← Chapters

ပြဿနာ သွားမရှာသင့်သူ

Vol. 45 Ch. 609

ပြဿနာ သွားမရှာသင့်သူ

Vol. 45 Ch. 609

ချွင်... ချွင်...

ဘန်း...

မိုးကြိုးရေကန်ရဲ့ နံဘေးနားမှာတော့ လူရိပ်တစ်ရိပ်ဟာ မိုးကြိုးစက်ကွင်းတွေကြားထဲကို ဝင်လိုက်၊ထွက်လိုက်နဲ့ ကကြိုးဆင်နေပါတယ်။ အဲသည်လူရိပ်ကတော့ ရောင်စုံထီး သခင်မပါပဲ။

“နည်းနည်း ... နောက်ထပ် နည်းနည်းပဲ ကြိုးစားလိုက်ရင် ရပြီဟာကို "

ရောင်စုံထီး သခင်မက သူ့ဆီ တိုးဝင်လာတဲ့ မိုးကြိုးစက်ကွင်း တစ်ခုကို သူ့ရဲ့ထီးနဲ့ ကာလိုက်ရင်းနဲ့ မကျေမနပ် ရေရွတ်လိုက်ပါတယ်။ သူက သည်မိုးကြိုးစက်ကွင်းကြောင့် နောက်ဆုတ်လိုက်ရတဲ့ အပေါ်မှာ လုံးဝ လက်သင့်မခံနိုင်ပုံပါပဲ။

မိုးကြိုးရေကန်ရဲ့ ဆယ်မီတာ အတွင်းမှာ ရှိနေတဲ့ မိုးကြိုးစက်ကွင်းတွေဟာ အထွတ်အထိပ် အဆင့် အကြို-ဧကရာဇ်တွေကိုတောင်မှ ဒဏ်ရာ အကြီးအကျယ် ရစေနိုင်ပါတယ်။ အဲသည်ထက် ပိုနီးအောင် သွားမယ် ဆိုရင်တော့ မိုးကြိုးစက်ကွင်းတွေဟာ အထွတ်အထိပ် အဆင့် အကြို-ဧကရာဇ်တွေကိုတောင်မှ အသက်ချမ်းသာ ပေးမှာ မဟုတ်ပါဘူး။

အမှန်အတိုင်း ပြောရမယ် ဆိုရင်တော့ ရောင်စုံထီး သခင်မဟာ သူ့ကိုယ်သူ အနည်းငယ် ရင်းနှီးပြီး ကြိုးစားလိုက်မယ် ဆိုရင် မိုးကြိုးကပ်ဘေး ဆေးပင်ကို ရနိုင်ပါတယ်။ ဒါပေမဲ့ ပြဿနာက သည်နေရာမှာ သူ့အပြင် တခြားသော အထွတ်အထိပ် အဆင့် အကြို-ဧကရာဇ်တွေလည်း ရှိနေတာပါပဲ။

တကယ်လို့သာ သူ့အနေနဲ့ မိုးကြိုးကပ်ဘေး ဆေးပင်ကို ရယူရာမှာ ဒဏ်ရာ ရသွားခဲ့မယ် ဆိုရင် သူဟာ  မိုးကြိုးဆေးပင်ကို ကာကွယ်နိုင်တော့မှာ မဟုတ်သလို သူ့ရဲ့ အသက်ကိုလည်း ကာကွယ်နိုင်တော့မှာ မဟုတ်ပါဘူး။

အဲသည်အတွက်ကြောင့်ပဲ ရောင်စုံထီး သခင်မဟာ မိုးကြိုးဆေးပင်ကို ရဖို့အတွက်  သူ့ကိုယ်သူ မရင်းနှီးရဲတာပါ။

' အင်း... ဟိုကောင်စုတ်လေး နှစ်ကောင်ကော ဘာလုပ်နေပါလိမ့် '

ရောင်စုံထီး သခင်မက မိုးကြိုးကပ်ဘေး ဆေးပင်ကို ဒဏ်ရာမရဘဲ ဘယ်လို နုတ်ယူရမလဲ ဆိုတာကို စဉ်းစားနေရင်းနဲ့ ရုတ်တရက် ဆိုသလို သူ့ရဲ့ ခေါင်းထဲမှာ လီဖူချန်းတို့ နှစ်ယောက်အကြောင်း ပေါ်လာခဲ့ပါတယ်။ ပြီးတာနဲ့ တစ်ပြိုင်နက် သူဟာ မရည်ရွယ်ဘဲနဲ့ ဖူချန်းတို့ဘက်ကို လှမ်းကြည့်လိုက်မိပါတယ်။

အဲသည် အချိန်မှာတော့ လီဖူချန်းဟာ လေမိုးကြိုး ဆေးပင်ကို နုတ်တောင် ယူပြီးသွားခဲ့ပါပြီ။

လေမိုးကြိုး ဆေးပင်ဟာ မိုးကြိုးရေကန်ရဲ့ ဆယ်မီတာနဲ့ ဆယ့်ငါးမီတာ ကြားမှာ ပေါက်နေတာ ဖြစ်တဲ့အတွက် မိုးကြိုးကပ်ဘေး ဆေးပင်ကို နုတ်ယူရတာလောက်တော့ မခဲယဉ်းပါဘူး။ ဒါပေမဲ့ အဲဒါက လွယ်တယ်ဆိုတဲ့ အဓိပါ္ပယ်လည်း မသက်ရောက်ပါဘူး။ အထွတ်အထိပ် အဆင့် အကြို-ဧကရာဇ် တစ်ပါးတောင်မှ သည်လေမိုးကြိုး ဆေးပင်ကို နုတ်ယူတဲ့နေရာမှာ  နည်းနည်းပါးပါး သတိလက်လွတ် ဖြစ်သွားခဲ့မယ် ဆိုရင် မိုးကြိုးစက်ကွင်းတွေရဲ့ တိုက်ခိုက်မှုကြောင့် ဒဏ်ရာ ရသွားနိုင်ပါတယ်။

ရောင်စုံထီး သခင်မ အနေနဲ့ လေမိုးကြိုး ဆေးပင်ကို အရင် ရယူဖို့ မစဉ်းစားဘဲ  မိုးကြိုးကပ်ဘေး ဆေးပင်ကို အရင် ရယူဖို့ စဉ်းစားတာကလည်း အဲသည် အကြောင်းအရင်းကြောင့်ပါပဲ။ သူက မမျှော်လင့်တဲ့ အဖြစ်အပျက်ကြောင့် ဒဏ်ရာ မရသွားချင်ပါဘူး။ ပြီးတော့ သူက  သူ့ရဲ့ စိတ်အာရုံကို မိုးကြိုးကပ်ဘေး ဆေးပင် ရယူတဲ့ နေရာမှာပဲ အရင်ဆုံး အာရုံ စိုက်ထားချင်ပါတယ်။ သူ့အတွက်ကတော့ မိုးကြိုးကပ်ဘေး ဆေးပင်ကို ရယူပြီးမှ လေမိုးကြိုး ဆေးပင်ကို ရယူဖို့ ကြိုးစားရင်လည်း နောက်မကျပါဘူး။

ဒါပေမဲ့လည်း လီဖူချန်းကို ကြည့်ရတာတော့ လေမိုးကြိုး ဆေးပင်ကို နုတ်ယူရတာဟာ ဘာမှ မခက်ခဲသလိုပါပဲ။ သူက မိုးကြိုးရေကန်ရဲ့ နံဘေးကို ခပ်ဖြည်းဖြည်းလေး ပျံသန်းသွားပြီး လေမိုးကြိုး ဆေးပင်ကို အေးအေးဆေးဆေး နုတ်ယူသွားခဲ့တာပါ။

' သည်မိုးကြိုးစက်ကွင်းတွေက အာရုံခံနိုင်စွမ်း မြင့်တာတော့ ဟုတ်တယ်။ ဒါပေမဲ့ သူတို့က အချိန်တိုင်းမှာ တိုက်ခိုက်နိုင်တာတော့ မဟုတ်ဘူး။သူတို့က အကြိမ်အရေအတွက် တစ်ခုအထိပဲ တိုက်နိုင်တယ်။ ကန့်သတ်ထားတဲ့ အရေအတွက် တစ်ခုအထိ တိုက်ခိုက်ပြီးသွားရင် သည်မိုးကြိုးစက်ကွင်းတွေက အားနည်းသွားတာပဲ "

လီဖူချန်းက သူ့လက်ထဲမှာရှိတဲ့ လေမိုးကြိုး ဆေးပင်ကို ကြည့်နေရင်းနဲ့ အတွေးကမ္ဘာထဲ နစ်မြောနေပါတယ်။

သူ့ရဲ့ လိပ်ပြာ အသိစိတ်အာရုံ အစွမ်းကြောင့် လေမိုးကြိုး ဆေးပင်ကို နုတ်ယူရတာက သူ့အတွက် ဘာမှ မခက်ခဲလှပါဘူး။

သည်မိုးကြိုးစက်ကွင်းတွေက မြန်ကောင်း မြန်ပါလိမ့်မယ်။ဒါပေမဲ့ သူတို့တွေက လီဖူချန်းရဲ့ မျက်လုံးလောက် မမြန်ပါဘူး။ ပြီးတော့ သူ့ရဲ့ ခန္ဓာကိုယ်ကလည်း မိုးကြိုးစက်ကွင်းတွေရဲ့ အမြန်နှုန်းကို လိုက်နိုင်ပါတယ်။ အဲသည်အတွက်  မိုးကြိုးစက်ကွင်းတွေရဲ့ လားရာကို တွက်ချက်နိုင်သေးသရွေ့ သူ့အနေနဲ့ မိုးကြိုးစက်ကွင်းတွေရဲ့ တိုက်ခိုက်မှုကို အေးအေးဆေးဆေး ရှောင်နိုင်ဦးမှာပါပဲ။

“တကယ်လို့ မိုးကြိုးငါးစင်း ဂါထာကို ထုတ်သုံးလိုက်ရင် သည်မိုးကြိုးစက်ကွင်းတွေကို ထိန်းချုပ်လို့ ရနိုင်လောက်မလား "

ရုတ်တရက် ဆိုသလိုပဲ လီဖူချန်းဟာ အတွေးတစ်ခု ရလာခဲ့ပါတယ်။

ယထာဘူတကျကျ တွေးကြည့်မယ် ဆိုရင်တော့ မိုးကြိုးငါးစင်း ဂါထာဟာ မိုးကောင်းကင်ပေါ်က မိုးကြိုးတွေကိုပဲ ထိန်းချုပ်နိုင်လောက်မှာပါ ။ ဒါပေမဲ့လည်း ဂါထာထဲမှာက သည်ဂါထာဟာ  မြေပြင်ပေါ်က မိုးကြိုးစက်ကွင်းတွေကို မထိန်းချုပ်နိုင်ဘူးလို့ အတိအလင်း ပြောထားတာ မရှိပါဘူး။

' အင်း... အဲဒါကို ငါ့အနေနဲ့ လူရှင်းမှ စမ်းကြည့်တာပဲ ကောင်းမယ် ထင်တယ် '

လီဖူချန်းက သူ့ရဲ့ အတွေးကို ချက်ချင်း အကောင်အထည် ဖော်ဖို့တော့ မလုပ်ရဲပါသေးဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ သည်နေရာမှာက မူလပင်လယ် နယ်ပယ် ဘုရင်တွေ တော်တော်များများ ရှိနေလို့ပါပဲ။ မသကာ သူ့ရဲ့ မိုးကြိုးငါးစင်း ဂါထာက အလုပ်ဖြစ်သွားခဲ့မယ် ဆိုရင် အဲဒါက သည်မှာ ရှိနေတဲ့ မူလပင်လယ် နယ်ပယ် ဘုရင်တွေ အားလုံးကို ရန်စသလို ဖြစ်သွားပါလိမ့်မယ်။

“လီဖူချန်း... နင် မိုးကြိုးကပ်ဘေး ဆေးပင်ကို လိုချင်လား။ တကယ်လို့ နင်လိုချင်တယ် ဆိုရင် ငါသွားယူပေးမယ်။ ငါ့ရဲ့ ခံနိုင်ရည်နဲ့ဆိုရင် မိုးကြိုးစက်ကွင်း တစ်ခုလောက် ထိတာက ပြဿနာ မဟုတ်ဘူး "

ရှန်ကာင်းယုက လီဖူချန်းကို လှမ်းမေးလိုက်ပါတယ်။သူက လီဖူချန်း အပေါ်မှာ မိုးကြိုးကပ်ဘေး ဆေးပင် တစ်ပင် အကြွေးရှိနေတယ်လို့ ခံစားနေရပုံပါပဲ။

ဒါပေမဲ့ လီဖူချန်းက လက်မခံပါဘူး။သူက ခေါင်းခါလိုက်ပြီး

“ရတယ် ... ရှန်ကောင်းယု။ အဲသည်ကိစ္စကို ငါပဲ လုပ်လိုက်မယ်။ မင်းက ငါမိုးကြိုးဆေးပင် ရလာခဲ့ရင် ကာကွယ်ပေးဖို့ပဲ အသင့်ပြင်ထား "

လီဖူချန်းက ရောင်စုံထီး သခင်မ တစ်ယောက် မိုးကြိုးကပ်ဘေး ဆေးပင်ကို နုတ်ယူဖို့ ကြိုးစားရာမှာ ဘယ်လို ကျရှုံးခဲ့သလဲ ဆိုတာကို မျက်မြင်ကိုယ်တွေ့  မြင်ခဲ့ပြီးပါပြီ။အဲသည်နေရာမှာ ရှိနေတဲ့ မိုးကြိုးစက်ကွင်းတွေက လေမိုးကြိုး ဆေးပင်တွေ ပေါက်နေတဲ့ နေရာကထက် ပိုမြန်သလို၊ ပိုလည်း အားကောင်းပါတယ်။ ရှန်ကောင်းယုက အဲသည် မိုးကြိုးစက်ကွင်းတွေကို တစ်ကြိမ် ဒါမှမဟုတ် နှစ်ကြိမ်လောက်တော့ တောင့်ခံနိုင်ရင် တောင့်ခံနိုင်ပါမယ်။ ဒါပေမဲ့ သူက သုံးကြိမ်ကိုတော့ ဘယ်လိုမှ တောင့်ခံနိုင်မှာ မဟုတ်ပါဘူး။

တကယ်လို့သာ လီဖူချန်း အနေနဲ့ သည်မိုးကြိုးရေကန် နံဘေးကို ရောက်မလာဘူး ဆိုရင်တော့ မိုးကြိုးကပ်ဘေး ဆေးပင်ကို ရယူဖို့ စိတ်ဝင်စားချင်မှ စိတ်ဝင်စားပါလိမ့်မယ် ။ ဒါပေမဲ့ အခုတော့ သူက မိုးကြိုးရေကန် နံဘေးကို ရောက်လာခဲ့ပြီ ဖြစ်တဲ့အပြင် မိုးကြိုးကပ်ဘေး ဆေးပင် ငါးပင်၊ ခြောက်ပင်လောက်ကိုလည်း တွေ့ခဲ့ပြီးပါပြီ။ သည်နေရာအထိ ရောက်လာပြီးမှတော့ သူ့အနေနဲ့ မိုးကြိုးကပ်ဘေးဆေးပင် တစ်ပင်လောက်မှ မရသွားလို့ မဖြစ်ပါဘူး။

နောက်ပြီး လီဖူချန်းက မိုးကြိုးကပ်ဘေး ဆေးပင်ဟာ  လူတစ်ယောက်ရဲ့ ခံနိုင်ရည် ကန့်သတ်ချက်ကိုကော မြှင့်တင် ပေးနိုင်မလား ဆိုတာကို စမ်းကြည့်ချင်ပါသေးတယ်။

မိုးကြိုးကပ်ဘေး ဆေးပင်က သွေးချီ အရင်းအမြစ်ကိုတောင် တိုးပွားစေမှတော့ လူတစ်ယောက်ရဲ့ ခံနိုင်ရည်ကိုလည်း တိုးပွားစေမှာပါပဲ။

ပြီးတော့ သေသေချာချာ စဉ်းစားကြည့်မယ် ဆိုရင်  သွေးချီ အရင်းအမြစ် ဆိုတာက လူသား ခန္ဓာကိုယ်ရဲ့ အခြေခံတွေထဲက တစ်ခု မဟုတ်ပါလား။

' လိပ်ပြာ အသိစိတ်အာရုံ '

မိုးကြိုးကပ်ဘေး ဆေးပင်ကို ရယူဖို့အတွက် ပထမဆုံး အနေနဲ့ လီဖူချန်း လုပ်လိုက်တာကတော့ သူ့ရဲ့ လိပ်ပြာ အသိစိတ်အာရုံကို မီတာ ငါးဆယ် ပတ်လည်အထိ ဖြန့်ကျန်လိုက်တာပါပဲ။

ဟူး...

ပြီးတာနဲ့ တစ်ပြိုင်နက် သူက အနီးဆုံး မိုးကြိုးကပ်ဘေး ဆေးပင် ရှိရာဆီကို တစ်ရှိန်ထိုး ခုန်ထွက်သွားပါတော့တယ်။

ထန်... ထန်... ထန်...

ဝုန်း...

လမ်းတစ်လျှောက်မှာ ရှိနေတဲ့ မိုးကြိုးစက်ကွင်းတွေက လီဖူချန်းကို သည်အတိုင်း ကြည့်မနေကြပါဘူး။ သူတို့က သူတို့ရဲ့ တိုက်ခိုက်နိုင်တဲ့ အကွာအဝေး အတွင်းကို လီဖူချန်း ဝင်လာတာနဲ့ တစ်ပြိုင်နက် လုံးဝ နှေးကွေးနေခြင်း မရှိဘဲ တန်းပြီး တိုက်ခိုက်ကြပါတယ်။

ဒါပေမဲ့ သူတို့ရဲ့ တိုက်ခိုက်မှုတွေက လီဖူချန်းရဲ့ အမြန်နှုန်းကို လျော့ကျစေရုံကလွဲပြီး တခြားဘာမှ မယ်မယ်ရရ မစွမ်းဆောင်နိုင်ခဲ့ပါဘူး။

ဟူး... ဟူး... ဟူး...

ဘန်း... ဘန်း...

လီဖူချန်းကတော့ သူ့ရဲ့ နတ်ဓားစွမ်းအင် အကာအကွယ် အားကိုးနဲ့ မိုးကြိုးစက်ကွင်းတွေကို ဖြတ်ကျော်ပြီး မိုးကြိုးကပ်ဘေးဆီ သွားနေဆဲ ဖြစ်ပါတယ်။

လီဖူချန်းအတွက် ကံကောင်းတာ တစ်ခုကတော့ သူဟာ မိုးကြိုးစက်ကွင်းတွေနဲ့ တိုက်ရိုက် မထိတွေ့မိခဲ့တာပါပဲ။ အဲသည်အတွက် သူ့ရဲ့ နတ်ဓားစွမ်းအင် အကာအကွယ်က သူ့ကို ကောင်းကောင်းကြီး အကာအကွယ် ပေးနိုင်ခဲ့ပါတယ်။ တကယ်လို့သာ လီဖူချန်း အနေနဲ့ မိုးကြိုးစက်ကွင်းတွေကို မရှောင်ကွင်းနိုင်ခဲ့ဘဲ တိုက်ရိုက် ထိတွေ့ခဲ့မယ် ဆိုရင်တော့ သူ့ရဲ့  နတ်ဓားစွမ်းအင် အကာအကွယ်ဟာ အစောကြီးကတည်းက တစ်စစီ ပျက်စီးနေလောက်ပါပြီ။

ဆယ့်သုံးမီတာ ... ဆယ်မီတာ ...

လီဖူချန်းဟာ မိုးကြိုးရေကန်ရဲ့ ဆယ်မီတာ အကွာအဝေးထဲကို အချိန်ခဏလေး အတွင်းမှာပဲ ဝင်ရောက်သွားနိုင်ခဲ့ပါတယ်။

“အား... သည်အားလှိုင်းတွေက "

သည်နေရာမှာ ရှိနေတဲ့ မိုးကြိုးစက်ကွင်း အားလှိုင်းတွေရဲ့ ဖိနှိပ်မှုကတော့ လီဖူချန်းရဲ့ ခန္ဓာကိုယ်ပေါ်က အရေပြားတွေကိုတောင် ကွာကျလုစေမတတ်ပါပဲ။ပြီးတော့ လီဖူချန်းက အတော မတတ်နိုင်အောင် နာကျင်တဲ့ ခံစားမှုမျိုးနဲ့ လှုပ်ရှားလို့ မရလောက်အောင် ထုံကျဉ်တဲ့ ခံစားမှုမျိုးကိုလည်း ခံစားနေရပါသေးတယ်။

တကယ်လို့သာ သူ့ရဲ့ ခန္ဓာကိုယ် အပြင်အား ကျင့်ကြံခြင်းက မူလပင်လယ် နယ်ပယ်မှာ မဟုတ်ဘူးဆိုရင် သူ့ရဲ့ ခြေလက်တွေဟာ ပျော့ခွေပြီး ရှေ့ဆက် သွားနိုင်တော့မှာတောင် မဟုတ်ပါဘူး။

"သည်ကို လာစမ်း "

သည်လိုနဲ့ပဲ လီဖူချန်းဟာ မိုးကြိုးဆေးပင်နဲ့ ခြေလှမ်း ၅လှမ်းလောက် အကွာကို ရောက်လာခဲ့ပါပြီ။ အဲသည်နေရာကို ရောက်အပြီးမှာတော့ လီဖူချန်းက ရှေ့ဆက် မသွားတော့ပါဘူး။သူက နတ်ဓားစွမ်းအင်နဲ့ လက်ကြီးတစ်ဖက်ကို ဖန်တီးလိုက်ပြီး မိုးကြိုးကပ်ဘေး ဆေးပင်ကို အဝေးကနေ နုတ်ယူလိုက်ပါတော့တယ်။

ဝုန်း...

လီဖူချန်းရဲ့ မိုးကြိုးကပ်ဘေး ဆေးပင် နုတ်ယူမှုက မအောင်မြင်ခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဘယ်ကနေဘယ်လို ပေါ်လာမှန်း မသိတဲ့ မိုးကြိုးစက်ကွင်း အားလှိုင်းတစ်ခုဟာ သူ့ရဲ့ နတ်ဓားစွမ်းအင်ကို တစ်စစီ ဖျက်ဆီးပစ်လိုက်လို့ပါပဲ။

ဂျစ်... ဂျစ်... ဂျစ်...

ဂျိန်း... ဂျိန်း...

ပြီးတာနဲ့ တစ်ပြိုင်နက် နောက်ထပ် မိုးကြိုးစက်ကွင်းတွေဟာ လေထုထဲမှာ ဖြစ်တည်လာပြီး လီဖူချန်းကို ဝိုင်းဝန်း တိုက်ခိုက်ကြပါတော့တယ်။

“နင့်မေကလွှားတဲ့မှ ... များလှချည်လားဟ "

လီဖူချန်းကတော့ သူ့ကို ဒေါသတကြီး တိုက်ခိုက်လာတဲ့ မိုးကြိုးစက်ကွင်း အားလှိုင်းတွေကို သေလုမျောပါး ရှောင်တိမ်းနေရပါပြီ။ သူ့အနေနဲ့ အခုလို  သေလုမျောပါး ရှောင်တိမ်းနေရတာကို အပြစ် တင်ချင်တယ် ဆိုရင်တော့ သူ့ရဲ့ ကျင့်ကြံမှု အဆင့်နိမ့်နေတာကိုပဲ အပြစ်တင်ရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ သူက မိုးကြိုးစက်ကွင်း အားလှိုင်းတွေရဲ့ လားရာ လမ်းကြောင်းကို မြင်နေရပေမယ့် သူ့ရဲ့ ခန္ဓာကိုယ်က ရှောင်တိမ်းဖို့အတွက် လုံလောက်တဲ့ လျင်မြန်မှု မရှိလို့ပါပဲ။

“လခွီး ... သည်အတိုင်း ဆက်ရှောင်နေရင်တော့ သိပ်မကြာခင်မှာ ငါလုံးပါး ပါးတော့မယ်။ ငါမစွန့်စားလို့ မရတော့ဘူး"

မိုးကြိုးစက်ကွင်း အားလှိုင်းတွေရဲ့ တိုက်ခိုက်မှုကို  ငါးမိနစ်လောက် ရှောင်တိမ်းအပြီးမှာတော့ လီဖူချန်းဟာ  စတင် အမောဖောက်လာခဲ့ပါပြီ။ သည်အတိုင်းဆိုရင် သူဟာ သည်နေရာမှာ လုံးပါးပါးပြီး အသက်ဆုံးရှုံးရတော့မှာ အသေအချာပါပဲ။ လီဖူချန်းက သည်နေရာမှာ အသေခံဖို့အတွက် စိတ်ကူး မရှိပါဘူး။ အဲသည်အတွက် သူဟာ စွန့်စားဖို့ကို ရွေးချယ်လိုက်ပါတော့တယ်။

“မိုးကြိုးကပ်ဘေး ဆေးပင် ... ငါ့ဆီလာခဲ့စမ်း "

ဆုံးဖြတ်ပြီးတဲ့နောက်မှာတော့ လီဖူချန်းဟာ မိုးကြိုးစက်ကွင်း အားလှိုင်းတွေရဲ့ အလယ်ဗဟိုထဲကို ခေါင်းတိုးပီး ဝင်သွားခဲ့ပါပြီ။ တစ်ဆက်တည်းမှာပဲ သူက နတ်ဓားစွမ်းအင်နဲ့ လက်ကြီးတစ်ဖက် ဖန်ဆင်းလိုက်ပြီး မိုးကြိုးကပ်ဘေး ဆေးပင်ကို နုတ်ယူလိုက်ပါသေးတယ်။

“ဟင်... အဲသည်ကောင် ရူးသွားပြီလား "

“ဟိုဘက်ကို ကြည့်ကြစမ်းဟေ့... ဘုရင်ပေါက်စလေး တစ်ယောက်ကတော့ မိုးကြိုးကပ်ဘေး ဆေးပင်အတွက် အသက် စွန့်သွားပြီ "

အားလုံးရဲ့ အမြင်မှာတော့ လီဖူချန်းဟာ ကိုယ်သေတွင်း ကိုယ်တူးနေတဲ့ လူပါပဲ။ မိုးကြိုးစက်ကွင်း အားလှိုင်းတွေရဲ့ ကြားထဲကို ခေါင်းတိုးဝင်သွားပြီး မိုးကြိုးဆေးပင် နုတ်ဖို့ ကြိုးစားတဲ့သူဟာ အတော်လေးကို သေချင်စိတ် ပြင်းထန်နေမှပဲ ရပါမယ်။

ဒါပေမဲ့လည်း နောက်ထပ် ဖြစ်လာတဲ့  အဖြစ်အပျက်တွေက သူတို့အားလုံးကို ပါးစပ် အဟောင်းသား ဖြစ်သွားစေခဲ့ပါပြီ။

ဟူး... ဟူး... ဟူး...

ချွင်... ချွင်... ချွင်...

ဝုန်း... ဝုန်း...

လီဖူချန်းက ဘာတွေ ဘယ်လို လုပ်လိုက်တယ် မသိပါဘူး။ သူက မိုးကြိုးစက်ကွင်း အားလှိုင်းတွေကြောင့် မသေသွားတဲ့အပြင် မိုးကြိုးကပ်ဘေး ဆေးပင်ကိုပါ နုတ်ယူပြီး ပြန်ဆုတ်လာခဲ့ပါသေးတယ်။

ဝုန်း... ဝုန်း... ဝုန်း...

မိုးကြိုးစက်ကွင်း အားလှိုင်းတွေဟာ မိုးကြိုးကပ်ဘေး ဆေးပင် နုတ်ယူခံလိုက်ရတဲ့အတွက် အတော်လေး ဒေါသထွက်သွားတဲ့ ပုံပါပဲ။ သူတို့က အချင်းချင်း ဆက်သွယ်ကာ ပိုက်ကွန် ပုံသဏ္ဌာန် ဖြန့်ကျက်လိုက်ပြီး လီဖူချန်းကို ဒေါသတကြီးနဲ့ လိုက်လာကြပါတယ်။သူတို့က လီဖူချန်းကို လုံးဝ အလွတ်ပေးမယ့်ပုံမှာ မရှိပါဘူး။

“မိုးနဲ့မြေကို သုတ်သင်ခြင်း "

ထွက်ပြေးဖို့လမ်း မရှိတော့တဲ့ နောက်မှာတော့ လီဖူချန်းဟာ ဘုံခုနစ်ဆင့် ကောင်းကင်ဓားကို ထုတ်ပြီး ဝှေ့ယမ်းလိုက်ပါတော့တယ်။

ဓားချက်ကြောင့် မိုးကြိုးစက်ကွင်း အားလှိုင်းတွေဟာ ခေတ္တခဏလောက် ရပ်တန့်သွားသလိုပါပဲ။ ဒါပေမဲ့လည်း လီဖူချန်းက မိုးကြိုးစက်ကွင်း အားလှိုင်း တစ်ခုရဲ့ တိုက်ခိုက်မှုကို ထိဖြစ်အောင် ထိသွားပါသေးတယ်။

ဘန်း...

မိုးကြိုးစက်ကွင်း အားလှိုင်းရဲ့ အညှာအတာ ကင်းမဲ့စွာ တိုက်ခိုက်မှုကြောင့် လီဖူချန်းဟာ လွင့်ထွက်သွားခဲ့ပါပြီ။သူ့ရဲ့ နတ်ဓားစွမ်းအင် အကာအကွယ်ကလည်း တိုဟူး တစ်တုံးကို တူနဲ့ ထုချခံလိုက်ရတဲ့အတိုင်းပါပဲ။ တစ်ဆက်တည်းမှာပဲ သူဝတ်ထားတဲ့ အကြို-ကောင်းကင်အဆင့် ချပ်ဝတ်တန်ဆာကလည်း တစ်စစီ ဖြစ်သွားပြန်ပါတယ်။

ဝေါ့...

လီဖူချန်းကတော့ သွေးတစ်လုတ် အန်ရင်းနဲ့ နောက်ကို ဆုတ်နေဆဲပါပဲ။ သူက မိုးကြိုးစက်ကွင်း အာလှိုင်းရဲ့ တိုက်ခိုက်မှုကြောင့် အတွင်းဒဏ်ရာ တချို့ ရသွားပုံ ရပါတယ်။

မိုးနဲ့မြေ သုတ်သင်ခြင်း ဓားသိုင်းက မိုးကြိုးစက်ကွင်း အားလှိုင်းရဲ့ စွမ်းအား တော်တော်များများကို ချေဖျက် ပေးသွားလို့တာပေါ့။ မဟုတ်လို့ကတော့ လီဖူချန်းဟာ သေတောင် သေနေလောက်ပါပြီ။

“ကုသရေးလက်စွပ် အသက်ဝင်စမ်း '"

လီဖူချန်းက သူ့ရဲ့ ဒဏ်ရာကို လက်လွတ်စပယ် မထားရဲပါဘူး။ အဲသည်အတွက် သူက ကုသရေး လက်စွပ်ကို အသက်သွင်းပြီး သူ့ကိုယ်သူ အလျင်အမြန် ပြန်ကုသလိုက်ပါတယ်။

တစ်ချိန်တည်းမှာပဲ လီဖူချန်းရဲ့ ချီအပြင်အား၊နတ်ဓားစွမ်းအင်နဲ့ သေမျိုးကပ်ဘေး စွမ်းအားတို့ကလည်း အလိုအလျောက် လည်ပတ်လာကြပြီး မိုးကြိုးစက်ကွင်းအားလှိုင်းရဲ့ အကြွင်းအကျန်တွေကို ချေဖျက်လိုက်ကြပါတယ်။

“ကံကောင်းလို့ မသေတာဟ "

သူ့ရဲ့ အခြေအနေ ပြန်လည် တည်ငြိမ်လာမှပဲ လီဖူချန်းဟာ သက်ပြင်း ချနိုင်ပါတော့တယ်။ ဒါပေမဲ့ အစောပိုင်းက အကြောင်းကို ပြန်တွေးမိလိုက်တိုင်းမှာ လီဖူချန်းဟာ အကြောက်တရားကို ခံစားမိနေဆဲပါပဲ။

သူက နောက်ထပ် မိုးကြိုးကပ်ဘေး ဆေးပင် နုတ်ယူဖို့ကိုတော့ လုံးဝ မစဉ်းစားရဲတော့ပါဘူး။

“အဲသည်အရူးက မိုးကြိုးကပ်ဘေး ဆေးပင်ကို တကယ်ကြီး ရသွားပြီဟေ့ "

မူလပင်လယ် နယ်ပယ် ဘုရင် အားလုံးရဲ့  မျက်လုံးတွေဟာ လီဖူချန်းအပေါ်ကို ကျရောက်နေခဲ့ပါပြီ။သူတို့အားလုံးရဲ့ မျက်လုံးတွေထဲမှာတော့ လိုချင်တပ်မက်မှု ဆန္ဒတွေက အထင်းသားပါပဲ။အထူးသဖြင့် အကြို-ဧကရာဇ်တွေပေါ့။ သူတို့က လီဖူချန်းကို သတ်ဖို့အတွက် လုံးဝ လက်နှေးနေမယ့် ပုံမှာ မရှိပါဘူး။

“ရှန်ကောင်းယု... သွားစို့ "

လီဖူချန်းက မူလပင်လယ် နယ်ပယ် ဘုရင်တွေ အားလုံးကို တစ်ချက် ပြန်လည် စူးစိုက် ကြည့်လိုက်ပြီး ရှန်ကောင်းယုကို လှမ်းခေါ်လိုက်ပါတယ်။

“ထွက်သွားချင်တယ် ... ဟုတ်လား။ ဘယ်သူက မင်းကို ထွက်သွားခွင့် ပြုလို့လဲ။  မိုးကြိးကပ်ဘေး ဆေးပင်ကို ထားခဲ့။ အဲဒါဆိုရင် ငါမင်းကို သွားခွင့် ပြုလိုက်မယ်။မဟုတ်လို့ကတော့ နောက်နေ့ သည်အချိန်က မင်းရဲ့ အသုဘ နှစ်ပတ်လည်ပဲ "

စကားသံ ဆုံးတာနဲ့ တစ်ပြိုင်နက် အဆင့်မြင့် အကြို-ဧကရာဇ် တစ်ပါးဟာ လီဖူချန်းတို့ရဲ့ သွားလမ်း အရှေ့မှာ ပေါ်လာခဲ့ပါပြီ။

မိုးကြိုးကပ်ဘေး ဆေးပင်ကို ရယူပြီး သည်နေရာကနေ အေးအေးဆေးဆေး ထွက်သွားဖို့ ဆိုတာက သူတို့အတွက် လုံးဝ မဖြစ်နိုင်တဲ့ အရာပါပဲ။

“မင်းအဆင့်နဲ့ ငါတို့ကို တားရဲတယ်... ဟုတ်လား"

တိုက်တဲ့၊ခိုက်တဲ့ နေရာမှာ ဆိုရင်တော့ ရှန်ကောင်းယုဟာ ဘယ်တုန်းကမှ လက်နှေးတတ်တဲ့သူ မဟုတ်ပါဘူး။ အဲသည်အတွက် သူက လမ်းပိတ်ထားတဲ့ အဆင့်မြင့် အကြို-ဧကရာဇ်ကို လက်သီးနဲ့ ထိုးပစ်လိုက်ပါတယ်။

ဘန်း...

လက်သီးတစ်ချက်... တကယ်ကို လက်သီးတစ်ချက်ပါပဲ။

ရှန်ကောင်းယုရဲ့ လက်သီးချက် အပြီးမှာတော့ လမ်းပိတ်ထားတဲ့ အဆင့်မြင့် အကြို-ဧကရာဇ်ဟာ မြေကြီးပေါ်မှာ ဒူးထောက် ကျနေခဲ့ပါပြီ။

“ဟေ့လူတွေ ... ဘာလုပ်နေကြတာလဲ။ခင်ဗျားတို့တွေက သူတို့ ထွက်သွားတာကို သည်အတိုင်း ရပ်ကြည့်နေကြတော့မှာလား။ မိုးကြိုးကပ်ဘေး ဆေးပင်ရဲ့ အစွမ်းက အဆုံးမရှိဘူး။ ကျုပ်တို့ အနေနဲ့ တစ်ကိုက်လောက် စားလိုက်ရရင်တောင် အကျိုးအမြတ် အများကြီး ရမှာ အသေအချာပဲ "

ဒါပေမဲ့လည်း အဲသည် အဆင့်မြင့် အကြို-ဧကရာဇ်ဟာ မိုးကြိုးကပ်ဘေး ဆေးပင်အပေါ် လက်လျော့မယ့်ပုံမှာ မရှိပါဘူး။ သူက တခြား အကြို-ဧကရာဇ် ဘုရင်တွေကို လှမ်းအော်ပြီး အဖော်စပ်နေပါသေးတယ်။

ရှန်ကောင်းယုရဲ့ လက်သီးချက်ကို မြည်းစမ်းပြီးတဲ့ နောက်မှာတော့ သည်အဆင့်မြင့် အကြို-ဧကရာဇ်က သူဟာ ရှန်ကောင်းယုရဲ့ ပြိုင်ဘက် မဟုတ်ဘူး ဆိုတာကို ကောင်းကောင်းကြီး ရိပ်စားမိပြီးခဲ့ပါပြီ။ အဲသည်အတွက်ကြောင့်လည်း သူဟာ တခြားသော အကြို-ဧကရာဇ်တွေကို လှမ်းပြီး အဖော်စပ်နေတာ ဖြစ်ပါတယ်။

“မင်းက တကယ် သေချင်နေတာပဲ "

ရှန်ကောင်းယု ဘဝမှာ အမုန်းဆုံးကတော့ သည်လို အတို့၊အထောင် လုပ်တဲ့သူတွေလို့ ဆိုရပါမယ်။ အဲသည်အတွက် သူက နောက်ထပ် လက်သီးချက် တစ်ချက်ကို ထုတ်လိုက်ပြန်ပါတယ်။ သည်တစ်ခါ လက်သီးချက်ကတော့ သဏ္ဌာန်ငါးမျိုး လက်သီးဧကရာဇ်ရဲ့ မျောက်ဝံလက်သီးကလွဲပြီး တခြား မရှိပါဘူး။

ဘန်း...

ပတ်ဝန်းကျင် တစ်ခုလုံးဟာ သွေးညှီနံ့တွေနဲ့ ဖုံးအုပ်သွားခဲ့ပါပြီ။ သည်အဆင့်မြင့် အကြို-ဧကရာဇ်က ရှန်ကောင်းယုရဲ့ ပြိုင်ဘက်အဆင့်မှာ လုံးဝ မရှိပါဘူး။ အဲသည်အတွက် သူဟာ သွေးအလူးလူးနဲ့ မြေကြီးပေါ်မှာ လူးလိမ့်နေရပါတော့တယ်။

“သူတို့ကို သတ်ကြဟေ့။ ပြီးရင် မိုးကြိုးကပ်ဘေး ဆေးပင်ကို ငါတို့ ခွဲဝေယူမယ်"

တခြားသော အဆင့်မြင့် အကြို-ဧကရာဇ်တွေကလည်း တိုက်ပွဲထဲကို ဝင်လာကြပါပြီ။ အမှန်အတိုင်း ပြောရမယ် ဆိုရင်တော့ သူတို့ဟာ လီဖူချန်းတို့ ထွက်သွားတာကို ရပ်ကြည့်နေဖို့ ဘယ်တုန်းကမှ စိတ်ကူး မရှိခဲ့ပါဘူး။

ဒါပေမဲ့  ရောင်စုံထီး သခင်မကတော့ ခြွင်းချက်ပါပဲ။ သူက လီဖူချန်းတို့ကို ဝိုင်းတိုက်တဲ့ လူတွေထဲမှာ မပါတဲ့အပြင် နောက်ကိုတောင် တိတ်တိတ်လေး ဆုတ်သွားပါသေးတယ်။

“မိုးကြိုးငါးစင်း "

အဲသည်အချိန်မှာပဲ လီဖူချန်းဟာ လက်ဟန်တစ်ခုကို  အလျင်အမြန် ပြုလုပ်လိုက်ပါတော့တယ်။

ဂျိန်း... ဂျိန်း... ဂျိန်း...

လီဖူချန်းရဲ့ လက်ဟန် အဆုံးမှာတော့ ဘယ်ကနေ ဘယ်လို ပေါ်လာမှန်း မသိတဲ့  တိမ်ညို၊တိမ်စိုင် တစ်အုပ်ဟာ ကောင်းကင်ယံပေါ်မှာ ဖြစ်တည်လာခဲ့ပါပြီ။ တစ်ဆက်တည်းမှာပဲ မိုးကြိုးရေကန်ထဲက မိုးကြိုးစက်ကွင်းတွေဟာ ကောင်းကင်ယံပေါ်ကို ထိုးတက်သွားပြီး မိုးကြိုးတွေ အဖြစ်နဲ့ ပြန်ဆင်းလာခဲ့ကြပါတယ်။ အဲသည်မိုးကြိုးတွေရဲ့ ပစ်မှတ်ကတော့ လီဖူချန်းတို့ကို ဝန်းရံ တိုက်ခိုက်နေတဲ့ အကြို-ဧကရာဇ်တွေပါပဲ။

ဂျိန်း...

ကံဆိုးတဲ့  အကြို-ဧကရာဇ်တွေထဲက တစ်ပါးကတော့ မိုးကြိုးပစ်ချက်ကို ထိမှန်ခံရပြီး ပြာအဖြစ် လောင်ကျွမ်း ပြာကျသွားခဲ့ပါပြီ။

“မကောင်းတော့ဘူးဟေ့။ သည်ကောင်က မိုးကြိုးစက်ကွင်းတွေကို ထိန်းချုပ်နိုင်တယ် "

လူတွေအားလုံးဟာ လီဖူချန်းကို အသွေးအသားထဲကနေ ကြောက်ရွံ့ လာခဲ့ကြပါတယ်။

တကယ်လို့သာ အပြင်ဘက် လောကမှာ ဆိုရင်တော့ သူတို့တွေဟာ လီဖူချန်းရဲ့ မိုးကြိုးတွေကို ကြောက်နေမှာ မဟုတ်ပါဘူး။ဒါပေမဲ့လည်း ပြဿနာက သည်နေရာဟာ လေမိုးကြိုး လ မြောင် ဖြစ်နေတာပါပဲ။ ပြီးတော့ သည်မိုးကြိုးရေကန်မှာ ရှိနေတဲ့ မိုးကြိုးစက်ကွင်း အားလှိုင်းတွေက လေမိုးကြိုး လျှိုမြောင်ထဲမှာ ရှိနေတဲ့ မိုးကြိုးတွေထက်ကို ပိုကြောက်စရာ ကောင်းပါသေးတယ်။

ဂျိန်း... ဂျိန်း... ဂျိန်း... ဂျိန်း...

ကောင်းကင်ပေါ်ကနေ ဆင်းလာတဲ့ မိုးကြိုးတွေကတော့ လုံးဝ မရေမတွက်နိုင်အောင်ပါပဲ။ မသိရင်တော့ အ ကမ္ဘာပျက်နေပြီလားလို့တောင် ထင်ခံရနိုင်ပါတယ်။

သည်မရေမတွက်နိုင်တဲ့ မိုးကြိုးတွေကို ရှောင်တိမ်းနေရတဲ့အတွက်  အကြို-ဧကရာဇ်တွေဟာ လီဖူချန်းကို ပြဿနာ ရှာဖို့လည်း မတွေးနိုင်တော့ပါဘူး။အခုအချိန် သူတို့အတွေးထဲမှာ ရှိတဲ့ တစ်ခုတည်းတော့ အရာကတော့ သူတို့မိဘတွေဟာ ဘာဖြစ်လို့ သူတို့ကို ခြေထောက် များများပါအောင် မမွေးပေးခဲ့တာလဲ ဆိုတာပါပဲ။

ဂျိန်း...

“ဟိုက်... နင့်မေကလွှားတဲ့မှ "

မိုးကြိုးတစ်စင်းက သူ့ရဲ့ ခြေထောက်နားကို ကျလာတဲ့အတွက် လီဖူချန်းဟာ အလန့်တကြား ထအော်လိုက်ပါတယ်။ သူက သည်မိုးကြိုးတွေဟာ သူ့ကိုပါ တိုက်ခိုက်လာမယ်လို့ လုံးဝ မထင်ထားခဲ့ပါဘူး။ ကြည့်ရတာတော့ သည်မိုးကြိုးတွေက သူတို့ကို ဆင့်ခေါ်သူမကလို့ ဘာပဲဖြစ်ဖြစ် ဂရုမစိုက်မယ့် ပုံပါပဲ။

“ရှန်ကောင်းယု ... ပြေးစို့ "

သူဆင့်ခေါ်လိုက်တဲ့ မိုးကြိုးတွေရဲ့ အခြေအနေကို ကောင်းကောင်းရိပ်မိသွားတဲ့ လီဖူချန်းဟာ သည်နေရာမှာ လုံးဝ မနေရဲတော့ပါဘူး။အဲသည်အတွက် သူက တစ်ချိုးတည်းလှည့်ပြီး ပြေးပါတော့တယ်။

“ဟင်း... သည်ကောင်လေးက တကယ့် မီးခဲပဲ။ နောက်ဆို ငါသူနဲ့ ထိပ်တိုက် မတွေ့မိအောင် သတိထားရမယ်။ သူနဲ့ပြဿနာ ဖြစ်လို့ကတော့ ဘာမှ ကောင်းကျိုး ရှိမှာ မဟုတ်ဘူး "

အဝေးတစ်နေရာမှာ ရှိနေတဲ့ ရောင်စုံသခင်မဟာ  ဖြစ်သွားတဲ့ အဖြစ်အပျက်တွေကို မမြင်ဘဲ မနေပါဘူး။ အဲသည်အတွက် သူက  လီဖူချန်းကို မရှောင်မဖြစ် ရှောင်ရမယ့် စာရင်းထဲမှာ ထည့်လိုက်ပါတော့တယ်။

သူ့ရဲ့ အမြင်မှာတော့ လီဖူချန်းက တကယ့် မီးခဲပါပဲ။

မီးခဲဆိုတာက ပူနေတဲ့အချိန်မှာ ကိုင်တဲ့သူကို အပူလောင်စေနိုင်သလို အေးနေတဲ့ အချိန်မှာလည်း ကိုင်တဲ့သူကို ပေကျံစေနိုင်တာ မဟုတ်ပါလား။

သည်လို လူမျိုးတွေက လုံးဝ ပြဿနာ သွားရှာသင့်တဲ့ လူမျိုး မဟုတ်ပါဘူး။ တကယ်လို့ ပြဿနာ သွားရှာမယ် ဆိုရင်လည်း အသက်အပိုလေးတော့ ဆောင်သွားမှကို ရပါမယ်။

***

All Chapters