မိုးကြိုးရေကန်
Vol. 45 Ch. 608
လီဖူချန်း... နင်အဆင်ပြေရဲ့လား "
ရောင်စုံထီး သခင်မ ထွက်သွားတာ သေချာသွားတဲ့ နောက်မှာတော့ ရှန်ကောင်းယုက သူ့ရဲ့ သိုင်းအားတွေကို လျော့ချလိုက်ပြီး လီဖူချန်းရဲ့ အခြေအနေကို လှမ်းမေးလိုက်ပါတယ်။
“အင်း ... အဆင်ပြေတယ်။ သည်ဒဏ်ရာတွေက ထင်သလောက် မပြင်းဘူး "
ရောင်စုံထီး သခင်မရဲ့ ငရဲတစ္ဆေကိုးပါး လက်သည်းက တကယ် အညှာအတာ ကင်းမဲ့ပြီး ပြင်းထန်လွန်းလှတာတော့ အမှန်ပါပဲ။ဒါပေမဲ့ အဲဒါက လီဖူချန်းကို ဒဏ်ရာ အပြင်းအထန် ရစေတဲ့အထိတော့ မစွမ်းဆောင်နိုင်ပါဘူး။
ဘာဖြစ်လို့လဲဆိုတော့ လီဖူချန်းက ငရဲတစ္ဆေလက်သည်းချက် မထိခင်မှာ သူ့ရဲ့ နတ်ဓားစွမ်းအင်နဲ့ လက်သည်းအား တော်တော်များများကို ချေဖျက်လိုက်နိုင်တဲ့အပြင် လက်သည်းချက် ထိတဲ့အခါမှာလည်း သူ့ရဲ့ ချီအပြင်အားတွေကို လည်ပတ်စေပြီး တောင့်ခံလိုက်လို့ပါပဲ။ ပြီးတော့ သူ့ရဲ့ သေမျိုးကပ်ဘေး စွမ်းအားကလည်း လက်သည်းအားကို ချေဖျက်တဲ့အခါမှာ တစ်ထောင့်တစ်နေရာကနေ အကူအညီ ပေးခဲ့ပါသေးတယ်။
“ကောင်းတယ်။ ဒါဆိုရင် ငါတို့နှစ်ယောက် အမြစ်မဲ့ပန်းကို သွားရှာကြရအောင် "
ရှန်ကောင်းယုက လီဖူချန်းရဲ့ ဒဏ်ရာတွေနဲ့ ပတ်သက်ပြီး လုံးဝ မစိုးရိမ်မိပါဘူး။ သူက လီဖူချန်းဟာ များပြားလှတဲ့ ဝှက်ဖဲတွေကို ပိုင်ဆိုင်ထားမှန်း ကောင်းကောင်းကြီး သိပါတယ်။
အမြစ်မဲ့ပန်း...
သည်ပန်းက ကောင်းကင် အဆင့်နိမ့် ဆေးပင် အတန်းအစားထဲမှာ အရှားပါးဆုံးလို့ ဆိုရပါမယ်။သည်ပန်းရဲ့ နာမည်က အမြစ်မဲ့ပန်း ဖြစ်နေပေမယ့် တကယ့် တကယ်တမ်းမှာတော့ အမြစ်မရှိတာ မဟုတ်ပါဘူး။ သည်ပန်းမှာကလည်း တခြားသော ပန်းပင်တွေလိုပဲ အမြစ် ရှိပြီး အဲသည်အမြစ်က အစာအဟာရအတွက် မြေကြီးထဲကနေ မစုပ်ယူတာပဲ ရှိတာပါ။
ရှင်းရှင်းပြောရမယ် ဆိုရင်တော့ အမြစ်မဲ့ပန်းဟာ လေထဲမှာ ညင်သာစွာ လွင့်မျောနေတတ်တဲ့ ပန်းဖြစ်ပြီး သူ့ရဲ့ အမြစ်က လေဟာနယ် ဟင်းလင်းပြင်ထဲမှာ ရှိတဲ့ စွမ်းအင်တွေကို စုပ်ယူပြီး ကြီးထွား ဖွံ့ဖြိုးတတ်တဲ့ အမျိုး ဖြစ်ပါတယ်။
ဒါပေမဲ့လည်း အမြစ်မဲ့ပန်းတွေကို ရှာတွေ့ဖို့ဆိုတာက ထင်သလောက်တော့ လွယ်မှာ မဟုတ်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ သူတို့က စိတ်ထင်ရာကို လွင့်မျော သွားလာ နေတတ်လို့ပါပဲ။ သူတို့က မြေကြီး တစ်နေရာမှာ နေရာအတည်တကျ ယူပြီး ပေါက်လေ့ရှိတဲ့ တခြားဆေးပင်တွေနဲ့တော့ မတူညီဘဲ ကွဲပြားခြားနားပါတယ်။
***
လီဖူချန်းနဲ့ ရှန်ကောင်းယုတို့ဟာ လေမိုးကြိုးလျှိုမြောင်ရဲ့ အပြင်ဘက်ခြမ်းနဲ့ အတွင်းဘက်ခြမ်း ထိစပ်ရာ နယ်နိမိတ် တစ်ဝိုက်မှာ သွားလာ လှုပ်ရှားခဲ့ကြပြီး အမြစ်မဲ့ပန်းကို ရှာဖွေခဲ့ကြပါတယ်။ ဒါပေမဲ့ သူတို့က လေမိုးကြိုးလျှိုမြောင် အတွင်းဘက်ခြမ်းရဲ့ အနက်ရှိုင်းဆုံး နေရာတွေကို ဝင်ဖို့တော့ လုံးဝ မစဉ်းစားရဲကြပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲသည်နေရာမှာ ရှိနေတဲ့ လေပြင်းတွေနဲ့ မိုးကြိုးတွေက သူတို့ရဲ့ အကာအကွယ်တွေကို ဖြတ်ကျော်နိုင်စွမ်း ရှိလို့ပါပဲ။
ပြီးတော့ သူတို့ဟာ သည်အတောအတွင်းမှာ ဆိုရင် အကြို-ဧကရာဇ် တော်တော်များများနဲ့ ရင်ဆိုင် တွေ့ခဲ့ကြပါသေးတယ်။
လေမိုးကြိုး ပြည်နယ်က လူဆိုးတွေနဲ့ လူကောင်းတွေ ရောပြွမ်းနေတဲ့ နေရာတစ်ခုပါပဲ။ နောက်ပြီး သည်နေရာမှာ ရှိတဲ့ မူလပင်လယ် နယ်ပယ် ဘုရင်တွေရဲ့ အရေအတွက်ကလည်း တခြားပြည်နယ်တွေမှာ ရှိတဲ့ မူလပင်လယ် နယ်ပယ် ဘုရင်တွေထက်ကို ဆယ်ဆကျော်လောက် များပါတယ်။
ပြီးတော့ သည်ပြည်နယ်မှာ ကျင်လည်ကျက်စားနေတဲ့ အကြို-ဧကရာဇ်တွေရဲ့ အရေအတွက်ကလည်း မနည်းလှပါဘူး။ ကောလာဟလတွေအရ ဆိုရင်တော့ နတ်ကျက်သရေ အင်ပိုင်ယာရဲ့ အကြို-ဧကရာဇ်တွေထဲက အနည်းဆုံး ၂၀ရာခိုင်နှုန်းဟာ လေမိုးကြိုး ပြည်နယ်ထဲမှာ ကျင်လည်ကျက်စား နေကြပါတယ်တဲ့။
သည်လိုနဲ့ပဲ အချိန်တွေဟာ တဖြည်းဖြည်း ကုန်ဆုံးသွားခဲ့ပါပြီ။ လီဖူချန်းနဲ့ ရှန်ကောင်းယုတို့ကလည်း သူတို့နှစ်ယောက် သည်လျှိုမြောင်ထဲမှာ ရောက်နေတာ ဘယ်နှစ်ရက် ရှိပြီလဲ ဆိုတာကို သိပ်ပြီး မမှတ်မိချင်ကြတော့ပါဘူး။
တစ်နေ့မှာတော့ လီဖူချန်းရဲ့ လိပ်ပြာ အသိစိတ်အာရုံဟာ ပုံမှန်မဟုတ်တဲ့ ဖြစ်စဉ်တစ်ခုကို အာရုံ ခံလိုက်မိပါတယ်။
"ရှန်ကောင်းယု... ဟိုဘက်... ဟိုဘက်မှာ မိုးကြိုးရေကန် တစ်ခု "
အဲသည်အတွက် လီဖူချန်းဟာ ရှန်းကောင်းယုကို လှမ်းပြီး ပြောလိုက်ပါတယ်။
“မိုးကြိုးရေကန်လား ... ငါကြားဖူးတာတော့ မိုးကြိုးရေကန်က လေမိုးကြိုးလျှိုမြောင်ရဲ့ အန္တရာယ် အများဆုံး နေရာ သုံးနေရာထဲမှာ ပါတယ်တဲ့။ ပြီးတော့ မိုးကြိုးရေကန်ထဲမှာ ဆိုရင် မိုးကြိုးကပ်ဘေး ဆေးပင်တွေနဲ့ လေမိုးကြိုး ဆေးပင်တွေ ပေါက်တတ်ပြီး ကန်နံဘေးမှာ ဆိုရင် စိတ်ဝိညာဉ် ဆေးပင်တွေနဲ့ စန္ဒကူးသစ်တွေ ပေါက်တတ်တယ်တဲ့။ လီဖူချန်း... အဲဒါ ဟုတ်လား၊ မဟုတ်လားဆိုတာ ငါတို့ သွားကြည့်ရအောင် "
မိုးကြိုးရေကန် ရှိနေတာကို သိလိုက်ရတဲ့ နောက်မှာတော့ ရှန်ကောင်းယုရဲ့ မျက်လုံးတွေဟာ ညလင်းပုလဲတွေလို အရောင် တောက်ပသွားခဲ့ပါပြီ။
သူက မိုးကြိုးကပ်ဘေး ဆေးပင်၊လေမိုးကြိုး ဆေးပင်နဲ့ စိတ်ဝိညာဉ် ဆေးပင်တွေကိုတော့ မြင်ဖူးပြီးသွားပြီ ဖြစ်တဲ့အတွက် သိပ်စိတ်မဝင်စားတော့ပါဘူး။ ဒါပေမဲ့ သူက စန္ဒကူး သစ်ကိုတော့ မြင်ချင်ပါသေးတယ်။
ပြောကျတာကတော့ စန္ဒကူးသစ်က စိတ်ဝိညာဉ်ကို အဟာရ ဖြည့်ပေးတဲ့အပြင် စိတ်ဝိညာဉ်ကိုလည်း ပြောင်းလဲ ပေးနိုင်ပါတယ်တဲ့။ ဒါပေမဲ့ အဲဒါက ကောလာဟလ သက်သက်သာ ဖြစ်တဲ့အတွက် သည်စကားဟာ အမှန်လား၊အမှားလား ဆိုတာကို ဘယ်သူမှ မသိကြပါဘူး။
“စန္ဒကူးသစ်က မိုးကြိုးရေကန် နံဘေးမှာ ပေါက်တတ်တာလား "
လီဖူချန်းကလည်း အနည်းငယ် စိတ်လှုပ်ရှား သွားခဲ့ပါတယ်။
သူကလည်း စန္ဒကူးသစ်ရဲ့ အကျိုးသက်ရောက်ပုံကို မကြားဖူးဘဲ မနေပါဘူး။ ပြီးတော့ သူက စန္ဒကူးသစ်ဟာ သူ့ရဲ့ စိတ်နယ်ပယ်ထဲက ရွှေရောင်လက်ဖွဲ့ အဆောင်လို အစွမ်းရှိမလား ဆိုတာကိုလည်း သိချင်နေမိပါတယ်။
ဒါပေမဲ့ လီဖူချန်း စိတ်ထဲမှာ သေချာ သိနေတာ တစ်ခုကတော့ စန္ဒကူးသစ်ဟာ စိတ်ဝိညာဉ်ကို ပြောင်းလဲ ပေးနိုင်တယ် ဆိုရင်တောင်မှ ရွှေရောင် လက်ဖွဲ့အဆောင်လို အကြိမ်ကြိမ်၊ အခါခါ ပြောင်းလဲပေးနိုင်မှာ မဟုတ်ဘူး ဆိုတာပါပဲ။ အဲဒါက ရွှေရောင်လက်ဖွဲ့ အဆောင်နဲ့ ယှဉ်နိုင်ဖို့ ဆိုတာကတော့ လုံးဝ လုံးဝ မဖြစ်နိုင်ပါဘူး။
သည်လိုနဲ့ပဲ သိပ်မကြာခင်မှာတော့ လီဖူချန်းတို့ နှစ်ယောက်ဟာ အသည်းနှလုံးပုံစံ ရှိတဲ့ မိုးကြိုးရေကန် တစ်ခုရဲ့ နယ်နိမိတ်နားကို ရောက်ရှိသွားခဲ့ကြပါပြီ။
သည်ရေကန်ကတော့ အတော်လေးကို ကျယ်တဲ့ ရေကန်တစ်ခုလို့ ဆိုရပါမယ်။ အဲသည်အတွက် သူတို့နှစ်ယောက်ဟာ ရေကန်ရဲ့ တစ်ဖက်စွန်းကို မမြင်နိုင်ကြပါဘူး။ ပြီးတော့ ရေကန်ရဲ့ အပိုင်းတော်တော်များဟာ မြူ ခိုးတွေနဲ့ ဖုံးအုပ်နေပါသေးတယ်။
လီဖူချန်းကတော့ ရေကန်ရဲ့ တစ်ဖက်စွန်းကို မမြင်နိုင်ပေမယ့်လည်း ရေကန်ရဲ့ အကျယ်ကို အကြမ်းဖျင်းတော့ တွက်ဆလိုက်နိုင်ပါတယ်။ သည်ရေကန်က မိုင်ဒါဇင်ပေါင်း အနည်းငယ်ထက် ပိုမကျယ်နိုင်ပါဘူး။
မိုးကြိုးရေကန်ကတော့ ပေးထားတဲ့ နာမည်နဲ့ လိုက်တယ်လို့ ဆိုရမှာပါပဲ။
သည်ရေကန်ရဲ့ မျက်နှာပြင်မှာက မိုးကြိုးစက်ကွင်းတွေနဲ့ ပြည့်နှက်နေတဲ့အတွက် ကန်ထဲမှာ လှိုင်းတစ်ချက် တစ်ချက် ထလာပြီ ဆိုရင် မိုးကြိုးလှိုင်းလုံးကြီးတွေ ထလာသလားလို့တောင် ထင်မြင်စေရ လာက်ပါတယ်။
ဒါပေမဲ့ သည်မိုးကြိုးစက်ကွင်းတွေက ကောင်းကင်ပေါ်ကနေ ဖြစ်တည်လာတာတော့ မဟုတ်ပါဘူး။ သူတို့တွေက မိုးကြိုး ရေကန်ရဲ့ အနက်ရှိုင်းဆုံး အပိုင်းကနေ ပေါက်ဖွားလာကြတာပါ။ အဲသည်အချက်ကြောင့်ပဲ လူတွေက သည်ရေကန်ကို မိုးကြိုးရေကန်လို့ ခေါ်ကြတာ ဖြစ်ပါတယ်။
“သည်မိုးကြိုးရေကန်ရဲ့ မိုးကြိုးစက်ကွင်းတွေက အင်မတန် ပြင်းထန်တယ်။ အဲဒါကြောင့် အထွတ်အထိပ် အဆင့် အကြို-ဧကရာဇ်တွေတောင်မှ သည်ရေကန်အနားကို ဆယ်မီတာထက် ပိုမကပ်နိုင်ကြဘူး။ ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် ဧကရာဇ်တွေကတော့ သုံးမီတာထက် ပိုမကပ်ရဲကြဘူး။မိုးကြိုး ရေကန်ရဲ့ တစ်မီတာ ပတ်လည်အတွင်းမှာ ဆိုရင် မိုးကြိုးစက်ကွင်းတွေရဲ့ ရိုက်ခတ်မှုကြောင့် အဆင့်နိမ့် ဧကရာဇ်တွေတောင် သေတယ် "
ရှန်ကောင်းယုက သိုင်းမိသားစုကြီး တစ်ခုကနေ ဆင်းသက်လာတဲ့သူ ဖြစ်တဲ့အတွက် မိုးကြိုးရေကန်ရဲ့ အန္တရာယ်ကြီးပုံကို တခြားသူတွေထက် ပိုသိပါတယ်။ အဲသည်အတွက် သူက သည်ရေကန်ကို လုံးဝ အထင်မသေးရဲပါဘူး။
“တကယ်လို့ ငါတို့က ရေကန်ထဲက ရေကို ထိလိုက်မိရင်ကော "
လီဖူချန်းက သူမရှင်းတဲ့အချက်ကို မေးလိုက်ပါတယ်။
ရှန်ကောင်းယုက လည်ချောင်း တစ်ချက် ရှင်းလိုက်ပြီး
“အဟမ်း ... ပြောကျတာကတော့ ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်ကြီး တစ်ခုလုံးမှာ ဆိုရင် မဟာ ဧကရာဇ်တွေပဲ မိုးကြိုးရေကန်က ရေကို ထိနိုင်တယ်တဲ့။ ဒါတောင်မှ သူတို့က ရေကန်ရဲ့ အစပ်က ရေတွေကိုပဲ ထိနိုင်တာ။ ပြီးတော့ ခြွင်းချက် ရှိသေးတယ်။ သူတို့က မိုးကြိုးရေကန်မှာ လှိုင်းမထန်တဲ့ အချိန်မှာပဲ ကန်စပ်က ရေတွေကို ထိနိုင်တာ "
“မိုးကြိုးရေကန်က လှိုင်းထန်တဲ့ အချိန်မှာ ဘယ်လောက် ကြောက်စရာကောင်းလဲ နင်သိလား။မိုးကြိုးရေကန်မှာ လှိုင်းထန်နေပြီဆိုရင် အဆင့်နိမ့် ဧကရာဇ်တွေတောင် ရေကန်နားကို ဆယ်မီတာထက် ပိုမကပ်ရဲကြဘူး။ အဲသည်ထက် ပိုကပ်ရင်တော့ အဆင့်နိမ့် ဧကရာဇ်တွေလည်း မိုးကြိုးစက်ကွင်းတွေကြောင့် သေမှာပဲ "
လီဖူချန်းက ရှန်ကောင်းယု ပြောတာကို သိပ်ပြီး နားမလည်ပါဘူး။
“ရှန်ကောင်းယု... တကယ်လို့ မိုးကြိုးရေကန်က မင်းပြောသလို ကြောက်စရာကောင်းတယ် ဆိုရင် မိုးကြိုးရေကန်ရဲ့ လျှို့ဝှက်ချက်တွေကို သူတော်စင်တွေပဲ သိနိုင်တော့မှာပေါ့။ အဲဒါက နည်းနည်းတော့ အဓိပါ္ပယ်မဲ့လွန်း မနေဘူးလား "
လီဖူချန်း သိသလောက် ဆိုရင် ဧကရာဇ် ကောင်းကင် ကုန်းမြေတိုက် ဆိုတာက အလယ်အလတ်အဆင့် ကုန်းမြေတိုက် တစ်ခု အဆင့်မှာပဲ ရှိတာပါ။အဲဒါက အလယ်အလတ် အဆင့် ကုန်းမြေတိုက်တွေထဲမှာ ထိပ်တန်း ကုန်းမြေတိုက် ဖြစ်နေတယ် ဆိုရင်တောင်မှ သည်လို အန္တရာယ်များတဲ့ နေရာမျိုးဟာ ရှိမနေသင့်ပါဘူး။ ဒါက လုံးဝ ကျိုးကြောင်းဆီလျော်မှု မရှိတဲ့ ဖြစ်စဉ်ပါပဲ။
ရှန်ကောင်းယုက ခေါင်းတစ်ချက် ခါလိုက်ပြီး
“လီဖူချန်း ... နင်က ဗဟုသုတ အတော် နည်းတာပဲ။ ကြည့်ရတာ နင်က ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်ရဲ့ ရှေးဟောင်းသမိုင်း ကျမ်းစာတွေကို မဖတ်ဖူးဘူး ထင်တယ်။ ငါပြောပြမယ် ... ရှေးဟောင်း မှတ်တမ်း၊မှတ်ရာတွေအရ ဆိုရင်တော့ လေမိုးကြိုး လျှိုမြောင်ရဲ့ ဖြစ်တည်လာမှုက သူတော်စင်တွေကြောင့် ဖြစ်လာတာပဲ။ ဒါပေမဲ့ တစ်ကျောင်း တစ်ဂါထာ၊ တစ်ရွာ တစ်ပုဒ်ဆန်း ဆိုတဲ့ စကား ရှိတဲ့အတွက် ရှေးဟောင်းသမိုင်း ကျမ်းစာအုပ်တွေထဲမှာ ဖော်ပြထားတဲ့ အကြောင်းအရာတွေဟာ တစ်ခုနဲ့တစ်ခု မတူကြဘူး။ ငါဖတ်ဖူးတဲ့ ရှေးဟောင်းကျမ်းစာ တစ်အုပ်ထဲမှာတော့ မိုးကြိုးရေကန်က မိုးကြိုးတာအို မိစ္ဆာအရှင်သခင် တစ်ပါးရဲ့ အသည်းနှလုံးက မိုးကြိုးရေကန်ရဲ့ အနက်ရှိုင်းဆုံး နေရာမှာ ရှိတယ်လို့ ဆိုထားတယ်။ဒါပေမဲ့ နောက်တစ်မျိုးမှာတော့ မိုးကြိုးတာအို သူတော်စင် တစ်ပါးက မိုးကြိုးရေကန်ရဲ့ အနက်ရှိုင်းဆုံး အပိုင်းထဲမှာ ကျင့်ကြံနေတယ်လို့ ဆိုထားတယ်။ နောက်ထပ် တစ်မျိုးမှာတော့ သည်လေမိုးကြိုး လျှိုမြောင်က လေတာအို သူတော်စင် တစ်ပါ းနဲ့ မိုးကြိုးတာအို သူတော်စင် တစ်ပါးရဲ့ တိုက်ပွဲကြောင့် ဖြစ်လာတာတဲ့။ ပြီးတော့ အဲသည် သူတော်စင် နှစ်ပါးက သည်ရေကန်ထဲမှာ ပျောက်ကွယ်သွားကြတာတဲ့။ သည်သမိုင်းတွေထဲမှာ ဘယ်ဟာက အမှန်လည်း ဆိုတာကိုတော့ ငါလည်း မပြောတတ်ဘူး "
“သူတော်စင်တွေက အဲလောက်တောင် စွမ်းတာလား။ ပြီးတော့ မိစ္ဆာ အရှင်သခင်တွေရဲ့ အစွမ်းကလည်း နည်းနည်း မလွန်လွန်းဘူးလား "
ရှန်ကောင်းယုရဲ့ စကားအဆုံးမှာတော့ လီဖူချန်းဟာ မျက်လုံး အပြူးသား ဖြစ်သွားခဲ့ပါပြီ။
ရှန်ကောင်းယုရဲ့ စကားတွေဟာ လုံးဝ ယုံချင်စရာ မကောင်းလှပါဘူး။
တကယ်လို့သာ မိုးကြိုးရေကန်က မိုးကြိုးတာအို မိစ္ဆာ အရှင်သခင်ရဲ့ အသည်းနှလုံးကနေ ဖြစ်လာတာဆိုရင် အဲသည် မိုးကြိုးတာအို မိစ္ဆာသခင်ဟာ ဘယ်လောက်အထိတောင် အစွမ်းထက်နေလိုက်ပါမလဲ။ သူက အတွေးတစ်ချက်နဲ့တင် မဟာဧကရာဇ် တစ်ပါးကို သတ်ပစ်နိုင်ကောင်း သတ်ပစ်နိုင်လောက်မှာပါ။
တစ်ဆက်တည်းမှာပဲ လီဖူချန်း အရိပ်အသူရာချောက်ကို ပြန်ပြီး တွေးလိုက်မိပါတယ်။
ပြောရမယ် ဆိုရင် အရိပ်အသူရာချောက်ကလည်း သူတော်စင် နှစ်ပါးရဲ့ တိုက်ပွဲကနေ ပေါက်ဖွားလာတာပါပဲ။ ဒါပေမဲ့လည်း အရိပ်အသူရာချောက်ကို ဖြစ်ပေါ်စေခဲ့တဲ့ သူတော်စင် နှစ်ပါးက လေမိုးကြိုး လျှိုမြောင်ကို ဖြစ်ပေါ်စေခဲ့တဲ့ သူတော်စင် နှစ်ပါးထက် ပိုအစွမ်းထက်မယ်လို့ လီဖူချန်း အနေနဲ့ ထင်မြင်မိပါတယ်။
ဘာဖြစ်လို့လဲ ဆိုတော့ အရိပ်အသူရာ ချောက်မှာက များပြားလှတဲ့ အလွှာတွေ ရှိတဲ့အပြင် အဲသည်အလွှာ တစ်ခုချင်းစီမှာကလည်း ကိုယ်ပိုင် ဥပဒေသတွေ ရှိနေတာ မဟုတ်ပါလား။
“သူတော်စင်တွေလား ... သူတို့က အစွမ်းထက်တာပေါ့။ နင်ပဲ စဉ်းစားကြည့်လေ။ ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် ဧကရာဇ်တွေက လူ့သက်တမ်း နှစ်၂၀၀၀ ရှိတဲ့အချိန်မှာ သူတော်စင်တွေက လူ့သက်တမ်း နှစ်၁၀၀၀၀ ရှိနေပြီ။ သူတော်စင် နယ်ပယ်ကို ရောက်ပြီးပြီ ဆိုရင် အဲသည်ကျင့်ကြံသူက သည်ကမ္ဘာကြီးမှာ ရှိသမျှ ကုန်းမြေတိုက်ကြီးတွေနဲ့ ပင်လယ်၊သမုဒ္ဒရာ မှန်သမျှကို စိတ်ကြိုက် သွားလာနိုင်တယ်။ ပြီးတော့ သူတို့တွေက သည်ကမ္ဘာကြီးထဲကနေ ထွက်သွားချင်ရင်တောင် ထွက်သွားလို့ ရနေပြီ။ သူတို့ရဲ့ လက်တစ်ချက် မှောက်လိုက်တာက မိုးတွေကို ရွာစေနိုင်တယ်။ သူတို့က လစ်လပ်နယ်မြေတွေကို ဖွင့်နိုင်တယ်။ခြေတစ်လှမ်းတည်းနဲ့ မိုင်ပါင်း ဆယ်သန်းကို သွားနိုင်တယ်။ အကျဉ်းချုံး ပြောရမယ်ဆိုရင် သူတော်စင်တွေက သည်ကမ္ဘာကြီးမှာ အစွမ်းအထက်ဆုံး ကျင့်ကြံသူတွေပဲ။ ပြီးတော့ သူတော်စင် နယ်ပယ်ထက် ပိုမြင့်တဲ့ နယ်ပယ်ကို ငါမကြားဖူးသေးဘူး"
ရှန်ကောင်းယုက လီဖူချန်းရဲ့ မေးခွန်းကို သူသိသလောက် ဖြေပေးလိုက်ပါတယ်။ တစ်ချိန်တည်းမှာပဲ သူက သူ့ရဲ့ အနာဂတ်ကို လှမ်းမျှော်ကြည့်ရင်း ရင်မောသွားသလိုပါပဲ။
မိုင်ဒါဇင် အနည်းငယ် ဆိုတဲ့ ဧရိယာ အကျယ်အဝန်းဟာ သိပ်ပြီး မကြီးလှပါဘူး။ ဒါပေမဲ့ သေးသလား ဆိုပြန်ရင်တော့လည်း မသေးလှပါဘူး။
လီဖူချန်းနဲ့ ရှန်ကောင်းယုတို့ နှစ်ယောက် မိုးကြိုးရေကန်ရဲ့ နယ်နိမိတ်နားကို ရောက်တဲ့အခါမှာတော့ ဒါဇင်နဲ့ချီတဲ့ မူလပင်လယ် နယ်ပယ် ဘုရင်တွေဟာ သူတို့ထက်ကြိုပြီး ရောက်ရှိနေနှင့် ကြပါပြီ။ ပြီးတော့ သူတို့ဆီကနေ မိုးကြိုးကပ်ဘေး ဆေးပင် လုဖို့ ကြံရွယ်ခဲ့တဲ့ ရောင်စုံထီး သခင်မကလည်း အဲသည် လူအုပ်ထဲမှာ ရှိနေခဲ့ပါတယ်။
လီဖူချန်းတို့က ရောင်စုံထီး သခင်မကို သတိပြုလိုက် မိသလို သူကလည်း လီဖူချန်းတို့ကို ပြန်ပြီး သတိပြုမိပုံပါပဲ။
ဒါပေမဲ့လည်း သူက လီဖူချန်းတို့ကို လာပြီး ပြဿနာ မရှာခဲ့ပါဘူး။ သူက လီဖူချန်းတို့ကို မသိသလို ဟန်ဆောင်ပြီးသာ နေခဲ့ပါတယ်။
အမှန်အတိုင်း ပြောရမယ် ဆိုရင်တော့ ရောင်စုံထီး သခင်မဟာ လီဖူချန်းတို့ကို ဆုံးမချင်နေတာ တစ်ပိုင်းကို သေနေပါပြီ။ ဒါပေမဲ့လည်း အကြောင်းအရင်း သုံးချက်ကြောင့် သူက လီဖူချန်းတို့ကို မသိချင်ယောင် ဆောင်နေခဲ့တာပါ။
အဲသည် အကြောင်းအရင်း သုံးချက်ကတော့ ရိုးရိုးရှင်းရှင်းလေးပါပဲ။
နံပါတ်တစ် - သူက လီဖူချန်းနဲ့ ရှန်ကောင်းယုတို့ နှစ်ယောက်ပေါင်းရဲ့ တိုက်ခိုက်မှုကို မယှဉ်နိုင်ပါဘူး။
နံပါတ်နှစ် - ရှန်ကောင်းယုက မိုးကြိုးကပ်ဘေး ဆေးပင်ကို အကုန်အစင် သန့်စင်ပြီးသွားခဲ့ပါပြီ။အဲသည်အတွက် သူ့အနေနဲ့ ရှန်ကောင်းယုရဲ့ သွေးအဆီအနှစ်ကို ရရင်တောင်မှ အဲဒါက မိုးကြိုးကပ်ဘေး ဆေးပင်ကို သည်အတိုင်း တိုက်ရိုက်စားလိုက်တာထက် ဆေးစွမ်း နည်းနေပါလိမ့်မယ်။
နံပါတ်သုံး -မိုးကြိုးရေကန်ရဲ့ မြူ ခိုး တစ်စိတ်တစ်ပိုင်းဟာ အခုအချိန်မှာ ပြယ်ပျောက်သွားခဲ့ပါပြီ။ သည်မိုးကြိုးရေကန်ရဲ့ မြူ နှင်းတွေဟာ နှစ်ပေါင်း သုံးဆယ်မှ တစ်ခါ ပျောက်ပြယ်တယ်ဆိုတာ လူတိုင်း အသိပါပဲ။ အဲသည်အတွက် သူဟာ သည်အခွင့်အရေးကို လွဲချော်သွားလို့ မဖြစ်ပါဘူး။ တကယ်လို့သာ သူ့အနေနဲ့ သည်အခွင့်အရေးကို လွဲချော်သွားပြီဆိုရင် သူဟာ နောက်ထပ် နှစ်ပေါင်းသုံးယ် ထပ်စောင့်ရတော့မှာပါ။
အမှန်အတိုင်း ပြောရမယ် ဆိုရင် အခုအချိန်မှာ ရောင်စုံထီး သခင်မအတွက် အရေးအကြီးဆုံးကတော့ မိုးကြိုးရေကန် နံဘေးမှာ ပေါက်နေတတ်လေ့ရှိတဲ့ မိုးကြိုးကပ်ဘေး ဆေးပင်တွေပါပဲ။ တကယ်လို့သာ သူ့အနေနဲ့ အခွင့်အရေးကောင်း တစ်ခု ရပြီး မိုးကြိုးကပ်ဘေး ဆေးပင် တစ်ပင်လောက် နုတ်ယူနိုင်ခဲ့မယ်ဆိုရင် သူ့ရဲ့သိက္ခာ ကျဆင်းခဲ့မှုဟာ ထိုက်တန်ပါလိမ့်မယ်။
တခြားသော မူလပင်လယ်နယ်ပယ် ဘုရင်တွေကလည်း ရောင်စုံထီး သခင်မလိုပါပဲ။ သူတို့က ရေကန်နံဘေးမှာ ပေါက်နေတဲ့ အဖိုးတန် ဆေးပင်တွေကိုပဲ အာရုံ စိုက်နေကြပါတယ်။
ဒါပေမဲ့လည်း သူတို့ရဲ့ ရည်ရွယ်ချက်တွေကတော့ မတူညီကြပါဘူး။ တချို့တွေက လေမိုးကြိုးဆေးပင်၊တချို့တွေက မိုးကြိုးကပ်ဘေး ဆေးပင်၊ တချို့တွေက အဆင့်မြင့် စိတ်ဝိညာဉ်ဆေးပင် အစရှိသဖြင့် သူတို့ရဲ့ ရည်ရွယ်ချက်တွေဟာ ကွဲပြားနေကြပါတယ်။ စန္ဒကူးသစ်ကတော့ မိုးကြိုးရေကန်ရဲ့ မျက်နှာပြင်ပေါ်မှာ မျောနေတဲ့အတွက် ဘယ်သူမှ ရယူဖို့ စိတ်မကူးဝံ့ကြပါဘူး။
“ဝိုး... များလိုက်တဲ့ ဆေးပင်တွေပါလား "
လီဖူချန်းရဲ့ မျက်လုံးတွေကတော့ အရောင်တောက်နေခဲ့ပါပြီ။
မိုးကြိုးကပ်ဘေးဆေးပင် ဆိုတာက အပြင်ဘက် လောကကြီးမှာဆိုရင် မြင်တွေ့ခွင့် ရဖို့အတွက်တောင် မလွယ်လှတဲ့ အရာပါပဲ။ ဒါပေမဲ့ အခု သည်နေရာမှာတော့ မိုးကြိုးကပ်ဘေးဆေးပင် ငါးပင်၊ခြောက်ပင်လောက်ဟာ ပေါက်ရောက်နေပါတယ်။ ဒါပေမဲ့လည်း သူတို့ထဲက အများစုဟာ မိုးကြိုးရေကန်ရဲ့ ဆယ်မီတာ ပတ်လည် အတွင်းမှာ ပေါက်နေကြတဲ့အတွက် သူတို့ကို နုတ်ယူဖို့ ကိစ္စဟာ လွယ်တော့ လွယ်မှာ မဟုတ်ပါဘူး။
လေမိုးကြိုး ဆေးပင်တွေကတော့ မိုးကြိုးရေကန်ရဲ့ ဆယ်မီတာနဲ့ ဆယ့်ငါးမီတာ ပတ်လည် အတွင်းမှာ ပေါက်ရောက်နေပြီး အဆင့်မြင့် စိတ်ဝိညာဉ် ဆေးပင် သုံးပင်ကတော့ မိုးကြိုးရေကန်ရဲ့ သုံးမီတာ ပတ်လည် အတွင်းမှာ ပေါက်ရောက်နေပါတယ်။ မိုးကြိုးရေကန်ရဲ့ သုံးမီတာ ပတ်လည် ဆိုတာကတော့ ဥပဒေသ ပြောင်းလဲခြင်းနယ်ပယ် ဧကရာဇ်တွေသာ သွားနိုင်တဲ့ အကွာအဝေး ဖြစ်တဲ့အတွက် သည်နေရာမှာ ရှိနေတဲ့ ဘယ်သူကမှ အဲသည်ဆေးပင်တွေကို နုတ်ယူဖို့ စိတ်ကူးရဲကြမှာ မဟုတ်ပါဘူး။အဲသည်ဆေးပင်တွေကို နုတ်ယူဖို့ စိတ်ကူးရှိရင်တော့ အဲသည်လူဟာ အနည်းဆုံး အသက်အပို သုံးသက်လောက် ရှိနေမှ တော်ကာကျပါလိမ့်မယ်။
ဆေးပင်တွေကို ရယူဖို့ ကြိုးစားနေတဲ့ လူတွေကတော့ အများကြီးပါပဲ။ ပြီးတော့ သူတို့ရဲ့ နည်းလမ်းတွေကလည်း တစ်ယောက်နဲ့တစ်ယောက် လုံးဝမတူပါဘူး။
အဲသည်ထဲမှာ ဆိုရင် ချီအတွင်းအား လက်ဝါး တစ်ခုကို ဖန်ဆင်းပြီး လေမိုးကြိုး ဆေးပင်ကို နုတ်ယူဖို့ လုပ်နေတဲ့ ထိပ်ပြောင်ပြောင် အကြို-ဧကရာဇ် တစ်ပါးကိုတောင် လီဖူချန်းက မြင်ခဲ့ပါသေးတယ်။ ဒါပေမဲ့လည်း အဲသည် အကြို-ဧကရာဇ်ရဲ့ လုပ်ဆောင်မှုက မအောင်မြင်ခဲ့ပါဘူး။ သူက လေမိုးကြိုး ဆေးပင်ကို မထိလိုက်ရသေးခင်မှာပဲ မိုးကြိုးစက်ကွင်း တစ်ခုကြောင့် လောင်ကျွမ်းပြာကျ သွားခဲ့ရပါတယ်။
အဲသည်အဖြစ်အပျက် အပြီးမှာတော့ ရှန်ကောင်းယုဟာ လီဖူချန်းကို ကောင်းကောင်းကြီး သင်ခန်းစာ ပို့ချပါတော့တယ်။
“သည်မိုးကြိုးရေကန်ထဲမှာ ရှိတဲ့ မိုးကြိုးစက်ကွင်းတွေက အာရုံခံစားနိုင်စွမ်း အရမ်းမြင့်တယ်။ နင်က ဘယ်သူပဲဖြစ်ဖြစ်၊ နင်ရဲ့ ချီစွမ်းအားက သူတို့ရဲ့ တိုက်ခိုက်နိုင်တဲ့ အကွာအဝေးထဲ ရောက်သွားပြီ ဆိုရက် မိုးကြိုးစက်ကွင်းတွေက အလိုလိုပေါ်လာပြီး မနင့်ကို တိုက်ခိုက်မှာပဲ။ အဲသည်တော့ နင့်အနေနဲ့ ဆေးပင်တွေကို နုတ်ယူချင်တယ် ဆိုရင် ကိုယ်တိုင်ကိုယ်ကျ ခူးမှ ရလိမ့်မယ်။ အဲသည်လိုမှ မဟုတ်ဘဲ ချီလက်ဝါး ဖန်ဆင်းပြီး ခူးမယ်ဆိုရင်တော့... ဟင်း... ဟင်း။ နင်လည်း အဲသည် သာဓကကို မြင်ဖူးပြီးပါပြီ "
“မိုးကြိးရေကန်က အတော်လေး နားလည်ရ ခက်တာပဲ "
လီဖူချန်းက မြူ ခိုးတွေကြားမှာ တည်ရှိနေဆဲဖြစ်တဲ့ မိုးကြိုးရေကန်ကို တစ်ချက် လှမ်းကြည့်လိုက်ပြီး ခပ်တိုးတိုး ရေရွတ်လိုက်မိပါတယ်။ သူ့ရဲ့ အမြင်မှာတော့ သည်မိုးကြိုးရေကန်ဟာ ကိုယ်ပိုင် အသိစိတ်ဝိညာဉ် ရှိနေသလိုပါပဲ။
***