကောဝမ်က မဲ့ပြုံးပြုံးလိုက်ပြီး အေးစက်စက် လေသံနဲ့ ပြန်ပြောလာပါတယ်။
“တော်စမ်းပါကွာ။ ငါ့ကိုလာပြီး ပြောင်မနေစမ်းနဲ့။ သည်ဧကရာဇ် ကောင်းကင် ကုန်းမြေတိုက်မှာ ငါ့လို အဆင့်၃ မူလနယ်ပယ် ဘုရင်က ဘယ်လိုလုပ် မကောင်းဆိုးဝါး ဘုရင်ကြီးလို့ နာမည်ခံရဲမှာလား "
တကယ်လို့သာ အရှေ့ယူနီကွန်း ကုန်းမြေတိုက်မှာ ဆိုရင်တော့ ရှင်းတိကောဝမ်ဟာ ကုန်းမြေတိုက်တစ်ခုကို အပိုင်စား ရဖို့အတွက် ကြိုးပမ်းနေဦးမှာပါပဲ။ ဒါပေမဲ့ အခုတော့ သူဟာ အဲသည် ရည်မှန်းချက်မျိုး မရှိတော့ပါဘူး။ သူက အဲသည်အစား သိုင်းတာအို နောက်ကိုသာ ကောက်ကောက်ပါအောင် လိုက်နေပါတော့တယ်။
"လောကမှာ တောင်တစ်တောင်ထက် မြင့်တဲ့ တခြား တောင်ဆိုတာ အမြဲရှိတယ် “ဆိုတဲ့ ဆိုရိုးစကားကိုလည်း ရှင်းတိကောဝမ်က ကောင်းကောင်းကြီး နားလည်သွားခဲ့ပါပြီ။
အတိတ်ကို ပြန်စဉ်းစားကြည့်မယ် ဆိုရင်တော့ သူရဲ့ ရည်မှန်းချက်နဲ့ လုပ်ဆောင်မှုတွေဟာ လုံးဝ သူငယ်နှပ်စားလေး သာသာပါပဲ။ အဲသည်အတွက် ရှင်းတိကောဝမ်က အတိတ်အကြောင်းကို ပြန်စဉ်းစားမိလိုက်တိုင်းမှာ အတော်လေး အရှက်ရမိပါတယ်။
တကယ်လို့ သူသာ အရှေ့ယူနီကွန်း တိုက်ကနေ မထွက်မိခဲ့ဘူးဆိုရင် လောကကြီး ဘယ်လောက် ကျယ်ပြောတယ်၊ သိုင်းတာအို ဘယ်လောက်အထိ နက်နဲတယ် ဆိုတာကို သူ့အနေနဲ့ ဘယ်တော့မှ သိရမှာ မဟုတ်ပါဘူး။
ရှင်းတိကောဝမ်ရဲ့ ဘဝတစ်လျှောက်လုံးမှာ အကောင်းဆုံး လုပ်ခဲ့တဲ့ အရာကတော့ အရှေ့ယူနီကွန်း တိုက်ကနေ ထွက်ခဲ့တာလို့ပဲ ဆိုရပါမယ်။
ဘာဖြစ်လို့လဲ ဆိုတော့ အဲသည်ဆုံးဖြတ်ချက်က သူ့ကို ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်ကြီးဆီ ရောက်လာစေရုံသာမက မိစ္ဆာတာအို ကျင့်ကြံသူ ရှေးဆရာကြီး တစ်ပါးရဲ့ အမွေအနှစ်တွေနဲ့ ချမ်းသာကြွယ်ဝမှုတွေကို အမွေဆက်ခံ ရရှိစေခဲ့လို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း သူဟာ နှစ်အနည်းငယ်လေး အတွင်းမှာ မူလပင်လယ်နယ် နယ်ပယ် အဆင့်၃အထိ ရောက်အောင် ကျင့်ကြံနိုင်ခဲ့တာပါ။
ဒါပေမဲ့လည်း အခုတော့ သူ့ရဲ့ စွမ်းအင်ဗဟိုချက်မ ပင်လယ်ဟာ သူ့ရဲ့ ကျင့်ကြံမှု နယ်ပယ်ကို လိုက်မမီတော့ပါဘူး။ အဲသည်အတွက်ကြောင့် သူဟာ လေမိုးကြိုး လျှိုမြောင်ဆီ သွားပြီး အမြစ်မဲ့ပန်းကို ရှာဖို့ ကြံရွယ်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့လည်း ရှင်းတိကောဝမ် လုံးဝ မထင်မှတ်ထားမိတာကတော့ သူနဲ့ လီဖူချန်းဟာ အခုလို ထိပ်တိုက် ပြန်ဆုံတွေ့ရမယ် ဆိုတာပါပဲ။
' ဟင်... သည်ကောင်ကလည်း မူလပင်လယ် နယ်ပယ်မှာပဲလား '
လီဖူချန်းကို သေသေချာချာ အကဲခတ်ပြီးတဲ့ နောက်မှာတော့ ရှင်းတိကောဝမ်ဟာ တအံ့တသြ ဖြစ်သွားခဲ့ရပါပြီ။ လီဖူချန်းက မူလပင်လယ်နယ်ပယ် အဆင့်၁မှာပဲ ရှိသေးတယ် ဆိုပေမယ့် ရှင်းတိကောဝမ်ကတော့ လီဖူချန်းကို လုံးဝ အထင် မသေးဝံ့ပါဘူး။
အတိတ်မှာတုန်းကဆိုရင် သူတို့နှစ်ယောက်ကြားမှာ အဆင့်တွေ အများကြီး ကွာဟနေတာတောင်မှ လီဖူချန်းက သူ့ကို လက်တစ်ဖက် ဖြတ်သွားခဲ့သေးတာပါ။ အခုလို အဆင့်နှစ်ဆင့်လောက် ကွာခြားတာမျိုး ဆိုရင်တော့ ပြောကို ပြောမနေပါနဲ့တော့။ လီဖူချန်း အနေနဲ့ သည်လောက်ကွာဟချက်လေးကို မျက်လုံးထဲမှာတောင် ထည့်မှာ မဟုတ်ပါဘူး။
ဒါပေမဲ့လည်း ရှင်းတိကောဝမ်က သည်တစ်ခါ တိုက်ကြမယ် ဆိုရင်တော့ သူ့အနေနဲ့ လီဖူချန်းကို အရင်တစ်ခါလို ရုပ်ပျက်ဆင်းပျက် မရှုံးလောက်ဘူးလို့ ယုံကြည်နေပါတယ်။
အရင်တစ်ခေါက်တုန်းက သူ့အနေနဲ့ လီဖူချန်းကို ရှုံးရတယ် ဆိုတာက သူ့ရဲ့ ကျင့်စဉ်နဲ့ သိုင်းပညာ အဆင့်ဟာ လီဖူချန်းထက် နိမ့်ကျနေလို့ပါပဲ။ ဒါပေမဲ့ အခုတော့ သူ့ရဲ့ ကျင့်စဉ်နဲ့ သိုင်းပညာဟာ အဆင့်မြင့် ပညာရပ်တွေ ဖြစ်နေခဲ့ပါပြီ။
နောက်ပြီး သူ့ရဲ့ အရိုးတည်ဆောက်ပုံကလည်း ကြယ်၇ပွင့် အဆင့်ကို ရောက်နေခဲ့ပါပြီ။
“ကြည့်ရတာ ခင်ဗျားက တော်တော်လေး ကံကောင်းခဲ့ပုံပဲ "
လီဖူချန်းက ရှင်းတိကောဝမ်ဟာ အစွမ်းထပ် ပညာအမွေအနှစ် တချို့ လက်ခံရရှိလိုက်တာ ဖြစ်ရမယ်လို့ ကောက်ချက် ချလိုက်ပါတယ်။
မဟုတ်လို့ကတော့ ရှင်းတိကောဝမ်ရဲ့ ပင်ကို ပါရမီ အဆင့်နဲ့ လက်ရှိ အခြေအနေကို ရောက်လာစရာ ဘာအကြောင်းမှ မရှိပါဘူး။
“မင်းလည်း ကံကောင်းတာပဲ "
ရှင်းတိကောဝမ်ကလည်း ပြန်ပြောလာပါတယ်။
“ဒါပေါ့ဗျာ ... ဒါပေါ့။ ဒါနဲ့ သွေးဘိုးဘိုးကြီး တစ်ယောက်ကော ဘယ်ရောက်နေလဲ။သူက ခင်ဗျားနောက်ကို အမြဲ လိုက်နေတာ မဟုတ်ဘူးလား "
လီဖူချန်းရဲ့ မေးခွန်း ရည်ရွယ်ချက်ကတော့ အရှင်းကြီးပါပဲ။ သူက သွေးဘိုးဘိုးကြီးကို သတ်ဖို့ သည်မေးခွန်းကို မေးလိုက်တာ ဖြစ်ပါတယ်။
အတိတ်တုန်းကဆိုရင် သွေးဘိုးဘိုးကြီး ဆိုတဲ့ အဘိုးကြီးက သူ့ကို သေလုနီးပါး ဒုက္ခပေးခဲ့တာ မဟုတ်ပါလား။ ပြီးတော့ အဲသည် ခွေးတိရစ္ဆာန် ကောင်ကြီးက အရှေ့ယူနီကွန်းတိုက်မှာ ရှိတဲ့ အပြစ်မဲ့ လူပါင်း သန်းချီကို သတ်ဖြတ်ခဲ့ပါသေးတယ်။
ရှင်းတိကောဝမ်ကလည်း လူပါး တစ်ယောက်ပါပဲ။ သူ့လို လူတစ်ယောက်က လီဖူချန်းရဲ့ မေးခွန်းဆိုလိုရင်းကို သဘောမပေါက်စရာ အကြောင်း မရှိပါဘူး။သူက တစ်ချက် ရယ်လိုက်ပြီး
“ဟား…ဟား... မင်းက အခုထိ သူ့ကို သတ်ချင်နေတုန်းပဲလား။ ဒါဆိုရင်တော့ မင်းအနေနဲ့ တမလွန်ကို လိုက်သွားမှပဲ ရလိမ့်မယ်။ သွေးဘိုးဘိုးကြီးက လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကပဲ သူများသတ်လို့ သေပြီ "
ရှင်းတိကောဝမ်နဲ့ သွေးဘိုးဘိုးကြီးတို့ဟာ အရှေ့ယူနီကွန်း တိုက်ကနေ သည်ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်ကြီးကို အတူတူ ရောက်ရှိလာခဲ့ကြသူတွေပါ။ ဒါပေမဲ့ ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်ကြီးကို ရောက်ပြီး သိပ်မကြာခင်မှာပဲ ရှင်းတိကောဝမ်က သွေးဘိုးဘိုးကြီးဟာ သူ့အတွက် ကပ်ဆိုးတွေ ဖိတ်ခေါ်လာလိမ့်မယ် ဆိုတာကို ရိပ်စားမိလိုက်ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ သွေးဘိုးဘိုးကြီးက ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်ကြီးကို ရောက်နေတာတောင်မှ သူ့ရဲ့ သွေးဆာတဲ့ အကျင့်ကို မပြင်သေးလို့ပါပဲ။ ဒါကြောင့်လည်း ရှင်းတိကောဝမ်ဟာ သွေးဘိုးဘိုးကြီးနဲ့ လမ်းခွဲဖို့ ဆုံးဖြတ်လိုက်ပါတယ်။
သူ့ရဲ့ ဆုံးဖြတ်ချက်က မမှားခဲ့ပါဘူး။ သွေးဘိုးဘိုးကြီးနဲ့ လမ်းခွဲပြီး သုံးလအကြာမှာတော့ ရှင်းတိကောဝမ်ဟာ သတင်းတစ်ခုကို ကြားလိုက်ရပါတယ်။ အဲသည်သတင်းကတော့ သွေးဘိုးဘိုးကြီးဟာ အထက်လမ်းဂိုဏ်းက ကျင့်ကြံသူ တစ်ယောက်ရဲ့ လက်ချက်မိပြီး သေသွားပြီ ဆိုတာပါပဲ။
“ဒါဆို အဲသည် ခွေးအဘိုးကြီး ကံကောင်းသွားတာပေါ့ "
လီဖူချန်းက မချိတင်ကဲ ရေရွတ်လိုက်ပါတယ်။
အတန်ကြာမှာတော့ သူက သက်ပြင်းတစ်ချက် ချလိုက်ပြီး
“ရှင်းတိကောဝမ် ... ခင်ဗျား ကျုပ်အပြင် တခြားလူတွေကိုကော မတွေ့မိဘူးလား "
ရှင်းတိကောဝမ်က ခေါင်းခါလိုက်ပြီး
“မတွေ့ဘူး။ မင်းက ငါပထမဆုံး တွေ့တဲ့ လူပဲ။ ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်က အရမ်းကျယ်တော့ လူတွေအကုန် ကွဲနေကြတာ နေမှာပေါ့ "
အရှေ့ယူနီကွန်းတိုက်ရဲ့ အရွယ်အစားက ကုန်းမြေတိုက်ကြီး တစ်ခုလို့ ပြောလို့ရတဲ့ အရွယ်အစားပါပဲ။ ဒါပေမဲ့ ဧကရာဇ်ကောင်းကင်တိုက်ကတော့ အရှေ့ယူနီကွန်းတိုက်ထက်ကို အဆ တစ်သောင်း ပိုကြီးပါတယ်။ အဲသည်အတွက် အရှေ့ယူနီကွန်း တိုက်ကနေ သည်ကို ထွက်လာတဲ့သူ အချင်းချင်း မတွေ့ကြတာကလည်း သိပ်ပြီး မထူးဆန်းလှပါဘူး။
“မင်းမေးချင်တာ ဒါပဲ မဟုတ်လား။ အဲဒါဆိုရင် ငါသွားတော့မယ် "
စကားဆုံးတဲ့ နောက်မှာတော့ ရှင်းတိကောဝမ်ဟာ လူအုပ်ကြားထဲ တိုးဝင်ပြီး ပျောက်ကွယ်သွားခဲ့ပါပြီ။
“ဟုတ်ပါပြီဗျာ... ဟုတ်ပါပြီ။ နောက်လည်း ကံကောင်းပါစေဗျာ "
လီဖူချန်းကလည်း မတားပါဘူး။ သူက ရှင်းတိကောဝမ်ကို ဆုမွန်ကောင်းတောင် တောင်းပေးလိုက်ပါသေးတယ်။
“လီဖူချန်း... အဲသည်လူက ဘယ်သူလဲ "
ရှင်းတိကောဝမ် ထွက်သွားပြီးတဲ့ နောက်မှာတော့ ရှန်ကောင်းယုဟာ လီဖူချန်းကို လှမ်းမေးလာခဲ့ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူမက ရှင်းတိကောဝမ်ဆီကနေပြီး ထူးဆန်းတဲ့ ခံစားချက် တစ်မျိုး ရနေလို့ပါပဲ။
သူမကို အဲသည်လို ခံစားချက်မျိုး ပေးစွမ်းနိုင်တဲ့ သူဟာ ဘယ်လိုမှ သာမန်လူ မဖြစ်နိုင်ပါဘူး။
လီဖူချန်းက တစ်ချက် ပြုံးလိုက်ပြီး ပြန်ဖြေလိုက်ပါတယ်။
“ တစ်ချိန်တုန်းက ကုန်းမြေတိုက်တစ်ခုကို အုပ်စိုးဖို့ ကြံခဲ့တဲ့သူပေါ့။ မင်း... သူ့ကို သတိထား။ နောင်တစ်ချိန် ငါတို့ သူနဲ့ ပြန်တွေ့ရင် တွေ့နေမှာ "
ရှန်ကောင်းယုရဲ့ မေးခွန်းကို ဖြေလိုက်တဲ့ လီဖူချန်းရဲ့ မျက်လုံးတွေကတော့ ရီဝေနေဆဲပါပဲ။ သူက ရှင်းတိကောဝမ်နဲ့ တိုက်ခိုက်တဲ့ တိုက်ပွဲတွေကို ပြန်သတိရလို့လား ဒါမှမဟုတ် အရှေ့ယူနီကွန်းတိုက်မှာ ကျန်ခဲ့တဲ့ သူ့ရဲ့ မိဘတွေကို သတိရလို့လား ဆိုတာကိုတော့ သူကိုယ်တိုင်ပဲ သိနိုင်ပါလိမ့်မယ်။
***