← Chapters

တိုက်ခိုက်ရေး ဧကရာဇ်

Vol. 45 Ch. 610

တိုက်ခိုက်ရေး ဧကရာဇ်

Vol. 45 Ch. 610

“မိုးကြိုးငါးစင်း ဂါထာက လေမိုးကြိုး လမြောင်ထဲမှာ  သည်လောက် အသုံးဝင်လိမ့်မယ်လို့ ငါလုံးဝ မထင်ခဲ့ဖူးဘူး "

သည်တစ်ကြိမ်ဟာ ရှန်ကောင်းယု အနေနဲ့ ဂါထာ၊မန္တရား ပညာရပ်ရဲ့ အစွမ်းကို ပထမ ဦးဆုံး သတိပြုမိချင်းပါပဲ။သူ့ရဲ့ ခံစားမှု အရ ဆိုရင်တော့ အစောပိုင်းက မိုးကြိုးတွေဟာ ဥပဒေသ ပြောင်းလဲခြင်းနယ်ပယ် အဆင့်အတန်းနဲ့ သိပ်မကွာလှတော့ပါဘူး။

လီဖူချန်းက မချိပြုံး ပြုံးလိုက်ပြီး ပြောလိုက်ပါတယ်။

“ဒါပေမဲ့ မိုးကြိုးရေကန်က မိုးကြိုးစက်ကွင်းတွေက ငါ့ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိမနေဘူးလေ။

“အဲဒါက မိုးကြိုးငါးစင်း ဂါထာအပေါ် နင့်ရဲ့ နားလည်ကျွမ်းဝင်မှုက သိပ်မမြင့်သေးလို့ပေါ့။ဒါပေမဲ့  နင် စဉ်းစားကြည့်။ နင့်ရဲ့ ကျင့်ကြံခြင်း အဆင့်နဲ့ ဆိုရင် သည်လောက် လုပ်နိုင်တာပဲ အတော် ချီးကျူ းဖို့ ကောင်းနေပြီ "

ွှှရှန်ကောင်းယုက သူ့ကိုယ်သူ ထိုးထွင်သိမြင်မှု အရာမှာ တော်တော်လေး ကောင်းတဲ့လူလို့ မှတ်ယူထားသူပါ။ ဒါပေမဲ့လည်း လီဖူချန်းနဲ့ ယှဉ်လိုက်မယ် ဆိုရင်တော့ သူ့ရဲ့ ထိုးထွင်းသိမြင်မှုဟာ လီဖူချန်းထက် နိမ့်ကျနေတယ်လို့ အလိုလို ခံစားမိနေပါတယ်။

သွေးအရိုးစု ကျိန်စာကို မိထားတဲ့ အကျိုးကျေးဇူးကြောင့် လီဖူချန်းဟာ မိုးကြိုးကပ်ဘေး ဆေးပင်ကို တန်းပြီး စားလို့ မရပါဘူး။ တကယ်လို့ သူ့အနေနဲ့ မိုးကြိုးကပ်ဘေး ဆေးပင်ကို စားပြီး သူ့ရဲ့ ခံနိုင်ရည် ကန့်သတ်ချက်ကို မြှင့်ချင်တယ် ဆိုရင်တော့ ပထမဦးဆုံး သွေးအရိုးစု ကျိန်စာကို ဖျက်ပစ်နိုင်ဖို့ လိုပါတယ်။မဟုတ်လို့ကတော့ သူရဲ့ အပြုအမူက သွေးအရိုးစု ကျိန်စာကို အားဖြည့်ပေးနေတာနဲ့ပဲ တူနေပါလိမ့်မယ်။

အဲသည်အတွက် သူက မိုးကြိုးကပ်ဘေး ဆေးပင်ကို သူ့ရဲ့ သိုလှောင်လက်ပတ်ထဲ ထည့်ပြီး သိမ်းထားလိုက်ပါတယ်။

သည်လိုနဲ့ပဲ နောက်ထပ် ရက်အနည်းငယ်ဟာ ကုန်ဆုံးသွားခဲ့ပြန်ပါပြီ။ လီဖူချန်းတို့ နှစ်ယောက်ကတော့ အခုထက်ထိ အမြစ်မဲ့ပန်းရဲ့ အရိပ်ကိုတောင် မမြင်ရသေးပါဘူး။

တစ်နေ့မှာတော့ ရှန်ကောင်းယုက အတော်လေး စိတ်မရှည်တော့တဲ့အတွက် လီဖူချန်းကို လေမိုးကြိုး လျှိုမြောင် အတွင်းဘက်ခြမ်းရဲ့ အထဲကို ဝင်ဖို့ အဖော်ညှိလာပါတော့တယ်။

“လီဖူချန်း... ငါတို့ သည်နားမှာ ရှာနေတာလည်း ရက်တော်တော် ကြာနေပြီ။ ဒါပေမဲ့ အခုထိ အမြစ်မဲ့ပန်းရဲ့ အရိပ်ကိုတောင် မတွေ့ရသေးဘူး။ သည်တော့ ငါတို့ သည်နေရာမှာ ဘာလို့ ဆက်ရှာနေဦးမှာလဲ။အထဲကို ဆက်ဝင်ကြရအောင်"

သည်နေ့ မတိုင်မီအထိ သူနဲ့လီဖူချန်းတို့ဟာ လေမိုးကြိုး လျှိုမြောင် အတွင်းဘက်ခြမ်းရဲ့ အပြင်စည်း နယ်နိမိတ်ထဲမှာသာ လှုပ်ရှားသွားလာခဲ့ကြတာပါ။ အဲသည်အတွက် ရှန်ကောင်းယုက သည်အပြင်ဘက်စည်းမှာ သွားလာလှုပ်ရှား နေရတာကို ငြီးငွေ့နေခဲ့ပါပြီ။

လေမိုးကြိုး လျှိုမြောင်ရဲ့ အတွင်းဘက်ခြမ်းကိုတော့ အပိုင်းလေးပိုင်း ခွဲခြားထားတာ ဖြစ်ပါတယ်။အဲဒါတွေကတော့  အပြင်စည်းနယ်နိမိတ်၊အလယ်စည်း နယ်နိမိတ်၊အတွင်းစည်း နယ်နိမိတ်နဲ့ ဗဟိုချက်မ နယ်နိမိတ်တို့ပါပဲ။

မူလပင်လယ် နယ်ပယ် အထွတ်အထိပ်အဆင့် ဘုရင်တွေဟာ  လေမိုးကြိုး လျှိုမြောင် အတွင်းဘက်ခြမ်းရဲ့ အပြင်စည်းနယ်နိမိတ် အထိ ဝင်ရောက်ရဲကြပေမယ့် အလယ်စည်း နယ်နိမိတ်ထဲကိုတော့ လုံးဝ မဝင်ရဲကြပါဘူး။  လေမိုးကြိုး လျှိုမြောင် အတွင်းဘက်ခြမ်းရဲ့ အလယ်စည်း နယ်နိမိတ်မှာ တိုက်ခတ်နေတဲ့ လေပြင်းတွေနဲ့ မိုးကြိုးတွေက သူတို့ကို တစ်ချက်တည်း တန်းပြီး သတ်ပစ်နိုင်ပါတယ်။ အတွင်းစည်း နယ်နိမိတ်ထဲမှာ ရှိနေတဲ့ မိုးကြိုးတွေနဲ့ လေပြင်းတွေ ဆိုရင်တော့ အကြို -ဧကရာဇ်တွေကိုတောင်မှ သတ်ပစ်နိုင်တဲ့ အထိပါပဲ။

“အင်း။ မင်းက သွားချင်တယ် ဆိုတော့လည်း သွားကြတာပေါ့ "

လီဖူချန်းက ရှန်ကောင်းယု အဖော်ညှိမှုကို မငြင်းပါဘူး။ အမှန်အတိုင်း ပြောရမယ် ဆိုရင်တော့ သူကလည်း သည်လေမိုးကြိုး လျှိုမြောင် အတွင်းဘက်ခြမ်းရဲ့ အပြင်စည်း နယ်နိမိတ်ထဲမှာ သွားလာလှုပ်ရှား နေရတာကို ငြီးငွေ့နေခဲ့ပါပြီ။

“ဟား... ဟား... နင်က ငါ့ရဲ့စိတ်ကို တော်တော် သိတာပဲ "

ရှန်ကောင်းယုက သူ့ရဲ့ အလို ပြည့်မြောက်သွားပြီ ဖြစ်တဲ့အတွက် အားရပါးရ ရယ်မောလိုက်ပါတယ်။

သူတို့နှစ်ယောက်ရဲ့ လက်ရှိ အရည်အချင်းနဲ့ ဆိုရင်တော့ အလယ်စည်း နယ်နိမိတ် ဆိုတာက သူတို့အတွက် သွားလာလှုပ်ရှားရတာ အတော်လေး ခဲယဉ်းပင်ပန်းမယ့် နေရာပါပဲ။ ဒါပေမဲ့လည်း သူတို့ နှစ်ယောက်စလုံးက အဲသည်အချက်ကို လုံးဝ ဂရုမစိုက်ကြပါဘူး။

“သွားကြစို့ "

စကားဆုံးတဲ့ နောက်မှာတော့ လီဖူချန်းဟာ အလယ်စည်း နယ်နိမိတ်ထဲကို လှမ်းဝင်သွားပါတော့တယ်။ သူတို့အနေနဲ့ အမြစ်မဲ့ပန်းကို ရရ၊မရရ နောက်ထပ် တစ်ပတ်ကြာရင်တော့ သည်လေမိုးကြိုး လျှိုမြောင်ထဲကနေ ပြန်ထွက်ကို ထွက်မယ်လို့လည်း လီဖူချန်းက ဆုံးဖြတ်ထားခဲ့ပြီးပါပြီ။

အတွင်းဘက် လေမိုးကြိုး လျှိုမြောင်ရဲ့ အပြင်စည်း နယ်နိမိတ်ထဲကို ဝင်အပြီးမှာတော့ လီဖူချန်းတို့ နှစ်ယောက်ဟာ ပိုအားကောင်းလာတဲ့ လေသင်တုန်း ဓားသွားတွေနဲ့ မိုးကြိုးတွေရဲ့ ဒဏ်ကို သိသိသာသာကြီး ခံစားလာရပါတယ်။

လေသင်တုန်း ဓားသွားတစ်ခု ဒါမှမဟုတ် မိုးကြိုးတစ်ချက် ထိလိုက်တိုင်းမှာလည်း သူတို့ရဲ့ ချီအကာအကွယ်နဲ့ နတ်ဓားစွမ်းအင် အကာအကွယ်တွေဟာ အရင်ကထက်ကို အားလျော့နှုန်း ပိုမြန်လာခဲ့ပါပြီ။

“မဟုတ်သေးပါဘူး။ သည်နေရာက လေသင်တုန်း ဓားသွားတွေက မိုးကြိုးတွေထက် ပိုအားကောင်းနေတာလား "

လီဖူချန်းက လေသင်တုန်း ဓားသွားတစ်ခုကို ဓားနဲ့ပိုင်းလိုက်ရင်းနဲ့  အနည်းငယ် ဇဝေဇဝါ ဖြစ်လာတဲ့အတွက် ရှန်ကောင်းယုကို လှမ်းမေးလိုက်ပါတယ်။

ရှန်ကောင်းယုက ခေါင်းညိတ်လိုက်ပြီး

“အင်း... ငါလည်း အဲလို ခံစားနေရတယ်။ ငါကတော့ အဲဒါက လေပြင်းလိုဏ်ဂူနဲ့ နီးလာလို့လို့ ထင်တာပဲ "

လေပြင်းလိုဏ်ဂူ ဆိုတာကတော့ လေမိုးကြိုး လျှိုမြောင်အတွင်းမှာ ရှိတဲ့ အန္တ္တရာယ် အများဆုံး နေရာသုံးခုထဲက တစ်ခုပါပဲ။သည်လိုဏ်ဂူရဲ့ အန္တရာယ် ကြီးပုံက  မိုးကြိုးရေကန်ထက် ဘယ်နေရာမှာမှ မနိမ့်ကျပါဘူး။

ရှေးဟောင်း မှတ်တမ်း၊မှတ်ရာတွေအရ ဆိုရင်တော့ မိုးကြိုးရေကန်က မိုးကြိုးတာအို သူတော်စင်ရဲ့ ဂူသင်္ချိုင်း ဖြစ်ပြီး လေပြင်းလိုဏ်ဂူက လေတာအို သူတော်စင်ရဲ့ ဂူသင်္ချိုင်း ဖြစ်ပါတယ်တဲ့။ ဒါပေမဲ့လည်း အဲဒါက ကောလာဟလ သက်သက်ပါပဲ။

****

ရှန်ကောင်းယုရဲ့ ခန့်မှန်းချက်က မမှားခဲ့ပါဘူး။ သူတို့နှစ်ယောက်ဟာ နောက်ထပ် နေ့ဝက်လောက် အကြာမှာတော့ လေပြင်းလိုဏ်ဂူနားကို ရောက်လာခဲ့ကြပါတယ်။

လေပြင်းလိုဏ်ဂူက အရွယ်အစား ကြီးမားလှပြီး နက်ရှိုင်းလှတဲ့ ဂူကြီးတစ်ခုလို့ ဆိုရပါမယ်။ ပြီးတော့ ဂူပေါက်ဝမှာ ဆိုရင်လည်း အားကောင်းလွန်းလှတဲ့ လေဝဲကြီး တစ်ခု ရှိနေပါသေးတယ်။ အဲသည်လေဝဲကြီးက အားကောင်းလွန်းလှတဲ့အတွက် မသိရင် မုန်တိုင်းကြီး တစ်ခု တိုက်နေတာလားလို့တောင် ထင်ချင်စရာပါပဲ။

လေပြင်းလိုဏ်ဂူနဲ့ ပတ်သက်တဲ့ ပါးစပ် ရာဇဝင်တွေကလည်း နတ်ကျက်သရေ အင်ပိုင်ယာမှာ အတော်လေး များလှပါတယ်။ အဲသည်ထဲက အတော်လေး ကျော်ကြားတဲ့ ရာဇဝင် တစ်ခုကတော့ လေပြင်းလိုဏ်ဂူထဲကို အဆင်အခြင်မဲ့စွာနဲ့ ဝင်သွားခဲ့ဖူးတဲ့ မဟာ ဧကရာဇ် တစ်ပါးရဲ့ အကြောင်းပါပဲ။

တစ်ခါက မဟာဧကရာဇ် တစ်ပါးဟာ လောင်းကြေး၊စားကြေး တစ်ခု အတွက်နဲ့  လေပြင်းလိုဏ်ဂူထဲကို ဘာမှ မပြင်ဆင်ဘဲ ရမ်းသန်းပြီး ဝင်သွားခဲ့ဖူးပါတယ်။ ပြီးတော့ သူဟာ လေပြင်းလိုဏ်ဂူထဲကနေ ဘယ်တော့မှ ထွက်မလာတော့ပါဘူး။

****

“အင်း... သည်လေပြင်းလိုဏ်ဂူထဲကို မဝင်ခင်မှာ  ငါ့ရဲ့ လိပ်ပြာ အသိစိတ်အာရုံနဲ့ အရင် ဆန်းစစ်ကြည့်မှ "

လီဖူချန်းက အတွေးတစ်ခု ပေါ်လာတဲ့အတွက် သူ့ရဲ့ လိပ်ပြာ အသိစိတ်အာရုံကို လေပြင်းလိုဏ်ဂူဆီ ဖြန့်ကျက်လိုက်ပါတယ်။ ဒါပေမဲ့လည်း သူက သိပ်ကြာကြာ မဖြန့်ကျက်လိုက်ရပါဘူး။ပြီးတော့ သိပ်မကြာခင်မှာပဲ သူက အဲသည်လို လုပ်တဲ့အတွက် တန်ရာ၊တန်ကြေးကို ပြန်ပေးဆပ်လိုက်ရပါတော့တယ်။

“အား "

လီဖူချန်းဟာ စူးစူးနင့်နင့် တစ်ချက် အော်ပြီး ဒူးထောက်ကျသွားခဲ့ပါပြီ။ သူ့ရဲ့ မျက်နှာကလည်း သွေးလုံးဝ မရှိတော့သလိုပါပဲ။

လုံးဝ သံသယ ရှိနေစရာ မလိုပါဘူး။ သည်လေပြင်းလိုဏ်ဂူဟာ လိပ်ပြာအသိစိတ်အာရုံကို ဖျက်ဆီးနိုင်တဲ့ အစွမ်းကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ရပါမယ်။

“ကြောက်ဖို့ကောင်းလိုက်တဲ့ လိုဏ်ဂူပါလား "

လီဖူချန်းက တုန်တုန်ယင်ယင်နဲ့ ပြန်ထလာပြီး ခပ်တိုးတိုး ရေရွတ်လိုက်ပါတယ်။

သည်လေပြင်းလိုဏ်ဂူမှာ ရှိနေတဲ့ လေပြင်းတာအို ဥပဒေသက သူမြင်ဖူးသမျှထဲမှာ ကြောက်စရာ အကောင်းဆုံး လေပြင်းတာအိုပါပဲ။ သည်လေပြင်းတာအိုက လိုဏ်ဂူထဲကို လေပြင်းတာအိုတွေက လွဲပြီး ကျန်တဲ့ ဘယ်တာအို ဥပဒေသကိုမှ အဝင်မခံပုံလည်း ရပါတယ်။ ပြီးတော့ လိပ်ပြာ အသိစိတ်အာရုံကိုလည်း အဝင်မခံပါဘူး။

“လီဖူချန်း ... ငါကြားဖူးတာကတော့ ကျင့်ကြံသူ တစ်ယောက်က ကံကောင်းပြီး လေပြင်းလိုဏ်ဂူ အနီးတစ်ဝိုက်မှာ အမြစ်မဲ့ပန်းကို ရဖူးတယ်တဲ့။ ငါတို့လည်း သူ့လို ကံကောင်းမလား စမ်းကြည့်ရအောင် "

အဲသည်အချိန်မှာပဲ ရှန်ကောင်းယုက လီဖူချန်းကို အကြံတစ်ခု ပေးလာခဲ့ပါတယ်။

“အင်း "

လီဖူချန်းကလည်း ရှန်ကောင်းယုရဲ့ အကြံကို မငြင်းပါဘူး။

အဲသည်နောက်မှာတော့ လီဖူချန်းက သူ့ရဲ့ လိပ်ပြာ အသိစိတ်အာရုံကို စုစည်းပြီး လေပြင်းလိုဏ်ဂူရဲ့ အနီးအနား ပတ်ဝန်းကျင် နယ်နိမိတ် တစ်ဝိုက်ကို ဆန်းစစ်ကြည့်လိုက်ပါတယ်။ သူက လေပြင်းလိုဏ်ဂူထဲကို သူ့ရဲ့ လိပ်ပြာအသိစိတ်အာရုံ ရောက်မသွားအာင်ကိုလည်း သေသေချာချာ ထိန်းချုပ်ထားပါသေးတယ်။ သူက စောစောပိုင်းက အတွေ့အကြုံမျိုးကို ထပ်ပြီး မခံစားချင်တော့တာ အမှန်ပါပဲ။

လေပြင်းလိုဏ်ဂူက သိပ်ပြီး မကြီးလှပါဘူး။ အဲဒါက အရွယ်အစားအားဖြင့် မိုင်ထောင်ပေါင်း အနည်းငယ်လောက်သာ ရှိပါတယ်။

တကယ်လို့သာ သာမန် အခြေအနေတွေမှာ ဆိုရင်တော့ လီဖူချန်းတို့ နှစ်ယောက်ဟာ သည်လိုဏ်ဂူကို တစ်ပတ် ပတ်ဖို့အတွက် သိပ်ပြီး အချိန်ယူစရာ လိုမှာ မဟုတ်ပါဘူး။ ဒါပေမဲ့လည်း လေမိုးကြိုးလိုဏ်ဂူ တစ်ဝိုက်မှာက အားကောင်းလွန်းလှတဲ့ လေပြင်းတွေ ရှိနေတဲ့အတွက် သူတို့နှစ်ယောက်ဟာ ခြေတစ်လှမ်းချင်းကို မနည်းအားထုတ်ပြီး ဂရုတစ်စိုက်နဲ့ လှမ်းနေရပါတယ်။ အဲသည်အတွက် သူတို့ဟာ ပုံမှန် အမြန်နှုန်းအတိုင်း သွားလာလှုပ်ရှားနိုင်ခြင်း မရှိခဲ့ပါဘူး။

သည်လိုနဲ့ပဲ အချိန် တစ်ရက်ဟာ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ပါပြီ။ လီဖူချန်းတို့ နှစ်ယောက်ရဲ့ နတ်ဓားစွမ်းအင်နဲ့ ချီအပြင်အားတို့ကလည်း တစ်ဝက်သာ ကျန်ပါတော့တယ်။ ဒါပေမဲ့ သူတို့နှစ်ယောက်က အခုထက်ထိ လေပြင်းလိုဏ်ဂူရဲ့ အနီးအနား ပတ်ဝန်းကျင် နယ်နိမိတ်ကို တစ်ဝက်ပြည့်အောင် မပတ်နိုင်သေးပါဘူး။

ရွှစ်...

အဲသည်အချိန်မှာပဲ သေးငယ်လှတဲ့ အရိပ်ကလေး တစ်ခုဟာ လေပြင်းလိုဏ်ဂူထဲကနေပြီး ရုတ်တရက် ပျံသန်း ထွက်ပေါ်လာခဲ့ပါတယ်။

လီဖူချန်းက လေပြင်းလိုဏ်ဂူရဲ့ ပတ်ပတ်လည် နယ်နိမိတ် တစ်ဝိုက်မှာ သူ့ရဲ့ လိပ်ပြာအသိစိတ်အာရုံကို ဖြန့်ကြက်ထားတဲ့အတွက် အဲသည် အရိပ်ကို သတိမထားမိဘဲ မနေပါဘူး။ အဲဒါက ပန်းလေးတစ်ပွင့်ပါပဲ။ပြီးတော့ အဲသည်ပန်းပွင့်က ထုတ်ချင်းဖောက် မြင်နေရပြီး ရိုးတံက မီးခိုးရောင်ဘက်ကို သမ်းနေပါတယ်။

“အမြစ်မဲ့ပန်း "

လီဖူချန်းရဲ့ မျက်လုံးတွေက အရောင်တောက်ပသွားခဲ့ပါပြီ။

ရိုးတံက မီးခိုးရောင် သမ်းနေပြီး အပွင့်က ထုတ်ချင်းဖောက်မြင်နေရတဲ့ပန်း ...

ဒါက ဆေးပင်ပေါင်းချုပ် ကျမ်းထဲမှာ ဖော်ပြထားတဲ့အတိုင်းပါပဲ။

“အမြစ်မဲ့ပန်းလား "

ရှန်ကောင်းယုရဲ့ လိပ်ပြာ အသိစိတ် အာရုံကလည်း အမြစ်မဲ့ပန်းကို အာရုံခံမိ သွားခဲ့ပါပြီ။

အမြစ်မဲ့ပန်းကတော့ လေပြင်းလိုဏ်ဂူထဲကနေ ထွက်လာပြီးတဲ့နောက်မှာ ပျံသန်းနှုန်း လျော့ကျသွားခဲ့ပါတယ်။

“လီဖူချန်း... အမြစ်မဲ့ပန်းက ကိုယ်တိုင် လက်နဲ့ခူးမှ ရမှာနော်။ ချီစွမ်းအားတွေက အမြစ်မဲ့ပန်းကို ထိလို့ မရဘူး "

ရှန်ကောင်းယုက  လီဖူချန်းကို အလောတကြီး မလုပ်မိအောင် သတိပေးလိုက်ပါတယ်။

“အင်း … ငါသိပါတယ် "

လီဖူချန်းက အစောကြီးကတည်းကနေ သည်အမြစ်မဲ့ပန်းရဲ့ သဘောသဘာဝတွေကို လေ့လာထားခဲ့ ပြီးပါပြီ။သည်ပန်းက ဘာဖြစ်လို့ ရှားပါးနေရသလဲ ဆိုတော့ ဟင်းလင်းပြင်တာအိုကို သိုလှောင်ထားလို့ပါပဲ။

“ဟိတ် "

လီဖူချန်းက ခြေထောက်တစ်ချက် ဆောင့်လိုက်ပြီး လေထဲကို ပျံတက်ကာ အမြစ်မဲ့ပန်းကို ခူးယူဖို့ ပြင်လိုက်ပါတယ်။

“ဖယ်စမ်း။ မင်းက ဘာကောင်မို့ အမြစ်မဲ့ပန်းကို ခူးနေတာလဲ "

ဒါပေမဲ့လည်း လီဖူချန်းက အမြစ်မဲ့ပန်းကို ခူးယူခွင့် မရလိုက်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပြာလဲ့လဲ့ ဓားအလင်းတန်း တစ်ခုက သူနဲ့ အမြစ်မဲ့ပန်းကြားမှာ ပေါ်လာခဲ့လို့ပါပဲ။

အဲသည်အတွက် လီဖူချန်းဟာ အမြစ်မဲ့ပန်းကို ခူးယူဖို့အတွက် လက်လျော့မှကို ရပါတော့မယ်။ တကယ်လို့သာ သူ့အနေနဲ့ ခေါင်းမာပြီး အမြစ်မဲ့ပန်းကို ခူးယူဖို့ ဆကိကြိုးစားနေမယ် ဆိုရင်တော့ ဓားချက်က သူ့ရဲ့ အသက်ကို နုတ်ယူသွားမှာ အသေအချာပါပဲ။

“အထွတ်အထိပ် အဆင့် အကြို-ဧကရာဇ်လား ... မဟုတ်ဘူး ... ဒါက တိုက်ခိုက်ရေး ဧကရာဇ်ပဲ ဖြစ်ရမယ် "

စက္ကန့်ပိုင်းလေး အတွင်းမှာပဲ လီဖူချန်းဟာ များပြားလှတဲ့ အတွေးတွေကို တွေးလိုက်မိပါတယ်။

အစောပိုင်းက ဓားချက်အရ ဆိုရင်တော့ တစ်ဖက်လူဟာ ရိုးရိုးသာမန် တိုက်ခိုက်ရေး ဧကရာဇ်တောင် မဟုတ်လောက်ပါဘူး။ သူက အထွတ်အထိပ် အဆင့် တိုက်ခိုက်ရေး ဧကရာဇ်ပဲ ဖြစ်ရပါမယ်။

ပြီးတော့ တစ်ဖက်လူဟာ ကောင်းကင်အဆင့် သိုင်းပညာကိုသာမက ကောင်းကင်အဆင့် ချီအတွင်းအား ကျင့်စဉ်ကိုပါ လေ့ကျင့်တတ်မြောက်ထားပုံ ရပါတယ်။ သည်လို လူမျိုးဟာ အချိန်အတိုင်းအတာ တစ်ခုအထိ ရောက်သွားရင် မူလပင်လယ်နယ်ပယ်ကို သေချာပေါက် ချိူ းဖောက်ဝင်ရောက်နိုင်မယ့် လူပါပဲ။

“ပျက်စီးစမ်း "

ရှန်းကောင်းယုက လက်သီးချက် တစ်ချက်ထုတ်ပြီး ဓားအလင်းတန်းကို ဟန့်တားလိုက်ပေမယ့်လည်း သူ့ရဲ့ လက်သီးချက်က သိပ်အလုပ်မဖြစ်ခဲ့ပါဘူး။ ဓားအလင်းတန်းက သူထင်ထားတာထက်ကို ပိုအစွမ်း ထက်နေပါသေးတယ်။ဓားအလင်းတန်းက အနည်းငယ် အားလျော့သွားတယ် ဆိုပေမယ့်လည်း လီဖူချန်းဆီကိုတော့ ဆက်ပြီး ဦးတည်နေဆဲပါပဲ။

“သွားစမ်း "

လီဖူချန်းကတော့ အမြစ်မဲ့ပန်းကို လက်လျှော့ဖို့အတွက် အစောကြီးကတည်းကနေ ဆုံးဖြတ်ခဲ့ပြီးပါပြီ။

အဲသည်အတွက် သူက ဘုံခုနစ်ဆင့် ကောင်းကင်ဓားကို ဆွဲထုတ်ပြီး မိုးမြေသုတ်သင်ခြင်း ဓားကွက်နဲ့ ဓားချက်ကို ဆီးကြိုလိုက်ပါတယ်။သူက သူ့အသက်ကို ရန်ရှာနိုင်တဲ့ ဓားချက်မျိုးကို ငြိမ်ပြီး ခံနေဖို့ လုံးဝ စိတ်ကူးမရှိပါဘူး။

ဘန်း... ဘန်း... ဝုန်း...

ရွှမ်း... ရွှမ်း... ရွှမ်း...

ကြက်သွေးရောင် ဓားအလင်းတန်းနဲ့ ပြာလဲ့လဲ့ ဓားအလင်းတန်းတို့ ထိပ်တိုက်တွေ့မိတဲ့ အခါမှာတော့ ပေါက်ကွဲမှုကြီးတွေဟာ ဆက်တိုက် ဖြစ်ပေါ်လာခဲ့ပါပြီ။ တစ်ဆက်တည်းမှာပဲ လီဖူချန်းဟာ သွေးတစ်လုတ်အန်ပြီး အနောက်ကို လွင့်ထွက်သွားပါတော့တယ်။ ပြီးတော့ သူ့ရဲ့ ခန္ဓာကိုယ်ပေါ်မှာ ဆိုရင်လည်း ဓားဒဏ်ရာတွေက အပြည့်ပါပဲ။

“မင်းဘယ်သူလဲ "

ရှန်ကောင်းယုက သူတို့နဲ့ သိပ်မဝေးလှတဲ့ နေရာတစ်ခုကို ကြည့်လိုက်ပြီး ဒေါသတကြီး လှမ်းမေးလိုက်ပါတယ်။ သူက သူ့ရဲ့ လူသတ်ချင်စိတ်တွေကို လုံးဝ ထိန်းမထားနိုင်တော့ပါဘူး။

“ငါဒေါသ မထွက်ခင် ထွက်သွားကြစမ်း "

အဲသည်နေရာမှာ ရှိနေတဲ့ လူကတော့ အနက်ရောင် ဝတ်စုံကို အထက်အောက် ဝတ်ဆင်ထားတဲ့ လူငယ်တစ်ယောက်ပါပဲ။ ပြီးတော့ သူ့ရဲ့ လေသံနဲ့ အမူအယာက အေးစက်လွန်းလှပါတယ်။ သူက လီဖူချန်းနဲ့ ရှန်ကောင်းယုတို့ကို မျက်လုံးထဲမှာ ထည့်ထားပုံ မရပါဘူး။

“မင်းဒေါသ ထွက်တာကို ငါက ကြောက်နေရမှာလား "

စကားဆုံးတာနဲ့ တစ်ပြိုင်နက် ရှန်ကောင်းယုဟာ သူ့ရဲ့ ချီဝိညာဉ်ကို ထုတ်ဖော်လိုက်ပါတော့တယ်။

မိုးကြိုးကပ်ဘေး ဆေးပင်ကို သန့်စင်ပြီးသွားကတည်းက ရှန်ကောင်းယုရဲ့ ချီအပြင်အားတွေဟာ တစ်စထက်တစ်စ တိုးတိုးပြီး လာနေတာပါ။ အဲသည်အတွက် သူဟာ တော်ရုံ တိုက်ခိုက်ရေး ဧကရာဇ်လောက်ကိုတော့ လုံးဝ မကြောက်ပါဘူး။

“ဟမ့်... တကယ်လို့ မင်းရဲ့ ခန္ဓာကိုယ် အပြင်အား ကျင့်ကြံခြင်းက အလုံးစုံ ပြီးပြည့်စုံခြင်း အဆင့်မှာ ဆိုရင်တော့ ငါက နည်းနည်း ကြောက်ရင် ကြောက်ဦးမယ်။ ဒါပေမဲ့ မင်းက အဲအဆင့်ရောက်ဖို့ အများကြီး လိုသေးတယ် "

အနက်ရောင် ဝတ်စုံဝတ် လူငယ်က စကားပြောနေရင်းနဲ့ သူ့ရဲ့ လက်ထဲက မြွေပုံသဏ္ဌာန် ဓားကို တစ်ချက် ဝှေ့ယမ်း လိုက်ပါတယ်။

ရွှမ်း...

ပြာလဲ့လဲ့ ဓားအလင်းတန်း တစ်ခုဟာ ရှန်ကောင်းယုဆီကို အညှာအတာ ကင်းမဲ့စွာနဲ့ တိုးဝင်သွားခဲ့ပါပြီ။

“သဏ္ဌာန်ငါးမျိုး လက်သီးဧကရာဇ်၊ မျောက်ဝံလက်သီး "

ရှန်ကောင်းယုရဲ့ လှုပ်ရှားမှုကလည်း လုံးဝ တုံ့ဆိုင်းနေခြင်း မရှိပါဘူး။

ဂါး...

မျောက်ဝံ ပုံရိပ်ကြီး တစ်ခုဟာ လေထုထဲမှာ ရုတ်တရက် ပေါ်လာပြီး ဓားအလင်းတန်းကို ထိပ်တိုက်ရင်ဆိုင်လိုက်ပါတယ်။

ရွှမ်း...

ဒါပေမဲ့လည်း အနက်ရောင် ဝတ်စုံဝတ် လူငယ်ရဲ့ သည်တစ်ခေါက် ဓားချက်ဟာ လီဖူချန်းကို တိုက်ခိုက်တုန်းကထက်ကို   ပိုပြီး အားပြင်းနေခဲ့ပါတယ်။

ဘန်း...

မျောက်ဝံပုံရိပ်ကြီးဟာ မျက်စိတစ်မှိတ် အတွင်းမှာပဲ တစ်စစီ ဖြစ်သွားခဲ့ပါပြီ။ ပြီးတော့ ကျန်နေသေးတဲ့ ဓားအလင်းတန်းက ရှန်ကောင်းယုရဲ့ ပခုံးသားကို ဆွဲဖြဲပစ်လိုက်ပြန်ပါတယ်။

အဲသည်ဒဏ်ရာက အတော်လေး နက်လှတဲ့အတွက် ရှန်ကောင်းယုဟာ သူ့ရဲ့ ချီအပြင်အားတွေနဲ့ ဒဏ်ရာကို ပိုမဆိုးလာအောင် ဖိနှိပ်ထားလိုက်ရပါတယ်။

' ပြဿနာပဲ။ သူရဲ့ အစွမ်းက အနည်းဆုံး အလယ်အလတ် တိုက်ခိုက်ရေး ဧကရာဇ် အဆင့်မှာပါလား "

ရှန်ကောင်းယုက အတော်လေး မျက်စိ၊မျက်နှာ ပျက်နေခဲ့ပါပြီ။

တိုက်ခိုက်ရေး ဧကရာဇ် တစ်ပါး ဆိုတာက အစစ်အမှန် ဧကရာဇ် တစ်ပါးလို့တောင် သတ်မှတ်လို့ ရနေပါပြီ။သူတို့က ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ်ကို ချိုးဖောက် ဝင်ရောက်နိုင်ဖို့အတွက် အချိန်အတိုင်းအတာ တစ်ခုလောက်သာ လိုတော့တာပါ။

အဲသည်အတွက် တိုက်ခိုက်ရေး ဧကရာဇ်တွေကြားမှာ ရှိတဲ့ ကွာဟချက်က အကြို-ဧကရာဇ်တွေကြားမှာ ရှိတဲ့ ကွာဟချက်ထက်ကို အများကြီး ပိုကြီးမားပါတယ်။

တိုက်ခိုက်ရေး ဧကရာဇ် တစ်ပါးက အဆင့်အတန်း ပိုမြင့်လေလေ၊ ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် ဧကရာဇ်ဖြစ်ဖို့ ပိုနီးစပ်လေလေပါပဲ။

***

All Chapters